Tuesday, March 04, 2008

နိုင်ငံခြား သွားမယ်ဆိုရင် ...(၄)

ကျနော့်ဆီကို နိုင်ငံခြား သွားမယ်ဆိုရင် အမှတ်(၃) အတွက် ကွန်မန့်အဖြစ်နဲ့ မမာလာဆီက အီးမေးလ် တစောင် လွန်ခဲ့တဲ့ သုံးလေးရက်လောက် ကတည်းက ရောက်နေခဲ့ပါတယ်။ အပြင်မှာ အလုပ်များနေတာက တဖက်၊ မနေ့ကလည်း ၀တ္ထုတိုလေး တပုဒ်ကို ရေးချင်စိတ်က ပိုနေတာမို့ ဒီနေ့မှပဲ သူ့စာကို ပြန်ဖြည် ရိုက်ဖြစ်ပါတယ်။

ကျနော့် အမကြီးအရွယ် မမာလာရဲ့ ကျနော့်ဆီ ပေးပို့တဲ့ စာတိုင်းဟာ ကျနော့်ပို့စ်တွေကို အသေအချာ ဂရုတစိုက်ဖတ်ပြီးတော့ သူ့အတွေ့အကြုံတွေကို စနစ်တကျနဲ့ ရှင်းပြရေးသားတာကို သတိထားမိပါတယ်။ အလွန် ကျေးဇူးတင်ပါတယ်။ အခုလဲ သူ ပေးပို့လိုက်တဲ့ စာဟာ ကွန်မန့်တခု ဖြစ်ပေမယ့် ပို့စ်တခုအနေနဲ့ သီးသန့် တင်ပေးတာက ပိုကောင်းမယ်လို့ ယူဆလို့ ပို့စ်အဖြစ် တင်လိုက်ပါတယ်။

အမ မမာလာရဲ့ စာကို ဖတ်ရတာဟာ ကျနော့်အတွက်တော့ အင်မတန်မှ နည်းနာယူစရာ အချက်အလက်တွေ အတော်များများ ရခဲ့ပါတယ်။ တချို့အချက်တွေက ကျနော်တို့ ရပ်တည်နေထိုင်ရတဲ့ အနေအထားနဲ့ မတူညီတာလေးတွေ ရှိပေမယ့် အတော်များများ အချက်တွေကတော့ အတုယူစရာ၊ နည်းနာယူစရာ ကောင်းလှပါတယ်။ ကျေးဇူးအထူး တင်ရှိပါတယ် မမာလာ။

မမာလာ ပို့လိုက်တဲ့ စာကိုတော့ အောက်မှာ မူရင်းအတိုင်းဖော်ပြထားပါတယ်။

ကလိုစေးထူး

***

အခုတလော မအားတာနဲ့ ဦးကလိုစေးထူးရဲ့ Web ကို မကြည့်ဖြစ်တာ မနေ့ကမှ ဖြတ်ခနဲ လှမ်းဖွင့်ဖတ်ဖြစ်တော့ နိုင်ငံခြား အတွေ့အကြုံတွေ အကြောင်း ဆွေးနွေးဖို့ ခေါင်းစဉ် (၅)ခုနဲ့ ဖိတ်ထားတာ တွေ့လို့ အခုလို ရေးဖြစ်သွားပါတယ်။

၁။ လက်ရှိအလုပ်ကို ဘယ်လို ရရှိအောင် ကြိုးစားခဲ့ရသလဲ ဆိုတာကတော့…

ကျွန်မ ဂျပန်က ကျောင်းပြီးပြီး ဒီကိုရောက်လာတော့ ဒီ USA ရဲ့ အလုပ်အကိုင်တွေနဲ့ ကျွန်မယူခဲ့တဲ့ ဘာသာရပ် ဘယ်လို ဆက်စပ်မှု ရှိသလဲ လေ့လာရပါတယ်။ အဓိက Internet မှာ Hotjobs.com, monster.com, usajobs.com စတဲ့ အလုပ်ရှာတဲ့ Web တွေမှာ အလုပ်တွေကို လိုက်ကြည့်ရပါတယ်။ ဘယ်လို အလုပ်မျိုးကို ဘယ်လို ပညာအရည်အချင်း၊ ဘယ်လို ဘာသာရပ်ကို ခေါ်သလဲ ဆိုတာ အဓိကပါပဲ။ အဲဒါ ရှာတော့ အချိန် (၁)နှစ် နီးပါး ပေးခဲ့ရပါတယ်။ Part time အလုပ်တခု ၀င်လုပ်ရင်း တနေ့ကို Internet နဲ့ ၃-၄ နာရီလောက် ရှာ၊ဖတ် လုပ်ခဲ့ရပါတယ်။ ကျွန်မကို အလုပ်အကိုင် မိတ်ဆက်ပေးမဲ့လူ၊ အကြံပေး လမ်းညွှန်မဲ့လူ၊ ကူရှာပေးမဲ့လူ မရှိပါဘူး။ Interview ၃-၄ ခါလောက် သွားရပေမယ့် အဆင်မပြေသေးပါဘူး။ ဒီနိုင်ငံကိုက လူတယောက်ကို စပြီး Train လုပ်ဖို့၊ နည်းနည်းပါးပါး သင်ပေးဖို့ စိတ်ကူး မရှိဘဲ Experience ရှိမှ ဆိုပြီး ခေါ်တော့ သိပ်အဆင် မပြေပါဘူး။

