Monday, March 31, 2008

တိကျ…မြန်..မှန်

အမှတ် (---) ခြေလျင်တပ်ရင်း…။ တပ်ရင်းအရာခံဗိုလ်ရုံး။

အရာခံဗိုလ် တင့်အောင်၏ စားပွဲရှေ့မှာ မျက်နှာသေလေးနဲ့ သတိဆွဲ ရပ်နေတာက တပ်သား အောင်ဝင်း။ အရာခံဗိုလ် တင့်အောင်က သူ့ရှေ့က လယ်ဂျာစာအုပ်ကို ဟိုလှန်ဒီလှော လုပ်လိုက်၊ တခုခုကို ရှာဖွေလိုက် လုပ်ပြီးနောက်…

`မင်းကို ခွင့်ပေးလိုက်တာ ဘယ်နှစ်ရက်လဲ´

`ဆယ်ရက်ပါ ဆရာကြီး´

`ပြစမ်း၊ မင်း MO´

တုန်တုန်ယင်ယင်ဖြင့် အောင်ဝင်း ကမ်းပေးလာသော MO (Movement Order) ကို ဖတ်ပြီးနောက်…

`ကဲ…၊ ပြော မင်း တပတ်တောင် နောက်ကျပြီးမှ ပြန်ရောက်တာ ဘာဖြစ်လို့လဲ´

`ဟို… ဟို…၊´

`ဘာ…ဟို ဟိုလဲ…၊ မင်းတို့ကောင်တွေ ခွင့်မရခင်ကတော့ မရလို့၊ ရတော့လဲ တပ်ကို အချိန်မှီ ပြန်မလာဘူး´

`………………..´

တပ်သား အောင်တင့် မျက်လွှာချလျက် ငြိမ်လျက်သား…။

`မင်းကိုငါ အခု အချုပ်ထဲ ထည့်လို့ရတာကို နားလည်လား´

`ဟုတ်ကဲ့၊ နားလည်ပါတယ်´

`အေး…၊ နားလည်တယ်ဆိုရင် မင်းကိုယ့်အပြစ်ကိုယ်သိရင် ဟောဟိုမှာတွေ့လား မြက်တွေ၊ အဲဒါတွေ ပြောင်သွားအောင် မြက်သွားပေါက်ချေ´

`ဟုတ်´

***

တပ်ရေး ဗိုလ်ကြီး ရုံးခန်း…။

`ဗိုလ်ကြီး၊ ကျနော်ရောက်ပါပြီ´

အခန်းဝမှာ အလေးပြုရင်း သတင်းပို့လိုက်သော အရာခံဗိုလ် တင့်အောင်ရဲ့ အသံကြောင့် ၀င်စာ တထပ်ကြီးနဲ့ အလုပ်များနေသော ဗိုလ် သက်ထွေး ခေါင်းမော့လာသည်။

`သြော်၊ ဆရာကြီး…၊ လာ´

သူ့ရှေ့မှာ သတိအနေအထားဖြင့် ရပ်နေသော အရာခံဗိုလ်တင့်အောင်အား အတန်ကြာသည် အထိ စိုက်ကြည့်နေပြီးမှ ဗိုက်သက်ထွေးတယောက် သက်ပြင်းတချက်ကို အသာချလိုက်ရင်း…

`ကျနော် သိပ်တော့ မပြောချင်ပါဘူး ဆရာကြီး၊ ဒါပေမယ့် မပြောပြန်တော့လဲ ခင်ဗျားတို့က များများလာတော့ ပြောရတော့မယ်´

`ဘာများလဲ ဗိုလ်ကြီး´

`ဘာလဲ ဆိုတော့ ခွင့်လွန်တွေ၊ သင်တန်းတက်ပြီး ပြန်အရောက် နောက်ကျသူတွေရဲ့ ရိက္ခာတွေကို ခင်ဗျား ထုတ်ထုတ်နေတာ များလာတဲ့ ကိစ္စပဲ´

`………….´

`ခင်ဗျားတို့က တော်ရုံတန်ရုံမို့ မပြောဘဲ အသာလွှတ်ပေးထားရင် ရောင့်ရောင့်တက်လာတယ်၊ ဘယ်မလဲ အဲဒီ ရိက္ခာတွေ၊ အကုန်ပြန်အပ်´

`ဟို…၊ ဟို…´

`ဘာမှ ဟိုဟိုဒီဒီတွေ လုပ်မနေနဲ့၊ ခင်ဗျား ဒါမျိုးတွေ လုပ်နေတာ များနေပြီ´

`………………..´

`ခင်ဗျား စစ်သက်နဲ့ အရာခံဗိုလ်အဆင့်ဆိုတဲ့ ရာထူးကို ငဲ့ပြီး ဒီတခါတော့ တရားဝင် စာတင်ပြီး အရေးမယူသေးဘူး။ ဒါပေမယ့် ခင်ဗျားထုတ်ထားတဲ့ ရိက္ခာတွေတော့ ပြန်အပ်ပါ´

`ဟုတ်´

***

တပ်ရင်းမှူး ရုံးခန်း…။

အပြင်မှာ ပူခြစ်နေပေမယ့် ရုံးခန်းထဲမှာတော့ လေအေးပေးစက် အရှိန်ကြောင့် အေးမြမြလေး ဖြစ်နေ၏။ သို့သော် တပ်ရင်းမှူး အရှေ့မှာ ရပ်နေသော တပ်ရေးဗိုလ်ကြီး ဗိုလ်သက်ထွေးတယောက့် ဇောချွေးကြောင့် အိုက်စပ်စပ်ပင် ဖြစ်နေလေ၏။ ခဏအကြာမှာတော့ တပ်ရင်းမှူး ရဲ့ အသံက ကျားဟိန်းသံကဲ့သို့ပင် မာထန်ထန် ဖြင့် ထွက်လာသည်။

`ကဲ၊ ဟေ့ကောင်၊ တပ်ရေးဗိုလ်ကြီး မင်း ဒီစာကို ဘယ်လိုရှင်းမလဲ´

တပ်ရင်းမှူး ထိုးပြသော စာကို ဖတ်ကြည့်ပြီး ဗိုလ်သက်ထွေး ခေါင်းနားပန်းကြီးသွားသည်။ စိတ်ထဲမှာလဲ ရုံးစာရေးတွေကို ကျိန်ဆဲလိုက်မိ၏။ `ခွေးမသား စာရေးတွေ၊ ငါ့ဆီကို အရင် မတင်ဘဲ တပ်ရင်းမှူးဆီ တမင်တင်လိုက်တာနေမယ်´ ဟုလဲ ညစ်တွေးတွေးလိုက်သေးသည်။

စာထဲမှာ ရေးထားတာက သူတို့ တပ်မှ ခွင့်မဲ့ပျက်ကွက် စစ်ပြေး တပ်သား မောင်ဆိုင် ကို ဖမ်းဆီးရမိထားသဖြင့် လာရောက်ခေါ်ဆောင်ရန် အကြောင်းကြားစာ…။

သာမန်အားဖြင့်ကြည့်ရင်တော့ စာက ဘာမှ မထူးဆန်းသလို ရှိပေမယ့် ခက်တာက တပ်သားမောင်ဆိုင် တပ်က ထွက်ပြေးသွားတာ သုံးလေးလလောက် ရှိနေပြီ ဖြစ်ပေမယ့် အထက်ဌာနကို ခွင့်မဲ့ပျက်ကွက်စာရင်း မတင်ထားမိခြင်းပင်။ မတင်ထားမိခြင်း ဆိုတာထက် မတင်ခဲ့တာဟု ပြောရင် ပိုမှန်လိမ့်မည်။ အဲဒီလိုပဲ ခွင့်မဲ့ပျက်ကွက် စစ်သည်တွေစာရင်းကို အထက်ဌာနကို အချိန်နဲ့ တပြေးညီ မတင်ပြဘဲ လစာနဲ့ ရိက္ခာတွေကို စာရင်းလိမ်တင် ထုတ်ယူနေတာ မနည်းတော့ပါ။

အထက်ဌာနက စာဝင်လာရင်လည်း ဆိုင်ရာပိုင်ရာတွေကို နည်းနည်းပါးပါး ပေးကမ်းပြီး လက်သိပ်ထိုး ဖြေရှင်းခဲ့တာချည်းပင်…။ အခုတော့ ဘယ်သူ့ လက်ချက်မှန်းမသိ…။ အထက်ဌာနက စာက တပ်ရင်းမှူးထံသို့ ဆိုက်ဆိုက်မြိုက်မြိုက် တိုက်ရိုက် ရောက်သွားခြင်းပင်…။

`ဘာလဲကွ၊ မင်းတို့ကောင်တွေ၊ မပြောရင် မပြောသလို အဟုတ်မှတ်နေတယ်။ ငါက မင်းတို့အဆင့်တွေ အကုန်လုံးကို ဖြတ်သန်းလာတဲ့ကောင်ကွ။ မင်းတို့ သောက်ကျင့်တွေလောက်တော့ အကုန်သိတယ် ဆိုတာ နားလည်ထား´

`မင်းတို့က စာတွေအကုန်လုံးကို ငါ့ဆီကို မတင်ဘူး။ မင်းတို့အဆင့်လောက်နဲ့တင် လူလည်ကျ။ စစ်တပ်ကွ…၊ လုပ်ချင်တိုင်း လုပ်လို့ ရတယ်များ ထင်နေလား။ ဘယ်မလဲ တပ်ထောက်ဗိုလ်ကြီး လုပ်တဲ့ကောင်ရော…´

နောက်ထပ် ဆယ်မိနစ်လောက် အကြာမှာတော့ တပ်ရင်းမှုး ရုံးခန်းထဲတွင် ဆူသံ၊ဆဲသံများဖြင့် ပွက်လော ရိုက်နေလေတော့သည်။ တပ်ရင်းမှူးက တနာရီနီးပါးလောက် အားရပါးရ ဆဲဆိုပြီးမှ…

`အေး၊ သွားကြတော့၊ မင်းတို့ ထုတ်ထားတဲ့ လစာနဲ့၊ ရိက္ခာတွေ အကုန်ပြန်အပ်၊ မအပ်နိုင်ရင် အရေးယူမယ်´

***

ည ၇ နာရီ…။

ဧည့်ခန်းထဲမှာ လူ သုံးယောက် ထိုင်နေကြ၏။ တပ်ရေးဗိုလ်ကြီး၊ တပ်ထောက်ဗိုလ်ကြီး နှင့် နောက်တယောက်ကတော့… တပ်ရင်းမှူး ကတော်…။

`ဟုတ်ကဲ့…၊ အမ ဒါဆို ကျနော်တို့ ပြန်လိုက်ပါဦးမယ်နော်´

`အေးကွယ်…၊ အေး…အေး´

`ဟိုလေ…၊ အခုလို လာတယ်ဆိုတာကလဲ လာကန်တော့တာပါ အမ၊ အမကိုလဲ အားကိုးပါတယ်´

`အေးပါဟယ်၊ နင်တို့ အဘကို ငါပြောပေးပါမယ်ဟဲ့´

`ဟုတ်၊ ဟုတ် အမ´

ဧည့်ခန်းထဲက စားပွဲပေါ်မှာတော့ ဆိုနီအမျိုးအစား ငါးချပ်ဆန့် အောက်စက် တလုံး၊ ပြီးတော့… စာအိတ် ဖောင်းဖောင်း နှစ်အိတ်…။

***

ဗိုလ်ချုပ်လမ်းမကြီးပေါ်မှ ဖြတ်သန်းသွားလျှင် ထိုတပ်ရင်းကို ဟီးနေအောင် မြင်နိုင်ပါသည်။ ဒါ့အပြင် တပ်ရင်းအရှေ့မှာ အနီရောင် အောက်ခံပေါ်တွင် အဖြူရောင် စာလုံးများဖြင့် ထင်းနေအောင် ရေးထားသည့် ဆိုင်းဘုတ် တခုကိုလဲ မြင်နိုင်ပါသေးသည်။

`တိတိကျကျ၊ မြန်မြန်ဆန်ဆန်၊ မှန်မှန်ကန်ကန် လုပ် (တပ်မတော်)´


ကလိုစေးထူး

(အမည်မဖော်လိုပေမယ့် ယခုစာစုကို ရေးသားဖြစ်ဖို့ အချက်အလက်တွေ ကူညီခဲ့တဲ့ သူငယ်ချင်းတယောက်ကို ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါတယ်)

Saturday, March 29, 2008

သတ်ပုံမှားတဲ့ည…

ကွန်ပျူတာရှေ့မှာ ထိုင်ပြီး စာရေးဖို့ ဖိုင်လ်ဖွင့်မယ်မှ မကြံသေး တတွီတွီနဲ့ မြည်လာသော ဖုန်းသံကြောင့် ဖုန်းကိုင်လိုက်ပြီးမှ ဖုန်းနံပါတ်ကို မကြည့်လိုက်မိသော ကိုယ့်ကိုယ်ကို စိတ်ထဲကနေ ကျိန်ဆဲလိုက်မိ၏။ ဒီဖုန်းနံပါတ်ဟာ သူ့ဆီက ဖုန်းဆိုတာကို စောစောစီးစီး ကြည့်သင့်ပါလျက်နဲ့ လောကြီးမိတာကြောင့် အခုတော့…

`ဟေ့လူ၊ ဘာတွေလုပ်နေတာတုန်း´

`ဒီလိုပါပဲ´

`ဘယ်မှ မသွားဖြစ်ဘူးလား´

`အင်း၊ မသွားဘူး။ ဒီတပတ်တော့ အိမ်မှာပဲနေမလားလို့´

`ဒါဆို အတော်ပဲဗျာ၊ ခင်ဗျားဆီ မရောက်တာကြာလို့ လာခဲ့မယ်´

ခက်ချေပြီ။ ကိုယ်က ဒီတပတ် ဘယ်မှမသွားဘဲ စာရေး၊ စာဖတ်မယ်လို့ ရည်ရွယ်ကာမှ သူက အိမ်ကို လာလည်မတဲ့။ ကိုယ့်အိမ်ကို လာလည်မယ့် ကိစ္စကို `မလာနဲ့´ လို့ ပြောလို့ ရစကောင်းတာလဲ မဟုတ်။ ဒါပေမယ့် နောက်ဆက်တွဲ ကိစ္စတွေကို တွေးမိတော့ ရင်မောလှစွာဖြင့် သက်ပြင်းတချက်ကို ဖူးခနဲ မှုတ်ထုတ်လိုက်မိတော့သည်။

သိပ်မကြာခင်မှာ သူရောက်လာတော့မည်။ ဘယ်လိုမှ အကျိုးအကြောင်း မဆက်စပ်တဲ့ ကိစ္စတွေကို ပြောတော့မည်၊ နားထောင်ချင်လား မထောင်ချင်လား မသိ သူပြောမယ့် စကားတွေကို လူယဉ်ကျေးတွေရဲ့ ထုံးစံလို့ အများက သတ်မှတ်ထားတဲ့ ပုံစံဖြစ်တဲ့ အလွန်အင်မတန် နားစိုက်နေဟန်၊ ဂရုစိုက်နေလေဟန် ပုံစံနေပြရဦးမည်။ ပိတ်ထားတဲ့ တံခါးကို ရင်တထိတ်ထိတ်နဲ့ လှည့်ကြည့် လှည့်ကြည့် လုပ်နေမိရင်း သီချင်းနားထောင်နေလိုက်၏။

***

`ဒေါက်၊ ဒေါက်၊ ဒေါက်´

သိပ်မကျယ်လှသော တံခါးခေါက်သံက တပ်လှန့်သံ တခုနှယ် နားစည်ကို ပြင်းစွာ လာရိုက်ခတ်၏။ ဖတ်လက်စ ဘလော့ဂ် စာမျက်နှာကို အမြန်ပိတ်၊ သီချင်းဖွင့်ထားတာတွေ ပိတ်၊ နောက်ဆုံး ကွန်ပျူတာကိုပါ ပါဝါပိတ်…။ တံခါးကို အသာ ဖွင့်လိုက်တော့ မျက်နှာတခုကို ဘွားခနဲ တွေ့လိုက်ရသည်။

နောက်တော့…၊ အိမ်ရှေ့ ဧည့်ခန်းထဲမှာ ပါးစပ်တခုက ထွက်ကျလာတဲ့ စကားလုံးကို ခေါင်းတခုက တဆတ်ဆတ် ငြိမ့်ပြနေပြီး နားနှစ်ဖက်က ပြည့်လျှံနေအောင် လက်ခံနေလေတော့သည်။

