Sunday, March 08, 2009

အိတ်ဖွင့်... တဆင့်ပေးစာ

ဘလော့ဂ်ရေးသားခြင်း အလုပ်ကို ခဏဖြစ်ဖြစ်၊ ဒါမှမဟုတ်လဲ အမြဲတမ်းဖြစ်ဖြစ် ရပ်နားထားဖို့ ရည်ရွယ်ပြီး ကျနော့်ဘလော့ဂ်ကို ရပ်ဆိုင်းခဲ့ပေမယ့် စာတွေတော့ လိုက်ဖတ်မိတယ်။ အဲဒီလို လိုက်ဖတ်ရင်းနဲ့ ဆတ်ဆတ်ဆော့ဆော့နဲ့ ၀င်ရေးမိတဲ့ မှတ်ချက်တခုကြောင့် ဒီပို့စ်ကို တင်ပေးရဖို့ အကြောင်း ဖန်လာပါတယ်။

ကျနော့်ဆီကို အီးမေးလ်ပို့လာသူရဲ့ စာထဲမှာ ရေးထားတဲ့အကြောင်းအချက်ဟာ ကျိုးကြောင်းသင့်မှု ရှိတာကတချက်၊ ကျနော့်ရဲ့ မှတ်ချက်က ထောက်ပြဝေဖန်စရာ အချက်တွေကို တာဝန်ရှိမှုက တချက်ကြောင့် သူ ပေးပို့လာတဲ့စာကို မူရင်းအတိုင်း ပြန်လည် တင်ပေးလိုက်ပါတယ်။ မည်သူ့မည်သူကိုမှ နစ်နာစေလိုတဲ့ စိတ်အလျဉ်းမရှိဘဲ ကိုယ်ပါဝင်ပတ်သက်ခဲ့မိတာကို ကိုယ့်ဘာသာကိုယ် ပြန်တာဝန်ယူတဲ့ သဘောပါပဲ။

ကလိုစေးထူး

***

မနော်ဟရီနှင့် ပတ်သက်၍ အိတ်ဖွင့်ပေးစာ


သို့

ကိုစေးထူး


မနော်ဟရီရဲ့ ဒီပို့စ်နဲ့ ပတ်သက်ပြီး အောက်ပါ မှတ်ချက်ကို သူ့ပို့စ်မှာ Achit အမည်နဲ့ သွားရေးခဲ့ပါတယ်။ ဒါပေမဲ့ မနော်ဟရီဟာ ချက်ချင်းပင် ဖျက်ပစ်ခဲ့ပါတယ်။ (၃-ခါတိတိ ပြန်တင်ပေမဲ့ ၃-ခါလုံး ဖျက်ပစ်ခဲ့တယ်။) သေချာသွားတာက မနော်ဟရီဟာ ချီးကျူးသာ ခံချင်သော ဝေဖန်ခြင်းကို မခံနိုင်သော စာရေးဆရာ တယောက်ဆိုတာပါပဲ။ ဒီမှတ်ချက်ထဲမှာ ကိုစေးထူးနဲ့ ပတ်သက်တဲ့ အကြောင်းအချက်လဲ ပါဝင်နေတာကြောင့်မို့ ကိုစေးထူးထံ အိတ်ဖွင့်ပေးစာ ပို့လိုက်ရခြင်းဖြစ်ပါတယ်။ ကိုစေးထူးဟာ ဘက်လိုက်ခြင်းကင်းသူ သမာသမတ်ရှိသူ တယောက်ဆိုပါက ဒီစာကို ကိုစေးထူးရဲ့ ဘလော့ပေါ်မှာ ဖော်ပြပေးစေချင်ပါတယ်။ ကိုစေးထူးအနေနဲ့ ဘလော့ရေးသားခြင်း ရပ်နားထားတယ်ဆိုတာကို သိပေမဲ့ ဒီစာကိုတော့ တင်ဖြစ်အောင် တင်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ အဖျက်ခံလိုက်ရတဲ့ မှတ်ချက်က အောက်ပါအတိုင်းပါပဲ။

======================================================


မနော်ဟရီ သို့ …


ဦးဆုံးပြောချင်တာက မနော်ဟရီဆိုတာ ကွယ်လွန်သူ တာရာမင်းဝေရဲ့ ဇနီးဟောင်း တယောက် ဆိုတာကလွဲလို့ ကျန်တာတွေ မသိသလို မနော်ဟရီရဲ့ စာတွေကိုလည်း မဖတ်ဖြစ်ပါဘူး။ အခုတော့ တစုံတယောက်ရဲ့ ညွှန်းဆိုမှုကြောင့် ဒီပို့စ်ကို ဖတ်ဖြစ်ခဲ့တယ်။ ဒါကြောင့် ဒီမှတ်ချက်ကို ရေးလိုက်ရခြင်းပါပဲ။

မနော်ဟရီ ဒီစာကို ရေးဖြစ်ခဲ့ရခြင်းဟာ စီဘောက်က အောက်ပါ စကားကြောင့်ပဲလို့ ယူဆပါတယ်။


7 Mar 09, 13:59

moegyi: အပြုသဘောနဲ့ပြောပြတာပါနော်..နိုင်းနိင်းစနေလိုရေးတာမျိုးကို ပိုကြိုက်တယ် လက်တွေ့ဆန်တယ် အလုပ်မှာခေါင်းစားလို့ ဘလော့တွေထဲ ၀င်ဖတ်တာ....သိပ်ဖွဲ့နွဲ့တာတွေများလွန်းတော့...


ဒီစကားကို မနော်ဟရီ ခံပြင်းသွားပုံရတယ်။ မြင်ရသလောက်တော့ မိုးကြီးဟာ မနော်ဟရီကို စော်ကားထားတာ မပါပါဘူး။ အပြုသဘောနဲ့ ပြောတယ်လို့လဲ စကားပလ္လင် ခံထားတယ်။ သူဆိုလိုတာက မနော်ဟရီ စာရေးပုံကို တခြားစာရေးသူတယောက် ရေးပုံနဲ့ ယှဉ်ပြောထားရုံမျှသာပါ။ ဒါပေမဲ့ မနော်ဟရီဟာ (ကွယ်လွန်သူ နာမည်ကြီး စာရေးဆရာ တာရာမင်းဝေရဲ့ ဇနီးဟောင်း) နာမည်ရ စာရေးဆရာမ တယောက်ဆိုတော့ ဒီလိုယှဉ်ပြောခြင်းကို ခံနိုင်ရည် ရှိဟန် မတူပါဘူး။


မနော်ဟရီ: moegyi ; ကျေးဇူးပြုပြီးနောက်ဘယ်တော့မှမလာပါနဲ့ ။ လို့ တုန့်ပြန်ခဲ့တယ်။

တကယ်တော့ အင်တာနက်စာမျက်နှာဆိုတာ မည်သူမဆို ၀င်ထွက် သွားလာနိုင်တဲ့ သာလာယံ ဇရပ်လိုပါပဲ။ ငါလာရန်” မှ မဟုတ်ဘဲ။ ငါ့ကို ချီးကျူးသူသာ လာစေ၊ ငါ့ကို ဝေဖန်သူ မလာစေနဲ့လို့ တားလို့ရကောင်းပါ သလား။ သာလာယံဇရပ်ဆိုတော့လဲ လူတန်းစားပေါင်းစုံ လာကြမှာပါပဲ။ အဲဒီ လူတန်းစားပေါင်းစုံထဲမှာ ဇရပ်မှာ တံမြက်စည်း လှည်းပေးမယ့်သူ ပါသလို၊ ဇရပ်ထဲ အညစ်အကြေး စွန့်သွားတဲ့သူလဲ ရှိမှာပဲ။ ဇရပ်ထဲ ဘုရားရှိခိုးသူ ရှိသလို၊ ဇရပ်ထဲ ကလော်ဆဲနေမယ့် သူလဲ ရှိနိုင်တာပါပဲ။ ဒါကို ဇရပ်ရှင်က နားလည်ရမယ်၊ သည်းခံနိုင်ရမယ်၊ စကတည်းက ဇရပ်ဆောက်ထားမိမှ မဟုတ်လား။ စာရေးဆရာမ မနော်ဟရီ အနေနဲ့ ဒီအချက်ကို သတိပြုဖို့ လိုအပ်မယ် ထင်ပါတယ်။

ပိုဆိုးတာက … မနော်ဟရီဟာ စာရေးဆရာမ တယောက်လုပ်နေပြီး ခုလို ဝေဖန်မှု တခုအတွက် ဒေါသနဲ့ မာနကို ရှေ့တန်းတင်ပြီး ဒီပို့စ်ကို ရေးခဲ့တယ်။


အမှန်ကတော့ပြိုင်မြင်းတို့ရဲ့ခွာသံဆိုတာကဘာ၊တာရာမင်းဝေဆိုတာ
ကဘာ
ပြန်ရှင်းနေရဦးမယ့်လူပိန်းတွေအတွက်ကတော့ ကျွန်မမှာတာဝန်မရှိပါဘူး။ကျွန်မတာ
ဝန်ရှိတာက ရသစာပေအတွက်ပါ။


ဒီထဲက လူပိန်း (လူပြိန်း) ဆိုတဲ့ ဝေါဟာရကို မနော်ဟရီက ဘယ်လို သတ်မှတ်သလဲတော့ မသိပါဘူး။ မြန်မာလို လူပြိန်း၊ အင်္ဂလိပ်လို layman၊ ပါဠိလို သာမည … တဲ့။ အဘိဓာန်ထဲမှာ ခုလို ဖော်ပြထားတယ်။ “a person who does not belong to a particular profession or who is not expert in some field”

ပြိုင်မြင်းတို့ရဲ့ ခွာသံကို မသိသောလူ၊ တာရာမင်းဝေကို မသိသောသူမျိုးကို လူပြိန်းလို့ ခေါ်ပါသလား မနော်ဟရီ။


အထူးသဖြင့် စာဖတ်မနာတဲ့ ရသစာပေဆိုတာ ဘာမှန်းသေချာမသိတဲ့ ကူးယူဆက်စပ်မှုတွေနဲ့ရှင်သန်နေတဲ့ အင်တာနက် စာမျက်နှာပေါ်က စာဖတ်သူလို့ သူတို့ကိုယ်သူတို့ ခံယူထားတဲ့ လူတန်းစားခပ်ညံ့ညံ့ တချို့အတွက် ပိုပြီးမလိုအပ်ပါဘူး။


ဒီစာသားဟာလည်း တော်တော်ကို အံ့သြစရာပဲ။ စာရေးဆရာမ တယောက်ရဲ့ လက်က ရေးလိုက်တာမှ ဟုတ်ရဲ့လား စဉ်းစားမိတယ်။ ဒီလို အတွေးအခေါ် ဒီလို စိတ်ဓာတ်မျိုးရှိသူ စာရေးဆရာမ တယောက်ဟာ အနုပညာရှင် လို့ အမည်ခံသင့်ပါသလား။ သူဖန်တီးတဲ့ အနုပညာဟာ လူတန်းစားခွဲခြားထားတာလား။ စာရေးဆရာမ တယောက်အနေနဲ့ အဲဒီလို လူတန်းစား ခွဲခြားတဲ့ အတွေး အမြင် စိတ်ဓာတ် ရှိတာဟာ အင်မတန်ကို ၀မ်းနည်းဖို့ ကောင်းပါတယ်။


တကယ်တော့ စာရေးသူဆိုတာ လူပြိန်းလို့ ခေါ်တဲ့ သာမန်လူတိုင်း နားလည်အောင် ရေးသင့်ပါတယ်။ အထူးသဖြင့် ရသစာပေ ရေးသူအနေနဲ့ပေါ့။ ဆရာဇော်ဂျီ၊ မင်းသုဝဏ်၊ သိပ္ပံမောင်ဝ၊ သိန်းဖေမြင့် စတဲ့ ရသစာပေ ရေးသားသူ စာရေးဆရာကြီးတွေရဲ့ စာဟာ လူတိုင်းဖတ်လို့ နားလည်ပါတယ်။ လူတန်းစားမခွဲခြားထားပါဘူး။ ဒီဆရာကြီးတွေဟာ ငါ့စာကို ဘယ်သူတော့ဖြင့် မဖတ်ရ၊ ဘယ်သူတော့ဖြင့် ဖတ် ဆိုပြီး မကန့်သတ် မချုပ်ချယ် ထားပါဘူး။

