ရေးသူ - ၀င်းနိုင်ဦး ၏ ထိုစာအုပ်ကို ကျနော် ကလိုစေးထူးမှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
(ဒီနေရာမှာ တခုဖြတ်ပြောချင်ပါတယ်။ ရဲဘော် ဝေလင်း ကိစ္စပါ။ ထောက်လှမ်းရေးတွေ ကျနော်နေတဲ့ အိမ်ထဲ ၀င်လာချိန်မှာ ဝေလင်း အဖမ်းခံရပြီဆိုတာ မှန်းဆနိုင်ပေမယ့် အတိအကျ ပြောလို့ မရပါဘူး။ ထောက်လှမ်းရေး စခန်းရောက်ပြီး မေးခွန်းတွေ စမေးမှပဲ ဝေလင်း အဖမ်းခံရတာ သေချာသွားပါတယ်။ သူ အဖမ်းခံရပုံက ဒီလိုပါ။
ABSDF အဖွဲ့ရှိရာ ထိုင်းနယ်စပ်ကို ပြန်တော့မယ့်၊ ပြည်တွင်းကို လျှို့ဝှက်တာဝန်နဲ့ ရောက်နေတဲ့ ABSDF အဖွဲ့က ရဲဘော်နှစ်ဦး (မြင့်ဆွေနဲ့ အောင်နိုင်။ ယခု သေဒဏ်ကျခံထားရသူ နှစ်ဦး၊ မြင့်ဆွေကတော့ ထောင်ထဲမှာပဲ ဆုံးပါးသွားပါပြီ) လူ့ဘောင်သစ်ပါတီ ရုံးခန်းကို အဲဒီနေ့က ရောက်လာကြပါတယ်။ သူတို့က နယ်စပ် မပြန်ခင် ဝေလင်းနဲ့ အရေးတကြီး တွေ့လိုကြောင်း၊ ဝေလင်းဆီက အကူအညီရမှ ဖြစ်မယ့် အကြောင်း လူ့ဘောင်သစ်ပါတီ အတွင်းရေးမှူးကတဆင့် အချိန်းအချက် လုပ်ပါတယ်။ နောက် တာမွေက လက်ဘက်ရည်ဆိုင် တဆိုင်မှာ ချိန်းတယ်။ ဆိုင်ကို ဝေလင်းရောက်ချိန်မှာ မြင့်ဆွေနဲ့ အောင်နိုင်တို့ကို စားပွဲ တလုံးမှာ ထိုင်နေတာ တွေ့ရတယ်။ စားပွဲမှာ ထိုင်မိရင်ပဲ မြင့်ဆွေနဲ့ အောင်နိုင့် အမူအရာကို ကြည့်ရင်း တခုခုတော့ မှားနေပြီလို့ စိတ်ထဲ မသိုးမသန့် ဖြစ်တာနဲ့ ဆိုင်ထဲကနေ ဝေလင်း ကမန်းကတန်း ပြန်ထွက်တယ်။ အဲဒီအချိန် ဘေးနားက စားပွဲမှာ ထိုင်နေသူတွေ ထလာပြီး ဝေလင်းကို ၀ိုင်းပိတ်ဆို့၊ လက်ထိပ်ခတ်၊ လေးဘီးကားတစီးပေါ် ပစ်တင်၊ ၀ိုင်းဖိ၊ ကားကို အတင်း မောင်းပြေးပါတော့တယ်။
အမှန်က လူ့ဘောင်သစ် အတွင်းရေးမှူး မသိလို့ပါ။ မြင့်ဆွေနဲ့ အောင်နိုင်တို့ကို လူ့ဘောင်သစ် ရုံးခန်း၊ အတွင်းရေးမှူးဆီ ရောက်ချိန်မှာ ထောက်လှမ်းရေးတွေ အတူ ပါလာတာပါ။ ဝေလင်းနဲ့ အချိန်းအချက် လုပ်ခိုင်းတဲ့ အစီအစဉ်ကလည်း ထောက်လှမ်းရေးပဲ စီစဉ်တာပါပဲ။ မြင့်ဆွေနဲ့ အောင်နိုင်တို့က နယ်စပ်ကနေ လက်နက်တွေ ပြည်ထဲကို သွင်းလာသူတွေ၊ နယ်စပ်ပြန်ခါနီးမှာ ဖမ်းမိသူတွေ ဖြစ်ပါတယ်။ သူတို့ အမှုတွဲမှာ အဖမ်းခံရသူတွေ မနည်းပါဘူး။)