***

`ခင်ဗျားလဲ တနေ့တနေ့ အိမ်ထဲမှာပဲ ငြိမ်ကုပ်နေတာပဲနော်။ ဒီနိုင်ငံကို ရောက်မှတော့ အလုပ်နဲ့အိမ်၊ အိမ်နဲ့အလုပ်ပဲ သွားနေရတာ သိပ်ပျင်းစရာကောင်းတယ်ဗျ။ အပြင်လေး ဘာလေးသွား၊ ကျောင်းလေးဘာလေး တက်ဖို့ စဉ်းစားအုံး။ ဒီနိုင်ငံမှာက သူတို့ရဲ့ ကွန်မြူနတီထဲကို ကိုယ်က အလိုက်သင့် နေနိုင်မှ နေသာထိုင်သာကျမှာ´

`ဟာ…၊ ခင်ဗျားကား insurance က အတော် ဈေးကြီးတာပဲ၊ ခင်ဗျားယူထားတဲ့ ကုမ္ပဏီက ဈေးကြီးလွန်းတယ်ဗျ။ Detectable ငါးရာတွေ ဘာတွေ မလုပ်နဲ့၊ တထောင်သာထားလိုက်၊ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှုပေါ့ဗျာ။ ကျနော်ဆို ဒီရောက်နေတာ လိုင်စင်ရကတည်းက အခုအချိန်အထိ Ticket တခါမှ မရဖူးသေးဘူး။ မလုပ်နဲ့ ဆရာရေ၊ ဒီပြည်နယ်က ရဲတွေက Ticket နဲ့ ၀င်ငွေရှာတာတဲ့။ ကျနော်ကတော့ အခုနေ Truck Driver အလုပ်ကို လျှောက်ရင်တောင် ရနေပြီဗျ။´

`အာ…၊ ခင်ဗျား ခရက်ဒစ်ကဒ် လျှောက်တာ ဘာဖြစ်လို့ Capital One ဘဏ်ကို သွားရွေးတာတုန်း။ အဲဒီ ကုမ္ပဏီက မမိုက်ပါဘူး။ ဒီမှာကြည့် ကျနော့် ခရက်ဒစ် ကုမ္ပဏီ…။ အမေရိကားမှာ အတိုးနှုန်း အနည်းဆုံး ကုမ္ပဏီဗျ။ ဒါနဲ့ ခရက်ဒစ်ကဒ်သုံးရင်လဲ သတိထားဦးနော်။ တော်ကြာ ပြန်မဆပ်နိုင်မှ ခင်ဗျား ခရက်ဒစ်အကြွေးတွေ ပိပြီးတော့ အမေရိကားရောက်မှ ဒုက္ခရောက်နေမယ်။ အင်း…၊ ခက်ပါတယ်ဗျာ။ ဒီနိုင်ငံကလည်း အကြွေးရှိမှ လူရာဝင်သလို ဖြစ်နေတာကိုး´

`ခင်ဗျားအိမ်မှာ မဂ္ဂဇင်းတွေ မနည်းပါလား။ ကျနော်တော့ မြန်မာပြည်က စာအုပ်တွေ သိပ်မဖတ်ဖြစ်ပါဘူး။ စဉ်းစားကြည့်လေ၊ စာအုပ်တအုပ်လုံးမှာ မင်းသားမင်းသမီးတွေ အကြောင်းပဲ လျှောက်ရေးထားတာ၊ စိတ်ဝင်စားစရာ ဘာရှိလို့လဲ။ အဆိုတော်တွေ ဆိုတာကလဲ ကော်ပီတွေက များပါတယ်ဗျာ။ မြန်မာတွေ တော်တော်ကို ချာတယ်။ ကျနော်တော့ မြန်မာသီချင်းဆို နားကို မထောင်တာ။ ဒီက သီချင်းတွေကို နားထောင်ပြီးရင် သူတို့သီချင်းတွေကို နားထောင်လို့ကို မရတာဗျ။ ရုပ်ရှင်တွေဆိုလဲ ဘာထူးသေးလဲ၊ တခန်းနှစ်ခန်းလောက် ကြည့်ပြီးရင်ပဲ ဇာတ်သိမ်းခန်းကို သိနေပြီ။ ခံစားလို့ မရပါဘူးဗျာ။´

`ဟာ…၊ အဲဒီ အင်တာနက်ဈေးဆိုင်လား။ မ၀ယ်နဲ့၊ မ၀ယ်နဲ့…။ သိပ်ဈေးကြီးတာ။ ဆိုင်ပိုင်ရှင် အဲဒီကောင်က ကျနော်နဲ့ကောင်းကောင်း သိတယ်။ အင်မတန် ဈေးတင်ပြီး ရိတ်တာ။ ကျနော်တော့ စိတ်ပေါက်ပေါက် ရှိလာရင် ဒီကောင့်ဆီကို ဖုန်းဆက်ပြီး လှမ်းဆဲတာပဲ။ ကျနော့်ကိုလား၊ ဘယ်ပြန်ပြောရဲမှာလဲ။ ဒီကောင်က အရင်က ဘာကောင်မှ မှ မဟုတ်တာ။ ဒီကိုရောက်မှ ငွေလေးဘာလေး နည်းနည်း ရှိလာတော့ ဆိုင်တွေဘာတွေ ထောင်နေတာ။ တကယ်က သူ့မိန်းမကြောင့်ဆိုရင် ပိုမှန်မယ်။ ဒီကောင့်မှာတော့ ဘာအရည်အချင်းမှ မရှိပါဘူး။ အလကား´

`မြန်မာပြည် သတင်းတွေလား၊ သိပ် နားမထောင်ဖြစ်ပါဘူးဗျာ။ ဘာရယ်၊ ဆန္ဒခံယူပွဲတွေ ဘာတွေ လုပ်တော့မယ်တဲ့လား။ သူတို့ စိတ်တိုင်းကျပဲ လုပ်မှာပေါ့ဗျာ။ အင်း…၊ ခက်တယ်ဗျာ။ ကျနော်တို့က အဝေးကြီးကနေ ဘာတတ်နိုင်မှာလဲ။ လူတွေကလဲ ညီမှမညီတာ။ ကိုယ်လုပ်တော့လဲ ကိုယ့်ကိုပဲ လူမုန်းမှာကို။ အပြောင်းအလဲ ဖြစ်ဖို့ဆိုတာကတော့ မလွယ်ပါဘူးဗျာ။ ဘယ်တတ်နိုင်မလဲ…နော၊ ကုသိုလ်ကံပေါ့။ စီးပွားရေးပဲ လုပ်နေတာ ကောင်းပါတယ်ဗျာ။ ဒီမိုကရေစီ ရရင်တော့လဲ မြန်မာပြည်ကို ပြန်ချင်တာပေါ့´

`ဟာ…၊ ဟိုတလောကဗျာ။ ကျနော် ကာစီနိုသွားလိုက်တာ လေးထောင်လောက်နိုင်လာတယ်ဗျ။ လောင်းကစားတယ်ဆိုတာကလဲ စိတ်က ပြတ်နိုင်မှ၊ ကျနော်ကတော့ သွားတိုင်းနိုင်ပါတယ်။ ဘာရယ်…၊ အင်ဒီယားနားက တယောက် ကာစီနိုအကြွေးတွေနဲ့တင် အတိုးက မနည်းဘူး ဟုတ်လား။ အဲဒီကောင် ညံ့လို့ပါ။ ဘယ်ရမလဲ၊ အမေရိကန်မှာဆိုတာက လူလည်က ကျနိုင်မှဗျ။ နို့မို့လို့ကတော့ ခင်ဗျား Homeless ပါ ဖြစ်သွားမယ်။ ဘယ်လိုလဲ၊ တခါတလေ မကစားရင်တောင် အပျင်းပြေဖြစ်ဖြစ် လိုက်ကြည့်ပေါ့။ အိုကေပါဗျာ၊ မလိုက်ချင်ရင်တော့လဲ သဘောပါပဲ။ ခင်ဗျားသွားရင်တော့ တယောက်ထဲ မသွားနဲ့နော၊ ကျနော့်ဆီ ဖုန်းဆက်လိုက်´

`ကဲ…၊ သွားဦးမယ်ဗျာ။ အိမ်ကိုလာခဲ့ဦးလေဗျာ။ အဲဒီ ကွန်ပျူတာရှေ့မှာပဲ ထိုင်နေတော့ ခင်ဗျားအတွက် ဘာအကျိုးရှိမှာလဲ။ သြော်၊ ဟုတ်လား၊ ဒါခင်ဗျား ရေးနေတဲ့ ဘလော့ဂ်ပေါ့။ အင်း မျက်စိက သိပ်မကောင်းချင်ဘူးဗျာ။ ကွန်ပျူတာက စာလုံးတွေကို ကောင်းကောင်း ဖတ်လို့မရဘူး။ အင်းအင်း၊ ကောင်းပါတယ်။ နောက်တော့ ဆုံတာပေါ့ဗျာ။ ကျေးဇူးတင်တယ်ဗျာ။ ဟာ…၊ ဟေ့လူ ခင်ဗျား ဒီတိုင်ကပ်နာရီက အချိန်ရွှေ့လိုက်ဦးလေ။ နာရီတွေကို အရှေ့တိုးထားတာ ကြာပြီလေ။ ကဲကဲ…၊ သွားပြီဗျာ´

***

မိုး စုပ်စုပ် ချုပ်သွားပါပြီ။ ရွှေဧည့်သည်လဲ ပြန်သွားပါပြီ။

မီးရောင် မမှိန်တမှိန်နဲ့ အခန်းတခုထဲမှာ အမေရိကန် နိုင်ငံအကြောင်း ဘာဆို ဘာမှမသိသော လူတယောက်၊ ဟိုစာရေးရနိုး၊ ဒီစာဖတ်ရနိုးနဲ့ ငူငူကြီးထိုင်နေလေသည်။


ကလိုစေးထူး

Thursday, March 27, 2008

စပ်မိစပ်ရာ …(၂၂)

ဒီရက်ပိုင်းမှာ ကြားနေရတဲ့ စိတ်မချမ်းမြေ့ဖွယ် သတင်းကတော့ မလေးရှားနဲ့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေကို ဒေသဆိုင်ရာ ရဲတွေက အဖမ်းအဆီး စိပ်နေတဲ့ သတင်းပါပဲ။ ထိုင်းက မိတ်ဆွေ တယောက်ရဲ့ ပြောပြချက်အရ ဆိုရင် ဒီရက်ပိုင်းမှာ ထိုင်းရဲတွေရဲ့ ဖမ်းဆီးမှုဟာ အတော်လေးကို ပရမ်းပတာ နိုင်လွန်းတယ်လို့ သိရပါတယ်။ မလေးရှားမှာလဲ ဒီနည်းနှင်နှင်ပါပဲ …တဲ့။

ထိုင်းရဲတွေဟာ ဘောလုံးလောင်းတာ ရှုံးရင်လဲ ငွေရှာတဲ့ အနေနဲ့ သူတို့နိုင်ငံရောက် မြန်မာအလုပ်သမားတွေကို အဖမ်းအဆီး စိပ်လေ့ ရှိတယ်လို့ သိရပါတယ်။ ထိုင်းပရိသတ်တွေရဲ့ အသည်းစွဲ လီဗာပူ အသင်းကလည်း ပြီးခဲ့တဲ့ အပတ်က မန်ယူကို အရှုံးကြီး ရှုံးထားတော့ အခု ဖမ်းဆီးမှုတွေဟာ ငွေရှာနည်းတမျိုးပဲလား၊ ဒါမှမဟုတ် နောက်ထပ် အသစ်တက်လာတဲ့ ထိုင်းဝန်ကြီးချုပ်သစ်နဲ့ မြန်မာ အာဏာပိုင်တွေရဲ့ ပလဲနံသင့်နေမှုနဲ့ ဆက်စပ်နေတာလား ဆိုတာကတော့ စဉ်းစားစရာပါ။

စင်ကာပူ ဗီဇာကြေးတွေကို လက်ရှိ ပေးဆောင်နေရတဲ့ နှုန်း အမေရိကန်ဒေါ်လာ ၁၃ ဒေါ်လာကနေ ဒေါ်လာ ၂၀ ကို ဧပြီ ၁ ရက်နေ့က စပြီး ပြောင်းလဲ သတ်မှတ်ပါတော့မယ်။

`တပ်မတော်နေ့´ လို့ မြန်မာအာဏာပိုင်တွေက ခေါ်ဆိုကြတဲ့ `ဖက်ဆစ်တော်လှန်ရေးနေ့´ စစ်ရေးပြ အခမ်းအနားကို ပျဉ်းမနား အရပ်မှာ ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားဟာ ကာကွယ်ရေး ဦးစီးချုပ်တယောက် မဖြစ်မနေတက်ရမယ့် စစ်ဘက် အခမ်းအနားတွေထဲက တခု ဖြစ်တာမို့ မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ မာစီဒီး အမိုးဖွင့်ကားနဲ့ ဗိုလ်ရှု သဘင်ခံခဲ့ပါတယ်။ မှတ်သားစရာ သူ့ရဲ့ မိန့်ခွန်း တရပ်ကတော့…

“ရဲဘော်တို့ တပ်မတော်အစိုးရဟာ နိုင်ငံတော်ရဲ့ တာဝန်အရပ်ရပ်ကို မလွှဲသာမရှောင်သာ ရယူလိုက်ရပြီးတဲ့နောက် အာဏာအရပ်ရပ်ကို ပြည်သူ့ထံသို့ ပြန်လည်လွှဲ ပြောင်းပေးနိုင်ရေးအတွက် တရံမလပ်ခံယူပြီး ရည်မှန်းပြင်ဆင်ခဲ့တာဖြစ်တယ်။ တပ်မတော်ဟာ အာဏာကိုမက်မောခြင်းမရှိဘဲ မိမိတာဝန်ယူရတဲ့အခိုက်မှာနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင်၊ တာဝန်လစ်ဟင်းခြင်းမရှိအောင် မနားမနေအပင်ပန်းခံပြီး ကြိုးပမ်းထမ်းဆောင်နေခဲ့တာဖြစ်တယ်”

ဖွဲ့စည်းပုံ အခြေခံ ဥပဒေအသစ် မူကြမ်းကို ကန့်ကွက်မဲ ပေးဖို့ ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ ၀ိုင်းမော်မြို့တွေက လူစည်ကားရာ အရပ်တွေမှာ လှုံ့ဆော်စာတွေ လိုက်ကပ်ခဲ့တယ်လို့ သိရပါတယ်။ ဥပဒေမူကြမ်းကို ဝေဖန်ရင် ငွေဒဏ် တသိန်းနဲ့ ထောင်ဒဏ် သုံးနှစ် ကျခံရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ရှိနေတဲ့ ကြားထဲက ထွက်ပေါ်လာတဲ့ ဒီ လှုပ်ရှားမှုဟာ အဲဒီ မူကြမ်း ဆိုတာကြီးကို ပြည်သူတွေ ဘယ်လိုသဘောထားနေတယ် ဆိုတာရဲ့ သက်သေ တခုပါပဲ။ ဒါ့အပြင် အန်န်အယ်လ်ဒီ ရုံးရှေ့မှာလဲ ကန့်ကွက်မဲ ပေးကြဖို့ လှုံ့ဆော်မှုတွေ ပြုလုပ်ခဲ့ကြသေးတယ် လို့ သိရပါတယ်။

မြန်မာပြည်က မော်တော်ယာဉ်လိုင်းတချို့မှ ယာဉ်နောက်လိုက်တချို့ရဲ့ မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ ရိုက်နှက်ဖြေရှင်းတဲ့ အကျင့်ဆိုးတွေအကြောင်း ရေးထားတဲ့ သတင်းတပုဒ်ကို ဖတ်လိုက်ရပါတယ်။ ယခင့်ယခင်ကတော့ စပယ်ရာတွေရဲ့ နှုတ်အားဖြင့် ရိုင်းပျမှု အကြောင်းတွေကိုသာ ဖတ်ခဲ့ရလေ့ ရှိပေမယ့် အခုလို အနေအထားအထိပါ လူမိုက်ဆန်ဆန် လုပ်ဝံ့လာတာတွေရဲ့ တွန်းအားတွေက ဘာတွေပါလဲ…။