ရသစာပေဟာ သုတ စာပေမဟုတ်ပါဘူး။ သုတ စာပေဆိုရင်တော့ ဥပမာ အင်္ဂျင်နီယာဘာသာရပ် နဲ့ ပတ်သက်လို့ ရေးတဲ့စာဟာ အင်္ဂျင်နီယာတွေအတွက်သာ ရည်ရွယ်တာပါ။ လူတန်းစားတိုင်းအတွက် မဟုတ်ပါဘူး။ ဒါပေမဲ့ ရသ စာပေကတော့ လမ်းဘေးက ကွမ်းယာသည် မလေးဖြစ်ဖြစ်၊ ပဲပြုတ်သည်ပဲ ဖြစ်ဖြစ်၊ ဆိုက်ကား သမားပဲဖြစ်ဖြစ်၊ ကျောင်းသူကလေးပဲ ဖြစ်ဖြစ်၊ ဆရာဝန်ကြီးပဲ ဖြစ်ဖြစ် အားလုံး ခံစားခွင့်ရှိမယ်လို့ ထင်ပါတယ်။

မနော်ဟရီဟာ ကိုယ့်ကိုယ်ကိုယ် ရသစာပေ ရေးသားသူ၊ ရသစာပေနဲ့ ပတ်သက်လို့ တာဝန်ရှိတဲ့ အနုပညာ ဖန်တီးရှင် တယောက်လို့ ယူဆရင် လူတန်းစား ခပ်ညံ့ညံ့ ဆိုတဲ့ စကားလုံးမျိုးကို မသုံးသင့်ပါဘူး။ (၁) လူတန်းစား ဆိုတဲ့ စကားလုံးနဲ့ စာဖတ်သူတွေကို အဆင့်အတန်း ခွဲလိုက်တယ်။ (၂) ခပ်ညံ့ညံ့ ဆိုတဲ့ စကားလုံးနဲ့ ကိုယ့်လောက် မတတ်ရင် ညံ့တယ်လို့ သတ်မှတ်လိုက်တယ်။

လူတိုင်းဟာ လူတော် တွေချည်း မဟုတ်ပါ။ စာရေးသူတယောက်ကဲ့သို့ မဖန်တီးနိုင် မရေးသားနိုင်ပေမဲ့ စာရေးသူတိုင်း ဖန်တီးထားတဲ့ စာတွေကို ဖတ်ခွင့်ရှိတယ်၊ ဖတ်ပြီးရင်လဲ ကြိုက်တယ် မကြိုက်ဘူး၊ နှစ်သက်တယ် မနှစ်သက်ဘူး ခံစားခွင့် ထုတ်ဖော်ခွင့် ဝေဖန် အကြံပေးခွင့်ဆိုတာ အားလုံးမှာ ရှိတဲ့ အခွင့်အရေး မဟုတ်ဘူးလား။

ဥပမာ တခုပေးချင်ပါတယ်။

“ဇော်ဝင်းထွဋ် သီချင်းဆိုတာကို လေးဖြူလောက် မကြိုက်ဘူး” ဒီလိုပြောတာနဲ့ ဇော်ဝင်းထွဋ်ကို စော်ကားတယ်လို့ ဆိုမလား။ ဒါကို ဇော်ဝင်းထွဋ်က

“မကြိုက်လဲ ငါ့သီချင်းတွေ နားမထောင်နဲ့ကွာ၊ မင်းတို့လို ခပ်ညံ့ညံ့ကောင်တွေ နားထောင်ဖို့ ငါဆိုတာမဟုတ်ဘူး” လို့ ပြောမယ်ဆိုရင် ….

စဉ်းစားကြည့်ပါ။ ဇော်ဝင်းထွဋ်သည်လည်း သူ့ဖန်တီးမှုနဲ့သူ၊ သူ့ပရိသတ်နဲ့သူ၊ လက်ခံသူခံမယ်၊ မကြိုက်သူ လဲ ရှိမယ်။ ပရိသတ်ဟာ သီချင်းတွေအားလုံး နားထောင်ပြီး ဇော်ဝင်းထွဋ်သီချင်းတွေကို လေးဖြူ သီချင်းတွေလောက် ခံစားမရတဲ့ အတွက် သူ့ စိတ်ထဲရှိသလို အမှန်အတိုင်း ထုတ်ဖော် ပြောဆိုခြင်း သက်သက်ပါ။ ပရိသတ်မှာ ဒီလို အခွင့် အရေး ရှိသင့်တယ်လို့ ထင်ပါတယ်။ အနုပညာသမားဟာ audience voice ကို လေးစားရမယ်။ မနော်ဟရီလုပ်နေတာက ပရိသတ်ကို ကက်ကက်လန် ရန်တွေ့နေသလိုပဲ။

မနော်ဟရီက ရုတ်တရက် မခံချင်စိတ်နဲ့ ဒေါသနဲ့ မာနကို ရှေ့တန်းတင်ပြီး ခုလို ရေးတယ်ပဲထား။ ကျန်တဲ့ စာရေးသူ အချင်းချင်းက ဒါကို တားမြစ် ဖြောင့်ဖြ ပေးရမယ်။ ဒါပေမဲ့ မြင်ရတာကတော့ အားလုံးလိုလို ထောက်ခံ နေကြသလိုပါပဲ။ ပုဂ္ဂိုလ်ချင်း ရင်းနှီးနေတဲ့ အစွဲကြောင့်လဲ ပါနိုင်သလို တာရာမင်းဝေရဲ့ ဇနီးဟောင်းဆိုတဲ့ အချက်ကြောင့်လဲ ဖြစ်နိုင်ပါတယ်။


မလာပါနဲ့.ဒီလောက်လွတ်လပ်မျှတတဲ့..အင်တာနက်စာမျက်နှာတွေမှာ၊ကိုယ်မလာချင်ရင်ကိုယ့်
အရည်အသွေးနဲ့မမီရင်မလာပဲနေလို့ရသားနဲ့၊လာလာပြီးအနှောက်အယှက်ပေး ကိုယ့်အရည်အ
သွေးကိုမရှက်မကြောက်လာဖော်ပြနေတာကတော့..တဆိတ်.အောက်တန်းကျညံ့ဖျင်းရာကျလွန်းပါ
တယ်။


အင်တာနက် စာမျက်နှာဟာ လွတ်လပ်မျှတတယ်လို့ ဆိုရင် ကိုယ့်ခံစားချက် ထင်မြင်ချက်ကို လွတ်လပ်စွာ ထုတ်ဖော်ခွင့်ရှိတယ်လို့ရော မထင်ဘူးလား။ အရည်အသွေးဆိုတာ ဘာနဲ့ တိုင်းတာ သတ်မှတ်တာလဲ။ မနော်ဟရီရဲ့ စာတွေကို ကောင်းတယ်လို့ ချီးကျူးသူသာလျှင် အရည်အသွေးမီသူ အထက်တန်းကျသူအဖြစ် သတ်မှတ်လိုတာလား။ စဉ်းစားစရာပါပဲ။ မလာပါနဲ့လို့ မနော်ဟရီအနေနဲ့ တားခွင့် မရှိပါဘူး။ မလာစေချင်ရင် လူတိုင်း မလာနိုင်အောင် ကန့်သတ် ထားလို့ ရတာပါပဲ။ ခုနပြောသလို သာလာယံ ဇရပ် ဆောက်ထားပြီးမှ အခွင့်မရှိ မ၀င်ရလို့ ဆိုင်းဘုတ် ထောင်ထားသလို ဖြစ်နေတယ်။

ထပ်မံ အံ့သြရတာက ကလိုစေးထူးရဲ့ အောက်ပါ ကွန်မန့်ပါ။


ကိုယ်ဖန်တီးတဲ့ အနုပညာကို အနုပညာ လို့ မသတ်မှတ်ချင်တဲ့ လူမျိုးတွေ...
စာတပုဒ်၊ စာတကြောင်း၊ ယုတ်စွအဆုံးပြောရင် စကားလုံးတလုံးကအစ အချိန်ယူပြီး မွေးထုတ်ရတဲ့ စာရေးချင်တဲ့လူရဲ့ ခံစားချက်ကို နားမလည်ပေးနိုင်တဲ့လူတွေ...
ပေတံကြီးတကိုင်ကိုင်နဲ့ ဟိုလူကသာတယ်၊ ဒီလူက ပိုတော်တယ်ဆိုပြီး အနုပညာပစ္စည်းကို တန်ကြေးဖြတ်နေတဲ့ ပုဂ္ဂိုလ်စွဲ စာဖတ်သူအတုတွေ...
စာတပုဒ်ကို ခံစားဖို့ထက် ဘယ်နေရာကနေ သမလိုက်ရ၊ အခွင့်သာချိန်မှာတော့ ဘယ်လိုနှက်လိုက်ရပါ့လို့ ကျားချောင်းချောင်းနေတဲ့ တံဆိပ်ကပ်ဝါသနာကြီးသူတွေ...

အဲဒီလိုလူတွေ မလာရ...လို့သာ ပြောလိုက်ပေတော့ဗျာ။


အမြဲ မျှတမှုရှိတယ်လို့ ယူဆခဲ့တဲ့ စာရေးဆရာ ကလိုစေးထူးကိုယ်တိုင်က အင်တာနက် စာမျက်နှာမှာ ဟိုလူ မလာရ၊ ဒီလူ မလာရ သတ်မှတ်ချင်တဲ့စိတ်ကို မြင်လိုက်ရတော့ … တော်တော်လေး စိတ်မကောင်း ဖြစ်မိတယ်။ ဝေဖန်သူဟာ ဟိုလူက သာတယ်၊ ဒီလူက တော်တယ် ဆိုပြီး နှိုင်းယှဉ်ပြောကြတယ်ပဲထား၊ ဒါဟာ အနုပညာ ပစ္စည်းကို တန်ဖိုး ဖြတ်နေတာလည်း မဟုတ်ပါဘူး။ ကိုယ့်အမြင်ကိုယ် ဖွင့်ပြတာပါပဲ။ စာဖတ်သူ လူတန်းစားတိုင်းဟာ လွတ်လပ်တဲ့ အင်တာနက် စာမျက်နှာပေါ်မှာ ကိုယ့်အမြင်ကိုယ် လွတ်လပ်စွာ ဖွင့်ဟနိုင်ခွင့် ရှိမယ်လို့ ထင်ပါတယ်။

တကယ်တမ်း ပြောရမယ်ဆိုရင်တော့ မနော်ဟရီပြောသလိုပဲ အလင်းရောင်ဟာ အားလုံးအတွက် ရှိနေပါတယ်။ ကန်းတဲ့သူ (မျက်မမြင်တယောက်) ဟာ အလင်းရောင်ကို မမြင်နိုင်ဘူး၊ မသိနိုင်ဘူးဆိုပေမဲ့ သူ့အပေါ်မှာ ဒီအလင်းရောင်ဟာ နွေးထွေးစွာ ကျရောက်မယ်ဆိုရင် သူခံစားနိုင်မှာပါ။

မျက်စိကောင်းတဲ့ သူတယောက်ပါပဲ … အလင်းရောင်လဲ ရှိနေပါတယ်။ ဒါပေမဲ့ အဲဒီ အလင်းဟာ သူ့ မျက်စိတည့်တည့်ကို တအား စူးနေအောင် စိုက်ထိုးထားမယ်ဆိုရင် ဒီလူဟာ ဘာကိုမှ မမြင်နိုင်ပါဘူး။ ဖြစ်စေချင်တာက အလင်းရောင် ပေးနေသူတွေဟာ လူတိုင်းအပေါ်မှာ သာတူညီမျှစွာ သူ့အလင်းကို ဖြန့်ဝေပေးနိုင်ဖို့ မေတ္တာ စေတနာ နဲ့တကွ နားလည်မှုလေးတွေ ထားပေးကြနိုင်ပါစေလို့ ဆုတောင်းရင်း ဒီမှတ်ချက်ကို နိဂုံးချုပ်ပါတယ်။

=================================


65 comments:

Ko Oo said...

ကျနော်ကတော့ ခင်ဗျား စာတွေ ဆက်ရေးစေချင်ပါတယ်ဗျာ။ ကျနော်တို့ ကလေး ခလောက်တွေနဲ့တောင် အချိန်တခုပေးနိုင်သေးတာ။ ခင်ဗျားတို့ ကလေးမရှိဘာမရှိနဲ့ ဆက်ရေးစေချင်ပါတယ်။ ကျနော် ခင်ဗျားဘလော့ကို အမြဲတမ်းရောက်ပါတယ်။ အခု ခင်ဗျား နားဦးမယ်ဆိုမှ ဝင်မန့်ဖြစ်တာပါ။

ခင်မင်လေးစားစွာဖြင့်
မောင်မောင်ဦး

Anonymous said...

ဟုတ်ပါတယ်..စာတွေကိုဆက်ရေးစေချင်ပါတယ်..

အောင်သာငယ် said...

တခုပါပဲ...

ဖတ်သူကလည်း သူထင်တာ ပြောခွင့် ရှိရင်... ရေးသူကလည်း သူထင်တာ ပြန်ပြောခွင့်ရှိပါတယ်...

We are even!!
Case closed!!

khin oo may said...

ကိုklosayhtoo. စာဆက်ရေးပါ။ ကျဲချင်ကျဲ နည်းချင်နည်း။

တောင်ပေါ်သား said...

အကိုရေ စာဆက်ရေးပါလို့ ပြောပါ၇စေ..