ထောက်လှမ်းရေးတွေက ကျနော့်ကို ကြမ်းပြင်ပေါ်ကနေ နောက်မှီပါတဲ့ ခုံတလုံးပေါ် ပြောင်းပြီး ထိုင်ခိုင်းတယ်။ ကျနော်လည်း မှီနေတယ်။ ဘယ်အချိန်၊ ဘယ်အချက် ရိုက်တော့မှာလဲ ဆိုတဲ့ အသိက တကယ် အရိုက်ခံရတာထက် ပိုနာတယ်ထင်တယ်။ ဟုတ်တယ်။
သူတို့ မေးခွန်းမေးပုံကလည်း မျက်နှာကို ဖြတ် ဖြတ်ရိုက်လိုက်သလိုပါပဲ။ အသံနိမ့်မြင့် အတက်အကျ မရှိ။ အသံသေ။ ကျောက်သား ကျောက်ဆိုင်လို အသံမျိုးနဲ့။ ပြီးတော့ ရထားတစင်း ဖြတ်မောင်းသွားသလိုမျိုး ဝေါခနဲ မေးချတာ။ မဟုတ်ဘူး။ မဟုတ်ဘူး။ ရထားက ဖြတ်မောင်းသွားတာ မဟုတ်ဘူး။ ကိုယ်ပေါ် ဖြတ်ကြိတ်သွားတာ။
စ မေးတော့ ကျနော် ချက်ချင်း မဖြေနိုင်သေးဘူး။ အဲဒါကိုပဲ ချက်ချင်း မဖြေရကောင်းလားဆိုပြီး ထုံးစံအတိုင်း မျက်နှာကို ဖြတ်ရိုက်ပြန်တယ်။ ရိုက်တာကလည်း ပြင်းလိုက်တာ။ တခါတခါ ထိုင်ခုံပေါ်ကနေ လူက အောက်ကို ပြုတ်ပြုတ်ကျသွားတယ်။ မျက်နှာကို ရှေ့တည့်တည့်က ဖြတ်ရိုက်တာဆိုတော့ မျက်လုံးထဲ ၀င်းခဲ လက်ခနဲပေါ့။ တခါတခါလည်း ဘာမှ အကြောင်း မရှိဘဲ ရိုက်ရင် ရိုက်ပြန်ပါရော။
(ရန်ညှိုး ရန်စ မရှိဘဲ လူတယောက်ကို ဘာလို့များ ခုလောက် လွယ်လွယ်ကူကူ ရက်ရက်စက်စက် ရိုက်နှက်နိုင်ပါလိမ့်။ ဒီစိတ်ထားက အဲဒီတုန်းက ကျနော့်အတွက် အဆန်းပဲ။ နားလည်လို့ မရဘူး။ သူတို့ကိုလည်း အံ့အားသင့်မိတယ်။ လူတယောက်ဟာ ဒီလောက် ရက်စက်နိုင်လား။ ဒီလောက် ရိုင်းစိုင်းနိုင်လား။ သူတို့မှာ ဇနီးမယားနဲ့ သမီးသားတွေ ရှိကြမှာပါ။ အိမ်ပြန်ရောက်တော့ ဒီ ရက်စက်တဲ့၊ ရိုင်းစိုင်းတဲ့ လက်တွေနဲ့ ဇနီးမယားကို ဖက်ပွေ့နိုင်ကြသလား။ သမီးသားကို ချီပွေ့ ယုယနိုင်ကြသလား။)
မေးခွန်းကို ဖြေတဲ့အခါ လေးနေရင် တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေရင်လည်း ရိုက်ပြန်ရော။ သူတို့ သဘောက ချက်ချင်း မဖြေတာ၊ တွန့်ဆုတ် တွန့်ဆုတ် ဖြစ်နေတာဟာ လိမ်ဖို့ ကြိုးစားနေတာလို့ ယူဆထားပုံရတယ်။ တကယ်တော့ သူတို့ မေးခွန်းတွေမှာ ကျနော် ဖြေနိုင်တာလည်း ရှိ၊ မဖြေနိုင်တာလည်း ရှိ။ မဖြေဘူးဆိုတာက ကျနော် အမှန်တကယ် မသိတာတွေရော၊ သိပေမယ့် အဖြေပေးလို့ မဖြစ်တာပါ ပါပါတယ်။ ကိုယ့်ရဲဘော်တွေကို မထိခိုက်အောင်၊ အဖမ်း မခံရသေးသူတွေနဲ့ လုပ်လက်စ အလုပ်တွေ မထိခိုက်အောင်ပါ။ ပြီးတော့ ကိုယ့်အခန်း ကဏ္ဍကိုလည်း မကြီးမားအောင်ပေါ့။ ကိုယ့်ကို တာဝန်ကြီးတယ်လို့ သူတို့ မယူဆရင် အမှုပေါ့တယ်။ ကိုယ့်ကို အကြောင်းပြုပြီး အဖမ်းခံရတဲ့လူ အရေအတွက်လည်း နည်းတယ်။
