`အဖေ… ဒီသီချင်းက ဖေကြီးကို သား… မုန်းလို့ ဆိုထားတဲ့ သီချင်း မဟုတ်ပါဘူး ဖေကြီးရယ်… သား… ဖေကြီးကို ချစ်လွန်းလို့ တောင်းဆိုတဲ့ သီချင်းလေးပါ´
လွန်ခဲ့တဲ့ တပတ်လောက်ကပေါ့။ သီချင်းတွေ ဟိုတပုဒ်၊ ဒီတစ နားထောင်ရင်း ရဲလေး ဆိုထားတဲ့ `အိမ်´ သီချင်းကို အရောက်မှာ လူက ငိုင်ကျသွားမိတယ်။
`အိမ်… ဘယ်အချိန်မှာ ပျော်စရာတွေ ရလာမှာလဲ… အိမ်… ဒီအတိုင်းပဲ ကျနော်တို့ ဒုက္ခတွေရဲ့ ကြားက… အိမ်… မျက်လုံးထဲက အရည်တွေ ခမ်းခြောက်နေပြီ…´
ရှိုက်ကြီး တငင် ငိုသံပါနဲ့ ဆိုနေတဲ့ ရဲလေးရဲ့ သီချင်းစာသားတွေက တကယ်တော့ ကျနော့်ဘ၀နဲ့ သိပ်တော့ မတူပါဘူး။ ဒါပေမယ့် အိမ်တွင်းရေး အဆင်မပြေမှုကို ခံစားနေရတဲ့ လူငယ်တယောက်ရဲ့ ခံစားချက်ကိုတော့ အဖေနဲ့ အမေ အဆင်မပြေဖြစ်လို့ အကြီးအကျယ် စိတ်ဆင်းရဲခဲ့ရဖူးတဲ့ ကျနော့်ခံစားချက်နဲ့ ယှဉ်ပြီးတော့ ကိုယ်ချင်းစာနားလည်စွာနဲ့ပဲ ဒီသီချင်းကို ခံစားလို့ ရသွားပါတယ်။
***
တကယ်တော့လည်း သီချင်းတစ်ပုဒ်က ပြောတဲ့ ခံစားချက်၊ အသံဟာ ဘ၀များစွာရဲ့ ရုန်းကန်ရှင်သန်မှု အစုအဝေးထဲမှာ တခုသော အားအင်တခု ဖြစ်စေလေ့ ရှိတတ်ပါတယ်။ စိတ်တွေ အရမ်းညစ်နေတဲ့အချိန်၊ ဟိုးအောက်ဆုံးကို ပြုတ်ကျနေတဲ့ အချိန်မှာ အဲဒီခံစားချက်နဲ့ ထပ်တူနီးပါးကျတဲ့ သီချင်းတပုဒ်တလေက အားအင်တွေ ပေးလေ့ရှိပါတယ်။ ဒီလိုနဲ့ပဲ သီချင်းပေါင်းများစွာကို ကျနော် နားထောင်ဖြစ်ခဲ့ဖူးပါတယ်။
`မင်းအဖေက… အခု ဘာလုပ်လဲမေး… ဖြေရမှာက ခက်လာတာ…အဲဒီအကြောင်းကို တွေးရင်းနဲ့ မျက်ရည်က အလိုလို တက်လာတာ… ရင်ဘတ်ထဲ ထိုးထည့်ထားတဲ့ ဒဏ်ရာကလည်း နက်လာတာ´
၁၉၈၅ လောက်မှာတုန်းက ဖေဖေ အလုပ်လက်မဲ့ ဖြစ်သွားခဲ့ဖူးပါတယ်။ စိတ်တွေ လေနေပုံရတဲ့ ဖေဖေ အိမ်ကို ပြန်ရောက်သင့်တဲ့ အချိန်ပြန်မရောက်၊ ပြန်ရောက်တဲ့ အချိန်ကျတော့ မေမေနဲ့ တကျက်ကျက်။ ရပ်ကွက်ထဲက အလိုက်မသိသူ အိမ်နီးချင်းတချို့က မင်းအဖေ အခု ဘာလုပ်လဲ မေးရင် ဖြေဖို့နှုတ်ဆွံ့အခဲ့ရတဲ့ အဖြစ်က အခု ရဲလေး ဆိုထားတဲ့ အဖြစ်နဲ့ ကွာခြားပေမယ့် နာကျင်ခဲ့ရတဲ့ အဲဒီအခြေအနေကိုတော့ ပြန်သတိရစေခဲ့ပါတယ်။
`အိမ်… ခြောက်နာရီဆို အဖေရယ် ပြန်လာပေးပါ… အိမ်… မိုးချုပ်မှာကို အမြဲတမ်း ကြောက်နေမိတာ… အဖေနဲ့ အမေ အဆင်ပြေနေရင် သိပ်ကောင်းမှာပဲ…´