ဒီပိုစ့်နဲ့ ပတ်သက်ပြီးတော့ ကောမန့်မပေးချင်ပါ။ ကိုအောင်သာငယ် ပြောသလို့

ဖတ်သူကလည်း သူထင်တာ ပြောခွင့် ရှိရင်... ရေးသူကလည်း သူထင်တာ ပြန်ပြောခွင့်ရှိပါတယ်...

ဒါအမှန်ဆုံးပါလို့ပဲ ပြောပါရစေ.. အားလုံး ကိုယ်မှန်မယ် ထင်တာ ပြောနေကြစမြဲပါ။ အားလုံးဆန္ဒကို လိုက်ဖြည့်ဖို့ဆိုတာကတော့ ခက်ပါတယ်။ စကားမစပ် အကိုစေးထူး စာပြန်ရေးပါနော့် နဲသည် ဖြစ်စေ များသည်ဖြစ်စေ ရေးပါဗျာ...

လေးစားလျက်
တောင်ပေါ်သား

အောင်မျိုး said...

ဆရာတာရာမင်းဝေရဲ့စကားနဲ့ပဲပြောပါရစေ
တတ်လို့တော့မဟုတ်ပါ

“ဖြေးဖြေးပြောပါ မလောပါနဲ့”

ဆရာ ရဲ့ ကိုယ်လက်နဲ့ဖမ်းမိတဲ့ နဂါးငွေ့တန်း
ဝတ္ထုထဲကလို့ထင်ပါတယ်
စာပေမောင်နှမတွေအားလုံး ချစ်ချစ်ခင်ခင်မြင်ချင်ပါတယ်
ဆရာမစာတွေလဲကြိုက်လို့အားလုံးကို
ဝယ်ပြီးသိမ်းထားတာပါ
ကိုကလိုကြီးလဲဆက်ရေးစေချင်ပါတယ် အားပေးနေတယ်လေနော်

Anonymous said...

ကျွန်တော်ဖတ်သလောက်..မေးပို့သူ ( စာဖတ်သူ ) ရေးတာဘာမှအမှားမပါပါဘူး....မမနော်ဟရီကိုတခုလောက်
မေးချင်လို့ပါ..သိမ်းတင်သား ( ကိုကြွက်နီ လို့ထင်ပါတယ် ) ရဲ့စာကိုနားလည်ချင်း၊နားမလည်ချင်းကစာဖတ်နာတာ၊ဝမ်းစာပြည့်
တာနဲ့ဆိုင်ပါသလား? ကျွန်တော်ဖတ်ကြည့်ရသလောက်သိမ်းတင်သားရဲ့သရော်စာ
တော်တော်များများကစာပေအသိုင်းအဝိုင်းနဲ့သူပတ်သက်တဲ့သူ့ပတ်
ဝန်းကျင်အကြောင်းသရော်တာခပ်များများပါ..အဲဒီအသိုင်းအဝိုင်းနဲ့
စိမ်းသူ၊မနီးစပ်သူတွေကသူရေးတဲ့ဆိုလိုရင်းကိုလွယ်လွယ်သဘောပေါက်
မယ်မထင်ပါ..အဲလိုသဘောမပေါက်တိုင်းခုလိုမှတ်ချက်ပေးမယ်ဆိုရင်...
အင်း....ဘာမှပြောစရာမရှိတော့ပါ..

ကေကေ said...

တခုပဲဝင်ပြောချင်ပါတယ်
ကိုစေးထူးစာဆက်ရေးစေချင်
ပါတယ်..
မခင်ဦးမေပြောသလိုကျဲချင်ကျဲပါစေ
စောင့်ဖတ်နေမှာပါ

ကေကေ

Ko Paw said...

ကိုစေးထူး…

ဒီအိတ်ဖွင့်ပေးစာကို တင်ပေးတာ မှန်ကန်တဲ့လုပ်ရပ်လို့ မြင်မိပါတယ်။

ဒီကိစ္စမှာ ကျနော်လည်း အိတ်ဖွင့်ပေးစာရေးသားသူနဲ့ တထပ်တည်းနီးပါးလောက် သဘောထားချင်း တိုက်ဆိုင်ပါတယ်။

အိတ်ဖွင့်ပေးစာရေးသူက ဘလော့ဂ်ကို ဇရပ်တခုနဲ့ နှိုင်းယှဉ်ပြောဆိုသွားတာကိုလည်း သဘောကျမိပါတယ်။ ငါဆောက်ထားတဲ့ဇရပ်မို့ မင်းတို့မတည်းကြနဲ့လို့ ပြောခွင့်မရှိသလိုပေါ့။

ကိုအောင်သာငယ်မှတ်ချက်ထဲက… “ဖတ်သူကလည်း သူထင်တာ ပြောခွင့် ရှိရင်... ရေးသူကလည်း သူထင်တာ ပြန်ပြောခွင့်ရှိပါတယ်...We are even!!”……….ဆိုတဲ့ အချက်နဲ့ ပတ်သက်လို့လည်း သဘောတူပါတယ်။ even ဖြစ်ဖို့ဆိုရင် နှစ်ဖက်စလုံးကို တန်းတူညီမျှ ပြောဆိုခွင့် (Level playing field)ပေးထားရမယ်ဆိုတဲ့အချက်ဟာလည်း အင်မတန်အရေးကြီးပါတယ်။

ဘလော့ဂါတွေအနေနဲ့ ကိုယ့်ဘလော့ဂ်မှာ မှတ်ချက်များကို ကိုယ်ကြိုက်သလို ဖျက်နိုင်၊ ပိတ်ပင်နိုင်တဲ့ နည်းပညာပိုင်းဆိုင်ရာအားသာမှုရှိပေမယ့် အမြင်မတူတဲ့ မှတ်ချက်များကို ခွင့်ပြုတာဟာလည်း ယဉ်ကျေးတဲ့ ရင့်ကျက်တဲ့ အပြုအမူတရပ်လို့ ထင်မြင်ယူဆမိပါတယ်။

ရေးသူကချည်း သူပြောချင်တာပြောပြီး ဖတ်သူရဲ့ မတူညီတဲ့အမြင်ကိုကျတော့ တဖက်သတ် ပိတ်ပင်ထားတာမျိုးဆိုရင် ဘလော့ဂ်တွေဟာ “နအဖ သတင်းစာ” အငယ်စားကလေးတွေပမာ ဖြစ်သွားနိုင်ပါတယ်။

To Achit said...

I would say it is a great great comment which was written by "Achit" to Manorhary ,ex-wife of Taryar Min Wai.
Thanks for pointing it out.

wai said...

I have no idea why some people bold "ex-wife of someone" to Manorhary. why? She has her owned life, success, creation and poet-mind. We usually visit her blog when we are thirst of poem.
For this post, comments and response of Manorhary, both sides are right. I want Manorhary to be thick skin too.
Finally, my request is "Ko Say Htoo and Ma Manorhary", we all are waiting for your new creation. whatever you open or not your doors, I will always walk and knock your blogs.

Anonymous said...

Yes, Achit said the truth.

This time I agree with "Ko-Paw."

I want to ask Manorhary, Is not able to write a comment for those who does not has either ID or link?

Anonymous said...

ပရို နဲ့ အပျော်တန်း မနှိုင်းကောင်းပါ။
ပရိုဆိုတာက လုပ်တဲ့အလုပ်တခုကို ငွေယူပြီး(ငွေကြေးတခုရပြီး) လုပ်တာ။ အပျော်တန်းက အပျော်တန်းပါပဲ၊
အဲဒီလို ပြောလို့  မနော်ဟရီ ပရိုလား ဘာလား ကျူပ်မသိသလို နိုင်းနိုင်းစနေ ကပရိုလားလည်း ကျုပ်မသိ။
(ကိုယ်တိုင်တော့ သိကြမပေါ့။ စာဖတ်နာသူတွေ သိကြမပေါ့)
ဒါပေမဲ့ ပရိုနဲ့ အပျော်တန်း နှိုင်းမပြောရင်ကောင်းတယ်၊ ပရိုတွေ အလုပ်မလုပ်တော့ရင် စာဖတ်သူတွေ နစ်နာတယ်။
စာကောင်းမဖတ်ရလို့ နစ်နာတယ်။
ကြားလူက ၀င်နှိုင်းပြောသွားရင်လည်း အဲဒီကြားလူကို အပြစ်ပြောမယ်၊ အဲဒီလို နှိုင်းမပြောပါနဲ့။ စာဖတ်သူတွေနစ်နာတယ်။

ဟနစံ said...

ကိုကို
မင်းနဲ့ငါနဲ့ကတော့ တစ်ယောက်နဲ့ တစ်ယောက် ပြောချင်ရာကို ပွင့်ပွင့်လင်းလင်း ပြောချလိုက်တဲ့ ဟိုးကတည်းက ဘော်ဒါတွေမို့ ဒီပို့စ်မှာလည်း မင်းကို တည့်တည့်ပဲ ပြောမယ်။ တခြားသူတွေ မင်းကို တလေးတစား စာရေးဆရာတစ်ယောက်အနေနဲ့ ရေးနေကြတာတွေလို ငါက ပြောတာမဟုတ်တာကိုတော့ ခွင့်လွှတ်ကွာ။ဒီပို့စ်နဲ့ ပတ်သက်လို့ ဖြစ်တဲ့ အကြောင်းရင်းခံတွေ၊ ကျန်တဲ့ ကိစ္စတွေတော့ ငါမသိဘူးကွ။ မင်း ရေးတဲ့ ကွန်မန့်ကို ဒီပို့စ်မှာ ဖတ်လိုက်ရတော့ မင်း ဒီစာကို တင်တာကို မင်းကို ချီးကျုးတယ် ကိုကို။ မင်း အမှားကို မင်းတာဝန်ယူရဲတာကို ချီးကျုးတာ။ သင်ခန်းစာပေါ့ကွာ။ နောက်ဆို လက်လျှောက်မဆော့နဲ့ကွ။
စာပြန်ရေးဦးကွ။ မူမနေနဲ့။ ငါ့ကျတော့ စာမရေးရင် ဟေ့ကောင် ဖွတ်ကောင် တောက်ပျင်းထူမနေနဲ့ စာရေးတဲ့။ မင်းကျတော့ မူနေလိုက်တာ..တကဲတည်း။
ငါ့ကို စာမူပေးဦး။
မနက်ဖြန် တပေါင်းလပြည့်နေ့ စာမူခတွေ စုပြီး အလှုလုပ်ဦးမှာ။ နောက်ဘ၀ ငါ့လို သူငယ်ချင်းအကောင်းစားလေးနဲ့ ထပ်တွေ့ချင်တယ်ဆိုရင် အလှုထဲပါရအောင် စာမူ အသစ်မြန်မြန်ရေး..ဒါပဲ လဒ ကိုကို။

ခက်

MANORHARY said...
This post has been removed by the author.
မုန်းစရာ said...

ဒီကိစ္စမှာ စာဖတ်သူဖက်က မှန်တယ်လို့မြင်ပါတယ်..
တကယ့်စာရေးဆရာကောင်းပီသသူဆိုရင် စာဖတ်သူရဲ့ဝေဖန်မှုကို ခံနိုင်ရည် ရှိရပါ့မယ်.. ဒါ့အပြင် စာဖတ်သူကို လေးစားမှုလဲ အပြည့်အဝထားရပါ့မယ်..
ဒီလိုမှ မဟုတ်ဘူးဆိုရင်လဲ ဘယ်သူမှ ဝင်လို့ မရအောင် invited reader ပဲ ဖွင့်ထားပေါ့..

ငါရေးတာ အမှန် ငါ့ကို ဘယ်သူနဲ့မှ လိုက်မနှိုင်းနဲ့လို့ သဘောထားတာကိုက မိုက်ရိုင်းလွန်းအားကြီးနေပါတယ်.. ဒါကို ထောက်ခံတဲ့လူတွေကိုလဲ အလွန့် အလွန် အံ့သြမိပါတယ်.. သဘောထားမကြီးတာ ကလေးဆန်တာ တကိုယ်ကောင်းဆန်တာ သိပ်ထင်ရှားနေပါတယ်...

ခုလို ကိုကလိုစေးထူးက အားလုံးသိအောင် စာတပုဒ်အနေနဲ့ ဖော်ပြတာ သိပ်ကျေးဇူးတင်ပါတယ်..

အခု ကွန်မန့်ပေးထားသူတွေရဲ့ စာကို ဖတ်လိုက်ရတော့ လူတွေအကြောင်း ပိုသိသွားပါတယ်... ရေးတဲ့စာနဲ့ စိတ်ဓာတ် အကြောင်း ပိုသိသွားပါတယ်..

မင်းနန္ဒ said...

A nice response by Manaw and a nice comment by Achit. Of course a nice job by Ko Say Htoo to shed a light on this issue for his audiances. I agree what someone above said " A bogger or an author indeed needs to have a thick skin". Finally, to reiterate my voice for Ko Say Htoo, it's the same as what Ma Khin Oo May said, " နဲချင်နဲ ကျဲချင်ကျဲပါစေ.." as long as you have thoughts and can spare some time, please keep writing!

