Saturday, July 21, 2007

လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း…(၄)

ရေးသူ - ၀င်းနိုင်ဦး ၏ ထိုစာအုပ်ကို ကျနော် ကလိုစေးထူးမှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

`အေး၊ ဒီလိုမှပေါ့ကွ။ မင်း ရေ ရမယ်´

ကျနော်လည်း အခုမှ သက်ပြင်းချမိတယ်။ သူ ဘာလို့ လက်ခံသွားပါလိမ့်။ မသိဘူး။ ကျနော့်မှာ အူကြောင်ကြောင်နဲ့။ ဒါပေမယ့် သေချာတာကတော့ ကျနော် ABSDF ဗဟိုကို တင်ခဲ့တဲ့ အစီရင်ခံစာ သူတို့ ရထားတယ် ဆိုတာ မဟုတ်နိုင်တော့ဘူး။ ဒါပေမယ့် အဲဒီ အစီခံစာ အကြောင်းနဲ့ စာမျက်နှာ အရေအတွက် သူ ဘယ်လိုလုပ် သိနေတာပါလိမ့်။ စာမျက်နှာ ခြောက်ဆယ်ကျော် ဆိုတာလည်း ဟုတ်နေတယ်။ သူက တံခါးပိတ်ပြီး ပြန်ထွက်သွားတယ်။ ခဏကြာတော့ ပြန် ၀င်လာတယ်။ ကျနော့်ရှေ့ ရေတခွက် ချပေးတယ်။

`ခေါင်းစွပ် အောက်နားစကို ငါ အသာ မ ပေးမယ်။ ငါ့ကို မော့မကြည့်နဲ့။ သောက်´

ခက်တာက ကျနော့်ကို လက်ထိပ် ချွတ်မပေးတာဘဲ။ လက်ထိပ်ကလည်း နောက်ပြန်ခတ်ထားတာ။ ရှေ့မှာ ရေခွက်ကို တွေ့တယ်။ လက်ဖက်ရည် အကြမ်းပန်းကန် အသေးလေး တလုံးပါ။ ဒါနဲ့ ကျနော်လည်း ကိုယ်ကို ရှေ့ကိုကုန်း၊ ပန်းကန်လုံး နှုတ်ခမ်းကို ပါးစပ်နဲ့ တေ့ပြီး၊ ၀က်တကောင်လို ရေကို `ပြွတ်´ ခနဲ စုပ် သောက်လိုက်တယ်။ တ၀က်လောက်ပဲ သောက်ရသေးတယ်။ `တော်ပြီ´ ဆိုပြီး ပန်းကန်လုံးကို ဆွဲယူသွားတယ်။ ကျနော်က `ရေပေးပါ´ လို့ ပြောတယ်။ `ဆက် မပြောနဲ့´ တဲ့။ ကျနော် တော်တော် စိတ်ဓာတ်ကျသွားတယ်။ သူက မေးခွန်းတွေ ဆက်မေးတယ်။

***

ဒီလိုနဲ့ နေရင်း အတော်ကြာတော့ ကျနော် စိတ်ကူး တခု ရလာတယ်။ ဒါနဲ့ `အိမ်သာ တက်ချင်တယ်´ လို့ သူ့ကို ပြောလိုက်တယ်။ `သောက်ရေးထဲမှာ´ လို့ သူက ပြောပြီး ကျနော့်ကို လက်ထိပ် ဖြုတ်ပေးတယ်။ တွဲပြီး လိုက်ပို့ပေးတယ်။

အိမ်သာထဲရောက်တော့ တံခါးပိတ်။ ခေါင်းစွပ် ချွတ်လိုက်တယ်။ ဒေါင့်မှာ (ညစ်ညစ်ပတ်ပတ်) မြေအိုး နှုတ်ခမ်းပဲ့လေး တလုံးတွေ့တယ်။ အိမ်သာ သုံးဖို့ရေ။ ဒါနဲ့ အိုးထဲကို ကြည့်လိုက်တော့ ကျနော် ကံဆိုးတယ်။ ရေက အကပ်အသပ်လေးပဲ ကျန်နေတာ။ အပေါစား အိမ်သာက ရေဆိုတော့ ညစ်ကလည်း ညစ်ပတ်နေသေး။ မတတ်နိုင်ဘူး။ အိုးမှုတ်ခွက်ကိုယူ၊ ရေကို ခြစ်ပြီး ခပ်လိုက်တော့ `ဂျစ်´ ခနဲ အသံ မြည်သွားတယ်။