(တချို့ အမှုတွေမှာ ဒီသဘောကို မလိုက်နာတဲ့ အတွက် အဖမ်းခံရသူ အရေအတွက် များရုံမက တိုက်ရိုက် မသက်ဆိုင်သူတွေပါ ပါသွားပါတယ်။ အကျိုးဆက်ကတော့ လုပ်ဖော်ကိုင်ဖက် ရဲဘော်အချင်းချင်း စိတ်ဝမ်း ကွဲပြားသွားကြတာ၊ လူထုရဲ့ အားတက်သရော အကူအညီတွေ လျော့ကျသွားတာပါ။ အမှုအားလုံးကို မဆိုလိုပါဘူး။ ယူဂျီအလုပ်ရဲ့ စွမ်းဆောင်ရည်တွေ ကျဆင်းသွားခြင်း အကြောင်းတွေထဲမှာ အဲဒီအချက်က အဓိက ကျပါတယ်။ အစစ်ခံရာမှာ မတတ်သာတဲ့ အဆုံး မပြောမဖြစ် ဖော်ရ ပြောရတော့မယ်ဆိုရင် ဖမ်းလို့ မရနိုင်တဲ့သူ၊ ဖမ်းလို့ မလွယ်နိုင်တဲ့သူ အတတ်နိုင်ဆုံး ဖြစ်ဖို့ လိုပါတယ်။ တခြားအချက်တွေလည်း အများကြီးပါ။ တိုက်ဆိုင်တဲ့ အချိန်တချိန်မှာတော့ ကျနော်တို့ ယူဂျီလုပ်ငန်းရဲ့ အရေးကြီးတဲ့ အားနည်းချက်တွေ အကြောင်း ဆွေးနွေးကြည့်ချင်ပါသေးတယ်။ ကျနော်တို့လည်း အားနည်းချက်တွေနဲ့ပါ။
နောက်ပိုင်း ကျနော့် အတွေ့အကြုံအရ ပြောရရင် ဖြေနိုင်တာကို မြန်မြန် အဖြေပေးပြီး မဖြေနိုင်တာကိုတော့ မသိဘူး ဆိုပြီး `ဘူး´ ခံတာ၊ ဘူးခံလို့ အနှိပ်စက်ခံရတာ ပိုကောင်းတယ်။ ခံတော့ ခံရမှာပဲ။ တကယ်တော့ ထောက်လှမ်းရေးမှာ လိမ်တဲ့ကိစ္စက သတိနဲ့ မလုပ်ရင်၊ သတိမကြီးရင် သိပ် အန္တရာယ်များတာမျိုးပါ။ ကိုယ့်အတွက်ရော ကိုယ့်ရဲဘော်တွေ အတွက်ပါ ။ ဒါကြောင့် ဖြစ်နိုင်ရင် သိပ်အရေးကြီးတဲ့ ကိစ္စ နည်းနည်းလောက်ပဲ ကြိုတင် ရွေးချယ်၊ ပြင်ဆင်၊ သတိထားပြီး လိမ်တာ ကောင်းတယ်။ ဘာလို့လဲ ဆိုတော့ လိမ်တာက ရက်တွေ ကြာလာတဲ့ အခါ ကယောင်ကတမ်းတွေ ဖြစ်လာတဲ့ အခါ (နောင်မှာ ဖြစ်လည်း ဖြစ်လာတယ်) ကိုယ် ဘယ်လို လိပ်ထားတယ်ဆိုတာ ကိုယ့်ဖာသာ မေ့မေ့သွားတော့ တချို့ လိမ်ထားတာတွေ ပေါ်သွားပြီး အဲဒီအခါကျတော့ သူတို့က ပိုပြီး ပက်ပက်စက်စက်၊ ရက်ရက်စက်စက် လုပ်ပါတယ်။