မိုးတိမ် said...

စာရေးတဲ့နယ်ပယ်မှာ ပရိုတွေ အပျော်တွေ မရှိပါဘူး အဓိကက စာပေကို ချစ်တဲ့ စိတ်ဓာတ်။ ဝါရင့်စာရေးဆရာတွေ အမည်ကြီးချင်လို့ တမင်ရေးရင်းဖြစ်လာတာမဟုတ်။ ကြုံရာကျပန်းကနေ စာရေးရင် အမည်ရှိလာတာ။

ပရိုနဲ့ အပျော်တန်း နှိုင်းမပြောရင် ကောင်းတယ် အဲဒီလိုမျိုးနှိုင်း မပြောပါနဲ့ မြန်မာစာပေရဲ့ အက္ခရာ ၃၃လုံးနဲ့ အကုန်ရေးနေကြတာ။ ဝါရှိသူကို ဝါနုသူက လေးစားမယ်ဒါပဲ။ ဝါရင့်သူရဲ့ အမှားကို ထောက်ပြနိုင်ရမယ် တောင်ကြီးလောက်မြင့်ပေမယ့် မှိုပွင့်လေးက မှန်တယ်ဆိုရင် တောင်ကြီးက ခေါင်းငုံ့ပေးသင့်ပါတယ်။

ပရိုတွေ အလုပ်မလုပ်တော့ရင် စာဖတ်သူတွေ နစ်နာတယ်။

ဝါရှိတဲ့သူတွေဆီက ဝါနုတဲ့သူတွေက သင်ယူမယ်။ အဲဒီလက်ဆင့်ကမ်း စာပေ ဆိုတာကို မသင်ယူချင်ကြတဲ့အချိန်ကျရင်မှ တကယ် စာပေတလောကလုံး ရေးသူကော ဖတ်သူပါ နစ်နာမှာ..

ဒါနဲ့တခုပြောချင်တယ်.. ကျွန်တော်တို့က ပြောသမျှကို လိုက်နားထောင်ကြည့်ပေမယ့် လိုက်တော့ခေါင်းငြိမ့်မှာမဟုတ်ဘူး။ ကိုယ့်အသိဥာဏ်နဲ့ ယှဉ်ပြီး မှားတယ်မှန်တယ်ဆုံးဖြတ်. ပြီးရင် ဟိုဘက်ကရဲ့ တုံ့ပြန်မှု၊ ပြန်လည် ရှင်းပြမှုကို နားထောင်ချင်တာ။ ဘာမှမဆိုင်ပဲ ပလိန်းကြီး ပြန်ခွပ်တာမျိုး စာပေလောကမှာ မမြင်ချင်ဘူး
ပွင့်ပွင့်လင်းလင်းဆွေးနွေလာသူ ကို သူအဆင့် သူအဆင့်လိုမနှိုင်းပါနဲ့... အဆင့်အတန်းခွဲတဲ့ပုံစံဆိုတဲ့စကား စာပေသမားတဦးမှာ ရှိနေလာတာ အရမ်းရင်နာတယ်

Anonymous said...

ကျွန်တော့်တယောက်ထဲအမြင်အရပြောတာနော်.......
မမနော်ဟရီကနဲနဲများအကဲဆတ်သလားလို့....
ဆောရီးကိုဆေးထူးရေ..အမရဲ့ဘလောက်မှာသွားရေးရင်ဘန်း
မှာစိုးလို့ဗျို့....

နှင်းစက်လွင် said...

မနော်ဟရီနဲ့နိုင်းနိုင်းစနေဆိုတာအဝေးကြီးမှအဝေးကြီးပါ။
မနော်ဟရီဆိုတာနှစ်ပေါင်းများစွာဘ၀ကိုရင်းနှီးမြှုပ်နှံပြီး
စာပေသမိုင်းတည်ဆောက်ခဲ့သူပါ။
စာရေးသားမှုကိုဝေဖန်တယ်ဆိုတာအင်တာနက်ပေါ်မှ
အရှင်မွေးနေ့ချင်းကြီးသူမျိုးနဲ့အယ်ဒီတာစားပွဲပေါင်းများစွာ
ကိုနှစ်ပေါင်းများစွာဖြတ်ခဲ့သူဒီ၂ဦးဘယ်လိုမှနှိုင်းစရာမဟုတ
်ပါ။ခုရေးနေကြတာ`စာ´တွေလေ။ဘာစာဖြစ်ဖြစ်အပျော်၊
သုတ၊ရသ၊အပေါ့အလေးဘာဖြစ်ဖြစ်ဒီ၂ဦးကတန်းညှိစရာ
ကိုမဟုတ်ပါ။
အဆင့်အတန်းခွဲမှုဆိုတာနေရာတကာမှာရှိသင့်ရှိထိုက်သ
လောက်ရှိပါတယ်။

M.Y. said...

အနုပညာရှင်ဆို တာကလဲစိတ်နဲ့ တည်ဆောင်ထားသမို့  တစ်ခါတစ်လေ အမှားပါတတ်ပါတယ်။
ဒါပေမယ့်စေတနာမှန်နေသရွေ့ တော့ဖန်တီးတဲ့အနုပညာတွေကဘယ်သူဝေဖန်ဝေဖန် အားကောင်းနေမှာ ပါပဲ။ မြကျွန်းသာက မွေးထုတ် လိုက်တဲ့ မနော်ဟရီ ရဲ့ အနုပညာ ကိုယ်ခံ အားကောင်းမှုကတော့သံသယဖြစ်စရာ တစ်ခု မဟုတ်ပါ။
စာဖတ်သူဘက်မှ လဲ အခုလို အကျိုးသင့် အကြောင်းသင့်ထောက်ပြမှုတွေကလဲလျစ်လျူရှုထားလို့ မရတာအမှန်ပါပဲ။ အခုဟာက အင်မတန်မှ စဉ်းစား ဆင်ခြင်စရာ ကောင်းသော ထောက်ပြချက် ဖြစ်တယ်လို့ ထင်ပါတယ်။
အထူးသဖြင့် မိမိရေးခဲ့တဲ့ကွန် မန့် ကိုတာဝန်ခံတဲ့၊ ဒီအိတ်ဖွင့်ပေးစာကို ပြန်တင်ပေးတဲ့ကိုစေးထူးကို လေးစားပါတယ်။

စာတွေပြန် ရေးပါဦး။အဆင်ပြေရင်ပေါ့..

Anonymous said...

နိုင်းနိုင်းက စာဖတ်သူတွေအတွက် အကျိုးရှိမယ့်စာလေး တွေကို ဘာသာပြန်ပေးတယ်။ သူတတ်သိတဲ့ ဘာသာစကားကနေ။ အဲလိုဘဲ သူ့အကြောင်းကိုရှင်းရှင်းလင်းလင်း ပြောဆိုတင်ပြတယ်။ နိုင်ငံခြားမှာ အဆင်ပြေစွာ နေနိုင်ရက်သားနဲ့ ကျောင်းဆရာမ ပြန်လုပ်နေတယ်။

မနော်ဟရီရဲ့ ၀တ္တုဖတ်ဘူးပါတယ်။ အပျော်ဖတ်လို့တောင် ပြောမရပါ။ ဘယ်ကရမှန်း မသိတဲ့ပိုက်ဆံတွေ ရပြီး ဘယ်လိုချမ်းသာနေမှန်း မသိတဲ့ဇာတ်ရုပ်တွေနဲ့။

တန်ခူး said...

ကိုစေးထူးရေ… ဒီစာလေးကို တင်ပြရဲတဲ့ တာဝန်ယူတတ်မှုကို အလွန်လေးစားမိပါတယ်… စာတွေ ပြန်ရေးပါ ကိုစေးထူးရေ… မျှော်နေပါတယ်…

ကလူသစ် said...

ကိုကလိုစေးထူးရေ....ဘာကြောင့် ဒီလိုကော်မန့်ရေးဖြစ်သွားတယ်ဆိုတာ နားလည်ပါတယ်။ ဒါကြောင့် ဘလော့ဂ်မှာလဲ စိတ်မကြည်သေးရင် စာမရေးပါနဲ့အုန်း။ မြန်မြန်တော့ ကြည်အောင်လုပ်ပေါ့ဗျာ :)

sin dan lar said...

စာပြန်ရေးပါ.. ကိုစေးထူး

Anonymous said...

ချီးကျူးသာ ခံချင်သော ဝေဖန်ခြင်းကို မခံနိုင်သော သူများအဖို့ ငြိမ်ငြိမ်နေထိုင်းခြင်းသည်သာလျှင် အကောင်းဆုံးဖြစ်ပါလိမ့်မည်ဟု အကြံပေးလျှင် မှန်မည်ဟုထင်ပါသလား?

သို့အတွက်ကြောင့် ကိုကလိုစေးထူး စာဆက်ရေးစေချင်ပါတယ်... ပျော်ပျော်ရွှင်ရွှင်ပေါ့... လူချင်းမသိပေမဲ့ စာချင်းတွေ့နေရတဲ့အတွက် စိတ်ချင်းသိနေပါတယ်.. ကိုကလိုစေးထူး

လေးစားလျှက်...

Anonymous said...

မမနော်ဟရီ ရဲ့ အောင်မြင်ခဲ့တဲ့စာတွေအပေါ် ချီးကျူးပါတယ်။ ဒါပေမယ့် သူ့ရဲ့ blog က စာတွေ တုန့်ပြန်မှုတွေကတော့ မရင့်ကျက်သေးတာ။ ရင့်သီးတာကို ဖေါ်ပြနေတာလို့ခံစားရတယ်။ ပေးစာ ရေးသူ ကိုထောက်ခံပါတယ်။ ကိုကလိုစေးထူး တာဝန်ယူမှုကိုလေးစားပါတယ်။

Anonymous said...

မနော်ဟရီ တစ်ယောက် အဲဒီအချိန်မှာ စိတ်ကြည် လင်မှုရှိနေလား..စိတ်နောက်ကျိ
နေလား သေချာမသိပါ.
စိတ်စေရာ တုန့်ပြန်မိမှာပါ. ဒါပေမဲ့.နားလည်ပြည့်ဝတဲ့ သူဖြစ်ခဲ့ရင်တော့
အကောင်းဆုံးပေါ့ဗျာ. စိတ်အခြေခံ တစ်ခုပေါ့
(သတိချပ် စရာပါ)

99 လည်း တစ်ခါလူမျိုးရေး ကိစ္စ “ကွိုင်” သေးတယ်လေ ဗျာ.ထားလိုက်ပါ.
(ဒါလည်း မဖြစ်သင့်တဲ့ အမှား)
No-one Perfect လေဗျာ အားလုံး အမှားနဲ့ မကင်းကြပါဘူးဗျာ.

မှန်ကန်တဲ့ ဝမ်းစာဖြည့်တင်း အသုံးချ မှုဆိုလို့ကတော့ “တော်ဝင်” ဖြစ်လာမှာပေါ့.
ဘာပေတံ နဲ့မှ တိုင်းစရာမလိုပါ
စာဖတ် ပရိဿတ်က ခွဲခြားပေးပါလိမ့်မယ်.
ကိုယ်ကြိုက်တဲ့ စီ ကိုယ်လစ်.

ကစေးထူး..ခင်ဗျား ဘာကြောင့် “မန့်”တယ် ဆိုတာ လည်း “ကလူသစ်”မှ မဟုတ် အားလုံး စာနာ နားလည်တယ်.
(ငိုချင်ရက် လက်တို့) ပေါ့ဗျာ.

အနှစ်ချုပ် သတ္တုချ ကြည့်လိုက်ရင်.
ဝမ်းစာတွေ ကလည်း ပြည့်
ပညာလေးတွေ ကလည်း အထိုက်အလျှောက်တတ်
တော်တော်လည်း လူသိများ လာလို့ကတော့ဗျာ.
ငါ ဆိုတဲ့ လက်မလေး ကြွကြွလာ တော့ကာ
စိတ်ချ. ဘယ်သူမှ တရားပြမရတဲ့ “ဘုန်းကြီး တစ္ဆေ” ဖြစ်မှန်းမသိ ဖြစ်ကရော...

ဒါနဲ့..ဟေ့. လူ.ခင်ဗျား
ပြန်လာဖြစ်အောင်ပြန်လာပါဗျာ
(မော်ရင်ဟို လို လုပ်သွားမလို့လား)
ချဲလ်စီး အခြေအနေ မကောင်းလို့ လေ..
အဲလို.အနိုင်နဲ့ တော့မပိုင်းကြေး..

ဘာမှမသိ၊ ဘာမှမရှိ
ဿုံည

အလှတရား said...

