Tuesday, July 31, 2007

လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း…(၇)

ရေးသူ - ၀င်းနိုင်ဦး ၏ ထိုစာအုပ်ကို ကျနော် ကလိုစေးထူးမှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

နောက်နေ့၊ ဒါမှမဟုတ် တရက်ခြား မနက် အစောကြီးလား။ ရက်တွေ မကွဲဘူး။ ကျနော့်ကို လာနှိုးတယ်။ အခန်းတခန်းထဲ ခေါ်သွင်းသွားတယ်။ အိပ်မွေ့ချခံထားရသူ တယောက်လို ကျနော်ပါသွားတယ်။ အခန်းထဲ ရောက်တော့ အောင်သူနဲ့ ဝေလင်းကို တွေ့တယ်။ ဖမ်းပြီးကတည်းက ပထမဆုံး ပြန်တွေ့တာ။ တယောက်ကို တယောက် မရယ်မပြုံးနိုင်ကြဘဲ မျက်လုံး အသေတွေနဲ့ ကြည့်မိကြတယ်။

ကျနော်တို့ သုံးယောက်ကို စားပွဲတလုံး ရှေ့မှာ ရပ်ခိုင်းတယ်။ စားပွဲပေါ်မှာ ကျနော့်ပစ္စည်းတချို့။ ကင်မရာ၊ အသံဖမ်းကက်ဆက် အသေးလေး နှစ်လုံး။ စာရွက်စာတမ်း တချို့။ ကျနော်တို့နဲ့ မျက်နှာချင်းဆိုင်၊ စားပွဲခြားပြီး ရှေ့မှာ ဗွီဒီယိုကင်မရာ တလုံးနဲ့ လူတယောက်။

ဖြတ်ခနဲ ကျနော် တခု သွား သတိထားမိတယ်။ ကျနော်တို့ကို ဗွီဒီယိုရိုက်ပြီး တီဗွီကနေ သူတို့ ပြတော့မယ်။ ဟုတ်ဟုတ် မဟုတ်ဟုတ် တီဗွီထဲမှာ သူတို့ ပြောချင်တာတွေ တဖက်သတ် ပြောတော့မယ်။ အမှန်တချို့ကို ပြပြီး လုပ်ကြံထားတဲ့ အချက်တွေနဲ့ လိမ်ထားတော့မယ်။ ကျနော့် မျက်လုံးထဲ မြင်ယောင်လာတယ်။

တီဗွီရှေ့မှာ ထိုင်နေတဲ့ အဖေ၊ အမေ၊ ညီမလေးတွေ၊ ကျနော့်ကို ခင်မင် တန်ဖိုးထားသူတွေ။ ပြီးတော့ လောလောဆယ်မှာ ကျနော့်ဘ၀၊ ကျနော့်သွေးသားလို ဖြစ်နေတဲ့ ကျနော့်ရဲ့ လုပ်ဖော်ကိုင်ဖက် ရဲဘော်တွေ…။ ဟင့်အင်း။ အဲဒီလို မဖြစ်ရဘူး။ မဖြစ်စေရဘူး။ ဖြစ်လည်း မဖြစ်သင့်ဘူး။

ညှင်းပန်းနှိပ်စက်ထားတဲ့ ဒဏ်နဲ့ စိတ်ရောကိုယ်ပါ ကျနော်တို့ ဘယ်လောက်ပဲ ချုံးချုံးကျ ဖြစ်ရင် ဖြစ်ပလေ့စေ၊ ကျနော်တို့ကို မြင်တဲ့အခါ ကျနော်တို့ စိတ်ဓာတ်ကျနေတယ်၊ ထိတ်လန့်နေတယ်၊ ပင်ပန်းနွမ်းနယ်နေတယ်လို့ ကျနော်တို့ကို ချစ်ခင်ယုံကြည် တန်ဖိုးထားသူတွေ အတွေး မရောက်စေချင်ဘူး။ အဲဒီလိုဆိုရင် သူတို့ စိတ်ဆင်းရဲကြလိမ့်မယ်၊ ပင်ပန်းကြလိမ့်မယ်။ စိတ်ဓာတ် ကျကြလိမ့်မယ်။ ပြီးတော့ ကျနော်တို့ရဲ့ မာန်မာနကိစ္စ။ ကျနော်တို့ကို မုန်းတီးသူတွေ၊ ရန်သူတွေက ကျနော်တို့ကို အဲဒီလိုမျိုး မြင်တာကိုလည်း ခွင့်မပြုနိုင်ဘူး။ ဒါနဲ့ ဘေးက အောင်သူကို တိုးတိုး ကပ်ပြောလိုက်တယ်။

`မျက်နှာကို တင်းထား။ တင်းနိုင်သလောက် တင်းထား´

(ထင်တဲ့ အတိုင်းပဲ။ ထောင်ထဲရောက်ပြီး နောက်ပိုင်း မိသားစုတွေ ထောင်ဝင်စာ လာတွေ့ကြတော့ ကျနော်တို့ သတင်းကို ကျနော်တို့ ပုံတွေနဲ့ တီဗွီက ပြတယ်တဲ့။ မိသားစုတွေ မိတ်ဆွေတွေက ကျနော်တို့ပုံတွေ တွေ့တော့ အားရှိသွားကြသတဲ့။ ကျနော်တို့ ပုံတွေက ဘာမှ ဂရုမစိုက်တဲ့ပုံ ခပ်တင်းတင်းတဲ့။

တကယ်က ကျနော်တို့ ပုံတွေက သူတို့မြင်တာနဲ့ တခြားစီပါ။ အသားကို ထိလိုက်ရင်တောင် ပဲ့သွားတော့မလို ခံစားနာကျင်နေတာတွေ၊ မေးခွန်းမေးတဲ့ အသံ ကြားလိုက်ရင်တောင် ကြာပွတ်နဲ့ ဖြတ် အရိုက်ခံရသလို နာကျင်သွားတာတွေ၊ ဒါတွေကို တခါတခါတော့လည်း သူတို့ကို အရင်းအတိုင်း သိစေချင်သား။

ဒါပေမယ့် `မျက်နှာတွေကသာ တင်းနေတယ်၊ ရုပ်တွေက ချုံးချုံးကျ ဖြစ်နေတယ်ဆိုတာတော့ သူတို့ သိပါတယ်´ တဲ့။ ဒါက ကျနော်တို့ အပြင်ပြန်ရောက်တော့မှ သူတို့ ပြန်ပြောပြတာပါ။ မှတ်မှတ်ရရ ကျနော်တို့ မိသားစုနဲ့ အဆက်အဆံ မလုပ်တာ ကြာပြီဖြစ်တဲ့ အဒေါ်တယောက်ဆိုရင် ကျနော်တို့ကို တီဗွီကနေ ပြတော့ ကျနော့်ကိုတော့ မမှတ်မိပါဘူး။ ဒါပေမယ့် နေရပ်လိပ်စာနဲ့ ကျနော့်အဖေ နာမည်ကြားပြီး ကျနော်မှန်း သိသွားတယ်။ သူက တစည(တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ) အမာခံ။

တီဗွီမှာ ကျနော်တို့ပုံတွေ တွေ့ရပြီးနောက် ငါတူလေးကို သူတို့ ရက်ရက်စက်စက် လုပ်နေပြီဆိုတဲ့ အတွေးကို ဖျောက်လို့ မရဘူးတဲ့။ ဒါနဲ့ နောက်နေ့မှာ တစညကထွက်၊ ရပ်ကွက်ထဲ လည်ပြီးတော့ တစည ဆန့်ကျင်ရေး လုပ်တော့သတဲ့။ ကြောက်တတ်တဲ့ ကျနော့်အမေဆို တီဗွီမှာ ကျနော့်ကို တွေ့ပြီးနောက်နေ့မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အမှတ်အသား ခမောက်တို့၊ ဒေါ်အောင်ဆန်းစုကြည် လက်မှတ်တို့နဲ့ ဒီဇိုင်းဖော်ထားတဲ့ အင်္ကျီကိုဝတ်၊ စင်ပေါ်တက် တရားဟောသတဲ့။)

ဗွီဒီယို ရိုက်ပြီးတော့ ကျနော်တို့ကို ကားတစင်းနဲ့ ခေါ်သွားတယ်။ နောက်ပွင့် ပစ်ကပ်၊ ကားအလတ်ကလေး။ ကျနော်တို့ကို ခေါင်းစွပ်တွေ စွပ်ထားတယ်။ တခြား ဌာနတခုကို ပို့ပြန်ဦးမယ် တူပါရဲ့။

ဆယ့်ငါးမိနစ်လား၊ နာရီဝက်လား၊ အဲဒီလောက် အကြာမှာတော့ ထောက်လှမ်းရေး တယောက်က `ခေါင်းစွပ်ချွတ်လို့ ရပြီ´ လို့ ပြောတယ်။ ဒါနဲ့ ခေါင်းစွပ် ချွတ်လိုက်တော့၊ ကားက တံတားတခုပေါ် ဖြတ်မောင်းနေတာ တွေ့ရတယ်။ ဘယ်နေရာ ကျနော်တို့ ရောက်နေပြီလဲ၊ မှန်း မရဘူး။

`ဘာ တံတားလဲ´

ဘေးက ထောက်လှမ်းရေးကို ကျနော်မေးလိုက်တယ်။

`အင်းစိန် မီးရထား ဂုံးကျော်တံတား´

အင်းစိန် ဂုံးကျော်တံတားတဲ့။ အင်းစိန်။ ဒါ ကျနော်တို့ ကျောင်းနားကပဲ။ ဘယ်တုန်းက ဒီတံတား ဆောက်လိုက်ပါလိမ့်။ ကားဘေး လက်တန်းကနေ အပြင်ကို ကျနော် ကြည့်မိတယ်။ လူတွေ၊ လူတွေ၊ ရောင်စုံလူတွေ…။ လူတွေကို မမြင်ရတာ ကြာပြီ။ လူတွေနဲ့ စကားမပြောရတာ ကြာပြီ။ လူမဟုတ်သူတွေ၊ လူစိတ် မရှိသူတွေ၊ လူပုံသဏ္ဍာန်နဲ့ တကယ်က လူမဟုတ်သူတွေ၊ အခွံချည့်သက်သက် လူတွေ၊ တနည်းနည်းနဲ့ အသိဥာဏ်နဲ့ စိတ်ဓာတ် ဖောက်ပြန်နေတဲ့ လူတွေ၊ အသိဥာဏ်နဲပ စိတ်ဓာတ် သင်းကွပ်ခံထားရတဲ့ လူတွေ။ အဲဒီလူတွေပဲ တောက်လျှောက် ကျနော် တွေ့နေရတာ မဟုတ်လား။

လူတွေကို အငမ်းမရ ကျနော် လိုက်ငေးကြည့်နေမိတယ်။ တကယ့်ကို အငမ်းမရပါ။ လွတ်လပ်မှု၊ လွတ်လပ်တဲ့ အရသာ။ ကျနော့်မှာ ပျောက်ကွယ်နေပြီ ဖြစ်တဲ့အရာ။ ကျနော် စီမံ ဖန်တီး ရယူနိုင်စွမ်း မရှိတော့တဲ့ အရာ။ ကျနော် လက်လှမ်း မမီနိုင်တော့တဲ့ အရာ…။

ဘာကြောင့်မှန်း မသိ။ တခုခု အသံခြစ်ပြီး အော်ဟစ်ပစ်လိုက်ချင်စိတ်က လည်ချောင်းတလျှောက် ရွတက်လာသလို ခံစားရတယ်။ လူတွေကို ကျနော် နှုတ်ဆက်ချင်လိုက်တာ။

ဟဲလို။ ကျနော် ၀င်းနိုင်ဦးပါ။ ကျနော့်ဘ၀က ရိုးရိုးလေးပါ။ ဘာမှ မရှုပ်ထွေးပါဘူး။ လူ့ဘ၀နဲ့ အတွေးအခေါ် ကိစ္စ။ အရာရာ အားလုံးမှာပါ။ ရိုးရိုးလေးပါ။ ကျနော်ဟာ တက္ကသိုလ် ကျောင်းသားတယောက်။ ကျနော် တောမှာမွေး။ သား တယောက်ထဲ။ ကျနော့်အမေဆို သိပ် ချစ်စရာ ကောင်းတာပဲ။ သူ့သားကို ချစ်ဖို့ တခုပဲ အဲဒီအမျိုးသမီးကြီးက သိတာ။ တရားမျှတမှု၊ လွတ်လပ်မှု၊ လုံခြုံမှုနဲ့ ဂုဏ်သိက္ခာ။ ဒါပဲ ကျနော်လိုချင်ခဲ့တာ။ ပြီးတော့ ဒါပဲ ကျနော် တောင်းဆိုခဲ့တာပါ။ ကျနော့်အတွက်တင် မဟုတ်။ ခင်ဗျားတို့ အတွက်ရောပေါ့။ အဲဒီအတွက် ဟောဒီမှာ မတရားမှု၊ မလွတ်လပ်မှု၊ အခြိမ်းခြောက်ခံရမှုနဲ့ ဂုဏ်သိက္ခာ အချိုးနှိမ်ခံရမှုကို ကျနော် ရနေပါတယ်။ ဟောဒီမှာ။ ကျနော်။ လက်ထိပ်နဲ့။ ဘေးမှာက အစောင့်နဲ့။ ကျနော့်ကို ချိန်ရွယ်ထားတဲ့ သေနတ်နဲ့။ စောစောကဆို ပိုတောင် ဆိုးသေးတယ်။ အမှောင်ပိန်းပိန်း ခေါင်းစွပ် အမည်းကြီးနဲ့။

လမ်းပေါ်မှာ လမ်းလျှောက်နေတဲ့ လွတ်လပ်မှု၊ ရယ်မောနေတဲ့ လွတ်လပ်မှု၊ အ၀တ်အစားအမျိုးမျိုး၊ အရောင် အမျိုးမျိုးနဲ့ လွတ်လပ်မှု။ အဲဒီ လွတ်လပ်မှုကို ကျနော် ငေးကြည့်နေမိတယ်။ ၀င်းနိုင်ဦးဆိုသူ တယောက်ကို မသိတဲ့ လွတ်လပ်မှု၊ သူတို့ရဲ့ လွတ်လပ်မှုအတွက် တောင်းဆိုလို့ မလွတ်မလပ် ဖြစ်နေသူ တယောက်အကြောင်းကို မသိတဲ့ သူတို့ရဲ့ လွတ်လပ်မှု၊ သူတို့ ရယ်မော ပျော်ရွှင်နေချိန်မှာ အဲဒီတယောက်ကတော့ လှောင်ပိတ်ထားတဲ့ အခန်းတခန်းထဲ မချိမဆံ့ နာကျင်လွန်းလို့ လူးလိမ့်အော်ဟစ် ညည်းတွားနေတာကိုလည်း မသိတဲ့ သူတို့ရဲ့ လွတ်လပ်မှု။

လွတ်လပ်မှုကို ကျနော် ငေးစိုက်နေမိတယ်။

လွမ်းသလို၊ ၀မ်းနည်းသလို။ ကျနော် တခုကောင်းကောင်း မှတ်မိတယ်။ အဲဒီအချိန်တုန်းကလောက် လူတွေအပေါ် ချစ်တဲ့ အချစ်စိတ်မျိုး၊ လူတွေကို မက်မက်မောမော လိုက်ငေးကြည့်ချင်တဲ့ အငမ်းမရစိတ်မျိုး တခါမှ ကျနော့်မှာ မပေါ်ခဲ့ဖူးဘူး ထင်တယ်။ လူတွေက ကြည့်လို့ ကောင်းလိုက်တာ။ လူတွေကို ကြည့်ရတာ အရသာ ရှိလိုက်တာ။ လှလိုက်တာ။

***

မကြာခင်မှာ ခြံဝင်းကြီး တခုထဲ ကားက ချိုးကွေ့ဝင်လိုက်တယ်။ ခြံဝမှာ စာတမ်းကြီး တခု။

`အင်းစိန် ဗဟို စံပြအကျဉ်းထောင်´

အိုး။ စာတွေထဲမှာ ကျနော်ဖတ်ခဲ့ဖူးတဲ့ ထောင်။ အားကျဖူးတဲ့ ထောင်။ ဒါပေမယ့် ကြောက်ဖူးတဲ့ ထောင်။ ဒဂုန်တာရာ၊ ဗန်းမော်တင်အောင်တို့ နေခဲ့ဖူးတဲ့ ထောင်။ အင်းစိန်တောရ။ ဆိတ်ဖလူးနံ့ သင်းသောညများ။ အခုတော့ တောရနဲ့ ဆိတ်ဖလူးနံ့ ညများဆီ ကျနော်ကိုယ်တိုင် ရောက်လာခဲ့ပါပြီ။

ခြံဝင်းထဲ အတော် ၀င်လာပြီးနောက် ကားက အဆောက်အဦ တခုရှေ့မှာ ထိုးရပ်လိုက်တယ်။ (နောက်မှ အဲဒါ SB ဌာနမှန်း သိရတယ်)။ ထောက်လှမ်းရေး တချို့ ဆင်းသွားတယ်။ ကျနော်တို့လည်း ကားပေါ်မှာ ထိုင်စောင့်နေရတယ်။ ကားရှေ့ကို လှမ်းကြည့်လိုက်တော့ ရုတ်တရက် ကျနော် လန့်သွားတယ်။ ဒက်ရှ်ဘုတ်ပေါ်မှာ စာအုပ်ကလေး တအုပ်။ အနီရောင်။ `နိုင်ငံရေး လမ်းစဉ်နှင့် ဖွဲ့စည်းပုံ၊ လျှို့ဝှက်´ တဲ့။ ဒါ ကျနော်ရေးခဲ့တဲ့ စာအုပ်ပဲ။ အာဏာသိမ်းပြီး နောက်ပိုင်း ကျောင်းသား လှုပ်ရှားမှုကြီးမှာ ရှိရမယ့် ရည်ရွယ်ချက်၊ အကောင်အထည် ဖော်သင့်တဲ့ လုပ်ငန်းစဉ်များနဲ့ ဖွဲ့စည်း လှုပ်ရှားသင့်တဲ့ ပုံစံသစ်။ ကျနော်ရေးပြီး ဗကသ ရဲဘော်များ ဖြန့်ဝေခဲ့တဲ့ စာအုပ်။ ထောက်လှမ်းရေးတွေက အဲဒီ စာအုပ်အကြောင်း ကျနော့်ကို မမေးသေးဘူး။ စာအုပ် ကျနော် ရေးခဲ့တယ်လို့များ သိသွားရင်…။

`နိုင်ငံရေး လမ်းစဉ်တဲ့၊ ဖွဲ့စည်းပုံတဲ့၊ လျှို့ဝှက်တဲ့။ တောက်။ ဒီကောင်တွေ သိပ်ကြီးကျယ်တယ်။ လူပါးဝတယ်။ လွှတ်ထားပေးလို့ကတော့ကွာ´

တယောက်က စာအုပ်ကို ကြည့်ရင်း ကြိတ်မနိုင်ခဲမရ လေသံနဲ့ ပြောတယ်။

`ဘာပဲ ဖြစ်ဖြစ်ပေါ့ကွာ၊ နောက်ဆုံးတော့လဲ သူတို့ရဲ့ လျှို့ဝှက်ဆိုတာကြီးလဲ တို့လက်ထဲ ရောက်လာရတာပါပဲ´

နောက်တယောက်က ပြောတယ်။

အောင်သူက ကျနော့်ကို မျက်စိမှိတ်ပြတယ်။ ဝေလင်းက မဲ့ပြတယ်။ အဲဒီနောက် ကားပေါ်မှာ ငြိမ်သက်သွားကြပြန်တယ်။

`ကြည့်စမ်း၊ ကြည့်စမ်း၊ ဟိုမှာ´

ဆက်ရန်…

Monday, July 30, 2007

စပ်မိစပ်ရာ (၁၀) ...