အဆိုတော် ဇေယျသော် အဖမ်းခံရတယ် ဆိုတဲ့ သတင်းကို ဖတ်လိုက်ရပါတယ်။ ဘာကြောင့် အဖမ်းခံရတယ်ဆိုတာကို တိကျရေရာစွာ မသိရပါဘူး။ ဒါပေမယ့် နိုင်ငံရေး ကိစ္စရပ်တခုခုနဲ့ ဆက်စပ်လို့ အဖမ်းခံရတယ် ဆိုတဲ့ ပါးစပ်သတင်းတွေက လိုအပ်တာထက် ပိုပွထနေတာကို တွေ့ရတော့ တကယ်တမ်း ပြည်တွင်းမှာ နေထိုင်ရတဲ့ ထင်ရှားသူတွေရဲ့ ဒုက္ခတမျိုးအတွက် ရင်မောရပါတယ်။ ကိုနေဘုန်းလတ် ကိစ္စမှာလဲ တိကျတဲ့ သတင်းတခုတလေမှ အတည်မပြုနိုင်သေးခင် သတင်းတွေက အလွန့်အလွန်ကို ပွခဲ့၊ ဖွခဲ့ကြပါတယ်။ သတင်းဦး၊ သတင်းထူး ဆိုတာကို မိမိက အရင်တင်ပြချင်တာထက်စာရင် အထဲမှာ နေနေရတဲ့ ကာယကံရှင်အတွက်ကိုပါ ထည့်တွက်စဉ်းစားပြီးမှ ပြင်ပက မီဒီယာတွေ အပါအ၀င် ကျနော်တို့ ဘလော့ဂါတွေက အစ တိကျသေချာမှုကို ဦးစားပေးသင့်တယ်လို့ ထင်မိပါတယ်။

လောင်စာဆီ တဂါလံကို မိုင် ၁၀၀ နှုန်းမောင်းလို့ရတဲ့ ကားကို တီထွင်နိုင်သူကို ဆုငွေ ဒေါ်လာ ဆယ်သန်းကြီးများတောင် ချီးမြှင့်ပါမယ် လို့ X Prize Foundation ကနေ ထုတ်ပြန်ကြေညာထားပါတယ်။ ထွင်နိုင်တဲ့ မောင်မင်းကြီးသား တယောက်ယောက် အမြန်ပေါ်ပါစေ လို့ ကြားထဲကနေ ဆုတောင်းမိပါတယ်။ တဂါလံ လေးဒေါ်လာ ပြည့်တော့မယ့် ဆီဈေးနဲ့ ဆို အဲဒီလို ကားမျိုး အမြန်ပေါ်မှပဲ သက်သာမယ့် သဘောရှိပါတယ်။



အဲဒါကတော့ ကျနော့်ရဲ့ ချစ်လှစွာသော သူငယ်ချင်း ဟနစံ က အီးမေးလ်မှ တဆင့် ပို့ပေးလိုက်တဲ့ ပုံပါ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက ရောက်နေတဲ့ အဲဒီပုံထဲမှာ ဟနစံ အပါအ၀င် စာပေ၀ါသနာရှင်တွေ ပူးပေါင်းတင်ဆက်တဲ့ `လောကအလှ´ အွန်လိုင်းစာစောင်မှာ ပါဝင်ရေးသားကြသူတွေရဲ့ စာမူခတွေကို စုပေါင်း အလှူပြုထားတဲ့ ဂုဏ်ပြုမှတ်တမ်းကို တွေ့ရလို့ ကြည်နူးကျေနပ်ရပါတယ်။

လောကအလှ စာစောင်ဟာ စာပေ၀ါသနာပါသူ၊ ၀ါသနာရှင် စာရေးဆရာ၊ ဆရာမများရဲ့ စာမူတွေကို ဖတ်ခွင့်ရမယ့် စာစောင်တခု ဆိုရင် မမှားပါဘူး။ ကဏ္ဍအလိုက် သေသေသပ်သပ် စီစဉ်တင်ဆက်ထားတဲ့ အဲဒီ စာစောင်ကို စာမူများလဲ ပေးပို့နိုင်ကြောင်း လက်တို့ သတင်းပေးရင်းနဲ့ ဒီတပတ်အတွက် စပ်မိစပ်ရာကို နိဂုံးချုပ်ပါရစေ။ နောက်တပတ်မှာ ပြန်ဆုံကြပါစို့…။


ကလိုစေးထူး

Tuesday, March 25, 2008

နီးနီးလေးနဲ့ ဝေး…

မိုးကောင်းကင်…














မြေကြီး

Monday, March 24, 2008

သင့်သွေးဖြင့်...

`နည်းနည်းလေး နာမယ်နော်၊ လက်သီးကို ဖွဖွဆုပ်ထား´

ဓာတ်ခွဲခန်း တာဝန်ခံ ဦးစောသာ ရဲ့ စကားအဆုံးမှာ စစ်ခနဲ နာကျင်မှုတခုကို ခံစားလိုက်ရ၏။ လက်ဖျံထဲကို တိုးဝင်လာသော အပ်မှတဆင့် သွေးစက်တို့က ပုလင်းထဲသို့ တိုးဝှေ့ထွက်ခွာသွားသည်ကို သူ ငေးကြည့်နေမိသည်။

`ဒီတကြိမ်နဲ့ဆို ငါးကြိမ်တောင် ရှိပြီနော် ကောင်လေး´

လယ်ဂျာစာအုပ် တခုကို ဟိုလှန်ဒီလှောလုပ်နေရင်း လှမ်းမေးလိုက်သော ဦးစောသာရဲ့ အမေးကို အသာခေါင်းဆတ်ပြရင်း ဖြေလိုက်တော့ တစုံတခုကို ရေးခြစ်နေဟန်ဖြင့် ဦးစောသာဆီက အသံတိတ်သွားပြန်သည်။

***

သူ သွေး စတင်လှူဖြစ်ခဲ့တာကတော့ တကူးတကကြီး ရည်ရွယ်ထားလို့ လှူဖြစ်ခဲ့တာတော့ မဟုတ်ပါ။ တရက်…၊ သူတို့ လမ်းထိပ်မှာ ရှိတဲ့ မြို့နယ်ဆေးရုံဘေးက ကွမ်းယာဆိုင်မှာ ထိုင်နေတုန်း ကွမ်းယာလာဝယ်သော ဦးစောသာက `ဆေးရုံထဲမှာတော့ ဘီသွေး လိုနေတယ်´ လို့ တခြားလူတွေကို ပြောတာ ကြားရင်းကနေ `ကျနော် ဘီသွေးပဲ၊ လှူလို့ရရင် လှူမယ်လေ´ ဆိုပြီး အမှတ်မထင် လှူဖြစ်ခဲ့ခြင်းပါ။

သူတို့ မြို့မှာက သွေးလှူဘဏ်ဆိုတာကလည်း မရှိတော့ ဝေဒနာရှင်တယောက်ယောက်ကို သွေးသွင်းကုသဖို့ လိုအပ်လာရင် အခုလိုပဲ သွေးလှူရှင်ကို အရေးတကြီး ရှာရလေ့ရှိ၏။ တကြိမ်လာလှူဖူးသူတွေကို စာရင်းသွင်းထား…၊ သွေးလိုချိန်ဆိုရင် ဓာတ်ခွဲခန်းတာဝန်ခံက စာရင်းစာအုပ်ကို လှန်ပြီး ဘယ်သွေးအမျိုးအစားကို လှူထားသူဖြင့် နောက်တကြိမ်သွေးလှူဖို့ ရက်စေ့နေလဲ ဆိုတာ ရှာရသည်။ လိုချင်တဲ့သွေးအမျိုးအစားကို အရင်က လှူဖူးသူက နောက်တကြိမ်လှူဖို့ ရက်စေ့နေရင်တော့ သူ့အိမ်ကို ဓာတ်ခွဲခန်းတာဝန်ခံက စက်ဘီးနဲ့ဖြစ်ဖြစ် အမြန်သွားခေါ်၊ သွေးဖောက်၊ ဝေဒနာရှင်ဆီကို ချက်ချင်းသွင်းပေး လုပ်ရ၏။

သွေးလိုနေခိုက်မှာ အဲဒီသွေးအမျိုးအစားကို အရင်က လှူဖူးသူတွေက နောက်ထပ်လှူဖို့ ရက်မပြည့်သေးရင်တော့ ဓာတ်ခွဲခန်းတာဝန်ခံ အဖို့ ဗျာများရတော့သည်။ ခင်ရာမင်ရာ နီးစပ်တဲ့ မိတ်ဆွေတွေဆီကို သွေးအလှူခံ ထွက်ရတော့သည်။ ဒီလိုနဲ့ပဲ သူ သွေးလှူဖြစ်ခဲ့ခြင်းပင်…။

အဲဒီလိုတွေ သွေးအလှူခံရတော့ သွေးလှူရှင်ဆီမှာ ရောဂါတခုခု ရှိနေခဲ့ရင် ဝေဒနာရှင်ဆီကို မကူးနိုင်ဘူးလားဟု မေးစရာရှိသည်။ ဒါနဲ့ပတ်သက်ပြီး မြို့နယ်ဆရာဝန်ကြီးက ကျန်းမာရေး ဆွေးနွေးပွဲတခုမှာ…

`ကျနော်တို့ မြို့လေးက သေးသေးလေးဗျာ။ ဆေးရုံဆိုတာကလဲ ဓာတ်မှန်ခန်းတောင်မှ မနေ့တနေ့ကမှ ဖွင့်နိုင်တယ်။ လျှပ်စစ်မီး အခက်အခဲကလဲ ရှိတော့ တခါတလေ အင်မတန် အရေးကြီးတဲ့ အော်ပရေးရှင်းဝင်ရမှာမျိုးတွေမှာတောင် အခက်တွေ့ရတာ ရှိပါတယ်။ ဒါကြောင့် သွေးတွေကို လှူချင်တဲ့လူဆီကနေ ဖောက်ယူထားပြီးတော့ အအေးခန်းမှာ ထိန်းသိမ်းထားပြီးမှ လိုအပ်တဲ့အချိန်မှာ ဝေဒနာရှင်ဆီကို သွင်းပေးတာမျိုးတွေ လုပ်ဖို့ အခြေအနေ မပေးနိုင်ဘူး။

အဲဒါထက်ပိုပြီး စိုးရိမ်ရတာက သွေးလှူရှင်ဆီကနေ ရလာနိုင်တဲ့ ရောဂါတွေပါပဲ။ အထူးသဖြင့် အေအိုင်ဒီအက်စ် လို ရောဂါ။ ကျနော်တို့က သွေးလှူရှင်ဆီက သွေးကို ဖောက်ယူထား၊ ရောဂါပိုး ကင်းမကင်းစစ်၊ ပြီးမှ သွေးသွင်းလုပ်ဖို့လောက် အထိ တတ်နိုင်တဲ့ အနေအထား မရှိတော့ ကျနော်တို့ အတတ်နိုင်ဆုံးနဲ့ အားအကိုးဆုံးကတော့ သွေးလှူရှင်ရဲ့ ကိုယ့်ကိုယ်ကို ရိုးသားစွာ အာမခံနိုင်မှုပါပဲ။ ကိုယ့်ကိုယ်ကို အေအိုင်ဒီအက်စ်ရောဂါ လို ရောဂါ ရနိုင်တဲ့ အနေအထားပတ်သက်မှုမျိုး တခုခု ရှိခဲ့တယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေ သွေးလာမလှူကြဖို့ မေတ္တာရပ်ခံပါတယ်´

မဖွံ့ဖြိုး မတိုးတက်တဲ့ ဒေသလေးမှာ လူလာဖြစ်ရတာဆိုတော့လဲ ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ် အဆင်ပြေသလိုပင်။ ဒီလိုနဲ့ သူ သွေးလှူဖြစ်ခဲ့သည်မှာ အခုတော့ ငါးကြိမ် တိုင်ခဲ့ပါပြီ။

***

`ကဲ…၊ ရပါပြီ´

ဦးစောသာက ခပ်ပြုံးပြုံးဖြင့် ပြောလိုက်ရင်း အပ်ကို ဆွဲဖြုတ်၊ ဂွမ်းစတခုကို ကပ်ပေးပြီး သူ့လက်ကို ကွေးထားစေလိုက်သည်။

သူ့သွေး နီညစ်ညစ်တို့ဖြင့် ပြည့်နေသော သွေးပုလင်းက ဝေဒနာသည်ဆီကို သွေးသွင်းပေးဖို့ အဆင်သင့် ဖြစ်နေပါပြီ။

`ကောင်လေး၊ ခဏစောင့်နော်၊ လူနာရှင်ဆီကို ဆရာမ စေးဖော သွားနေတုန်းပဲ´

***

သူ ပထမဆုံးအကြိမ် သွေးလှူတော့ သွေးပုလင်းဖောက်ပြီးတာနဲ့ ဦးစောသာက ချောကလက်ရောင်လိုလို အားဆေး အလုံးငါးဆယ်ခန့်၊ သကြား တပိဿာထုပ် တထုပ်နဲ့ နို့ဆီ နှစ်ဗူး ပေးသည်။ သွေးလှူရှင်တိုင်းကို ပေးတာလို့ သိရ၏။

အသက်က ငယ်ငယ် သွေးအားကောင်းတဲ့ အရွယ်ဆိုတော့ ဆေးရုံက ပေးသော အားဆေးကို တခါမှ ပြန်မသောက်ခဲ့သလို သွေးလှူလို့ ပေးတဲ့ နို့ဆီနဲ့ သကြားကိုလဲ လက်ဖက်ရည်ဆိုင်မှာ သွားပြန်ရောင်းလိုက်တာပင်…။ အဲဒီတုန်းက နို့ဆီ တဗူးကို ၅၀၊ သကြားတပိဿာကို ၇၀ ရ၏။

သွေးစလှူတဲ့ ပထမဆုံးအကြိမ်မှာတုန်းကတော့ ဒါက ရစကောင်းတဲ့ အခွင့်အရေးလို့ မသိခဲ့ပေမဲ့ ဒုတိယ တခေါက် သွေးသွားလှူတော့ နို့ဆီနဲ့သကြားကို စကေးတခုလို လိုချင်တတ်လာသည်။ နောက်အခေါက်တွေမှာတော့ သွေးလှူပြီးတာနဲ့ ဒါကို စောင့်ယူတတ်လာတော့သည်။ သွေးလှူဖို့ လိုက်သွားစဉ်ကတော့ အဲဒါတွေကို လိုချင်လို့ မဟုတ်ပေမယ့် `ငါရသင့်တဲ့ အခွင့်အရေး´ ဆိုတဲ့ စိတ်နဲ့ စောင့်ယူချင်မိတာလဲ ပါသည်။

အခုလဲ သွေးလှူပြီးတာနဲ့ နို့ဆီနဲ့ သကြား စကေး ယူဖို့ စောင့်နေမိသည်။

***

`ဆရာမ စေးဖောက လူနာရှင်ဆီကို ဘာသွားလုပ်တာလဲ ဦး´

`ဆေးရုံမှာ နို့ဆီနဲ့သကြား ကုန်နေလို့ မင်းကို ပေးဖို့ နို့ဆီနဲ့သကြားဖိုးကို လူနာရှင်ဆီ သွားတောင်းနေတာလေ´

`ဟင်၊ ကျနော့်ကို ပေးတာ ဆေးရုံက ပေးနေတာ မဟုတ်ဘူးလား´

ဦးစောသာက သက်ပြင်းတချက်ကို ဖွဖွချလိုက်ရင်း ခပ်လှမ်းလှမ်းက စာတန်းတခုကို အသာ လက်ညှိုးထိုးပြလိုက်သည်။

`စားရိတ်မျှပေး၊ ကျန်းမာရေး´

သူ့စိတ်ထဲမှာ အမျိုးအမည် ဖော်ပြမတတ်သော တစုံတခုကို ခံစားလိုက်ရသလို ဖြစ်သွားသည်။ ဒါဖြင့်…၊ ဒါဖြင့် သူလှူနေတာက ထိရောက်တဲ့ အလှူတခုဟုတ်ပါရဲ့လား။ သူက…၊ သူက သူ့သွေးတွေကို အခကြေးငွေနဲ့ ရောင်းစားသလို ဖြစ်နေပြီပေါ့…။ ရှုပ်ထွေးနောက်ကျိသွားသော စိတ်ကြောင့် အခန်းထဲကနေ ခပ်သွက်သွက် ပြန်ထွက်လာတော့ ဦးစောသာရဲ့ `ကောင်လေး၊ နေဦးလေ´ ဆိုတဲ့ အသံက ကျန်ခဲ့သည်။