`၀ုန်း´ အိမ်သာကို အပြင်ကနေ ဟိုလူ အုတ်ခဲနဲ့ လှမ်းထုလိုက်တာပါ။

`ထွက်စမ်း၊ ငါ -မသား။ အိမ်သာရေ သောက်မလို့ မဟုတ်လား။ ခုချက်ချင်းထွက်၊ မအေ-´

ဟာ။ ဘာပြောကောင်းမလဲ။ အယုတ်တ အနတ အော်ကြီးဟစ်ကျယ်၊ မကြားဝံ့ မနာသာတွေ ဆဲဆိုနေလိုက်တာ အိမ်သာရှေ့မှာ ဆူညံနေတာပဲ။ ကျနော်လည်း အလန့်တကြားနဲ့ လက်ထဲက အုန်းမှုတ်ခွက် လွတ်ကျသွားပြီး အိမ်သာထဲကနေ ကမန်းကတန်း ထွက်ရတယ်။

(ကျနော် စဉ်းစားကြည့်တယ်။ သြော်- အိမ်သာရေကိုတောင် ဒီလူတွေ မသဒ္ဓါကြပါလားလို့။ တော်ပါသေးရဲ့။ မရိုက်လို့။ အရိုက်ကလည်း မခံနိုင်တော့လောက်အောင်ပဲ။ ရိုက်လိုက်ရင် အသားတွေ ပဲ့ကျ။ ကြွေကျတော့မလားတောင် ထင်ရတာ။)

ကျနော့်ကို ထောက်လှမ်းရေး (၁၄) (ထောင်ထဲရောက်ပြီးမှ အဲဒီ နံပါတ်ကို သိရတာပါ။) မှာ စစ်တာ၊ ရေ နှစ်ရက်လား သုံးရက်လား မသိဘူး။ မတိုက်ဘူး။ ထမင်း သုံးရက် မကျွေးဘူး။ လေးရက်စလုံး မအိပ်ရဘူး။ (နောက်ပိုင်း ပြန်စဉ်းစားကြည့်မှ သိရတာပါ။) နေ့တွေ ညတွေလည်း မကွဲဘူး။ မေးခွန်းတွေ၊ ဆဲဆိုသံတွေ၊ ရိုက်နှက်တာတွေနဲ့ပဲ တချိန်လုံး ပြည့်နှက်နေတာ။

မေးတာမှာ အဖွဲ့ နှစ်ဖွဲ့ရှိတယ်။ တဖွဲ့က ပြေပြေလည်လည် အဖွဲ့ပါ။ သူတို့က ယဉ်ယဉ်ကျေးကျေး ဆက်ဆံတယ်။ ချော့တယ်။ ကိုယ့်မိသားစုကို ငဲ့ညှာဖို့၊ ကိုယ့်ရှေ့ရေးကို တွေးဖို့။ ကျောင်းသား ခေါင်းဆောင်တွေထဲက ဘယ်သူ ဘယ်ဝါတွေဆိုရင် လက်ဖျားနဲ့တောင် မထိရသေးဘူး။ အကုန်ပြောတာ။ သမိုင်းစာအုပ်ထဲက သူရဲကောင်းတွေလို လုပ်နေလို့ ဘာထူးမလဲ ဘာညာ။ စသဖြင့် ပြောတယ်။ ပျော့ပျော့လေးနဲ့ ခြောက်တယ်။ ဖြေတာကို စိတ်ရှည် လက်ရှည်နဲ့ နားထောင်တယ်။ (လိမ်ပြောတာကိုလဲ လိမ်နေမှန်း သူတို့ သိနေရင်တောင် ငြိမ်ပြီး နားထောင်တယ်။)