လွန်လွန်ကဲကဲ အပြစ်တင်တာမျိုးကလည်း မကောင်းပါဘူး။ မမနော်ကိုလည်း ကိုယ်ချင်းစာနာမိတယ် လို့ ပြောပါရစေ..ဒါပေမဲ့ ဝေဖန်တာကို ခံနိုင်ရည်ရှိဖို့ကတော့ ကျင့်ယူသင့်ပါတယ်..

ကွန်မန့်တွေမှာ.. ကြားလူအနေနဲ့ ဘယ်သူ့ကို မဆို အမှားထောက်ရင်လည်း မေတ္တာစေတနာလေးနဲ့ပဲ ထောက်ပြတာ ကောင်းပါတယ်..။

ကိုကလိုလည်း စာရေးသင့်ပါတယ်.. မိမိအတွက်မဟုတ်ပါဘူး။ မိမိစာကြောင့် တစ်စုံတစ်ရာ အကျိုးရသွားမဲ့ စာဖတ်သူတွေ အတွက်ပါ။

.

Yu Wa Yi said...

တကယ်တော့ ဒါတွေက ထင်ပေါ်ကျော်ကြားမှုရဲ့ နောက်ဆက်တွဲ ပြဿနာတွေလို့ ကျွန်မသုံးသပ်မိပါတယ်။ “ချမ်းသာခြင်း၊ ခွန်အားကြီး
ခြင်း၊အခြွေရံပေါများခြင်း၊ ချီးမွမ်းခံရခြင်း” ဆိုတဲ့အကောင်းလောကဓံတွေ ကိုဘယ်လိုရင်ဆိုင်အံတုနိုင်လဲဆိုတဲ့ အရည်အချင်းနဲ့ လည်းအ
များကြီးဆိုင်ပါတယ်။ “ဆင်းရဲခြင်း၊ ခွန်အားနည်းခြင်း၊အခြွေရံနည်းခြင်း၊ကဲ့ရဲ့ခံရခြင်း” ဆိုတဲ့အဆိုးလောကဓံတွေကိုအံတုနေနိုင်သူတွေက
တော့ ဒီလောက်လည်း ထင်ပေါ်သူတွေမဟုတ်လေတော့ ဒီလောက်တော့ပွဲမဆူဘူးပေါ့။

ကိုစေးထူးပြောတဲ့ “ဘလော့ရေးတာ နားထားမလို့ ရည်ရွယ်ချက်နဲ့ ”ဆိုလို့ မနေ့ ကတင်ပဲ ကျွန်မလည်း မှတ်ချက်ဝင်ချမိသေးတယ်။ အ
မှန်တကယ် စိတ်ပြတ်သားနိုင်ရင်တော့ ဂုဏ်ယူမိပါတယ်ဆိုတဲ့သဘောမျိုးပေါ့လေ။ ဒါပေမယ့်လည်းမှတ်ချက်က ချက်ချင်းတက်မလာပဲ
Moderate လုပ်ပြီးမှတက်လာတော့ ကိုစေးထူးအနေနဲ့ မှတ်ချက်တွေကို စီစစ်နေရတဲ့ အလုပ်ကိုလုပ်နေမှန်းသိလိုက်ပြန်တယ်။ ဒီတော့
စိတ်တော့မပြတ်သားသေးဘူးလို့ လည်း သုံးသပ်မိလိုက်တယ်။ ဒီအတွက်ကတော့ ၀မ်းသာမိပါတယ်။

တကယ်တော့ စာရေးခြင်းဆိုတာကိုရည်ရွယ်ချက်ရှိရှိနဲ့ ရေးလို့ မရနိုင်သလို ရည်ရွယ်ချက်ရှိရှိနဲ့ လည်း တားဆီးမထားနိုင်ပါဘူး။ ကျွန်မ
ဆိုရင်ပေါ့။ ရေကိုဖြတ်တောက်လို့ မရနိုင်သလို စိတ်ဆိုတာကိုလည်းဖြတ်တောက်လို့ မရနိုင်ဘူး။ သောတပန်မဖြစ်သေးသ၍ပါ။ ဒီတော့
စာရေးချင်စိတ်ဆိုတာ ရင်ထဲမှာပေါ်လာတဲ့အခါ ချရေးလိုက်မိတယ်။ ကိုစေးထူးမှတ်ချက်သွားပေးမိတာကလည်း ဒီသဘောပဲဖြစ်ပါမယ်။
ခံစားချက်အတိုင်းရေးတဲ့စာဆိုတာကလည်း ဒီနေ့ ဘယ်လာက်ရေးမယ်၊ မနက်ဖြန်ဘယ်၍ရေးမယ်လို့ ရည်ရွယ်ထားလို့ လည်းမရဘူး။ ဒီ
နေ့ သိပ်ပြောချင်နေတဲ့ကိစ္စကိုလည်း မရေးပဲအောင့်ထားနိုင်ခြင်းမရှိဘူး။ ဒါကတော့ ကျွန်မဘလော့ရေးနေခြင်းရဲ့အကြောင်းရင်းပါပဲ။ လူ
တစ်ယောက်နဲ့ တစ်ယောက်ရဲ့ ထိမ်းချုပ်နိုင်စွမ်းကတော့တူချင်မှလည်းတူမှာပေါ့လေ။ ဒါကြောင့် ကိုစေးထူးထိမ်းချုပ်နိုင်ပြီဆိုရင်တော့
ဘယ်လိုရည်ရွယ်ချက်နဲ့ ပဲထိမ်းချုပ်ထိမ်းချုပ် အောင်မြင်မှုအတွက်ကျွန်မ ဂုဏ်ယူမိမှာပါ။ သို့ သော်လည်း ခုပြောချင်တဲ့အကြောင်းက
တော့ ကိုစေးထူးမှာရှိနေပြီးသား စာဖတ်မိတ်ဆွေတွေကို သစ်စိမ်းချိုး ချိုးသလိုဖြစ်မယ့်ကိစ္စမို့ လို့ စိတ်ထဲမှရေးချင်လာတဲ့အခါ အ
ကြောင်းမဲ့ ထိမ်းချုပ်ထားတာမျိုး မလုပ်နေတော့ပဲ ဒီဘလော့ပေါ်မှာ ချသာရေးလိုက်ပါတော့လို့ စိတ်ရင်းနဲ့ အကြံပေးချင်တာပါ။ ကိုယ်
ဖတ်ချင်စိတ်တစ်ခုထဲနဲ့ ဆိုရင်တော့ သူများကဘာအကြောင်းနဲ့ ရပ်ထားမှန်းမသိတာကို ဆက်ရေးဖို့ ဇွတ်တောင်းဆိုတာမျိုးလုပ်မိမယ်မ
ထင်ဘူးလေ။ ရေးနေသ၍တော့ လာလာဖတ်မိနေမှာပါ။ အခုပို့ စ်လိုမျိုးပဲပေါ့။

Anonymous said...

နိုင်းနိုင်းစနေက သူများရေးပြီးသားတွေဘာသာပြန်နေတာတွေချည်းပဲမဟုတ်လား သူ့ခေါင်းထဲက ဘာထွက်လဲ

Anonymous said...

ငါလုပ်ရင် ဘာမဆိုဟုတ်တယ်၊ ငါပြောရင် ဘာမဆိုတင့်
တယ် တယ်၊ ငါ့မှာ အုပ်စုတောင့်တယ်၊ ငါ့မှာ အင်အား
ကြီးတယ်၊ ထိုကြောင့် ငါ့မှာ ဒေါသကြီးတယ်လို့တော့
.... လူတွေ ...လူတွေ ... မဖြစ်သင့်ဘူးလို့
ကျနော်တော့ ထင်တယ်ဗျာ။

Anonymous said...

ကိုကလိုရေ
စာပြန်ရေးပါဗျာ။
ကျွန်တော် ချင်းမိုင်ကပါ။
အမြဲတမ်းစောင့်ဖတ်နေတာပါ။

Anonymous said...

အိတ်ဖွင့်ပေးစား ပေးတဲ့ လူကို ကျမတို့ ထောက်ခံတယ်၊
ဒါဟာ စာဖတ်သူရဲ့ လွတ်လပ်ခွင့်ပါ၊ စာရေးသူတွေ ဘက်ကလည်း အနစ်နာခံ ရေးရသလို စာဖတ်သူဟာလဲ ကိုယ့်အမြင်ကို တင်ပြခွင့်၊ ပြောဆိုခွင့် ရသင့်ပါတယ်။ တင်ပြတာကို ပညာရပ်ဆိုင်ရာနဲ့သော်လည်းကောင်း၊ အုပ်စု၊ အသိုက်အ၀န်းနဲ့သော် လည်းကောင်း ထိုးနှက်
တိုက်ခိုက်ခြင်းသည် လုံးဝမှားတယ်လို့ ယူဆပါတယ်။
ပြည်သူ့သားကောင်း၊ သမီးကောင်း ဘလော့ဂါများ
အသက်ရာကျော်ရှည်ပါစေ ရှင်။ စာဖတ်သူတွေအပေါ်
များများ နားလည်နိုင်ပါစေ ရှင်။

Thet Oo said...

အိတ်ဖွင့်ပေးစာရေးသူဟာ စာရေးကောင်းသူ တယောက်ပဲ။ စာရေးကောင်းသူတွေ ဘလော့ရေးသင့်တယ်။

မီယာ said...

ကိုကလိုစေးထူး... ရေးနေကျ စာတွေ ဆက်ရေးပါ.. အမြဲ မရေးနိုင်တောင် ရေးချင်စိတ်ပေါ်တဲ့အခါ အချိန်ရတဲ့ အခါ ရေးပါ။

မျိုးနိမ့်မောင် said...

ကဲကဲ
ကျုပ်လဲ စာဖတ်သူ တယောက်ပါ
ကျုပ်ထင်တာလဲ ပြောပါရစေ

ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့စာတွေက
ဖတ်ရတာ နားမလည်ဘူးဗျာ အချိန် မရှိပါဘူးဆိုမှ နားလည်အောင် မနည်း လုပ်နေရတယ်

ကိုပေါနဲ့ ကိုစေးထူး ရေးနေတာတွေပဲ နားလည်တယ် ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ကိုပေါနဲ့ ကိုစေးထူးလောက်တောင် အသုံးမကျဘူးဗျာ
ကျုပ်တို့နားလည်အောင် ရေးခဲ့တာ မဟုတ်ဘူး

ထို့အတူ နိုင်းနိုင်းစနေက တော်ပါတယ် လူနားလည်အောင် ရေးတတ်တယ် ဒါကြောင့် ဘလော့ အကယ်ဒမီတောင် ရတယ်မဟုတ်လား မနော်ဟရီက ဘာရလို့လဲ

နိုင်းနိုင်းစနေက နောက်ဆို ပူလစ်ဇာဆုတောင် ရနိုင်ချေ ရှိပါတယ် တော်တာကိုး နောက်ဆို ဗမာ့စာပေသမိုင်းမှာတောင် နေရာတခု ရနိုင်ချေရှိပါတယ်

ခုတော့ ကျုပ်လည်း သိသွားပြီ စာပေသမိုင်းမှာ နေရာရအောင်ဆို အထူးအထွေ ကြိုးစားနေစရာ မလိုပါဘူး လူတွေနားလည်အောင် သူများရေးတဲ့ စာတွေကို ဘာသာပြန်ပေးလိုက်ရင် ပြီးတာပဲ
ဘလော့အကယ်ဒမီတောင် ရဦးမယ်

နောက်ပြီးတော့ သေသွားတဲ့ ဆရာမြသန်းတင့်ဆို နိုင်နိုင်းစနေလောက်တောင် အသုံးကျတာ မဟုတ်ဘူး စာတွေကို လူအားလုံး နားလည်အောင် ဘာသာမပြန်တတ်ဘူးလေ တရုပ်စာလည်း တတ်ပုံမရဘူး

ဟုတ်တယ် မဟုတ်လား

ကျုပ်လည်း စာဖတ်သူပဲနော် ကျုပ်ထင်တာတွေပြောတာလည်း ဖော်ပြပေးပါ

ကိုရင်နော်ခင်လေးငယ် said...

လေးစားရတဲ့ ကိုစေးထူးရေ..

အစ်ကို တွေးနေတာတွေ အများကြီးရှိမယ်..
အစ်ကို မြင်နေတာတွေ အများကြီးရှိမယ်..

အစ်ကို့စိတ်ကူးထဲက အသံလေးတွေ အရုပ်လေးတွေ.. ကျနော်တို့ မြင်ချင် ကြားချင်မိတယ်..

အစ်ကိုရေ အမောပြေပြီဆိုရင်
“ဟို.. ရှေ့မှာ ပန်းတိုင်ရှိတယ်.. လာ.. ဆက်သွားကြစို့..”

ခင်မင်လေးစားစွာနဲ့

ကေကေ said...

