အဲဒီ တေးဂီတပွဲတော်ကို ဇွန်လ ၂၈ ရက်နေ့ကနေ ဇူလိုင်လ ၈ ရက်နေ့အထိ ကျင်းပပါတယ်။ နေ့အလိုက် ဇယားဆွဲပြီး ဥပမာပြောရရင် Italian Fest, Germany Fest, African Fest, Mexican Fest …. စသဖြင့် ကျင်းပတဲ့အတွက် မိမိနှစ်သက်ရာ မိမိနဲ့ ယဉ်ကျေးမှုခြင်း နီးစပ်ရာ ရက်အလိုက် ပရိသတ်တွေက သူ့နေ့နဲ့သူ လာအားပေးကြပါတယ်။
တေးဂီတ စင်မြင့်တွေကိုလဲ Rock, Country, Hip Hop, Pop စသဖြင့် အမျိုးအစားအလိုက် ခွဲခြားထားတာကို တွေ့ရပါတယ်။ စင်နာမည်တွေကိုတော့ အဲဒီစင်ကို စပွန်ဆာပေးတဲ့ ကုမ္ပဏီ နာမည်တွေ ပေးထားတာ များပါတယ်။ ဥပမာ US cellular connection stage, Zippo stage, Miller Lite stage… စသဖြင့်ပါ။ စုစုပေါင်း စတိတ်ရှိုးစင် ၇ ခုလောက် ရှိပါတယ်။ မိမိနှစ်သက်တဲ့ စင်မှာ အားပေးရုံပါပဲ။
အဲဒီအပြင် တပိုင်တနိုင်ရှိုး လို့ ကျနော့်ဘာသာ နာမည်ပေးထားတဲ့ ဂီတ၀ိုင်းငယ်လေးတွေလဲ ပွဲတော်ဝင်းထဲ တွေ့ခဲ့ပါသေးတယ်။ သူတို့လဲ သူ့ပရိသတ်နဲ့သူတော့ ဟုတ်နေတာပါပဲ။ ဟိုလို ၀ိုင်းကြီးတွေလောက်တော့ ပရိသတ်တွေ တအုန်းအုန်း မဖြစ်နေပါဘူး။ ဒါပေမယ့် တချို့ကျတော့လဲ ဘီယာခွက်လေး ရှေ့ချ၊ ဆိုပြတဲ့ သီချင်းကို မျက်လုံးလေး မှေးစင်းပြီးနားထောင်၊ တပုဒ်ဆုံးသွားရင် ဆုတော်ငွေ သွားချလိုက် အဆင်တော့ ပြေနေတာပါပဲ။
ကဲ…၊ လေကြောရှည်နေတာ များသွားပြီ ထင်ပါရဲ့…၊့  အဲဒီ ဂီတပွဲကို သွားကြရအောင်…။
ဂီတပွဲတော်ကို သွားရာ မြို့လယ်လမ်းပါ။
ဂီတပွဲတော်ရဲ့ အ၀င်ဝမှာပါ။ ပွဲတောင် ၀င်ကြေးကို အချိန်အလိုက် ခွဲခြားကောက်ခံပါတယ်။ ပွဲတော် ကျင်းပချိန်က နေ့လည် ၁၂ နာရီကနေ ည ၁၂ နာရီ အထိပါ။ နေ့လည် ၁၂ နာရီကနေ ညနေ လေးနာရီအထိ ဆိုရင် တယောက်ကို ၀င်ကြေး ၈ ဒေါ်လာပါ။ ညနေ လေးနာရီနောက်ပိုင်းကတော့ တယောက် ၁၅ ဒေါ်လာပါ။ ကျနော် ကြံကြံဖန်ဖန် တခုတွေးမိတာက နေ့လည် ၂ နာရီလောက်မှာ ပွဲတော်ကို လာပြီး တညလုံး မပြန်တဲ့လူတွေကို ဘယ်လို ၀င်ကြေးယူလဲ ဆိုတာပါ။
Zippo က စပွန်ဆာ ပေးတဲ့ စတိတ်စင် တခုပါ။ ကျနော်ရောက်သွားတဲ့ အချိန်မှာ ပွဲက တော်တော်ကောင်းနေပါပြီ။ ဒါပေမယ့် ဆိုနေတဲ့ အဆိုတော် ဘယ်သူလဲ ကျနော်မသိပါဘူး။ :D သဘောကျမိတာကတော့ ဒရမ်မာသမားက ဘေ့စ်ဂစ်တာကို ဒရမ်သံထွက်အောင် တီးခတ်ပြတာပါ။
ဒါကတော့ Punk သီချင်းတွေ တင်ဆက်နေတဲ့ နောက်ထပ် စင်တစင်ပါ။
ဒီတီးဝိုင်းငယ်လေးမှာ Country သီချင်းလေးတွေ ဆိုပြပါတယ်။ စင်ကြီးတွေလောက် မခန့်ထည်လှပေမယ့် သူတို့ရဲ့ အဆိုစွမ်းရည်ကလဲ မသေးပါဘူး။

