Wednesday, March 12, 2008

တူပြီ ဆိုလို့ လိုက်လာပြီ…

`ဗျောင် နောင်နောင် ဗေဗေဂျိ´

`ဗျောင် နောင်နောင် ဗေဗေဂျိ´

နေ့လည်နေ့ခင်း အေးအေးလူလူနဲ့ စာဖတ်မလားလို့ ကြံစည်ရုံရှိသေး…၊ အိမ်ရှေ့ဆီမှ ပေါ်လာသော အထက်ပါ အသံကြောင့် စာရေးလေး မောင်သွင်ယုရဲ့ အကြည့်တွေက အသံလာရာဆီကို ရောက်သွား၏။

ပြီးခဲ့သည့်လကမှ ကျောင်းစစ် စာမေးပွဲတွေ ပြီးသွားလို့ထင်သည်။ မောင်သွင်ယုတို့ လမ်းထဲက ကလေးတအုပ် အလွန်အင်မတန် အားလပ်နေကြဟန် ပုံပေါ်၏။ တခုခု ဆော့ကစားဖို့အတွက် သူတို့ သဘာဝ ဗျောင်နောင်နောင် အော်နေကြခြင်းပင်။ သူတို့လေးတွေကို ကြည့်ရင်း စိတ်ထဲမှာ တမျိုး ပျော်သလိုလို ဖြစ်လာတာမို့ ဖတ်လက်စ စာအုပ်ကို ဘေးနားမှာ အသာချလို့ သူတို့တွေဆီကို ငေးကြည့်နေလိုက်သည်။

***

မောင်သွင်ယုတို့ အိမ်ရှေ့ခြံက အတန်အသင့်ကျယ်ဝန်းပြီး အိမ်မဆောက်ရသေးသော မြေကွက်လပ်ကြီး…။ လွန်ခဲ့သော ငါးနှစ်…၊ မောင်သွင်ယုတို့ ရန်ကုန်က ပြောင်းလာကတည်းက ဒီမြေကွက်ကို ဒီအတိုင်းတွေ့ခဲ့ရသည်မှာ ယခု အထိတိုင်အောင်ပင် ဖြစ်၏။ ခြံထောင့်မှာ အတော်အတန် မြင့်မားပြီး အကိုင်းအခက်အလက် ဝေဆာလှသည့် မန်ကျည်းပင်ကြီး တပင်က သူ့လက်တံတွေနဲ့ ခြံဝင်းကို အရိပ်မိုးပေးသလို ဖြစ်နေတော့ နေ့လည်နေ့ခင်းဆိုရင် မောင်သွင်ယုတို့ လမ်းထဲက ကလေးတသိုက်အတွက် ဒီခြံဝင်းက ကစားလို့ အကောင်းဆုံး နေရာ တခုဖြစ်နေလေတော့သည်။

ဒီအချိန်ကလည်း မန်ကျည်းသီးတွေ မှည့်စပြုသည့် အချိန်ဆိုတော့ အပင်ပေါ်က မန်ကျည်းသီး ၀မ်းရောင်တွေကို ကလေးတချို့က တဗျင်းဗျင်းနဲ့ တက်ခါချသူချ၊ အောက်ကို ကျလာသည့် အသီးတွေကို အလုအယက် ကောက်စားသူ ကောက်စားနဲ့…။ အမြင်မတော်သူ လူကြီး တယောက်တလေက တွေ့တဲ့အခါ တဟဲ့ဟဲ့ဖြင့် လှမ်းအော်ရသေးသည်။ မတော်လို့ ပြုတ်ပြက်ကျသွားမှဖြင့်… အခက်။

အခုလည်း ကြည့်လေ…၊ ကလေးတအုပ် ဘာတွေ ဆော့ကြဦးမည် မသိ…။ အသံလေးတွေ စာစာ စာစာနဲ့ ဗျောင်နောင်နောင် လုပ်နေကြပြန်ပြီ။

***

ကလေး အားလုံး ၇ ယောက်လောက်တော့ ရှိမလား မသိ…။ ဗျောင်နောင်နောင် တခါအော်လိုက်၊ တယောက်နှစ်ယောက် ထွက်လိုက်၊ နောက်တခါအော်လိုက် နောက်တယောက် ထွက်လိုက်နဲ့ နောက်ဆုံးတော့ ကောင်လေးတယောက်သာ ကျန်ခဲ့သည်။ ကျန်သူက လမ်းထိပ်က ကိုခရိုးရဲ့သား စိုးခိုင်။