တပြိုင်တည်း ဖမ်းမိတာ နှစ်ယောက်၊ နှစ်ယောက် အထက် ဖြစ်ခဲ့ရင် လူခွဲမေး၊ လူခွဲစစ်ပြီး ထွက်ချက်တွေကို ပြန်တိုက်စစ်တာကြောင့် လိမ်ဖို့ အခွင့်အလမ်းက သိပ်နည်းသွားတယ်။ သိပ်ခက်တယ်။ ဖြေတဲ့ အခါတွေမှာလဲ အမြန် ဖြေရတာဆိုတော့ တခါတခါ မရည်ရွယ်ဘဲ တချို့ အစတွေ ထွက်သွားတတ်တယ်။ အဲဒီ အစကို ထောက်လှမ်းရေးက ယူသွားပြီး တခြားလူကို သွားစစ်၊ တခါ အဲဒီလူဆီက ထွက်လာတဲ့ အစကို ယူပြီး နောက်တယောက်ကို စစ်။ တိုက်စစ်၊ လှည့်စစ်၊ တပတ်ရိုက်စစ်၊ အယုံသွင်း စစ်။ ဒါကြောင့် လိမ်ဖို့ မလွယ်ဘူး။
ကိုယ်တယောက်ထဲပဲ သိတဲ့ အချက်အလက်တွေ၊ ဒါမှမဟုတ် အတူတူ အဖမ်းခံရတဲ့ လူတွေ မသိနိုင်တဲ့ အချက်အလက်တွေ ဆိုရင်တော့ ကိုယ် ပိရိရင် ပိရိသလောက် လွတ်လွတ်လပ်လပ် လိမ်လို့ရ၊ အကျိုးသင့် အကြောင်းသင့် လိမ်လို့ ရပါတယ်။ မေးခွန်းတွေ မေးတာမှာ မေးပြီးသားတွေကို ထပ်ခါထပ်ခါ ပြန် မေးတာမျိုးလည်း အကြိမ်ကြိမ်။ ကိုယ့်အရင် အဖမ်းခံထားရတဲ့ သူတွေ၊ ကိုယ်နဲ့လည်း ဆက်စပ်နေသူတွေရဲ့ ထွက်ချက်တွေကို ကိုင်ပြီး စစ်မေးတာမျိုးလည်း ရှိတယ်။ အဲဒီနည်းနဲ့ အချက်အလက်တချို့ သူတို့ သိထားနှင့်၊ ရ ထားနှင့်တာ ကိုယ်က မသိနိုင်ဘူး။ ဒီတော့ သူတို့ ထောက်လှမ်းရေး သိပ်သိနေပါလား ဆိုပြီး အထင်ကြီး စိတ်ဝင်၊ ပြီးတော့ လိမ်လို့ ဖုံးလို့ ဖြစ်ပါ့မလားဆိုတဲ့ ကိုယ့်ကိုယ်ကို မယုံကြည်မှုတွေ၊ စိတ်မချမှုတွေ ၀င်လာပါတယ်။ သိပ် မလိမ်ရဲတော့ဘူးပေါ့။)
ရေ မတိုက်တာကတော့ တော်တော်ဆိုးတယ်။ မေးခွန်းတွေကလည်း ဆက်တိုက်ဖြေနေရတယ်။ နှစ်ရက်လောက် ကြာတဲ့ အထိ ကျနော့်ကို ရေမတိုက်ဘူး။ နှုတ်ခမ်းတွေလည်း ခြောက်ပြီး ကွဲနေတယ်။ ဖူးယောင်လာတယ်။ မျက်နှာမှာ နှုတ်ခမ်းတွေ ရှိနေတာ မသိလိုက် မသိဖာသာ မဟုတ်တော့ဘဲ၊ သက်သက်ကြီး အပင်ပန်းခံ `မ´ ထားရသလိုပဲ။
နှစ်ရက်လောက် အကြာမှာ ရေတိုက်ဖို့ ကျနော် ထပ်ပြောတယ်။ တကယ်တော့ ပြောခဲ့တာ အကြိမ်ကြိမ်ပါ။ ပြောတိုင်း အရိုက်ခံရတယ်။ ဒါပေမယ့် မတတ်နိုင်ဘူး။ ရေဆာတာက အရိုက်ခံရတာထက် ပို ဆိုးတယ် ထင်လာတယ်။ ကံအားလျော်စွာ ဒီတခါတော့ မရိုက်ဘူး။
`ကောင်းပြီ၊ ရေတိုက်မယ်။ ဒါပေမယ့် တခု မင်းအရင်ရေး။ ABSDF ဗဟိုကို မင်း တင်ခဲ့တဲ့ အစီရင်ခံစာ။ စာမျက်နှာ ခြောက်ဆယ်ကျော်။ အဲဒါကို မင်းရေး။ ပြီးရင် ရေတိုက်မယ်´