သူတို့ ထွက်သွားပြီးရင်တော့ နောက်တဖွဲ့ ၀င်လာပါရော။ (မမြင်ရတော့ သူတို့ပဲ ဖြစ်ရင် ဖြစ်နေမှာ။) တကယ့် သမတ လူကြမ်းအဖွဲ့။ ကြမ်းလိုက်တာ ကမ်းကုန်ရော။ ၀င်လာကတည်းက တံခါးကို ၀ုန်းခနဲ ဆောင့်ကန်ဖွင့်၊ အသံကုန်အော်ပြီး ၀င်လာ။ လူကို တွေ့တာနဲ့ မဟားဒယားရိုက်၊ နောက်ကနေ ဆောင့်ကန်၊ ခုံနဲ့ ရှေ့က စားပွဲကြား လူက ညပ်လို့။ တခါတခါ ခုံပေါ်ကနေ လွင့်စင်ကျ၊ ကြမ်းပေါ်မှာလဲ အလဲလဲ အပြိုပြိုဖြစ်၊ ၀ိုင်းကန်၊ အော်ဟစ်ဆဲဆို၊ အသံမျိုးစုံ။ အို… ဆူညံနေတာပဲ။ လူက ဘယ်လိုဘယ်လို ဖြစ်သွားမှန်းကို မသိဘူး။ ထူပူ၊ အံ့သြ၊ အဝေးကြီးကို လွင့်စင်ထွက်သွားသလို ခံစားရ။ ပြီးတော့ မေးခွန်းတွေ မေးလိုက်။ ရိုက်လိုက်၊ မေးလိုက်၊ ရိုက်လိုက်။ မေး။ ရိုက်…။

ဖြစ်ရပ်တခုကို ကျနော် မှတ်မိနေပါသေးတယ်။ ဆရာဝန်နဲ့ ပတ်သက်တဲ့ ကိစ္စပါ။ အဖမ်းခံရတုန်းက ကျနော် ၀မ်းတွေ လျှောနေတယ်။ ငှက်ဖျားကလည်း ပြန်ထချင်ချင်။ ထောက်လှမ်းရေး ရောက်ပြီး ကျနော့်အထင် နှစ်ရက်လောက်လား အကြာမှာ ကျနော် တကိုယ်လုံး ခြစ်ခြစ်တောက် ပူလာတယ်။ ကျနော် ဖျားနေပြီ။ ကျနော် သူတို့ကို ပြောတယ်။ ဒါနဲ့ သူတို့က ဆရာဝန် ခေါ်လာတယ်။

ဆရာဝန်လာတော့ ကျနော့်ကို ဆေးစစ်တယ်။ ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေနဲ့ နာနာကျင်ကျင်၊ ဒုက္ခရောက်နေချိန်မို့လား မသိဘူး။ အဲဒီ အချိန်တုန်းကလောက် ဆရာဝန် တယောက်အပေါ် အားကိုးစိတ်၊ ချစ်ခင်စိတ် ပေါ်သလိုမျိုး အရင်တုန်းက တခါမှ ပေါ်ခဲ့ဖူးမယ် မထင်ဘူး။ ထောက်လှမ်းရေး ရောက်ပြီးမှ လူသားဆိုတာကို ပထမဆုံး အကြိမ် ပြန် မြင်ရသလိုမျိုး စိတ်ထဲ ခံစားရတယ်။ ဆရာဝန်က ကျနော့်ကို စမ်းသပ်တယ်။ ပြီးတော့ ထောက်လှမ်းရေးကို ကျနော့်ကို တိုက်ဖို့ ဆေးတချို့ ပေးတယ်။ ပြီးတော့ ပြောသွားတယ်။