`ကဲ…၊ လိုက်ပေတော့´

စိုးခိုင်က သူလိုက်ရပေမယ့် ပုံစံက စပ်ဖြဲဖြဲနှင့် သိပ်မှုဟန် မတူ။ မန်ကျည်းပင်အောက်ကြီးအောက်ကို သွားလို့ မျက်နှာအပ်၊ မျက်စိမှိတ်ပြီး `၁၂၃၄ ၅၆၇၈၉… ၁၀..၁၁..၁၂… … … ´ ဖြင့် ပါးစပ်က စက်သေနတ်ပစ်လို အော်တော့၏။ သြော်…၊ သူတို့ တူတူပုန်းတမ်း ကစားကြတာကိုး…။

စိုးခိုင် အော်လိုက်ကတည်းက ကျန်တဲ့ကလေးတွေက အလျှိုလျှိုနဲ့ အမြန်ဆုံး ပုန်းလိုက်ကြသည်မှာ တခဏအကြာမှာပင် တယောက်မှ မရှိကြတော့…။ စိုးခိုင်ကလည်း လူလည်…၊ တစ်ကနေ တရာကို အမြန်ဆုံးရောက်အောင် အော်ပြီးတာနဲ့…

`တူပြီလား´

တယောက်မှ အသံထွက်မလာ…။

`တူပြီလား´ `တူပြီလား´ နောက်ထပ် နှစ်ခါ ထပ်အော်လည်း ဘယ်သူမှ အသံမထွက်။ ဘယ်ထွက်မလဲ၊ အသံထွက်ရင် စိုးခိုင်က အသံထွက်တဲ့လူ ပုန်းနေတဲ့ နေရာကို သိမှာကိုး…။

`တူပြီဆိုလို့ လိုက်လာပြီ။ တယောက်မမိ ကင်းဘုတ် မထိရ´

သူတို့ ကစားနည်းမှာလည်း စည်းကမ်းရှိသည်။ လိုက်သူက ပုန်းသူတွေထဲက အနည်းဆုံး တယောက်မိပြီးမှ ကင်းဘုတ်ကို လိုက်သူ မသိအောင် တခြားတယောက်က လာထိခွင့် ရှိသည်။ တယောက်မှ မမိသေးဘဲနှင့် ကင်းဘုတ်ကို ထိခွင့် မရှိ။ ထိရင် ထိတဲ့လူက လိုက်ရသည်။ တယောက်မိပြီးရင်တော့ ပုန်းတဲ့လူအနက် တယောက်ယောက်က ကင်းဘုတ်ကို လိုက်သူ မသိအောင် ထိဖို့ ကြိုးစားရသည်။ သိသွားရင်လဲ သူ့ထက်အရင် ထိအောင် အမြန်ဆုံးပြေးပုတ်ရသည်။ ပုန်းတဲ့လူ တယောက်တလေမှ ကင်းဘုတ်ကို မထိနိုင်ရင်တော့ အရင်ဆုံးမိသည့် ပုန်းသူက လိုက်သူ လုပ်ရ၏။ ကင်းဘုတ်ကို ထိရင်လဲ `တစ်နှစ်သုံး´ ဟု အမြန်အော်ရသေးသည်။ ပုန်းသူထဲက တယောက်ယောက် ထိရင်တော့ `ဒေါင်ဒေါင်ဒေါင်၊ ကင်းဘုတ်(((((´ လို့ အော်ရ၏။

***

`ဖိုးထူး တစ်နှစ်သုံး၊ အစန်း တစ်နှစ်သုံး´

တကယ်တော့ ဖိုးထူးနဲ့ အစန်းက တနေရာထဲမှာ အတူတူပုန်းနေတာ…။ သူတို့နှစ်ယောက်ထဲက ကြိုက်တဲ့လူတယောက်ရဲ့ နာမည်ကို အရင်ခေါ်ခွင့် ရှိပေမယ့် ဖိုးထူးနာမည်ကို အရင်ခေါ်လိုက်လို့ ဖိုးထူးက စိုးခိုင်ကို သိပ်မကျေနပ်။ ဒါနဲ့…

`ငါ့ဆီက မင်း မုန့်လာတောင်းချားကြည့်၊ မကျွေးဘူး´

စိုးခိုင်က မျက်နှာလေး အငယ်သားနဲ့ ဖြတ်ခနဲ တချက်လှည့်ကြည့်လိုက်တော့ ဖိုးထူးက ရှုတည်တည်နဲ့ ပြန်ကြည့်၏။ ဒါပေမယ့် သူ့ကို ပြေလည်အောင် ပြန်မပြောအား…၊ နောက်ထပ်ပုန်းနေသူတွေကို ထပ်လိုက်ရဦးမည်။ နှစ်ယောက် မိထားပြီဆိုတော့ ကင်းဘုတ်ကနေလဲ သိပ်မခွာရဲ။