ကိုယ့်ဘာသာသာရပ်နဲ့ ကိုက်ညီတဲ့ အလုပ်တောင်မှ လျှောက်ရင် Experience မရှိလို့ မခန့်ပါဘူး။ တခါများ ကားမရှိလို့ အလုပ်မခန့်ဘူး ဆိုတာတောင် ရှိပါသေးတယ်။ (ကျွန်မမှာ လိုင်စင်လဲရှိ၊ ကားဝယ်နိုင်တဲ့ အနေအထား ရှိလျက်) မခန့်ချင်ရင် ကြုံသမျှ ဆင်ခြေမျိုးကို ပေးလေ့ရှိပါတယ်။ တနေ့ကျတော့ monster.com က အခု ကျွန်မလုပ်မယ့် အလုပ်မျိုးကို ခေါ်ပါတယ်။ အဲဒါ လျှောက်လိုက်တော့ ၃-ပတ်လောက် အကြာမှာ Interview ခေါ်ပါတယ်။ သူတို့ ကြိုက်ပုံရပါတယ်။ ဒါကလဲ လိုင်စင်စာမေးပွဲကို (၂)လအတွင်း အောင်အောင် ဖြေနိုင်ရင် ခန့်မယ် ဆိုပါတယ်။ ကျွန်မကလဲ စိန်လိုက် ဖြစ်ရမယ်ပေါ့။ ဒါတောင် Reference person ကိုယ့်ကို သိပြီး ကိုယ်တော်ကြောင်း၊ ကောင်းကြောင်း ထောက်ခံပေးမယ့် လူ(၂)ယောက် ရေးခိုင်းပါတယ်။ ကျွန်မလည်း သူများ နာမည် သိပ်မသုံးချင်၊ ဒီလို environmental Lab မျိုးကို ထောက်ခံပေးမယ့် ဘယ်သူ့ကိုမှလဲ မသိတော့ ငါ့မှာ မရှိဘူး လို့ ဖြေပါတယ်။ သူတို့ အံ့သြသွားပြီးတော့ ဘယ်လို လုပ်ရမလဲ ငေါင်နေပါတယ်။

ဒီတော့ ကျွန်မအောင်ခဲ့တဲ့ ဘွဲ့တွေကို World education service လို့ ခေါ်တဲ့ ကိုယ့်ပြီးခဲ့တဲ့ Education ကို USA နဲ့ ကိုက်ညှိပြီး ဘာဘွဲ့နဲ့ ပြန်ညီလဲလုပ်တဲ့ အဖွဲ့က ထုတ်ပေးတဲ့ USA education equalivalent စာရွက်လေးပဲ ထုတ်ပြလိုက်ပါတယ်။ ဒါပဲရှိတယ်၊ ငါ့ကို ယုံချင်နေ၊ မယုံချင်လဲနေ၊ ပြီးတော့ green card နဲ့ social security card ထုတ်ပြပါတယ်။ Legal နေထိုင်တဲ့ လူ ဖြစ်ကြောင်းပါ။ ဒီတော့မှာ ကျွန်မကို interview တဲ့ Regional manager ကတော့ သဘောကောင်းပုံရပြီး Okey၊ နောက်တပတ်လောက်မှ ဖုန်းဆက်ပါ။ ဘယ်လောက်ပေးမယ်၊ ဘာရာထူးပေးမယ်ဆိုတာ ပြောပါ့မယ် ပြောပါတယ်။

ပထမဦးဆုံး အကြိမ်၊ အလုပ်တခု ကောင်းကောင်းကို လျှောက်ရတော့ လစာဘယ်လောက် ပေးပါလို့ မတင်းနိုင်ဘူး။ အဲဒါနဲ့ ဖုန်းဆက်တော့ စောင့်ပါ ဆိုတာနဲ့ ၁ လကျော် ကြာသွားပြီး အဲဒီ ကုမ္ပဏီက Production Manager ကနေ နောက်ထပ် ဖုန်းဆက်ပါတယ်။ Follow up interview ထပ်လာပါမယ်တဲ့။ အဲဒါနဲ့ နောက်တခေါက် ထပ်သွားပြီးမှ အခုလုပ်တဲ့ အလုပ်ကို ရခဲ့ပါတယ်။ နောက်မှ အလုပ်ထဲက ကျွန်မနဲ့ ရာထူးတူနဲ့ စကားစပ်မှ သူတို့က ကျွန်မ ဒီအလုပ်ကို interview နှစ်ခါနဲ့ ဒီလောက် ကြာတာတွေဟာ သိပ်မခန့်ချင်လို့ ရစ်တာ ဆိုတာ သိရပါတယ်။ ဒါပေမယ့် ကျွန်မ အလုပ်ကြိုးစားတော့ (၂)လအတွင်း လိုင်စင်လဲ ရပြီး အလုပ်လဲ နိုင်နင်းစွာ လုပ်ကိုင်နိုင်လာတော့ ၆ လအကြာမှာ မန်နေဂျာက မင်းသူငယ်ချင်း မင်းလို လုပ်နိုင်တာ ရှိရင်ပြောပါ။ လိုချင်ပါတယ်တဲ့။ နောင်မှ သိရတာကတော့ ကျွန်မ ရခဲ့တဲ့ လိုင်စင်ဟာ တခြား ဒီကလူတွေ ဘယ်လူမျိုးမှ (၂)လနဲ့ မရနိုင်ဘဲ အနည်းဆုံး ၆ လမှ ၁ နှစ် အထိကြာပါတယ်။ ကျွန်မက (၂)လနဲ့ ယူပြီး သူတို့ကို လုပ်ပေးနိုင်ခဲ့လို့ ခန့်တာပါ။

လူတော်တော်များများက အမေရိကားမှာ အလုပ်ကောင်းကောင်း လိုချင်ရင် ပြောပေး၊ မိတ်ဆက်ပေးမဲ့သူ ရှိမှ အဲဒီကုမ္ပဏီက တယောက်ယောက်ကို သိမှ၊ သို့မဟုတ် အမေရိကားမှာ ကျောင်းပြီး၊ ဘွဲ့ရတဲ့ လူဖြစ်မှ လို့ ယုံကြည်ကြပါတယ်။ ကျွန်မ ကိုယ့်ဘာသာ internet က ကြိုးစားရှာတာကို မဖြစ်နိုင်ဘူး လို့ လူတိုင်းက ပြောကြပါတယ်။ ဘာပဲပြောပြော ဇွဲ၊ လုံ့လ၊ ၀ိရိယ ရှိရင် ရနိုင်ပါတယ်။