စပ်မိစပ်ရာရေးဖို့ အတွက် သတင်းတွေ လိုက်ဖတ်မိပြန်တော့ အရင်ဆုံး ဖတ်မိတာက အားကစား သတင်းတွေပါ။ နိုင်ငံရေး ပြဿနာတွေ မဆုံးနိုင်သေးတဲ့ အီရတ်အသင်းဟာ အာရှဖလား ဘောလုံးပွဲမှာ အာရှအင်အားကြီး ကိုးရီးယားနဲ့ ဆော်ဒီအာရေဗျ အသင်းတွေကို ဖြတ်ကျော်ပြီး ဗိုလ်စွဲသွားခဲ့ပါပြီ။

ဒါပေမယ့် ၀မ်းနည်းစရာ အလွန်ကောင်းတာက ကိုးရီးယား အသင်းကို ဆီမီးဖိုင်နယ်မှာ အနိုင်ရရှိခဲ့လို့ ပျော်ရွှင် အောင်ပွဲခံနေတဲ့ အပြစ်မဲ့ အီရတ်ပြည်သူတွေဟာ ဘဂ္ဂဒက်မြို့မှာ အောင်ပွဲခံနေစဉ်အတွင်း အသေခံဗုံးခွဲ တိုက်ခိုက်ခံရမှု နှစ်ခုကြောင့် လူ(၅၀)ခန့် သေဆုံးပြီး (၁၃၀) ကျော် ဒဏ်ရာရသွားခဲ့ပါတယ်။ အခု ဗိုလ်လုပွဲမှာ အနိုင်ရပြီးတော့ ဘာတွေများ ထပ်ဖြစ်လာဦးမလဲဆိုတာ ရင်တမမနဲ့ စိတ်ဝင်စားစရာပါပဲ။ ဘယ်လိုပဲ ဖြစ်ပါစေ၊ သွေးမထွက်သော စစ်ပွဲလို့ တင်စားကြတဲ့ ဒီဘောလုံးပွဲမှာ အကြပ်အတည်းတွေ များစွာထဲက အီရတ် အသင်းရဲ့ အောင်မြင်မှုဟာ သူတို့အတွက် အင်မတန်မှ ဂုဏ်ယူစရာကောင်းလှပါတယ်။

အနောက်အာရှ နိုင်ငံ အီရတ်ရဲ့ ဟိုမှာဘက် မြန်မာနိုင်ငံမှာတော့ ပြည်တွင်းအဆင့်မြင့်ဆုံး ဘောလုံးပွဲလို့ ဆိုရမယ့် မြန်မာလိဂ် ကွင်းဖွင့်ဖလား ဗိုလ်လုပွဲမှာ စီးပွား/ကူးသန်း အသင်းနဲ့ စွမ်းအင်/ရေနံအသင်းတို့ဟာ စည်းကမ်းမဲ့လှစွာနဲ့ မြန်မာ့အားကစား ကမ္ဘာကို လွှမ်းစေရမည့် ရည်မှန်းချက်ကို ပီပြင်စွာ အကောင်အထည်ဖော် ကစားသွားကြပါတယ်။ ကွင်းလယ်ဒိုင်ကို တွန်းတိုက်စောဒကတက်ခြင်း၊ ကွင်းပြင်ထွက်ထိုင်ခြင်း၊ ပရိသတ်ကို ရိုင်းပြတဲ့ အမူအရာ ပြသခြင်းများနဲ့ တလွဲဆံပင်ကောင်းခဲ့ကြတဲ့ အဲဒီပွဲရဲ့ သတင်းကို ဖတ်မိတော့ စိတ်မသက်မသာ ဖြစ်ရသလို လွန်ခဲ့တဲ့ သုံးနှစ်ခန့် တိုင်းဂါးဖလားပွဲရဲ့ ဆီမီးဖိုင်နယ်မှာ စင်ကာပူအသင်းနဲ့ ကစားရတော့ မြန်မာအရန်ဂိုးသမား ထွန်းထွန်းလင်းရဲ့ ပရိသတ်ကို ယဉ်ကျေးစွာနဲ့ ခါးကော့ပြသွားတဲ့ အပြုအမူကိုပါ ပြန်လည် မြင်ယောင်မိပါတယ်။

ကချင်လွတ်မြောက်ရေး အဖွဲ့ (ကေအိုင်အို)က တိုင်းရင်းသား အခွင့်အရေးတွေကို အပြည့်အ၀ပေးဖို့ အချက်(၁၉) ချက် ပါရှိတဲ့ စာတမ်းကို လက်ရှိကျင်းပနေဆဲ အမျိုးသားညီလာခံမှာ တင်သွင်းလိုက်ပါတယ်။ အဲဒီ အချက် (၁၉)ချက်ကို စိတ်ဝင်စားသူများ ဒီနေရာမှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။ ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာကတော့ ငွေရောင်ပိတ်ကားပေါ်မှာ စောင့်ကြည့်ရအုံးမှာပါ။

၂၀၀၆-၂၀၀၇ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံကို လာလည်တဲ့ နိုင်ငံခြား ဧည့်သည်တွေအနက် ထိုင်းလူမျိုးတွေက ၃၄၁၂၄ ဦးနဲ့ အင်အား အများဆုံးပါတဲ့…။ လာလည်ရတဲ့ အကြောင်းရင်းဟာ ထိုင်းနဲ့ မြန်မာတို့ရဲ့ သမိုင်းချင်း ထိစပ်မှုကြောင့် လာလည်ကြတာလို့ ပေါက်ကရလေးဆယ် လျှောက်ရေးထားတဲ့ သတင်းမှာ အဲဒီလာလည်ကြတဲ့ ထိုင်းလူမျိုးစာရင်းဟာ နယ်စပ်တွေကတဆင့် လာလည်တဲ့ စာရင်းကိုပါ ထည့်သွင်းတွက်ချက်ထားတာကိုတော့ ထိန်ချန်ခဲ့တယ်လို့ ယုံကြည်မိပါတယ်။ ပြီးတော့ အဲဒီလို နယ်စပ်ကနေ တဆင့် ၀င်လာတဲ့ ထိုင်းလူမျိုးတွေဟာ မြန်မာနဲ့ သူတို့ရဲ့ သမိုင်းချင်း ထိစပ်မှုကို စိတ်ဝင်စားလို့ လာလည်ကြတာတော့ လုံးဝ မဟုတ်ပါဘူး။ ထိုင်းအများစုက မြန်မာနယ်စပ်မြို့တွေမှာ လာရောက်တည်ထောင်ထားတဲ့ သူတို့ရဲ့ လုပ်ငန်းတွေနဲ့ ဆိုင်ခန်းတွေအတွက် လုပ်ငန်းကိစ္စ လာကြတာပါ။ ဒုတိယ အင်အားအများဆုံးက တရုတ်လူမျိုးပါတဲ့။ ကောင်းမှကောင်း..ပါပဲ။

မြန်မာပြည်မှာ အခြေခံပညာရေး ကဏ္ဍအတွက်ဆိုပြီး မြို့ပြနဲ့ ကျေးလက် ပညာရည်အဆင့်အတန်း တပြေးညီ ဖြစ်စေဖို့အတွက် မြို့နယ်အသီးသီးက အခြေခံကျောင်းများရဲ့ ကျောင်းအုပ်များအဖြစ် ပါရဂူ ဘွဲ့ ရရှိထားပြီးသူများကို စီမံချက်အနေနဲ့ ခန့်အပ်တာဝန်ပေးထားပါသတဲ့။ အဲဒီစီမံချက်အရ အခြေခံပညာ အလယ်တန်းနဲ့ အထက်တန်းအဆင့်တွေမှာ အဆင့်မြင့်ဘွဲ့၊ ဒီဂရီများ ရထားတဲ့ ဆရာတွေနဲ့ သင်ကြားပေးရေးနဲ့ သင်ကြားရတဲ့ ဘာသာရပ်နဲ့ ကိုက်ညီတဲ့ ဘွဲ့၊ ဒီဂရီရရှိထားတဲ့ ဆရာ၊ဆရာမများက သင်ကြားပေးရေးတွေ ပါဝင်ပါတယ်တဲ့။ သဘောကတော့ မြန်မာစာ ဘွဲ့ရထားသူ ဆရာ၊ ဆရာမ တယောက်ဟာ မြန်မာစာ၊ အင်္ဂလိပ်စာ ဘွဲ့ရသူဟာ အင်္ဂလိပ်စာသာ သင်ကြားရမယ် ဆိုတဲ့ သဘောပါ။ ဒါပေမယ့် ကျနော်အောင်မြင်ခဲ့တဲ့ အခြေခံပညာ အထက်တန်းကျောင်းမှာတုန်းကတော့ သင်္ချာ ဘာသာရပ်ကို သင်ကြားပေးခဲ့တဲ့ ဆရာဟာ ရူပဗေဒဘွဲ့ ရရှိသူပါ။ ရခဲ့တဲ့ ဘွဲ့ နဲ့ သင်နေတဲ့ ဘာသာ မတူပေမယ့် စေတနာနဲ့ အတွေ့အကြုံကြောင့် ဆရာဟာ သင်္ချာဘာသာရပ်ကို နိုင်နင်းစွာ သင်ကြားပေးနိုင်ခဲ့ပါတယ်။ အဲဒီလို ဆရာပေါင်းများစွာ မြန်မာပြည်မှာ ဘယ်လောက်ရှိမလဲ…၊ အဲဒီဆရာပေါင်းများစွာ ရှိနေတဲ့ ကျောင်းပေါင်းများစွာ ဘယ်လောက် ကမောက်ကမ ဖြစ်ကုန်မလဲဆိုတာ စဉ်းစားစရာပါပဲ။

လက်ရှိ မြန်မာစာအုပ်ဆိုင်များရဲ့ အငှားဈေးကွက်မှာ ဟာသ၊ လျှို့ဝှက်ဆန်းကြယ်နဲ့ ဂမ္ဘီရစာပေတွေက အရောင်းတွယ်ကျယ်ပြီး ပရိသတ် အကြိုက်အတွေ့ဆုံး ဖြစ်နေပါသတဲ့။ `အခြေအနေတိုးတက်မှုကတော့ အားရစရာပဲဟေ့´ လို့ Example အဖွဲ့ရဲ့ လေသံနဲ့ ဟစ်ချင်စရာပါပဲ။ ဒါပေမယ့် ပြန်စဉ်းစားကြည့်တော့လည်း အဲဒီ စာပေအမျိုးအစားက စာပေစိစစ်ရေးအဖွဲ့ရဲ့ အာရုံထား ဆင်ဆာဖြတ်ခံရမှု ထောင်တန်းကျခံရမယ့်ဘေးရန် အကင်းဆုံး ဖြစ်နေတာက တချက်၊ စိတ်ညစ်စရာတွေများလွန်းလာတော့ ဟာသလေးဖတ်လိုက်၊ ဟိုဂါထာ ဒီဂါထာလေးတွေ (ဒုက္ခက လွတ်လိုလွတ်ငြား) လိုက်မှတ်လိုက် လုပ်နေရတာကိုက စိတ်ဖြေရာ ဖြစ်နေတာက တချက်ကြောင့် တွင်ကျယ်နေရတာလားဆိုတာကတော့ အတွေးချဲ့စရာပါ။

ပြီးခဲ့တဲ့ တပတ်က စပ်မိစပ်ရာမှာ ကြေးမုံသတင်းစာက အာဇာနည်နေ့ အထိမ်းအမှတ် ဆောင်းပါးကိုဖတ်ပြီး စိတ်အနှောက်အယှက်ဖြစ်ခဲ့ရပေမယ့် Weekly Eleven က မြန်မာ့အလင်း သန်းညွန့်ရဲ့ `နှစ်ပေါင်း ၆၀ တိုင် ၁၉ ဇူလိုင် မမေ့နိုင်´ ဆိုတဲ့ ဆောင်းပါးကတော့ အာဇာနည်ကြီးတွေကို ပြန်ပြောင်းအောက်မေ့စရာ၊ လွမ်းဆွတ်စရာ ကိုယ်တွေ့ အဖြစ်ကို အခြေခံရေးထားတာကြောင့် ဗဟုသုတရစေခဲ့ပါတယ်။

ဒီတပတ်အတွက် ဖတ်မိ၊ ကြားမိသမျှ စပ်မိစပ်ရာကတော့ ဒီလောက်ပါပဲ။ တင်ပြတဲ့ အချက်အလက်တော့ နည်းသွားပါတယ်။ နောက်အပတ်ကျမှပဲ အချက်အလက် ဒီထက် ခပ်များများတင်ပါအုံးမယ်။ လာဖတ်ကြသူ အားလုံးကို ကျေးဇူးတင်ပါတယ်။

ကလိုစေးထူး

လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း…(၆)

ရေးသူ - ၀င်းနိုင်ဦး ၏ ထိုစာအုပ်ကို ကျနော် ကလိုစေးထူးမှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

`အေး၊ ငါတို့ အတန်တန်မှာထားတယ်။ ဒီလောက် ရက်ရက်စက်စက် မလုပ်နဲ့လို့။ ဒီကောင်တွေ နားမထောင်ဘူး။ လူမိုက်တွေ´

သူက ဆဲလိုက်သေးတယ်။ ကျနော့်စိတ်ထဲ နည်းနည်း ပေါ့သွားသလိုပဲ။ ရေနစ်နေတဲ့ လူတယောက်အတွက် ကောက်ရိုးမျှင်လား။ ဒါပေမယ့် ကျနော်သိပါတယ်။ သူတို့ လိမ်နေကြတာပါ။ ကျနော်ထွက်လာခဲ့တဲ့ ထောက်လှမ်းရေးက လူတွေကို သူတို့ပဲ ရက်ရက်စက်စက်တွေ လုပ်ခိုင်းထားတာပါ။ သူတို့ပဲ လူမဆန်ဖို့ အမိန့်တွေ ပေးထားတာပါ။

မေးခွန်းတွေ စမေးတယ်။ ကျနော့်ကိုယ်ရေး အချက်အလက် တချို့ပါ။ ဒါကလည်း အကြိမ် တသိန်းလောက် ကျနော် ဖြေပြီးပါပြီ။ ဒါပေမယ့် အဲဒါကိုပဲ ပြန်ဖြေတာပဲ ကျနော် မနည်း စဉ်းစားနေရတယ်။ ဥပမာ… တက္ကသိုလ်မှာ ကျနော့်ကို စာမေးပွဲ ဖြေခွင့်မပေးတာ ဘယ်နှစ်ကြိမ်လဲ။ ခုနှစ် သက္ကရာဇ်တွေ။ ကျနော့်အဒေါ်နဲ့ ဦးလေးရဲ့ နာမည် စတာတွေမျိုးတွေက အစ။ စဉ်းစားတိုင်း သိပ်ပင်ပန်းတာပဲ။ ခေါင်းထဲ မူးမူးသွားတယ်။

`ကောင်းပြီ။ မင်းမှာ ခယ်မ နှစ်ယောက် ရှိတယ်နော်´

`ဟုတ်ပါတယ်´

`သူတို့ နာမည်တွေ ပြောစမ်း´

`အငယ်က အေးအေးသန့်၊ အကြီးက…´

ပြဿနာပဲ။ အကြီးမလေး နာမည် ကျနော်စဉ်းစားလို့ မရဘူး။ ချွေးတွေ ပြန်လာတယ်။

`အကြီးမလေး နာမည်က…၊ နာမည်က…´

ကျနော် လက်လျှော့လိုက်တယ်။

`ကျနော် စဉ်းစားလို့ မရတော့ဘူး´

သူတို့ဆီကနေ တပြိုင်နက်ထဲ ဝေါခနဲ ရယ်သံကြီး ထွက်လာတယ်။ တယောက်က…

`ခယ်မနာမည်များ မေ့ရတယ်လို့ကွာ´

`မိန်းမနာမည်သာ မေ့ရင်မေ့ရတယ်။ ခယ်မနာမည် မမေ့ရဘူးကွ´

တယောက်တပေါက် ပြောကြရင်း တဟားဟားနဲ့ သူတို့ ရယ်နေကြတယ်။

`ဒီကောင် အခြေအနေ သိပ်ဆိုးနေပြီ´

တယောက်က ခပ်တိုးတိုး ၀င်ပြောတာ ကြားလိုက်တယ်။ ရဲနေတဲ့ သံချောင်းကြီးက…

`ကောင်းပြီး မင်းကို ခေါင်းစွပ် ချွတ်ပေးမယ်။ ထမင်းကျွေးမယ်။ အိပ်ရမယ် မအိပ်ရဘူးဆိုတာကတော့ မင်းအပေါ်မှာ မူတည်တယ်။ ဒါပေမယ့် ဒီညတော့ မင်း အိပ်ရမှာ မဟုတ်ဘူး။ တို့မှာ အချိန်သိပ်မရှိဘူး။ ငါတို့က နေ့ဖက်နဲ့ ညဖက်ကို အလှည့်နဲ့ ခွဲပြီး စစ်တာဆိုတော့ ငါတို့ အိပ်ရပေမဲ့ မင်းကတော့ အိပ်ရမှာ မဟုတ်ဘူး။ တို့ဌာန အကြောင်း ပြောပြမယ်။ အချက်အလက်တွေ ထိမ်ချန်ပြီး ငါတို့ဆီက ပြန်သွားနိုင်တာမျိုး ထုံးစံမရှိဘူး။ ကြံကြိတ်စက်ထဲ ကြံထည့်ကြိတ်တာ မင်းမြင်ဖူးလား´

`မြင်ဖူးတယ်´

`အေး၊ အဲဒီအတိုင်း ဖြစ်သွားမယ်။ ဒီတော့ အကုန်ဖြေ၊ အမှန်အတိုင်းဖြေ။ နားလည်လား´

`ဟုတ်ကဲ့´ (တကယ် ဖြေမဖြေက ကိုယ့်အလုပ်ပဲ မဟုတ်လား)

`မင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ငါတို့ စုဆောင်းထားတယ်။ အတော်စုံပြီ။ ကိုယ့်ကိုယ်ကို သနား။ ကြည့်လိုက်တာနဲ့ မင်း တော်တော်ခံထားရပြီဆိုတာ သိတယ်။ မင်း အသိဆုံး။ ဟုတ်လား´

