Thursday, February 28, 2008

စပ်မိစပ်ရာ… (၂၀)

စပ်မိစပ်ရာကို မရေးဖြစ်ခဲ့တာ အတန် ကြာခဲ့ပါပြီ။

မရေးဖြစ်ခဲ့တဲ့ ကာလတွေမှာ အတော်ကြီးကို စိတ်ဆင်းရဲစရာ ကောင်းတဲ့ သတင်းဆိုးတွေက ဆက်တိုက် ဆိုသလို ကြားခဲ့ရပါတယ်။ ကေအင်န်ယူ အဖွဲ့ရဲ့ အထင်ကရ ခေါင်းဆောင် တယောက်ဖြစ်တဲ့ ဖဒိုမန်းရှာ လုပ်ကြံ ခံရတဲ့ သတင်း၊ အခု ရက်ပိုင်းတွေမှာ ဆက်တိုက်ဆိုသလို လောင်နေတဲ့ မြန်မာပြည်က မီးဘေးသတင်းတွေဟာ အမင်္ဂလာ သတင်းဆိုးတွေပါ။

ဖဒိုမန်းရှာ လုပ်ကြံခံရတာနဲ့ ပတ်သက်လို့ သုံးသပ်ချက်၊ ထင်မြင်ချက် အတော်များများကို ဖတ်ခဲ့ရပါတယ်။ ကျနော့် အမြင်မှာကတော့ ဒါဟာ အင်မတန်မှ ပိုင်စိုးပိုင်နင်း ဆန်လှသလို တော်လှန်ရေး အင်အားစုတွေရဲ့ ခံတပ်တခုလို တင်စားလို့ရတဲ့ မဲဆောက်မြို့ဟာ တကယ့်တကယ်တမ်းမှာ လုံခြုံမှုနဲ့ ပက်သက်ရင် ပစ်စလက်ခတ် နိုင်လွန်းစွာ ကင်းမဲ့နေတယ်လို့ မြင်မိပါတယ်။ ထိုင်းရဲတွေရဲ့ `တရားခံတွေကို ဖော်ထုတ်ပေးပါမယ်´ ဆိုတဲ့ ကတိစကားကရော၊ ဘယ်လောက်အထိများ အားကိုးနိုင်စရာ ရှိနေပါသလဲ ဆိုတာဟာ မေးခွန်းထုတ်စရာပါပဲ။

ဆက်တိုက်ဆိုသလို လောင်နေတဲ့ မီးဘေး သတင်းတွေကို မြင်ရ၊ ဖတ်ရတာ စိတ်ဆင်းရဲလွန်းလှတာကြောင့် နီးစပ်ရာ မိတ်ဆွေ၊ မောင်နှမတွေနဲ့ တိုင်ပင်ပြီးတော့ တနိုင်တအား အနေနဲ့ ကူညီတာမျိုး လုပ်ဖို့ စီစဉ်မိပါတယ်။ ကျနော် လုပ်နိုင်တဲ့ အရာလေး တခုက ပိစိကွေးလေးလဲ ဖြစ်ချင်ဖြစ်မယ်။ အားငယ်နေတဲ့ မိသားစု တခုခုကို တစုံတရာ အားအင်လေး ဖြစ်ဖြစ် ပေးနိုင်ရင်ပဲ ဖြေသိမ့်စရာ တခုခု ရတန်ကောင်းပါရဲ့။ ဒါပေမယ့် … `အခု မြန်မာပြည်မှာ မညံ့လွန်း၊ မကောင်းလွန်းတဲ့ ဆန်တအိတ်ကို ဘယ်လောက် ပေးရပြီလဲ´ လို့ မေးကြည့်မိတော့ `နှစ်သောင်း´ …တဲ့။ ကျနော် လှူနိုင်တဲ့ ငွေပမာဏနဲ့ ဆန်အိတ်တန်ဖိုးကို တွက်ချက်ပြီး ပင့်သက် တချက်တော့ ချမိပါတယ်။

