Monday, March 24, 2008

သင့်သွေးဖြင့်...

`နည်းနည်းလေး နာမယ်နော်၊ လက်သီးကို ဖွဖွဆုပ်ထား´

ဓာတ်ခွဲခန်း တာဝန်ခံ ဦးစောသာ ရဲ့ စကားအဆုံးမှာ စစ်ခနဲ နာကျင်မှုတခုကို ခံစားလိုက်ရ၏။ လက်ဖျံထဲကို တိုးဝင်လာသော အပ်မှတဆင့် သွေးစက်တို့က ပုလင်းထဲသို့ တိုးဝှေ့ထွက်ခွာသွားသည်ကို သူ ငေးကြည့်နေမိသည်။

`ဒီတကြိမ်နဲ့ဆို ငါးကြိမ်တောင် ရှိပြီနော် ကောင်လေး´

လယ်ဂျာစာအုပ် တခုကို ဟိုလှန်ဒီလှောလုပ်နေရင်း လှမ်းမေးလိုက်သော ဦးစောသာရဲ့ အမေးကို အသာခေါင်းဆတ်ပြရင်း ဖြေလိုက်တော့ တစုံတခုကို ရေးခြစ်နေဟန်ဖြင့် ဦးစောသာဆီက အသံတိတ်သွားပြန်သည်။

***

သူ သွေး စတင်လှူဖြစ်ခဲ့တာကတော့ တကူးတကကြီး ရည်ရွယ်ထားလို့ လှူဖြစ်ခဲ့တာတော့ မဟုတ်ပါ။ တရက်…၊ သူတို့ လမ်းထိပ်မှာ ရှိတဲ့ မြို့နယ်ဆေးရုံဘေးက ကွမ်းယာဆိုင်မှာ ထိုင်နေတုန်း ကွမ်းယာလာဝယ်သော ဦးစောသာက `ဆေးရုံထဲမှာတော့ ဘီသွေး လိုနေတယ်´ လို့ တခြားလူတွေကို ပြောတာ ကြားရင်းကနေ `ကျနော် ဘီသွေးပဲ၊ လှူလို့ရရင် လှူမယ်လေ´ ဆိုပြီး အမှတ်မထင် လှူဖြစ်ခဲ့ခြင်းပါ။

သူတို့ မြို့မှာက သွေးလှူဘဏ်ဆိုတာကလည်း မရှိတော့ ဝေဒနာရှင်တယောက်ယောက်ကို သွေးသွင်းကုသဖို့ လိုအပ်လာရင် အခုလိုပဲ သွေးလှူရှင်ကို အရေးတကြီး ရှာရလေ့ရှိ၏။ တကြိမ်လာလှူဖူးသူတွေကို စာရင်းသွင်းထား…၊ သွေးလိုချိန်ဆိုရင် ဓာတ်ခွဲခန်းတာဝန်ခံက စာရင်းစာအုပ်ကို လှန်ပြီး ဘယ်သွေးအမျိုးအစားကို လှူထားသူဖြင့် နောက်တကြိမ်သွေးလှူဖို့ ရက်စေ့နေလဲ ဆိုတာ ရှာရသည်။ လိုချင်တဲ့သွေးအမျိုးအစားကို အရင်က လှူဖူးသူက နောက်တကြိမ်လှူဖို့ ရက်စေ့နေရင်တော့ သူ့အိမ်ကို ဓာတ်ခွဲခန်းတာဝန်ခံက စက်ဘီးနဲ့ဖြစ်ဖြစ် အမြန်သွားခေါ်၊ သွေးဖောက်၊ ဝေဒနာရှင်ဆီကို ချက်ချင်းသွင်းပေး လုပ်ရ၏။

သွေးလိုနေခိုက်မှာ အဲဒီသွေးအမျိုးအစားကို အရင်က လှူဖူးသူတွေက နောက်ထပ်လှူဖို့ ရက်မပြည့်သေးရင်တော့ ဓာတ်ခွဲခန်းတာဝန်ခံ အဖို့ ဗျာများရတော့သည်။ ခင်ရာမင်ရာ နီးစပ်တဲ့ မိတ်ဆွေတွေဆီကို သွေးအလှူခံ ထွက်ရတော့သည်။ ဒီလိုနဲ့ပဲ သူ သွေးလှူဖြစ်ခဲ့ခြင်းပင်…။