`………´

`ဒီတော့ ကိုယ့်ကိုယ်ကို သနား၊ ကိုယ့်ကိုယ်ကိုမှ မသနားရင် ဘယ်သူကမှ မင်းကို သနားမှာ မဟုတ်ဘူး။ ဟုတ်လား´

`ဟုတ်ကဲ့´

`မင်းအခု ထွက်လာတဲ့ နေရာက မင်းကို ပြောလိုက်တာ မှန်တယ်။ တို့ဌာနက အကြီးဆုံး။ မင်းအခု ထိုင်နေတဲ့ ထိုင်ခုံမှာ `အောင်ကြီး´ ထိုင်ဖူးတယ်။ `သခင်တင်မြ´ ထိုင်ဖူးတယ်။ အကုန် ၀န်ခံရတယ်။ ဟုတ်လား။ ဒီဘ၀ ရောက်ပြီးမှတော့ ဖုန်းကွယ်နေလို့ အပိုပဲ။ ကိုယ်လုပ်တာ ကိုယ်ပြောရဲရမှာပေါ့။ ဒါမှ ယောက်ျား။ ဒါမှ သတ္တိ။ ဟုတ်လား´

`……….´

`ဟေ့ကောင်၊ ပြောနေတာကြားလား´

`ကြားပါတယ်´

သူတို့ မတ်တပ်ထရပ်သံ ကြားရတယ်။ အပြင်ကို ထွက်သွားကြတယ်။ နောက်တော့ လှမ်း အော်ပြောလိုက်သံ ကြားရတယ်။

`တံခါးပိတ်လိုက်။ ပြီးရင် သူ့ကို ခေါင်းစွပ် ချွတ်ပေးလိုက်´

***

အခန်းထဲမှာ တစုံတယောက် ကျန်ရစ်ခဲ့ပုံပဲ။ ခေါင်းစွပ်ချွတ်ပေးတော့ ဗြုံးခနဲ မျက်လုံးက ကျိန်းစပ်သွားတာနဲ့ ချက်ချင်း ဖွင့်လို့ မရဘူး။ လူကတော့ တော်တော်ပေါ့ပါးသွားတယ်။ ပုပ်စော်နံနေတဲ့ အမှိုက်ပုံးထဲ ခေါင်းထိုးထည့်ထားရတဲ့ ဘ၀က လွတ်သွားပြီကိုး။ အသက်ရှူလို့ ကောင်းလိုက်တယ်။ ရှူ… ရှူ…။ ၀င်းနိုင်ဦး။ ရှူ။ ရှူ။ လေကိုပါ မဟုတ်ဘဲ ဘ၀ကိုပါ ရှူ။ ခံနိုင်ရည်ကိုပါ ရှူ။ အနာဂတ်ကိုပါ ရှူ။ ရှူ။ ရှူ…။

အလင်းရောင်ကို မမြင်ရတာ ကြာပြီဆိုတော့ တော်တော်ကြာမှ မျက်လုံးက ဖွင့်လို့ ရတယ်။ ရှေ့က ထိုင်ခုံမှာ အသက်လေးဆယ်လောက် လူတယောက်။ ကျနော့်ကို စိုက်ကြည့်နေတယ်။ ဟင့်အင်း။ ဒါ မျက်လုံးတွေ မဟုတ်နိုင်ဘူး။ ဖန်ဂေါ်လီလုံးတွေပဲ ဖြစ်မယ်။ သူ့မျက်နှာက ကျောက်ပြင် တချပ်လို။ ဟာလာဟင်းလင်းကြီး။ လည်ပင်းမှာ ဆွဲကြိုးခပ်ကြီးကြီး တကုံးဆွဲထားတယ်။ နာရီကလည်း ရွှေရောင်နာရီ အကောင်းစား။ အသားညိုညို၊ ဂင်တိုတို၊ မျက်နှာမှာ ကျောက်ပေါက်မှာ တချို့ တွေ့ရတယ်။ အတော်ကြာမှ သူက အသံလေးလေးနဲ့-

`မင်း ရန်ကုန် စက်မှုတက္ကသိုလ် နောက်ဆုံးနှစ်နော်´

`ဟုတ်ပါတယ်´

`မင်း ပညာတတ်တယောက်ပဲ။ မင်းကို ငါတို့ ကောင်းကောင်းမွန်မွန် ဆက်ဆံမယ်။ မင်းထွက်လာခဲ့တဲ့ နေရာတွေမှာ ဆိုးဆိုးဝါးဝါးတွေ မင်းကြုံရပြီးပြီ မဟုတ်လား´

ကျနော် ငြိမ်နေလိုက်တယ်။

`အေး၊ ပထမဆုံး မေးချင်တာက Max က CIA ကလား´

Max ဆိုတာက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာနေပြီး မြန်မာ့ဒီမိုကရေစီရေးနဲ့ ကျောင်းသားတွေကို ကူညီနေတဲ့ အမေရိကန်ပါ။ ကျနော်နဲ့လည်း ကောင်းကောင်း မရင်းနှီးပါ။ ABSDF အဖွဲ့နဲ့ မတူတဲ့၊ ကျနော့်ရဲ့ သီးခြား လုပ်ငန်းစဉ်တွေကို စိတ်ဝင်စားပြီး ကူညီသူပါ။ မြန်မာ ကျောင်းသားတွေအပေါ် အလွန် စိတ်ရှည်သူ၊ သည်းညည်းခံသူ။ သူက လက်နက်ကိုင် တော်လှန်ရေးတို့ ဘာတို့၊ ယုံကြည်သူ မဟုတ်ပါ။ လူထုနည်း၊ အကြမ်းမဖက် နှလုံးရည်နည်းတွေကို ယုံကြည်သူပါ။

`မသိပါဘူး´

`အဲသလို မလုပ်နဲ့လေ။ မင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံနေတဲ့ဟာ။ ပြန်မေးမယ်။ Max က CIA ကလား´

`ကျနော် မသိပါဘူး။ CIA က ဖြစ်ရင်လည်း ဖြစ်မယ်။ ခရစ်ယာန် အသင်းတခုခုက ဖြစ်ရင်လည်း ဖြစ်မယ်´

`CIA ကပါကွာ၊ မင်းသိပါတယ်´

`တကယ်လို့ သူ CIA က ဖြစ်နေရင်တောင် ကျနော် သိနိုင်မှာ မဟုတ်ဘူး။ သူတို့ကို ခွဲခြားသိနိုင်တဲ့ အတတ်ပညာ ကျနော်တို့ဆီမှာ မရှိဘူး´

`CIA ကလို့ ပြောကွာ´

`ကျနော် တကယ် မသိလို့ပါ။ ဒါပေမယ့် CIA က ဟုတ်မဟုတ် သိနိုင်တဲ့ နည်း တခုတော့ ရှိပါတယ်´

`ဒီလိုမှပေါ့ကွ။ ပြောစမ်း၊ အဲဒီနည်းကို´

`Max ကို ဒီထောက်လှမ်းရေး ခေါ်ပြီး စစ်လိုက်ရင် ကောင်းမလားပဲ´

ဟာ… ကျနော့် အဖြေလည်းပြီးရော။ ဘာပြောကောင်းမလဲ။ ကျနော့်ကို ထရိုက်တာ။ မြန်လိုက်တာ။ ခုံပေါ်ကနေ ကျနော် ကြမ်းပြင်ပေါ်ကို ဘယ်လို ပြုတ်ကျသွားမှန်း မသိလိုက်ဘူး။ ကျနော်က ထိုင်နေတာတောင် ယိုင်နေတာ မဟုတ်လား။ ဆဲတာကလည်း မျိုးစုံပဲ။ ကျနော်လည်း ကြမ်းပြင်ပေါ် လဲနေတာ ပြန်မထနိုင်ဘူး။ လက်ကလည်း လက်ထိပ်နဲ့ မဟုတ်လား။ ကျနော်ကလည်း ဒီစကားမျိုး ဘာကြောင့် ပြောမိမှန်း ခုချိန်ထိ စဉ်းစားလို့ မရဘူး။

`အလကားကောင်၊ မင်းဟာ ပညာတတ်မဟုတ်ဘူး။ သောက် အလကားကောင်။ လူလိမ်။ အောက်တန်းစား၊ ကလေကချေ။ လူညစ်´

***

ကြမ်းပြင်ပေါ် လဲနေတဲ့ ကျနော့်ကို စစ်ဖိနပ်နဲ့ သူ လှိမ့်လှိမ့် ကန်တယ်။ ဘယ်လောက် ကြာတဲ့အထိ သူ ဆက်ကန်နေတယ် မပြောတတ်ဘူး။ အကြာကြီးပဲ။ ကျနော်လည်း အင့်ခနဲ အင့်ခနဲ။ လှိမ့်ခံနေရတယ်။ ဖွဲအိတ် တအိတ်လို။ အသံထွက်ပြီးတော့တောင် ကျနော့်မှာ မအော်နိုင်ဘူး။ မလှုပ်နိုင်ဘူး။

နောက်တော့ ကျနော့်ကို ဆွဲယူပြီး ခုံပေါ်မှာ ပြန်တင်တယ်။ ကျနော်က ခုံပေါ်မှာ ငြိမ်အောင် မထိုင်နိုင်ဘဲ ယိုင်ထိုးနေတော့ သူက ကြိုးတချောင်းသွားယူပြီး ကျနော့်ကို ခုံနောက်မှီနဲ့ တွဲချည်လိုက်တယ်။ ကျနော်ကလည်း ညည်းနေတယ်။ ကျနော့်ကို သူနည်းနည်း ကရုဏာ သက်သွားလား မသိဘူး။ အေးအေးဆေးဆေး ပြန်ဖြစ်သွားတယ်။ (အမှန်ကတော့ မဟုတ်ပါဘူး။ စိတ်တိုင်းကျ လုပ်လိုက်ရတာမို့ အာသာပြေသွားတာ ဖြစ်မှာပါ)။

`လူက လုပ်ထားတာ ကြေနေပြီ။ ဒါတောင် သောက်မှတ်က မရှိဘူး။ ဟေ့ကောင်။ မင်းရဲ့ အဆင့်လေးဆင့် စီမံကိန်းကို ရေးစမ်း´

ကျနော့်ကို လက်ထိပ်ဖြုတ်ပေးတယ်။ သူ အပြင်ထွက်သွားတယ်။ သူပြောတဲ့ အဆင့်လေးဆင့် စီမံကိန်းဆိုတာ ရွေးကောက်ပွဲ မတိုင်ခင် သုံးလအတွင်း အကောင်အထည် ဖော်ဖို့ပါ။ ဒါပေမယ့် လက်တွေ့ မဆောင်ရွက်ဖြစ်ခဲ့ပါဘူး။ ခုချိန်မှာ အဲဒါကို သူတို့ သိသွားလို့လည်း ကျနော်တို့ အတွက် ဘာမှ မဆုံးရှုံးပါဘူး။ ဒါပေမယ့် ကျနော့် စိတ်ထဲ နောက်ကျိနေတယ်။ စဉ်းစားတာက အဲဒီကိစ္စကို သူတို့ ဘယ်လိုလုပ် သိသွားတာလဲ။ `အဆင့်လေးဆင့်´ ဆိုတဲ့ စကားလုံးအထိ သူတို့ ဘယ်လိုလုပ် သိသွားတာလဲ။ ဘယ်သူ ဖော်တာလဲ။ ဒါမှ မဟုတ် တနည်းနည်းနဲ့ အဲဒီ စီမံကိန်းစာရွက်တွေ သူတို့ ရ ထားလို့များလား။ ကျနော် စိတ်ဓာတ် တော်တော်ကျသွားတယ်။ ABSDF ဗဟိုက ဘာလဲ။ သတင်းလုံခြုံမှု မရှိဘူးလား။ ဒီလောက် အရေးကြီးတဲ့ ကိစ္စတွေ ဘာလို့ `ပေါက်´ တာလဲ။ ကျနော် သံသယမျိုးစုံ ၀င်လာတယ်။

တအောင့်လောက် နေတော့ သူပြန်ဝင်လာတယ်။ ကျနော်ရေးထားတဲ့ စာရွက်တွေကို ဖတ်တယ်။ ဘာမှ ပြန်မပြောဘူး။

`ကဲ၊ နောက်တခု။ အထူးကိစ္စများ စီစဉ်ဆောင်ရွက်ရေး ကော်မီတီဆိုတာ ဘာလဲ´

ကျနော် လန့်သွားတယ်။ သေချာပြီ။ အဆင့်လေးဆင့် စီမံကိန်းတင် မကဘဲ ဗဟိုကို တင်ထားတဲ့ လုပ်ငန်းစဉ် အသေးစိတ် စာတမ်း သူတို့ ရထားပြီ။ အဲဒါအပြင် တခြားဘာတွေများ သူတို့ ရထားသေးလဲ။ ဘယ်လို ဖြစ်တာလဲ။ ကျနော် ငိုချင်လာတယ်။ လုပ်ဖော်ကိုင်ဖက် အချင်းချင်း အပစ်ပယ်ခံလိုက်ရသလိုလို၊ သစ္စာအဖောက် ခံလိုက်ရသလို ခံစားရတယ်။ အားငယ်သွားတယ်။ ဘယ်လို ဗဟိုမျိုးပါလိမ့်။ ကျနော်လည်း ကျနော့်ကိုယ်ကို ကျနော် တတ်နိုင်သလောက် ထိန်းပြီး…

`အဲဒီ ကော်မီတီက သက်သက်ပါ။ ကျနော်နဲ့ မဆိုင်ပါဘူး။ သူ့အလုပ်က စစ်ရေးနဲ့ ဆက်စပ်ပြီး ပြည်တွင်းမှာ အလျင်အမြန် ရွေ့လျား တု့န်ပြန် ဆောင်ရွက်ဖို့ အလုပ်ပါ။ ကျနော်နဲ့ တိုက်ရိုက် မသက်ဆိုင်လို့ တိတိကျကျ မသိပါဘူး´

`ဟုတ်ပြီ။ အဲဒီ ကော်မီတီကို တာဝန်ယူထားတဲ့ လူကိုတော့ မင်း သိမှာပေါ့´

ကျနော့်ခေါင်းထဲ အလုပ်ရှုပ်နေပြီ။ သတိထား၊ သတိထား။

`ဟုတ်ကဲ့၊ သိပါတယ်´

`နာမည်ပြော´

`သန်းဇော်ပါ´ (ဒီနာမည် ခေါင်းထဲ ဘယ်လို ပေါ်လာတာလဲ မသိဘူး။ ကျနော့်အသိထဲမှာလည်း သန်းဇော်ဆိုတာ မရှိပါဘူး။ အမှန်က အဲဒီကော်မီတီအတွက် တာဝန်ခံလည်း မရွေးချယ်ရသေးပါဘူး။)

`ဟုတ်ပြီ။ အသက်´

`နှစ်ဆယ့်ငါးလောက် ရှိမယ်´

`ပုံစံ ပြောစမ်း´

ကျနော် အကြပ်ရိုက်သွားတယ်။ ဒါပေမယ့် တခုခု ပြောမှ ဖြစ်မယ်။

`မျက်လုံးပြူး၊ ဆံပင်ကောက်၊ နှာခေါင်းပွပွ၊ အသားညို´

`အရပ်´

`ငါးပေ ခြောက်လက်မလောက် ရှိမယ်ထင်တယ်´

`ဘယ်မှာနေလဲ´

`ကြည့်မြင်တိုင်ဘက်က ဖြစ်မယ်´

`သူနဲ့ ဘယ်နှစ်ခါ တွေ့ဖူးလဲ´

`ဘန်ကောက်မှာ တခါတွေ့ပြီးကတည်းက ထပ် မတွေ့တော့ဘူး´

ကျနော်ပြောခဲ့တဲ့ အချက်အလက်တွေဟာ ထိုင်းနယ်စပ်က ကျနော့်အသိ တယောက်ရဲ့ ပုံကို စိတ်ကူးပြီး ပြောနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်ထဲမှာတော့ `ဟေ့ကောင်၊ ၀င်းနိုင်ဦး။ မင်းပြောထားတာတွေ မင်းဟာမင်း အသေအချာ မှတ်ထားစမ်း။ အလွတ်ကျက်ထားစမ်း´ လို့ ကိုယ့်ကိုယ်ကို သတိပေးနေရတယ်။ နောက်တခါ ပြန်မေးလို့ အချက်အလက်တွေ လွဲရင် သေပြီ။ မင်းသေပြီ။ ဘာပဲပြောပြော ကျနော့်အဖြေကို သူ တော်တော် ကျေနပ်သွားပုံ ရတယ်။

`အခု ဒီကောင် ရန်ကုန်မှာ ရောက်နေလောက်ပြီ ထင်လား´

`ထင်တာပဲ´

`သူ့ အိမ်သိလား´

`မသိပါဘူး´

`အိုကေ´

သူက အပြင်ထွက်သွားတယ်။ ပြန်ဝင်လာတော့ ကော်ဖီတခွက် ကျနော့်ကို ပေးတယ်။

`ဆေးလိပ် သောက်ချင်တယ်´

`ရမယ်။ တွေ့လား။ ငါတို့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံရင် ငါတို့ကလည်း ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်။ ကိုယ့်ကိုယ်ကို သနား´

လာပြန်ပြီ။ ဒီ သနားခိုင်းတဲ့ အလုပ်။ သနားတဲ့ အလုပ်က သူတို့နဲ့ လားလားမှ မဆိုင်ဘဲ ကျနော်နဲ့သာ ဆိုင်တဲ့ အလုပ် ဖြစ်နေတော့တယ်။ သူတို့ ဒီစကားလုံး သုံးသုံးနေတာ ကျနော့်မှာ တော်တော် မခံချိမခံသာ ဖြစ်နေတယ်။ အဲဒီညက တညလုံး သူက မေးခွန်းတွေ မေးတယ်။ အများစုက ထောက်လှမ်းရေး (၁၄)မှာ မေးပြီးသားတွေ။ ကျနော် ပြောနိုင်တာတွေ။ တခါမှာ သူက…

`အောင်ဒင်ကနေ တဆင့် မင်းကိုနိုင် ကို ပေးလိုက်တဲ့ စာထဲမှာ မင်း ဘာတွေ ရေးထားလဲ´

ထက်ရှနေတဲ့ ၀ါးကြောနဲ့ ကျနော့်အသားကို ပွတ်ဆွဲတာ ခံလိုက်ရသလို ကျနော် `ဆတ်´ ခနဲ တွန့်သွားတယ်။ ဒီအကြောင်း သူတို့ ဘယ်လိုလုပ် သိတာပါလိမ့်။ တကယ်ဆို ဒါ လွယ်လွယ်နဲ့ သိနိုင်တဲ့ အရာ မဟုတ်ဘူး။ ကျနော် စဉ်းစားလို့ မရဘူး။ (အောင်ဒင်က ဗကသ ဒုဥက္ကဋ္ဌပါ။) စာကလည်း မင်းကိုနိုင် အဖမ်းမခံရခင် တလလောက်မှာ အောင်ဒင်ကို ကျနော် ပေးခဲ့တာပါ။ အခုဆိုရင် တနှစ်တောင် ကျော်နေပါပြီ။ (ထောင်ထဲ ရောက်လို့ အောင်ဒင်နဲ့ တွေ့တော့မှ ကျနော် ရှင်းသွားတယ်။ ကျေနာ် အစစ်ဆေးခံနေရချိန်မှာ ကျနော်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို သိဖို့အတွက် မင်းကိုနိုင်နဲ့ အောင်ဒင်ကို ထောင်ထဲက စစ်ကြောရေး စခန်းမှာ ခေါ်ပြီး စစ်မေးခဲ့တာကိုး)။