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေအရ ဆန္ဒခံယူပွဲကို တခုခု ဝေဖန်မိသူဟာ ထောင်ဒဏ် ၃ နှစ်နဲ့၊ ဒဏ်ငွေ ကျပ်တသိန်းအထိ ပြစ်ဒဏ် ချမှတ်ခံရပါမယ်။ ယခင်ကလည်း အမျိုးသား ညီလာခံကို ဝေဖန်ရင် ထောင်ဒဏ် အနှစ် ၂၀ အထိ ချမှတ်နိုင်တဲ့ အမိန့်အမှတ် ၅/၉၆ ဆိုတာ ရှိခဲ့ပြီးသားပါ။ နောက်များဆိုရင်တော့ ဆန္ဒခံယူပွဲမှာ ကန့်ကွက်မဲ ပေးရင် ဘယ်နှယ့်ပြုမယ်၊ ဒီ့နှယ့်ပြုမယ်ဆိုတဲ့ ဥပဒေတွေ ထပ်ထွက်လာနိုင်စရာ အကြောင်း ရှိပါတယ်။

မလေးရှား နိုင်ငံထဲကို တရားမ၀င် ၀င်ရောက်မယ့် မြန်မာနိုင်ငံသားတွေကို တင်ဆောင်လာတဲ့ ကားကို ထိုင်းရဲတွေက ပစ်ခတ်တဲ့အတွက် မြန်မာကလေးငယ် တဦး သေဆုံးပြီးတော့ သုံးဦး ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။ လူကယ်ရီ ဈေးကွက်ရဲ့ ကယ်ရီခ ပေါက်ဈေးကလဲ ကြောက်ခမန်းလိလိပါတယ်။ ဘတ်ငွေ ၁၄၀၀၀ (မြန်မာငွေ ၄ သိန်းကျော်) ပေးရတဲ့အပြင် အသက်ကိုပါ ဖက်နဲ့ထုပ်လို့ ရေကြည်ရာ မြက်နုရာ ရှာရင်း ကံဆိုးခဲ့ကြရရှာတာပါ။

ကျနော် အားပေးတဲ့ ချဲလ်ဆီး အသင်းကတော့ ကားလင်းဖလား ဖိုင်နယ်မှာ ကံဆိုးလှစွာနဲ့ပဲ စပါး အသင်းကို ရှုံးနိမ့်သွားပါတယ်။ မိနစ် ၇၀ ရောက်မှ ပေးလိုက်ရတဲ့ ပယ်နယ်တီနဲ့ အချိန်ပို ၄ မိနစ်မှာ ပေးလိုက်ရတဲ့ ဂိုးကြောင့် ကံဆိုးသွားရတဲ့ ချဲလ်ဆီးအသင်း လာမယ့် ချန်ပီယံလိဂ် ရှုံးထွက် ဒုတိယအကျော့မှာတော့ ကံကောင်းပါစေလို့ ဆုတောင်းရမှာပါပဲ။ ဂိုးသမားက ကိုယ့်ဂိုးကိုယ် သွင်းမိတဲ့ မစ်ဒယ်ဘရော့နဲ့ ရှက်ဖီးယူနိုက်တက်တို့ရဲ့ ပွဲကလည်း ထူးခြားချက် တခုပါပဲ။ မိနစ် တရာကျော်တိုင်အောင် လက်စွမ်းပြလာတဲ့ ဂိုးသမားက တိုင်ထိပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို အလောတကြီးနဲ့ လှမ်းပုတ်ခိုက်ခါမှ ဂိုးထဲကို ယက်သွင်းမိလျက်သား ဖြစ်သွားပါတော့တယ်။

ကျနော့်ရဲ့ ဘလော့ဂ်နာမည် `ကလိုစေးထူး´ ဆိုတဲ့ အမည်ဟာ ကျနော့်မွေးရပ် ကရင်ပြည်နယ်ကို ချစ်တဲ့စိတ်၊ ဖြောင့်မတ် ဖော်ရွေတဲ့ ကရင်လူမျိုးတွေကို နှစ်လိုစိတ်နဲ့ ပေးခဲ့တဲ့ နာမည်ပါ။ ဒါကို `ဗမာ တယောက်က ကရင်နာမည် ယူရကောင်းလား´ ဆိုတဲ့ အမြင်မျိုးနဲ့ အထင်မလွဲစေချင်မိပါဘူး။ အဲဒီလိုမျိုး ထင်စရာ ဖြစ်နေတယ်ဆိုရင်တော့ ကျနော် တော်တော်လေး စိတ်မကောင်းဖြစ်မိမှာပါ။