၂။ လက်ရှိ အလုပ်အကိုင်က မျှော်မှန်းချက် အတိုင်းအတာ တခုအထိ အထောက်အကူ ပြု၊မပြု ဆိုတာပါပဲ။ ဟုတ်ကဲ့၊ ကျွန်မအတွက်တော့ ကျေနပ်လောက်ရုံ အတိုင်းအတာ ရှိပါတယ်။ ဘွဲ့ချင်းတူ ဒီနိုင်ငံမှာ မွေးတဲ့ လူတွေကတော့ ကျွန်မထက် လစာ များကြပေမဲ့ ကျွန်မအလုပ်က Low income ထဲမှာ မပါပါဘူး။ ပြီးတော့ ၁ နှစ်ခွဲမှာ ကျွန်မ ကုမ္ပဏီပြောင်းတော့ လစာတက်ပါတယ်။ တချို့ကတော့ သူတို့ ဘယ်လောက် ရသလဲတော့ မသိပါ။ ကျွန်မလစာကို မေးပြီးတော့ နည်းလိုက်တာ ပြောပါတယ်။ နည်းတယ်ပြောတဲ့ လူတွေလစာကို မေးတော့ ကျွန်မလစာ တ၀က်လောက်ပဲ ရကြတာ တွေ့ရပါတယ်။ ဘာသဘောလဲတော့ မသိပါ။ ကျွန်မ အမြဲ အလုပ်ကို မျက်ခြေမပြတ် လေ့လာပြီး တက်လမ်း ရှာဖွေရပါတယ်။ ထိုင်နေလို့ မရပါ။ ဒါကြောင့်လဲ နှစ်တိုတို အတွင်းမှာ ဒီလောက် တိုးတက်လာခြင်း ဖြစ်ပါတယ်။ ပြီးတော့ စိတ်ဓာတ်ကောင်းဖို့ အရေးကြီးပါတယ်။

ကျွန်မအသိ မိန်းကလေး တယောက် အလုပ်တခုလုပ်ရင် သူ ဘယ်လောက်ရတယ်၊ သူများ ဘယ်လောက်ရတယ် အလုပ်ထဲမှာ စပ်စုပါတယ်။ သူ့ထက် လစာများနေတဲ့ လူတွေ့ရင် ငါလဲ သူ့လို လုပ်နိုင်တာပဲ ဆိုပြီး မန်နေဂျာကို လစာတိုးပေးဖို့ ပြောပါတယ်။ မတိုးပေးရင်လဲ သူများကတော့ များတယ်၊ ငါတော့ မရဘူးဆိုပြီး အလုပ်ကောင်းကောင်း မလုပ်တော့ အလုပ်တခုမှာ ၃ လထက် ပိုပြီး မမြဲဘဲ တနှစ်မှာ ၆-လလောက် အစိုးရထံမှာ အလုပ်မရှိရင် ထောက်ပံ့ကြေး ထိုင်တောင်းစားတဲ့ ဘ၀ကိုပဲ ရောက်ပါတယ်။ ကျွန်မကတော့ ကိုယ်စလုပ်လို့ ကိုယ့်ထက် မတော်တဲ့လူတွေ လစာများလဲ စိတ်ထဲထားပြီး အလုပ်ကို ကောင်းကောင်းလုပ်ပါတယ်။ အဲ၊ တနှစ်လောက် ကြာတော့ အထက်က လူများ ကိုယ့်ကို ကြိုက်ပြီဆိုရင် employment review လို့ခေါ်တဲ့ အချိန်မှာတော့ ကျွန်မ တကယ် လစာတိုးတောင်းပါတယ်။ အဲဒါမျိုးက ထိထိရောက်ရောက် ရှိပါတယ်။ သူ့အကျိုး ကိုယ့်အကျိုး မျှမျှတတရှိပါတယ်။

၃။ လက်ရှိ အခု New York မှာ ကျွန်မ သိသလောက် မြန်မာတွေ ကြုံတွေ့ရတဲ့ အခက်အခဲကတော့ ဘာသာစကားနဲ့ ကွန်ပျူတာ မကျွမ်းကျင်မှု၊ ပြီးတော့ self confident မရှိမှုတွေကြောင့် အလုပ်ကောင်း ရသင့်သလောက် မရဘဲ ထိုင်နေကြသူတွေ များပါတယ်။ ကျွန်မ သိသလောက် တခြားလူမျိုးတွေ၊ အလုပ်အကိုင်ကောင်းနဲ့ အဆင်ပြေနေသူတွေကို ကြည့်ရင် ရောက်ရောက်ခြင်းမှာ ငွေကို အဓိက မထားဘဲ Language ကို အဓိကထား၊ ကျောင်းပြေးတက်၊ ရရာ လုပ်ကြပါတယ်။ Language ကို ၆-လမှ (၂)နှစ်အထိ တက်ကြပါတယ်။ အင်္ဂလိပ်လို ကောင်းကောင်း ပြောတတ်ပြီ ဆိုမှ အလုပ်ကောင်း တည်တည်ငြိမ်ငြိမ် ရှိကြတာ တွေ့ရပါတယ်။ မြန်မာ အများစုက ချေးငှားလာရတဲ့ အတွက် အကြွေးပြန်ဆပ်ဖို့၊ အကြွေးကြေရင် မြန်မာပြည်က မိသားစု စားဖို့ ရရာကြုံးလုပ်ပြီး အင်္ဂလိပ်စာ မတတ်နိုင်၊ ဒုံရင်းနဲ့ ဖြစ်နေတဲ့ လူလဲ များပါတယ်။ အလုပ်ကောင်းကောင်း မရတဲ့ မြန်မာတွေကို ကြည့်ရင် အိမ်မှာ computer နဲ့ internet မရှိပါဘူး။ email မရိုက်တတ်ပါဘူး။ ကိုယ့်ကိုယ်ကို ကြိုးစား လေ့လာမြှင့်တင်ဖို့ စိတ်မပါကြပါဘူး။

