ရေးသူ - ၀င်းနိုင်ဦး ၏ ထိုစာအုပ်ကို ကျနော် ကလိုစေးထူးမှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
အဲဒီ အသံတွေ ဒလစပ် ကြားနေရတာ စိတ်ထိခိုက်စရာကြီးပါ။ စိတ်ကို ဓားနဲ့ အမွှမ်းခံရသလိုပဲ။ ရင်ထဲ ဆို့ဆို့လာတယ်။ ပြီးတော့ စိတ်ကလည်း ခြောက်ခြားလာတယ်။ ကိုယ်ကိုယ်တိုင် အရိုက်ခံနေရသလိုပဲ နာတယ်။ ခန္ဓာကိုယ်တင်မက စိတ်ပါ နာကျင်ရတာမျိုး။
မစားရ၊ မအိပ်ရတာကြာတော့ စိတ်က ကစဥ့်ကလျား ဖြစ်လာသလိုပဲ။ ဟုတ်တယ်။ စိတ်ကို စုလို့ကို မရဘူး။ စိတ်က ပြန့်ပြီး ခန္ဓာကိုယ်ဆီကနေ ထွက်ထွက်ပြေးနေသလိုမျိုး။ သူတို့ မေးခွန်းတွေကို ဖြေရာမှာလည်း အဖြေတွေက ကဘောက်တိ ကဘောက်ချာတွေ ရှေ့နောက်လွဲတာတွေ ဖြစ်လာတယ်။ တခါ တခါ သီချင်းသံတွေလိုလို၊ မြန်မာ့အသံက သတင်းကြေညာချက်တွေ လိုလို၊ ဘီဘီစီ အသံလွှင့်ချက်တွေလိုလို။ တခါတခါလည်း သတင်းကြေညာတဲ့အထဲမှာ ကျနော့်နာမည်ကို အတိုင်းသား ကြားနေရတယ်။ ကျနော့်နာမည်တွေကို အော်ပြီးရင်း အော်နေတာ ကြားရတယ်။ (တကယ်လည်း မဟုတ်ပဲနဲ့)။ ဘာတွေ ဖြစ်နေပြီလဲ။ ဘာမှ မကွဲတော့ဘူ။
နောက်ပိုင်း ရက်တွေမှာတော့ အစောပိုင်း ရက်တွေနဲ့ စာရင် အရိုက်ကျဲသွား၊ နည်းသွားတယ်။ Mental torture ပဲ များလာတယ်။ တကယ်တော့လည်း အရိုက်နည်းသွားတာဟာ အရင်အတိုင်း ဆက်ရိုက်လို့ မဖြစ်တော့လို့ပါ။ လူက ယဲ့ယဲ့ပဲ ကျန်တော့တယ် မဟုတ်လား။ ဒါကို သူတို့ကလည်း သိပါတယ်။ ဒါကြောင့် အရင်လို မရိုက်တော့တာပါ။
ဘယ်လိုပဲ ဖြစ်ဖြစ် အရင်လို အရိုက်ခံရပြီး ရက်ပေါင်းများစွာ သတိလစ် မေ့မျောသွားရင် ကောင်းမှာပဲလို့ တွေးမိတယ်။ ဒါမှ ရုပ်ပိုင်း စိတ်ပိုင်း နာကျင်တာတွေ၊ နားထဲကို စူးနဲ့ ရိုက်သွင်းလိုက်သလို မေးခွန်းသံတွေ၊ လူမဆန်မှုတွေကနေ လွတ်မြောက်မှာ မဟုတ်လား။ သူတို့ကလည်း သတိလစ် မေ့မျောသွားတာကို လက်ခံချင်ပုံ မရပါဘူး။ မေးခွန်းတွေ မမေးနိုင် ဖြစ်မှာ စိုးလို့ပါ။ ဒါကြောင့် Physical torture ကို လျှော့ပြီး Mental torture ပိုလာတာ။