***

`အမျိုးသား လူနာဆောင်´ ဆိုတဲ့ ခန်းမငယ်လေးထဲမှာ လူနာများများစားစားတော့ မရှိလှပါ။ ကုတင် ကျိုးတို့ကျဲတဲ ဟိုတလုံးဒီတစနဲ့ ခန်းမငယ်လေးရဲ့ အ၀မှာ ဖိနပ်ချွတ်ပြီးမှ အထဲကို ၀င်ရ၏။ တွေ့ပါပြီ၊ ဟိုးခပ်လှမ်းလှမ်းထောင့်မှာ ဆရာမ စေးဖော…။

`ဆရာမ၊ သွေးသွင်းရမယ်ဆိုတဲ့ လူနာက ??´

`ဟိုမှာလေ´

ဆရာမ လက်ညှိုးညွှန်ပြသော ကုတင်ကို လှမ်းကြည့်မိတော့ မျက်တွင်းဟောက်ပက်နဲ့ လူနာတယောက် ကုတင်ပေါ်မှာ မှိန်းနေသည်။ ကုတင်ဘေးမှာကတော့ သူ့ဇနီးဖြစ်ဟန် တူသူ အသက်သုံးဆယ်အရွယ်ခန့် မိန်းမတယောက်…။ နွမ်းဖတ်နေသော အ၀တ်တွေက သူတို့ရဲ့ အခြေအနေကို မပြောဘဲ ပေါ်လွင်နေစေသည်။ ကုတင်ခေါင်းရင်းက စင်ငယ်ပေးပေါ်မှာက တမိုက်သာသာလောက် အရွယ် လိမ္မော်ရည်ဘူးလေး နှစ်ဗူး၊ သိပ်လတ်ဆတ်ပုံ မရသော ပန်းသီးတလုံး၊ ဒန်ချိုင့်အပိန်လေး တလုံးထဲမှာတော့ ဆန်ပြုတ်ပဲဖြစ်မလားတော့ မပြောတတ်။

`ဒါ၊ သွေးလှူရှင်ပဲ´

ဆရာမ စေးဖောရဲ့ စကားအဆုံးမှာ ကုတင်ဘေးက မိန်းမက သူ့ကို မျက်လုံး တချက်လှန်ကြည့်သည်။ ကျေးဇူးတင်ဟန် သူ့မျက်နှာမှာ တစုံတခု ရောစွက်နေသေးသလိုလို…။ ခဏအကြာမှာတော့ သူ့လက်ပိန်ပိန်တွေက သူလွယ်ထားတဲ့ လွယ်အိတ်ထဲက တခုခုကို နှိုတ်ယူလိုက်သည်။ လက်ထဲမှာ ပါလာတာက ငါးဆယ်တန် ခပ်နွမ်းနွမ်း သုံးလေးရွက်…။

`ဟို…၊ ဟို…၊ နို့ဆီနဲ့ သကြားဝယ်ဖို့…´

သူ့စိတ်တွေ လွင့်ထွက်သွားသလို ခံစားလိုက်ရသည်။

`ဟာ…၊ မပေးပါနဲ့၊ မပေးပါနဲ့…၊ မပေးပါနဲ့ဗျာ´

သူ့အသံက လိပ်ပြာမလုံသော စိတ်တွေကို အကာအကွယ် မပေးနိုင်စွာဖြင့်ပင် တုန်ယင်နေသည်။ ယောင်နန နိုင်လှစွာဖြင့်ပင် အဲဒီမိန်းမရဲ့ လက်ထဲက ငွေတွေကို တွန်းဖယ်နေမိ၏။

ခဏအကြာမှာတော့ အဲဒီ လူနာကုတင်နားကနေ သူ ချာခနဲ လှည့်ထွက်လာလိုက်တော့သည်။

***

မြို့ကလေးကနေ မခွဲခွာခင် အထိ သူ သွေး ၁၃ ကြိမ် လှူဖြစ်လိုက်ပါသည်။

ဒါပေမယ့် နောက်ပိုင်း သွေးလှူကြိမ်တိုင်းမှာတော့ သူ့အတွက် စကေး နို့ဆီနဲ့ သကြားကို ဘယ်သောအခါမှ သူ စောင့်ဆိုင်း မယူဖြစ်တော့ပါ။ သူ သွေးလှူတာ ဆယ်ကြိမ်ပြည့်တော့ ဆေးရုံလေးက ဆရာဝန်လက်မှတ်ထိုးထားသော ဂုဏ်ပြုမှတ်တမ်း စာရွက်တခု ရခဲ့၏။ စာရွက်လေးရဲ့ ထိပ်နားမှာ ရေးထားတာက `သင့်သွေးဖြင့် အသက်ကယ်ပါ´…တဲ့။ သူ့စိတ်ထဲကနေ တစုံတခုကို တီးတိုးရေရွတ်လိုက်၏။

` သန့်စင်သောစိတ်ထားပြီး သင့်သွေးဖြင့် အသက်ကယ်ပါ´


ကလိုစေးထူး

Thursday, March 20, 2008

မေတ္တာ အာဇာနည်…

`ကန်တော့ ဆွမ်းပါဘုရား´

ညှိုးနွမ်းဟန် မျက်နှာမသာမယာဖြင့် တိုးလျလျ လျှောက်ထားလာသော ဒကာမကြီးကို ကြည့်ရင်း သက်ပြင်းဖွဖွ ချမိ၏။ ထို့နောက်မှာတော့ စက္ခူအိဒြေ္နကို အသာချလျက် ဦးပဉ္ဖင်း နေမိန္ဒ ရဲ့ ခြေလှမ်းအစုံတို့က ဆွမ်းခံကြွရာ အိမ်ဆီမှ တဆင့် လမ်းပေါ်သို့ တလှမ်းခြင်း…။

***

အရှင်နေမိန္ဒ ဆွမ်းခံကြွလေ့ ရှိတဲ့ သုတလမ်းတလျှောက် က များသောအားဖြင့် လက်လုပ်လက်စား လူတန်းစားများ၊ အလယ်အလတ်တန်းစား များနဲ့ အလွန်နည်းပါးလှစွာသော လူချမ်းသာ တချို့တလေသာ ရှိတတ်သော လမ်းဖြစ်ပါသည်။

သုတလမ်း တလျှောက်မှာ လမ်းသွယ်လေးတွေက သုတ (၁)လမ်း၊ (၂)လမ်း၊ စသဖြင့် အမှတ်စဉ် (၈) အထိ ရှိ၏။ အရှင်နေမိန္ဒ သီတင်းသုံးရာ ငွေကြာယံပရိယတ္တိ စာသင်တိုက်ကနေ တဆင့် ဝေဇယန္တာလမ်းကို အတန်ငယ် ဖြတ်လျှောက်ပြီးရင်တော့ သုတလမ်းကို ရောက်နိုင်ပါသည်။ ဒီလမ်းထဲမှာပင် အရှင်နေမိန္ဒ ဆွမ်းခံကြွခဲ့သည်မှာ ငွေကြာယံကျောင်းကို ရောက်ခါစ ကိုရင်ဘ၀ကတည်းမှ ယခု ရဟန်းဝါ (၅) ၀ါရသည်အထိပင်…။

နယ်မြို့ တောရကျောင်းက ဆရာတော်က ဉာဏ်ရည် ထက်မြက်ဟန်ရှိသော သားတပည့် အရှင်နေမိန္ဒကို ငွေကြာရံဆရာတော်ကြီးဆီမှာ အပ်နှံပြီး ပရိယတ္တိ စာပေများကို သင်ကြားစေခဲ့သည်။ ဆရာတော်ကြီးများရဲ့ ဆုံးမသွန်သင်မှုကို နာခံလို့ ၂၂၇ သွယ်သော ရဟန်းကျင့်ဝတ်ကို အထူးရိုသေလေးစားသူ အရှင်နေမိန္ဒရဲ့ ရည်ရွယ်ချက်က ပရိယတ္တိစာပေများကို အပတ်တကုတ်သင်ယူပြီး သာသနာ ပြန့်ပွားအောင် ဆောင်ရွက်ဖို့…။

***

ဒီတော့ ဒီလမ်းကလေးမှာ အရှင်နေမိန္ဒ ဆွမ်းခံထွက်လာသည်မှာ နှစ်အတန်ကြာခဲ့ပါပြီ။

မြန်မာလူမျိုးတို့ရဲ့ အလှူဒါန ထက်သန်လှတဲ့ စိတ်စေတနာကြောင့် သံဃာတော်အဖို့ ဆွမ်းမရှားလှပါ။ နေ့ဆွမ်းအတွက် အရှင်နေမိန္ဒ ဆွမ်းခံထွက်လာပြီလား ဆိုရင် အိမ်ဆွမ်းကြွဖို့ ဖိတ်ထားသူ ဒကာ၊ ဒကာမတွေရဲ့ ဆွမ်းအပြင် `ရပ်တော်မူပါဦး ဘုရား´ လို့ လှူတတ်သူတွေရဲ့ သစ်သီးဆွမ်း၊ အချိုရည်ဆွမ်းများလဲ မနည်းလှပါ။

အခုတော့ …။

တကယ်တော့ ဒကာဒကာမတွေရဲ့ ဆွမ်းအလှူတွေ အရင်ကထက် ပိုနွမ်းပါးလာတာကို အရှင်နေမိန္ဒ သတိပြုမိနေခဲ့တာ အတန်ကြာခဲ့ပါပြီ။ ကျောင်းကို ပြန်ရောက်လို့ ဆွမ်းဟင်းခွက်တွေကို လှပ်ကြည့်လိုက်ရင် အရင့်အရင်ကတော့ အသားဟင်း သုံးလေးခွက် ပါလေ့ရှိပေမယ့် အခုနောက်ပိုင်းတွေမှာတော့ တချို့ဟင်းခွက်တွေက ကန်စွန်းရွက်ကြော်၊ တချို့ဟင်းခွက်က ပဲပြုတ်၊ တချို့ဟင်းခွက်မှာတော့ ဘူးသီးဟင်း၊ အတန်ငယ် ချောင်လည်ဟန် ရှိသူ ဆွမ်းဒကာရဲ့ ဆွမ်းခွက်မှာ အသားဟင်းပါရုံ မည်ကာမတ္တဟင်း တခွက်…။

`ရပ်တော်မူပါဦး ဘုရား´ လို့ တားပြီး လှူဒါန်းသူတွေတောင် နည်းပါးလာခဲ့တာ အတော်ကြာပါပကော…။

ဆွမ်းခံပြီးလို့ ကျောင်းကို ပြန်ရောက်ချိန် နေ့ဆွမ်းဘုန်းပေးချိန်တွေမှာ တခြားသော ကိုယ်တော်တွေရဲ့ ဆွမ်းခွက်တွေကို စောင်းငဲ့ကြည့်မိပြန်တော့လဲ ဒီနည်းနှင်နှင်…။

တကယ်တော့ သံဃာတော်တွေ ဆိုတာက ဒကာတွေ လှူသမျှနှင့် ရောင့်ရဲတင်းတိမ်စွာ ဘုဉ်းပေး သုံးဆောင်ရသည်မှာ မှန်သော်လည်း ဆွမ်းခံထွက်ချိန်ရောက်တိုင်း မြင်ရသည့် ညှိုးငယ် နွမ်းလျနေသော ဒကာဒကာမတွေရဲ့ မျက်နှာသွင်ပြင်ကို မြင်ယောင်မိပြန်တော့ အရှင်နေမိန္ဒ အဖို့ ဆွမ်းဘုဉ်းပေးရသည်မှာ မျိုမကျတော့…။

***

`အရှင်ဘုရား၊ ကားခလေး မစပါဘုရား´

ဆရာတော်ကြီး ခိုင်းလို့ မြို့ထဲက ကျောင်းတကျောင်းကို သွားရတော့ ကျပ်ညပ်နေသော (၃၆) ဟိုင်းလတ် လိုင်းကားငယ်ကို ဖြစ်သလိုပင် သင်္ကန်းတလွှားလွှားဖြင့် တွယ်စီးလာရသည်။ တချို့ကားတွေကတော့ သံဃာတော်တွေကို မြင်တာနဲ့ ကားခေါင်းခန်းမှာ နေရာပေးတတ်ပေမယ့် ဒီနောက်ပိုင်းမှာတော့ သင်္ကန်းတလွှားလွှားဖြင့် ကားတွယ်စီးနေရတဲ့ သံဃာတော်ဆိုတာ အထူးအဆန်းပင် မဟုတ်တော့ပြီ။ အခုလဲ ကားတွယ်စီးနေရလျက်ကပင် စပယ်ယာလေးရဲ့ ကားခ တောင်းသံကြောင့် ကားပေါ် မတက်မီကပင် လက်ထဲမှာ ကိုင်ထားသော နှစ်ရာတန်ကို လှမ်းပေးလိုက်၏။

`ဘယ်ကို ကြွမှာလဲဘုရား´

`ရွှေဂုံတိုင်ကို´

`နှစ်ရာ မရတော့ဘူးဘုရား၊ ဒါပေမယ့် တပည့်တော် လှူပါတယ်ဘုရား၊ နှစ်ရာပဲ ယူပါမယ်´

အလို…၊ ဒီလမ်းဒီခရီးကို ကားခ ဈေးတက်သွားတာ မြန်ဆန်လှပါလား။ တခြားခရီးသည်တွေရဲ့ အထွန့်တက်သံ၊ စပယ်ရာရဲ့ `ဆီဈေး´ `ဆီဈေး´ `ကားက ရေနဲ့ထည့်မောင်းလို့မရဘူးဗျ´ ဆိုတဲ့ အပြန်အလှန်ပြောဆိုသံ…။

***

တရားရှုမှတ်အပြီးမှာတော့ ည ဆယ်နာရီထိုးလုချေပြီ။ ညကာလက တိတ်ဆိတ် ငြိမ်သက်နေလွန်းလှ၏။ အင်း…၊ မကျိန်းခင် စာနည်းနည်းဖတ်မှ လို့ တွေးရင်း ဗီရိုထဲမှ စာအုပ်တအုပ်ကို ဆွဲယူပြီး ဖတ်ရှုနေခိုက်…

`ကိုယ်တော်၊ ကိုယ်တော်၊ ဦးနေမိန္ဒ´

လေသံခပ်အုပ်အုပ် ခေါ်သံကြားလို့ လှည့်ကြည့်လိုက်တော့ ရှင်သိရိနန္ဒရ…။

`တပည့်တော်တို့နဲ့ မနက်ကျရင် လိုက်မှာလား ဘုရား´

`ဘယ်ကိုတုန်း ကိုယ်တော်ရဲ့´

`ဒီလို…၊ ကိုယ်တော် … … … … …´

ဦးသိရိန္ဒရရဲ့ ပြောပြလျှောက်ထားသံကို နားထောင်ရင် အရှင်နေမိန္ဒ စိတ်တို့က ၀မ်းနည်းမှုတို့က လှိုက်ခနဲ လှိုက်ခနဲ ဖြစ်လာသည်။ ဒကာဒကာမတွေ ကျပ်တည်းနေတာ အစိုးရရဲ့ တလောကမှ မြင့်တင်လိုက်တဲ့ ဆီဈေးနှုန်းကြောင့်တဲ့…၊ ပခုက္ကူမှာ သံဃာတော်တွေကို ဓာတ်တိုင်မှာ ကြိုးချည်ပြီး ရိုက်နှက်သတဲ့…၊ စကားသံတွေနဲ့ အတူ ညှိုးနွမ်းနေသော ဆွမ်းအလှူရှင်တို့ရဲ့ မျက်နှာ၊ ကြီးမြင့်လှသော ကားခကြောင့် စိတ်ပျက်နေဟန် မျက်နှာတွေကိုပါ မြင်ယောင်လာ၏။

`ဒီတော့၊ ဒီလောက်တောင် ဒုက္ခသုက္ခတွေ ခံစားပြီး လှူနေရတဲ့ ဆွမ်းအလှူကို ကိုယ်တော်တို့ တပည့်တော်တို့က ဒီအတိုင်း မသိချင်ဟန်ဆောင် ဘုဉ်းပေးသလား ဘုရား´

`ဟင်´

တိမ်ဝင်သွားသော စကားသံအဆုံးမှာ အဖျားခတ်သွားသော အရှင်သိရိန္ဒရရဲ့ လေသံ…။ လက်ထဲမှာ ဖွင့်ထားလျက်သား ဖြစ်နေသော စာအုပ်ပေါ်သို့ ရှင်နေမိန္ဒရဲ့ မျက်စိအစုံက ရောက်သွားမိပြန်သည်။