နောက်တချက်ကတော့ အမေရိကားရဲ့ စနစ်က မြန်မာပြည်နဲ့ ကွာချင်တိုင်း ကွာပါတယ်။ အလုပ်တခုခု လုပ်ရင် ကိုယ်လုပ်ခဲ့တဲ့ အလုပ်ကို နားလည်ဖို့ အတတ်နိုင်ဆုံး သိရှိနားလည်အောင် မကြိုးစားကြပါဘူး။ ဥပမာ ဆိုပါတော့၊ ကားဝယ်မယ်ဆိုရင် ကားအဟောင်း ၀ယ်မလား၊ အသစ် ၀ယ်မလား၊ အဟောင်း ၀ယ်ရမယ့် အကျိုးအပြစ်၊ အသစ်ဝယ်ရင် ရမယ့် အကျိုးအပြစ်၊ ပြီးတော့ ကားအာမခံ insurance ရဲ့ ကွာခြားပုံ၊ ငွေချေးဝယ်ရင် အတိုးပေးရမယ့် ငွေ ကွာခြားပုံ စတာတွေကို လေ့လာပြီးမှ ၀ယ်သင့်ပါတယ်။ ကျွန်မ ကားဝယ်ပြီး သုံးနေသူ ၁၀ ဦးလောက်ကို အထက်ပါ မေးခွန်းများ မေးကြည့်ဖူးပါတယ်။ ဘယ်သူမှ ရေရေရာရာ မဖြေနိုင်ပါ။ ပြီးတော့ ကား insurance ဟာ ဘာတွေကို အဓိက ပါဝင်သလဲ မေးရင် မသိကြဘဲ ရေရေရာရာ မဖြေနိုင်ပါဘူး။ ကိုယ်ယူတဲ့ insurance ပေါ် မူတည်ပြီး အမျိုးမျိုး ကွဲပေမယ့် ကိုယ်ယူထားတဲ့ ဟာကိုတောင် တိတိကျကျ မသိတာ တွေ့ရပါတယ်။

အိမ်၊ တိုက်ခန်း ၀ယ်မယ် ဆိုရင်လည်း ထို့အတူ၊ ၀ယ်ပြီးသား လူကလဲ ဘာကိုမှ ရေရေလည်လည် မသိပါ။ ဒီတော့ လွယ်လွယ်ကူကူ ပွဲစားကိုပဲ အားကိုးလိုက်ကြပါတယ်။ ပွဲစား ညာလဲ ညာမှန်းမသိ၊ လိမ်ခံရမှန်း မသိ နောင်မှ သိကြတာတွေ ရှိပါတယ်။ တကယ့်တကယ်ကတော့ ထိုအချက်များ အားလုံး internet ပေါ်မှာ ရှာဖတ်ရင် ဖတ်မကုန်အောင် ရှိတာ မသိကြတာပါ။

နောက်တခုက ဘာသာစကား အခက်အခဲကြောင့် နိုင်ငံခြားသား ဆရာဝန်၊ ဆေးရုံသွားရမှာ ကြောက်ပြီး ရရာ မြန်မာ ဆရာဝန်များကိုသာ အားကိုးကြရတာ ဖြစ်ပါတယ်။ ဆရာဝန်မှာလဲ ကောင်းတာ ရှိသလို မကောင်းတာတွေလဲ ကျွန်မ ကိုယ်တွေ့ ဖြစ်ပါတယ်။ ရေးနေရင် ဆုံးမှာ မဟုတ်တော့လို့ ဒီအပိုင်းကို ဒီမျှပဲ ရေးပါရစေ။

၎။ ဘာသာစကား မတူလို့ အလုပ်အကိုင် ဆုံးရှုံးမှုများ

ဒီအချက်က အဓိက အကျဆုံးပါပဲ။ မြန်မာ တော်တော်များများဟာ ရန်ကုန် မြန်မာပြည်မှာ ဘွဲ့ရပြီး လာကြတာတွေလဲ ရှိပါတယ်။ ဒီတော့ အလုပ်တွေ ၀င်လုပ်ကြတဲ့ အခါမှာ ဘာသာစကား အားနည်းရတဲ့ အတွက် ရာထူးလည်း တက်သင့်တာမတက်ရ၊ တခါတခါ ညစ်ပတ်တဲ့ အလုပ်ရှင်ရဲ့ အမြတ်ထုတ်တာကို ခံရ၊ နောက် အလုပ်မပြောင်းရဲလို့ ကြိတ်မှိတ်ခံရတာတွေ ရှိပါတယ်။ ဘာသာစကားတင် မကပါဘူး၊ self confident ကိုယ့်ကိုယ်ကို အားကိုးမှု မရှိတာတွေလဲ တွေ့ရပါတယ်။ လူတိုင်း နီးပါးကလဲ အသိရှိမှ ဘာရှိမှ အလုပ်ရမယ် ပြောကြတော့ ပိုဆိုးသွားပြီး အလုပ်ကောင်းကို လျှောက်လဲ မရပါဘူးဆိုပြီး စစ်မရောက်ခင်မှာ မြားကုန်တာ ရှိပါတယ်။