မိုးချုပ်မှ အိမ်ကို ပြန်ရောက်တတ်တဲ့ ဖေဖေ၊ ပြန်ရောက်ချိန်ကျတော့လည်း မေမေနဲ့ ရန်တွေတကျက်ကျက် ဖြစ်ကြလွန်းလို့ တိတ်တိတ်လေး ငိုခဲ့ကြရတဲ့ ကျနော်တို့ ညီအကို…။ အဲဒီတုန်းက ကျနော်တို့ ညီအကို ဆုအတောင်းမိခဲ့ဆုံးကတော့ `ဖေဖေနဲ့မေမေ ရန်မဖြစ်ပါစေနဲ့´ ဆိုတဲ့ ဆုတောင်းပေါ့…။
`လူတွေက အမေ့ကို ၀ိုင်းပြီး ပြောနေတာတွေ… မခံစားနိုင်ဘူး… ဒါတွေကို ယောင်လို့ ငါ စိတ်နာလွန်းလို့ မတွေးချင်ဘူး´
ပတ်ဝန်းကျင်ရဲ့ `ဘယ်လိုဖြစ်ကြတာလဲ´ ဆိုတဲ့ အကြိမ်ပေါင်းများစွာသော မေးခွန်းတွေရဲ့ ကြားမှာ ခေါင်းငုံ့ခဲ့ရတဲ့ မေမေ။ မျက်နှာငယ်ခဲ့ရတဲ့ ကျနော်တို့…။ အဆင်မပြေခဲ့တဲ့ ကျနော်တို့ရဲ့ အိမ်ကလေး…။
အိမ်…။
အိမ်…။
အိမ်…။
ပဲ့တင်ထပ်နေတဲ့ သီချင်းသံနဲ့ အတူ ဟိုးအဝေးမှာ ကျန်နေခဲ့တဲ့ ကျနော့်ရဲ့ `အိမ်´ ကလေး ဘယ်လိုနေရှာမှာပါလိမ့်…။
သီချင်းက ဆုံးသွားပါပြီ။ ဒါပေမယ့် နောက်တခေါက်၊ နောက်တခေါက်နဲ့ ထပ်တကျော့ကျော့ နားထောင်နေခဲ့မိတယ်။
တကယ်တော့ ရဲလေးကို ကျနော် မနှစ်သက်ခဲ့ပါဘူး။ သူ့ရဲ့ ပထမဦးဆုံး စီးရီး `ကျွန်တော်နှင့် သက်ဆိုင်သော´ မှာ ကိုလေးဖြူကို တိုက်ခိုက် သရော်ထားတဲ့ သီချင်း တပုဒ်ပါဝင်ခဲ့တာကြောင့် (ကိုလေးဖြူ ခရေဇီ မဟုတ်ခဲ့သည့်တိုင် တဖက်သားကို အဲဒီလို တိုက်ခိုက်တာကို အားမပေးချင်တာနဲ့) သူ့သီချင်းတွေကို နားမထောင်ဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် ယူကျုမှာ သီချင်းတွေ လိုက်နားထောင်ဖြစ်တုန်းက သူဆိုထားတဲ့ `ထိပ်ဆုံးမှာ အမေ´ ဆိုတဲ့ သီချင်းကို နှစ်သက်မိရာက သူ့သီချင်းတွေကို ပြန်သတိထားဖြစ်တာပါ။
တကယ်တော့ သီချင်းဆိုတာက ခံစားချက်နဲ့ ထပ်တူညီသွားရင် ရင်ကို ထိမှန်စေတတ်တာပဲလေ…။ ဒီလိုနဲ့ပဲ ကျနော်နဲ့ အကြောင်းအရာချင်း သိပ်မတိုက်ဆိုင်လှတဲ့ `အိမ်´ သီချင်းမှာ ခံစားနစ်မျောသွားခဲ့မိပါတော့တယ်။
ကလိုစေးထူး
1 comment:
ကျမလည်း ရဲလေးကို မကြိုက်ဘူး။ မကြိုက်ဘူးဆိုတာ သူက ဒီလောကထဲမှ မရောက်သေးဘူး ဟိုလူ့တိုက်သလို ဒီလူ့ရိသလိုမို့ အမြင်ကတ်တာနဲ့ နားကို မထောင်ဖြစ်တာ။ ဒါကြောင့် ဒီသီချင်းလည်း မသိဘူးရှင့်။
ကိုသံလွင်ပြောသလို ကိုယ့်ခံစားချက်နဲ့ သွားပြီး တိုက်ဆိုင်ခဲ့ရင်တော့ ကျမလည်း တချိန်ချိန် နှစ်သက်မိမယ်ထင်တာပဲ။
Post a Comment