အခု ၂၀၀၈ ခုနှစ်အတွက် အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီ သမ္မတလောင်း တယောက်ယောက်ကသာ အနိုင်ရမယ်လို့ ခန့်မှန်းသူ များနေပါတယ်။ ကျနော်နဲ့ အတူ အလုပ်တွဲလုပ်ရတဲ့ Troy ဆိုတဲ့ ဘော်ဒါကြီးကို `ခင်ဗျား ဘယ်ပါတီကို ကြိုက်လဲ´ မေးတော့ သူက မဆိုင်းမတွနဲ့ပဲ `ရီဗတ်ဗလီကင်´ လို့ ဖြေပါတယ်။ `ဘာကြောင့်လဲ´ လို့ ထပ်မံ လျှာရှည်ကြည့်မိတော့ `ဒီမိုကရက်တွေ နိုင်သွားရင် အခွန်ပိုဆောင်ရမယ်၊ အကြမ်းဖက်ကောင်တွေ ငါတို့ နိုင်ငံထဲတောင် ရောက်လာနိုင်တယ်´ လို့ ပြန်ဖြေပါတယ်။

သတင်းတွေ လိုက်ဖတ်လိုက်၊ စာရေးလိုက်လုပ်ရတာ ညောင်းတာနဲ့ သီချင်းခွေတခွေ ဖွင့်ကြည့်မိပါတယ်။ အဲဒီ အခွေထဲမှာ စည်သူလွင်နဲ့ ဟေမာနေ၀င်း စုံတွဲဆိုထားတဲ့ `ရုန်းတော်လွှတ်တော်´ သီချင်းကို နားထောင်ရင်းနဲ့ အထက်ပါ စာတန်းကို တွေ့တော့ မျက်လုံးပြူးသွားပါတယ်။ :D သီချင်းစာသား အမှန်က `ထောက်ဆကာ ညှာကွယ်… ခင်မင်သူ မောင်ရယ်´ ပါ။ အခုတော့ `ထောက်စက ညှာကွယ်… ခင်မင်သူမောင်ရယ်´ …တဲ့။ လွဲချက်က နာပါပေ့။

ဒီတပတ် စပ်မိစပ်ရာကိုတော့ ဒီလောက်နဲ့ နားပါရစေ။ နောက်အပတ်တွေမှာ ပြန်ဆုံကြပါစို့။


ကလိုစေးထူး

Wednesday, February 27, 2008

တော်ရာမှာနေရတဲ့အခါ... (၂)

ဒုက္ခသည် ဆိုတဲ့ အသုံးအနှုံး စကားလုံးက မြန်မာတွေအတွက်တော့ အင်မတန်မှ အောက်ကျတဲ့ စကားလုံး၊ သိမ်ငယ်တဲ့ စကားလုံးလို့ အတော်များများက သတ်မှတ်လေ့ ရှိပါတယ်။ ဒါကြောင့်လဲပဲ UNHCR မှာ စစ်ဘေး၊ နိုင်ငံရေး ဒုက္ခသည်အဖြစ် တောင်းခံ လျှောက်ထားသူတွေကို မြန်မာပြည် လက်ရှိအာဏာပိုင်တွေက ပြက်ရယ်ပြု လှောင်ပြောင်လေ့ရှိပါတယ်။ ဒါတင်မက တော်လှန်ရေးအဖွဲ့တွေလို့ အထင်ကရ နာမည်ကြီးတဲ့ ကေအင်န်ယူ၊ အေဘီအက်စ်ဒီအက်ဖ် အစရှိတဲ့ အဖွဲ့အစည်းတွေမှာလဲ ဒုက္ခသည်အဖြစ် UNHCR ထံမှာ လျှောက်ထားခြင်းကို ယခင်က အတော်လေးကို တင်းတင်းကျပ်ကျပ်နဲ့ ထိန်းချုပ်ခဲ့ဖူးပါတယ်။