ဘာသာစကားများ ကျွမ်းကျင်ရင် ကုမ္ပဏီတခုမှာ တယ်လီဖုန်း ထိုင်ဖြေရတဲ့ စာရေးဆိုရင် New York မှာ တနာရီ ၁၅ ဒေါ်လာလောက် ရနိုင်ပါလျက် စကားမပြောနိုင်လို့ အမှိုက်ကျုံး အလုပ်လုပ်ရတဲ့ လူလဲ ရှိပါတယ်။ ကျွန်မ အတွေ့အကြုံတခုကတော့ ကျွန်မ ဒီအလုပ်ကောင်း မရခင် Part time လုပ်စဉ်က copy ကူးတဲ့ ကုမ္ပဏီတခုမှာ တနာရီ ၈ ဒေါ်လာနဲ့ စ လုပ်ခဲ့ရပါတယ်။ အင်မတန် လွယ်သော copy ကူးတဲ့ အလုပ်ကို experience လိုတယ်၊ မရှိလို့ ဆိုပြီး training နှစ်ပတ် ပေးပါတယ်။ အဲဒီမှာ မြန်မာတွေ တော်တော်များများ တွေ့ခဲ့ရပါတယ်။ တော်တော်များများကလဲ အင်္ဂလိပ်လို မတတ်လို့ အင်္ဂလိပ်လို တတ်နိုင်သူကို စကားပြန် အနေနဲ့ ထားရပါတယ်။ တခြား ကုမ္ပဏီမှာ ၁၀-၁၂ဒေါ်လာ ရနိုင်ပါလျက်နဲ့ အင်္ဂလိပ် စကားမတတ်လို့ အဲဒီမှာပဲ ကုမ္ပဏီဖျက်တဲ့ အထိ လုပ်နေရတဲ့ မြန်မာ အတော်များပါတယ်။ ကျွန်မကတော့ အဲဒီ ကုမ္ပဏီမှာ နှစ်လ လုပ်ပြီး internet က ခေါ်တဲ့ similar job ကို တခြားကုမ္ပဏီ ပြောင်းလုပ်တော့ လစာလဲ ပိုရပါတယ်။

ကျွန်မလုပ်တဲ့ environment lab တွေမှာ ဘွဲ့ရအဆင့်ကို ခေါ်ပေမယ့် မြန်မာပြည်က ဘွဲ့ရတွေက ဘာသာစကား အားနည်းတဲ့ အတွက် မရနိုင်ပါ။ အင်္ဂလိပ်လို တယ်လီဖုန်း ဖြေနိုင်၊ report ရိုက်နိုင်၊ ရေးနိုင်၊ ပြောနိုင်ရပါတယ်။ တချို့ သူတို့နိုင်ငံမှာ ဘွဲ့မရဘဲ ၁၀ တန်း အောင်ရုံမျှ ရှိသော်လည်း အင်္ဂလိပ်စာ ပြောနိုင်ရေးနိုင်လို့ ခေါ်ခန့်ထားတာတွေလဲ တွေ့ရပါတယ်။ ဒီတော့ ဘွဲ့ရတာ မရတာက အဓိက မကျတာ တွေ့ရပါတယ်။

နောက် အင်္ဂလိပ်လို ဘာသာစကား သိပ်မရတဲ့အတွက် ကျောင်းဆရာ/ဆရာမ ရာထူးကို ရတဲ့ မြန်မာဦးရေ အတော်နည်းပါတယ်။ ဒီမှာ ကျောင်းပြီးပြီး ရတဲ့လူတွေ ရှိသော်လည်း ကြီးမှ ရောက်လာသူတွေထဲမှာ မတွေ့ရပါ။ တချို့ ရန်ကုန်မှာ ပါမောက္ခ လုပ်ခဲ့တယ် (ဟုတ်မဟုတ် မသိပါ) ဆိုပြီး ကလေးထိန်း လုပ်နေတာတွေလဲ တွေ့ရပါတယ်။ ဂျပန်က Education အထူးပြုနဲ့ Ph.D ရပြီးသား လူတချို့တောင် Child Care အလုပ်က မတက်ပါဘူး။ တချို့က Tsushi လိပ်နေတယ် ပြောပါတယ်။ Tsushi လိပ်ခြင်းကို ၀င်ငွေကောင်းတယ်လို့ သတ်မှတ်နိုင်ပေမယ့် တနေ့ကို ၁၂ နာရီနဲ့ တပတ်ကို ၆ နာရီ လုပ်ရတာမို့ ကောင်းကောင်းမွန်မွန် သက်သက်သာသာ လုပ်ရတဲ့ အလုပ်ထဲမှာ မပါပါ။

ဘာသာစကား မကျွမ်းကျင်ဟု ဆိုရာတွင်လည်း ကျွန်မတို့ မြန်မာနိုင်ငံက ပညာရေး စနစ်ကြောင့်လဲ ပါပါတယ်။ ဒါပေမယ့် စနစ်မကောင်းတာ ထိုင်ပြောနေလို့ မပြီးတော့ ကိုယ့်ဘာသာကိုယ် လေ့လာရုံပဲ ရှိပါတယ်။

ကျွန်မ အမေရိကား ရောက်ခါစ အင်္ဂလိပ်စာ စကားပြော သင်တန်း ထပ်တက်ပါတယ်။ တွေ့ခဲ့တဲ့ လူတွေထဲမှာ Mexico နိုင်ငံက ချာတိတ်လေး တယောက်ကို အထူး လေးစားမိပါတယ်။ Private စကားပြော သင်တန်းကျောင်းမို့ ငွေပေးနိုင်ရင် တက်လို့ရပါတယ်။ အဲဒါ ချာတိတ်လေးက အသက် ၁၈ နှစ်ပဲ ရှိပါတယ်။ Legal နေသူလဲ မဟုတ်ပါဘူး။ Mexico နယ်စပ်က ပွဲစားကို ဒေါ်လာ တထောင်ပေး လမ်းလျှောက် ၀င်လာရသူ ဖြစ်ပါတယ်။ Bakery ကိတ်မုန့် ဖုတ်ဆိုင်မှာ မနက် ၂ နာရီကနေ နေ့လည် ၂ နာရီအထိ အလုပ်လုပ်ရရှာသူ ဖြစ်ပါတယ်။ အင်္ဂလိပ်စာကို အသည်းအသန် ကြိုးစားရှာပါတယ်။ စကားကောင်းကောင်း ပြောတတ်ရင် ဒီထက် သက်သာမယ့် အလုပ်လေး ရဖို့၊ အိမ်က အကိုနဲ့ အဖေကို ဒီကိုခေါ်ဖို့ ဒေါ်လာ ၈ ထောင်လောက် စုနေသူ ဖြစ်ပါတယ်။ ဒါတောင်မှ ဒေါ်လာ ၄၀၀ ပေး အင်္ဂလိပ်စာ သင်တန်း တက်ရှာပါတယ်။ နိုင်ငံခြား ကျောင်းသားတွေကိုလဲ အင်္ဂလိပ်လို ပြော၍ အောက်ကျခံ ပေါင်းသင်းရှာပါတယ်။ သူ့ကိတ်မုန့် ဖုတ်ဆိုင်မှာ မကြာခဏ သူကိုယ်တိုင် ကိတ်မုန့် ဖုတ်ပြီးတော့ အတန်းသားများကို ကျွေးရှာပါတယ်။ ဆရာက မနေနိုင်လို့ အားလုံး ငွေစုစုပြီး သူ့အပေါ် ကိတ်မုန့်ဖိုး ပြန်ပြန်ပေးရပါတယ်။ Legal နေတာတောင် မဟုတ်ဘဲ အိမ်အတွက် ငွေလိုပေမယ့်လဲ အင်္ဂလိပ်စာ တန်ဖိုးကို သိလို့ ကြိုးကြိုးစားစား သင်ယူတတ်သော နိုင်ငံခြားသား ဖြစ်ပါတယ်။

