Saturday, March 29, 2008

သတ်ပုံမှားတဲ့ည…

ကွန်ပျူတာရှေ့မှာ ထိုင်ပြီး စာရေးဖို့ ဖိုင်လ်ဖွင့်မယ်မှ မကြံသေး တတွီတွီနဲ့ မြည်လာသော ဖုန်းသံကြောင့် ဖုန်းကိုင်လိုက်ပြီးမှ ဖုန်းနံပါတ်ကို မကြည့်လိုက်မိသော ကိုယ့်ကိုယ်ကို စိတ်ထဲကနေ ကျိန်ဆဲလိုက်မိ၏။ ဒီဖုန်းနံပါတ်ဟာ သူ့ဆီက ဖုန်းဆိုတာကို စောစောစီးစီး ကြည့်သင့်ပါလျက်နဲ့ လောကြီးမိတာကြောင့် အခုတော့…

`ဟေ့လူ၊ ဘာတွေလုပ်နေတာတုန်း´

`ဒီလိုပါပဲ´

`ဘယ်မှ မသွားဖြစ်ဘူးလား´

`အင်း၊ မသွားဘူး။ ဒီတပတ်တော့ အိမ်မှာပဲနေမလားလို့´

`ဒါဆို အတော်ပဲဗျာ၊ ခင်ဗျားဆီ မရောက်တာကြာလို့ လာခဲ့မယ်´

ခက်ချေပြီ။ ကိုယ်က ဒီတပတ် ဘယ်မှမသွားဘဲ စာရေး၊ စာဖတ်မယ်လို့ ရည်ရွယ်ကာမှ သူက အိမ်ကို လာလည်မတဲ့။ ကိုယ့်အိမ်ကို လာလည်မယ့် ကိစ္စကို `မလာနဲ့´ လို့ ပြောလို့ ရစကောင်းတာလဲ မဟုတ်။ ဒါပေမယ့် နောက်ဆက်တွဲ ကိစ္စတွေကို တွေးမိတော့ ရင်မောလှစွာဖြင့် သက်ပြင်းတချက်ကို ဖူးခနဲ မှုတ်ထုတ်လိုက်မိတော့သည်။

သိပ်မကြာခင်မှာ သူရောက်လာတော့မည်။ ဘယ်လိုမှ အကျိုးအကြောင်း မဆက်စပ်တဲ့ ကိစ္စတွေကို ပြောတော့မည်၊ နားထောင်ချင်လား မထောင်ချင်လား မသိ သူပြောမယ့် စကားတွေကို လူယဉ်ကျေးတွေရဲ့ ထုံးစံလို့ အများက သတ်မှတ်ထားတဲ့ ပုံစံဖြစ်တဲ့ အလွန်အင်မတန် နားစိုက်နေဟန်၊ ဂရုစိုက်နေလေဟန် ပုံစံနေပြရဦးမည်။ ပိတ်ထားတဲ့ တံခါးကို ရင်တထိတ်ထိတ်နဲ့ လှည့်ကြည့် လှည့်ကြည့် လုပ်နေမိရင်း သီချင်းနားထောင်နေလိုက်၏။

***

`ဒေါက်၊ ဒေါက်၊ ဒေါက်´

သိပ်မကျယ်လှသော တံခါးခေါက်သံက တပ်လှန့်သံ တခုနှယ် နားစည်ကို ပြင်းစွာ လာရိုက်ခတ်၏။ ဖတ်လက်စ ဘလော့ဂ် စာမျက်နှာကို အမြန်ပိတ်၊ သီချင်းဖွင့်ထားတာတွေ ပိတ်၊ နောက်ဆုံး ကွန်ပျူတာကိုပါ ပါဝါပိတ်…။ တံခါးကို အသာ ဖွင့်လိုက်တော့ မျက်နှာတခုကို ဘွားခနဲ တွေ့လိုက်ရသည်။

နောက်တော့…၊ အိမ်ရှေ့ ဧည့်ခန်းထဲမှာ ပါးစပ်တခုက ထွက်ကျလာတဲ့ စကားလုံးကို ခေါင်းတခုက တဆတ်ဆတ် ငြိမ့်ပြနေပြီး နားနှစ်ဖက်က ပြည့်လျှံနေအောင် လက်ခံနေလေတော့သည်။