`ကင်းဘုတ် မခွာ၊ ဆယ်ခါလိုက်၊ ကင်းဘုတ် မခွာ ဆယ်ခါလိုက်…´

သူ့ကို အရင်မိထားတော့ ဖိုးထူးက စိုးခိုင် ကင်းဘုတ်ကနေ ခွာအောင် အသံပြဲဖြင့် မကြာခဏ အော်တော့သည်။

`မိခိုင် တစ်နှစ်သုံး၊ အတူးလေး တစ်နှစ်သုံး´

လေးယောက် မိပြီဆိုတော့ နှစ်ယောက်သာကျန်သည်။ အဲဒီ နှစ်ယောက်လုံး မိရင်တော့ ဖိုးထူး လိုက်ရပြီ။ ဖိုးထူးတယောက် ဟိုဟိုဒီဒီ လှည့်ပတ်ငေးရင်း ကယ်တင်ရှင်ကို မျှော်သည့် မျက်နှာပေးမျိုးနှင့် လိုက်ကြည့်နေပြီ။ စိုးခိုင်ကလည်း ကင်းဘုတ်ကနေ နည်းနည်းလေး ခွာလိုက်၊ ဟိုနားဒီနား လိုက်ချောင်းပြီး ကင်းဘုတ်ဆီ လှစ်ခနဲ ပြန်ပြေးလိုက်…။

ခြံထောင့်မှာ ချိုးချိုး ချွတ်ချွတ် အသံကြားပါတယ်လို့ ထင်တာနဲ့ မောင်သွင်ယု တယောက် လှမ်းကြည့်မိတော့ ကုန်းကုန်းကွကွနှင့် ပုနေအောင် ပုန်းနေသည့် ဇော်လေး…။ မောင်သွင်ယု လှမ်းကြည့်တာကို မြင်တော့ သူ့နှုတ်ခမ်းပေါ်ကို လက်ညှိုးဖြတ်တင်ပြီး ရှုး ဆိုသည့် ဟန် လုပ်ပြ၏။ သူ ရှိနေတာကို မပြောနဲ့..ပေါ့။

ဘေးပတ်လည်ကို လိုက်ချောင်းနေသော စိုးခိုင်တယောက် ဟိုးခပ်လှမ်းလှမ်းက ထင်းပုံကို သိပ်မသင်္ကာဟန်ဖြင့် သွားချောင်းနေခိုက် ကင်းဘုတ်နှင့် နည်းနည်း အလှမ်းကွာသွား၏။ အဲဒီ အခိုက်မှာပင် စိုးခိုင် အလစ်ကို ချောင်းနေသော ဇော်လေးတယောက် ကင်းဘုတ်ရှိရာကို အသည်းအသန်ပြေးတော့သည်။ စိုးခိုင် ဖြတ်ခနဲ လှမ်းတွေ့လို့ အတင်း ပြန်ပြေးလာပေမယ့် မမှီတော့…။ ဇော်လေးက မန်ကျည်းပင်ကို အရင်ထိလိုက်ပြီး `ဒေါင်ဒေါင်ဒေါင်…၊ ကင်းဘုတ်))))))))))´ လို့ အော်လိုက်တော့သည်။

သွားပြီ…။ စိုးခိုင် နောက်တခေါက် ထပ်လိုက်ပေတော့…။

***

`ကိုဂျီး…´

`ကိုဂျီး…´

လေသံဝဲ၀ဲနဲ့ `ကိုကြီး´ လို့ မပီတပီခေါ်သံ ကြားလို့ မောင်သွင်ယု နောက်ကို လှည့်ကြည့်လိုက်တော့ ညီမလေး… ချစ်ပွင့်။

`ချစ်ပွင့်လဲ သွားဆော့ချင်တယ်´

`အာ၊ မဆော့ရပါဘူး။ နေကပူတာနဲ့´

ကောင်မလေး မျက်နှာ သိပ်မကောင်း…။ ပါးစပ်က စူပွစူပွလုပ်ပြီး အိမ်နောက်ဖေးမှာ သွားထိုင်နေသည်။ အတန်ကြာတော့ အိမ်ရှေ့ကို ပြန်ရောက်လာပြန်သည်။ မောင်သွင်ယုနားမှာ အသာ လာရပ်ပြီး…

`ကိုဂျီးကလဲအေ့၊ ချစ်ပွင့်ဆော့ချင်လို့ပါအေ့၊ ကိုငယ်ကျတော့ လျှောက်သွားနေတယ်အေ့၊ ချစ်ပွင့်ကျတော့ မဆော့ရဘူးလားအေ့´

ကလေးတွေ အချင်းချင်း တယောက်နဲ့ တယောက်မခေါ်လျှင် ပြောလေ့ရှိသော ချစ်စဖွယ် အသံလေးဖြင့် အကိုကြီးဆီမှာ ခွင့်လာထပ်တောင်းပြန်သည်။ ခွင့်တောင်းရင်းကနေ ရှလူးခနဲနေအောင် နှပ်တွေကို စုပ်လိုက်သေးသည်။ ခက်ချေပြီ။