ကျွန်မ အင်္ဂလိပ်စာ လေ့လာပုံက ဆန်းကျယ်ပါတယ်။ ဂျပန်ကို ရောက်ပြီး ကျောင်းတက်တော့ ကျွန်မ University က နိုင်ငံခြားသား အတော်များပါတယ်။ အတန်းတူ class mate တယောက်က ဖိလစ်ပိုင်သူ ဖြစ်ပြီး သူက အတော်လေး အင်္ဂလိပ်စာ ကောင်းပါတယ်။ ပေါင်းစရာ class တူ နိုင်ငံခြားသားဆိုလို့ ဒီနှစ်ယောက်ပဲ ရှိတော့ သူက ကျွန်မကို အင်္ဂလိပ်စာ သင်ရင်း ပေါင်းရပါတယ်။ နေ့ည- ၅ နှစ်၊ ၆ နှစ်လောက် အင်္ဂလိပ်လို ပြောရတော့ ကျွန်မ တတ်ပါတယ်။ ဒါတောင် အခုထိ ကျွန်မကို မြင်တဲ့ ဖိလစ်ပိုင်လူမျိုးများက အင်္ဂလိပ်လို ပြောရင် ကျွန်မအသံက ဖိလစ်ပိုင်သံ ထွက်နေပါသတဲ့။

၅။ နိုင်ငံခြားထွက် အလုပ်လုပ်ကိုင်လိုသူများအတွက် အကောင်းဆုံး အကြံဉာဏ်။

နိုင်ငံခြား သွားလိုသူများအတွက်တော့ အင်္ဂလိပ်စာ အပြောနဲ့ အရေးကို အထူးတလည် လေ့လာသွားစေလိုပါတယ်။ အချိန်ရရင် ရသလို သင်တန်းတက်မှ မဟုတ်ပါ။ အင်္ဂလိပ်ပိုင်း သတင်းများ၊ ရေဒီယိုများ နားထောင်ရင်း တခြား BBC, VOA အင်္ဂလိပ်လို အိမ်မှာ နေရင်းထိုင်ရင်း နားထောင်ရင်း ရပါတယ်။ နိုင်ငံခြား ရောက်ပြီးသား လူများကတော့ TV သတင်းနဲ့ တခြား အစီအစဉ်များကို များများ နားထောင်နိုင်ရင် အတတ်မြန်ပါတယ်။ အပြောရရင် အရေးက တဖြည်းဖြည်း လိုက်လာပါတယ်။ တတ်နိုင်ရင် အင်္ဂလိပ်လို ပြောနိုင်သော သူများနှင့် လေ့ကျင့်ပါ။

ကျွန်မ ဂျပန်ရောက်ပြီး တလအကြာမှာ ကျွန်မ ပါမောက္ခက ကျွန်မကို Seminor အင်္ဂလိပ်လို မြန်မာပြည်က ကျွန်မရဲ့ Thesis မဟာသိပ္ပံအကြောင်း ပြောခိုင်းပါတယ်။ ကျွန် အင်္ဂလိပ်လို ဟန်ကျပန်ကျ speech မပေးတတ်၊ တခါမှလဲ မပေးဖူးပါ။ ဒါပေမယ့် ဌာနတခုမှာ အလုပ်လုပ်တုန်း အမေရိကန်ပြန် ဆရာတယောက် ပြောပြတာ သတိရလိုက်ပါတယ်။ သူလဲ ရောမနိုင်ငံ အီတလီမှာ Ph.D တက်တုန်းက အင်္ဂလိပ်လို Seminor ပြောရမှာ ဘာလုပ်ရမှန်း မသိတာနဲ့ မှန်ရှေ့ အခန်းထဲမှာ ကိုယ့်ဘာသာကိုယ် လေ့ကျင့်ရတယ် ဆိုပါတယ်။

ကျွန်မလဲ မတတ်နိုင်တော့ အဲဒီ လမ်းစဉ်ကို လိုက်ဖို့ အကြောင်းအရာတွေကို အင်္ဂလိပ်လို ၁၅ မိနစ်စာ ရေးပြီး မှန်ရှေ့မှာ ဖတ်လိုက်၊ ပြောလိုက်နဲ့ အရူးတယောက်လို လေ့ကျင့်ရပါတယ်။ နေ့တိုင်း တခါစီ တပတ်လောက် လေ့ကျင့်ပြီးတဲ့ အခါမှာတော့ ပွဲဝင်ရရုံ ကြောင်တက်တက် မဖြစ်လောက်ရုံ ရသွားပါတော့တယ်။ မမှတ်မိတဲ့ အကြောင်းအရာတွေကို ကိုယ့်လက်ဝါးလောက် ရှိတဲ့ ကဒ်ပြားနဲ့ လက်ထဲက ကဒ်ကို ကြည့်လို့ လူတွေကို (မှန်ထဲက ကျွန်မ အရုပ်ပုံလို့ သဘောထားပြီး) ပြောရပါတယ်။ နောင် ကြာလာတော့ ကျွန်မရဲ့ research ကို အဲဒီလို ပြောဖို့ မကြောက်တဲ့ အပြင် international ကျောင်းသား ပွဲတွေမှာတောင် လာရောက် ပါဝင်နိုင်ခဲ့တဲ့ အထိ ဖြစ်လာခဲ့ပါတယ်။

