Friday, September 04, 2009

လောဘစိတ်ကလေး ၃၆၀...

ဟဲလို...၊ မင်္ဂလာပါ။

စာမရေးဖြစ်တာ နည်းနည်းကြာသွားတော့ ကျနော့်ဘလော့ဂ်ကတောင် ကျနော့်ကို ပြန်မှတ်မိပါ့မလားဘဲ။ ပြာတာတာအကြည့်တွေနဲ့ ကြိုဆို စိုက်ကြည့်နေလေရဲ့...။

ဒီလိုပါ၊ အခုတလောက အလုပ်အကိုင်နဲ့ပတ်သက်ရင် ကျနော့်အတွက်က ဘယ်လိုဖြစ်နေလဲဆိုတော့ ဒီနိုင်ငံက ဆောင်းဦးပေါက်ရာသီ အပင်တွေပေါ်က သစ်ရွက်လေးတွေလိုပဲ...။ ကြွေလုလုလေးနဲ့ လေတိုက်လိုက်တိုင်း အလန့်တကြား တဖျတ်ဖျတ်လူးခါ ယိမ်းနွဲ့နေရတဲ့ဘ၀။ အရောင်အဆင်းလေးကတော့ ၀ါတာတာလေးဆိုတော့ အဝေးကနေကြည့်ရင်တော့ တယ်လှ၊ ဒါပေမယ့် ဘယ်တော့ ကြွေမလဲဆိုတာ မသိတဲ့အဖြစ်။

လေးနှစ်နီးပါးလောက် တောက်လျှောက်လုပ်လာတဲ့ အလုပ်က မအိုကေတော့လို့ နောက်ထပ် အလုပ်တခု ထပ်ရှာလို့ အဆင်ပြေမယ်မှ မကြံသေးဘူး၊ အဲဒီအလုပ်ကလဲ အလုပ်အော်ဒါတွေလာတာ နှေးကွေးတော်မူတာနဲ့ နောက်ထပ် အလုပ်တခုကို ဖုတ်ပူမီးတိုက် ပြန်ရှာရနဲ့ ကျနော်နဲ့အလုပ်က စိန်ပြေးတမ်းကစားနေရသလားတောင် မှတ်ရတယ်။ အခုလဲ နောက်ထပ် အလုပ် အသစ်စက်စက်တခုမှာ လာမယ့်အပတ်ကစပြီး ညဆိုင်းအလုပ်ဆင်းဖို့ ကြံစည်ထားတာပဲ။ သူလဲ ဘယ်လိုလာမယ်တော့ မသိ။

ဒါကတော့ ကျနော့်ရဲ့ လက်ရှိအခြေနေ... ... ...။

***

အလုပ်လုပ်နိုင်တဲ့ လူတယောက်၊ အလုပ်လုပ်ချင်တဲ့ လူတယောက်အတွက် အလုပ်လက်မဲ့ ဖြစ်နေရတဲ့ အခြေအနေကြီးက သိပ်တော့ နှစ်သက်စရာကောင်းလှတဲ့ အခြေအနေတော့ မဟုတ်လှဘူး။ ဒါပေမယ့် `ငါအဆင်မပြေဘူးဟေ့´ လို့ ညည်းတွားနေရုံနဲ့တော့ ဘာမှထူးလာမှာ မဟုတ်တော့ ဒီလိုပဲ လှုပ်ရှားရုန်းကန်လေသတည်းပေါ့။

အလုပ်က သိပ်အဆင်မပြေတော့ စာရေးဖို့လဲ အတွေးက သိပ်မအိုကေတော့ဘူး။ (တကယ်က အပျင်းထူသွားတာလဲ ပါပါတယ်) ဒါနဲ့ပဲ ယောင်ချာချာနဲ့ တရက်မှာတော့ အွန်လိုင်းဂိမ်းဆိုဒ်တခုနဲ့ နပန်းလုံးမိပါလေရော။