အဲဒီလိုတွေ သွေးအလှူခံရတော့ သွေးလှူရှင်ဆီမှာ ရောဂါတခုခု ရှိနေခဲ့ရင် ဝေဒနာရှင်ဆီကို မကူးနိုင်ဘူးလားဟု မေးစရာရှိသည်။ ဒါနဲ့ပတ်သက်ပြီး မြို့နယ်ဆရာဝန်ကြီးက ကျန်းမာရေး ဆွေးနွေးပွဲတခုမှာ…

`ကျနော်တို့ မြို့လေးက သေးသေးလေးဗျာ။ ဆေးရုံဆိုတာကလဲ ဓာတ်မှန်ခန်းတောင်မှ မနေ့တနေ့ကမှ ဖွင့်နိုင်တယ်။ လျှပ်စစ်မီး အခက်အခဲကလဲ ရှိတော့ တခါတလေ အင်မတန် အရေးကြီးတဲ့ အော်ပရေးရှင်းဝင်ရမှာမျိုးတွေမှာတောင် အခက်တွေ့ရတာ ရှိပါတယ်။ ဒါကြောင့် သွေးတွေကို လှူချင်တဲ့လူဆီကနေ ဖောက်ယူထားပြီးတော့ အအေးခန်းမှာ ထိန်းသိမ်းထားပြီးမှ လိုအပ်တဲ့အချိန်မှာ ဝေဒနာရှင်ဆီကို သွင်းပေးတာမျိုးတွေ လုပ်ဖို့ အခြေအနေ မပေးနိုင်ဘူး။

အဲဒါထက်ပိုပြီး စိုးရိမ်ရတာက သွေးလှူရှင်ဆီကနေ ရလာနိုင်တဲ့ ရောဂါတွေပါပဲ။ အထူးသဖြင့် အေအိုင်ဒီအက်စ် လို ရောဂါ။ ကျနော်တို့က သွေးလှူရှင်ဆီက သွေးကို ဖောက်ယူထား၊ ရောဂါပိုး ကင်းမကင်းစစ်၊ ပြီးမှ သွေးသွင်းလုပ်ဖို့လောက် အထိ တတ်နိုင်တဲ့ အနေအထား မရှိတော့ ကျနော်တို့ အတတ်နိုင်ဆုံးနဲ့ အားအကိုးဆုံးကတော့ သွေးလှူရှင်ရဲ့ ကိုယ့်ကိုယ်ကို ရိုးသားစွာ အာမခံနိုင်မှုပါပဲ။ ကိုယ့်ကိုယ်ကို အေအိုင်ဒီအက်စ်ရောဂါ လို ရောဂါ ရနိုင်တဲ့ အနေအထားပတ်သက်မှုမျိုး တခုခု ရှိခဲ့တယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေ သွေးလာမလှူကြဖို့ မေတ္တာရပ်ခံပါတယ်´

မဖွံ့ဖြိုး မတိုးတက်တဲ့ ဒေသလေးမှာ လူလာဖြစ်ရတာဆိုတော့လဲ ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ် အဆင်ပြေသလိုပင်။ ဒီလိုနဲ့ သူ သွေးလှူဖြစ်ခဲ့သည်မှာ အခုတော့ ငါးကြိမ် တိုင်ခဲ့ပါပြီ။

***

`ကဲ…၊ ရပါပြီ´

ဦးစောသာက ခပ်ပြုံးပြုံးဖြင့် ပြောလိုက်ရင်း အပ်ကို ဆွဲဖြုတ်၊ ဂွမ်းစတခုကို ကပ်ပေးပြီး သူ့လက်ကို ကွေးထားစေလိုက်သည်။

သူ့သွေး နီညစ်ညစ်တို့ဖြင့် ပြည့်နေသော သွေးပုလင်းက ဝေဒနာသည်ဆီကို သွေးသွင်းပေးဖို့ အဆင်သင့် ဖြစ်နေပါပြီ။

`ကောင်လေး၊ ခဏစောင့်နော်၊ လူနာရှင်ဆီကို ဆရာမ စေးဖော သွားနေတုန်းပဲ´

***

သူ ပထမဆုံးအကြိမ် သွေးလှူတော့ သွေးပုလင်းဖောက်ပြီးတာနဲ့ ဦးစောသာက ချောကလက်ရောင်လိုလို အားဆေး အလုံးငါးဆယ်ခန့်၊ သကြား တပိဿာထုပ် တထုပ်နဲ့ နို့ဆီ နှစ်ဗူး ပေးသည်။ သွေးလှူရှင်တိုင်းကို ပေးတာလို့ သိရ၏။