နောက်တခု အင်္ဂလိပ်စာ အပြော လေ့လာချင်ရင်တော့ Chatting မှာ Voice chat နဲ့ အားရင် ၀င်ပြောဖို့ပါပဲ။ တခါတခါ ကိုယ်နဲ့ key ကိုက်ရင် သီးခြား voice chat ချိန်းပြီးပြောရင်း အင်္ဂလိပ်စာ အရမ်းတိုးပါတယ်။ ၃-လ လောက် နေ့တိုင်း မှန်မှန်လုပ်ရင် အင်မတန်မှာ တိုးတက်လာတာ တွေ့ရပါတယ်။

နောက်တခုကတော့ computer skill နည်းနည်းပါးပါး ရှိဖို့ လိုပါတယ်။ အသက်ငယ်ပိုင်း မြန်မာတွေမှာ computer တတ်တာ များပေမယ့် အသက်ကြီးပိုင်း မြန်မာတွေကတော့ computer သိပ်မတတ်ကြပါဘူး။ အနည်းဆုံး email ရိုက်တတ်ရုံ၊ စာနည်းနည်း ရိုက်တတ်ရုံ၊ internet ဖတ်တတ်ရုံ ရှိသင့်ပါတယ်။ ကောင်းတဲ့ အလုပ်တွေကို လုပ်မယ်ဆိုရင် နောက်ပိုင်းမှာ computer ဟာ မတတ်မဖြစ်ရမယ့် အရည်အချင်း တခုလို ဖြစ်လာနေပါပြီ။

ပြီးတော့ internet နဲ့ အလုပ်ရှာတတ်ဖို့လဲ လိုပါတယ်။ ကျွန်မ ရခဲ့သမျှ အလုပ်၊ ကျွန်မ အမျိုးသားရသမျှ အလုပ်တွေဟာ internet မှာရှာ၊ internet ကပဲ လျှောက်ပြီး ရခဲ့တာချည်းပါပဲ။ သတင်းစာဆိုတာ စာမျက်နှာ ကန့်သတ်ချက် ရှိတော့ အလုပ်တိုင်းဟာ မပါနိုင်တော့ internet ပေါ်မှာ ရှာနိုင်ရင် ရှာနိုင်သလောက် အလုပ်တွေ ရှိပါတယ်။ တခါတခါ ကိုယ့်အရည်အချင်းနဲ့ လျှောက်လို့ ရပြီး ကိုယ်ရတဲ့ အလုပ်နဲ့ ထပ်တူ မဟုတ်တဲ့အလုပ်တွေ တွေ့နိုင်ပါတယ်။

ဒီတော့ နိုင်ငံခြား ထွက်မယ်ဆိုရင် အင်္ဂလိပ်စာ ကျွမ်းကျင်ဖို့၊ computer ကျွမ်းကျင်ဖို့နဲ့ internet ကျွမ်းကျင်စွာ သုံးနိုင်မှုတွေ အရေးကြီးပါတယ်လို့ တင်ပြရင်း နိဂုံးချုပ်ပါရစေ။


မာလာ

11 comments:

MELODYMAUNG said...

Thanks a million for this valuable sharing.
:)

Anonymous said...

Ko Ko,

it's good post. Thanks for sharing.

Phyu

Anonymous said...

Really appreciate Daw Mar Lar and U klosayhtoo. Got a lots of knowledge from it and May I ask you a question, pls. I would like to know whether we must have a stay permit (e.g green card or permanent resident) before searching the job from Internet. Let me rephrase it again. Shall we try to apply the job from abroad? Thanks in advance.

Anonymous said...

To the person from previous post,
To search job from abroad is extremely difficult. Because in USA and Canada if company hire foreigner they need to provide work permit staus with an immigration officer. It may cost more than 5000 $ for them so even you negotiate to pay from your side, they want easier process and just hire local people. (I did like that to USa and Canada from Japanand no sucess).
But exceptional case, for medical doctor, after finishing 3rd step exam (can come and take exam from abroad) can hunt job by internet and get easily.
If you are already in USA and no work permit, it is difficult to get good job. From internet of course you can have interview but without work permit no body will hire except laundry workers, bakery shops, cashier, some child care etc. For those job there are many agencies in NY need to pay 70-300 $ for their introducing fees.

Anonymous said...

One way to practise for interviews is that rent a video camera, buy a bunch of sticky notes and write all possible questions in the sticky notes and stick all those in random order. Focus yourself in the video or web cam, first dress yourself fully, introduce yourself as if you were meeting the interviewer, take one note at a time and answer that question, that is how you could prepare for all nasty questions possibly came from an interviewer and can watch own performance in the video later.

Anonymous said...

To anonymous

What H1B visa are for?

Anonymous said...