`စာက အတိုလေးပါ။ ဘာမှလည်း အရေးကြီးတာ မဟုတ်ပါဘူး´

`ဟေ့ကောင်၊ ဝေ့လည်ချောင်ပတ် မလုပ်နဲ့။ မင်းကိုမေးတာက အရေးကြီးလား အရေးမကြီးလား မဟုတ်ဘူး။ ဘာ ရေးထားတာလဲ လို့ မေးနေတာ´

`မင်းကိုနိုင်က အိန္ဒိယဘက် ထွက်မယ်ဆိုလို့ `မထွက်နဲ့၊ ဒုက္ခရောက်သွားမယ်။ ဘာပဲဖြစ်ဖြစ် အထဲမှာပဲနေပါ။ မင်းရှိရမယ့် နေရာဟာ အိန္ဒိယ မဟုတ်ဘူး၊ အထဲ´ လို့ ကျနော်ရေးထားတာပါ။ အဲဒီတုန်းက ၁၉၈၉ခု၊ မတ်လ၊ အိန္ဒိယကနေ ပြည်တွင်းကို ကျနော် ပြန်ရောက်ကာစ။ သူ့ကို ကျနော် လှမ်းတားတာပါ´

***

ကျနော် အရမ်းအိပ်ချင်နေပြီ။ တော်ပါတော့၊ မေးခွန်းတွေ၊ အဖြေတွေ၊ မေးခွန်းတွေ…။ ကျနော် ရူးချင်နေပြီ။ မနက် မိုးလင်းခါနီးပြီလား။ ဒါမှမဟုတ် နေ့ဘက်လား။ ကျနော် ဒီထောက်လှမ်းရေးကို ရောက်နေတာ ဘယ်လောက် ကြာပြီလဲ။ တရက်လား။ နှစ်ရက်လား ဒီတုန်းမှာပဲ ကျနော် ဗြုန်းဆို အိပ်ချင်စိတ် ပြေသွားတယ်။ ကျနော့်ဘေးက အခန်းက ဆူဆူညံညံ အသံတွေကြောင့်ပါ။ သိပ် သဲသဲကွဲကွဲတော့ မဟုတ်ပါဘူး။ ကျနော် နားစွင့်နေမိတယ်။

`ရန်ကုန် အရောက်မှာ ၀င်းနိုင်ဦး ဘာတွေ လုပ်ခဲ့လဲ။ ဒီကောင် ဘယ်သူတွေနဲ့ တွေ့သေးလဲ။ ပြောစမ်း။ ပြောစမ်း´

`မသိဘူး၊ သူက ဘာမှ ပြောတာ မဟုတ်ဘူး´

`ဒုန်း´ `အူး´

`အဆင့်လေးဆင့် စီမံကိန်း ပြောစမ်း´

`ကျနော် အဲဒါ မသိဘူး။ သူက မပြောဘူး´

`ဒုန်း´ `အူး´

ဟာ… ဒါ ဒါ အောင်သူ့ အသံဖြစ်မယ်။ ဟုတ်တယ်။ `ဒုန်း´ ဆိုတာက ရင်ဘတ်ကို ဒူးနဲ့ တိုက်တဲ့ အသံ၊ `အူး´ဆိုတာက အောင်သူ မချိမဆံ့ အော်လိုက်တဲ့ အသံ။ ကျနော့်ရင်ထဲ နာကျင်လိုက်တာ။

`ကျနော် မသိဘူး။ သူကလည်း မပြောဘူး။ ကျနော် တကယ် မသိပါဘူး´

`ဒုန်း´ `အူး´ `ဒုန်း´ `အူး´ `ဒုန်း´

ဒီအချိန် ကျနော် အသံကုန် ထအော်တယ်။

`ဟေ့လူတွေ၊ ရိုင်းလှချည်လား။ မတရားမလုပ်နဲ့။ ကျနော့်သူငယ်ချင်းက ဒီကိစ္စတွေ တကယ်ပဲ ဘာမှ သိတာမဟုတ်ဘူး။ လုံးဝ မသိဘူး။ တာဝန်ရှိတာ ကျုပ်။ သိတာ ကျူပ်။ ဘာလို့ မဆိုင်တဲ့ လူတွေ၊ တကယ်မသိတဲ့ လူတွေကို ဒီလောက်အထိ မတရား ညှင်းပမ်းနေတာလဲ။ ကျုပ်ကို လာလုပ်။ ခင်ဗျားတို့… ခင်ဗျားတို့…´

ကျနော် ရူးသွားပြီလား။ တခန်းလုံး ကျနော့်အသံနဲ့ ပြည့်နေတယ်။ ကျနော့်အသံကလည်း ကျနော့်အသံ မဟုတ်သလိုဘဲ။ တဖက် အခန်းက အသံတွေလည်း တိတ်သွားတယ်။ ကျနော်လည်း တကိုယ်လုံး နတ်ကျသလို တုန်နေတယ်။ အတော်ကြာပြန်တော့ ဝေလင်း အသံတွေ ကြားရပြန်တယ်။ ကျနော့်အထင် ပလတ်စတစ်အိတ်နဲ့ သူ့ခေါင်းကိုစွပ်၊ ရေလောင်း၊ အသက်ရှူကြပ်၊ မွန်း၊ အသံဆိုးကြီး။ တွန့်လိမ်နေတဲ့ အသံဆိုးကြီး။ အော့ခနဲ၊ အော့ခနဲ။ ရင်ခေါင်းထဲ လည်ချောင်းထဲက မချိမဆံ့ အန်ထွက်လာတဲ့ အသံမျိုးကြီး။

`မသာတွေ၊ လူယုတ်မာတွေ´

ကျနော် ထလိုက်တယ်။ ဖင်ထိုင်ခုံကို ပိတ်ကန်ထည့်ပစ်လိုက်တယ်။ စားပွဲကို တွန်းလှဲပစ်လိုက်တယ်။ ကျနော့်ရှေ့က လူက အခန်းထဲက ထွက်ပြေးတယ်။ တံခါး ပိတ်တယ်။ အဲဒီအချိန် ကျနော် ဘယ်လို ရှိနေမလဲ။ ဒဏ်ရာနဲ့ သွေးရူးသွေးတမ်း ဖြစ်နေတဲ့ တိရစ္ဆာန် တကောင်လို ဖြစ်နေမယ် ထင်ပါရဲ့။ ကျနော် မျက်ရည်တွေ ကျနေတာ ပြန်သတိရမိတယ်။ ကျနော်လည်း ၀ူးဝူးဝါးဝါးနဲ့ အော်နေတာပဲ။ ဘာတွေ အော်နေမိမှန်း မသိဘူး။ တဖက်ခန်းက အသံတွေလည်း တိတ်သွားတယ်။

နောက်တော့ လူသုံးလေးယောက် ၀င်လာတယ်။ ကျနော့်ကို ၀ိုင်းချုပ်ကြတယ်။ ကြမ်းပြင်မှာ ဆွဲမှောက်ပြီး တက်ဖိထားကြတယ်။ ကျနော်က အော်နေတုန်းပဲ။ ဆေးထိုးတယ် ထင်တယ်။ ကျနော် ဘာမှန်း မသိတော့ဘူး။ အဲဒီညက ကျနော် အိပ်ရတယ်။ သို့မဟုတ် အိပ်ရတယ် လို့ ကျနော် ထင်တယ်။ ကျနော် ထုံနေပြီ။

ဆက်ရန်…

Sunday, July 29, 2007

ရောက်ခဲ့ပြန်ပေါ့…

ဒီတပတ်ပိတ်ရက်မှာတော့…။

စနေနေ့ညက အလည်လွန်ထားတဲ့ ဒဏ်ကြောင့် အိပ်ရေးတွေပျက်ပြီး တနင်္ဂနွေနေ့လည်ခင်း တခုလုံးကို အိပ်စက်ခြင်းတွေနဲ့ပဲ အချိန်ကုန်ခဲ့ပါတယ်။ ညနေစောင်းမှ အိပ်ရာက နိုးလာတော့ ပူအိုက်တဲ့ ရာသီဥတုကြောင့် လူက ချွေးစေးတွေနဲ့ စေးကပ်ကပ်ဖြစ်လို့…။ ညက ရီဝေေ၀အရသာရဲ့ လက်ကျန်ကြောင့် ခေါင်းတခုလုံးလဲ အုံခဲနေတာနဲ့ ရေချိုးပစ်လိုက်တော့မှ အတန်ငယ် သက်သာပါတယ်။

အိမ်ရှေ့ ၀ရန်တာကို ထွက်ပြီး ဟိုဟိုဒီဒီ ငေးမျှော်ကြည့်တော့ အိုက်စပ်သော်ငြား သာယာနေတဲ့ ရာသီဥတုအောက်မှာ ကစားသူ၊ ကစား၊ နားသူနား၊ မြင်ကွင်းတွေကလဲ စိမ်းစိမ်းစိုစို။ ကျနော်လဲ စိတ်ထဲမှာ လမ်းလျှောက်ချင်လာတယ်။ ဒီလိုနဲ့ပဲ…။


လမ်းကလေးဆီ မရောက်ခင် အဖြူရောင် ပန်းခင်းလေးတခုပါ။ အပူအပင်ကင်းတဲ့ ယုန်ငယ်လေးက သူ့ကို ဓာတ်ပုံရိုက်နေတဲ့ ကျနော့်ကို မမြင်ခင်ကတော့ ဘယ်ကိုမှန်း မသိ ငေးမောလို့…၊ ကျနော့်ကိုမြင်တော့ လှစ်ခနဲ ခုန်ပေါက် ပြေးထွက်သွားပါတယ်။


ဒီအပင်ရုံလေးကို မြင်တော့ ဟိုးငယ်ငယ် ကလေး ဘ၀တုန်းက ကျောင်းခြံစည်းရိုးမှာ စိုက်ထားလေ့ရှိတဲ့ အသီးနီရဲရဲလေးတွေ သီးတတ်တဲ့ အပင်ရုံလေးကို ပြန်သတိရမိပါတယ်။ အဲဒီတုန်းကတော့ အဲဒီအသီး နီနီလေးတွေကို ခူးစား၊ အာတွေ လျှာတွေက ညိုညစ်ညစ်တွေဖြစ်လို့…၊ ဆရာမတွေနဲ့ လူကြီးတွေက တွေ့ရင် အဆူခံရလေ့ရှိပေမယ့် ကျနော်တို့ ကလေးတွေကတော့ လူကြီးတွေ လစ်တာနဲ့ အဲဒီ အသီးလေးတွေကို အမြဲလိုလို ခူးစားတာပါပဲ။

အခု ဒီအပင်က အသီးလေးတွေကလည်း နီတျာတျာလေးပါပဲ။ ဒါပေမယ့် ကျနော်တို့ နိုင်ငံက အပင်လို စားလို့ရလား မရလား မသိပါဘူး။ စားလည်း မစားကြည့်ရဲဘူး။


ဟောဒီမှာ…၊ ပြုံးနေတဲ့ မိန်းမပျိုလေးနဲ့ တူတဲ့ လမ်းကလေး။ နေရောင် ဟိုတပြောက် ဒီတစက်က စိမ်းစိုတဲ့ အပင်တွေကြားက အတင်း ရုန်းထွက်ပြီး လမ်းကလေးပေါ်ကို ဖြာကျဖို့ ကြိုးစားတော့ သူ့ရဲ့ ရောင်ခြည်နဲ့ တောအုပ်ရဲ့ အမှောင်ကိုပါခွင်းလို့ လင်းဟပ်နေတာ ဒီအချိန်ဟာ အလှဆုံးအချိန်လို့ ပြောမယ်ဆိုရင် လွန်မယ်မထင်။ ဆောင်းတွင်းတုန်းကတော့ အေးခဲလှတဲ့ နှင်းဖတ်တွေရဲ့ ဖိသိပ်မှုတွေ၊ အဲဒီနှင်းဖတ်တွေကို ဖယ်ရှား ခြစ်ထုတ်ပစ်တဲ့ လက်ကြမ်းကြီးတွေကြောင့် ငိုမဲ့မဲ့ ဖြစ်နေဟန် လမ်းကလေးနဲ့ အခု လမ်းကလေး ယှဉ်ကြည့်ရင် အလှကွာမှုကို ပိုသိမယ်ထင်ပါရဲ့။


ရထားဥသြသံလေးများ ကြားရင် ~~~ အိမ်ပြန်ချင်တဲ့ စိတ်ကလေး ~~~ တားမရဘူး…တဲ့။ ကိုထူးအိမ်သင်ရဲ့ တေးသွားတစထဲက ခပ်ဆင်ဆင် ဒီရထားကြီးက တ၀ူးဝူးတဝေါဝေါ အသံတွေ ပေးလို့ လမ်းကလေးပေါ်ကနေ ဖြတ်သွားတယ်။ သံလမ်းနဲ့ ဘီး ပွတ်ကြိတ်သံ တကျွိကျွိက စည်းချက်ညီညီ ပေါ်နေတာကို နားထောင်ရင်း ဘာရယ် မဟုတ် ရထားဘီးတွေ ဘယ်နှစ်ဘီး ဖြတ်သွားတာပါလိမ့်လို့ ခပ်ကြောင်ကြောင်တွေးပြီး ဖြတ်မောင်းနေတဲ့ ရထားဘီးကို ရေတွက်မိနေသေးတယ်။




လမ်းကလေးရဲ့ တောအုပ်ငယ်လေးရဲ့ မြင်ကွင်းအလှပါ။ ဖြတ်ခနဲ ပြေးသွားကြတဲ့ အကောင်ငယ်လေးတွေ၊ တခါတလေဆိုရင် သမင်တွေလဲ လာလေ့ရှိပါသေးတယ်။





တောအုပ်လေး ဘေးက မြစ်ပါ။ ဒီတခါတော့ မြစ်ရေတွေက ဟိုတခေါက်တုန်းကလို အေးစက်စက် မနိုင်တော့ဘူး။ ကျောက်တုံးငယ်လေးတွေ ဟိုတစ ဒီတစနဲ့ တသွင်သွင် စီးနေတဲ့ မြစ်ရေကို ထိုင်ကြည့်နေရတာဟာ စိတ်ထဲမှာ ကဗျာတပုဒ်ကို ရွတ်နေရသလို ခံစားမိပါတယ်။

ကျောက်တုံးတွေပေါ်ကနေ ဟိုဟိုဒီဒီ လိုက်လျှောက်ကြည့်တာ လှုပ်လီလှုပ်လဲ့နဲ့ အသဲယားစရာ…။ တခါမှာတော့ ကျနော် ခြေချော်သွားတယ်။ ရှေ့ကို ဟပ်ထိုးလဲ မတတ်ကို ချော်သွားတယ်။ အနားမှာ မှီတွယ် ကိုင်စရာလဲ ဘာမှ မရှိတော့ အသည်းအေးခနဲ ဖြစ်ပြီး မနည်း ပြန်ထိန်းလိုက်ရတယ်။ လှုပ်လီလှုပ်လဲ့ ကျောက်တုံးတွေပေါ်ကနေ ဖယ်ဆင်းပြီး မြေကြီးပေါ်မှာ ပြန်လျှောက်မှပဲ လူလဲ မတ်မတ်ရပ်ပြီး လျှောက်လို့ရတော့တယ်။ နောက်တော့…။ ကျနော် လမ်းကလေးပေါ် ပြန်ရောက်လာတယ်။ လမ်းကလေးကတော့ ခပ်ပြုံးပြုံးနဲ့ပဲ ကြည့်နေသလိုလို…။


ဘ၀ဆိုတာ တသမတ်တည်း မရှိသလို လမ်းဆိုတာလည်း တဖြောင့်တည်း မရှိပါဘူး။ ဒါပေမယ့် သွားလာရမယ့် အနေအထားအရ ကွေ့ကောက်နေတဲ့ လမ်းတိုင်းမှာ ပန်းတိုင်တော့ ရှိရမှာပေါ့။ အဲဒီပန်းတိုင် မရောက်ခင်မှာ ဒီလို စိမ်းလန်းတဲ့ မြက်ခင်းလေးတွေလဲ တွေ့နိုင်တယ်။ ခလုတ်လည်း တိုက်နိုင်တာပဲ။ အဓိကက လျှောက်ဖို့ပဲ မဟုတ်ပါလားဗျာ။


ကလိုစေးထူး

Friday, July 27, 2007

လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း…(၅)

ရေးသူ - ၀င်းနိုင်ဦး ၏ ထိုစာအုပ်ကို ကျနော် ကလိုစေးထူးမှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

အဲဒီ အသံတွေ ဒလစပ် ကြားနေရတာ စိတ်ထိခိုက်စရာကြီးပါ။ စိတ်ကို ဓားနဲ့ အမွှမ်းခံရသလိုပဲ။ ရင်ထဲ ဆို့ဆို့လာတယ်။ ပြီးတော့ စိတ်ကလည်း ခြောက်ခြားလာတယ်။ ကိုယ်ကိုယ်တိုင် အရိုက်ခံနေရသလိုပဲ နာတယ်။ ခန္ဓာကိုယ်တင်မက စိတ်ပါ နာကျင်ရတာမျိုး။

မစားရ၊ မအိပ်ရတာကြာတော့ စိတ်က ကစဥ့်ကလျား ဖြစ်လာသလိုပဲ။ ဟုတ်တယ်။ စိတ်ကို စုလို့ကို မရဘူး။ စိတ်က ပြန့်ပြီး ခန္ဓာကိုယ်ဆီကနေ ထွက်ထွက်ပြေးနေသလိုမျိုး။ သူတို့ မေးခွန်းတွေကို ဖြေရာမှာလည်း အဖြေတွေက ကဘောက်တိ ကဘောက်ချာတွေ ရှေ့နောက်လွဲတာတွေ ဖြစ်လာတယ်။ တခါ တခါ သီချင်းသံတွေလိုလို၊ မြန်မာ့အသံက သတင်းကြေညာချက်တွေ လိုလို၊ ဘီဘီစီ အသံလွှင့်ချက်တွေလိုလို။ တခါတခါလည်း သတင်းကြေညာတဲ့အထဲမှာ ကျနော့်နာမည်ကို အတိုင်းသား ကြားနေရတယ်။ ကျနော့်နာမည်တွေကို အော်ပြီးရင်း အော်နေတာ ကြားရတယ်။ (တကယ်လည်း မဟုတ်ပဲနဲ့)။ ဘာတွေ ဖြစ်နေပြီလဲ။ ဘာမှ မကွဲတော့ဘူ။