`စာမျက်နှာ ခြောက်ဆယ်ကျော်။ ကျနော် ဘယ်မှတ်မိမလဲ။ ဒါလောက် အများကြီး။ ခြောက်ဆယ်ကျော်လည်း မဟုတ်ပါဘူး။´
`မလိမ်နဲ့။ မှတ်မိသလောက် ရေး။ စာမျက်နှာ ခြောက်ဆယ်ကျော်တယ်။ အဲဒီ အစီရင်ခံစာ ငါတို့ ရထားပြီးပြီ´
`ဒါဆို ကျနော့်ကို ဘာလို့ ရေးခိုင်း…´
`လျှာ မရှည်နဲ့၊ ရေးခိုင်းချင်လို့ ရေးခိုင်းတာ။ ရေး´
သူက စာရွက်တွေနဲ့ ဘောလ်ပင် ချထားပြီး အပြင်ထွက်သွားတယ်။ လက်ထိပ်ဖြုတ်ပေး ထားခဲ့တယ်။ ပြီးတော့ အပြင်ကနေ လှမ်းအော်တယ်။
`ခေါင်းစွပ် ချွတ်လိုက်။ ငါပြန်လာလို့ တံခါးဖွင့်သံကြားရင် ခေါင်းစွပ် ပြန်စွပ်´
ကျနော် ခေါင်းစွပ် ချွတ်လိုက်တယ်။
`အား´ ခနဲ လန့်အော်ပြီး ချက်ချင်း မျက်လုံး ပြန်မှိတ်လိုက်ရတယ်။ အလင်းရောင်က မျက်လုံးထဲ ၀င်လာတာ စူးချွန်ချွန်နဲ့ ဆောင့်ထိုးလိုက်သလိုပဲ။ စူးလိုက် နာလိုက်တာ။ ရေကလည်း သိပ်ဆာနေတယ်။ ရေမသောက်ရဘဲ လူတယောက် ဒီလောက် ကြာကြာနေနိုင်တာ ဟုတ်ရော ဟုတ်ရဲ့လား။ ယုံတောင် မယုံချင်ဘူး။
စာရွက်နဲ့ ဘောလ်ပင်ကို ကောက်ယူလိုက်တယ်။ စဉ်းစားတယ်။ ဘာရေးရင် ကောင်းမလဲ။ စာမျက်နှာ ခြောက်ဆယ်ကျော်တဲ့။ ပြဿနာ။ အစီရင်ခံစာ သူတို့ ရထားတယ်ဆိုတာ တကယ်များလား။ ကျနော် တွေဝေသွားတယ်။ စဉ်းစားမရဘူး။ ဒီလိုနဲ့ ကျနော် စပြီး ရေးတယ်။ ခေါင်းထဲမှာလည်း စာလုံးတွေ မပေါ်ဘဲ ရေတွေပဲ ပေါ်နေတယ်။ ရေ သိပ်သောက်ချင်တာပဲ။ လက်တွေလည်း တုန်နေတယ်။
တနာရီလောက် အကြာမှာ တံခါးဖွင့်သံ ကြားရတယ်။ ဒါနဲ့ ကမန်းကတန်း ခေါင်းစွပ် ပြန် စွပ်လိုက်ရတယ်။ စောစောက လူ ၀င်လာတယ်။ ရှေ့မှာ ထိုင်တယ်။ ကျနော့် ရေးလက်စ စာရွက်တွေကို လှမ်းယူသံ ကြားရတယ်။
`ဖြောင်း´
ကျနော့် မျက်နှာကို ဖြတ်ရိုက်တာ။ မျက်လုံးထဲ ၀င်းခနဲ။
`ဖြောင်း´ `ဖြောင်း´ ထပ်ရိုက်တယ်။ ဘယ်ပြန် ညာပြန်။ မျက်နှာတည့်တည့်ကို ဖြတ်ရိုက်တာ။ ရိုက်လိုက်တိုင်း လူက နောက်ပြန် ယိုင်ယိုင်သွားတယ်။ သူက ဆဲတယ်။
`တနာရီလောက် ကြာတာ ဒီ တမျက်နှာပဲ ရလားကွ´
`ကျနော် စဉ်းစားလို့ ရတာ ဒီလောက်ပဲ´
`ဟေ့ကောင်၊ ကိုယ့်ကိုကိုယ်လဲ ပြန်ကြည့်ဦး။ လူလဲ လုပ်ထားတာ ကြေနေပြီ။ ဒါတောင် သောက်မှတ် မရှိဘူး။ ကိုယ့်ကိုကိုယ် မနှမြောဘူး ထင်တယ်။ ဟုတ်လား။ မအေ -။ အေး။ ငါ ပြန်ထွက်မယ်။ ထပ်ရေး၊ ဒီမှာ ဟေ့ကောင်၊ ရီးတီးယားတား မလုပ်နဲ့။ သေပြီးလို့ အရိုးပဲ ကျန်ရင်တောင် အရိုးကို ရိုက်စစ်ဦးမယ်ကွ။ သိလား။ ဘာမှတ်လဲ´