`ဖျားတော့ ဖျားနေတယ်။ ဒါပေမယ့် ဆက်ပြီး မေးလို့၊ စစ်လို့ ရသေးတယ်´

ဟာ။ ဆရာဝန်ကို ကျနော် အံ့အားသင့်သွားမိတယ်။ သူ့စကား အဓိပ္ပာယ်က `ဆက်နှိပ်စက်လို့၊ ဆက် ရိုက်လို့ ရသေးတယ်´ လို့ ပြောသွားတာပဲ မဟုတ်လား။ ဆရာဝန် တယောက်ဆီက ကျနော် မျှော်လင့်ခဲ့တဲ့ ဆရာဝန်စိတ်၊ လူသားစိတ် ဘယ်မှာလဲ။ ဟုတ်တယ်။ ဆရာဝန်တောင် အခန်းပြင် မရောက်သေးဘူး။ `နည်းနည်းကို များများ ဖြစ်ရလား´ ဆိုပြီး ကျနော့်ကို ၀ိုင်းပြီး ရိုက်ကြ ကန်ကြပါလေရော။ ထောက်လှမ်းရေးက ဆရာဝန်ကလည်း ထောက်လှမ်းရေး အတိုင်းပါပဲလား။ (တကယ်တော့ သူတို့ ဆရာဝန် ခေါ်တာကလဲ ကျနော့်ကျန်းမာရေးအတွက်၊ ကျနော့်အသက်အတွက် စိုးရိမ်လို့ မဟုတ်ပါဘူး။ ကျနော့် အခြေအနေ ဆိုးလာရင် သူတို့ စစ်ဆေးနေတာတွေ ရပ်ရမှာ စိုးလို့ပါ)။

ကိုယ် အရိုက်မခံရတဲ့ အချိန်မှာလည်း အရိုက်မခံရလို့ ဆိုပြီး စိတ်ချမ်းသာစရာ မရှိပါဘူး။ ဘေးအခန်းတွေက ၀ုန်းဝုန်း ဒိုင်းဒိုင်း ဆူညံနေတဲ့ အသံတွေ၊ ရိုက်နှက်သံတွေ၊ နာကျင်လွန်းလို့ စူးစူးဝါးဝါး အသံကုန် ခြစ်ပြီး အော်ဟစ်လိုက်တဲ့ အသံတွေ၊ အော်ရင်းက တိမ်ဝင် ပျောက်ကွယ်သွားတဲ့ အသံတွေ၊ တအင်းအင်း ညည်းညူသံတွေ၊ အသက်ရှူမွန်းကျပ်နေတဲ့ အသံဆိုးကြီးတွေ…၊ ဒါ… ဒါ… ကျနော်နဲ့ သိသိ မသိသိ၊ ကျနော်တို့ ရဲဘော်တွေရဲ့ အသံတွေပဲ မဟုတ်လား။

ဆက်ရန်…

5 comments:

Chocolaier said...

ဒါတောင် စစ်ကြောရေးစခန်းပဲရှိသေးတာတဲ့။ ထောင်ထဲကအကြောင်းတွေ မလာသေးဘူးတဲ့။ ဘယ်လိုများဆက်ဖတ်ရမလဲနော်။ ဆရာဝန်ဆိုတဲ့သူကို အံ့သြတယ်။

ဂျစ်တူး - gyit_tu said...

အဲဒီဆရာဝန်ဆိုတဲ့လူ ဆရာဝန်ရဲ့အဓိကခံယူချက်ကိုမှ မထောက်.. ရက်စက်လိုက်ကြတာ ။ ဂျပန်ခေတ်ပြန်ရောက်နေသလိုနီးပါးပဲ ။

တအုပ်လုံးထိုင်ဖတ်တဲ့ ကိုစေးထူးတော့ ဘယ်လိုနေမလဲ မသိ ။ တပိုင်းချင်းဖတ်ပြီးတောင် ဂျစ် အတော်လေး ရင်ထဲ ဆို့နင့်မိတယ် ။

hninhnin said...

စာဖတ်ဝါသနာပါတဲ့ ကိုကလိုစေးထူးရေ... ကိုယ်တိုင်ဖတ်ပြီး တစ်ခါ ပြန်ပို့စ်တင်တော့ နှစ်ခါ ခံစားရမှာပေါ့နော်

Thyda said...

So sad!

Thanks for your time and sharing.

Looking forward to read 5 and more.

ကလိုစေးထူး said...

အခုလို လာဖတ်သူတွေ ရှိနေတာကို သိရတာဟာ နောက်ထပ် ရိုက်ရအုံးမယ့် စာမျက်နှာတွေအတွက် တအားရှိစရာပါပဲဗျာ။ ရေးသူကိုယ်တိုင် ဖြစ်တဲ့ ကိုဝင်းနိုင်ဦး မတော်တဆနဲ့ ဒါကို တွေ့သွားမယ်ဆိုရင်လဲ ကျေနပ်မယ် ထင်ပါရဲ့။ :)