နောက်ပိုင်း ရက်တွေမှာတော့ အစောပိုင်း ရက်တွေနဲ့ စာရင် အရိုက်ကျဲသွား၊ နည်းသွားတယ်။ Mental torture ပဲ များလာတယ်။ တကယ်တော့လည်း အရိုက်နည်းသွားတာဟာ အရင်အတိုင်း ဆက်ရိုက်လို့ မဖြစ်တော့လို့ပါ။ လူက ယဲ့ယဲ့ပဲ ကျန်တော့တယ် မဟုတ်လား။ ဒါကို သူတို့ကလည်း သိပါတယ်။ ဒါကြောင့် အရင်လို မရိုက်တော့တာပါ။

ဘယ်လိုပဲ ဖြစ်ဖြစ် အရင်လို အရိုက်ခံရပြီး ရက်ပေါင်းများစွာ သတိလစ် မေ့မျောသွားရင် ကောင်းမှာပဲလို့ တွေးမိတယ်။ ဒါမှ ရုပ်ပိုင်း စိတ်ပိုင်း နာကျင်တာတွေ၊ နားထဲကို စူးနဲ့ ရိုက်သွင်းလိုက်သလို မေးခွန်းသံတွေ၊ လူမဆန်မှုတွေကနေ လွတ်မြောက်မှာ မဟုတ်လား။ သူတို့ကလည်း သတိလစ် မေ့မျောသွားတာကို လက်ခံချင်ပုံ မရပါဘူး။ မေးခွန်းတွေ မမေးနိုင် ဖြစ်မှာ စိုးလို့ပါ။ ဒါကြောင့် Physical torture ကို လျှော့ပြီး Mental torture ပိုလာတာ။

လေးရက်လောက် ကြာပြီးချိန်မှာတော့ ထောက်လှမ်းရေး (၁၄)ကနေပြီး ထောက်လှမ်းရေး (၆)ကို ကျနော်တို့ကို လွှဲပြောင်း ပို့လိုက်တယ်။ (အဲဒီတုန်းကတော့ ထောက်လှမ်းရေး (၆)မှန်း မသိပါဘူး)။ မပို့ခင် ကျနော့်ကို ပြောတယ်။

`မင်း အခု သွားရမယ့် နေရာက တို့ထောက်လှမ်းရေးမှာ အကြီးဆုံးဌာနပဲ။ မင်းတို့နဲ့ ပတ်သက်တဲ့ သချက်အလက်တွေ အဲဒီဌာနမှာ အကုန်ရှိတယ်။ သူတို့က အကုန်သိတယ်။ ငါတို့ထက် ကြမ်းတယ်။ ဒီတော့ မင်း ထုတ်ဖော် မပြောတာတွေ အခု ထုတ်ပြော။ ဒါဆို အဲဒီ နေရာကို မပို့ဘူး´

`ကျနော် သိသမျှ အကုန် ပြောပြီးပါပြီ´

ကျနော် လိမ်လိုက်တယ်။

`ကျန်သေးတယ်´

ကျနော်လည်း ဘာမှ မပြောဘဲ ငြိမ်နေလိုက်တယ်။

`အေး၊ ဘယ်တတ်နိုင်မလဲ၊ မင်းထိုက်နဲ့ မင်းကံပေါ့ကွာ´

စိတ်မကောင်းသလို အသံနဲ့ သူက ပြောတယ်။ (အဲဒီအချိန် ကျနော့်ကို ခေါင်းစွပ် စွပ်ထားလို့ သူ့ရဲ့ စိတ်မကောင်း ဖြစ်နေပုံ မျက်နှာအတုကြီးကို မမြင်ရလို့ စိတ်ချမ်းသာရပါတယ်)။ သူတို့ စကားအတိုင်းဆိုရင် နောက် ထောက်လှမ်းရေးဌာနမှာ ဘယ်လောက်ဆိုးဆိုးဝါးဝါးတွေ ကျနော် ဆက်ကြုံရဦးမှာပါလိမ့်။ ကျနော် စိတ်ပူသွားတာတော့ အမှန်ပဲ။ ဒီလိုနဲ့ နောက် ထောက်လှမ်းရေးစခန်း (ထောက်လှမ်းရေး-၆) ကို ရောက်သွားပါရော။

ထောက်လှမ်းရေး စခန်းရောက်တော့ ကားပေါ်က ဆင်းတာနဲ့ ကျနော့်ကို တယောက်က ဘေးကတွဲရင်း၊ `ဘယ်ကွေ့´ `ညာကွေ့´ `တိုက်မိမယ်´၊ `ခေါင်းငုံ့´ `ရှေ့မှာ လှေကားထစ်´ `စမ်းပြီးတက်´ စတဲ့ အမိန့်တွေ ပေးပြီး ခေါ်သွားတယ်။ နောက်ဆုံး အခန်းတခန်းထဲ ရောက်သွားတယ်။ နောက် ကျနော့်ကို ကုလားထိုင် တလုံးပေါ် ထိုင်ခိုင်းပြီး တယောက်ထဲ ထားခဲ့တယ်။ လက်ထိပ်နဲ့ ခေါင်းစွပ်ကတော့ မချွတ်ရသေးဘူး။

စိတ်အထင် သုံးလေးနာရီလောက် ကြာမလား။ ဒီ့ထက်ကြာမလား။ ကျနော် မွန်းအိုက်လာတယ်။ တဖြည်းဖြည်းနဲ့ အသက်ရှုရ ကျပ်လာတယ်။ ခေါင်းစွပ်ကလည်း ချွေးတွေ သွေးတွေနဲ့ နံစော်နေတာပဲ။ ခဏချွတ်ကြည့်မလားလို့ စဉ်းစားကြည့်တော့ မချွတ်ရဲဘူး။ အနားမှာ တယောက်ယောက် ထိုင်ပြီး ကျနော့်ကို စိုက်ကြည့်နေသလို စိတ်ထဲ ခံစားနေရတယ်။

ထောက်လှမ်းရေး (၁၄)ကလည်း လှန့်ထားတော့ ကြိုတင်အတွေးနဲ့ စိတ်ကပူ အတွေးတွေကလည်း ရှုပ်ယှက်ခတ်၊ စိတ်ကလည်း လွတ်လွတ်ထွက်သွားတော့ လူက ယိုင်ယိုင်သွားတယ်။ မယိုင်နဲ့။ မယိုင်နဲ့။ ၀င်းနိုင်ဦး။ တင်းထား။ သတိထား။ သတိထားလေ၊ တင်းထားလေ၊ လူက ပိုယိုင်လေ။ ခုံပေါ်ကနေထိုးလဲကျ သွားတော့မလား။ ဒီကြားထဲ အသက်ရှူလို့က မ၀ဘူး။ ကျပ်လာတယ်။ မောလာတယ်။ ချွေးတွေ ထွက်လာတာကလည်း ရွှဲနစ်နေတာပဲ။ မူးလာတယ်။ ဒီအတိုင်း မဖြစ်တော့ဘူး။ ဟုတ်တယ်။ တခုခု လုပ်မှ ဖြစ်တော့မယ်။ ထ အော်လိုက်ရမလား။ တခုခု။ မဟုတ်ရင်…။

(နောက်ပိုင်းမှာ အတွေ့အကြုံရှိသူတွေကို အဲဒီအဖြစ်အပျက် ပြန်ပြောပြတော့ ကျနော့်ကို ထားသွားတဲ့ အခန်းက အလုံပိတ်ခန်းတဲ့။ ဓာတ်ငွေ့လွှတ်ထားရင်တောင် လွှတ်ထားနိုင်တယ်။ ဒါကြောင့် ကျနော် အသက်ရှူ ကျပ်တာတဲ့။)

ဒါပေမယ့် နောက်ဆုံးမှာတော့ တံခါးဖွင့်သံ ကြားရတယ်။ တယောက် ၀င်လာတယ်။ ကျနော့်ကို အခန်းထဲက အပြင် ခေါ်ထုတ်သွားပြီး အခြား အခန်းတခန်းကို ရွှေ့တယ်။ အသက်ရှူရ ချောင်လာတယ်။ နည်းနည်း အေးလာသလိုပဲ။ နေ့လား၊ ညလား။ လင်းတော့ လင်းနေတယ်။ မီးချောင်းတွေ ထွန်းထားတာလား။

မကြာခင်မှာ လူတွေ ၀င်လာတယ်။ ခြေသံတွေ ကြားရတာ တော်တော်များမယ့်ပုံပဲ။ ကျနော့်ရှေ့ မျက်နှာချင်းဆိုင်မှာ ခုံတွေ တွန်းရွှေ့သံ၊ ထိုင်လိုက်ကြသံ ကြားတယ်။ ဘာစကားမှ မပြောကြဘူး။ လုံးဝ မပြောကြဘူး။ အဲဒီအတိုင်း။ အကြာကြီး။ လေးလံလံ တစုံတခု ကျနော့်ကိုယ်ပေါ် ပိကျလာနေသလို ခံစားရ။ ပြီးတော့မှ ခပ်လေးလေး အသံကြီး တသံထွက်လာတယ်။ အသံက မီးဖုတ်ထားသလို မီးကျီးခဲလို ရဲနေတဲ့ သံချောင်းကြီး တချောင်းလိုမျိုး။

`မင်း အခုထွက်လာတဲ့ နေရာက တော်တော်ဆိုးလား´

`ဆိုးတယ်´

`မင်း မအိပ်ရတာ ကြာပြီလား´

`ဖမ်းတဲ့နေ့ကတည်းက ခုထိ လုံးဝ မအိပ်ရသေးဘူး´

`မင်း အခု ဘယ်နေရာ ရောက်နေလဲ၊ သိလား´

`ဟင့်အင်း၊ မသိပါဘူး´

`အဖမ်းခံရတာ ဘယ်နှစ်ရက် ရှိပြီလဲ´

`မမှတ်မိဘူး´

`မင်းထွက်လာတဲ့ နေရာက ဒီနေရာနဲ့ ပတ်သက်လို့ ဘာတွေ ပြောလိုက်သလဲ´

`အကြီးဆုံး ဌာနလို့ ပြောပါတယ်´

`မင်း အခု ထွက်လာတဲ့ နေရာက တော်တော်ဆိုးလား´ (ဒီမေးခွန်း မေးပြီးပြီ ထင်တယ်)

`ဆိုးပါတယ်´

`ဘယ်လို ဆိုးလဲ´

`မအိပ်ရဘူး။ ဒီကိုထွက်လာခါနီးမှ ထမင်းစားရတယ်။ နှစ်ရက်လောက် ရေမတိုက်ဘူး။ တောက်လျှောက် ရိုက်တယ်။ ရိုင်းရိုင်းစိုင်းစိုင်း ဆဲတယ်။ ဖျားနေတာတောင် မရဘူး´

မေးခွန်း မမေးတော့ဘဲ သူတို့ချင်း တီးတိုး ပြောနေကြတဲ့ အသံတွေ ကြားရတယ်။ ဘာတွေ ပြောနေမှန်း မသဲကွဲဘူး။ နားထဲလည်း အူနေတယ်။ အာရုံစိုက် နားထောင်လိုက်ရင် ခေါင်းထဲ မူးလာတယ်။ လူက ရှေ့နောက် ၀ဲယာ ယိမ်းထိုးနေတယ်လို့ ထင်တယ်။ တအောင့်ကြာတော့မှ သူတို့ ဆီက စကားသံ ထွက်လာတယ်။

ဆက်ရန်…

Thursday, July 26, 2007

လွန်ဆွဲပွဲမှာ...

`တောက်´

မခံချင်စိတ်၊ ခံပြင်းစိတ်တို့နဲ့ လူက တကိုယ်လုံး ဆူပွက်လောင်မြိုက်နေရတဲ့ နေ့တနေ့တုန်းကပါ။

`ဒါ၊ သက်သက် ငါ့စေတနာကို စော်ကားတာ´

လူက စိတ်တိုလာတော့ ဟိုးအရင့်အရင်က ကိစ္စတွေပါ ပြန်စဉ်းစား၊ ပြီးတော့ ဘာတခုမှ အကောင်းဆိုတာ မမြင်လောက်အောင် အားရပါးရကြီးကို အပြစ်မြင်မိပါတော့တယ်။

***

အဖြစ်က ဒီလိုပါ။

လွန်ခဲ့တဲ့ ၈ လခန့်လောက်က ကျနော့်အိမ်နားကို မြန်မာ မိသားစု အသစ်ရောက်ပါတယ်။ တိုင်းရင်းသားပါ။ ဒီနိုင်ငံမှာ အခြေချပြီး သူတို့ ဘ၀ကို အသစ်ပြန်စဖို့ ရောက်လာကြတယ် ဆိုပေမယ့် ဘာသာစကား၊ ဒီနိုင်ငံနဲ့ ပတ်သက်တဲ့ ဗဟုသုတ တွေမှာ ဘာကိုမှ ပြင်ဆင်ခဲ့ရဟန် မတူပါဘူး။ အားလုံးကို သုညကနေ ပြန်စရပါတယ်။

ဒီလိုနဲ့ပဲ ဒီမှာ ရောက်နှင့်နေတဲ့ ကျနော်က သူတို့လိုမယ်ထင်တာတွေ ကူညီပေး၊ သူတို့ကို တာဝန်ယူခေါ်တဲ့ စပွန်ဆာနဲ့ သူတို့အကြား ကြားခံဘာသာပြန်အဖြစ် လုပ်ပေး၊ နောက်ဆုံး ကျနော့်အလုပ်မှာပါ သွင်းပေး။

အလုပ်သွင်းပေးတုန်းကများ ဆိုရင် သူ့စပွန်ဆာရော သူတို့ မိသားစုပါ ကျနော့်ကို ကျေးဇူးတင်လို့ မဆုံး…။ ထားပါတော့…။

ရောက်တာကြာလို့ သုံးလကနေ လေးငါးလလောက်လဲ ကြာရော အလုပ်ထဲမှာ ရှိနှင့်နေတဲ့ သူတို့အချင်းချင်း လူမျိုးစုတူ မြန်မာတယောက်နဲ့ တဖြည်းဖြည်း အဖွဲ့ကျလာတယ် ဆိုပါတော့…။ ဒါကလည်း သေသေချာချာ စဉ်းစားကြည့်ရင် သူ့အတွက် ၀မ်းသာစရာပါ…။ သို့သော်…။

နောက်ပိုင်းကျတော့ ဒီလူက ကျနော့်ကို ရှောင်ဖယ်ဖယ် ဖြစ်လာသလား ကျနော့်စိတ်ထဲ ထင်လာတယ်။ ဟိုတယောက်နဲ့ပဲ တ၀ါးဝါးတဟားဟား အဖွဲ့ကျလို့ ကျနော့်ကို မေးထူးခေါ်ပြောတောင် မရှိတော့ဘူးလိုလိုပဲ။ အဲဒီလိုနဲ့ပဲ နေ့တခုရဲ့ နေ့လည်ခင်း အလုပ်နားချိန်မှာ…

`မင်းစဉ်းစားကြည့်၊ ငါတို့ အချင်းချင်းလောက်များ အဲဒီ ဗမာက မင်းအပေါ် ပိုကောင်းမှာလား´

`အင်းပါ´

သူတို့က ကျနော်နားမလည်လောက်ဘူး အထင်နဲ့ ပြီးတော့ ကျနော် မရှိဘူးအထင်နဲ့ ပြောနေကြတာကိုမှ ဆိုက်ဆိုက်မြိုက်မြိုက် သွားကြားမိလေတဲ့ အဖြစ်…။

***

`အလကားဟာတွေ´

ဒေါသက တော်တော်နဲ့ မပြေ။ ရောက်ခါစက ကျနော့်အိမ်မှာ ဖုန်းလာပြောတော့ အားနာနာနဲ့ ပြောပါစေဆိုပြီး လွှတ်ထားပေးလို့ ဒေါ်လာလေးရာကျော်လောက် ဘီလ်ပေးလိုက်ရတာကိုလည်း (အဲဒီတုန်းက စိတ်မဆိုးပါဘဲ) စဉ်းစားရင်း စိတ်က ပြန်တိုလာတယ်။ အချိန်အခါမရွေး သူသွားလိုရာကို လိုက်ပို့ပေးခဲ့ရတာတွေကိုလဲ အခုမှ ငြိုငြင်လာတယ်။

သူ့မိဘတွေ လာတုန်းက လေဆိပ်မှာ အိပ်ရေးပျက်ခံ သွားကြိုပေးခဲ့ရတာကိုလည်း အခုမှပဲ တွေးရင်း ပင်ပန်းရကောင်းမှန်း သိလာသလိုလို..။

`တောက်၊ အဲဒီတုန်းက ဆီဖိုးတောင် မပေးဘူး´

ဒီလိုနဲ့ သူတို့နဲ့ ပတ်သက်ပြီး ဆက်စပ်စဉ်းစားသမျှတွေက အကုန်လုံး အဆိုးမြင်တာတွေချည်း ဖြစ်လို့ ဒေါသက ထွက်ပြီးရင်း ထွက်နေပါတော့တယ်။

***

`ဒေါက် ဒေါက် ဒေါက်´

တံခါးခေါက်သံ ကြားလို့ ချောင်းကြည့်ပေါက်ကနေ အရင် ကြည့်လိုက်တော့ အဲဒီလူရဲ့ အမေ၊ ပြီးတော့ အဖေ၊ နောက်… ကလေးလေးတွေ။ အင်း… ဗွီဒီယိုလာကြည့်ကြတာ ထင်တယ်။ မဖွင့်ပေးဘူးကွာ။ တနေ့လဲ မဟုတ် နှစ်နေ့လဲ မဟုတ်၊ အားအားရှိ ငါ့ဆီမှာပဲ ဗွီဒီယို လာကြည့်နေကြတယ်။ ငါ့မှာ အအေးတိုက်ရ၊ ခွေထိုးပေးရ၊ ဟိုကလေးတွေကလဲ ငါစာရိုက်နေတုန်း နောက်ကနေ ခုံကို လာလာလှည့်။ ရှုပ်ကို ရှုပ်တယ်။

စိတ်က မကြည်လင်တော့ သူတို့နဲ့ ပတ်သက်တဲ့ ဆွေမျိုးတွေကိုပါ နေရင်းထိုင်ရင်းနဲ့ ကြည့်မရတော့ဘူး..။ စိတ်ထားကောင်းလဲ ထားလို့ မရတော့ဘူး။ ဒါပေမယ့် လူကတော့ တံခါးနားက ခွာမသွားမိသေးဘဲ အသာလေး ကပ်ပြီး သူတို့ အသံတွေကို နားထောင်မိနေသေးတယ်။