လေးရက်လောက် ကြာပြီးချိန်မှာတော့ ထောက်လှမ်းရေး (၁၄)ကနေပြီး ထောက်လှမ်းရေး (၆)ကို ကျနော်တို့ကို လွှဲပြောင်း ပို့လိုက်တယ်။ (အဲဒီတုန်းကတော့ ထောက်လှမ်းရေး (၆)မှန်း မသိပါဘူး)။ မပို့ခင် ကျနော့်ကို ပြောတယ်။
`မင်း အခု သွားရမယ့် နေရာက တို့ထောက်လှမ်းရေးမှာ အကြီးဆုံးဌာနပဲ။ မင်းတို့နဲ့ ပတ်သက်တဲ့ သချက်အလက်တွေ အဲဒီဌာနမှာ အကုန်ရှိတယ်။ သူတို့က အကုန်သိတယ်။ ငါတို့ထက် ကြမ်းတယ်။ ဒီတော့ မင်း ထုတ်ဖော် မပြောတာတွေ အခု ထုတ်ပြော။ ဒါဆို အဲဒီ နေရာကို မပို့ဘူး´
`ကျနော် သိသမျှ အကုန် ပြောပြီးပါပြီ´
ကျနော် လိမ်လိုက်တယ်။
`ကျန်သေးတယ်´
ကျနော်လည်း ဘာမှ မပြောဘဲ ငြိမ်နေလိုက်တယ်။
`အေး၊ ဘယ်တတ်နိုင်မလဲ၊ မင်းထိုက်နဲ့ မင်းကံပေါ့ကွာ´
စိတ်မကောင်းသလို အသံနဲ့ သူက ပြောတယ်။ (အဲဒီအချိန် ကျနော့်ကို ခေါင်းစွပ် စွပ်ထားလို့ သူ့ရဲ့ စိတ်မကောင်း ဖြစ်နေပုံ မျက်နှာအတုကြီးကို မမြင်ရလို့ စိတ်ချမ်းသာရပါတယ်)။ သူတို့ စကားအတိုင်းဆိုရင် နောက် ထောက်လှမ်းရေးဌာနမှာ ဘယ်လောက်ဆိုးဆိုးဝါးဝါးတွေ ကျနော် ဆက်ကြုံရဦးမှာပါလိမ့်။ ကျနော် စိတ်ပူသွားတာတော့ အမှန်ပဲ။ ဒီလိုနဲ့ နောက် ထောက်လှမ်းရေးစခန်း (ထောက်လှမ်းရေး-၆) ကို ရောက်သွားပါရော။
ထောက်လှမ်းရေး စခန်းရောက်တော့ ကားပေါ်က ဆင်းတာနဲ့ ကျနော့်ကို တယောက်က ဘေးကတွဲရင်း၊ `ဘယ်ကွေ့´ `ညာကွေ့´ `တိုက်မိမယ်´၊ `ခေါင်းငုံ့´ `ရှေ့မှာ လှေကားထစ်´ `စမ်းပြီးတက်´ စတဲ့ အမိန့်တွေ ပေးပြီး ခေါ်သွားတယ်။ နောက်ဆုံး အခန်းတခန်းထဲ ရောက်သွားတယ်။ နောက် ကျနော့်ကို ကုလားထိုင် တလုံးပေါ် ထိုင်ခိုင်းပြီး တယောက်ထဲ ထားခဲ့တယ်။ လက်ထိပ်နဲ့ ခေါင်းစွပ်ကတော့ မချွတ်ရသေးဘူး။
စိတ်အထင် သုံးလေးနာရီလောက် ကြာမလား။ ဒီ့ထက်ကြာမလား။ ကျနော် မွန်းအိုက်လာတယ်။ တဖြည်းဖြည်းနဲ့ အသက်ရှုရ ကျပ်လာတယ်။ ခေါင်းစွပ်ကလည်း ချွေးတွေ သွေးတွေနဲ့ နံစော်နေတာပဲ။ ခဏချွတ်ကြည့်မလားလို့ စဉ်းစားကြည့်တော့ မချွတ်ရဲဘူး။ အနားမှာ တယောက်ယောက် ထိုင်ပြီး ကျနော့်ကို စိုက်ကြည့်နေသလို စိတ်ထဲ ခံစားနေရတယ်။
