Tuesday, June 05, 2007

ပေါက်ကြမယ်ဟေ့..ကောင်းကောင်း..

အလုပ်ထဲမှာ ဖြစ်ပါတယ်။

ဆူဆူညံညံနဲ့ စက်သံတွေကြား မကျဉ်းမကျယ် အခန်းလေး တခုထဲမှာ Tools တွေကို တဂျွီးဂျွီးနဲ့ ပုံဖော်သွေးနေတုန်း ဆိုးဝါးလှတဲ့ အနံ့တခုက နှာခေါင်းထဲကို တိုးဝင်လာပါတယ်။ နောက်..မိနစ် အနည်းငယ်အကြာမှာတော့ ဘယ်လိုမှ ဆက်နေလို့ မရလောက်အောင် အနံ့က ပိုဆိုးလာတော့ နှာခေါင်းကို ပိတ်ရင်း ဘေးဘီကို ကြည့်လိုက်တော့ မက္ကဆီကန်တွေ သူတို့အချင်းချင်း ကွိစိကွစနဲ့ ပြောလို့ တယောက်ကတော့ မျက်နှာနီအမ်းအမ်းနဲ့ ရှက်နေဟန်..။ စိတ်ထဲကတော့ အားရပါးရ ကျိန်ဆဲပစ်လိုက်တယ်။

***

`အီးအီး ဘယ်သူပေါက်၊ မောင်ပေါက်၊ ပေါက်တဲ့လူ မှန်မှန်ပြော၊ အီးဘွတ်တရားဟော၊ ဟောလို့ မကျေ သံပုရာရည်…..´

ငယ်ငယ်တုန်းကတော့ အခုလိုကဗျာနဲ့ လူကြားထဲ အနံ့ဆိုးလွှတ်တာကို ကလေးပီပီ ဖြူဖြူစင်စင်နဲ့ ထုတ်ဖော်ပါတယ်။ တကယ့်တရားခံအစစ်ကို အဲဒီနည်းနဲ့ ထုတ်ဖော်လို့ ရတာ မဟုတ်သော်ငြားလဲ ပျော်တော့ ပျော်စရာ..။

လေလည်တာကို အင်္ဂလိပ်လို fart လို့ ခေါ်ပါသတဲ့။ `အီး´ ကိုကျတော့ ရှာမတွေ့ပြန်ဘူး။ flatus ဆိုတာကျတော့လဲ လေချဉ်တက်တာရော၊ အီး (ကန်တော့ဗျို့) ပေါက်တာကိုပါ ဆိုလိုတယ်တဲ့.။ ထားပါတော့..။

ကျနော်ငယ်ငယ်က တချို့လူကြီးတွေ ပြောတာကို ကြားမိဖူးပါတယ်။

`ဆင်းရဲတဲ့ လူရဲ့သားသမီးများ လူကြားထဲ အီးပေါက်တော့ ဒီကလေးနှယ်၊ လူရှေ့မရှောင် သူရှေ့မရှောင် အီးပေါက်ရတယ် ရိုင်းပါပေ့လို့ ပြောပြီး အပြစ်တင်လေ့ရှိပေမယ့် ပိုက်ဆံဝါလားတွေရဲ့ သားသမီးများ အီးပေါက်တာကိုတော့ ကျန်းမာရေးနဲ့ ပြည်စုံတယ်၊ လေမှန်တယ်လို့ ပြောကြသတဲ့´

***

သူငယ်ချင်းတယောက်ရဲ့ ဖြစ်ရပ်မှန် အီးအသည်းကွဲ ပုံပြင်လေးကို ပြောပြပါရစေဦး။

သုံးနှစ်သုံးမိုး မရှိသော်ငြား ချစ်အဖြေရဖို့ စောင့်နေခဲ့ရတာ ကြာပြီဖြစ်တဲ့ သူငယ်ချင်းကို သူလိုက်နေတဲ့ ကောင်မလေးက တရက်မှာတော့ စကားပြောဖို့ ချိန်းပါသတဲ့..။ သကောင့်သားမှာလဲ ငါဟဲ့ယောက်ျား၊ ဇမ္ဗူမှာ ရှိပါ့တော့မလား လို့ မာန်တွေ ဘာတွေ တက်လို့ မောင်းတင်ပြီး သွားသတဲ့။