အမေရိကားမှာ ဆရာဝန်အလုပ်က ၀င်ငွေအကောင်းဆုံးပါပဲ။ ဆရာဝန်မဟုတ်ရင်တောင် ဆေးနဲ့ ပက်သက်တဲ့ အလုပ်က ၀င်ငွေအကောင်းဆုံးပါပဲ။ နာစ်တွေ သွေးချိန်တဲ့ လူတွေရဲ့ တနေ့ဝင်ငွေ တနှစ်ဝင်ငွေက အင်ဂျင်နီယာ အလုပ်နဲ့ အသက်မွေးသူတွေထက်တောင် ၀င်ငွေများပါတယ်။ ဆရာဝန်အလုပ်ကလဲ ကို အနောနီးမတ်စ်ပြောသလို အဆင့်၃ ဆင့် ဖြေရပါတယ်။ ဒါပေမဲ့ အဆင့် ၂ဆင့်အောင်ပီးတာနဲ့ အလုပ်တန်းရှာနိုင်ပါတယ်။ တချို့လဲ ကံကောင်းကြပါတယ်။ အလုပ်ကတော့ ကံနဲ့လဲဆိုင်မယ်ထင်ပါတယ်။ တချို့က ၃ဆင့်အထိအောင်တာ တောင် အလုပ်မရတဲ့သူရယ် အလုပ်ရပြန်တော့လဲ အမြဲတမ်းမဟုတ်တဲ့ ၁နှစ်စာချုပ်နဲ့ ရတဲ့သူတွေရယ်ပါ။ အဲဒီလို အလုပ်ရှာရာမှာလဲ အလုပ်ရှာပေးတဲ့ ကုမ္မဏီမှာ ဆက်သွယ်ပီး ရှာတာ ပိုမြန်သလို အလုပ်ရှာဖို့အတွက် ပိုက်ဆံအကုန်ခံပီး တခုထဲမရှာပဲနဲ့ ဆေးရုံပေါင်း မြောက်မြားစွာ ကို လျှောက်လွှာတင်ပီး အင်တာဗျူး များများ ဖြေမှသာလျှင် အလုပ်ရတာ လွယ်ကူနိုင်မှာပါ။
မြန်မာတွေ ဖြစ်နေတဲ့အတွက်ကတော့ မြို့ကြီးနေရာကောင်းမှာတော့ အလုပ်ရဖို့ ခက်ခဲမှာပါ။
ဒါက ဆရာဝန် အလုပ်နဲ့ ပက်သက်ပီး ပြောတာပါ။
ကျန်တဲ့ အလုပ်တွေကတော့ အင်ဂျင်နီယာ အလုပ်ဆိုရင်တောင် တာဝန်ယူရတဲ့ အပိုင်းနဲ့ ရတဲ့လခက အထက်ကပြောသလို နာစ်တွေလောက်တောင် မရပါဘူး။ တချို့ ဟိုမှာ ရောက်နေတဲ့ မြန်မာတွေက ဆေးနဲ့ပက်သက်တဲ့လိုင်းနဲ့ ဥပဒေလိုင်းကို ယူကြတာများပါတယ်။ လခ အကောင်းဆုံးကိုး။ ဒါပေမဲ့ သူဟာနဲ့သူ သင့်တော်တဲ့ လခတွေရတဲ့ အလုပ်လဲ ရှိပါတယ်။ ကျန်တဲ့ အလုပ်တွေကတော့ သိပ်လက်လှမ်းမမှီပေမဲ့ လစာ အကောင်းဆုံးတွေကို ခြေရာခံမိတဲ့ အလုပ်ကို သာပြောပြဆွေးနွေးခြင်း ဖြစ်ပါတယ်။

ဖြူ

Anonymous said...

အရမ်းကို ကောင်းတဲ့ အတွေ့ ကြုံတွေကိုဝေမျှထားတာပဲ ။ ဖြစ်ရပ်တွေလည်းတော်၂စုံသလို အရမ်းကြိုးစားတဲ့ မမာလာရဲ့ စိတ်ဓာတ်ကိုလည်း လေးစားပါတယ်ဗျာ။
မျှဝေပေးတဲ့ ကိုစေးထူးကိုနဲ့  မမာလာတို့ ကိုလည်းအထူးကျေးဇူးတင်ပါတယ်။

Anonymous said...

For H1 B visa,
Type B visa means visit visa for few years. H1 means work permit so H1 B means visiting researcher or short term training or shortterm working permit. Normally they provide H1 (not include B)type visa to work permit.

Anonymous said...

Just sharing what I know.....About H1 B visa; it is a kind of temporary work visa for professionals who have alteast a bachelor degree. You can work up to 6 yrs. If you are eligible, you can apply a green card during your H1 B years. H1 B visas go with a quota if your employer is "non-academic" or "not-for-profit" type.

It is true that it's hard to get a job in US when you apply from outside or not having US education. Most employers do not want to deal with a complicated process of visa application so they are reluctant to give an interview nor hire a person who does not have a green card. According to the law, they can not ask you about your status (GC holder or visa status)in the interview. If the job requires high security clearance or US citizenship, it should be mentioned clearly in the job advertisement.

It is a standard procedure to ask for 2 references in most situation. The employer (or interviewer) will make a document that they have contacted the references and how these people gave the information about the applicants. (So, be careful with your references)These documents go to HR (Human Resource)as a hiring process esp'ly if the applicant is a foreigner (non-US citizen or a GC holder).

Another worry is the performance of applicant when he/she gets hired. Sometimes, some people are good only on paper (can show lots of experience, outstanding education etc) but not so good in day to day or practical work or have a personality problem. That's why most employers prefer a reference from insider. (Pl make sure that the insider himself is a good worker who has a good reputation)

If you want to be a teacher in US public schools, you need to have a teachers' certificate (after finishing required credits to sit for the exam, depends on you have a PhD or masters or bachelor degree). Only US citizens and green card holders can get a permanent teachers' certificate and there is a salary difference between certified and non-certified teachers. If you are not a green card holder, even you have a teachers' certificate (passed the exam so you have a temporary certificate), you can work only 2yrs because of "No child left behind" policy. If your school district likes you very much, you can extend one more yr. Hope that within 3 yrs, you get your green card. If you are a US citizen or a GC holder but do not pass the certificate exam in 2 yrs, you can't continue to work as a teacher in public schools.

The most non-discriminating job (you will get the same salary as a US citizen, plenty of job openings, very wide carrier field, relatively easy to get a green card)in my opinion is a nursing. Getting into a nursing school requires a good communicating skills in English (need high TOEFL score, some schools even ask SAT). You can sit and get a RN (registered nurse) license even with a (Nursing) associate degree. Once, you are a RN, you can work as a nurse and study for BSN (Bachelor degree). Once you have a full time job as a RN, you can apply a GC. If you wish, you can go for Masters in nursing to become a Nurse Practitioner, Nurse Anesthetist etc.

htetlin said...

kay zuu ah yan tin dae byar