ပတ္တနိက္ကုဇ္ဖန ကံဆောင်ရသည့် အချက်များ

(၁) ရဟန်းတော်တို့အား ပစ္စည်းလေးပါး မရစိမ့်သောငှာ လုံ့လပြုခြင်း။

(၂) ရဟန်းတော်တို့အား ဘေးအန္တရာယ် ဖြစ်စေရန်၊ မတိုးပွားရန် လုံ့လပြုခြင်း။

(၃) ရဟန်းတော်တို့အား ဤနေရာ၊ ထိုနေရာတို့၌ မနေရစိမ့်သောငှာ လုံ့လပြုခြင်း။

(၄) ရဟန်းတော်တို့ကို ဆဲရေးခြင်း ဆယ်ပါးတို့ဖြင့် ဆဲရေး ရေရွတ်ခြင်း။

(၅) ရဟန်း တပါးနှင့်တပါး စိတ်ဝမ်းကွဲပြားအောင် လုံ့လပြုခြင်း။

(၆) ဘုရားရှင်၏ ကျေးဇူးမဲ့ကို ကဲ့ရဲ့ ပြောဆိုခြင်း။

(၇) တရားတော်၏ ကျေးဇူးမဲ့ကို ကဲ့ရဲ့ ပြောဆိုခြင်း။

(၈) သံဃာတော်၏ ကျေးဇူးမဲ့ကို ကဲ့ရဲ့ ပြောဆိုခြင်း။

ငုံ့ထားသော ဦးခေါင်းအစုံကို မော့ကြည့်မိတော့ အရှင်သိရိန္ဒရ ရဲ့ တည်ငြိမ်အောင် ကြိုးစား ထိန်းချုပ်နေရသော မျက်ဝန်းအစုံဖြင့် ရင်ဆိုင်မိ၏။

***

`လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ´

`တိုမေတ္တာစွမ်း ကမ္ဘာလွှမ်း၊ အေးချမ်းကြပါစေ´

`လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ´

`တိုမေတ္တာစွမ်း ကမ္ဘာလွှမ်း၊ အေးချမ်းကြပါစေ´

တည်ငြိမ်သော ဟန်ပန်၊ တက်ကြွသော ခြေလှမ်းတို့နှင့် အတူ များပြားလှသော သံဃာထုကြီးရဲ့ ဆုတောင်း မေတ္တာပို့သသံတွေက လမ်းမထက်တွင် ပြန့်လွင့်နေသည်။

`ကြည်ညိုစရာ ကောင်းလိုက်တာ၊ ငါတို့ကို ဘုန်းဘုန်းတွေ ကယ်တော့မယ်´

ငိုသံပါကြီးဖြင့် အော်ဟစ်အားပေးပြီး ဦးချဝတ်ပြုသူတွေကလည်း မနည်းလှ…။ `ဟဲ့၊ ဘုန်းဘုန်းတွေကို ရေကပ်ပါဟဲ့´ အတန်ငယ် တတ်နိုင်ဟန်ရှိသော ဒကာမကြီး တယောက်က ရေသန့်ဘူးတွေကို သယ်လာပြီး တုန်ယင်သော လက်အစုံဖြင့် သူကိုယ်တိုင်လဲကပ်၊ ဘေးကလူတွေကိုလဲ ပြောရင်း လောဆော်နေ၏။

လှိုက်လှဲလှစွာသော လက်ခုပ်သံတွေနဲ့ အတူ သံဃာတော်တွေရဲ့ မေတ္တာပို့သံအတိုင်း လိုက်ဆိုကြသော ဒကာ၊ ဒကာမတွေရဲ့ အသံက လမ်းမတလျှောက် ဟိန်းလို့နေလေတော့သည်။

`လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ´

`တိုမေတ္တာစွမ်း ကမ္ဘာလွှမ်း၊ အေးချမ်းကြပါစေ´

ဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်ပင် မေတ္တာဓာတ်ဖြင့် အောင်ခြင်းရှစ်ပါးကို ရယူခဲ့သည်။ ဒီတော့ ဘုရား သားတော် သံဃာတော်တွေအဖို့လဲ ဒုက္ခသုက္ခ အပေါင်း အတိပြီးသော ဒကာဒကာမတွေရဲ့ ပူဆွေးသောကတွေ ပြေပျောက်ဖို့ဆိုသည်မှာ မေတ္တာပို့ ဆုတောင်းခြင်းသည်သာ အထိရောက်ဆုံး လက်နက် မဟုတ်ပါလော…။

***

ညောင်းကိုက်နေသော ခြေအစုံက တောင့်တင်းပြီး ကြွက်သားတို့က နာကျင်နေသည်။ အင်းလေ…၊ မေတ္တာပို့ ကြွချီနေသည်မှာလဲ သုံးရက်တောင် ရှိခဲ့ပြီပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် အားတက်နေဟန် ဒကာဒကာမတွေရဲ့ မျက်နှာတွေကို မြင်ယောင်မိပြန်တော့ မောပန်းသမျှ ပြေရပြန်သည်။ မေတ္တာတရားရဲ့ တန်ခိုးတော်ကြောင့် ဒုက္ခသုက္ခအပေါင်းကနေ မြန်မာပြည်သူ ပြည်သားတွေအားလုံး လွတ်မြောက်နိုင်ကြပါစေ…။

ပင်ပန်းလာသော ခန္ဓာကိုယ်အစုံကို လဲလျောင်းကျိန်းစက်ရင်း အနားပေးလိုက်သည်။ မနက်ကျလျင်လဲ ဆုတောင်းမေတ္တာပို့ရဦးမည်လေ…။ ဒီလိုနဲ့ မှေးခနဲ အိပ်ပျော်သွားခိုက်…။

***

`၀ုန်း၊ ဒုန်း၊ ခလွမ်း´

ခပ်ကြမ်းကြမ်း တွန်းတိုက်ဖွင့်သံ တခုခုနှင့်အတူ အော်ဟစ်ညည်းညူသံ၊ ဆဲရေးတိုင်းထွာသံတွေက အမှောင်ထဲမှာ ၀ရုန်းသုန်းကားဖြင့် ထွက်ပေါ်လာသည်။ အလို၊ ဘာတွေပါလိမ့်…။ ထိတ်လန့်သော စိတ်ဖြင့် အလူးအလဲ ကြုံးထမိတော့ မျက်နှာပေါ်ကို ဓာတ်မီးရောင် တခုက ၀င်းခနဲ ရောက်လာ၏။ မီးရောင် ရောက်လာပြီး သိပ်မကြာလိုက် တစုံတယောက်ရဲ့ က ကန်ကျောက်လိုက်သဖြင့် မျက်လုံးထဲမှာ လျှပ်ပြက်သလို မီးပွင့်သွား၏။ အံ့သြခြင်း ကြီးစွာဖြင့် အလန့်တကြား မော့ကြည့်ဖို့ ကြိုးစားတော့…

`မော့မကြည့်နဲ့ကွ´

မာကျောသော အရာဝတ္ထုတခုခုနဲ့ အရှင်နေမိန္ဒရဲ့ ခန္ဓာပေါ်ကို တယောက်ယောက်ု ပြင်းစွာ ရိုက်နှက်ပြန်သည်။ အလိုလေး…၊ ရက်စက်လှပါတကား။ စိတ်အသိတရားတို့က ခန္ဓာကိုယ်ကနေ ကင်းလွတ်ချင်သလိုလို ဖြစ်လာသည်။ တစုံတခုကို ပြောဖို့ ကြိုးစားလိုက်မိပြန်သည်။

`မ…မလုပ်ကြပါနဲ့၊ ဒကာတို့၊ မရိုက်ကြပါနဲ့ ဒကာတို့၊ ဦးပဉ္ဖင်း… ဦးပဉ္ဖင်း…´

`ဘာ ဦးပဉ္ဖင်းလဲ၊ ဘာဘုန်းကြီးလဲကွ၊ ဘုန်းကြီးနဲ့ နိုင်ငံရေး ဘာဆိုင်လဲကွ´

`ဗုန်း´

`ခွပ်´

`ခွပ်´

နာကျင်လွန်းလှသော ဝေဒနာကြောင့် အရှင်နေမိန္ဒရဲ့ စိတ်နဲ့ ခန္ဓာကိုယ် ကင်းလွတ်လုလု ဖြစ်လာပြီ။ မျက်လုံးအစုံထဲမှာ အမှောင်ထုက ကြီးသထက်ကြီးလာပြီ။ ကင်းလုလု အသိတရားရဲ့ နောက်ဆုံး ထွက်သက်မှာပင် ဗုဒ္ဓဘုရားရှင်၏ ကျေးဇူးတော်ကို အောက်မေ့ရင်း အသိစိတ်ရဲ့ ရေရွတ်မှုက…

`လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ´

`တိုမေတ္တာစွမ်း ကမ္ဘာလွှမ်း၊ အေးချမ်းကြပါစေ´

***

ဆူညံပွက်လောရိုက်နေခဲ့သော ကျောင်းတော်ကြီးက တိတ်ဆိတ်သွားခဲ့ပါပြီ။ တရားသံတွေ ဝေစည်နေတဲ့ ၀တ္တကမြေပေါ်မှာတော့ ဘုရားသားတော်တွေရဲ့ သွေးကွက်တွေက နီနီစွေး…လို့။

အပြင်းမောင်းထွက်သွားသော စစ်ကားတစီးပေါ်မှာတော့ အသိမဲ့သော ခန္ဓာတစုံက နောက်ဆုံး ထွက်သက်အထိ မေတ္တာပို့ရင်း ငြိမ်သက်စွာ ပါရှိသွားလေတော့သည်။


ကလိုစေးထူး



(ရွှေဝါရောင် တော်လှန်ရေး ခြောက်လပြည့်မှာ အုပ်ချုပ်သူ အာဏာပိုင်တွေရဲ့ အတင်းအဓမ္မ၀င်ရောက် စီးနင်းခံခဲ့ရတဲ့ ငွေကြာယံ ပရိယတ္တိ စာသင်တိုက်ရဲ့ အဖြစ်သနစ်ကို စိတ်ကူးပုံဖော် ရေးဖွဲ့အပ်ပါတယ်။ လိုအပ်ချက်များ ရှိနေပါက ကျနော့်ရဲ့ လစ်ဟာမှုသာဖြစ်ပါတယ်။)

Wednesday, March 19, 2008

အရပ်ထဲက အသုံးတွေ…

တနေ့က ဆရာမ ဂျူးရဲ့ `ဈေးဝယ်ယူသုံးစွဲသူမှာ အခွင့်အရေး ရှိသလား´ ဆိုတဲ့ ဆောင်းပါးထဲက စာတကြောင်းကို ဖတ်ပြီးတော့ ဒီပို့စ်ကို ရေးဖို့ စိတ်ကူး ရမိပါတယ်။ တခြားတော့ မဟုတ်ပါဘူး။ ကျနော်တို့တတွေ အရပ်ထဲမှာ အမှတ်မထင်တမျိုး၊ အမှတ်ထင်ထင်တသွယ် မသိမသာလိုလို သိသိသာသာလိုလို ဘန်းစကားလို စကားအသုံးမျိုးတွေ အကြောင်းပါ။

ဆရာမ ဂျူးက သူ့ဆောင်းပါးရဲ့ စာတပိုဒ်ထဲမှာ…

`ကျွန်မတို့ သုံးနေကျ အသုံးဖြစ်သည့် `ယုံကြည်မှုကို တည်ဆောက်လိုက်စမ်းပါ´ ဟု ဟာသဖြင့် ပြောမိသည်။´

ဆိုတဲ့ တကြောင်း ပါရှိပါတယ်။ တကယ်တော့ အဲဒီအသုံး အရပ်ထဲမှာ ပေါ်လာရခြင်းရဲ့ အကြောင်းကတော့ ၂၀၀၁ ခုနှစ်မှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်ခဲ့စဉ် အခါက အခုတကြိမ်မှာ သူ့အနေနဲ့ လက်ရှိအာဏာပိုင်တွေနဲ့ ယုံကြည်မှု တည်ဆောက်ပြီး ဖြစ်တယ်လို့ ပြောခဲ့တာ ရှိဖူးပါတယ်။ နောက်ပိုင်းတော့လဲ တည်ဆောက်ခဲ့တဲ့ ယုံကြည်မှုက ပျက်ပြယ်ပြီး အခုအချိန်ထိ တိုင်အောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်နဲ့ ထားရှိဆဲပါ။ ဒါပေမယ့် အဲဒီ `ယုံကြည်မှု တည်ဆောက်လိုက်စမ်းပါ´ ဆိုတဲ့ စကားကတော့ အရပ်ထဲမှာ အသုံးတခုအနေနဲ့ တွင်သွားခဲ့ပါတယ်။

နောက်ထပ် ထင်ရှားတဲ့ အသုံးတခုကတော့ `ဆန္ဒတွေလဲ မစောကြပါနဲ့´ ဆိုတဲ့ စကားပါ။

၁၉၈၈ ခုနှစ်၊ လူထုအရေးတော်ပုံ ကာလမှာ ဦးမောင်မောင် သမ္မတ ဖြစ်လာတော့ မိန့်ခွန်းရှည်ကြီး တခုနဲ့ တိုင်းပြည်ကို နားချခဲ့ဖူးပါတယ်။ အဲဒီမိန့်ခွန်းထဲက `ဆန္ဒတွေလဲ မစောကြပါနဲ့၊ တနေ့နေ့မှာ ကျောင်းသားသမဂ္ဂ အုတ်မြစ်ချပွဲကြီးကို ပျော်ပျော်ပါးပါးကြီး ကျင်းပကြတာပေါ့´ ဆိုတဲ့ စကားနဲ့ လေယူလေသိမ်းကို လှောင်ပြောင် ပြောဆိုကြရင်းကနေ အရပ်ထဲမှာ တယောက်ယောက်က ကိစ္စတခုခုကို အလောတကြီး လုပ်ကိုင်မိရင် အဲဒီ စကားအသုံးနဲ့ သုံးပြီး နောက်ပြောင်တာက တွင်ကျယ်သွားပါတော့တယ်။

`မကြောက်ပါနဲ့၊ မိုးပေါ်ထောင်ပစ်တာပါ´ လို့ ပြောပြီး စနောက်လေ့ ရှိတဲ့ အသုံးကိုလဲ မကြာခဏ ကြားခဲ့ရဖူးပါတယ်။

အဲဒီ အသုံးပေါ်လာပုံကတော့ ရင်နာစရာ ကောင်းပါတယ်။ သွားလေသူ အာဏာရှင် ဦးနေ၀င်းက တိုင်းပြည်ကို မိုက်ကြေးခွဲ ပြောခဲ့တဲ့ မိန့်ခွန်းစကားမှာ `စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်တယ်၊ မိုးပေါ်ထောင်ပစ်တာ မပါဘူး´ လို့ ပြောခဲ့တာပါ။ တကယ်လဲ မှန်အောင် ပစ်ခဲ့လို့ လူအများအပြား သေကြေခဲ့ရပါတယ်။ ဒါပေမယ့် ဦးနေ၀င်းရဲ့ အဲဒီမိန့်ခွန်းကို အခြေခံပြီးတော့ `မကြောက်ပါနဲ့၊ မိုးပေါ် ထောင်ပစ်တာပါ´ ဆိုတဲ့ အရပ်စကား အသုံးတခုကတော့ တွင်ကျယ်သွားခဲ့ပါတယ်။

အင်မတန်မှ ထိထိမိမိ ရှိလှတဲ့ တခြား အသုံးတခု ကတော့… `လုပ်ကြပါ၊ ရှင်တို့က ရဲတွေကိုး´ ဆိုတဲ့ ထေ့ငေါ့တဲ့ အသုံးစကား တခုပါ။ မြန်မာပြည် ရဲတပ်ဖွဲ့ရဲ့ ခြစား လာဘ်ယူမှုတွေကို အဲဒီ အရပ်သုံး လှောင်ပြောင်စကားက ထင်းထင်းကြီး ပြနေပါတယ်။

ဒါ့အပြင် `ငိုစားရယ်စား´ `ရဲထက်ဆိုး´ `လိုင်စင်ရ သူတောင်းစား´ ဆိုတဲ့ စကား အသုံးတွေလဲ တွင်ကျယ်နေတာ ရှိပါတယ်။ တကယ်တော့ ကျနော်တို့ တိုင်းပြည်မှာ ဘာတွေ ဖြစ်နေတယ်၊ ဖြစ်နေခဲ့တယ် ဆိုတာကို အဲဒီ စကားအသုံးတွေကလဲ ပြသနေတာတော့ အမှန်ပါပဲ။