ဟင်း... စာဖတ်သူဖက်ကကြည့်တော့လဲ
စာရေးတဲ့သူကိုအရမ်းမျှော်လင့်ထားကြတာ
ကိုး..စာရေးတဲ့သူတွေလဲပုထုဇဉ်တွေပါ..
အတူတူပါပဲ..ဘယ်လိုပဲဖြစ်ဖြစ်စာရေးပြီ
ဆိုကတည်းကဝေဖန်ခံနိုင်ရည်ရှိဖို့မွေးထားရမယ်
ဒါမှမတူညီတဲ့အမြင်ရှုထောင့်ကနေကိုယ်ရဲ့လိုအပ်
ချက်တွေကိုသိနိုင်တော့...ကိုယ်ကိုပြန်modified
လုပ်လို့ရတယ်...ဒါတွေကကိုယ့်အမြင်တွေပါ..
ကိုစေးထူးကိုလေးစားပါတယ်..ဒါပေမယ့်သူ့စာအကုန်
လုံးကိုတော့မကြိုက်ပါဘူး..မနော်ဟရီရဲ့စာတွေကိုလဲ
ဒီလိုပဲ...သခင်ကိုယ်တော်မှိုင်း၊ ဆရာကြီးမြသန်းတင့်တို့စာတွေကိုလဲအကုန်လုံးတော့
မကြိုက်ပါဘူး..ဒါပေမယ့်မတူညီတဲ့စာရေးဆရာနှစ်ယောက်
ကိုနှိုင်းယှဉ်ပြီးပြောလို့တော့မရပါဘူး... မနော်ဟရီ နဲ့နိုင်းနိုင်းစနေတို့ကလိုင်း
သတ်သတ်စီပါ..သူ့ပရိသတ်နဲ့သူပါ..
ဘယ်လိုပဲဖြစ်ဖြစ်ကိုစေးထူးရဲ့ရပ်တည်ချက်ကိုလေးစားပါတယ်
စာဆက်ရေးစေချင်ပါတယ်..ဒီလိုမှန်ကန်တဲ့ရပ်တည်ချက်
နဲ့စာရေးကောင်းတဲ့ကိုစေးထူးရဲ့စာတွေကို
ဖတ်ချင်ပါတယ်..

ကေကေ

မိုးတိမ် said...

နောင်တော် မောင်မျိုး ပြောတာ လက်ခံပါတယ် မိမိကိုမကြိုက် သူများကိုကြိုက်တယ်လို့ လာပြောတာကို ဒါပေမယ့် အဲဒါကို ရိုးရိုးမတုံ့ပြန်ပဲနဲ့ အောက်ကလိုမျိုး စော်ကားမှုဆန်တဲစကားတွေ ပရိသတ်ဆီဘာကလိုပြန်ပို့တာလဲ။

7 Mar 09, 13:59
moegyi: အပြုသဘောနဲ့ပြောပြတာပါနော်..နိုင်းနိင်းစနေလိုရေးတာမျိုးကို
ပိုကြိုက်တယ် လက်တွေ့ဆန်တယ် အလုပ်မှာခေါင်းစားလို့ ဘလော့တွေထဲ
ဝင်ဖတ်တာ....သိပ်ဖွဲ့နွဲ့တာတွေများလွန်းတော့...
မနော်ဟရီ: moegyi ; ကျေးဇူးပြုပြီးနောက်ဘယ်တော့မှမလာပါနဲ့ ။
"စာဖတ်သူကိုမလာပါနဲ့ ပြောတာ အတော်ဆိုးဝါးတယ် "

“အထူးသဖြင့် စာဖတ်မနာတဲ့ ရသစာပေဆိုတာ ဘာမှန်းသေချာမသိတဲ့
ကူးယူဆက်စပ်မှုတွေနဲ့ရှင်သန်နေတဲ့ အင်တာနက် စာမျက်နှာပေါ်က စာဖတ်သူလို့
သူတို့ကိုယ်သူတို့ ခံယူထားတဲ့ လူတန်းစားခပ်ညံ့ညံ့ တချို့အတွက်
ပိုပြီးမလိုအပ်ပါဘူး။”
" တဆိတ်လောက်ပြောပါရစေ ရသစာပေဆိုတာ စာဖတ်သူတွေရဲ့ စိတ်တွင်းက ပြန်လည်တုံ့ပြန်မှုပါ"

ကျွဲပါးစောင်းတီးဆိုသလိုပါပဲ ။အဲဒါက ကျွဲတွေအတွက်အကြုံးဝင်ပုံမရပါဘူး။
"ကိုယ့်ကို ဝေဖန်ရေးလုပ်တဲ့သူကို ကျွဲလို နှိုင်းလိုက်တဲ့ စာရေးဆရာ ဒီတခါပဲတွေ့ဖူးတယ်"

မလာပါနဲ့….ဒီလောက်လွတ်လပ်မျှတတဲ့..
အင်တာနက်စာမျက်နှာတွေမှာ၊ကိုယ်မလာချင်ရင်ကိုယ့်
အရည်အသွေးနဲ့မမီရင်မလာပဲနေလို့ရသားနဲ့၊
လာလာပြီးအနှောက်အယှက်ပေး ကိုယ့်အရည်အ
သွေးကိုမရှက်မကြောက်လာဖော်ပြနေတာကတော့..
တဆိတ်.အောက်တန်းကျညံ့ဖျင်းရာကျလွန်းပါ
တယ်။
"စာပေလောကက အမိုးရှိပြီး ဘေးက အကာမရှိတဲ့နေရာပါ။ ဝင်ချင်တဲ့သူဝင်ပြီး မိုးခိုလိမ့်မယ် ကိုယ့်အရည်အချင်းကို လာပြီးကဲ့ရဲ့သူကို နှိပ်ကွပ်မယ့်စကား အစား နောက်တခါမဖြစ်ရလေအောင် အဲဒါကို အတုယူပြီးကြိုးစားသင့်တာ။ မာနကအဲဒီမှာ ရှိရမှာ စာဖတ်သူကို ပြန်ခွပ်ဖို့မဟုတ်ပဲ စာဖတ်သူကို နားလည်အောင်ရှင်ပြဖို့ ကိုယ့်ရေးတာ သူများနားလည်အောင်လုပ်ဖို့"

ကျွန်တော်လဲ ကဗျာရေးတယ်။ ဂျီမေးမှာ ခင်ဗျာအဲဒါတွေက ကူးတာလား တကယ်ရေးတာလား အမေးခံတယ်။ ကျွန်တော်ဒေါသထွက်တာပေါ့။ ဒါပေမယ့် ရိုင်းရိုင်းပြန်မပြောဘူး။ ဘာလို့လဲ သူတို့ကိုနားလည်တယ်။ လူတိုင်းမှာ နေရာဒေသ၊ အချိန်အခါ၊ ပတ်ဝန်းကျင်ဆိုတဲ့ အရာတွေ ကွဲပြားတယ်။ အဓိကက စိတ်လဲကွဲပြားတယ်။ လူချင်းသဘောထားချင်မတူရင် ဆွေးနွေးပါ။ ပြန်မတိုက်ခိုက်ပါနဲ့။ အခုလည်းဖတ်သူက ဘာပြောလို့လဲ။ သူက မနိုင်းနိုင်းလို ရှင်းရှင်းလင်လင်း နဲ့ အရမ်းမဖွဲ့နွဲ့ပဲ ရေးတာမြင်စေချင်လို့။
တုံပြန်သင့်တာက ကြိုးစားပြီး ရေးကြည့်ပါမယ်။ ဒါမှမဟုတ်လဲ။ ကျွန်တော့်အနေနဲ့ ဖွဲ့ဖွဲ့နွဲ့နွဲ့ပဲ ရေးတတ်လို့ သီခံပြီး ဖတ်ရှုပေးပါပေါ့။ အဲဒါနဲ့ပတ်သတ်လို့ လမ်းကြုံလို့ တခုပြောအုံးမယ် ကိုတန်းတုန်းဖတ်စာအုပ်ထဲက မြန်မာစကားပြေအရေးအသား တိုတက်စေလိုသော်ကိုဖတ်ရှုစေချင်တယ်။ အဲဒီမှာ စကားပြေဆိုတာ လူအများ နားလည်အောင်ရေးရတယ်တဲ့ ဆိုတဲ့အကြောင်းပါတယ်။ အဲဒီတော့ စာဖတ်သူဘက်က မှားတဲ့ ဝေဖန်ခြင်းမဟုတ်လို့ ယူဆတယ်။ ထပ်ပြီးပြောချင်တယ်။ စာပေအရေးအသားမှာ မနိုင်းနိုင်းလို ရှင်လင်းပြတ်ပြတ်သားသား ရေးတာကြိုက်တယ်။ ကိုမျိုးနိမ့်မောင်ရေ ခင်ဗျားအနေနဲ့ မနိုင်းနိုင်းကို စောင်းမြောင်းမပြောပါနဲ့

"ခုတော့ ကျုပ်လည်း သိသွားပြီ စာပေသမိုင်းမှာ နေရာရအောင်ဆို အထူးအထွေ ကြိုးစားနေစရာ မလိုပါဘူး လူတွေနားလည်အောင် သူများရေးတဲ့ စာတွေကို ဘာသာပြန်ပေးလိုက်ရင် ပြီးတာပဲ"
ဘာသာပြန်ရေးရေး ကိုယ်ပိုင်ရေးရေး ပရိသတ်ကို ရသပေးနိုင်ဖို့၊ ဗဟုသုတပေးနိုင်ဖို့၊ သင်ခန်းစာပေးနိုင်ဖို့အတွက် စာပေလောက ဖြစ်တည်နေတယ်ပဲပြောခြင်တယ်။

"နောက်ပြီးတော့ သေသွားတဲ့ ဆရာမြသန်းတင့်ဆို နိုင်နိုင်းစနေလောက်တောင် အသုံးကျတာ မဟုတ်ဘူး စာတွေကို လူအားလုံး နားလည်အောင် ဘာသာမပြန်တတ်ဘူးလေ တရုပ်စာလည်း တတ်ပုံမရဘူး"
ခင်ဗျာက မနိုင်းနိုင်း လိုစာရေးသူကိုတောင်မဟုတ် ဆရာမြသန်းတင့်တို့ သခင်ကိုယ်တော်မှိုင်းတို့လို့ မြန်မာ့စာပေခေါင်းဆောင်တွေပါ စောင်းမြောင်းပြောဆိုခြင်းကို ရပ်တန်းက ရပ်သင့်တယ်လို့ထင်တယ်။

ဖြိုးဝေတိုး(မိုးတိမ်)
Xymass Forbes

ကလိုစေးထူး said...

ကျနော် ဘာမှဝင်မပြောချင်ပေမယ့် မှတ်ချက်လာရေးကြသူတွေ ကြားထဲကနေ တခု မေတ္တာရပ်ခံပါရစေ။

ရေးသူက ရေးတာကို ဖတ်သူကလဲ မိမိအမြင်ကို လွတ်လပ်စွာ ပြန်ပြောခွင့် ရှိတယ်ဆိုတဲ့အချက်ကို ချက်ကျလက်ကျနင်းပြီး စာရေးသူတွေရဲ့ အမည်နာမတွေနဲ့တကွ ဟိုလူကသာ၏၊ ဒီလူကသာ၏ ဆိုတာမျိုး ၀င်ရောက်မှတ်ချက်ပေးတာတွေကိုတော့ ထိန်းသိမ်းပေးစေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ ကြာလာရင် ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု အသွင်သဏ္ဍာန်တွေ ဆောင်လာနိုင်ပြီး ဘယ်ဘက်အတွက်မှ မကောင်းဘူးလို့ ကျနော်မြင်လို့ပါ။ ကျနော့်အနေနဲ့လဲ မော်ဒီရိတ်လုပ်ပစ်လိုက်ရကောင်းနိုး၊ တင်ပေးရကောင်းနိုးနဲ့ အင်မတန်မှ အနေရခက်ပါတယ်။ ကိုယ့်ဘာသာကိုယ် နှစ်သက်ချင်တဲ့ စာပေအမျိုးအစားကို လွတ်လပ်စွာနှစ်သက်ခွင့်ရှိပါတယ်။ မနှစ်သက်တာကိုလဲ မနှစ်သက်ကြောင်း ဖော်ပြခွင့်ရှိတယ် ဆိုပေမယ့်လဲ နားလည်မှု အပြန်အလှန်လေးပေးပြီး အဲဒီလို နာမည်တွေတပ်တပ်ပြီး ဟိုလူကသာလျှင်သာတယ်၊ ဒီလူကတော့ ဘယ်လိုဆိုတာမျိုးလေးကို နည်းနည်းထိန်းသိမ်းပြီး ရေးပေးကြရင် ပိုအဆင်ပြေမယ်လို့ ထင်ပါတယ်။ မေတ္တာရပ်ခံခြင်းသက်သက်ပါ။ နားလည်ပေးကြမယ်လို့ မျှော်လင့်ပါတယ်။

နောက်တခုကတော့...၊ ကျနော့်ကို စာပြန်ရေးဖို့ အားပေးကြတဲ့ မောင်နှမတွေကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကျနော် ပြန်ရေးဖို့ ကြိုးစားပါမယ်။

Anonymous said...