စားပွဲကို `ဖြောင်း´ ခနဲ ရိုက်ပြီး သူပြန်ထွက်သွားတယ်။ ကျနော် ဘယ်လို လုပ်ရမလဲ။ အစီရင်ခံစာ သူတို့ ရထားပြီတဲ့။ `အစ်´နေတာလား။ အစ်တာဆိုရင် ဘာလို့ အစီရင်ခံစာ အကြောင်းနဲ့ စာမျက်နှာ အရေအတွက်တွေ ပြောနိုင်တာလဲ။ တကယ်ပဲ တနည်းနည်းနဲ့ သူတို့ ရထားပြီလား။ ကျနော် မှန်းလို့ မရဖြစ်နေတယ်။ နေပါဦး။ အဲဒီ အစီရင်ခံစာက ABSDF ဗဟိုကို တင်ထားတာ။ ဗဟိုကို တင်တယ်ဆိုတာတောင် တကယ်တော့ ထိပ်ပိုင်း လေးယောက်လောက်ကိုပဲ အစီရင်ခံစာ ပေးထားတာ မဟုတ်လား။ ဘယ်လို ဖြစ်တာလဲ။ ကဲ မတတ်နိုင်ဘူး။ လွဲကာမှသာ လွဲရော။ လွဲလို့ ရိုက်ကာမှသာ ရိုက်ရော၊ သူတို့ လက်ထဲ အစီရင်ခံစာ ရောက်မနေဘူးလို့ အရင် ယူဆထားတာ ကောင်းမယ်။ ကျနော် စမ်းကြည့်ချင်စိတ် ပေါက်နေတယ်။ ဟုတ်တယ်။
ဒါပေမယ့် ဘာအကြောင်းအရာ ရေးရင် ကောင်းမလဲ။ စဉ်းစားလို့လည်း ဘာမှ ပေါ်မလာဘူး။ ရေတွေပဲ ပေါ်လာတယ်။ ရေ ဆာလိုက်တာ။ ရေ… ရေ…။ ကျနော် ဘောလ်ပင်ကို ကိုင်ပြီး စရေးတယ်။ ရေးပြီးရင်း ရေးတယ်။ ခေါင်းထဲ ပေါ်လာသမျှ ရေးတယ်။ ရေ… ရေ…။
`… တော်လှန်ရေးကျသော စိတ်ဓာတ် မရှိဘဲနှင့် တော်လှန်သော အတွေးအခေါ် တရပ် မရှိနိုင်။ တော်လှန်သော အတွေးအခေါ် တရပ် မရှိဘဲ စစ်မှန်သော တော်လှန်ရေး တရပ် မရှိနိုင်။ ထို့ကြောင့် ကျနော်တို့မှာ တော်လှန်ရေးကျသော စိတ်ဓာတ်ကို ပထမဆုံး ဦးစားပေး တည်ဆောက်ကြရမည်။ ကျွန်ုပ်တို့သည် အောင်မြင်မှုနှင့် ထိုက်တန်သူများ ဖြစ်ကြသည်။ လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ လူ့ဂုဏ်သိက္ခာ၊ လူသား အချင်းချင်း အချစ်စိတ်၊ အနာဂတ် နိုင်ငံတော်သစ်၊ မတူသူချင်း အတူယှဉ်တွဲ နေထိုင်ခွင့်၊ လေးစားစွာ ကွဲပြားခွင့်၊ သမိုင်းဝင် ရွေးချယ်မှု၊ မညီမျှမှု အသစ်၊ ကျွန်ုပ်တို့ တော်လှန်ရေး၏ အရေးကြီးသော အဆင့်နှစ်ဆင့်၊ အသက်ရှင်မှုအတွက် တိုက်ပွဲလော၊ အတွေးအခေါ်အတွက် တိုက်ပွဲလော၊ ခေတ်၏ ငြင်းဆန်မှု အသစ်နှင့် တောင်းဆိုမှု အသစ်များ၊ ကမ္ဘာ့ အခင်းအကျင်း အသစ်…´