`ကဲ…ကဲ၊ နှပ်တွေကို အရင်သုတ်လိုက်အုံး။ ပြီးမှ သွားဆော့ချေ။´

မောင်သွင်ယု စကားသံပင် မဆုံးလိုက်၊ ချစ်ပွင့်တယောက် အိမ်ပေါ်ကနေ ကဆုန်ပေါက် ပြေးဆင်းသွားလေတော့သည်။ အမေပြန်လာရင်တော့ သူ့သမီးငယ်ကို နေပူထဲ ထွက်ဆော့ခိုင်းထားလို့ ဆူမလားတော့ မသိ။

***

မတ်လ နွေက ပူလှပေမဲ့ အပင်ရိပ်ရဲ့ အေးမြမှုကြောင့် ကလေးတွေမှာ မမောနိုင် မပန်းနိုင်။ မောင်သွင်ယုကတော့ ဆော့ကစားနေကြသော ကလေးတအုပ်ကို ကြည့်ရင်း ပြုံးလိုက်၊ တဟားဟား ထရယ်လိုက်၊ အငေးသား ဖြစ်လိုက်နဲ့…။ ဖုန်းအလိမ်းလိမ်း ချွေးတလူးလူးနဲ့ ကလေးတအုပ်ရဲ့ `တူပြီလားဟေ့´ `အငယ်လေး တစ်နှစ်သုံး´ `ဖိုးထူး တစ်နှစ်သုံး´ ဆိုတဲ့ အသံတွေကတော့ တပျော်တပါးကြီး ပေါ်နေဆဲပင်…။

တူတူပုန်းတမ်း ကစားလို့ မောလာရင် သူတို့တွေ တခြား ကစားနည်းတွေ ကစားကြလိမ့်ဦးမည်။ ဗျောင်နောင်နောင်သံတွေ ညံစီကြပေဦးမည်။

***


ကလိုစေးထူး

5 comments:

တန်ခူး said...

ကိုစေးထူးရေ...ကျောင်းပိတ်ရက်တိုင်း အဲဒီအသံလေးတွေ ဝေဝေဆာဆာနဲ့ ကိုယ့်တိုင်းပြည်က ပျော်ရွှင်စရာပတ်ဝန်းကျင်လေးတွေ လွမ်းစရာပါ။ မောင်သွင်ယု နောက်ဆက်တွဲလေးတွေ စောင့်မျှော်အားပေးလျှက်ပါ။

စူး said...

တူတူပုန်းတမ်းကစားတာက မောင်နှမ၃ယောက် ဗျောင်ဒေါင်၂ဗေ၂ဂျီလို့ စကားတာကလဲ ဒီ၃ယောက် ဆိုတော့ သူတို့ကိုပဲ လွမ်းတယ်။ အမျိုးတွေဆီသွားလဲ ချော်လဲမှာဆိုးလို့ ဆိုပီး မစကားရဘူး..။ငေးတဲ့ အလုပ်နဲ့ သူတို့တွေ ငြင်းတာကိုပဲ ထိုင်ကြည့်နေရတာ မြတ်နို့း ကလေးဘ၀က ပျော်စရာ မကောင်းဘူး။
ဒါပေမဲ့ မြန်မာပြည်ကို လွမ်းတယ်.. ရေးတာ အရမ်းကောင်းတာပဲနော်။ အားကျလိုက်တာ။

စူး said...

တူတူပုန်းတမ်းကစားတာက မောင်နှမ၃ယောက် ဗျောင်ဒေါင်၂ဗေ၂ဂျီလို့ စကားတာကလဲ ဒီ၃ယောက် ဆိုတော့ သူတို့ကိုပဲ လွမ်းတယ်။ အမျိုးတွေဆီသွားလဲ ချော်လဲမှာဆိုးလို့ ဆိုပီး မစကားရဘူး..။ငေးတဲ့ အလုပ်နဲ့ သူတို့တွေ ငြင်းတာကိုပဲ ထိုင်ကြည့်နေရတာ မြတ်နို့း ကလေးဘ၀က ပျော်စရာ မကောင်းဘူး။
ဒါပေမဲ့ မြန်မာပြည်ကို လွမ်းတယ်.. ရေးတာ အရမ်းကောင်းတာပဲနော်။ အားကျလိုက်တာ။

M.Y. said...

အပူအပင်ကင်းတဲ့..
ကလေးလေး..ဘ၀ကို..
တစ်ခါပြန်ပြီး..ရချင်သေး..တယ်

Anonymous said...
This comment has been removed by a blog administrator.