ဖြိုးဝေတိုး(မိုးတိမ်)သို့
ကိုယ်လိုချင်ရာ ကိုယ်ဆွဲတွေးပြီး ဆရာမြသန်းတင့်တို့
ဆရာကြီးသခင်ကိုယ်တော်မှိုင်းတို့ကို ဒီပြဿနာထဲ ဆွဲ
သွင်းပြီး ဥပမာ မပြုပါနဲ့။ ကိုယ်ပြောချင်ရာ ပြောပါ။
ကိုယ့်အဆင့်နဲ့ကိုယ် တန်ရာတန်ရာကို ပြောပါ။ စာပေ
ဖခင် မထိပါး ပါနဲ့။

စာဖတ်သူတဦး said...

အနုပညာသမားနဲ့ ဘာသာပြန်သူသက်သက် ဆိုတာကို ခွဲခြားသိဖို့ကောင်းတယ်။ အင်တာနက်ပေါ်ကစာဖတ်သူတွေရဲ့အဆင့်ဘယ်လောက်ပဲရှိလဲ သိလိုက်ရတယ်။

မျိုးနိမ့်မောင် said...

ကိုကလိုစေးထူး

ခင်ဗျားကိုတော့ အားနာပါတယ် ဒါကြောင့် မိုးတိမ်ကို ဒီမှာ မပြောဘူး မိုးတိမ်ဆီမှာ သွားပြောခဲ့တယ်...

ဒါပေမယ့် ခင်ဗျားကို ပြောချင်တာရှိလို့ ဒီမှာ ပြောမယ် ပြသနာကို သယ်လာတဲ့ လူက ခင်ဗျားဆီ သယ်လာတယ် ခင်ဗျားက တင်ပေးတယ် မနော်ဟရီဆီမှာ မန့်တုန်းကလည်း ခင်ဗျား မန့်ခဲ့တာပဲ ခုမှ ခင်ဗျားကို ဘာဘာညာညာလာပြောပြီး စာလာပို့မှ ခင်ဗျားကတင်တာကိုး ထားပါတော့

တခုတော့ ပြောချင်တယ် စာရေးတဲ့လူတယောက်ရဲ့ စာကို နားလည်ချင်ရင် သူ့ဘ၀ကိုလည်း နားလည်ဖို့လိုပါတယ် ဒီစာကို ဘာကြောင့်ရေးတာလဲ ဆိုတာကို ကြည့်ရမြှ ဖြစ်သလို ဒီစာရဲ့နောက်မှာရှိတဲ့ သူ့ရဲ့ ဝေဒနာတွေ ကိုလဲ ကြည့်ရမှာပေါ့

ဒါပေမယ့် ဘာသာပြန်နေတဲ့ လူတယောက်ရေးတဲ့ ဘာသာပြန်စာကိုတော့ ဖတ်ရုံပါပဲ သူ့ဘ၀ကို နားလည်နေစရာ မလိုပါဘူး နားလည်ဖို့ ကြိုးစားရမယ် ဆိုရင် သူဘာသာပြန်ပေးလိုက်တဲ့ စာရေးသူကိုသာ နားလည်ဖို့ ကြိုးစားရမှာပါ

ကျနော့် အတွက်ကတော့ နိုင်းနိုင်းစနေ ဘာသာပြန်ချင်တာပြန် ဖတ်တယ်။ သူဘာကြောင့် ဒီလို ဘာသာပြန်တာလဲ မစဉ်းစားပါဘူး။

မနော်ဟရီရဲ့စာ (အထူးသဖြင့် အက်ဆေးတွေ၊ ကဗျာတွေ)ကို ဖတ်ရင်တော့ သူဘာကြောင့် ဒါကို ရေးတာလဲ ဘာပြောချင်တာလည်း နားလည်အောင် စဉ်းစားပါတယ်။

သူ့စာတွေကိုဖတ်ပြီး ဖွဲ့နွဲ့လွန်းတယ် နားမလည်ဘူး ဆိုတာနဲ့ ဟိုလူ့လိုရေးပါ ဒီလူ့လိုရေးပါ ဆိုတာက ကျုပ်ဆိုလည်း လာစော်ကားနေတာလို့ပဲ ခံစားရမှာပဲ။

ခင်ဗျားကိုလည်း ပြောမယ်ဗျာ ကိုပေါလို ရေးပါလားဆို ခင်ဗျား ဘယ်လို ခံစားရမလဲ

ကျန်တဲ့ လူတွေကို ဘာမှ မပြောလိုပါဘူး

ပြသနာကို စတဲ့ လူနဲ့ ဘာမသိညာမသိ ကြားက ဖျာဝင်ခင်းချင်တဲ့ မိုးတိမ်ကိုပဲ ပြောချင်တာပါ။

နောက်တခါဆို ခင်ဗျားလည်း ကွန်မန့်တွေ မပေးခင် စဉ်းစားပေါ့ဗျာ

ဒီကွန်မန့်ကတော့ ခင်ဗျားကို တိုက်ရိုက်ပြောတာဖြစ်လို့ ဘလော့ပေါ် တင်ချင်လည်း တင် မတင်ချင်လည်း ဖြစ်ပါတယ်

BLACK DREAM said...

ဒီညကန်မယ့် Juv Vs Chelsea က ပိုအရေးကြီးမယ်ထင် တယ်..။ ရိုက်ပေါက်ပဲ..။ မဆီုမဆိုင် အာလာချောင်မိပြီ :D အပြန်အလှန် သဘူတောထားတာ မမေ့နဲ့နော် :P

မုန်းစရာ said...

ကိုမျိုးနိမ့်မောင်သို့

သိချင်တာ တစ်ခုက စာဖတ်တယ်ဆိုတာ စာရေးသူ ဘဝကို စိတ်ဝင်စားစရာလိုလို့လား.. သူ့ဟာသူ ဘာဖြစ်ဖြစ် ကိုယ်နဲ့ မဆိုင်ပါဘူး.. စိတ်ဝင်စားတယ်ဆိုရင် သူများကိုယ်ရေးကိုယ်တာကို ဝင်စွက်ဖက်သလို ဖြစ်နေမှာပေါ့... နားလည်ပေးစရာလဲ မလိုပါဘူး..

စာရေးပါတယ်ဆိုမှ လူနားလည်အောင် မရေးနိုင်ရင် မရေးတာအကောင်းဆုံးပါပဲ..

ဘာသာပြန်ရေးတဲ့သူမှာလည်း သူပေးချင်တဲ့ စေတနာဆိုတာ ရှိမှာပါ.. သူကျွမ်းကျင်တဲ့ ဘာသာစကားပေါ်မူတည်ပြီး သူနားလည်သလို စာဖတ်သူတွေကို သိစေချင်လို့ ရေးပြနေတာပါ.. ဘာသာပြန်မတော်ရင်လဲ တနည်းအားဖြင့် စာရေးမတော်ရင်လဲ တလွဲတချော်ဖြစ်သွားနိုင်ပါတယ်.
အဓိကက စာရေးသူထားတဲ့ စေတနာ မှန်ကန်ဖို့ရယ်ပါ..

မှန်ကန်တဲ့သူဆိုရင် မှားတယ်လို့ ဘယ်သူပြောပြော တုန်လှုပ်စရာ အကြောင်းမရှိပါဘူး... မမှန်ကန်တဲ့သူသာ နည်းနည်းပြောလိုက်တာနဲ့ များများ ထိခိုက်စိတ်ဆတ်ကြတာပါ....

အခု အဓိက ဖြစ်တဲ့ ပြသာနာက စာဖတ်သူကို စော်ကားမော်ကား လုပ်တဲ့ပြသာနာပါ... လိုင်းမတူတဲ့ စာရေးသူနှစ်ယောက်ကို နှိုင်းယှဉ် နေတဲ့ ပြသာနာမဟုတ်ပါဘူး..

ရန်တိုက်ခြင်းမှ ကင်းဝေးကြပါစေ... အနိုင်လိုခြင်းမှ ရှောင်ရှားနိုင်ကြပါစေ..

ကလူသစ် said...

((( ပြန်ရေးမယ်တဲ့ကွ ))) :)

မျိုးကြီး said...

ကိုမိုတိမ်ဆီမှာသာကော်မန့်ပေးခဲ့တယ်။ ဘာမှ ထပ်မပြောလိုတော့ပါ။
ကိုမျိုးနိမ်တိမ်နဲ့ မောင်တောင်မှားသွားသေးတယ်ဟဟ မှားမှားမမှားမှား အမျိုးနိမ့်သာတော့ အမှန်ပဲ။
http://www.moeoowailwin.co.cc/2009/03/blog-post_10.html

မိုးတိမ် said...

ဟောဒီစာကြောင်တွေးကို ဘယ်သူအရင်စသွင်းတာလဲ သေချာဖတ်ပါ ကျွန်တော်က ထိုကဲ့သို့သွင်းသလိုစောင်းသလိုကို မလုပ်ပါနဲ့ပြောခဲ့ပါတယ်။

"နောက်ပြီးတော့ သေသွားတဲ့ ဆရာမြသန်းတင့်ဆို နိုင်နိုင်းစနေလောက်တောင် အသုံးကျတာ မဟုတ်ဘူး စာတွေကို လူအားလုံး နားလည်အောင် ဘာသာမပြန်တတ်ဘူးလေ တရုပ်စာလည်း တတ်ပုံမရဘူး
ကိုပေါနဲ့ ကိုစေးထူး ရေးနေတာတွေပဲ နားလည်တယ် ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ကိုပေါနဲ့ ကိုစေးထူးလောက်တောင် အသုံးမကျဘူးဗျာ
ကျုပ်တို့နားလည်အောင် ရေးခဲ့တာ မဟုတ်ဘူး
ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့စာတွေက
ဖတ်ရတာ နားမလည်ဘူးဗျာ အချိန် မရှိပါဘူးဆိုမှ နားလည်အောင် မနည်း လုပ်နေရတယ် "

Anonymous said...

မနာလိုမှုတွေက မထင်လောက်အောင်များတာပဲ။ အားလုံး အေးချမ်းကြပါစေ။

အမည်ဖေါ်နေစရာ မလိုသူ

Anonymous said...

ဘယ်သူက ဘာစာပဲရေးရေး .. အဓိက အရေးကြီးတာက လူနားလည်ဖို့ ပါပဲ။ ကျန်တာတော့ ဘာမှ မှတ်ချက် မပေးချင်။

ညို

nyimg said...

ဆရာဇော် ပြောသလိုပြောရမယ် ဆို ”နားမလည်ရင်မဖတ်နဲ့” ပေါ့..

Anonymous said...

um;zl;wmav;wck&Sdygw,f..aumfzDaomufwJh
ollwa,muf[maumfzDwcGufudkb,fvdkazsmf&rSef;rodayrJh
b,fvdkt&omrsKd;&Sdw,fqdkwmawmhcHpm;od&SdEldifw,fwJ.
aumfzDazsmfwJholtzdk.aumfzDwcGufjzpfvmatmifbmawGb,favmufbJ
vkyfcJh& &if;cJh& aemufqkH;vufarmif;aoG;azgufxnfhcJh&w,fqdkaptkef;awmh
aumfzDaomufwJholuawmh olcHpm;&wJht&omtwdkif; csdKw,f cg;w,f ayghw,f
qdrf.w,f av;w,f ponfjzif.a0zefekdifcGifh&Sdygw,f..
udk,fazsmfwJhaumfzD[mb,fol htwGufvJ?
udk,fukdwdkifaomufzdk hvm;.?.olrsm;udkwdkufzdkhvm;?
udk,fhtwGufqdk&ifawm.udk,fhtBudkufudk,fazsmfxm;wJhtwGufajymp&mr&dS uGufwd..
olrsm;twGufazsmfwmqkd&ifawm....aumfzDt&omuenf;enf;ayghaeovdkyJ..
b,folazsmfovdkjzif.qm;uav;enf;enf;xnfhazsmfBunfhygvm;vdk htBuHay;wmrsdK;
cH&Eldifovdk..[if t&omuayghvdkufwm aumif;vJraumif;bl; vdk hajymvm&ifvJyJ
cHvdkuf&&kHom&Sdygw,f..udk,fazsmfxm;wJhaumfzD olaomufrdjyDudk;..
ukd,fazsmfxm;wJhaumfzDudkrBudkufbl;ajym&kHeJ hoGm; aemufwcgb,fawm hrSvmraomufeJ h
vdk hajymoifhygovm;?olrsm;awGaomufzdk hyJ &nf&G,fjyD;udk,fazsmfcJhwmr[kwfbl;vm;?
udk,f azsmfwJhaumfzDudkrBudkufbl;ajymwmeJ hyJ aumfzDraomufbl;wJ hol
aumfzDehJ rwefwJhol vdk.ol htqif htwef;udkudk,fuowfrSwfvdk.&ovm;?
olwyg;&J htqifhtwef;udkudk,fhaywHeJ hwdkif;jyD;udk,fuowfrSwf&if..
udk,fhtqifhtwef;udkvnf;olwyg;utvdkvdkowfrSwfjyD;om;jzpfoGm;wwfygw,f.
avmuBuD;rSmaumfzDawGtrsdK;tpm;aygif;ajrmufrsm;pGm&Sdygw,f.
udk,fazsmfwmxufomwJhaumfzD..udk,fazsmfwmxufnHhwJhaumfzD..udk,fazsmfwmeJhwlwJhaumfzD.
aumfzDazsmf&mrSmvJ udk,fhxufnHhwJhol .. awmfwJhol..wlwJhol..trsm;BuD;rStrsm;BuD;..
aumfzDaomufwJholtzdkhuawmh...
b,favmufBuD;awmfaewJholubJazsmfazsmf..
udk,ftBudkufr[kwf&ifawm..wpkHw&may;jyD;aomufrSmr[kwfygbl;..
raomufcsifaeayghvdkhajymwJhqdkifrsdK;qdkwoufvHk;awmifajcOD;vSnfhp&mraBumif;r&Sd..
wckawmh&Sdw,faps;BuD;BuD;ay;&wJhaumfzDqdkifuaumfzDusawm.0efaqmifrSKrsm;ay;wJhtjyif
rBudKuf&ifvJ jyifay;wwfao;awm.oGefypfcsifp&mtaBumif;r&Sdovdk..
qufqHa&;nHhzsif;jyD; aps;vJaygwJhaumfzDrsKd;qdk&ifawm. raomufzJoGefypfvdkuf&vdkhvJ
odyfESarsmp&mtaBumif;r&Sdygbl;..