ဒါပေမယ့် ပြောင်းလဲလာတဲ့ မြန်မာ့နိုင်ငံရေး အနေအထားနဲ့အတူ အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ သဘောထားရပ်တည်မှုတွေက တနေ့တခြားနဲ့ မွေးရပ်မြေ မြန်မာပြည်ကို နောက်ထပ် လူတွေအတော်များများ စွန့်ခွာစေခဲ့ပါတယ်။ အဲဒီလို စွန့်ခွာ တိမ်းရှောင်ခဲ့ရတဲ့ စစ်ဘေး၊ နိုင်ငံရေး ဒုက္ခသည်တွေအပေါ် တနေ့တမျိုး ဆိုသလို ပြောင်းလဲလေ့ရှိတဲ့ အိမ်နီးချင်း နိုင်ငံတွေရဲ့ ပေါ်လစီတွေကြောင့်လည်း တတိယနိုင်ငံဆိုတဲ့ အိပ်မက်ဟာ အခြေအနေတွေရဲ့ တောင်းဆိုချက်တခု ဖြစ်လာခဲ့တာဆိုရင် မှားမယ် မထင်ပါဘူး။

UNHCR ဟာ စစ်ဘေးဒဏ်ကြောင့် တိမ်းရှောင်လာရတဲ့ စစ်ပြေးဒုက္ခသည်တွေကို နယ်စပ်က ဒုက္ခသည် စခန်းတွေမှာ နေရာချထားပြီး စောင့်ရှောက်ထားလေ့ အပြင် နောက်ထပ် အလုပ်တခုကတော့ နိုင်ငံရေး၊ ဘာသာရေး အစရှိသဖြင့် တစုံတခုသော အကြောင်းကြောင်းကြောင့် လက်ရှိ အုပ်ချုပ်သူတွေရဲ့ ဖမ်းဆီးနှိပ်စက်မယ့် အရေးကနေ လွတ်ရာ လွတ်ကြောင်း တိမ်းရှောင်လာရသူတွေကို စိစစ်လက်ခံရတာပါပဲ။

ဒုက္ခသည် အဖြစ် စိစစ်သတ်မှတ်ပြီးသူတွေကိုတော့ ဒုက္ခသည်တွေကို လက်ခံခေါ်ယူလေ့ ရှိတဲ့ အမေရိကန်၊ ကနေဒါ၊ သြစတေးလျ တို့အပြင် ဥရောပ နိုင်ငံ အချို့ဖြစ်တဲ့ အင်္ဂလန်၊ နော်ဝေ၊ ဆွီဒင်၊ ဒိန်းမတ်၊ ဖင်လန် အစရှိတဲ့ နိုင်ငံတွေဆီကို `တတိယနိုင်ငံ´ အဖြစ် သတ်မှတ်လို့ Resettlements အနေနဲ့ ပေးပို့ပါတယ်။

အဲဒီလိုနဲ့ တော်ရာမှာ နေရတဲ့အခါ…။

***

ကမ္ဘာ အရပ်ရပ်မှာ ရှိတဲ့ ဒုက္ခသည်တွေ ကို လက်ခံခေါ်ယူလေ့ရှိတဲ့ နိုင်ငံတွေအနက် ဒုက္ခသည် အင်အားအများဆုံး လက်ခံခေါ်ယူလေ့ရှိတာကတော့ အမေရိကန် နိုင်ငံပါပဲ။ ဒုက္ခသည်တွေ အားလုံးအနက် ၅၀% ကို အမေရိကန်နိုင်ငံက လက်ခံခေါ်ယူလေ့ ရှိတယ်လို့ မှတ်သား သိရှိရပါတယ်။ ကျန်တဲ့ ၅၀%ကိုမှ တခြားသော နိုင်ငံတွေက ခွဲဝေ လက်ခံကြတာပါ။