***

`ခင်ဗျားလဲ တနေ့တနေ့ အိမ်ထဲမှာပဲ ငြိမ်ကုပ်နေတာပဲနော်။ ဒီနိုင်ငံကို ရောက်မှတော့ အလုပ်နဲ့အိမ်၊ အိမ်နဲ့အလုပ်ပဲ သွားနေရတာ သိပ်ပျင်းစရာကောင်းတယ်ဗျ။ အပြင်လေး ဘာလေးသွား၊ ကျောင်းလေးဘာလေး တက်ဖို့ စဉ်းစားအုံး။ ဒီနိုင်ငံမှာက သူတို့ရဲ့ ကွန်မြူနတီထဲကို ကိုယ်က အလိုက်သင့် နေနိုင်မှ နေသာထိုင်သာကျမှာ´

`ဟာ…၊ ခင်ဗျားကား insurance က အတော် ဈေးကြီးတာပဲ၊ ခင်ဗျားယူထားတဲ့ ကုမ္ပဏီက ဈေးကြီးလွန်းတယ်ဗျ။ Detectable ငါးရာတွေ ဘာတွေ မလုပ်နဲ့၊ တထောင်သာထားလိုက်၊ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှုပေါ့ဗျာ။ ကျနော်ဆို ဒီရောက်နေတာ လိုင်စင်ရကတည်းက အခုအချိန်အထိ Ticket တခါမှ မရဖူးသေးဘူး။ မလုပ်နဲ့ ဆရာရေ၊ ဒီပြည်နယ်က ရဲတွေက Ticket နဲ့ ၀င်ငွေရှာတာတဲ့။ ကျနော်ကတော့ အခုနေ Truck Driver အလုပ်ကို လျှောက်ရင်တောင် ရနေပြီဗျ။´

`အာ…၊ ခင်ဗျား ခရက်ဒစ်ကဒ် လျှောက်တာ ဘာဖြစ်လို့ Capital One ဘဏ်ကို သွားရွေးတာတုန်း။ အဲဒီ ကုမ္ပဏီက မမိုက်ပါဘူး။ ဒီမှာကြည့် ကျနော့် ခရက်ဒစ် ကုမ္ပဏီ…။ အမေရိကားမှာ အတိုးနှုန်း အနည်းဆုံး ကုမ္ပဏီဗျ။ ဒါနဲ့ ခရက်ဒစ်ကဒ်သုံးရင်လဲ သတိထားဦးနော်။ တော်ကြာ ပြန်မဆပ်နိုင်မှ ခင်ဗျား ခရက်ဒစ်အကြွေးတွေ ပိပြီးတော့ အမေရိကားရောက်မှ ဒုက္ခရောက်နေမယ်။ အင်း…၊ ခက်ပါတယ်ဗျာ။ ဒီနိုင်ငံကလည်း အကြွေးရှိမှ လူရာဝင်သလို ဖြစ်နေတာကိုး´

`ခင်ဗျားအိမ်မှာ မဂ္ဂဇင်းတွေ မနည်းပါလား။ ကျနော်တော့ မြန်မာပြည်က စာအုပ်တွေ သိပ်မဖတ်ဖြစ်ပါဘူး။ စဉ်းစားကြည့်လေ၊ စာအုပ်တအုပ်လုံးမှာ မင်းသားမင်းသမီးတွေ အကြောင်းပဲ လျှောက်ရေးထားတာ၊ စိတ်ဝင်စားစရာ ဘာရှိလို့လဲ။ အဆိုတော်တွေ ဆိုတာကလဲ ကော်ပီတွေက များပါတယ်ဗျာ။ မြန်မာတွေ တော်တော်ကို ချာတယ်။ ကျနော်တော့ မြန်မာသီချင်းဆို နားကို မထောင်တာ။ ဒီက သီချင်းတွေကို နားထောင်ပြီးရင် သူတို့သီချင်းတွေကို နားထောင်လို့ကို မရတာဗျ။ ရုပ်ရှင်တွေဆိုလဲ ဘာထူးသေးလဲ၊ တခန်းနှစ်ခန်းလောက် ကြည့်ပြီးရင်ပဲ ဇာတ်သိမ်းခန်းကို သိနေပြီ။ ခံစားလို့ မရပါဘူးဗျာ။´