အသက်က ငယ်ငယ် သွေးအားကောင်းတဲ့ အရွယ်ဆိုတော့ ဆေးရုံက ပေးသော အားဆေးကို တခါမှ ပြန်မသောက်ခဲ့သလို သွေးလှူလို့ ပေးတဲ့ နို့ဆီနဲ့ သကြားကိုလဲ လက်ဖက်ရည်ဆိုင်မှာ သွားပြန်ရောင်းလိုက်တာပင်…။ အဲဒီတုန်းက နို့ဆီ တဗူးကို ၅၀၊ သကြားတပိဿာကို ၇၀ ရ၏။

သွေးစလှူတဲ့ ပထမဆုံးအကြိမ်မှာတုန်းကတော့ ဒါက ရစကောင်းတဲ့ အခွင့်အရေးလို့ မသိခဲ့ပေမဲ့ ဒုတိယ တခေါက် သွေးသွားလှူတော့ နို့ဆီနဲ့သကြားကို စကေးတခုလို လိုချင်တတ်လာသည်။ နောက်အခေါက်တွေမှာတော့ သွေးလှူပြီးတာနဲ့ ဒါကို စောင့်ယူတတ်လာတော့သည်။ သွေးလှူဖို့ လိုက်သွားစဉ်ကတော့ အဲဒါတွေကို လိုချင်လို့ မဟုတ်ပေမယ့် `ငါရသင့်တဲ့ အခွင့်အရေး´ ဆိုတဲ့ စိတ်နဲ့ စောင့်ယူချင်မိတာလဲ ပါသည်။

အခုလဲ သွေးလှူပြီးတာနဲ့ နို့ဆီနဲ့ သကြား စကေး ယူဖို့ စောင့်နေမိသည်။

***

`ဆရာမ စေးဖောက လူနာရှင်ဆီကို ဘာသွားလုပ်တာလဲ ဦး´

`ဆေးရုံမှာ နို့ဆီနဲ့သကြား ကုန်နေလို့ မင်းကို ပေးဖို့ နို့ဆီနဲ့သကြားဖိုးကို လူနာရှင်ဆီ သွားတောင်းနေတာလေ´

`ဟင်၊ ကျနော့်ကို ပေးတာ ဆေးရုံက ပေးနေတာ မဟုတ်ဘူးလား´

ဦးစောသာက သက်ပြင်းတချက်ကို ဖွဖွချလိုက်ရင်း ခပ်လှမ်းလှမ်းက စာတန်းတခုကို အသာ လက်ညှိုးထိုးပြလိုက်သည်။

`စားရိတ်မျှပေး၊ ကျန်းမာရေး´

သူ့စိတ်ထဲမှာ အမျိုးအမည် ဖော်ပြမတတ်သော တစုံတခုကို ခံစားလိုက်ရသလို ဖြစ်သွားသည်။ ဒါဖြင့်…၊ ဒါဖြင့် သူလှူနေတာက ထိရောက်တဲ့ အလှူတခုဟုတ်ပါရဲ့လား။ သူက…၊ သူက သူ့သွေးတွေကို အခကြေးငွေနဲ့ ရောင်းစားသလို ဖြစ်နေပြီပေါ့…။ ရှုပ်ထွေးနောက်ကျိသွားသော စိတ်ကြောင့် အခန်းထဲကနေ ခပ်သွက်သွက် ပြန်ထွက်လာတော့ ဦးစောသာရဲ့ `ကောင်လေး၊ နေဦးလေ´ ဆိုတဲ့ အသံက ကျန်ခဲ့သည်။

***

`အမျိုးသား လူနာဆောင်´ ဆိုတဲ့ ခန်းမငယ်လေးထဲမှာ လူနာများများစားစားတော့ မရှိလှပါ။ ကုတင် ကျိုးတို့ကျဲတဲ ဟိုတလုံးဒီတစနဲ့ ခန်းမငယ်လေးရဲ့ အ၀မှာ ဖိနပ်ချွတ်ပြီးမှ အထဲကို ၀င်ရ၏။ တွေ့ပါပြီ၊ ဟိုးခပ်လှမ်းလှမ်းထောင့်မှာ ဆရာမ စေးဖော…။