ကျနော် ဘာတွေ ရေးနေလဲ၊ မသိဘူး။ ဒါပေမယ့် ရေးလို့တော့ သိပ်ကောင်းတာပဲ။ တခုရှိတာက ကျနော့်ကို ရေးခိုင်းရင် `ဒါမျိုးရေးမှာပဲ´ လို့ သူတို့ မျှော်လင့်ထားတာမျိုးတော့ အနည်းဆုံး ဖြစ်ရမယ် မဟုတ်လား။
ကျနော် ရေးနေတယ်။ အစီအစဉ်လည်း မကျဘူး။ ဒါပေမယ့် ရေးနေတယ်။ ရေ… ရေ… ရေအတွက် ရေ…။
***
ဘယ်လောက် ကြာသွားမှန်း မသိဘူး။ တံခါးဖွင့်သံ ကြားရတယ်။ ဟိုလူ ပြန်လာပြီ။ ကျနော်လည်း ဘောလ်ပင် ချလိုက်ပြီး ကမန်းကတန်း ခေါင်းစွပ် ပြန် စွပ်လိုက်တယ်။ သူက ကျနော့်ကို လက်ထိပ် ပြန်ခတ်တယ်။ နောက် ကျနော် ရေးထားတဲ့ စာရွက်တွေ လှန်ပြီး ဖတ်နေတယ်။
မျက်လုံးတွေ ကျွတ်ထွက် လွင့်စင် သွားမတတ် ဖြစ်လောက်အောင် မျက်နှာကို ဘယ်တော့များ ဖြတ်ရိုက်မှာပါလိမ့်။ တထိတ်ထိတ်။ ကျနော် စောင့်နေတယ်။ ရေးထားတာ ဆယ်မျက်နှာလောက်တော့ ရှိမယ် ထင်ပါရဲ့။ ၀င်းနိုင်ဦး။ ကံကောင်းစမ်း။
ဆက်ရန်…
10 comments:
အပိုင်းဘယ်လောက်ထိခွဲထားပါလဲဗျို့ ဖတ်ရတာအားမရတော့ဘူး။
(အိမ်ပြန်ရောက်တော့ ဒီ ရက်စက်တဲ့၊ ရိုင်းစိုင်းတဲ့ လက်တွေနဲ့ ဇနီးမယားကို ဖက်ပွေ့နိုင်ကြသလား။ သမီးသားကို ချီပွေ့ ယုယနိုင်ကြသလား။)
ဟုတ်တယ်နော်။ ဒီလိုလူတွေ စိတ်ဓာတ်တွေကိုက ကြမ်းတမ်းနေကြပြီလား မသိဘူး။
ဖတ်ရတာ ရင်ထဲမှာ မကောင်းလိုက်တာ။ ဘာမျှော်လင့်ချက်တွေ ရှိလို့များ လူတွေကို လူလို မထင်နိုင်ကြတော့တာလဲ စဉ်းစားလို့မရပါဘူး။ ဒီလို သခင်အားရ ကျွန်ပါးဝတွေ များနေလို့ ကျွန်တော်တို့တိုင်းပြည် ဒုက္ခနွံထဲ နစ်သည်ထက်နစ်နေရတာပေါ့ဗျာ။
ကာလ၀ိပါတ်နောက်ပိုးတက်..အဲဒိ ဗိုလ်ချုပ်ခင်ညွန့် ဦးစီးတဲ့ ထောက်လှမ်းရေးတွေ အကုန် မျိုးဖြုတ်ခံရ ၊ ထောင်ဒါဏ် အနှစ် ၆၀၊ ၉၆နှစ်တွေနဲ့ ဝဠ်လည် တော့ မှ တစ်ခြားစစ်ဗိုလ်ချုပ်ကြီးတွေ မကောင်းဘူး၊ မြန်မာနိုင်ငံမှာ တရားမျှတမှုမရှိဘူး ဘာညာ နဲ့  သူတို့ က ပြောရပြန်ပါရောလား..တရားမျှတ၊တရားဥပဒေစိုးမိုးသော နိုင်ငံ သစ် ရောက်အောင် ၊ အာဏာရှင်စနစ် ကြီးအောက်ကလွတ်မြောက်အောင် ရုန်းထွက်အောင် လုပ်ဖို့ ကိုယ့်လက်ထဲ လုပ်ပိုင်ခွင့်လေး ရှိတုန်းကတော့ မစဉ်းစားခဲ့ကြဘဲလေ…သူတို့ ရဲ့ God Father ကြီးရော..ခုလောက်ဆို အကျယ်ချုပ်နဲ့  အညှဉ်းဆဲ များ ပြန်ခံနေရလေမလား..