`ဖိုးခွားနေမကောင်းဘူး ထင်တယ်´

`xxxxxxxxxxx´

စကားသံတွေက ကြားတချက် မကြားတချက်။ တချို့ကိုတော့ နားမလည်ဘူး။ အင်းလေ၊ သူတို့ စကားကို ကျနော်က အကုန်မှ နားမလည်တာကိုး။ ဒါပေမယ့် အဲဒီ အမယ်ကြီး ပြောလိုက်တဲ့ `ဖိုးခွားနေမကောင်းဘူး ထင်တယ်´ ဆိုတဲ့ စကားကိုတော့ ပီပီသသကြီး ကြားလိုက်မိတယ်။ ခဏနေတော့ သူတို့ အောက်ထပ်ကို ပြန်ဆင်းသွားကြတယ်။ သူတို့ အခန်းကို သူတို့ ပြန်သွားတယ်ထင်တယ်။

***

စက်ရှေ့ကို ပြန်ထိုင်။ ဟိုဟိုဒီဒီ လိုက်ဖတ်၊ အင်း… ပို့စ်အသစ်အတွက် စာလေးဘာလေး ရေးမှ။ ဒေါသတွေတော့ ပြေသွားသလိုလို။ အို… ဒင်းတို့ အကြောင်း မတွေးတာကောင်းတယ်။ ကဲ… စာရေးမယ်ကွာ။

ရေးမယ်သာ ပြောတယ်။ ခေါင်းထဲကို အဆင်ပြေပြေ စာသားတွေက တခုမှ ရောက်မလာ။ နားထဲမှာ `ဖိုးခွား နေမကောင်းဘူး ထင်တယ်´ ဆိုတာကြီးပဲ ထပ်ခါထပ်ခါ ကြားနေတယ်။ ဖိုးခွား၊ ဖိုးခွား၊ ဖိုးခွားဆိုတော့… ဒါ… ငါ့ကို သားလေးလို့ သူ ခေါ်တာပဲ။ အင်းလေ ငါကလဲ သူ့ကို စတွေ့ကတည်းက အမိုးလို့ ခေါ်တာပဲဟာ။ သူ့အရွယ်ကလဲ မေမေနဲ့ ရွယ်တူလောက်ပဲ ရှိမယ်ထင်တယ်။

တလောဆီက Wal-mart အသွားမှ သူတို့ကို အဲဒီ ခေါ်သွားတော့ ဖန်စီလေးတွေ ရောင်းတဲ့ ကောင်တာမှာ အမယ်ကြီးက လက်ဝါးကပ်တိုင် ပုံလေးနဲ့ လည်ဆွဲ တခုကို တကြည့်ကြည့်နဲ့။ `အမိုး လိုချင်လို့လား´ လို့ မေးတော့ အသာအယာ ပြုံးပြတယ်။ `ကျနော် လက်ဆောင်ပေးမယ်နော်´ လို့ ပြောပြီး အဲဒါလေး ၀ယ်ပေးလိုက်တော့ သူ့ယောက်ျားကို `ဖိုးခွားလက်ဆောင်ပေးတာလေ၊ အရမ်းသဘောကောင်းတာပဲ´ လို့ ပြောခဲ့ဖူးတာကိုလဲ ပြန်ကြားယောင်မိလာတယ်။

ဒီလိုနဲ့ သူ့သားကို ထွက်တဲ့ ဒေါသစိတ်နဲ့ သူ့အမေကို ထားတဲ့ မေတ္တာစိတ်က ကျနော့်ခန္ဓာကိုယ် တခုထဲမှာ လွန်ဆွဲနေတယ်။ စာလည်း ရေးလို့မရတော့ဘူး။

နောက်ဆုံးတော့….။

***

အင်းလေ…၊ ငါ့အိမ်မှာ သူတို့ ဗွီဒီယိုလာကြည့်တော့လဲ ငါက ဘာမှ သိပ်ကုန်ခန်းတာမှ မဟုတ်တာ။ ကလေးတွေကလဲ ဆော့တော့ ဆော့မှာပဲ၊ ငါငယ်ငယ်ကဆို သူတို့ထက်တောင် ဆိုးသေး။ သူ့သားကို ဒေါသထွက်တာနဲ့ သူတို့ အားလုံးကို ရောထွေး မကောင်းမြင်တာတော့ မဟုတ်သေးပါဘူးလေ။

အဲဒီလို တွေးလိုက်တော့ စိတ်က ကြည်ကြည်လင်လင် ပြန်ဖြစ်လာတယ်။ နောက်နေ့ကျ သူတို့လာရင်တော့ တံခါး ဖွင့်ပေးလိုက်ပါမယ်လေ…။ အဲဒီလို တွေးနေတုန်း…။

`ဒေါက် ဒေါက် ဒေါက်´

တံခါးခေါက်သံ ထွက်လာပြန်တယ်။ မချောင်းကြည့်တော့ဘဲ တံခါးဖွင့်ပေးလိုက်တော့…။ အမယ်ကြီးနဲ့ ကျနော် ဒေါသထွက်ခဲ့ရတဲ့ သူ့သား…။

`ဖိုးခွား၊ နေကောင်းရဲ့လား´

`ဟုတ်၊ ကောင်းပါတယ် အမိုး´

`အင်း… အမိုးတို့ စောစောက လာသေးတယ်´

`…………´

အသာ နှုတ်ဆိတ်နေလိုက်မိတယ်…။ အမယ်ကြီးက ဘာမှမပြောဘူး။ ဒါပေမယ့် ကြည့်ရတာ တခုခုပြောချင်နေသလိုလို…။ ဒါနဲ့…

`အမိုး…၊ ထိုင်လေ၊ ကျနော် ဇာတ်လမ်းခွေ ထိုးပေးမယ်´

`ဟို…´

ခဏ နှုတ်ဆိတ်နေပြီးမှ…

`ဟို… အမိုးတို့ အိမ်မှာ စားစရာ ကုန်နေလို့…´

`ဟင်´

`ဟုတ်တယ်၊ စပွန်ဆာလဲ မလာဘူး။ အဲဒါ…´

ဘယ်နှခါမြောက်မှန်း မသိ ကိုယ့်ကိုယ်ကို ကျိန်ဆဲမိရင်း စိတ်ထဲကနေ အမိုးကို အထပ်ထပ် တောင်းပန်လိုက်မိတယ်။ စောစောက ဒေါသတွေလဲ ကြက်ပျောက်၊ ငှက်ပျောက်။

ကိုယ့်ကိုယ်ကို သတိထားမိတဲ့ အချိန်မှာတော့ ကျနော်တယောက် အမိုးတို့နဲ့ အတူ `အာရှဈေးဆိုင်´ ထဲကို ရောက်နေပါတော့တယ်။ နောက်နေ့တွေ ကျနော် စိတ်ဆိုးဦးမလား၊ ကျနော် မသိပါဘူး။ တွေးလဲ မတွေးချင်တော့ဘူး။


ကလိုစေးထူး

Wednesday, July 25, 2007

အိမ်…

`အဖေ… ဒီသီချင်းက ဖေကြီးကို သား… မုန်းလို့ ဆိုထားတဲ့ သီချင်း မဟုတ်ပါဘူး ဖေကြီးရယ်… သား… ဖေကြီးကို ချစ်လွန်းလို့ တောင်းဆိုတဲ့ သီချင်းလေးပါ´

လွန်ခဲ့တဲ့ တပတ်လောက်ကပေါ့။ သီချင်းတွေ ဟိုတပုဒ်၊ ဒီတစ နားထောင်ရင်း ရဲလေး ဆိုထားတဲ့ `အိမ်´ သီချင်းကို အရောက်မှာ လူက ငိုင်ကျသွားမိတယ်။

`အိမ်… ဘယ်အချိန်မှာ ပျော်စရာတွေ ရလာမှာလဲ… အိမ်… ဒီအတိုင်းပဲ ကျနော်တို့ ဒုက္ခတွေရဲ့ ကြားက… အိမ်… မျက်လုံးထဲက အရည်တွေ ခမ်းခြောက်နေပြီ…´

ရှိုက်ကြီး တငင် ငိုသံပါနဲ့ ဆိုနေတဲ့ ရဲလေးရဲ့ သီချင်းစာသားတွေက တကယ်တော့ ကျနော့်ဘ၀နဲ့ သိပ်တော့ မတူပါဘူး။ ဒါပေမယ့် အိမ်တွင်းရေး အဆင်မပြေမှုကို ခံစားနေရတဲ့ လူငယ်တယောက်ရဲ့ ခံစားချက်ကိုတော့ အဖေနဲ့ အမေ အဆင်မပြေဖြစ်လို့ အကြီးအကျယ် စိတ်ဆင်းရဲခဲ့ရဖူးတဲ့ ကျနော့်ခံစားချက်နဲ့ ယှဉ်ပြီးတော့ ကိုယ်ချင်းစာနားလည်စွာနဲ့ပဲ ဒီသီချင်းကို ခံစားလို့ ရသွားပါတယ်။

***

တကယ်တော့လည်း သီချင်းတစ်ပုဒ်က ပြောတဲ့ ခံစားချက်၊ အသံဟာ ဘ၀များစွာရဲ့ ရုန်းကန်ရှင်သန်မှု အစုအဝေးထဲမှာ တခုသော အားအင်တခု ဖြစ်စေလေ့ ရှိတတ်ပါတယ်။ စိတ်တွေ အရမ်းညစ်နေတဲ့အချိန်၊ ဟိုးအောက်ဆုံးကို ပြုတ်ကျနေတဲ့ အချိန်မှာ အဲဒီခံစားချက်နဲ့ ထပ်တူနီးပါးကျတဲ့ သီချင်းတပုဒ်တလေက အားအင်တွေ ပေးလေ့ရှိပါတယ်။ ဒီလိုနဲ့ပဲ သီချင်းပေါင်းများစွာကို ကျနော် နားထောင်ဖြစ်ခဲ့ဖူးပါတယ်။

`မင်းအဖေက… အခု ဘာလုပ်လဲမေး… ဖြေရမှာက ခက်လာတာ…အဲဒီအကြောင်းကို တွေးရင်းနဲ့ မျက်ရည်က အလိုလို တက်လာတာ… ရင်ဘတ်ထဲ ထိုးထည့်ထားတဲ့ ဒဏ်ရာကလည်း နက်လာတာ´

၁၉၈၅ လောက်မှာတုန်းက ဖေဖေ အလုပ်လက်မဲ့ ဖြစ်သွားခဲ့ဖူးပါတယ်။ စိတ်တွေ လေနေပုံရတဲ့ ဖေဖေ အိမ်ကို ပြန်ရောက်သင့်တဲ့ အချိန်ပြန်မရောက်၊ ပြန်ရောက်တဲ့ အချိန်ကျတော့ မေမေနဲ့ တကျက်ကျက်။ ရပ်ကွက်ထဲက အလိုက်မသိသူ အိမ်နီးချင်းတချို့က မင်းအဖေ အခု ဘာလုပ်လဲ မေးရင် ဖြေဖို့နှုတ်ဆွံ့အခဲ့ရတဲ့ အဖြစ်က အခု ရဲလေး ဆိုထားတဲ့ အဖြစ်နဲ့ ကွာခြားပေမယ့် နာကျင်ခဲ့ရတဲ့ အဲဒီအခြေအနေကိုတော့ ပြန်သတိရစေခဲ့ပါတယ်။

`အိမ်… ခြောက်နာရီဆို အဖေရယ် ပြန်လာပေးပါ… အိမ်… မိုးချုပ်မှာကို အမြဲတမ်း ကြောက်နေမိတာ… အဖေနဲ့ အမေ အဆင်ပြေနေရင် သိပ်ကောင်းမှာပဲ…´

မိုးချုပ်မှ အိမ်ကို ပြန်ရောက်တတ်တဲ့ ဖေဖေ၊ ပြန်ရောက်ချိန်ကျတော့လည်း မေမေနဲ့ ရန်တွေတကျက်ကျက် ဖြစ်ကြလွန်းလို့ တိတ်တိတ်လေး ငိုခဲ့ကြရတဲ့ ကျနော်တို့ ညီအကို…။ အဲဒီတုန်းက ကျနော်တို့ ညီအကို ဆုအတောင်းမိခဲ့ဆုံးကတော့ `ဖေဖေနဲ့မေမေ ရန်မဖြစ်ပါစေနဲ့´ ဆိုတဲ့ ဆုတောင်းပေါ့…။

`လူတွေက အမေ့ကို ၀ိုင်းပြီး ပြောနေတာတွေ… မခံစားနိုင်ဘူး… ဒါတွေကို ယောင်လို့ ငါ စိတ်နာလွန်းလို့ မတွေးချင်ဘူး´

ပတ်ဝန်းကျင်ရဲ့ `ဘယ်လိုဖြစ်ကြတာလဲ´ ဆိုတဲ့ အကြိမ်ပေါင်းများစွာသော မေးခွန်းတွေရဲ့ ကြားမှာ ခေါင်းငုံ့ခဲ့ရတဲ့ မေမေ။ မျက်နှာငယ်ခဲ့ရတဲ့ ကျနော်တို့…။ အဆင်မပြေခဲ့တဲ့ ကျနော်တို့ရဲ့ အိမ်ကလေး…။

အိမ်…။

အိမ်…။

အိမ်…။

ပဲ့တင်ထပ်နေတဲ့ သီချင်းသံနဲ့ အတူ ဟိုးအဝေးမှာ ကျန်နေခဲ့တဲ့ ကျနော့်ရဲ့ `အိမ်´ ကလေး ဘယ်လိုနေရှာမှာပါလိမ့်…။

သီချင်းက ဆုံးသွားပါပြီ။ ဒါပေမယ့် နောက်တခေါက်၊ နောက်တခေါက်နဲ့ ထပ်တကျော့ကျော့ နားထောင်နေခဲ့မိတယ်။

တကယ်တော့ ရဲလေးကို ကျနော် မနှစ်သက်ခဲ့ပါဘူး။ သူ့ရဲ့ ပထမဦးဆုံး စီးရီး `ကျွန်တော်နှင့် သက်ဆိုင်သော´ မှာ ကိုလေးဖြူကို တိုက်ခိုက် သရော်ထားတဲ့ သီချင်း တပုဒ်ပါဝင်ခဲ့တာကြောင့် (ကိုလေးဖြူ ခရေဇီ မဟုတ်ခဲ့သည့်တိုင် တဖက်သားကို အဲဒီလို တိုက်ခိုက်တာကို အားမပေးချင်တာနဲ့) သူ့သီချင်းတွေကို နားမထောင်ဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် ယူကျုမှာ သီချင်းတွေ လိုက်နားထောင်ဖြစ်တုန်းက သူဆိုထားတဲ့ `ထိပ်ဆုံးမှာ အမေ´ ဆိုတဲ့ သီချင်းကို နှစ်သက်မိရာက သူ့သီချင်းတွေကို ပြန်သတိထားဖြစ်တာပါ။

တကယ်တော့ သီချင်းဆိုတာက ခံစားချက်နဲ့ ထပ်တူညီသွားရင် ရင်ကို ထိမှန်စေတတ်တာပဲလေ…။ ဒီလိုနဲ့ပဲ ကျနော်နဲ့ အကြောင်းအရာချင်း သိပ်မတိုက်ဆိုင်လှတဲ့ `အိမ်´ သီချင်းမှာ ခံစားနစ်မျောသွားခဲ့မိပါတော့တယ်။



ကလိုစေးထူး

Tuesday, July 24, 2007

ကျနော့်အကြိုက်(၈)…

တကယ်တော့ ဒီဝတ္ထုကို ကျနော့်အကြိုက်အဖြစ် တင်ဖို့ ရည်ရွယ်တာ ကြာပါပြီ။ တခြားသော ပို့စ်တွေ တင်နေတာရယ်၊ ၀တ္ထုက စာရိုက်ဖို့အတွက် အတန်ငယ် ရှည်နေတာရယ်တွေကြောင့် မတင်ဖြစ်တာပါ။

ဒီဝတ္ထုကို ကျနော်နှစ်သက်မိတာကတော့ စာရေးသူရဲ့ အရေးအသားစွမ်းရည်ပါ။ `စာရေးတယ်ဆိုတာ ဒါပါလား´ လို့ ပညာရတဲ့အထိ သူ့ရဲ့ အရေးအသားက နမူနာ ယူစရာကောင်းလှပါတယ်။ ဇာတ်လမ်းက အစပိုင်းမှာ သာမန်လို့ ထင်ရပေမယ့် ဖတ်လေလေ စာထဲမှာ နစ်မြောသွားလေလေ ဖြစ်အောင် စွမ်းဆောင်နိုင်စွမ်း ရှိတဲ့ ဒီဝတ္ထုကို ကျနော့် မိတ်ဆွေများလည်း ခံစားဖတ်ရှုနိုင်အောင် ကျနော့်အကြိုက် အဖြစ် တင်ဆက်လိုက်ရပါတယ်။

`အလည်လွန် ၀ိညာဉ်´ လို့ အမည်ရတဲ့ ဒီဝတ္ထုလေးကို ဆရာ ကျော်မောင်မောင်ဟန်က ရေးခဲ့ပြီး ၂၀၀၇ ခုနှစ်၊ ဧပြီလ ထုတ် ရွှေအမြုတွေ ရုပ်စုံမဂ္ဂဇင်း၊ အမှတ် ၂၁၉ ရဲ့ ရွှေအသစ် ကဏ္ဍမှာ ဖော်ပြပါရှိခဲ့တာပါ။ ကဲ…၊ ခံစားကြည့်ကြပါစို့။


အလည်လွန် ၀ိညာဉ်

`မရတော့ဘူးဗျာ၊ ခင်ဗျားတို့က ဆေးရုံပို့တာ အရမ်းနောက်ကျတာကိုး´

ဆရာဝန်ကြီး စကားအဆုံးမှာ အမေ့ရဲ့ အင့်ခနဲ ရှိုက်သံသဲ့သဲ့ကို သူ ကြားလိုက်ရသည်။ ညီမလေးကတော့ ချုံးပွဲချ ငိုနေလေပြီ။

`သံစူးစူးခြင်း ကာကွယ်ဆေး ထိုးလိုက်ရင် ဒီလို ဖြစ်မှာ မဟုတ်ဘူး။ အခုတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ရေတိမ် နစ်ရရှာပြီ´

`ကျွန်တော်တို့လည်း ဖြစ်ဖြစ်ချင်း သတိပေးပါသေးတယ် ဆရာရယ်။ ဒီကလေးက လိမ္မာသလောက် ခေါင်း အလွန်မာတယ်။ သူရတဲ့ လက်သမားခ လေးတွေကို မကျန်းမာတဲ့ သူ့အမေနဲ့ ညီမ ၁၀ တန်းကျောင်းသူ အတွက်ပဲ ခေါင်းထဲမှာ ရှိတယ်။ မေးခိုင် ကာကွယ်ဆေးလေး တစ်လုံးလောက် ထိုးဖို့ ပိုက်ဆံကို သူ့မှာ မသုံးရက်ဘူး။ သံဆိပ်တက်ပြီး အပြင်းဖျားတာတောင် ဆေးရုံလာဖို့ ငြင်းချည်းပဲနေတာ။ အခု အခြေအနေအထိ ဖြစ်လာမှ ကျွန်တော်တို့လည်း မနေသာတော့ဘဲ ဆေးရုံကို အတင်းလိုက်ပို့ရတာပါ ဆရာရယ်။ အခုတော့ …´