ထောက်လှမ်းရေး (၁၄)ကလည်း လှန့်ထားတော့ ကြိုတင်အတွေးနဲ့ စိတ်ကပူ အတွေးတွေကလည်း ရှုပ်ယှက်ခတ်၊ စိတ်ကလည်း လွတ်လွတ်ထွက်သွားတော့ လူက ယိုင်ယိုင်သွားတယ်။ မယိုင်နဲ့။ မယိုင်နဲ့။ ၀င်းနိုင်ဦး။ တင်းထား။ သတိထား။ သတိထားလေ၊ တင်းထားလေ၊ လူက ပိုယိုင်လေ။ ခုံပေါ်ကနေထိုးလဲကျ သွားတော့မလား။ ဒီကြားထဲ အသက်ရှူလို့က မ၀ဘူး။ ကျပ်လာတယ်။ မောလာတယ်။ ချွေးတွေ ထွက်လာတာကလည်း ရွှဲနစ်နေတာပဲ။ မူးလာတယ်။ ဒီအတိုင်း မဖြစ်တော့ဘူး။ ဟုတ်တယ်။ တခုခု လုပ်မှ ဖြစ်တော့မယ်။ ထ အော်လိုက်ရမလား။ တခုခု။ မဟုတ်ရင်…။
(နောက်ပိုင်းမှာ အတွေ့အကြုံရှိသူတွေကို အဲဒီအဖြစ်အပျက် ပြန်ပြောပြတော့ ကျနော့်ကို ထားသွားတဲ့ အခန်းက အလုံပိတ်ခန်းတဲ့။ ဓာတ်ငွေ့လွှတ်ထားရင်တောင် လွှတ်ထားနိုင်တယ်။ ဒါကြောင့် ကျနော် အသက်ရှူ ကျပ်တာတဲ့။)
ဒါပေမယ့် နောက်ဆုံးမှာတော့ တံခါးဖွင့်သံ ကြားရတယ်။ တယောက် ၀င်လာတယ်။ ကျနော့်ကို အခန်းထဲက အပြင် ခေါ်ထုတ်သွားပြီး အခြား အခန်းတခန်းကို ရွှေ့တယ်။ အသက်ရှူရ ချောင်လာတယ်။ နည်းနည်း အေးလာသလိုပဲ။ နေ့လား၊ ညလား။ လင်းတော့ လင်းနေတယ်။ မီးချောင်းတွေ ထွန်းထားတာလား။
မကြာခင်မှာ လူတွေ ၀င်လာတယ်။ ခြေသံတွေ ကြားရတာ တော်တော်များမယ့်ပုံပဲ။ ကျနော့်ရှေ့ မျက်နှာချင်းဆိုင်မှာ ခုံတွေ တွန်းရွှေ့သံ၊ ထိုင်လိုက်ကြသံ ကြားတယ်။ ဘာစကားမှ မပြောကြဘူး။ လုံးဝ မပြောကြဘူး။ အဲဒီအတိုင်း။ အကြာကြီး။ လေးလံလံ တစုံတခု ကျနော့်ကိုယ်ပေါ် ပိကျလာနေသလို ခံစားရ။ ပြီးတော့မှ ခပ်လေးလေး အသံကြီး တသံထွက်လာတယ်။ အသံက မီးဖုတ်ထားသလို မီးကျီးခဲလို ရဲနေတဲ့ သံချောင်းကြီး တချောင်းလိုမျိုး။
`မင်း အခုထွက်လာတဲ့ နေရာက တော်တော်ဆိုးလား´
`ဆိုးတယ်´
`မင်း မအိပ်ရတာ ကြာပြီလား´
`ဖမ်းတဲ့နေ့ကတည်းက ခုထိ လုံးဝ မအိပ်ရသေးဘူး´
`မင်း အခု ဘယ်နေရာ ရောက်နေလဲ၊ သိလား´
`ဟင့်အင်း၊ မသိပါဘူး´
`အဖမ်းခံရတာ ဘယ်နှစ်ရက် ရှိပြီလဲ´
`မမှတ်မိဘူး´
`မင်းထွက်လာတဲ့ နေရာက ဒီနေရာနဲ့ ပတ်သက်လို့ ဘာတွေ ပြောလိုက်သလဲ´