ဟိုရောက်တော့ မြစ်ဆိပ်က သစ်ပင်အောက်တခုမှာ ထိုင်လို့ မရိုးနိုင်တဲ့ ချစ်ခြင်းဖွဲ့လင်္ကာလေးတွေနဲ့ ကောင်မလေးကို ကျူးရင့်တယ်ဆိုပါတော့..။

`ကိုယ်စောင့်နေခဲ့ရတာလဲ ကြာခဲ့ပါပြီကွာ၊ ဒီတခါတော့ အချိန်မဆွဲပါနဲ့တော့နော်´
`…………..´

ကောင်မလေးက ရှက်သွေးတွေ ဖြာလို့ပေါ့….။ ခဏအကြာမှာတော့ ရှက်စိတ်ကို အားတင်းဖြေဖျောက်ပြီး ကောင်မလေးက..

`ဒို့လည်း သူ့ကို…..´

အဲဒီအခိုက်အတန့်လေးမှာတင်…

`ဘူ….၀ူ…၀ူ´

ဟိုကောင့်ရဲ့ ထိန်းချုပ်စွမ်းအားက အဲဒီအချိန်လေးမှာမှ သွားအစွမ်းပြတော့တာပဲကိုး..။

***

ကမ္ဘာမှာ ထင်ရှားလှတဲ့ အီးအကျော်အမော်ကြီး တယောက်ရှိပါသတဲ့..။ သူ့နာမည်က ဂျိုးဆက် ပိုဂျူး (Joseph Pojul) လို့ ခေါ်ပါသတဲ့။ ၁၈၉၂ ခုနှစ်တုန်းက ပြင်သစ်မှာ တင်ဆက်တဲ့ ဖျော်ဖြေပွဲ တခုမှာ သူက အဲဒီအချိန်က နာမည်ကျော်တွေရဲ့ အသံတုကို အောက်ပါးစပ်ကနေ လုပ်ပြသတဲ့။ နောက်ဆုံး… စအိုမှာ ပိုက်တပ်လို့ ပိုက်ထိပ်မှာ ပလွေစွပ်ပြီး ပြင်သစ်နိုင်ငံတော် သီချင်းတောင် မှုတ်ပြလိုက်သေးပါသတဲ့။ ထူးဆန်းပါပေ့..။

ပုရိသတွေအတွက် ဂုဏ်ယူစရာအချက်ကတော့ လူတရာမှာ ၉၆.၃ ရာခိုင်နှုန်းက လူကြားထဲ လေလည်တတ်တာကို ၀န်ခံပါသတဲ့။ ပျိုကညာတို့ အန်တီမမတို့မှာတော့ ရှက်ရှာကြလို့ ထင်ရဲ့ ၂.၁ ရာခိုင်နှုန်းကသာ ဖြောင့်ချက်ပေးပါတယ်တဲ့။ ဘယ်ရမလဲကွာ၊ ဒီနေရာမှာတော့ အမျိုးသမီးတွေ နောက်ကောက်ကျပြီကွ..။ :P

ကမ္ဘာ့အီးပေါက် ဘုရင် စံချိန်ရှင်ကတော့ ဘားနတ်ကလင်းမင် (Bernard Clemmens) ဆိုသူပါပဲ။ လန်ဒန်မြို့မှာ ၁၉၅၆ ခုနှစ်တုန်းက သူတင်ထားတဲ့ စံချိန်ဟာ နှစ်မိနစ်နဲ့ ၄၂ စက္ကန့်တိတိကြာပါသတဲ့..။ တတ်လဲ တတ်နိုင်ပါပေ့.။