ဆရာဝန်ကြီးနဲ့ ဘေးအိမ်က ဦးကြီးတို့ ပြောနေတဲ့ စကားတွေက သူ့နားထဲမှာ ကြားတစ်ချက် မကြားတစ်ချက်နှင့်။ သူ့တစ်ကိုယ်လုံး ပူပြီး အာခေါင်တွေ ခြောက်ကပ်နေသည်။ သွားတွေ စေ့ပြီး ပါးစပ်လည်း လုံးဝ ဟလို့ မရတော့ပေ။ တစ်ချက်တစ်ချက် မျက်ဖြူလန်သွားပြီး အသိစိတ်တွေလည်း ခန္ဓာကိုယ်နှင့် ခွာလိုက် ကပ်လိုက်ပင်။ သူ့ခန္ဓာကိုယ်ထဲက အားအင်တွေနဲ့ အသိစိတ်ထဲက စွမ်းအင်တွေကို အလွန်နက်ရှိုင်းသော အမှောင်တိုက်ကြီးထဲတွင် ရှိသော တစ်စုံတစ်ရာက ဆွဲယူနေသလို ခံစားရလေသည်။ အချိန်ကြာလာတာနဲ့ အမျှ သူ့ရဲ့ ခုခံနိုင်စွမ်းအားတွေ မရှိသလောက် လျော့ပါးလာသည်။ နောက်ဆုံးမှာတော့ ထိုတစ်စုံတစ်ရာက အနိုင်ရရှိသွားပြီး သူလည်း အလွန်နက်ရှိုင်းသော အမှောင်တိုက်ကြီးထဲသို့ လွင့်မျောသွားလေတော့သည်။

***

သူ သတိရလာသည့် အခါ အမှောင်တိုက်ကြီး မရှိတော့ဘဲ အရာအားလုံးကို လင်းလင်းချင်းချင်း မြင်တွေ့လိုက်ရသည်။ အလွန်ထူးဆန်းစွာပဲ ခံစားနေရသော ဝေဒနာများ လုံးဝမရှိတော့ဘဲ အရမ်း ပေါ့ပါးနေလေသည်။ ထိုအချိန်မှာပဲ သူ့ရဲ့ ဘေးတစ်ဖက်တစ်ချက်ကနေ လက်မောင်းနှစ်ဖက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ခြင်း ခံလိုက်ရသည်။ သူကြည့်လိုက်တော့ အလွန်ထွားကျိုင်းပြီး ကြောက်စရာကောင်းသော လူနီနီကြီး နှစ်ဦး။

`မင်းနာမည် မောင်မောင်ဝေ နော်´

`ဟုတ်… ဟုတ်ပါတယ် ခင်ဗျာ´

လူနီနီကြီး နှစ်ဦး၏ အမေးကို သူ ကြောက်ကြောက်နှင့် ပြန်ဖြေလိုက်သည်။

`မင်း လူ့ပြည်မှာ ကံကုန်သွားပြီ။ ယမမင်းကြီးထံမှာ စစ်ဆေးခံဖို့အတွက် လိုက်ခဲ့ရမယ်။ ငါတို့ကတော့ ယမမင်းကြီးရဲ့ စေတမန်တွေပဲ´

ထိုစကား ကြားလိုက်ရသော အခါ သူ အရမ်း တုန်လှုပ်သွား၏။

`ဒါ… ဒါဆို ကျွန်တော် သေသွားပြီပေါ့´

`ဟုတ်တယ်လေ၊ ဟောဟိုမှာ မင်းရဲ့ ရုပ်ကလာပ် မတွေ့ဘူးလား´

သူ ကြည့်လိုက်တော့ ဆေးရုံရေခဲတိုက်သို့ သွားသည့် စင်္ကြန်လမ်းမှာ ဆေးရုံဝန်ထမ်း တစ်ယောက်က သူသေ အလောင်းတင်ထားသည့် လှည်းကို တွန်းသွားနေသည်။ အမေနှင့် ညီမလေးတို့လည်း ထိုလှည်းနောက်ကနေ ငိုယိုပြီး လိုက်သွားကြတာကို တွေ့လိုက်ရသည်။

`အမေ… အမေ… သား ဒီမှာလေ။ ညီမလေး… ညီမလေး´

သူ ဘယ်လောက်ခေါ်ခေါ် ကြားပုံ မရကြ။ သူလည်း အရမ်းဝမ်းနည်းစွာ ငိုကြွေးလိုက်မိသည်။

`ကဲ… ကဲ… ငိုမနေနဲ့။ အချိန်မရှိဘူး။ သွားကြရအောင်´

လူနီနီကြီး တစ်ဦး၏ သတိပေးသံ အဆုံးတွင် သူ့လက်မောင်းများကို ကိုင်ပြီး လေ၏ လျင်မြန်ခြင်းမျိုးဖြင့် ဆွဲခေါ်သွားကြသည်။ သူ့နားထဲတွင် လေတိုးသံများကိုသာ ကြားရပြီး ဘေးပတ်ဝန်းကျင်ကိုလည်း သဲကွဲစွာ မမြင်ရပေ။ အချိန် အတော်ကြာကြာ သွားပြီးနောက် အလွန်ခမ်းနားသော အဆောက်အုံကြီး တစ်ခုရှေ့သို့ ရောက်ရှိလာကြသည်။

ထိုအဆောက်အအုံထဲတွင် သူမမြင်ဖူးသော လူများကို တန်းစီလျက် တွေ့ရသည်။ ရှေ့တွင်ရှိ အမြင့်တစ်နေရာတွင် အ၀တ်အစား တောက်တောက်ပြောင်ပြောင်ဖြင့် အလွန်ခံညားသော ပုဂ္ဂိုလ်ကြီး တစ်ဦး ထိုင်နေပြီး တန်းစီနေသူများအား အမည်နှင့်တကွ စစ်ဆေးမေးမြန်းနေတာကို တွေ့လိုက်ရသည်။ စစ်ဆေးပြီးသည့်အခါ လူနီနီကြီးများက လာရောက် ခေါ်ဆောင်သွားကြသည်။

ထိုအခါ တချို့က တည်ငြိမ်စွာ လိုက်ပါသွားပြီး တချို့ကတေ့ ကြောက်ရွံ့ တုန်လှုပ်စွာ အော်ဟစ်ရင်း ပါသွားကြလေသည်။ သူ့နောက်တွင်လည်း နောက်ထပ် လူများစွာ ရောက်ရှိလာပြီး တန်းစီနေကြလေ၏။

`မင်းနာမည် မောင်မောင်ဝေ နော်´

သူ့အလှည့်သို့ ရောက်သောအခါ ပုဂ္ဂိုလ်ကြီးက အလွန်အောင်မြင်သော အသံနှင့် မေးလေသည်။

`ဟုတ်ပါတယ်ခင်ဗျာ´

`အသက်က ၂၆ နှစ်၊ လူ့ပြည်မှာတုန်းက မင်းမိန်းမ ကြက်သားရောင်းဖို့ အတွက် ကြက်တွေကို ရေနွေးပူထဲ နှစ်သတ်တဲ့ အလုပ် လုပ်ခဲ့တယ် မဟုတ်လား´

ပထမ သူကြောင်သွား၏။ နောက်တော့မှ ကမန်းကတန်း…

`မ… မဟုတ်ပါဘူး ခင်ဗျာ။ ကျွန်တော် လူ့ပြည်မှာတုန်းက လက်သမားလုပ်တာပါ။ မိန်းမလည်း မရှိသေးပါဘူး။ လူပျိုပါခင်ဗျာ´

`မင်း ဒဂုံတောင်က မောင်မောင်ဝေ မဟုတ်ဘူးလား´

`မဟုတ်ပါဘူး ခင်ဗျာ။ ကျွန်တောင် ပုစွန်တောင်ကပါ´

`ဟေ… ဟုတ်လား၊ နေပါဦး။ ငါကြည့်ပါဦးမယ်´

ပြောပြောဆိုဆို ပုဂ္ဂိုလ်ကြီးလည်း လက်ထဲက ဖိုင်တွဲလို အရာကြီးကို လှန်လှော ကြည့်ရှုပြီးနောက်…

`အေး… ဟုတ်တယ်ကွ။ ငါက ဒဂုံတောင်က မောင်မောင်ဝေကို ခေါ်ခိုင်းလိုက်တာ။ ဟိုကောင်တွေ မင်းနဲ့ မှားပြီး ခေါ်လာတာပဲ။ မင်းက လူ့ပြည်မှာ ကိစ္စတစ်ခု ရှိသေးတယ်။ ပြီးမှ ဒီကို ရောက်ရမှာ။ ကဲ… ဟေ့၊ ဒီကောင့်ကို ပြန်ပို့လိုက်ကြပါကွာ´

ပုဂ္ဂိုလ်ကြီးရဲ့ စကားအဆုံး သူ့ကို ခေါ်လာတဲ့ လူနီနီကြီး နှစ်ဦးကပဲ အလာတုန်းကအတိုင်း ပြန်ခေါ်လာခဲ့ကြလေသည်။

***

ဆေးရုံရှိ ရေခဲတိုက်သို့ ရောက်တော့ ညဥ့်နက်နေပေပြီ။ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်နေပြီး တစ်ချက်တစ်ချက် သံရှည်ဆွဲ၍ အူသော ခွေးအူသံများကိုသာ ချောက်ချားစဖွယ် ကြားရသည်။ ထိုနေရာတွင် အစောင့်ဖြစ်ဟန်တူသော ကိုယ်လုံးထွားထွား အပေါ်ပိုင်း အ၀တ်ဗလာနှင့် ပုဂ္ဂိုလ်တစ်ဦးကို တွေ့ရသည်။ လူနီနီကြီး တစ်ဦးက ထိုပုဂ္ဂိုလ်အား မေးလိုက်သည်။

`မောင်မောင်ဝေရဲ့ ရုပ်ကလာပ် ဘယ်နားမှာ ထားလဲ´

အ၀တ်ဗလာနှင့် ပုဂ္ဂိုလ်ကြီးက သူ့ကို ကြည့်ကာ…

`ဒီကောင်လေးရဲ့ အလောင်းကို ပြောတာလား´

`အေး… ဟုတ်တယ်´

`မရှိတော့ဘူး။ ညနေကပဲ သဂြိင်္ုလ်လိုက်ကြတယ်။ ဆွေမျိုးကလည်း စောင့်စရာ မရှိ။ ပိုက်ဆံကလည်း မရှိနဲ့။ မိန်းမသား နှစ်ယောက်တည်း ဆိုတော့ ၃ ရက် ပြည့်အောင် မထားတော့ဘဲ ရပ်ကွက်က စုပြီး သင်္ဂြိုလ်လိုက်တယ်လို့ ပြောသံကြားတယ်´

`ဟာ… သွားပါပြီကွာ´

ထိုပုဂ္ဂိုလ်ကြီး စကားအဆုံး လူနီနီကြီး တစ်ဦးက အလန့်တကြား ရေရွတ်လိုက်သည်။ သူလည်း ၀မ်းနည်းခြင်းနှင့် ယူကြုံးမရခြင်းများ ပေါင်းစပ်ကာ ငိုကြွေးလိုက်မိသည်။ လူနီနီကြီး နှစ်ဦးနှင့် ရေခဲတိုက်စောင့် ပုဂ္ဂိုလ်ကြီးတို့လည်း သူ့အား နှစ်သိမ့်နိုင်စွမ်း ရှိပုံ မရကြချေ။ အနားကနေပဲ သနားခြင်း ကြီးစွာနှင့် ကြည့်နေကြလေသည်။

သူ ဘယ်လောက် ကြာကြာ ငိုကြွေးမိမှန်း မသိ။ ရေခဲတိုက်ဘက် တွန်းလာသော လှည်းဘီးသံ တဒုန်းဒုန်းကြားမှ သူ ကြည့်လိုက်တော့ လှည်းပေါ်မှာ လူသေ အလောင်းတစ်လောင်းကို ပိတ်ဖြူအုပ်လျက် တွေ့ရသည်။ ရေခဲတိုက်ရှေ့ရောက်သောအခါ လှည်းတွန်းလာသူသည် လှည်းကိုရပ်ကာ ရုံးခန်းလို အခန်းလေးထဲသို့ ၀င်သွား၏။

ပြန်ထွက်လာတော့ လူနာစောင့် ဖြစ်ပုံရသော ကုလားကြီး တစ်ယောက် သော့တွဲများ ကိုင်လျက် လိုက်ပါလာ၏။ နှစ်ယောက်သား စကားတပြောပြောနှင့် ရေခဲတိုက် တံခါးဖွင့်ကာ အလောင်းထည့်ပြီးနောက် လှည်းတွန်းလာသူလည်း လှည်းကို ဆေးရုံဘက် ပြန်တွန်းသွားသလို ကုလားကြီးလည်း ရုံးခန်းလေးထဲ ပြန်ဝင်သွားလေသည်။ သူတို့ ပြောစကားများအရ စောစောက အလောင်းသည် ကားမှောက်ပြီး သေသွားသော မိန်းကလေး တစ်ယောက်ဖြစ်ကြောင်း သိလိုက်ရသည်။ ထိုအချိန်တွင် လူနီနီကြီး တစ်ဦးက ရုတ်တရက်…

`ဟာ… ဟုတ်ပြီ´

နောက် တဦးကလည်း တစ်ခုခုကို သဘောပေါက်လိုက်ပုံဖြင့်

`အေး… ငါလည်း စဉ်းစားလို့ရပြီ။ လာ… လာ အချိန်ရှိတုန်း သွားကြမယ်´

သူ့မှာ ခေါ်ရာနောက်သို့သာ ကြောင်တောင်တောင်နှင့် ပါလာ၏။ ဆေးရုံရှိ ထိခိုက်ဒဏ်ရာ အထူးကြပ်မတ် ကုသဆောင်နားရောက်မှ လူနီနီကြီး တစ်ဦးက…

`မင်းက လူ့ပြည်သက်တမ်း မကုန်သေးတော့ ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် လူ့ပြည်ကိုရောက်အောင် ပြန်ပို့ပေးဖို့ ငါတို့မှာ တာဝန်ရှိတယ်လေ။ မင်းရဲ့ ခန္ဓာကိုယ်ကလည်း မရှိတော့ဘူး ဆိုတော့ လူ့ပြည် ပြန်ရောက်ဖို့ ဒီတစ်နည်းပဲ ရှိတော့တယ်´

`ဘယ်လို နည်းလဲဗျ´

သူ စိတ်လှုပ်ရှားစွာ မေးလိုက်တော့…

`အဲဒါကတော့ ပူပူနွေးနွေး အသက်ထွက်ခါစ ရုပ်ခန္ဓာကိုယ်ထဲကို မင်းရဲ့ စိတ်ဝိညာဉ် ၀င်လိုက်ဖို့ပဲ။ ဒီလိုမှ မဟုတ်ရင် မင်းဝိညာဉ် ဘ၀နဲ့ အချိန်အတိုင်းအတာ တစ်ခုအထိ နေသွားရလိမ့်မယ်´

သူ ခဏ တွေဝေသွားသည်။ ဒါပေမယ့် ၀ိညာဉ် ဘ၀နဲ့လည်း မနေချင်ပြန်။ နောက်တော့မှ သူတို့ ပြောသလိုဆိုရင် ဘာပဲဖြစ်ဖြစ် လူ့ဘ၀တော့ ပြန်ရဦးမှာပဲ ဟု စဉ်းစားမိပြီး ထိုအစီအစဉ်ကို လက်ခံလိုက်ရသည်။

`ဒါဆိုရင် ဒီအခန်းတွေမှာ ရှိတဲ့ မကြာခင် လူ့ပြည် သက်တမ်းကုန်တော့မယ့် သူတွေကို ငါတို့ လိုက်ပြမယ်။ မင်းကြိုက်တဲ့ ခန္ဓာထဲ ၀င်ပေါ့ ဟုတ်လား´

သူ ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူတို့ တစ်ခန်းဝင် တစ်ခန်းထွက် လျှောက်ကြည့်ကြလေသည်။ ပထမဆုံး အခန်းတွင် အသက် ၅၀ ခန့် ရှိမည့် မိန်းမကြီးကို တွေ့ရသည်။ စောစောက သေသွားတဲ့ ကောင်မလေးနှင့် အတူ ကားမှောက်သည့် အထဲမှာ ပါကြောင်း သိရသည်။ လူနီနီကြီး တစ်ဦး၏ `ဘယ်လိုလဲ´ ဆိုသည့် အမေးကို သူ ကမန်းကတန်း ခေါင်းခါပြလိုက်ရ၏။ ယောက်ျားစင်စစ်ကနေ မိန်းမဘ၀ ရောက်ရမည့် အထဲ အသက် ၅၀ လောက် အိုရမယ်ဆိုတော့ သူ တွန့်သွားမိသည်။

နောက် တစ်ခန်းတွင်တော့ အသက် ၁၀ နှစ်လောက် ရှိသော ကောင်လေး တစ်ယောက်။ သစ်ပင်ပေါ် တက်ဆော့ရင်း ပြုတ်ကျ၍ ဆေးရုံရောက်လာကြောင်း သိရသည်။ အသက် ငွေ့ငွေ့လေးသာ ရှိတော့သည့် ကောင်လေးအား သူ သနားမိပေမယ့် အဲဒီလောက်လည်း ပြန်မငယ်ချင်ပေ။

ဒီလိုနှင့် တစ်ခန်းဝင် တစ်ခန်းထွက် ကြည့်လာကြရင်း မိုးလင်းခါနီးတွင် ဆိုင်ကယ်မှောက်ပြီး ရောက်လာသူ၏ အခန်းသို့ သူတို့ ရောက်ရှိခဲ့ကြသည်။ ခေါင်းတစ်ခုလုံး ပတ်တီး အဖွေးသားနှင့် အသက်ကတော့ သူနှင့် မတိမ်းမယိမ်းလောက် ရှိမည်ထင်သည်။ အနားတွင် တအင့်အင့် ငိုကြွေးနေသော အမေဖြစ်ပုံရသူ မိန်းမကြီးအား အဖေဖြစ်ပုံရသော လူကြီးက နှစ်သိမ့်နေလေသည်။

မိန်းမကြီး၏ လည်ပင်းတွင် လက်သန်းလုံးခန့် ရှိမည့် စိန်လော့ကက်သီးတပ် ဆွဲကြိုးကြီးနှင့် လက်မှာလည်း လက်ကောက်တွေ မြင်မကောင်းအောင် ၀တ်ထားသည်။ လက်စွပ်တွေ နားကပ်တွေကလည်း စိန်တွေ ဖြစ်မည်။ တလက်လက်နှင့် မျက်စိကျိန်းလောက်ပေသည်။ နှစ်သိမ့်နေသော လူကြီး၏ လက်ချောင်းတွေမှာလည်း လက်စွပ်ကြီးများ ပြူးနေသည်။ ချိုင်းတွင် ညှပ်ထားသော ပိုက်ဆံအိတ်ကြီးလည်း ဖောင်းကားလျက်။