ကလိုစေးထူး

Tuesday, March 18, 2008

နိုင်ငံခြား သွားမယ်ဆိုရင်… (ဂျပန် ပညာတော်သင် လျှောက်ကြမလား)

တကယ်တော့ ဒီစာကို ကျနော် တင်သင့်တာ၊ တနည်းအားဖြင့် မမာလာ ဒီစာကို ကျနော့်ဆီ ပို့ပေးထားတာ အတော်ကြာနေပါပြီ။ အပျင်းထူနေတာနဲ့ တခြား စာတွေ တင်နေတာ နှစ်ခုပေါင်းပြီးတော့ ကြန့်ကြာနေရတဲ့ အတွက် နိုင်ငံခြား ပညာတော်သင် သွားလိုသူတွေ အတွက် အဖိုးတန်လှတဲ့ အချက်အလက်တွေ ကို ဖြန့်ဝေပေးဖို့ နှောင့်နှေးခဲ့ရပါတယ်။ အဲဒီအတွက် စာပေးပို့သူ မမာလာကို အနူးအညွတ် တောင်းပန်အပ်ပါတယ်။

မဆုတ်မနစ် ဇွဲနဲ့ ကြိုးစားခဲ့ရတဲ့ မမာလာရဲ့ အတွေ့အကြုံတွေကတဆင့် ဒီစာကို ဖတ်မိသူတွေအတွက် အနည်းငယ်မျှလောက် အကျိုးရှိသွားတယ် ဆိုရင်ပဲ ဒီစာကို တင်ရကျိုးနပ်ပါပြီ။ မမာလာကိုတော့ မချီးကျူးဝံ့ပါ။ မြင်းထိန်း ငတာ ချီးကျူးမှုနဲ့ တူနေမှာ စိုးလို့ပါ။


ကလိုစေးထူး

ဦးကလိုစေးထူးရေ…

တက္ကသိုလ် ဘုန်းနိုင် ၀တ္ထုတွေရဲ့ ပထမဆုံးစာမျက်နှာမှာ ရေးထားတဲ့ `ငါ့စာဖတ်၍ မပြတ်စေသော်၊ မရှုံးစေသား´ ဆိုတာလိုပဲ ဗဟုသုတအလို့ငှာ `နိုင်ငံခြား သွားမယ်ဆိုရင်´ ဆိုတဲ့၊ ကူးစက်ရောဂါနဲ့ တူတဲ့ ရောဂါမိနေတဲ့ မြန်မာပြည်က လူတွေအတွက် `ဂျပန် ပညာသင်´ အကြောင်း ရေးဖြစ်ပါတယ်။ နှမ်းစေ့လောက် အထောက်အကူဖြစ်တယ် ဆိုရင် ကျေနပ်ပါပြီ။

နိုင်ငံရေးအရ ပြောရရင် စားတာ၊ သွားတာ၊ နေတာ ထိုင်တာ အားလုံးကို နိုင်ငံရေးလို့ ဆိုကြပါတယ်။ ဗုဒ္ဓတရားတော်ရဲ့ ရှုထောင့်က ပြောရင်တော့ ဘယ်အရာမဆို မေတ္တာထား၊ စိတ်ထားတတ်ရင် အလှူကုသိုလ်ရပါတယ်တဲ့။ ဒါပေမဲ့ ကျွန်မကုသိုလ်ကို တယောက်ထဲ မလိုချင်တဲ့ အတွက် ဦးကလိုစေးထူးကိုပါ အမြဲတမ်း ဗမာလို စာရိုက်ခိုင်းပြီး ကုသိုလ် အများကြီး ခွဲဝေပေးနေပါတယ်။ ကုသိုလ် ယူတတ်ပါစေလို့…။

မာလာ


နိုင်ငံခြား သွားမယ်ဆိုရင်

ဂျပန် ပညာတော်သင် လျှောက်ကြမလား၊ How to apply Monbusho scholarship


ဒီစာကို ရေးတဲ့ ရည်ရွယ်ရင်းကတော့ Monbusho scholarship လို့ ခေါ်တဲ့ ဂျပန် အစိုးရက ပေးတဲ့ ထောက်ပံ့ကြေးနဲ့ ဂျပန်ကို ပညာတော်သင် လျှောက်လိုသူများ သိသင့်တဲ့ အချက်အလက်များ ဗဟုသုတ ရစေဖို့ ဖြစ်ပါတယ်။

ဒီထောက်ပံ့ကြေးဟာ ဘယ်သူတွေကို ပေးတာလဲ၊ ဘယ်လောက်ပေးတာလဲ၊ ဘာခံစားခွင့် ရှိသလဲ၊ ဘယ်လောက်ကြာကြာ ပေးသလဲ၊ ဘယ်လို လျှောက်ရတယ် ဆိုတာကိုပဲ အဓိကထား ရေးပြပါမယ်။


၁။ ဘယ်သူတွေကို ပေးတာလဲ၊ who can apply?

ဒီပညာတော်သင် ထောက်ပံ့ကြေးဟာ ဂျပန်နိုင်ငံ ပညာရေး ၀န်ကြီးဌာနက ပြဋ္ဌာန်းပြီး ဖွဲ့ဖြိုးဆဲ နိုင်ငံများနဲ့ ဂျပန် ယဉ်ကျေးမှုကို လေ့လာလိုသူများအတွက် ဘွဲ့ကြိုရော ဘွဲ့လွန်များကိုပါ ပေးတာဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ်အပြီးမှာ ဂျပန်နိုင်ငံဟာ အကြီးအကျယ် စစ်ရှုံးနိမ့်ခဲ့ပြီး နိုင်ငံများစွာကို စစ်လျော်ကြေး အများကြီး ပေးရပါတယ်။ ဖွဲ့ဖြိုးဆဲ အဓိက အာရှနိုင်ငံများက အပေါ်ထပ် အဆောက်အဦ လို့ ခေါ်တဲ့ ပညာရေးနဲ့ ယဉ်ကျေးမှုတွေပါ ပြန်လည် တည်ဆောက်ပေးဖို့ ၀န်ကြီးချုပ်ဟောင်း `နာကာဆိုနေ´ က ပြဋ္ဌာန်း အတည်ပြုခဲ့ပြီး ယခုထိ ပေးနေဆဲ ပညာသင်ဆု တခုဖြစ်ပါတယ်။ ၁၉၉၅-၂၀၀၀ ခုနှစ်၊ ပတ်ဝန်းကျင် အထိ ပျှမ်းမျှ တနှစ်ကို ဂျပန် တပြည်လုံးက တက္ကသိုလ်တွေမှာ ပညာသင်ဖို့ အယောက် (၂၀၀)ခန့် ပေးပါတယ်။ ကျွန်မ သွားခဲ့တဲ့ “TSUKSBA UNIVERSITY” မှာတော့ လူဦးရေများလို့ အယောက် ၄၀ ခန့် ပေးပါတယ်။

၁၉၉၅၊ ကျွန်မ ဂျပန်ကို သွားတဲ့အထိ ဒီပညာတော်သင်ဆုကို အစိုးရ ၀န်ထမ်းတွေကိုပဲ ပေးပါတယ် ဆိုပြီး အများစုက စွဲမှတ်နေကြပါတယ်။ အပြင်လူ လျှောက်လို့ရတယ်ဆိုတာ သိပ်မယုံကြပါဘူး။ အခုခေတ်ပိုင်းလောက်မှာတော့ အပြင်ကလျှောက်ပြီး ရတဲ့လူ တစတစ များလာတဲ့အတွက် သိလာကြပေမဲ့ ဘယ်လိုရတယ်၊ ဘယ်နည်းနဲ့ ရတယ်ဆိုတာ မသိကြတဲ့အတွက် နောင်လာနောင်သားတွေ အတွက် ကျွန်မ အတွေ့အကြုံကို ရေးပြခြင်းလည်း ဖြစ်ပါတယ်။

ပထမဆုံးကတော့ ဘွဲ့ကြိုလို့ ခေါ်တဲ့ Undergraduate အတွက် ပေးတဲ့ scholarship အကြောင်းပါ။ ကျွန်မ မြန်မာပြည်က အရွေးခံခဲ့ရတဲ့ ကျောင်းသား (၇)ဦးထဲက (၁)ဦးကို ဂျပန်မှာ သိခွင့်ရပါတယ်။ သူက YIT ဒုတိယနှစ် ကျောင်းသားတက်တုန်း ဂျပန်မှာ ပညာသင်ဖို့ scholarship ပညာတော်သင်ကို ပညာရေး ၀န်ကြီးဌာကက ကြီးမှူးရွေးဖို့ ရေးဖြေ စာမေးပွဲကျောင်းမှာပဲ ဖြေရပါတယ်။ နောင် အဆင့်ဆင့် အရွေးခံရလို့ ရောက်လာပါတယ် ပြောပါတယ်။ ဂျပန်မှာ တနှစ်နီးပါး ဂျပန်စာကို သင်ပြီး ၄-နှစ် စာမေးပွဲအတွက် entrance အောင်လို့ တက္ကသိုလ်ကို တက်နေတယ်လို့ ဆိုပါတယ်။

အပြင်က မြန်မာအစိုးရက ရွေးချယ်တာ မဟုတ်တဲ့ လူတွေကတော့ ဘယ်ပုံဘယ်နည်း လျှောက်ရတယ်ဆိုတာ မသိပါဘူး။ ကျွန်မ ဖတ်ခဲ့ရတဲ့ ဂျပန်ပညာတော်သင် ပေးပုံပေးနည်း စာအုပ်မှာတော့ သက်ဆိုင်ရာ ဂျပန်သံရုံးကိုသာ ဆက်သွယ်ပါ ဆိုတဲ့အတွက် သံရုံးတွေက ကြီးမှူးကျင်းပပေးပုံ ရပါတယ်။ ကျွန်မ ကြိုးစားစဉ်က သံရုံးကို သွားမေးတော့ မြန်မာအစိုးရရဲ့ ပေါ်လစီအရ ဂျပန်သံရုံးက ဘွဲ့ကြိုရော၊ ဘွဲ့လွန်အတွက် ဘာမှ ကြီးမှူး လုပ်ပေးတာ မရှိပါဘူး လို့ ဆိုပါတယ်။ ဒီတော့ ဘွဲ့ကြိုအတွက် လျှောက်နည်းကို မသိတော့ ဒီမျှနဲ့ပဲ ရပ်ပြီး ဘွဲ့လွန် လျှောက်ဖို့ ဆက်ရေးပါရစေ။

ဘွဲ့လွန်မှာလဲ အစိုးရက ရွေးချယ်ပြီး စေလွှတ်တဲ့လူတွေ၊ ၀န်ထမ်းတွေအကြောင်း မရေးဘဲ အပြင်က လျှောက်တာကိုပဲ ရေးပြပါမယ်။ လျှောက်တဲ့လူဟာ…

(၁) ဘွဲ့လွန် MSc, PhD အတွက် အနည်းဆုံး BA, BSc ဘွဲ့ တခုခု ရထားပြီး ဖြစ်ရပါမယ်။ မြန်မာစာ အဓိကဘွဲ့ရသူများက အခြား ၀ိဇ္ဇာဘွဲ့လွန်ကို လျှောက်ထားနိုင်ပါတယ်။

(၂) လျှောက်လွှာလျှောက်တဲ့ အချိန် (April) လမှာ အသက် ၃၅နှစ် မကျော်စေရပါဘူး။ လျှော့ပေါ့အနေနဲ့ကတော့ ရွေးချယ်ခံရတဲ့ အချိန် October မှာ ၃၅နှစ် မကျော်ရဘူး လို့ ဆိုပါတယ်။

(၃) သင့်တော်တဲ့ Research Proposal ကို သူတို့ လက်ခံအောင် ရေးပြီး ပေးပို့နိုင်သူ ဖြစ်ရပါမယ်။

(၄) အပြင်က လျှောက်တာမို့ (အစိုးရ ၀န်ထမ်း ဟုတ်ဟုတ် မဟုတ်ဟုတ် လျှောက်လို့ ရပါတယ်) ဂျပန်နိုင်ငံက National University တခုခုမှာ ကိုယ့်ကို လက်ခံပြီး supervise ပေးဖို့ လျှောက်လွှာကို တဆင့် တင်ပေးမဲ့ Professor ရှိရပါမယ်။ သူတို့ အဆိုအရ တကယ်ကျောင်းတက်ဖို့ ပညာလိုလားသူ၊ တော်မယ် ထင်ရသူဆိုရင် လက်ခံဖို့ ၀န်မလေးပါဘူး၊ မခက်ခဲပါဘူး။

(၅) ဖွံ့ဖြိုးဆဲနိုင်ငံသား ဖြစ်ပြီး ဖွံ့ဖြိုးပြီး နိုင်ငံများမှာ Permanent Resident ရထားသူများ လျှောက်ခွင့် မရှိပါ။ ဖွံ့ဖြိုးပြီး နိုင်ငံသားများက ဂျပန်ယဉ်ကျေးမှု လေ့လာသူများ ဟူ၍ လူဦးရေ ကန့်သတ်ပေးပါတယ်။ ဂျပန်စာနဲ့ ကျမ်းပြုမှု အခက်အခဲအရ Science ဘာသာယူသူ ပိုမိုများပြားပါတယ်။


၂။ ပညာတော်သင် ထောက်ပံ့ကြေးကို ဘယ်လောက်ပေးတာလဲ၊ ဘာတွေ ခံစားခွင့် ရှိသလဲ။

ဘွဲ့ကြို Undergraduate ကို တလကို ယန်းငွေ တသိန်းနှစ်သောင်းနဲ့ ဘွဲ့လွန် Graduate ကို တသိန်းရှစ်သောင်း ပေးရပါတယ်။ အခွန်ပေးစရာ မလို၊ ကျောင်းလခ ပေးစရာမလို Medical Insurance ပါပြီးသား ဖြစ်ပါတယ်။ အိမ်ထောင်ရှိရင် အိမ်ထောင်ဘက်နဲ့ ကလေးကို တလအတွင်း ခေါ်နိုင်ပါတယ်။ Round Trip လေယာဉ်လက်မှတ် အသွားအပြန် ထုတ်ပေးပါတယ်။

ရောက်ရောက်ခြင်း Arrival allowance အနေနဲ့ ယန်း သုံးသောင်း ထုတ်ပေးပြီး လေဆိပ်အထိ လာကြိုပါတယ်။ ကျောင်းဆောင်တွေမှာ စီစဉ်ပြီး ထားပေးပါတယ်။ ယခင်ကတော့ အပြင်တိုက်ခန်းမှာ နေရင် တိုကျိုနဲ့ အိုဆာကာမှာ ယန်း တသောင်း၊ တခြားနေရာမှာ ယန်း ၇ ထောင်၊ လစဉ် ထပ်ဆောင်းပေးပါတယ်။ အခုတော့ အဲဒီ နှစ်ခု မပေးတော့ပါဘူး။ ကျွန်မခေတ်မှာတော့ နိုင်ငံခြား Student Conference တက်ဖို့ တခေါက်ကို ယန်း တသိန်းနဲ့ နှစ်ခေါက် USA နဲ့ Canada အတွက် ထုတ်ပေးပါတယ်။ အဲဒါကတော့ ပါမောက္ခ အပေါ်မှာ မူတည်ပါတယ်။

လိုအပ်တဲ့ ကွန်ပျူတာမှ အစ ကော်ပီကူးတာက အစ ပါမောက္ခက စီစဉ်ပေးပါတယ်။ ကျောင်းသား အနေအထားကို ကြည့်ပြီး Part time လုပ်ခွင့်ကိုတော့ Limit နဲ့ ပေးပါတယ်။ မပေးတာက များပါတယ်။ အစိုးရ ပြဋ္ဌာန်းထားတာကတော့ ခွင့်မပေးပါ။