ကျနော်က ဟိုးအသက် ခပ်ငယ်ငယ်ကတည်းက Chess ကစားရတာကို ၀ါသနာပါပါတယ်။ ခပ်ကြွားကြွားလေး ပြောရရင်တော့ ကရင်ပြည်နယ်အဆင့် လူငယ် ခုံဆု ရဖူးတယ်။ ဟဲဟဲ။ (အခု မတွေ့တာကြာပီဖြစ်ပြီး ကျနော့်ပို့စ်တွေကို ရယ်သောသောနဲ့ စနောက်ဖူးတဲ့ ဘော်ဒါတယောက်ကို အဲဒီလို သွားကြွားမိတော့ `ခညားက ပြည်နယ်အဆင့်တဲ့လား´ ဆိုပြီး ပုံစံပေးကစားသွားတာကို ခွက်ခွက်လန်အောင် ရှုံးဖူးတယ်) :D

ဒါနဲ့ပဲ အလုပ်လက်မဲ့ ကျနော်တယောက် အွန်လိုင်းပေါ်မှာ Chess ကစားဖြစ်ရော ဆိုပါတော့... ... ...။

***



ကျနော်သွားကစားဖြစ်တဲ့ နေရာမှာက Chess ကစားသူတွေကို ပထမစစခြင်းမှာ Chips ၅၀ နဲ့ Ranking 1500 အဖြစ် စသတ်မှတ်ပေးပါတယ်။ တကယ်လို့ နိုင်ပွဲများရင် များသလို Rank တွေကို တိုးပေးတယ်။ Chips တွေကတော့ ကစားသူ အချင်းချင်း လောင်းကြေးအနေနဲ့ သဘောရှိ ကစားဖို့ သတ်မှတ်ပေးထားတာပါ။ လူတွေရဲ့ စိတ်သဘောကို နားလည်ထားလို့လားတော့ မသိ...။ အဲဒီ Chips တွေကို တကယ့်ပိုက်ဆံနဲ့လဲ ရောင်းပေးပါတယ်။ ဥပမာ...၊ Chips ၅၀၀ လောက်ကို နှစ်ဒေါ်လာနှုန်းနဲ့ စသဖြင့် အဲလိုလေးတွေပါ။




ဒီလိုနဲ့ ပြည်နယ်လူငယ် ချန်ပလုံဟောင်း ကျနော်လဲ အွန်လိုင်းပေါ်က နိုင်မယ်ထင်လောက်တဲ့ လူတွေနဲ့ချည်း စိန်ခေါ်ကစားရင်းနဲ့ Chips တွေ နည်းနည်းတိုးလာတယ်။ အဲဒီလိုနဲ့... ... ...။

***

အဲဒီလူက သူတင်ထားတဲ့ သူ့ဓာတ်ပုံအရ ခန့်မှန်းရရင်တော့ အသက်က ၄၀ ၀န်းကျင်လောက် ရှိမယ်ထင်ရဲ့၊ ကိုလံဘီယာကတဲ့။ သူ့ရဲ့ Ranking ကလဲ 2000 ကျော်ဆိုတော့ တပွဲနိုင်မှ အလွန်ဆုံး Rank အမှတ် ၁၀ မှတ်ကျော်တိုးတဲ့အတွက် နိုင်ပွဲတွေ မနည်ဘူးရထားတဲ့ သဘောပေါ့။ ကျနော်တို့ နှစ်ယောက် စစခြင်း ကစားတော့ 5 Chips ကြေး ကစားတယ်။

ပထမ စစခြင်းမှာ 5 Chips ကြေး ကစားပေမယ့် လေးငါးဆယ်ကွက်လောက် အပြန်အလှန်ရွှေ့ပြီးချိန်မှာတော့ သူ့ဘက်ကနေ အသာစီးနည်းနည်းရလာရော သူက 100 Chips ကြေး စိန်ခေါ်လာတယ်။ ကျနော်ကလဲ အဲဒီ Chips တွေကို ဒီလောက် အလေးမထားတော့ ကစားစေသတည်းပေါ့...။