ကျနော်နှစ်သက်တဲ့ လက်တင်အဖွဲ့ရဲ့ တီးဝိုင်းငယ်လေး ရှေ့မှာတော့ ပျော်နေကြတဲ့ လူတွေနဲ့ စည်ကားနေပါတယ်။ တချို့ကလဲ မူးယစ်နေဟန် ရှိပါတယ်။ ပုံမှာမြင်ရတဲ့ အကကောင်းတဲ့ စုံတွဲတတွဲကို ပရိသတ်တော်တော်အားပေးပါတယ်။
အဲဒါကတော့ Bike Ride Show ပွဲငယ်လေးပါ။ အဲဒီမှာလဲ ပရိသတ် တော်တော်များပါတယ်။
လူတွေကများ၊ စင်တွေက တိုးမပေါက်၊ အပေါ်ကို မော့ကြည့်တော့ Sky Ride ခုံတွေ၊ တခေါက်စီးခ ၃ ဒေါ်လာတဲ့။ ပွဲခင်းရဲ့ မြင်ကွင်းတွေကို အပေါ်စီးကနေ ကြည့်ချင်တာနဲ့ တက်စီးခဲ့ပါတယ်။

အပေါ်စီးက လှမ်းမြင်လိုက်ရတဲ့ Hip Hop သီချင်းတွေ တင်ဆက်တဲ့ စတိတ်စင်ပါ။ ဘေးမှာတော့ ဈေးတန်းလေး။


လူတရုန်းရုန်းနဲ့ အထွက် ဂိတ်ပေါက်ဝကိုရောက်တော့ ည ၁၂ နာရီကျော်ပါပြီ။

မီးရောင် မှိတ်တုတ်တုတ်နဲ့ မီချီဂန် ရေအိုင်ရဲ့ ကမ်းစပ်ဘေးမှာတော့ လူတချို့ ရှိနေလေရဲ့…။
ကလိုစေးထူး
5 comments:
မိုက်တယ်ဗျ။ သီချင်းတွေမျိုးစုံပဲ။ ကိုယ်တိုင်သာဆို နေ့တိုင်းသွားဖြစ်နေမလားပဲ... =) HipHop နဲ့ Country ဘာနားထောင်ရမှန်းသိမှာ မဟုတ်ဘူး။
အပေါ်စီးကနေ ဓာတ်ပုံရိုက်ရတာ ခုံက ရွေ့နေတော့ ပုံကြည်ကြည်လင်လင် ရအောင် ဘယ်လိုမှ ချိန်လို့ မရပါဘူး။
ကိုစေးထူး မူးနေလို့ မဟုတ်လား၊ မမူးဘူးပြောလဲ ယုံဘူး ယုံဘူး ကျွမ်းထိုးပြ :P
အရမ်းသဘောကျတယ်ဗျာ. . .
"အပေါ်စီးကနေ ဓာတ်ပုံရိုက်ရတာ ခုံက ရွေ့နေတော့ ပုံကြည်ကြည်လင်လင် ရအောင် ဘယ်လိုမှ ချိန်လို့ မရပါဘူး။
ကိုစေးထူး မူးနေလို့ မဟုတ်လား၊ မမူးဘူးပြောလဲ ယုံဘူး ယုံဘူး ကျွမ်းထိုးပြ :P"
ဝုတ်ဒယ်.. မယ်မောင်ပြောတာ ထောက်ခံတယ်.. ကင်းမြီးကောက်ထောင်ပြ..
Post a Comment