`ဟာ…၊ အဲဒီ အင်တာနက်ဈေးဆိုင်လား။ မ၀ယ်နဲ့၊ မ၀ယ်နဲ့…။ သိပ်ဈေးကြီးတာ။ ဆိုင်ပိုင်ရှင် အဲဒီကောင်က ကျနော်နဲ့ကောင်းကောင်း သိတယ်။ အင်မတန် ဈေးတင်ပြီး ရိတ်တာ။ ကျနော်တော့ စိတ်ပေါက်ပေါက် ရှိလာရင် ဒီကောင့်ဆီကို ဖုန်းဆက်ပြီး လှမ်းဆဲတာပဲ။ ကျနော့်ကိုလား၊ ဘယ်ပြန်ပြောရဲမှာလဲ။ ဒီကောင်က အရင်က ဘာကောင်မှ မှ မဟုတ်တာ။ ဒီကိုရောက်မှ ငွေလေးဘာလေး နည်းနည်း ရှိလာတော့ ဆိုင်တွေဘာတွေ ထောင်နေတာ။ တကယ်က သူ့မိန်းမကြောင့်ဆိုရင် ပိုမှန်မယ်။ ဒီကောင့်မှာတော့ ဘာအရည်အချင်းမှ မရှိပါဘူး။ အလကား´

`မြန်မာပြည် သတင်းတွေလား၊ သိပ် နားမထောင်ဖြစ်ပါဘူးဗျာ။ ဘာရယ်၊ ဆန္ဒခံယူပွဲတွေ ဘာတွေ လုပ်တော့မယ်တဲ့လား။ သူတို့ စိတ်တိုင်းကျပဲ လုပ်မှာပေါ့ဗျာ။ အင်း…၊ ခက်တယ်ဗျာ။ ကျနော်တို့က အဝေးကြီးကနေ ဘာတတ်နိုင်မှာလဲ။ လူတွေကလဲ ညီမှမညီတာ။ ကိုယ်လုပ်တော့လဲ ကိုယ့်ကိုပဲ လူမုန်းမှာကို။ အပြောင်းအလဲ ဖြစ်ဖို့ဆိုတာကတော့ မလွယ်ပါဘူးဗျာ။ ဘယ်တတ်နိုင်မလဲ…နော၊ ကုသိုလ်ကံပေါ့။ စီးပွားရေးပဲ လုပ်နေတာ ကောင်းပါတယ်ဗျာ။ ဒီမိုကရေစီ ရရင်တော့လဲ မြန်မာပြည်ကို ပြန်ချင်တာပေါ့´

`ဟာ…၊ ဟိုတလောကဗျာ။ ကျနော် ကာစီနိုသွားလိုက်တာ လေးထောင်လောက်နိုင်လာတယ်ဗျ။ လောင်းကစားတယ်ဆိုတာကလဲ စိတ်က ပြတ်နိုင်မှ၊ ကျနော်ကတော့ သွားတိုင်းနိုင်ပါတယ်။ ဘာရယ်…၊ အင်ဒီယားနားက တယောက် ကာစီနိုအကြွေးတွေနဲ့တင် အတိုးက မနည်းဘူး ဟုတ်လား။ အဲဒီကောင် ညံ့လို့ပါ။ ဘယ်ရမလဲ၊ အမေရိကန်မှာဆိုတာက လူလည်က ကျနိုင်မှဗျ။ နို့မို့လို့ကတော့ ခင်ဗျား Homeless ပါ ဖြစ်သွားမယ်။ ဘယ်လိုလဲ၊ တခါတလေ မကစားရင်တောင် အပျင်းပြေဖြစ်ဖြစ် လိုက်ကြည့်ပေါ့။ အိုကေပါဗျာ၊ မလိုက်ချင်ရင်တော့လဲ သဘောပါပဲ။ ခင်ဗျားသွားရင်တော့ တယောက်ထဲ မသွားနဲ့နော၊ ကျနော့်ဆီ ဖုန်းဆက်လိုက်´

`ကဲ…၊ သွားဦးမယ်ဗျာ။ အိမ်ကိုလာခဲ့ဦးလေဗျာ။ အဲဒီ ကွန်ပျူတာရှေ့မှာပဲ ထိုင်နေတော့ ခင်ဗျားအတွက် ဘာအကျိုးရှိမှာလဲ။ သြော်၊ ဟုတ်လား၊ ဒါခင်ဗျား ရေးနေတဲ့ ဘလော့ဂ်ပေါ့။ အင်း မျက်စိက သိပ်မကောင်းချင်ဘူးဗျာ။ ကွန်ပျူတာက စာလုံးတွေကို ကောင်းကောင်း ဖတ်လို့မရဘူး။ အင်းအင်း၊ ကောင်းပါတယ်။ နောက်တော့ ဆုံတာပေါ့ဗျာ။ ကျေးဇူးတင်တယ်ဗျာ။ ဟာ…၊ ဟေ့လူ ခင်ဗျား ဒီတိုင်ကပ်နာရီက အချိန်ရွှေ့လိုက်ဦးလေ။ နာရီတွေကို အရှေ့တိုးထားတာ ကြာပြီလေ။ ကဲကဲ…၊ သွားပြီဗျာ´