ဒီလိုနဲ့ ဆက်ကစားလိုက်တာ တဖြည်းဖြည်းနဲ့ ကျနော် ရှုံးလုလု အခြေအနေကို ရောက်လာပြီး သူ့ဘက်က ပါဝါတွေက ကျနော့်ရဲ့ ဘုရင်ကို မိဖို့အတွက် ပိုအားကောင်းလာတယ်။

ဒါပေမယ့်... ... ...။

***

တခါမှာတော့ အမှတ်မထင် ဆိုသလိုပဲ သူ သတိတချက် လစ်သွားတယ်။ ကျနော့်ရဲ့ မြင်းက သူ့ ဘုရင်မနဲ့ ဘုရင်ကို ခွချက်နဲ့ မိသွားတော့ သူ့ဘုရင်မ အလကားသက်သက် ကျသွားတာ ပွဲအလှည့်အပြောင်းက ကျနော် နိုင်ဖို့လုံးဝနီးပါး အဖြေပြောင်းသွားတယ်။

အဲဒီလူဟာ သူစောစောက နိုင်ဖို့ သေချာတယ်လို့ သူထင်ခဲ့တုန်းက လောင်းကြေး Chips ကို အဆမတန်တိုးပြီး စိန်ခေါ်ခဲ့ပေမယ့် သူရှုံးတော့မယ့် အခြေအနေကိုလဲ ကြုံရော ကျနော့်ဘက်ကနေ ရွှေ့ကွက်တွေ ကောင်းကောင်းဆက်ရွှေ့လို့ မရအောင် ကောင်းကောင်းကြီး အနှောက်အယှက်ပေးပါတော့တယ်။ Game ကို Pause မကြာခဏလုပ်တာ၊ Cancel လုပ်ဖို့ အကြိမ်တရာလောက် ဆက်တိုက် တောင်းဆိုတာတွေ၊ လောင်းကြေးကို 0 Chips လုပ်ဖို့ မကြာခဏတောင်းဆိုပြီး ပွဲကို မကြာကြာအောင် အချိန်ဆွဲတာ၊ ကျနော် စိတ်တိုလာအောင် အနှောက်အယှက်ပေးတာတွေကို ဆက်တိုက်ကို လုပ်တော့တာပါပဲ။

ကျနော်ကလဲ ဒီလိုနည်းနဲ့တော့ အရှုံးမပေးချင်တာနဲ့ နှစ်နာရီကျော်လောက်အထိ ကြာအောင် ဒီလူ့ကို စိတ်ရှည်လက်ရှည်နဲ့ကို မရအရ နိုင်အောင် ကစားတော့ နောက်ဆုံးမှာ သူ လုံးဝ အရှုံးမပေးချင်ဘဲ လက်လျှော့လိုက်ရပါတယ်။ အဲဒီမှာ သူက ကျနော်ကို Chat Box ကနေ F... နဲ့ အစပြုတဲ့ စကားနဲ့ ဆဲပြီး ထွက်သွားတော့တယ်။

***

လူ့ရဲ့စိတ်ဟာ အင်မတန် အံ့သြဖို့ကောင်းပါတယ်။ `ငါသေချာပေါက် နိုင်တော့မယ်´ လို့ ထင်ထားရာကနေ အရှုံးကို မထင်မှတ်ဘဲ ရင်ဆိုင်လိုက်ရချိန်မှာ သူ့အနေနဲ့ ဒါကို လက်မခံနိုင်ဘဲဖြစ်ပြီး တုံ့ပြန်တဲ့ တုံ့ပြန်မှုဟာ မယုံနိုင်စရာ ကောင်းလောက်အောင်ကို သဘောထား သေးသိမ်လွန်းလှတာကို တအံ့တသြ ဖြစ်မိတယ်။