ထိုအရာများကို မြင်ရသောအခါ သူ့လောဘစိတ်တို့ တရိပ်ရိပ် တက်လာသည်။ သူ လူ့ဘ၀တုန်းက အခြေအနေနှင့် ခုတင်ပေါ်က လူနာ၏ ဘ၀ အခြေအနေကို နှိုင်းယှဉ်ကြည့်လျှင် မိုးနှင့် မြေလို ကွာခြားလွန်းလှသည်။ တစ်နေ့တစ်နေ့ ရသည့် လုပ်အားခလေးကို အမေ့ဆေးဖိုး၊ ညီမလေး ကျောင်းစရိတ်၊ အိမ်းစားစရိတ် စတာတွေ သုံးရတာနှင့်ပဲ သူ့ဘ၀ နာလန်မထူနိုင်ခဲ့ပေ။ ဒီလူနာကျတော့ ဒီလိုမဟုတ်။ မိဘကလည်း ချမ်းသာ၊ တစ်ဦးတည်းသော သားလေးဖြစ်၍ အလိုက်လိုက်ထားတော့ ဘီယာမူး၊ ဆိုင်ကယ်မှောက်ကာ ဆေးရုံသို့ ရောက်လာကြောင်း သိရသည်။

`ဘယ်လိုလဲ မောင်မောင်ဝေ၊ ဒီ တစ်ယောက်တော့ အဆင်ပြေမယ် ထင်တယ်´

လူနီနီကြီး တစ်ဦး၏ စကားအဆုံး စောစောက အမောဖောက်နေသော ထိုလူနာ ရုတ်တရက် အသက်ရှူ ရပ်သွားသည်။ ဆရာဝန်နှင့် သူနာပြုများလည်း နှလုံးနှိုးစက်နှင့် နှိုးသူနှိုး၊ အောက်ဆီဂျင် ပေးသူပေးနှင့် ပြာလောင်ခတ်သွားကြသည်။

သူတို့ ပြုစုနေတုန်းမှာပင် ထိုလူနာ၏ ၀ိညာဉ်သည် ၎င်း၏ ခန္ဓာကိုယ်မှ ထွက်လာသည်ကို တွေ့လိုက်ရသည်။ သူတို့အား တွေ့လိုက်ရသည့်အခါ အလွန်အံ့သြစွာ ကြည့်နေ၏။ ထိုအချိန်မှာပဲ နောက်ထပ် လူနီနီကြီးနှစ်ဦး ထပ်မံရောက်ရှိလာပြီး ၎င်းအား တစ်ဖက်တစ်ချက်ကိုင်ကာ ဆွဲခေါ်သွားကြလေသည်။

`မောင်မောင်ဝေ၊ မင်း ဒီခန္ဓာကိုယ်ထဲ ၀င်မယ်ဆိုရင်တော့ အချိန်ကောင်းပဲ။ အသာလှဲချလိုက်၊ ဒါပေမယ့်…´

သူ ဘာမှ စဉ်းစားမနေတော့။ စကားမဆုံးခင်မှာပဲ ထိုခန္ဓာကိုယ်ပေါ်သို့ ဒိုင်ဗင် ထိုးချလိုက်တော့သည်။

***

သူ သတိရလာတော့ ခန္ဓာကိုယ်တစ်ခုလုံး နာကျင်နေပြီး ဦးခေါင်းမှာလည်း အလွန်နာကျင် ကိုက်ခဲလျက် ရှိသည်။

`အမလေး… သားလေး၊ သားလေး သတိရလာပြီ။ ကျေးဇူးတင်လိုက်တာ ဆရာကြီးတို့ရယ်´

မိန်းမကြီးမှာ ၀မ်းသာလွန်းစွာ ဆရာဝန်များအား ထိုင်ကန်တော့ရှာသည်။ ပိုက်ဆံအိတ် ချိုင်းကြား ညှပ်ထားသော လူကြီးကတော့ သူ့အနားတွင် ရပ်ရင်း ညင်သာစွာဖြင့်…

`သား သတိရလာပြီနော်။ နေသာရဲ့လား သား။ ဖေဖေတို့ အနားမှာ ရှိတယ်။ ငါ့သား ဘာမှ အားမငယ်နဲ့။ ဟုတ်လား´

`ဒီက အစ်ကိုကြီးတို့ အစ်မကြီးတို့ကလည်း တစ်ညလုံးစောင့်ရတာ ပင်ပန်းနေရောပေါ့။ ခဏလောက်ဖြစ်ဖြစ် နားလိုက်ကြပါဦး။ လူနာက ခေါင်းလည်း ထိထားတော့ စကားတွေ အများကြီး အာရုံနောက်အောင် မပြောပါနဲ့ဦး။ အသက်အန္တရာယ်တော့ မစိုးရိမ်ရတော့ပါဘူး´

ဆရာဝန်ကြီးရဲ့ စကားအဆုံး အဖေဖြစ်တဲ့ လူကြီးက…

`ဟုတ်ကဲ့ပါ ဆရာ၊ သားလေးကို အခုလို ကယ်တင်ပေးတဲ့အတွက် ဖော်မပြနိုင်လောက်အောင် ကျေးဇူးတင်ပါတယ် ဆရာရယ်´

`ဘယ်လူနာဖြစ်ဖြစ် အစွမ်းကုန် ကယ်တင် ကုသပေးရမှာ ကျွန်တော်တို့ ဆရာဝန်တွေရဲ့ တာဝန်ပါပဲဗျာ။ ကဲ… ကဲ ကျွန်တော့်ကို ခွင့်ပြုကြပါဦး။ အရေးအကြောင်းရှိရင် ရုံးခန်းကို လာခေါ်ပေါ့။ အနာသက်သာအောင် ဆေးတစ်လုံး ထိုးပေးခဲ့တယ်။ လူနာ အိပ်ချင် အိပ်နေပါစေ´

ဆရာဝန်ကြီး ထွက်သွားပြီး ခဏအကြာ ဆေးရှိန်ကြောင့် သူ့မျက်ခွံများ လေးလံလာတာမို့ အသာ မျက်စိမှိတ်ထားရင်းက နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။ ညနေပိုင်း အိပ်ရာက နိုးလာသည့် အခါမှာတော့ ဝေဒနာတွေ အတော်သက်သာနေပြီး လူကလည်း လန်းလန်းဆန်းဆန်း ရှိနေသည်။ လက်ရှိ အမေဖြစ်သူကတော့ အနားကနေ သူမသိတဲ့ အကြောင်းအရာများကို ပြောပြနေသည်။ သူ့မှာ ခေါင်းက ဒဏ်ရာကို အခွင့်ကောင်းယူပြီး စမ်းတ၀ါးဝါးနဲ့သာ ရေလိုက် ငါးလိုက် လုပ်နေရသည်။

`သားလေး သတိမရသေးတာတွေကို ဖြည်းဖြည်းမှ စဉ်းစား သိလား။ လောလောဆယ် ဖေဖေနဲ့ မေမေတို့ကို မှတ်မိရင် တော်ပါပြီကွယ်´

မိန်းမကြီး စကားကြောင့် သူ့မှာ မလုံမလဲနှင့် စိတ်မကောင်းလည်း ဖြစ်ရသည်။ သူတို့မှာ ဒီသားလေး တစ်ယောက်ကို ဘယ်လောက်တောင် ချစ်သလဲ ဆိုရင် စပါယ်ရှယ်နာ့စ် နှင့် အထူးခန်းမှာ စိတ်ချနိုင်ပါလျက် အိမ်ကို မပြန်နိုင်ဘဲ နှစ်ယောက်လုံး ဒုက္ခခံပြီး အနားတွင် စောင့်ရှောက်နေရှာသည်။

ခဏနေတော့ အဖေဖြစ်တဲ့ လူကြီး ဆေးဝယ်ရာက ပြန်လာပြီး သူ့ခုတင်နားတွင် ၀င်ထိုင်လိုက်သည်။ ပြီးတော့ သူ့အား အားပေးစကားများ ပြောရှာသည်။ မိဘနှစ်ယောက် ဘယ်လောက်အထိ သည်းလသလဲ ဆိုရင် သူ့ရဲ့ ဆေးမသွင်းဘဲ အားနေတဲ့ လက်တစ်ဖက်ကို အလွတ်မပေးဘဲ တစ်လှည့်စီ ကိုင်ထားကြလေသည်။ သူ့မှာ ဟိုနားဒီနား ယားမလို့ ကုတ်မည်ပြင်တာတောင် သူတို့ကိုယ်တိုင်ပဲ လုပ်ပေးကြသည်။ ကြာတော့ သူ့မှာ မနေတတ်မထိုင် ဖြစ်လာရတော့သည်။

`သားလေး၊ ဗိုက်ဆာနေရောပေါ့။ အားရှိသွားအောင် ကြက်စွပ်ပြုတ်လေး သောက်လိုက်နော်´

မိန်းမကြီးက ပြောပြောဆိုဆို ကြက်စွပ်ပြုတ်ကို ကိုယ်တိုင်တိုက်သည်။ သူ့ဘ၀မှာ ဒီလောက်ကောင်းတဲ့ စွပ်ပြုတ်မျိုး တစ်ခါမှ မသောက်ဖူးတာတော့ သေချာပါသည်။ ပြီးတော့ နာ့(စ်)မလေး ဆေးလာတိုက်လေသည်။

ခဏ ကြာတဲ့အခါမှာ အိပ်ချင်လာတာနဲ့ပဲ သူ နောက်တစ်ကြိမ် အိပ်ပျော်သွားပြန်ပါသည်။

***

မနက်စောစော သူ အိပ်ရာက နိုးတော့ အဖေနဲ့ အမေ နှစ်ယောက်လုံးကို ထိုင်လျက်သား တွေ့လိုက်ရသည်။ သူကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ရသလောက် သူတို့မှာ အနားမယူနိုင်ကြပါလားဟု တွေးမိပြီး စိတ်မကောင်း ဖြစ်ရပြန်သည်။ မျက်နှာသစ် သွားတိုက်နှင့် တယုတယ လုပ်ပေးပြီး ပြန်ကြတဲ့အခါမှာ သူ ဆီးသွားချင်လာသည်။

`ဟို… ကျွန်… ကျွန်တော် အပေါ့သွားချင်တယ်´

သူ့စကားသံ အဆုံးမှာ လင်မယား နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ပြိုင်တူကြည့်လိုက်ကြလေသည်။ အဖေဖြစ်သူက ကမန်းကတန်းနှင့်…

`သား… အပေါ့သွားချင်ရင် ဖေဖေ စောင်အောက်ကနေ ဆီးအိုးထည့်ပေးမယ်။ အဲဒီအတိုင်း သွားပေါ့။ ဟုတ်လား´

`ဟင့်အင်း၊ ကျွန်တော် ထိုင်ပြီး သွားချင်တယ်´

သူ ငြင်းတော့ နှစ်ယောက်သား အကြည့်ချင်း ဆုံကြပြန်လေသည်။ ဆီးသွားဖို့ ကိစ္စလေးကို သူတို့အတွက် ဘာတွေများ ခက်ခဲနေပါလိမ့် ဟု သူ့မှာ နားမလည်နိုင်အောင် တွေးမိရသည်။

`ဒါဆို မေမေပါ ၀ိုင်းထူပေးမယ်နော်´

ပြောပြောဆိုဆိုနှင့် နှစ်ယောက်သား သူ့အား ထူလိုက်ကြသည်။ ထိုင်ပြီးတဲ့ အခါ အမေဖြစ်သူက ဆေးသွင်းထားသည့် လက်ကိုကိုင်ပြီး အဖေဖြစ်သူက တခြားလက်ကို ကိုင်လျက်ကနေ ဆီးအိုးကို စောင်အောက် ထည့်ပေးသည်။ ဒါပေမယ့် သူ သွားလို့ မရ။

`ဟို… မေ… မေမေ အပြင်ခဏ ထွက်ပေးပါ´

သူ့မှာ ပထမဆုံးအကြိမ် အဖြစ် မလုံမလဲနဲ့ပဲ မိန်းမကြီးအား `မေမေ´ ဟု ခေါ်လိုက်ရသည်။

`သားအမိချင်းပဲဟာ သားရယ်။ ရှက်စရာမှ မဟုတ်တာ´

`ဟင့်အင်း၊ ကျွန်တော် သွားလို့ မရဘူး´

`အေး၊အေး ဒါဆို မေမေထွက်ပေးမယ်။ အဖေကြီး သားကို ဂရုစိုက် ကိုင်ထားနော် ကြားလား´

မိန်းမကြီးမှာ သူ့ယောက်ျားကို အဓိပ္ပာယ် တစ်မျိုးနှင့် ကြည့်ပြီး မထွက်ချင် ထွက်ချင် ထွက်သွားသည်။ မိန်းမကြီး ထွက်သွားပြီးမှ သူ့မှာ ရှောရှောရှူရှူနှင့် ဆီးသွား၍ ရလေသည်။ ပြီးနောက် အဖေဖြစ်သူမှာ လက်တစ်ဖက်က သူ့အား ထိန်းကိုင်ရင်း ဆီးအိုးကို ခုတင်အောက်တွင် ပြန်ထားလေသည်။ ထိုအချိန် ကိုင်မထားဘဲ လွတ်နေသည့် ဆေးပိုက်တန်းလန်းနှင့် လက်ကို သူ့ ဒူးခေါင်း နေရာပေါ် တင်လိုက်မိသည်နှင့် လက်က ဒူးခေါင်းနေရာကို ကျော်ပြီး ခုတင်ပေါ် အထိ ရောက်သွားသည်။

`ဟာ… ကျွန်တော့် ခြေထောက်…´

သူ အလန့်တကြား နောက်တစ်ဖက်ကို စမ်းလိုက်သည့်အခါ…

`ဟာ… ကျွန်တော့်ရဲ့ ခြေထောက်တွေ၊ ကျွန်တော့်ရဲ့ ခြေထောက်တွေရော´

သူ့ အော်သံ ကြားတဲ့အခါ မိန်းမကြီး အပြေးအလွှား ၀င်လာကာ…

`သား… သားလေးရယ်´

ဆိုပြီးနောက် သူ့အား ဖက်ကာ ငိုပါတော့သည်။ အခုမှ သူ မတင်မကျ ဖြစ်နေရသော အကြောင်းကို ရှင်းရှင်းလင်းလင်း အသေးစိတ် သိလိုက်ရသည်။ သူ့ခြေထောက် နှစ်ဖက်လုံး ဒူးအထက်ကနေ တိတိရိရိ ပြတ်နေကြပါလား။

`ကျွန်တော့် ခြေထောက်တွေရောဗျာ´

သူ့မှာ အရူးတစ်ယောက်လိုပင် အော်ဟစ်နေမိသည်။

`သတိထားပါ သားရယ်၊ ဆိုင်ကယ်မှောက်တဲ့ အရှိန်က အရမ်း ပြင်းတယ်လေ။ သားရဲ့ ခြေထောက် နှစ်ဖက်စလုံး ရစရာ မရှိအောင် ကြေမွသွားလို့ ဖေဖေတို့မှာ ရင်နာနာနဲ့ ဖြတ်ပစ်ဖို့ သဘောတူခဲ့ရတာပါ သားရယ်။ ဖေဖေတို့ကို ခွင့်လွှတ်ပါ´

အဖေဖြစ်သူ လူကြီးမှာ မျက်ရည်စက်လက်နှင့် ရှင်းပြရှာသည်။

`မဟုတ်ဘူး။ မဟုတ်ဘူး။ ကျွန်တော် မဟုတ်ဘူး။ ကျွန်တော် မှားပြီဗျ။ ကျွန်တော် မှားပြီဗျ´

သူ အော်ဟစ်ရင်း ချုံးပွဲချ ငိုကြွေးမိသည်။ လင်မယား နှစ်ယောက်ခမျာ သူ ဘာကို ဆိုလိုမှန်း နားမလည်ဘဲ သူ့ကိုသာ အမျိုးမျိုး ချော့မော့ နှစ်သိမ့်နေကြသည်။ လောဘစိတ် တခုကြောင့် မဆင်မခြင် လုပ်လိုက်မိတာလေးအတွက် ယခုလောက် မှားယွင်းသွားလိမ့်မည်ဟု မထင်ခဲ့မိပေ။ ထိုစဉ် ခုတင် ခြေရင်း၌ လူနီနီကြီးနှစ်ဦး ရုတ်တရက် ပေါ်လာသည်။

`ဘယ်လိုလဲ မောင်မောင်ဝေ။ မင်းက ငါတို့ စကားကို ဆုံးအောင်မှ နားမထောင်ဘဲ။ ခုတော့ ငါတို့လည်း ဘာမှ မတတ်နိုင်တော့ဘူး။ ၀ဋ်ကြွေးလို့ပဲ သဘောထားလိုက်ပေါ့ကွာ။ မင်းရဲ့ လူ့ဘ၀ သက်တမ်း ကုန်တဲ့နေ့ကျမှ ငါတို့ လာခဲ့မယ်။ အခုတော့ သွားပြီဟေ့´

လူနီနီကြီး နှစ်ဦးလည်း ပြောပြီးတာနှင့် ပျောက်သွား၏။ အခုမှ သူ့အား စစ်မေးခဲ့သော အ၀တ်အစား တောက်တောက်ပြောင်ပြောင်နှင့် ပုဂ္ဂိုလ်ကြီး၏ `မင်းက လူ့ပြည်မှာ ကိစ္စတစ်ခု ရှိသေးတယ်´ ဆိုသည့် စကားကို ပြန်ကြားယောင်မိလာသည်။

သူ၏ အတိတ်ဘ၀က ဘာလုပ်ခဲ့မှန်း မသိသည့် မကောင်းမှု ၀ဋ်ကြွေးများကို ခြေထောက်နှစ်ဖက် ပြတ်နေသည့် ဒုက္ခိတ ဘ၀ကြီးနှင့် ဘယ်လောက် ကြာကြာ ပေးဆပ်ရမည် မသိပေ။ အခုတော့ လူနီနီကြီး နှစ်ဦး နောက်တစ်ကြိမ် ပြန်လာခေါ်မည့် အချိန်အား စောင့်နေရုံက လွဲ၍ ဘာမှ မတတ်နိုင်တော့။ သူ့မှာ စိတ်ပျက်အားငယ်စွာနဲ့ပဲ လူနီနီကြီး နှစ်ဦးတို့အား တကြော်ကြော် အော်ခေါ်နေမိပါတော့သည်။

`လူနီနီကြီးတို့ရေ၊ ကျွန်တော့်ကို လာခေါ်ကြပါဗျာ။ ကျွန်တော့်ကို လာခေါ်ကြပါ´


ကျော်မောင်မောင်ဟန်