စာအုပ်ထဲက ဖတ်မိထားတဲ့ အီးဗဟုသုတကို ခပ်တည်တည်ရွှီးပါရစေဦး..။ :D

ယောက်ျားတယောက်ဟာ ပျှမ်းမျှအားဖြင့် တနေ့ကို ၁၂ကြိမ် လေလည်ပါသတဲ့။ စုထားရင် ပူဖောင်းလုံးကို ကောင်းကောင်း ဖောင်းစေနိုင်တဲ့ ပမာဏ တလီတာခွဲကနေ နှစ်လီတာခန့် အထိ ရပါတယ်။ မိန်းမတွေကတော့ နည်းပါတယ်။ တနေ့ ပျှမ်းမျှ ခုနှစ်ကြိမ်နှုန်းနဲ့ အလွန်ဆုံး တလီတာခွဲလောက်သာ ရပါသတဲ့။ ဘယ်လိုများ စစ်တမ်းယူထားပါလိမ့်..နော်။

***

အလုပ်ခန်းထဲမှာ အနံ့အသက်တွေ ကင်းစင်အောင် ပန်ကာတွေနဲ့ မှုတ်ထုတ်၊ အီးပိုင်ရှင် ဟိုသကောင့်သားလဲ စပ်ဖြီးဖြီးနဲ့၊ အားလုံးလဲ ငြိမ်ကုပ်သွားကြ အပြီးမှာတော့ အားလုံး ကိုယ့်အလုပ်ကိုယ် ပြန်လုပ်ကြပါတယ်။ အဲဒီမှာတင်…

ဗိုက်ထဲက သရိုးသရီနဲ့ လေလုံးတလုံးက အောက်ကို ပြေးဆင်းလာလိုက်၊ ကမန်းကတန်း ထိန်းချုပ်လိုက်တော့ အင့်ခနဲ ငြိမ်သွားလိုက်၊ ဒါပေမယ့် ခဏပဲ ခံတယ်။ မဖြစ်ဘူး…။ ထိန်းထားမှ..။ သေချာအောင် နေရာပြင်ထိုင်မှ ဆိုပြီး ကိုယ်ခန္ဓာကို အနေအထား နည်းနည်းပြင်လိုက်တယ်။ ပိတ်လိုပိတ်ငြားပေါ့…။

အတော်လေးကြာတော့ ဘယ်လိုမှ မတတ်နိုင်တော့တဲ့ အနေအထားရောက်လာတယ်..။ မဖြစ်တော့ဘူး..။ အပြင်ကို ရောက်အောင်ထွက်မှ။ အဲဒီလိုနဲ့ ထိုင်ခုံကနေ ဆတ်ကနဲ ကသုတ်ကရက် ထလိုက်တယ် ဆိုရင်ပဲ…

`ဘူ..၀ူ..၀ူ..၀ူ´


ကလိုစေးထူး


(၀န်ခံချက်၊ ဆရာဒေါက်တာ အောင်ကျော်မြင့်၏ `အာလူးလာမပေးနှင့် လေနည်းနည်းလျှော့´ ဆောင်းပါးမှ အချက်အလက်တချို့အား ယူငင်သုံးစွဲထားပါသည်)

7 comments:

Anonymous said...

ဟားဟား ကိုစေးထူးရဲ့ ပေါက်တဲ့ ပို့စ်က ရီရတယ်ဗျို့ ။ ဒါနဲ့ အဖြေပေးခါနီး ဘယ်သူပေါက်လိုက်တာလဲဟင် ။

အီးပေါက်ဗဟုသုတလေးကလည်း စိတ်ဝင်စားစရား)

Anonymous said...

ကို ကလိုစေးထူးကတော့ ရေးလည်း ရေးတတ်ပါ့…
အလုပ်မှာ အီးပေါက်တာကို တောင်… ကမ္ဘာကျော်တွေပါဆွဲထည့်ပြီး ရေးသွားတယ်…

ဒါနဲ့… အဖြေရခါနီး ပေါက်တဲ့လူက ကိုကလိုစေးထူးလို နေရာပြောင်းဖို့ထလိုက်တာ…
မမှီရှာတော့တာ နေမှာပါ… :lolz:

Anonymous said...