သူကတော့ နောက်ဆုံး ဘယ်လိုမှ လုပ်လို့မရတော့လို့ ကျနော့်ကို F... လို့ ဆဲဆိုပြီး ထွက်သွားပေမယ့် ကျနော့်မှာတော့ သူ့ကို စိတ်ဆိုးရမယ့်အစား အတွေးတွေ တထွေးကြီးနဲ့ ကျန်ခဲ့တယ်။

ဒီလူ ဘယ်လိုပါလိမ့်...။ Chips တွေ မဆုံးရှုံးချင်တာလား၊ ဒါမှမဟုတ် သတ်မှတ်ထားတဲ့ Ranking က ပွဲရှုံးသွားရင် အမှတ်လျော့မှာကို မလိုချင်တာလား။ ဒါတွေက သူ့အတွက် တော်တော်များ အရေးကြီးနေခဲ့တာလား။ ဒါဖြင့် သူအခုရထားတဲ့ Ranking ဆိုတာကရော သန့်ရှင်းစွာ ကစားပြီး အနိုင်ယူခဲ့တာတွေရော ဟုတ်ပါ့တော့မလား။ အခု သူ ငါ့ကို ဆဲသွားတယ် ဆိုတာကရော `မျက်နှာမှ မမြင်ရတာ ဘာအရေးစိုက်ဖို့ လိုတာမှတ်လို့´ ဆိုတဲ့ သဘောလား။

တကယ်ဆို အွန်လိုင်းပေါ်မှာ သတ်မှတ်ပေးထားတဲ့ အဲဒီ Chips တွေ Ranking တွေဟာ သူ့ဘ၀ကို ဘာတခုမှ ထိခိုက်သွားစေတာ၊ လျော့ပါးသွားစေတာ မဟုတ်ပါလျက်နဲ့ ဒီလိုနေရာမျိုးလေးမှာတောင် ဒီလောက်ကြီး ဆိုးဝါးတဲ့ စိတ်ကိုထားနေတာ ဘာပါလိမ့်။

***

တကယ်တော့ တွေးလိုက်ရင်တော့ အရှည်ကြီးပါ။ ဒီလိုလူမျိုးဟာ ဒီလောက် အွန်လိုင်းဂိမ်းလေးမှာတောင် ညစ်ပတ်တဲ့ စိတ်ထားရှိနေရင် အပြင်က လက်တွေ့ဘ၀မှာလဲ သူ့စိတ်ထားကြီးဟာ ညစ်ထေးနေမှာ အမှန်ပေါ့။ အတ္တတွေ၊ အနိုင်ဆိုတာပဲ လိုချင်ပြီး အရှုံးကို လက်မခံချင်တဲ့ စိတ်ထားကြီးပေါ့။ ဘာပေါ့ ညာပေါ့နဲ့ လျှောက်တွေးလိုက်တာ ဟိုလူတော့ လမ်းသွားရင်း ခလုတ်တောင် တိုက်မိမလားဘဲ။

ကျနော်ကျတော့ရော...။

ကျနော်လဲ ဘာထူးသေးလဲ။ အခုတောင် အဲဒီလူလုပ်တာကို မခံချင်ဖြစ်တဲ့ မသိစိတ်ကနေ စေ့ဆော်တဲ့ အတ္တက ဒီစာကို ရေးဖြစ်နေပြီလေ။

***

ဆိုင်မဆိုင်တော့ မသိဘူး။ အခု ဒီစာကို ရေးနေရင်းနဲ့ နွဲ့ယဉ်ဝင်းရဲ့ သီချင်းတပုဒ်ကို ဖွင့်နားထောင်မိနေရင်း ဖြစ်နေတာ သီချင်းနာမည်က `ဒေါသစိတ်ကလေး ၃၆၀´ တဲ့...။

အင်း..။

ကျနော့် ဇာတ်လိုက်ကျော် ကိုလံဘီယာသားကြီးကတော့ `လောဘစိတ်ကလေး ၃၆၀´ နဲ့ ကျနော့်ကို Chess တပွဲကစားပေးသွားတာဆိုရင် မှားမလားမသိ။

***

ကလိုစေးထူး