`ဆရာမ၊ သွေးသွင်းရမယ်ဆိုတဲ့ လူနာက ??´

`ဟိုမှာလေ´

ဆရာမ လက်ညှိုးညွှန်ပြသော ကုတင်ကို လှမ်းကြည့်မိတော့ မျက်တွင်းဟောက်ပက်နဲ့ လူနာတယောက် ကုတင်ပေါ်မှာ မှိန်းနေသည်။ ကုတင်ဘေးမှာကတော့ သူ့ဇနီးဖြစ်ဟန် တူသူ အသက်သုံးဆယ်အရွယ်ခန့် မိန်းမတယောက်…။ နွမ်းဖတ်နေသော အ၀တ်တွေက သူတို့ရဲ့ အခြေအနေကို မပြောဘဲ ပေါ်လွင်နေစေသည်။ ကုတင်ခေါင်းရင်းက စင်ငယ်ပေးပေါ်မှာက တမိုက်သာသာလောက် အရွယ် လိမ္မော်ရည်ဘူးလေး နှစ်ဗူး၊ သိပ်လတ်ဆတ်ပုံ မရသော ပန်းသီးတလုံး၊ ဒန်ချိုင့်အပိန်လေး တလုံးထဲမှာတော့ ဆန်ပြုတ်ပဲဖြစ်မလားတော့ မပြောတတ်။

`ဒါ၊ သွေးလှူရှင်ပဲ´

ဆရာမ စေးဖောရဲ့ စကားအဆုံးမှာ ကုတင်ဘေးက မိန်းမက သူ့ကို မျက်လုံး တချက်လှန်ကြည့်သည်။ ကျေးဇူးတင်ဟန် သူ့မျက်နှာမှာ တစုံတခု ရောစွက်နေသေးသလိုလို…။ ခဏအကြာမှာတော့ သူ့လက်ပိန်ပိန်တွေက သူလွယ်ထားတဲ့ လွယ်အိတ်ထဲက တခုခုကို နှိုတ်ယူလိုက်သည်။ လက်ထဲမှာ ပါလာတာက ငါးဆယ်တန် ခပ်နွမ်းနွမ်း သုံးလေးရွက်…။

`ဟို…၊ ဟို…၊ နို့ဆီနဲ့ သကြားဝယ်ဖို့…´

သူ့စိတ်တွေ လွင့်ထွက်သွားသလို ခံစားလိုက်ရသည်။

`ဟာ…၊ မပေးပါနဲ့၊ မပေးပါနဲ့…၊ မပေးပါနဲ့ဗျာ´

သူ့အသံက လိပ်ပြာမလုံသော စိတ်တွေကို အကာအကွယ် မပေးနိုင်စွာဖြင့်ပင် တုန်ယင်နေသည်။ ယောင်နန နိုင်လှစွာဖြင့်ပင် အဲဒီမိန်းမရဲ့ လက်ထဲက ငွေတွေကို တွန်းဖယ်နေမိ၏။

ခဏအကြာမှာတော့ အဲဒီ လူနာကုတင်နားကနေ သူ ချာခနဲ လှည့်ထွက်လာလိုက်တော့သည်။

***

မြို့ကလေးကနေ မခွဲခွာခင် အထိ သူ သွေး ၁၃ ကြိမ် လှူဖြစ်လိုက်ပါသည်။

ဒါပေမယ့် နောက်ပိုင်း သွေးလှူကြိမ်တိုင်းမှာတော့ သူ့အတွက် စကေး နို့ဆီနဲ့ သကြားကို ဘယ်သောအခါမှ သူ စောင့်ဆိုင်း မယူဖြစ်တော့ပါ။ သူ သွေးလှူတာ ဆယ်ကြိမ်ပြည့်တော့ ဆေးရုံလေးက ဆရာဝန်လက်မှတ်ထိုးထားသော ဂုဏ်ပြုမှတ်တမ်း စာရွက်တခု ရခဲ့၏။ စာရွက်လေးရဲ့ ထိပ်နားမှာ ရေးထားတာက `သင့်သွေးဖြင့် အသက်ကယ်ပါ´…တဲ့။ သူ့စိတ်ထဲကနေ တစုံတခုကို တီးတိုးရေရွတ်လိုက်၏။

` သန့်စင်သောစိတ်ထားပြီး သင့်သွေးဖြင့် အသက်ကယ်ပါ´


ကလိုစေးထူး

11 comments:

Anonymous said...

u right! i'm also 10 times donated blood when i was in Myanmar.But i always went and join with some association and my University. So they gave to me an egg and some juice, some food.But I never ate.
Anyway! after u donate (may be 3 times,) u know and change ur mind! That's great!
We donated for necessary human, we don't care any other advantages.
This is we call simple donation which is no hope.

phyu

Anonymous said...