***

မိုး စုပ်စုပ် ချုပ်သွားပါပြီ။ ရွှေဧည့်သည်လဲ ပြန်သွားပါပြီ။

မီးရောင် မမှိန်တမှိန်နဲ့ အခန်းတခုထဲမှာ အမေရိကန် နိုင်ငံအကြောင်း ဘာဆို ဘာမှမသိသော လူတယောက်၊ ဟိုစာရေးရနိုး၊ ဒီစာဖတ်ရနိုးနဲ့ ငူငူကြီးထိုင်နေလေသည်။


ကလိုစေးထူး

12 comments:

Thyda said...

Nice one!

မြန်မာပြည်ကိုလွမ်းတယ် said...

မေတော့ပိတ်ရက်ဆို ဆက်သွယ်မှုဧရိယာပြင်ပ
ရောက်ရောက်နေတာဗျိုး၊ဖုန်းကြီးပိတ်ထားကိုး
...ဒါတောင်သတ်ပုံဆရာမတွေက အိမ်တံခါး
လာလာခေါက်လို.မကြာမကြာသတ်ပုံမှားတဲ့
ညတွေရှိနေသေးတယ်အကိုစေးထူးရေ။

ကိုပေါ said...

ကိုစေးထူးဒုက္ခကို မြင်ယောင်ကြည့်ရင်း ပြုံးမိပါရဲ့ဗျား။

Anonymous said...

သြော်.. လက်ကိုင်ဖုန်းကိုင်တယ်လား။
သတိထားနော် ဖုန်းသရဲတွေရှိသေးတယ်။

nu-san said...

ကိုစေးထူးရေ.. ပို့စ်ကိုဖတ်ပြီး ကိုစေးထူး ဒုက္ခက မသေးဘူးလို့ တွေးမိတယ်...

ဒီလိုလူမျိုးတွေလည်းရှိနေသေးတာပဲနော်... လူအမျိုးမျိုး စိတ်အထွေထွေဆိုတာ ဒါပဲထင်ပါရဲ့..

Anonymous said...

Yes I can imagine your feeling when you listening from him. I have also same situation. Someone said you never go out, never dress nicely, never eat at nightclub and don't know "how to enjoy life". I ask them back that "what can enjoy life".
Marlar

Anonymous said...

“လူတွေကလဲ ညီမှမညီတာ၊ စီးပွားရေးပဲ လုပ်နေတာပဲ ကောင်းပါတယ်ဗျာ။ ဒီမိုကရေစီ ရရင်တော့လဲ မြန်မာပြည်ကို ပြန်ချင်တာပေါ့”.....။

ကိုကလိုစေးထူးရေ...ဆိုးတော့မဆိုးဘူးဗျ၊ နော!း))

Sit Mone said...

Thanks for your wonderful post. I thought of writing a post about overseas Burmese like the guy that wasted your time and energy.
The worst part is distraction. You may not be able to focus on your intended work.
I'm sorry to post in English as most of the comments posted in Burmese come out with distorted fonts.
I'm regular visitor of your blog.
regards,
Sit Mone

တန်ခူး said...

ကိုစေးထူးရေ...ဇလိုက်ဇရောဆိုတာ ပြောတော့လွယ်ပေမယ့် အဲဒီလိုလူမျိုးတွေနဲ့ကျတော့ အတော်ခက်မှာ ကိုယ်ချင်းစာတယ်။

Anonymous said...

ကိုယ်ချင်းစာမိပါတယ်..ကိုစေးထူးရေ။
အဲဒီဧည့်သည်ကို"သတ်ပုံမှားတဲ့ည"သီချင်းလေးဖွင့်ပြီး ဧည့်ခံလိုက်ရောပေါ့..:)))

ကလိုစေးထူး said...

စိတ်ပျက်လက်ပျက်နဲ့ ပေါက်ကွဲထားတဲ့ စာကိုဖတ်ပေးကြတဲ့ မိတ်ဆွေများကို အထူးကျေးဇူးတင်ရသလို ကျနော့်မှာ ရှိတဲ့ မိတ်ဆွေလိုမျိုး တခြားသောသူတွေမှာလဲ ရှိနေကြတာကို သိရလို့ အားမငယ်တော့ဘူးဗျာ။ :D

စူး said...

အင်း.. အထက်က ကိုစေးထူးပြောသလိုပဲ.။