Anonymous said...

စာပဲဖတ်ချင်တယ်

win latt said...

မဆိုင်သူတွေဆွဲထည့်တာလဲ မကောင်းသလို ကိုယ့်ပြဿနာ ကိုယ်ရှင်းတာလဲ အကောင်းဆုံးနည်းပါပဲ။ ဇရပ် ဥပမာ သိပ်ကြိုက်တယ်။ ဇ၇ပ်ပေါ်မှာနေတာ လွတ်လပ်တာပေါ့။

Anonymous said...

အပေါ်က အနောနီးမက်ပြောမှပဲ ရှင်းသွားတော့တယ် :)

Anonymous said...

Ok...guys..For me, I haven't read both Klosayhtoo and Manawhari. I don not know who are they yet. Anyway, Klosayhtoo has a nice character since he took full responsible on this case. Comparisons, pro, layman,etc, all these will go on forever along with human nature. As a famus writer, he or she cannot hide under human nature. They may have anger but they cannot say we are human also because readers may follow their styles. Then how? Yes, they can queitly release their temper to avoid violations among readers. "Khat Nyant Nyant words" should not be used by civilized people. If she did used that word...Oh O...I wish I can type in Burmese and I can expose readers feelings. Agreed with Manawhari?..Nahhh Myat Nhar Kyi Yar Hin But Par.....
Anyone can rule me out here...I do not mind....Anyone can give comments on me...Wowww...welcome.

Full said...

ဝင်ပါလိုက်ဦးမယ် .. အားနေလို့ပါ. :) . အဟမ်း.. အမှန်တော့ ပြဿနာ ကို စခေါ်လာတဲ့ စီဘောက်ထဲက ကွန်မန့်ကို ထောင်ချောက်တစ်ခု အဖြစ် မြင်ပါတယ်. မမနော်ဟရီကလည်း အဲ့ဒီ ထောင်ချောက်ကို တည့်တည့်ကြီး ချနင်းလိုက်ပါတယ်.. ဒီနေရာမှာ မမနော်ဟရီဟာ ဘလော့ရေးသားသူ တစ်ယောက်ဖြစ်တဲ့အတွက် လူသားပီသစွာ တုန့်ပြန်မှာပါပဲ. တုန့်ပြန်မှု မြန်ဆန်စွာ ရနိုင်သော အခွင့်ရေးပေးတဲ့ ဘလော့က အဲ့ဒီ ပြဿနာကို ကြီးထွားစေပါတယ်. လူသားပီသခြင်းရယ် အနုပညာရှင် ရယ် ပေါင်းလိုက်တော့ စကားလုံးတွေက ထက်မြစွာ သို့မဟုတ် ခါးသီးစွာ ထွက်လာပါတော့တယ်. (ဒန် တန့်..တန်... ) . ဒီတော့လည်း ဒါမျိုးပြောရကောင်းလားလို့ အခုအိပ်ဖွင့်စာကို ရေးတဲ့ သူရယ် ကိုမိုးတိမ်ရယ် က မချိတင်ကဲနဲ့ ပြန်ပြောပါတယ်...။
ဇာတ်ပေါင်းသော် ... မနော်ဟရီ အဖြစ် မနော်ဟရီက သရုပ်ဆောင်ပါတယ် .. ကလိုစေးထူး အဖြစ် ကလိုစေးထူးက သရုပ်ဆောင်ပါတယ်.. စီဘောက်ထဲဝင်အော်သူ အဖြစ် ပြဿနာရှာချင်သူက သရုပ်ဆောင်ပါတယ်.. နိုင်းနိုင်းစနေနဲ့ မနော်ဟရီ ကို ထပ်မံယှဉ်ပြသူ တွေအဖြစ် ဝေလေလေ ဘေးတီး တွေက သရုပ်ဆောင်ပါတယ်.. မိုးတိမ်အဖြစ် အနုပညာကို ရိုးရိုးကြီး. ဒဲ့ ချစ်မြတ်နိုးသူ တစ်ယောက်က သရုပ်ဆောင်ပါတယ်.. ကျနော် ဖူးစတော့ ကတော့ ဆရာကြီး အဖြစ် ခန့်ခန့်ကြီး သရုပ်ဆောင်ထားပါတယ်.. ခွိ (ဆိုက်ကား. အားပါတယ် :P) (FullStop)

sawthakhinoo said...

စာပြန်ေ၇းပါလို.ပဲပြောပါ၇စေ

Anonymous said...

ဖတ်သူလဲပြောခွင့်၇ှိတယ်ေ၇းသူလဲဆဲခွင့်၇ှိတယ်
(၇ှိုင်းခဲ့၇င်ပေါ့)အခုကြည့်မ၇တာကနှစ်ဖက်ချွန်
မောင်စေးထူး
နောက်တယောက်ကသူများတ၇ုတ်စာတတ်တာ
ကိုမနာလိုတဲ့နာမည်နဲ့လိုက်တဲ့
အမျိုး နိမ့် မောင်

Anonymous said...

မျိုးစေ့မမှန် ပင်မသန် ဖူးတန်ငုံကင်း အသီးဖျင်း တဲ့ စပျစ်သီးနဲ့ တွေ့တဲ့အခါ မြေခွေးတွေ ညာပြောစရာ မလိုတော့ဘူး။
(နားမလည်ရင် မဖတ်နဲ့)

Anonymous said...

ဖြိုးဝေတိုး(မိုးတိမ်)သို့
ကိုယ်လိုချင်ရာ ကိုယ်ဆွဲတွေးပြီး ဆရာမြသန်းတင့်တို့
ဆရာကြီးသခင်ကိုယ်တော်မှိုင်းတို့ကို ဒီပြဿနာထဲ ဆွဲ
သွင်းပြီး ဥပမာ မပြုပါနဲ့။ ကိုယ်ပြောချင်ရာ ပြောပါ။
ကိုယ့်အဆင့်နဲ့ကိုယ် တန်ရာတန်ရာကို ပြောပါ။ စာပေ
ဖခင် မထိပါး ပါနဲ့။
the comment above is absolutely nonsense. Comparison can be done by anyone with anyone depends on how he or she compares. The one who give this comment may not understand what is comparison.
နိုင်းနိုင်းက စာဖတ်သူတွေအတွက် အကျိုးရှိမယ့်စာလေး တွေကို ဘာသာပြန်ပေးတယ်။ သူတတ်သိတဲ့ ဘာသာစကားကနေ။ အဲလိုဘဲ သူ့အကြောင်းကိုရှင်းရှင်းလင်းလင်း ပြောဆိုတင်ပြတယ်။ နိုင်ငံခြားမှာ အဆင်ပြေစွာ နေနိုင်ရက်သားနဲ့ ကျောင်းဆရာမ ပြန်လုပ်နေတယ်။

မနော်ဟရီရဲ့ ၀တ္တုဖတ်ဘူးပါတယ်။ အပျော်ဖတ်လို့တောင် ပြောမရပါ။ ဘယ်ကရမှန်း မသိတဲ့ပိုက်ဆံတွေ ရပြီး ဘယ်လိုချမ်းသာနေမှန်း မသိတဲ့ဇာတ်ရုပ်တွေနဲ့။
See above comment, it looks real based on how those two are carrying on their lives.
နှင်းစက်လွင် said...

မနော်ဟရီနဲ့နိုင်းနိုင်းစနေဆိုတာအဝေးကြီးမှအဝေးကြီးပါ။
မနော်ဟရီဆိုတာနှစ်ပေါင်းများစွာဘ၀ကိုရင်းနှီးမြှုပ်နှံပြီး
စာပေသမိုင်းတည်ဆောက်ခဲ့သူပါ။
စာရေးသားမှုကိုဝေဖန်တယ်ဆိုတာအင်တာနက်ပေါ်မှ
အရှင်မွေးနေ့ချင်းကြီးသူမျိုးနဲ့အယ်ဒီတာစားပွဲပေါင်းများစွာ
ကိုနှစ်ပေါင်းများစွာဖြတ်ခဲ့သူဒီ၂ဦးဘယ်လိုမှနှိုင်းစရာမဟုတ
်ပါ။ခုရေးနေကြတာ`စာ´တွေလေ။ဘာစာဖြစ်ဖြစ်အပျော်၊
သုတ၊ရသ၊အပေါ့အလေးဘာဖြစ်ဖြစ်ဒီ၂ဦးကတန်းညှိစရာ
ကိုမဟုတ်ပါ။
အဆင့်အတန်းခွဲမှုဆိုတာနေရာတကာမှာရှိသင့်ရှိထိုက်သ
လောက်ရှိပါတယ်။
That comment is the most stupid one. Who said 99 never sacrified her live and experiences? And how much she knows about how Manawhari sacrified and what are those? And also what is the comparison for those two? Actually she knows nothing about them. What she understand is ummm may be she feels that one of the character in Manawhari's published books seems to be like her living style.
Totally unacceptable.
Be remembered that if there is no readers or audiences, there will not be a famous artist. Depending on how artist react upon the reader's comment, it may disgraceful.
Be understand your way of living. Be understand who you are. Be fair with others.
----As a famus writer, he or she cannot hide under human nature. They may have anger but they cannot say we are human also because readers may follow their styles. Then how? Yes, they can queitly release their temper to avoid violations among readers.----
See above comment, it was true for artists.
That's all. Sorry for long comment.

Anonymous said...

comment from 99 to manorahary
Look how she,99 behaves! We can see her peaceful mind. That is the difference between 99 and manorhary
နိုင်းနိုင်းစနေ said...

ဆရာမ..
အကြိုက်ချင်း မတူသူတွေရဲ့ စကားကြောင့်
စိတ်ကျန်းမာရေးကို မထိခိုက်လိုက်ပါနဲ့...
ဆရာမရဲ့ စာတွေ၊ ကဗျာတွေကို ကျွန်မတို့ အများကြီး ဖတ်ချင်သေးတယ်..

ရှေ့လျှောက်ဒီလိုမျိုးတွေ အများကြီးကြုံရအုန်းမှာ..
ခံနိုင်ရည်ရှိအောင် ကျွန်မတို့ရဲ့စိတ်တွေ ကျန်းမာနေဖို့လိုတယ်

အစဉ်လေးစားလျှက်

Htoo Myat said...

ကျနော့်အမြင်တော့ ဘာပဲပြောပြော diplomatic ဖြစ်ဖို့ လိုအပ်တယ် ထင်မိတယ်။ စာရေးဆရာမ တစ်ဦးဆို ပိုလို့ လိုအပ်တယ် ထင်မိတာပဲ။

အဲဒီ တကယ်ဆို စီဘောက်စ်က မှတ်ချက်လေးကို မကြိုက်ရင် ဖျက်ပစ် လိုက်တာ လောက်ဆို လုံလောက်တယ် ထင်မိပါတယ်။

Anonymous said...

ဒါတွေဟာ လောက သဘာဝ တရား တွေပါပဲဗျာ။

ဒီထဲက ယူတတ်ရင် သင်ခန်းစာတွေ၊ အသိဥာဏ်တံခါးကိုဖွင့်မယ့် သော့ချက်တွေ ရပါတယ်။

ကျနော်တော့ ရယူသွားပါတယ်။