အရမ်းကောင်းတဲ့ အက်ဆေးတစ်ပုဒ်ပဲ ...တကယ်လိုအပ်နေတဲ့ မတက်နိုင်တဲ့ သူတွေအတွက် သွေးတိုတာ အင်မတန်ခက်ခဲတယ်လို့ထင်ပါတယ်။ မဖွံဖြိုးသေးတဲ့ နယ်မြို့ လေးတွေဆိုပိုဆိုးပေါ့ စေတနာသန့် သန့် လှူခဲ့တဲ့ ကောင်ကလေးရဲ့ စိတ်ဓာတ်ကိုလဲလေးစားပါတယ်ဗျာ။
*` သန့်စင်သောစိတ်ထားပြီး သင့်သွေးဖြင့် အသက်ကယ်ပါ*
မှတ်သားသွားပါတယ်ဗျာ............။

မြင့်မြတ်

ညီအကိုများ said...

very good story!!! BRO
Carry ON!!!

KONAY(YNP)
www.ynp-net.info

ကိုပေါ said...

ကိုစေးထူးရဲ့ ပို့စ်ကို ဖတ်ပြီး ကျနော်လည်း သွေးလှူတာနဲ့ ပတ်သက်လို့ ပို့စ်တခုရေးချင်စိတ်ပေါက်လာပြီး ရေးလိုက်ပါတယ်။ ခေါင်းစဉ်ကို အတူတူဘဲ ပေးလိုက်တယ်။

စိုးထက် - Soe Htet ! said...

ကောင်းလိုက်တာဗျာ ... ကျွန်တော်လည်း သွေးလှူ ခဲ့ ဖူးတယ် ... သုံးကြိမ်ထဲပါ ...ဘာမှ မယူခဲ့ပါဘူး ... :D

စူး said...

သွေးလှူတာ သိပ်မွန်မြတ်တယ်.ကိုစေးထူး
မြတ်နိုးလဲ လှူဘူးတယ်။ သွေးအား အရမ်းကောင်းတယ်တဲ့ အမှန်က မြတ်နိုးက မလှုရမှာဆိုးလို့ ဘုရားစာတွေရွတ်တာ လေ..။
၅ကြိမ်လောက် လှူဘူးတယ်။ ဘာမှ မယူခဲ့ပါဘူး။ ခုလဲ အခွင့်ကြုံရင် လှူချင်သေးတယ်။

တန်ခူး said...

ကိုစေးထူးရေ...လှူဖို့အခွင့်အရေးရတာရယ်၊ လှူဖို့စေတနာထက်သန်တာရယ်၊ အလှူပစ္စည်းက အသက်ကယ်နိုင်တဲ့သွေးဖြစ်နေတာရယ်ကြောင့် ဒီထက်မြတ်တဲ့အလှူရှိမှာ မဟုတ်ပါဘူး။

freedam said...

မေသွေးတော့လှူဖူးပါဘူး။ကိုယ့်ခန္ဓာကိုယ်ထဲကသွေး
ကိုထုတ်လှူနိုင်တယ်ဆိုတဲ့သဒ္ဓါတရားကိုသိပ်
လေးစားပါတယ်။သွေးလှူကြတဲ့လူတွေကို
ချီးကျူးလေးစားမိပါတယ်။

Kaung Kin Ko said...

very nice short story, ko Sayhtoo. :-)

မင်းကျန်စစ်။ said...

အကောင်းနဲ့ အဆိုး ဒွန်တွဲသွားတဲ့ စိတ်လေးကို မြင်သာအောင် ရေးထားတာ ထိမိတယ်ဗျာ ။ အရမ်းကောင်းတယ်။

Pinkgold said...

ကောင်းတယ် အကိုရေ
ထက်လည်း သွေးလှူချင်တယ်.. လှူနိုင်အောင်လည်း ကြိုးစားမယ်.. ဒါပေမယ့် သိတယ်မလား ခန္ဓာကိုယ်ကလေ လှူမယ့်သူက သွေးပြန်ပေးချင်တဲ့ ကိုယ်မျိုး... အားပြည့်အောင် လုပ်ပြီးရင် သွေးလှူမယ်..