Monday, March 10, 2008

သံလွင် တေးသံရှင် သို့…

~~~ အပူအပင် ကင်းတဲ့ ကလေးလေးဘ၀ကို ~~~ တခါပြန်ပြီး ရောက်ချင်သေးတယ်~~~~ အပြစ်မရှိသေးတဲ့ ကလေးလေး ဘ၀ကို တခါပြန်ပြီး ရချင်သေးတယ်~~~

ကျနော် လေးတန်း ကျောင်းသားဘ၀လောက်ကပါ။ အဲဒီတုန်းက ကျနော်တို့ မိသားစုက ရန်ကုန်မှာ နေပါတယ်။ အိမ်ရှေ့ မျက်စောင်းထိုးအိမ်က အကိုကြီးတွေက လရောင်သာတဲ့ ညတွေမှာဆိုရင် သူတို့ အိမ်ရှေ့က ခုံတန်းလေးမှာ ထိုင်ပြီး ဂစ်တာတီးလေ့ ရှိပါတယ်။ သီချင်းဝါသနာ အခံရှိတဲ့ ကျနော်က အဲဒီကတည်းက သူတို့ တီးသမျှ ဆိုသမျှ သီချင်းတွေကို အိမ်ထဲကနေ အားပေးနေလေ့ ရှိပါတယ်။ ဒီလိုနဲ့ပဲ အဲဒီသီချင်းစာသားလေးကို စတင် အကြိုက်တွေ့ခဲ့တာပါ။ နောက်ပိုင်းမှ အဲဒီ သီချင်းနာမည်ကို သိရတာက `ပျောက်ဆုံးသွားတဲ့ နိဗ္ဗာန်ဘုံ´ …တဲ့။ သီဆိုသူကတော့ `စိုင်းထီးဆိုင်´ ဖြစ်ပါတယ်…တဲ့။

တကယ်တော့ စိုင်းထီးဆိုင် ဆိုတဲ့ အဆိုတော် စတင်လူသိများ နာမည်ကြီးတာက ၁၉၇၅-၇၆ ခုနှစ်လောက် ကတည်းက လို့ သိရပါတယ်။ ၁၉၈၀ ပြည့်နှစ်မှာတော့ မြန်မာပြည် တ၀ှမ်းမှာ စိုင်းထီးဆိုင်ရဲ့ သီချင်းတွေ ပျံ့လွင့်လို့ နေပါပြီ။ `မန္တလေးရောက် ရှမ်းတယောက်´ သီချင်းဟာ ရိုးသားတဲ့ တိုင်းရင်းသား တယောက်ရဲ့ စရိုက်ကို ထင်ဟပ်စေတဲ့ သီချင်းလေး တပုဒ်ဖြစ်တာကြောင့် စိုင်းထီးဆိုင်ရဲ့ ခေတ်ဦးကာလ အကောင်းဆုံး သီချင်းတပုဒ် လို့ သိရပါတယ်။

ကျနော် ဂစ်တာ တီးတတ်ခါစက စိုင်းထီးဆိုင်ရဲ့ သီချင်းတပုဒ်ကို အတီးသင်သဘောမျိုး တီးခဲ့ရတာ ရှိပါတယ်။ အဲဒါကတော့ `အကြီးတလုံး အသေးတလုံး´သီချင်းပါ။ Round cord တီးရတဲ့ အဲဒီသီချင်းက ကျနော်တို့ ကလေးသာသာ အရွယ်ကတည်းကနေ အခုအထိတိုင်အောင် ကိုကိုမောင်မောင် ကာလသားတို့ ခပ်ထွေထွေ ရှိလာတိုင်း ဆိုညည်းလေ့ ရှိတဲ့ သီချင်းပါ။

အခုတော့ မြန်မာတေးချစ် ပရိသတ်တွေကို ကိုယ်ပိုင်သံစဉ် သီချင်းပေါင်း မြောက်များစွာနဲ့ နှစ်ကာလ အတန်ကြာအောင် ဖမ်းစားထားနိုင်ခဲ့တဲ့၊ ပရိသတ်တွေက ချစ်စနိုးနဲ့ ဗိုလ်ထီး၊ ဦးထီး လို့ ခေါ်ကြတဲ့ အဆိုတော် စိုင်းထီးဆိုင် တယောက် အစာအိမ် သွေးကြောပေါက် ရောဂါနဲ့ အသက်(၅၈)နှစ် အရွယ်မှာတင်ပဲ ကြွေလွင့် သွားခဲ့ပါပြီ။