အမေရိကန် နိုင်ငံဟာ ဒုက္ခသည်တွေကို လက်ခံရာမှာ `လူသားချင်း စာနာထောက်ထားမှု´ ဆိုတဲ့ အချက်အပြင် လူသိရှင်ကြား ဖော်ပြမထားတဲ့ သူတို့ရဲ့ တခြားသော ရည်ရွယ်ချက် တခုကတော့ သူတို့ နိုင်ငံရဲ့ အခြေခံအလုပ်သမား လိုအပ်ချက်နေရာတွေမှာ သွယ်ဝိုက်သောနည်းနဲ့ ဖြေရှင်းတာပါပဲ။

တခြားသော နိုင်ငံတွေထက်စာရင် အမေရိကန်နိုင်ငံကို ရောက်လာကြတဲ့ ဒုက္ခသည်တွေအတွက် ထူးခြားတဲ့ အခွင့်အရေး တခုကတော့ `မိမိခြေထောက်ပေါ် မိမိ ရပ်တည်နိုင်ခွင့်´ အခွင့်အလမ်းက တခြားနိုင်ငံတွေထက် စာရင် ပိုမိုများပြားတာပါပဲ။ လူတိုင်းလူတိုင်း အလုပ်လုပ်နေသမျှ သူတို့နိုင်ငံသားတွေနဲ့ မခြား မတောင့်မတ မကြောင့်မကြ ရပ်တည်နေနိုင်တာဟာ နှစ်ရှည်လများစွာ သိမ်ငယ်ခဲ့ရတဲ့ ဒုက္ခသည်တွေ အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ အရ ယုံကြည်မှု ပိုများလာစေဖို့ အချက်တချက်ပါ။

၂၀၀၇ ခုနှစ်ရဲ့ ဒီဘက်ကာလပိုင်းတွေမှာတော့ နိုင်ငံရေး ဒုက္ခသည်တွေထက်စာရင် စစ်ဘေးဒဏ်ကြောင့် နယ်မြေစွန့်ခွာ တိမ်းရှောင်လာကြရတဲ့ ကရင်လူမျိုး ဒုက္ခသည် အတော်များများဟာ နယ်စပ် ဒုက္ခသည် စခန်းတွေက တဆင့် အမေရိကန်နိုင်ငံကို ပို ရောက်ခဲ့ကြပါတယ်။

ဆက်ရန်…

Tuesday, February 26, 2008

ဆင်တော်ပေါ်မှာ…

ဒီနေ့…။

စာရေးကလေး မောင်သွင်ယုတယောက် ခရီးသွားရမည်မို့ အိပ်ရာမှ စောစီးစွာ နိုးနှင့်နေ၏။ ဆောင်းအကုန် ဖြစ်လင့်ကစား နွေရနံ့ မပီသေးတော့ မနက်ခင်းက အေးတုံ့ မအေးတုံ့ဟန်…။

`ကွိုင့် ဘိန်း၊ ကွိုင့်ဘိန်း´

အိမ်ရှေ့မှ ဖြတ်သွားသော မုန့်သည်လေးရဲ့ အဲဒီ အသံကို ရန်ကုန်က ပြောင်းခါစတုန်းကတော့ ဘာမှန်းမသိ။ နောက်တော့မှာ ဒါက မွန်လို ဘိန်းမု့န်လို့ ခေါ်မှန်း သိရသည်။ `ကွိုင့်´ ဆိုတာ မုန့်၊ ဒီတော့ ဘိန်းမုန့်ကို ကွိုင့်ဘိန်း။ လေသံဝဲ၀ဲ တလုံးတခဲနဲ့ မုန့်သည်လေးရဲ့ အသံက တမျိုးတော့ ချစ်စရာကောင်းလှသည်။