၃။ ဘယ်လောက်ကြာကြာ Scholarship ပေးသလဲ။

ဘွဲ့လွန်တွေဟာ ရောက်စမှာ ဂျပန်စာ မသင်မနေရ ခြောက်လ အပါအ၀င် Research Student လို့ သတ်မှတ်ချိန် (၂)နှစ် ရှိပါတယ်။ အောက်တိုဘာ ရောက်တဲ့ လူတွေကတော့ Oct-March ကို ဘတ်ဂျက် တနှစ် သတ်မှတ်လို့ တနှစ်ခွဲ Maximum နေရပါတယ်။ အဲဒီ အတောအတွင်းမှာ MSc or PhD entrance စာမေးပွဲကို အောင်ရပါတယ်။ မအောင်ရင် (၂)နှစ်/တနှစ်ခွဲနဲ့ scholarship ပြုတ်ပါတယ်။ အဲဒီ ကန့်သတ်ချက်ကျော်မှ အောင်လို့ ကျောင်းဆက်တက်ချင်ရင် Private Student ဖြစ်သွားပါတယ်။ Monbusho scholarship ဟာ တခါပြတ်သွားရင် သုံးနှစ်အတွင်းမှာ ထပ်လျှောက်ခွင့် မရှိပါဘူး။ တချို့က Private ကျောင်းသား အနေနဲ့ လာပြီး entrance စာမေးပွဲအောင်ပြီး ကျောင်းတက်ချိန်မှာ Monbusho scholarship ပြန်လျှောက်ရတာလည်း ရှိပါတယ်။

MSc အတွက် (၂)နှစ်နဲ့ PhD အတွက် (၃)နှစ် Scholarship ပေးပါတယ်။ တကယ်လို့ ကန့်သတ်ချိန်မှာ မပြီးခဲ့ရင် ကိုယ့်ငွေနဲ့ကိုယ် extension လုပ်၊ ကျောင်းလခသွင်းပြီး ကျောင်းပြီးအောင် ဆက်တက်ရပါတယ်။ ဒါကြောင့် အကြာဆုံး Research student အတွက် (၂)နှစ်နဲ့ PhD (၃)နှစ် စုစုပေါင်း (၅)နှစ် ဖြစ်ပါတယ်။

တချို့ ပါမောက္ခတွေက Research Student (၂)နှစ် အတွက်ပဲ ခေါ်တာမျိုးလဲ တွေ့ခဲ့ရပါတယ်။ အဲဒီ ပုဂ္ဂိုလ်က တခြား တက္ကသိုလ်က ပါမောက္ခက Research Student အနေနဲ့ (၂)နှစ်ပဲ ခေါ်တာမှာ PhD ဆက်တက်ဖို့ Course မရှိတော့ ပြန်ခိုင်းပါတယ်။ အဲဒီ ပုဂ္ဂိုလ်က ကျွန်မတို့ Tsukuba မှာ PhD လာဖြေ၊ အောင်ပြီး ဆက်တက်တော့ misunderstanding ဖြစ်သလားတော့ မသိ၊ Scholarship ပြုတ်ပြီး Private ကျောင်းသား ဖြစ်သွားပါတော့တယ်။ ဒါပေမဲ့ ကျွန်မနဲ့ သိတဲ့ အမျိုးသမီးတယောက် Kyushu မှာ ဒီလိုပဲ PhD Course မရှိလို့ Tsukuba မှာ လာတက်ဖို့ လုပ်တော့ ကူညီမေးမြန်း လုပ်ကိုင်ပေးလို့ Scholarship ဆက်ရပါတယ်။ တက္ကသိုလ် ပြောင်းရင် အခက်အခဲ ရှိနိုင်တယ် လို့ ဆိုတာနဲ့ ဂျပန်မှာလဲ မသိနိုင်တာတွေ အများကြီး ရှိတာကို တင်ပြတာပါ။ ကျွန်သိတာကလဲ အကုန် မဟုတ်ပါဘူး။


၎။ ဘယ်လိုလျှောက်ရမလဲ။ How to apply

တကမ္ဘာလုံးက နိုင်ငံတိုင်းမှာ ဂျပန်သံရုံးက ကြီးမှူးပြီး နှစ်စဉ် စာမေးပွဲခေါ်လေ့ ရှိပါတယ်။ Feb or March လောက်မှာ ကျင်းပြပြီး အောင်သူတွေကို ၀န်ထမ်း ဟုတ်ဟုတ်၊ မဟုတ်ဟုတ် သတ်မှတ်တဲ့ အရည်အချင်းနဲ့ ပြည့်စုံရင် April လမှာ လျှောက်လွှာပေးပါတယ်။ တချို့က အဲဒီအချိန်မှာ Professor ရှာရတာ ရှိပါတယ်။ ကျွန်မ ကြိုးစားစဉ် ကာလက ပါမောက္ခတယောက် အဲဒီအတိုင်း ညွှန်လို့ ဂျပန်သံရုံးကိုရောက်၊ ဒီနည်း မရှိဘူး ဆိုတော့ အဲဒီ ပါမောက္ခကလဲ ရှိရမယ်နဲ့ အဆင်မပြေခဲ့ပါ။ ကျွန်မ ဂျပန်ရောက်ပြီး Student Conference မှာ သွားပါဝင်တော့ ကျွန်ကို လာတွေ့ပြီး နှုတ်ဆက်ပြီး သူမသိခဲ့လို့ လက်မခံခဲ့ရတာပါလို့ ၀မ်းနည်းစကား လာဆိုပါတယ်။

မြန်မာပြည်က လူတွေ အတွက်ကတော့ အခက်အခဲတခုပါ။ ဂျပန်က National University (Private University ကို Monbusho scholarship ချပေးလေ့ မရှိပါ။ ချွင်းချက် တခု နှစ်ခုပဲ ရှိတတ်ပါတယ်။) က ကိုယ်နဲ့ ဘာသာရပ် ကိုက်မယ်ထင်တဲ့ ပါမောက္ခကို လှမ်းမေးရပါတယ်။ ကိုယ့်လျှောက်လွှာကို သူ့ကျောင်းကယူ၊ ကိုယ့်ဆီပို့၊ ကိုယ်က ဖြည့် ပြန်ပို့၊ သူက သူ့ကျောင်းက တဆင့် ပညာရေး ၀န်ကြီးကို အဆင့်ဆင့် တင်ရပါတယ်။ ကျောင်းငယ်တာက Chance ပိုများပြီး ကျောင်းကြီးရင် Professor တွေများ၊ တင်တဲ့လူ များပြီး Competition များပါတယ်။ ကျွန်မဆိုရင် ပထမနှစ်မှာ ကျရှုံးခဲ့ပြီး ဒုတိယအကြိမ် ဒုတိယနှစ် ကြိုးစားမှ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်မ တက္ကသိုလ်က ဘာသာရပ် အားလုံးထဲက (၄) ယောက်ကို ဇကာတင် ရွေးပြီး Monbusho ကို ပို့ပါတယ်။ Monbusho က တဘာသာကို တယောက်၊ Professor တယောက် တပည့် တယောက်နဲ့ တနိုင်ငံ တယောက်/ နှစ်ယောက်နှုန်း ရွေးချယ်ပါတယ်။ ကျွန်မ ပါမောက္ခကတော့ ကျွန်မရဲ့ ဇွဲ၊ လုံ့လ၊ ၀ိရိယနဲ့ မဆုတ်မနစ် ကြိုးစားမှု၊ စိတ်ရှည်မှုတွေကို သဘောကျပြီး ရွေးခဲ့တာ ဆိုပါတယ်။ ကျွန်ကိုကိုယ်တိုင် ရေးတဲ့ Research Proposal ဟာ သူ့ Laboratory မှာ လုပ်မရနိုင်တာ သိပေမဲ့ ကျွန်မရဲ့ Knowledge နဲ့ သူ့ရဲ့ Specialization ကို ဆက်စပ် တွေးခေါ် ရေးသားနိုင်တဲ့ `စိတ်ကူး´ ကို ရွေးချယ်ခဲ့တာ ဆိုပါတယ်။ စကားမစပ် ပြောချင်တာက ဂျပန်မှာ “PhD doctor of Philosophy” ဘာသာရပ် တခုရဲ့ တွေးခေါ်မှုအတွက် ပေးတာနဲ့ “DSc doctor of Science” သိပ္ပံဘာသာရပ်ရဲ့ အဆုံးစွန် တတ်မြောက်မှု ဆိုပြီး ကွဲပြားပါတယ်။

ဒီလို စလျှောက်ဖို့ ကျွန်မ ကြိုးစားခဲ့တာ လျှောက်နည်း `အနံ့´ ရခဲ့လို့ ဖြစ်ပါတယ်။ ရန်ကုန် တက္ကသိုလ်မှာ သရုပ်ပြ လုပ်နေဆဲမှာ ဆရာ(၂)ယောက် ဒီနည်းအတိုင်း ထွက်သွားတာ တွေ့ရပါတယ်။ သိပ်လည်း မရင်းနှီး၊ တယောက်ကတော့ မအောင်မြင်သေးတော့ မပြောဘဲ ရတော့ ဗြန်းခနဲ ထွက်သွားတော့ စကားအေးအေး ဆေးဆေး မပြောဖြစ်ခဲ့ပါဘူး။ အဲဒီ အနံ့နဲ့ ကျွန်မ သံရုံးကို သွားမေးပါတယ်။ မရှိပါ ဆိုတာနဲ့ ပြန်လှည့်ခဲ့ရပြီး ပါမောက္ခသို့ နာမည်တပ်ပြီး တိုကျိုတက္ကသိုလ်ကို စာရေးတာ အဆင်မပြေပါ။

အဲဒီလို အီလည်လည်ဖြစ်တုန်း ဌာနက ဆရာတယောက်က ဂျာမဏီကို ပညာတော်သင် တနှစ်သွားဖို့ သေချာတဲ့ အချိန် စကားစပ်မိတော့မှ သူက ဂျပန် Monbusho scholarship ကို ဘယ်သူ၊ ဘယ်လို လျှောက်ရမယ် ဆိုတဲ့ စာအုပ်ကို ငှားပါတယ်။ လျှောက်လို့ရတဲ့ တက္ကသိုလ် လိပ်စာပါ ပါဝင်ပါတယ်။ အဲဒီစာအုပ်ကို လွယ်လွယ်ကူကူ ရခဲ့တာ မဟုတ်ကြောင်း၊ ဒီလိုပဲ ယောင်လည်လည် Information ရှာနေချိန်မှာ ဆရာကြီးတယောက်က သိပ်စိတ်မရှည်ဘဲ ဂျပန် ပညာရေးဝန်ကြီး နာမည်နဲ့ စာရေးပြီ Information တောင်းပါလားလို့ အချဉ်ပေါက်ပြီး အကြံပေးတာ ရခဲ့ပါတယ်တဲ့။ သူလဲ စိတ်ကူးပေါက်ပြီး အရှုံးမရှိနိုင် တွက်ပြီး Minister လို့ ခေါင်းစဉ်တပ်ပြီး စာရေးတော့မှ တလအကြာမှာ အဲဒီစာအုပ် ရခဲ့တယ်လို့ ဆိုပါတယ်။ သူကတော့ လူတော်တော်များများက အလကားရတဲ့ Information ကို တန်ဖိုး မထားတတ်လို့ လူတိုင်းကို မပေးဘဲ ကျွန်မကတော့ တကယ်လုပ်မဲ့လူ ဖြစ်လို့ ပေးပါတယ်လို့ ဆိုပါတယ်။

ကျွန်မ ဂျပန်ရောက်ပြီး (၂)နှစ်အကြာ ရန်ကုန် ပြန်လာလည်တော့ ကျွန်မ လုပ်ခဲ့တဲ့ ဌာနက သူငယ်ချင်းရော၊ မသိတသိ လူတွေ ၀င်လိုက်ထွက်လိုက် ရှုပ်ရှက်ခပ်ပြီး ကျွန်မကို ဒီလိုနည်းနဲ့ သူတို့ကို ခေါ်ပေးပါ ဆိုတာပါ ပြောကြတာပါ။ ကျွန်မက ပါမောက္ခနာမည်၊ လိပ်စာ အားလုံးပေးပါမယ်။ ကိုယ့်ဘာသာကိုယ် မိတ်ဆက်စာရေးပါ၊ ရေးလျှင် ကျွန်မနာမည် သုံးနိုင်တယ်။ (သုံးရင် စာရတဲ့ ပါမောက္ခက ကျွန်မကို ပြန်မေးပြီး ခေါ်သင့်မသင့် အကြံဉာဏ် တောင်းလေ့ရှိပါတယ်) မေးရင် ကျွန်မဘာသာ အဆင်ပြေအောင် ပြောပေးပါမယ် ဆိုတာ မကြိုးစားချင်ကြပါ။ ငှက်ပျောသီး အခွံနွှာသလို ကျွန်ကပဲ ပါမောက္ခကို ပြော၊ လျှောက်လွှာယူ၊ ဖြည့်၊ Proposal ကိုပါရေး၊ ပြန်တင်ပေးရမယ် ဆိုပါတယ်။ Monbusho scholarship အဲဒီလောက် လွယ်ရင် ကျွန်မရဲ့ တမျိုးတဆွေလုံး ဂျပန်ကို အဲဒီနည်းနဲ့ပဲ ခေါ်လိုက်ပါတော့မယ် လို့ပဲ ပြန်ဖြေခဲ့ပါတယ်။ တချို့က ငွေမပေး၊ မကုန်ရရင် အဆင်မပြေဘူး လို့ စွဲနေတတ်ပါတယ်။

အဲ…၊ လမ်းမှန် စာအုပ်ရပြီးတော့ ကျွန်မ ပညာအရည်အချင်း၊ လိပ်စာဘာညာရေးတဲ့ Curriculum Vitae or Resume ကို ဓာတ်ပုံကပ်ပြီး ရိုက်ထားပြီး ကော်ပီပွားထားပါတယ်။ ပြီးတော့ Cover Letter လို့ ခေါ်တဲ့ စာလဲ ရိုက်၊ ပါမောက္ခ လိပ်စာကိုသာ ကွက်လပ်ချန်ပြီး ကော်ပီပွားပါတယ်။ စာထဲမှာတော့ ကျွန်မကို ကျောင်းသား အနေနဲ့ လက်ခံနိုင်ပါက လက်ခံပြီး ဂျပန်အစိုးရကို တက္ကသိုလ်ကတဆင့် တင်ပေးနိုင်သော ပါမောက္ခကို ရှာဖွေနေကြောင်း ကူညီပါရန် ရေးထားပါတယ်။

ပါမောက္ခ နာမည်တွေ မသိလို့ ပါမောက္ခဆိုပြီး လိပ်စာတပ်ပြီး ပထမအသုတ် ၁၀ စောင် ပို့လိုက်ပါတယ်။ အောင်လက်မှတ် မိတ္တူများ တောင်းပြီးမှ သံရုံးသွားခိုင်းပြီး မရလို့ အဆင်မပြေတာတွေလဲ ရှိပါတယ်။ နှစ်လခန့် အဆင်မပြေသေးဘဲ ၁၅ ပြားတန် တံဆိပ်ခေါင်း တွင်တွင်သုံးပြီးပို့တာ အဲဒီအချိန်မှာတော့ နည်းနည်း တိုးတက်လာပါတယ်။ သူက လက်မခံနိုင်လို့ ဘယ်သူဘယ်ဝါဆီ မေးပါ ဆိုတာမျိုး သုံးလေးစောင်ကြီးများတောင် ရပါတယ်။ တခု ပြောချင်တာက ကျွန်မရဲ့ နောက်တော်ကြီးများကတော့ သူတို့မှာ ဆရာကောင်း အမေရိကန်ပြန် PhD ဆရာများက စာရေးပေးကြလို့ အတော် Impression တာ ရှိပါတယ်။ အင်္ဂလိပ်စာ အရေးအသားက အစ အပြစ်ဆိုစရာ မရှိလို့ သိရပါတယ်။

ကျွန်မကတော့ ကံဆိုးပါတယ်။ ကျွန်မတက္ကသိုလ်မှာ MSc လုပ်ဆဲ ဖြစ်ပြီး ဆရာက အင်္ဂလန်ပြန်ပေမဲ့ စာကူရေးပေးဖို့ မပြောနဲ့၊ ကျွန်မရဲ့ Thesis ကို တလုံးမှ မဖတ်အားဘဲ ကျွန်မကိုယ်တိုင်ရေးသော ကျမ်းကို ဒီအတိုင်း ရိုက်တင်ပေးရတဲ့ အဖြစ်မျိုး ဖြစ်ပါတယ်။ ဆိုလိုရင်းက ကျွန်မ အင်္ဂလိပ်စာ အရည်အချင်းက သိပ်မကောင်းပါ။ သူမသာ ကိုယ်မသာ Level ပဲ ရှိပြီး ဇွဲနဲ့ စိတ်ရှည်ဖို့ ပြောတာ ဖြစ်ပါတယ်။