ကိုစေးထူး..ဝေမျှပေးတာ..ကျေးဇူးဘဲဗျာ..ဆက်ပါဦး..
thanks for typing this so many people can read it.
တောက်။
ဒီစာအုပ်ကို တင်မယ်လို့ ဆုံးဖြတ်ပြီး စာ စရိုက်ခါစက စောင့်ဖတ်သူ ရှိပါ့မလားလို့ စိုးရိမ်ခဲ့သမျှက အခုတော့ ဖတ်သူတွေရဲ့ မှတ်ချက်တွေကြောင့် ကျနော် စာအုပ်အဆုံးအထိ ဆက်တင်သွားဖို့ အားတက်ပါတယ်။ ချိုကိုရေ.. ဒီစာအုပ်က အခု နှုန်းအတိုင်း တင်ရင်တောင် နောက်ထပ် အနည်းဆုံး အပိုင်း ၄၀ သာသာ လောက်တော့ တင်ရပါအုံးမယ်။ အခုက စစ်ကြောရေးမှာ ကိုဝင်းနိုင်ဦးကို နှိပ်စက်တဲ့ အဆင့်ပဲ ရှိပါသေးတယ်။ နောက်ပိုင်း အခန်းတွေမှာ ထောင်တွင်း ညှဉ်းဆဲမှု အတွေ့အကြုံတွေကိုပါ ရသ အစုံအလင်နဲ့ ဖတ်ရဖို့ ရှိပါသေးတယ်။
ကိုမောင်ရင်ရေ..
ဟုတ်တယ်ဗျာ။ အကိုပြောမှပဲ အဲဒါကို ပြန်သတိရလိုက်တာ။ ကျနော် ဆုံဖူးတယ်။ ထောက်လှမ်းရေးဟောင်းတယောက်။ သူတို့အားလုံးကိုလဲ ဟိုလူတွေက တယောက်မကျန် လိုက်ဖမ်းရော ကိုယ်လွတ်ရုန်းပြေး၊ ဒီဘက်က လူတွေ သနားလာအောင် စစ်ဘိုချုပ်တွေ တရား မမျှတဘူးလေး ဘာလေးပြော။ အခုတော့ ဒီနိုင်ငံမှာတောင် တချို့ ရောက်နေကြပြီ။ ကဲ.. ဒါတွေ ထားလိုက်ပါမယ်ဗျာ။ အဲဒီ စာအုပ်ကို အခန်းဆက်တွေ ထပ်မံ ဖော်ပြတဲ့အခါမှာ ဆက်လက် အားပေးကြပါဦး...။ အားလုံးကို ကျေးဇူးတင်ပါတယ်။
ဒီစာအုပ်ကိုရေးတဲ့သူကလည်း တော်တော်အရေးကောင်းတာပဲ။
ဗဟုသုတ တစ်ခုတိုးပါတယ်။
တော်တော်ရက်စက်ကြတာပဲဗျာ။ ကိုစေးထူးရေ စောင့်ဖတ်နေတယ်ဗျာ ..
ကိုစေးထူးရေ။ အမြဲတမ်း လာဖတ်နေပါတယ်ခင်ဗျာ။ တကူးတက ရိုက်တင်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ထပ်ပြောပါရစေ။
ကိုကရောင်ကြီး ၀မ်းမြောက်ဝမ်းသာ အားပေးလျှက်ပါဗျို့ ဒီလိုမျိုးစာတွေကို ပြည်တွင်းကလူတွေ များများ ဖတ်စေချင်တယ်ဗျာ
Post a Comment