`သားကြီး၊ ရေချိုးမလို့လား´

`ဟုတ်ကဲ့၊ မေမေ´

ခြံထောင့်က ရေတွင်းလေးဆီကို ရောက်တော့ ၀ါးရုံပင်ငယ် အုပ်မိုးခံရတဲ့ ရေတွင်းကလေး တ၀ိုက်မှာ ၀ါးရွက်ချွန်ချွန်တွေက အဖွေးသား ကျဲပြန့်နေ၏။ ရေတွင်းထဲမှာလဲ ၀ါးရွက်တချို့…။ မောင်းတက်ကို ဆွဲချပြီး ခပ်လှမ်းလှမ်းက စဥ့်အိုးထဲကို ရေငင်ထည့်လိုက်သည်။ ရေတွင်းလေးရဲ့ သဘာဝကိုက လူတွေရဲ့ သဘောမနောကိုများ အကြိုက်ဆောင်နေသလား မသိ၊ အခုလို မနက်စောစောဆိုရင် ရေတွေက နွေးနေပြီး ပူပြင်းတဲ့ နွေနေ့လည်မှာတော့ အေးမြနေတတ်သည်။ အခုလဲကြည့်လေ…။ ဆောင်းလက်ကျန် အအေးဒဏ်ကို သက်သာစေရော့ထင့်…၊ တွင်းရေ က နွေးနွေးလေး။ တဗွမ်းဗွမ်းနှင့် အားရပါးရ လောင်းချိုးပစ်လိုက်သည်။

`သားကြီးရေ၊ သိပ်အကြာကြီးတော့ ချိုးမနေနဲ့နော် သင်္ဘောဆိပ်ဆင်းဖို့ နောက်ကျနေအုံးမယ်´

အိမ်ပေါ်ကနေ စိတ်မချဟန် လှမ်းအော်ပြောသည့် မေမေ့ကို `ဟုတ်ကဲ့´ ဟု ဗလုံးဗထွေး လေသံဖြင့် ပြန်အော်ရသေးသည်။

***

မောင်သွင်ယု တယောက် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှာ စာရေးကလေး ၀င်လုပ်နေသည်မှာ သိပ်တော့ မကြာလှသေးပါ။ ဆယ်တန်းအောင်ခါစ၊ တက္ကသိုလ်ကျောင်းတွေ ဆက်တက်ဖို့ကလဲ နှစ်နှစ် ထပ်စောင့်ရမည့် ကြားကာလမှာ ဒီရုံးမှာ အလုပ်ဝင်ဖြစ်နေခြင်းပင်…။ မေမေကတော့ လုပ်အားပေး ကျောင်းဆရာ ဖြစ်ဖြစ် ၀င်လုပ်စေချင်ပေမယ့် မောင်သွင်ယုကတော့ ၀ါသနာ မပါလှတာနှင့်ပင် ကျောင်းဆရာ မဖြစ်ခဲ့။

သူတို့ ရုံးက လချုပ်စာရင်းတွေကို လကုန်ချိန်တိုင်းမှာ ပြည်နယ်ရုံးရှိရာ ဘားအံကို သွားပို့ရလေ့ရှိသည်။ ခါတိုင်းဆိုရင်တော့ စာရေးကြီး ဦးသန်းတင်က ဒီတာဝန်ကို ယူနေကျ…။ ဒီလတော့ ဦးသန်းတင်က ကျန်းမာရေး မကောင်းတာကြောင့် သူ့ကို စေလွှတ်လိုက်ခြင်း ဖြစ်၏။

***

မောင်သွင်ယု သင်္ဘောဆိပ်ကို ရောက်တော့ မနက် ၈ နာရီ ခွဲလုပြီ။ နေရောင် ဖြိုးဖျဝါမှုန်မှုန်အောက်က မြစ်ကမ်းစပ်မှာတော့ သင်္ဘောတစီးက အခန့်သားဖြင့် ကမ်းကပ်ထားလျက်သား။ သင်္ဘောနာမည်က တမျိုးတော့ ဆန်းသည်။ `ဆင်တော်´ တဲ့။