အဲဒီလို မအီမမသာအချိန်မှာ တိုကျိုက ဆရာတယောက် စာပြန်တာက အားရှိပါတယ်။ သူ့အနေနဲ့ မနှစ်က ဂါနာ နိုင်ငံသားတယောက်ကို လက်ခံထားလို့ အဲဒီလို ကျောင်းသား ကျောင်းမပြီးမချင်း နောက်တယောက်ကို လက်မခံနိုင်ပါ လို့ ဆိုပါတယ်။ သူလဲ တခြားဆရာတွေ မေးပေးပါမယ်၊ ကျွန်မလဲ ဆက်ရှာပါ ဆိုပါတယ်။ အဲဒါနဲ့ အားတက်ပြီး Tsukusa တက္ကသိုလ်ကို ဌာနမှာ ပြန်လာတဲ့ ဆရာတယောက်ဆီက ကြားဖူးနားဝ ရှိလို့ အဲဒီလိပ်စာနဲ့ (နာမည်မသိ) ပါမောက္ခ ဆိုပြီး စာရေးပါတယ်။ စာထဲမှာ တိုကျိုက အဲဒီဆရာက လက်ခံချင်ပေမဲ့ အခြေအနေမပေးလို့ ဆက်လက် ရှာဖွေဆဲဖြစ်ကြောင်း ရေးလိုက်ပါတယ်။

အဲဒီအချိန်မှာ ၀မ်းသာရပါတယ်။ ပါမောက္ခက လက်ခံတင်ပေးမယ့် အကြောင်း၊ April Form ထွက်ရင် ပို့ပေးပြီး ပြန်တင်ပေးပါ ဆိုတာပါပဲ။ အဲဒီအချိန်က October လလောက် ဖြစ်ပါတယ်။ နောက် နှစ်ပတ်လောက်ကြာမှ တိုကျိုက ဆရာက စာပြန်တော့မှာ ဇာတ်ရည်လည်ပါတယ်။ ကျွန်မကို လက်ခံတဲ့ ဆရာဟာ သူနဲ့ တိုကျိုမှာ BSc က စပြီး PhD အထိ တတန်းတည်း ရင်းနှီးသော သူငယ်ချင်းဖြစ်ကြောင်း၊ သူ့ထက်ပိုပြီး သဘောကောင်းတဲ့လူ ဖြစ်တဲ့အတွက် ကျွန်မ အင်မတန် ကံကောင်းတဲ့အတွက် ၀မ်းသာကြောင်း ရေးပါတယ်။

ဂျပန်ရောက်မှ သိရတာက ဂျပန် ပါမောက္ခများ ရင်းနှီးပါက တယောက်နာမည် ကြားကတည်းက ကူညီဖို့ အဆင်သင့် ဖြစ်ကြောင်း၊ ကျွန်မက မလိမ်မညာ အမှန်အတိုင်းရေးလို့ လက်ခံဖြစ်ကြတာ ဖြစ်ကြောင်း သိရပါတယ်။ အဲဒီ တိုကျိုက ဆရာကိုလဲ ကျွန်မ ဂျပန်ရောက်ပြီး တရက်အလည် သွားတွေ့ နှုတ်ဆက်ပြီး အမှတ်တရ လက်ဆောင်ပေးခဲ့ပါတယ်။ သူပြောသလိုပဲ ကျွန်မရဲ့ ပါမောက္ခဟာ အင်မတန် စိတ်ရင်းကောင်းရှာတာ၊ ကျွန်မဘ၀ရဲ့ ဒုတိယ အဖေလို့ ဆိုရမလောက် ကောင်းခဲ့တာ တွေ့ရပါတယ်။

ရှည်နေပြီ ဖြစ်လို့ လျှောက်လွှာတင်တဲ့ အချိန်နဲ့ အောင်မြင်ရင် ဆက်လုပ်ရတဲ့ အကြောင်း ရေးပြပါမယ်။ လျှောက်လွှာဟာ April လဆန်းမှာ ထွက်ပြီး ကျွန်ဆီပို့တာ တပတ်ကြာပါတယ်။ ကျွန်မက ဖြည့်ရေးပြီး ၁-၂ရက်အတွင်း ပြန်ပို့တော့ April တတိယပတ်မှာ ပြန်ရောက်ပြီး လကုန်မှာ ကျောင်းက လျှောက်လွှာပိတ်ပါတယ်။ အဲဒီအချိန်က ကျွန်မလခဟာ ၁၃၀၀ ကျပ် ဖြစ်ပြီး အပြင်ကုမ္ပဏီက Fax ရိုက်ရင် (IDD Fax) က တမျက်နှာကို ၁၀၀၀ ကျပ် ပေးရတာမို့ ၁၄-၁၅ မျက်နှာ Form ကို မရိုက်နိုင်ပါ။ စာတိုက်ကပဲ ပို့ရပါတယ်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းင ကျွန်မကိုတော့ ကံကောင်းပေးပုံ ရပါတယ်။ လျှောက်လွှာမှာ အောက်တိုဘာ လာမလား၊ နောင်နှစ် ဧပြီလ လာမလား ရွေးရပါတယ်။ တခါတခါ အောက်တိုဘာမှာ အခွင့်ရှိပြီး ဧပြီတင်မိလို့ ကျရှုံးတာလဲ ရှိပါတယ်။ ကျွန်မကတော့ မြန်မြန်ရောက် ပြီးရောဆိုပြီး အောက်တိုဘာ အရောက်လာဖို့ ရွေးချယ်ပါတယ်။

မေလလောက်မှာ ကျွန်မ ပါမောက္ခက ကျောင်းကရွေးတဲ့ လေးယောက်ထဲမှာ ပါပြီး Monbusho ကို ဆက်တင်ထားတယ် ဆိုပါတယ်။ သြဂုတ်လဆန်းမှာမှ အဆင်ပြေပြီဆိုတာ ပါမောက္ခက စာရေးပါတယ်။ ပြီးတော့ တက္ကသိုလ်က လိုအပ်တဲ့ Form, Information များနဲ့ Air ticket အတွက် မှာဖို့ form ရရင် ဂျပန်ကို ရောက်မဲ့ အချိန်နဲ့ သူတို့ လာကြိုမဲ့ အချိန်အတွက် အကြောင်းကြားဖို့ အားလုံး တထပ်ကြီး ရပါတယ်။ တချို့ကျောင်းက သူတို့ ကြိုနိုင်မဲ့ ရက်ပြောပြီး အဲဒီရက် အရောက် သွားရတာ ဖြစ်ပါတယ်။

ဒီတော့ ပါမောက္ခ ရှာရာမှာ တချို့က ထိုင်းက AIT မှာ တက်တဲ့ အမျိုး၊ သူငယ်ချင်းက ပါမောက္ခရှာပေးလို့၊ တချို့က ယောက်ျားက AIT တက်ရင်း မိန်းမအတွက် ပါမောက္ခ တွေ့လို့ ပြောပေးတာမျိုး၊ တချို့က အလုပ်လုပ်ရင်း ဂျပန်ပါမောက္ခနဲ့ တွေ့လို့ တင်ဖြစ်တာ၊ စင်္ကာပူမှာ အလုပ်လုပ်ရင်း အလုပ်မှာ ပါမောက္ခတယောက်နဲ့ သိပြီး တခြားတယောက် မိတ်ဆက်ပေးတာ အမျိုးမျိုး ရှိကြပါတယ်။ ကျွန်မကတော့ ဘယ်သူက ဘာမှ လုပ်ပေးတာမဟုတ်ဘဲ မြန်မာပြည်က ထိုင်ပြီး ၁၅ ပြားတန် တံဆိပ်ခေါင်းနဲ့ အလုပ်ဖြစ်တယ် ဆိုတာ ပြောပြတာပါ။ ကြွားတာ မဟုတ်ပါဘူး။

အဲဒီခေတ်က စင်္ကာပူကို ထွက်ပြီး အလုပ်ရှာရင် အဆင်ပြေကြတဲ့ ခေတ်ဖြစ်ပါတယ်။ ကျွန်မမှာ စင်္ကာပူကို ထွက်ဖို့ လေယာဉ်စားရိတ် ဒေါ်လာ ၃၅၀ လောက်တောင် မတတ်နိုင်လို့ ဂျပန်ကို အလကားနည်းနဲ့ သွားရမဲ့ အလုပ်ကို ကြိုးစားတာပါ ပြောရင် လူတွေ ဘယ်လိုထင်မလဲ မပြောတတ်ပါ။ ဂျပန်သွားဖို့ ဘယ်လောက်ကုန်သလဲ မေးရင် ၁၅ ပြားတန် တံဆိပ်ခေါင်းတွေပဲ ကုန်တယ် ပြောရပါလိမ့်မယ်။ ဆိုလိုတာက ငွေမရှိလဲ ကြိုးစားရင် ရနိုင်တာကို ပြောတာ ဖြစ်ပါတယ်။

နောက်ဆုံး တခုကတော့ ဂျပန်သံရုံးမှာ ဗီဇာ လျှောက်စဉ်က အခက်အခဲပဲ ဖြစ်ပါတယ်။ ကျွန်မ ကြားဖူးသမျှ အားလုံး အဆင်ပြေစွာ ရရှိသွားကြပေမဲ့ ကျွန်မ အလှည့်ကျမှ ဒုက္ခရောက်ပုံ ဖြစ်ပါတယ်။ ဗီဇာ လျှောက်ဖို့သွားတော့ ကျွန်မကို လက်ခံတဲ့ကျောင်းက Official Letter တစောင်ပဲ ဗီဇာအတွက် ပေးပါတယ်။ အဲဒါပြတော့ မြန်မာဝန်ထမ်းက ခဏစောင့်ပါ ပြော၊ အတွင်းခန်းထဲ ၀င်သွားပြီး ဂျပန် ၀န်ထမ်းတဦး ထွက်လာပါတယ်။ (တတိယ ကောင်စစ်ဝန် ဆိုတာ နောက်မှ သိရပါတယ်) ဒီစာ ဘယ်ကရသလဲ မေးပါတယ်။ ကျွန်မဖြေတာကို နားထောင်ပြီး မယုံသင်္ကာနဲ့ ဒီစာရွက်နဲ့ မလုံလောက်ကြောင်း၊ ဂျပန် လူဝင်မှု ကြီးကြပ်ရေးက Student ဆိုပြီး ထုတ်ပေးတဲ့ ဓာတ်ပုံပါတဲ့ ကဒ်ပြားလိုကြောင်း နမူနာ တခု ယူလာပြပါတယ်။ ကျွန်မကလဲ Monbusho scholarship ဖြစ်လို့ မလိုတဲ့ အကြောင်း Instruction ထဲမှာ ပါကြောင်း၊ အဲဒါ မလိုပါ ပြောတာ ခါးခါးသီးသီး ငြင်းပြီး လျှောက်လွှာတောင် ထုတ်မပေးဘဲ ပြန်ခိုင်းပါတယ်။ အဲဒီနေ့က တကယ်ပဲ သိန်းထီပေါက်ပြီး လက်မှတ်မပျောက်ဘဲ သူများ သိမ်းတာမျိုး ခံစားရပါတယ်။

အဲဒါနဲ့ ကျွန်မ IDD Fax နဲ့ ကျောင်းရော၊ ပါမောက္ခဆီကို အကျိုးအကြောင်းရေး၊ အကူအညီတောင်းရပါတယ်။ ပြီးတော့ ရှေ့က နောင်တော်တယောက်ရဲ့ အမျိုးသမီးဆီ ဖုန်းဆက်ပြီး ဂျပန်က နောင်တော် ဖုန်းနံပါတ်တောင်းပြီး ဖုန်းဆက် မေးရပါတယ်။ သူ့တုန်းက အဲဒီလို ပြဿနာမဖြစ်တော့ မသိပေမဲ့ အကြံပေးတာကတော့ ဂျပန် သံရုံးမှာ Cultural Section ဆိုတာရှိပြီး Monbusho scholarship ရသူ စာရင်းက သူတို့ကတဆင့် Visa Section ကို ပို့တာမို့ အဲဒီ Cultural Section ကို ဖုန်းနဲ့ မေးကြည့်ဖို့ပဲ ဖြစ်ပါတယ်။ နောက်တရက်မှာ Cultural Section ကို ဖုန်းဆက်မေးတော့ နာမည်စာရင်းကို Visa ဌာနကို ပို့ပြီး ဖြစ်ပြီး၊ နောက်တခေါက်လာရင် အဲဒီဌာနက လူကြီး လိုက်ပြောပေးပါ့မယ် ဆိုတာ သိရပါတယ်။ တပြိုင်နက်မှာပဲ ကျွန်မတက္ကသိုလ်က Fax နဲ့ အကြောင်းပြန်စာမှာ Immigration ကဒ်ပြား ဆိုတာ မလိုတဲ့ အကြောင်းနဲ့ နောက်တကြိမ် ထပ်သွားကြည့်ပြီး အဆင်မပြေရင် ချက်ချင်း သူတို့ဆီ အကြောင်းကြားဖို့ ဖြစ်ပါတယ်။

နောက်တရက်မှာ Culture Section ကိုသွား၊ လူကြီးနဲ့တွေ့တော့ အဲဒီလူက Visa ခန်း လိုက်ပို့ပြီး ကျွန်မကို တိုင်နဲ့ ကွယ်ထားခိုင်းပါတယ်။ အဲဒီ ဂျပန် ထွက်လာပြီး စာရင်းသွားပြန်ကြည့်ပြီး အိုကေ ဆိုပြီး လူဘယ်မှာလဲ မေးမှ ကျွန်မတိုင်ကွယ်က ထွက်တော့ အဲဒီဂျပန်က စိတ်ဆိုးပါတယ်။ ဘယ့်နှယ်၊ သူပဲမှားသေး၊ သူကပဲ စိတ်ဆိုးသေး၊ ဒါနဲ့ ကျွန်မလဲ မှန်လို့ ပြန်လာတာ ပြောတော့ မကျေမနပ်နဲ့ လျှောက်လွှာထုတ်ပေးပါတယ်။ ဖြည့်တင်တော့ တပတ်ချိန်းပါတယ်။

ချိန်းတဲ့ရက် သွားတော့ အဲဒီဂျပန်ပဲ Visa ကို Passport ပေါ် မထုသေးဘဲ လက်ခံတဲ့ ပါမောက္ခကို ဘယ်လို သိသလဲ၊ ဘယ်က လျှောက်လွှာရသလဲ ထပ်မေးပါတယ်။ အပ်ကြောင်းထပ်အောင် ဖြေတာလဲ ကျေနပ်ပုံ မရတော့ ကျွန်မစိတ်တိုပြီး `မင်းက ငါ့ကို ဂျပန်မှာ ပညာတောင်သင်ရလောက်အောင် အဆင့်မမီတဲ့ လူထင်လို့လား၊ မယုံရင် ငါ့ပါမောက္ခ ဖုန်းရှိတယ်၊ မေးပါ´ ပြောမှပဲ Visa ထုပေးပါတော့တယ်။

ဒါတွေ အားလုံးကတော့ ကျွန်မ Monbusho scholarship ရခဲ့ပုံနဲ့ အခက်အခဲတွေ ဖြစ်ပါတယ်။ အဓိက ရည်ရွယ်ရင်းကတော့ ကြိုးစားရင် ဘာမဆို ဖြစ်နိုင်ပါတယ်။ သူများကူမှ၊ သူများလုပ်ပေးမှ၊ ငွေကုန်ခံမှ အောင်မြင်တာ မဟုတ်ပါဘူး ဆိုတာပါပဲ။ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်း တခုထဲက စကား (စစ်သူကြီး နပိုလီယံ စကားလို့လဲ ဆိုပါတယ်) တခွန်းရှိပါတယ်။ `လောကမှာ မဖြစ်နိုင်ဘူး ဆိုတာမရှိ၊ မဖြစ်သေးတာဘဲ ရှိပါတယ်´ ဆိုတဲ့ ကျွန်မ ကြိုက်တဲ့ စကားပါပဲ။ နောင်လာနောင်သားများ အောင်မြင်အောင် ကြိုးစားနိုင်ကြပါစေ ဆုတောင်းရင်း ဒီမျှနဲ့ နိဂုံးချုပ်ပါရစေ။

မရှင်းတာရှိရင် mmyomyint@yahoo.com ကို အီးမေးလ် ပို့ပြီး မေးမြန်းနိုင်ပါတယ်။


မာလာ