တချို့ ပရိသတ်တွေကတော့ ၁၉၉၀ ပြည့်နှစ် ၀န်းကျင်လောက်မှာ သူသီဆိုခဲ့တဲ့ အုပ်ချုပ်သူအကြိုက် သီချင်းတွေကို ငြိုငြင်ခဲ့ကြပါသေးတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ အနုပညာကိုတော့ ယခုထက်တိတိုင်အောင် လူကြိုက်များနေဆဲပါ။

ကျနော် မြန်မာပြည်က ထွက်လာခဲ့ပြီးနောက်ပိုင်းမှာမှ စိုင်းထီးဆိုင် သီချင်းတွေအနက် ပိုပြီး ခံစားမိတဲ့ သီချင်းတပုဒ် ရှိပါတယ်။ အဲဒီ သီချင်းကတော့…။





`သံလွင်ချောင်းခြား´ ဆိုတဲ့ အဲဒီ သီချင်းကို ရေးဖွဲ့သူကတော့ ချစ်သူနှစ်ဦး အတွက် ရည်ရွယ်ရေးဖွဲ့ခဲ့ဟန် တူပေမယ့် သံလွင်မြစ်ရဲ့ ဟိုမှာဖက်နဲ့ ဒီမှာဖက်မှာ မတူညီတဲ့ ဘ၀တွေ ဝေးနေရတာ များစွာ ရှိနေတာကိုလည်း ဒီသီချင်းနဲ့ ခံစားလို့ ရနေပါတယ်။ ငြိမ်းချမ်းရေးကို လိုလားတဲ့ ချစ်မျက်ရည်တွေ သံလွင်မြစ်ထဲကနေ တဆင့် သမုဒ္ဒရာထဲထိတိုင်အောင် စီးဆင်းခဲ့ရတာ ခေတ်ကာလပေါင်း မနည်းတော့ပါဘူး။ သံလွင်ရေတွေ ကုန်မှ၊ သံလွင်ရေတွေ ခန်းခါမှ နီးကြရမှာလား ဆိုတာကတော့…။

ပြည်သူချစ်တဲ့ အနုပညာရှင် ဦးထီး ခေါ် စိုင်းထီးဆိုင် တယောက် ကောင်းရာ သုဂတိလားပါစေ။



ကလိုစေးထူး

3 comments:

သံလွင်ချစ်သူ said...

စိုင်းထီးဆိုင် ဆုံးသွားပြီလားးးး
စိတ်မကောင်းလိုက်တာ ...
ဒီနေ့ပဲ သတိတရနဲ့ သူ့သီချင်းလေးတွေ ဆိုညည်းနေမိသေးတယ်။
ဆေးရုံတက်ရတယ်ဆိုတာတော့ သိတယ်။ ဒီလောက် မြန်မြန် ဆုံးသွားမယ် မထင်ဘူး။
သံလွင်ချောင်းခြား သီချင်းအတွက် ကျေးဇူးတင်ပါတယ်။
ချောင်းခြားနေတဲ့ ချစ်သူတွေ (မိဘ နဲ့ သားသမီး၊ မောင်နှမ၊ ဆွေမျိုး၊ လင်မယား၊ သမီးရည်းစား) အားလုံး အမြန် နီးစပ်ကြပါစေလို့ .... ဆန္ဒပြုရင်း ....
ကိုထီးတယောက် ကောင်းရာဘ၀ရောက်ပါစေ ... လို့ ဆုတောင်းလိုက်ပါတယ် ... ။

May Burma said...

သံလွင်ချောင်းခြားဆို လို့ သတိရတယ်

၁၉ ၇၀ တုန်းက ကျိုင်းတုံရောက်ဖူးတယ်

ဆင်းရဲသူ၇ှမ်းမလေးတေံယိုးဒယားကိုကူးပြီး အနှိပ်စခန်းတွေမှာ အလုပ်လုပ်ပြတယ်

ယိုးဒယားကုန် တက်ထရွန်တွေ မှောင်ခိုကူးကြတယ်

ယနေ့ မှာတော့ ၇ီဖူရျီလုပ်ကြတယ်

မှောင်ခိုခေတ် ရီဖူဂျီခေတ် တွေ ပေါ့

ခေတ်နဲ့ စနစ်နဲ့ ဆိုင်တယ်

myatnoe said...

မြတ်နိုးကတော့ မကြိုက်ဘူး။ ဒါပေမဲ့ ငယ်ငယ်တုန်းက ကြည့်ခဲ့ဘူးတဲ့ ဇာတ်ကားထဲက မောတော့မောတာပေါ့ ဒါပေမဲ့ မမောဘူး ဆိုတဲ့ သီချင်းသံကို အရမ်းမှတ်မိနေတယ်။
မြန်မာပြည်မှာ လူတွေ အသက်သေတာ စောကုန်ကြပီနော်။