`အကြီးဆုံး ဌာနလို့ ပြောပါတယ်´
`မင်း အခု ထွက်လာတဲ့ နေရာက တော်တော်ဆိုးလား´ (ဒီမေးခွန်း မေးပြီးပြီ ထင်တယ်)
`ဆိုးပါတယ်´
`ဘယ်လို ဆိုးလဲ´
`မအိပ်ရဘူး။ ဒီကိုထွက်လာခါနီးမှ ထမင်းစားရတယ်။ နှစ်ရက်လောက် ရေမတိုက်ဘူး။ တောက်လျှောက် ရိုက်တယ်။ ရိုင်းရိုင်းစိုင်းစိုင်း ဆဲတယ်။ ဖျားနေတာတောင် မရဘူး´
မေးခွန်း မမေးတော့ဘဲ သူတို့ချင်း တီးတိုး ပြောနေကြတဲ့ အသံတွေ ကြားရတယ်။ ဘာတွေ ပြောနေမှန်း မသဲကွဲဘူး။ နားထဲလည်း အူနေတယ်။ အာရုံစိုက် နားထောင်လိုက်ရင် ခေါင်းထဲ မူးလာတယ်။ လူက ရှေ့နောက် ၀ဲယာ ယိမ်းထိုးနေတယ်လို့ ထင်တယ်။ တအောင့်ကြာတော့မှ သူတို့ ဆီက စကားသံ ထွက်လာတယ်။
ဆက်ရန်…
4 comments:
မနက်စောစောစီးစီး ဒါကို ဖတ်လိုက်မိသွားတယ်။
စိတ်ထဲမကောင်းလိုက်တာ။ ဒီစာကိုဖတ်ရင် ဒီလိုဖြစ်မယ်ဆိုတာ သိပေမဲ့ မဖတ်ဘဲလည်းမနေနိုင်။ တပိုင်းတပိုင်း ဖြတ်ဖြတ်ထားတော့ ဖတ်ရတာ ဆန့်တငံ့ငံ့ မို့ ဒီစာမြင်ရင်ကို အမြန်ဖတ်ချင်နေမိတယ်။ ဖတ်ရင်းဖတ်ရင်း ကိုယ်တိုင်လည်း မွန်းကျပ်လာသလို …ခေါင်းတွေမူးလာသလိုပဲ။ ဖတ်နေတုန်းတလျှောက် အသက်တောင် ၀၀ရှူမိရဲ့လားမသိ။ ဖတ်ပြီးတော့မှ ရင်ထဲမှာ ကျပ်ဆို့ဆို့ကြီးဖြစ်ပြီး ကွန်ပျူတာရှေ့က ခဏမျက်နှာလွှဲလို့ အသက်၀၀ ရှူမိတယ်။
ကိုဝင်းနိုင်ဦးကို လေးစားပါတယ်။ ကျနော်လည်း ထောက်လှမ်းရေး (၆) ကို ရောက်ခဲ့ပေမယ့် သူ့လိုပြန်ရေးပြဖို့ကျတော့ လွယ်ပါ့မလားလို့ စဉ်းစားနေမိတယ်။
အဲ.. ဘာစကားပြောလိုက်တာလဲလို့.. သိချင်လိုက်တာ ။
ကျမကတော့ အဲလို ထောက်လှမ်းရေးစခန်းတွေကနေ ထွက်လာနိုင်သူမှန်သမျှကို လေးစားပါတယ်ရှင် ။
I go to ur blog daily to see the new post. I always feel unbreathable whenever I read it. The experience too bitter to describe!!! I can't help reading that post. I also want Ko Thet Oo to write down his experience under MI. We can know such things only when our brothers, like u, share it.
Post a Comment