နံပါတယ်လို့ မှတ်တယ်။ ဒီဘလော့မှာ တဘူဘူနဲ့ ဖြစ်နေတာကိုး။
ဒီစာကိုဖတ်ရတော့ … “သင်ဘယ်လိုလူလဲ” ဆိုတဲ့ အီးပေါက်နည်း အမျိုးမျိုး ရယ်စရာဟာသတပုဒ် သွားသတိရတယ်။
ကိုသံလွင်တို့များ အတော်လည်း အီးဗဟုသုတနဲ့ ပြည့်စုံပေတာပဲ။
အချစ်နှင့် အီးပေါက်ခြင်းကို အောင့်မထားရဘူးဆိုလား … စကားပုံ ကြားဖူးသလိုပဲ။
ပေါက်ချင်ရင် အောင့်မထားနဲ့နော် … ရောဂါရတတ်တယ်။ ပြီးတော့ အသံတိတ်ပေါက်တဲ့ အီး (အီးသူခိုး) က ပိုနံတယ်ဆိုပဲ။ ဒါကြောင့် နောက်ဆို ကျယ်ကျယ်သာ လေလည်တော့ ဆရာရေ့ … ။
ကဲ ကဲ .. ကျမလည်း အသက်အောင့်- အမြန်ဖတ်ပြီး လစ်ပြီနော် … ။

သစ္စာ | သ​စ်စာ said...

တော်တော်လေံလာထားတာနော်.....ဒီအကြောင်းကို.....ဟီးး)

Anonymous said...

OMG you're so funny bro. You wrote a post about farting gosh never seen/read one b4 haha good one.

အီးကို အင်္ဂလိပ်လို Shit လို့ ခေါ်ပါတယ်။ formal term နဲ့ ပြောမယ်ဆိုရင် Feces လို့ပြောပါတယ်။ ရိုးရိုး ကလေးစကား ကတော့ shit လို့ပြောပါတယ်။ ခွေးချီး = dog shit

s0wha1 said...

"ပိုက်ဆံဝါလားတွေရဲ့ သားသမီးများ "

ပိုက်ဆံဝါလား ဆိုတာကို ဟိုးရှေးခေတ်က လူတွေ၊ စာရေးဆရာတွေ တော်တော်သုံးကြတယ်...
အဲဒီ ၀ါလား ဆိုတာ ဘာအဓိပ္ပါယ်လဲ သိရင် ရှင်းပြပေးပါရန်...
ကျေးဇူးတင်ပါသည်...

Anonymous said...

နည်းနည်းဝင်လျှာရှည်ဦးမှပဲ။ ၀ါလားဆိုတာ အရင်တုန်းက မြန်မာပြည်မှာ အလုပ်လာလုပ်ကြတဲ့ ကုလားတွေရှိတယ်လေ။ သူတို့ကို ရေထမ်းတဲ့ကုလားကို ပန်နီဝါလား၊ ရထားမောင်းတဲ့ကုလားကို ဂါလီဝါလား၊ သန့်ရှင်းရေးလုပ်တဲ့ကုလားကို ဂျာဒူးဝါလား လို့ခေါ်တယ်တဲ့။ ကုလားစကားထင်ပါတယ်။ သူဌေးတွေကို အမြင်ကပ်လို့ အဲလိုနှိုင်းတယ်ထင်တာပဲ။ သေချာတော့ မသိဘူးနော်။ အမေမာရဲ့ အမေ့ရှေးစကားထဲက ဖတ်မိတာလေး ပြောကြည့်တာ။ ဟီးဟီး... မှားရင်တော့လည်း ရမ်းဖြီးလို့သာမှတ်ကြပါလို့