ရှောက်သီး၊ သံပုရာသီး အိတ်တွေက သင်္ဘောဝမ်းထဲမှာ မနေ့ညနေကတည်းက ရောက်နှင့်နေလောက်ပြီ။ ကွမ်းသီးအိတ်တွေတချို့ကတော့ အလုပ်သမားတွေက အခုအချိန်ထိ ထမ်းနေကြဆဲ…။ သင်္ဘောဆိပ်ကို ဆင်းလာကြသူ ခရီးသည်တချို့ကတော့ လမ်းလျှောက်ရင်းတချို့၊ ဆိုက်ကားဖြင့် တချို့၊ တချို့လည်း မြင်းလှည်းသံ တချွင်ချွင်ဖြင့်…၊ ငွေကြေးတတ်နိုင်သူ တချို့ကတော့ ဆိုင်ကယ်လေး တဖျောဖျောမောင်းလို့ လိုက်ပို့ပေးသူတွေနဲ့…။

သင်္ဘောပေါ် လှမ်းတက်လိုက်သည်နှင့် ရှောက်သီး၊ သံပုရာသီး အနံ့က လှိုင်ခနဲ ဆီးကြိုနေ၏။ စက်သံတွေ တရစပ် ဆူညံတတ်လေ့ရှိသော အောက်ထပ်မှာ မစီးချင်တာနှင့်ပင် အပေါ်ထပ်ကို တက်လာလိုက်သည်။ သင်္ဘောအပေါ်ထပ် ပဲ့ခန်းက ထမင်းဆိုင် ပိစိကွေးလေးရှေ့က ခုံတန်းလေးမှာ ၀င်ထိုင်ရင်း လက်ဖက်ရည် ပေါ့ဆိမ့် တခွက် မှာလိုက်သည်။ ကိုးနာရီခွဲလျှင် ထွက်တော့မည့် ဆင်တော် သင်္ဘောက တပ်လှန့်သံအလား ဥသြသံ တချက် ထွက်လာသည်။

`ဘော် )))))))))))))))´

***

မဟုတ်တော့ဘူး ထင်သည်။ နာရီကို ကြည့်လိုက်တော့ မနက် ကိုးနာရီ ခွဲကျော်လို့ ဆယ်နာရီပင် ထိုးလုလု ဖြစ်နေပြီ။ သင်္ဘောက ဘာလို့ မထွက်သေးတာပါလိမ့်။ သင်္ဘောပေါ်က ခရီးသည်တချို့က ကမ်းပေါ်ကို လည်တဆန့်ဆန့်ဖြင့် တခုခုကို စောင့်မျှော်နေသလိုလို…၊ ဘယ်လိုပါလိမ့်…။

အတန်ငယ် ကြာတော့မှ သင်္ဘောမထွက်ဖြစ်ရသေးသည့် အဖြေကို သိရတော့၏။ နယ်မြေခံတပ်က အရာရှိတယောက် လိုက်မှာမို့လို့ သင်္ဘောကို မထွက်သေးဖို့၊ အနှီအရာရှိ ရောက်တဲ့အထိ စောင့်ပေးဖို့ ကုန်တင်ကုန်ချရုံးက အိတ်ချိန်းဖုန်းကို လှမ်းမှာထားသတဲ့…။ ဘာမှ မထူးဆန်းတော့ ဖြစ်နေတဲ့ ဒါမျိုးက မကြာခဏ ကြုံရလေ့ရှိပေမယ့် လူတယောက်ကို လူတွေအများကြီးက စောင့်နေရတာကတော့ အဆင်မပြေလှ…။

ဆယ်နာရီ ဆယ့်ငါးမိနစ် သာသာလောက်မှပင် သင်္ဘောဆိပ်ကို စစ်ကားတစီး ပေါက်ချလာတော့၏။ လာပါပြီ၊ ပုဂ္ဂိုလ်ကလေး၊ စတိုင်လ်က ခပ်ထွားထွား၊ စစ်ယူနီဖောင်းအခန့်သားနှင့် သူ့နောက်မှာတော့ စစ်ရောင် သံသေတ္တာတလုံးကို ရဲဘော်ကလေး နှစ်ယောက်က တဖက်စီကနေ ဆွဲလို့ လိုက်လာကြသည်။ သံဃာတော်တွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် ဦးစားပေးလေ့ရှိတဲ့ သင်္ဘောဦးခန်းကို သူတို့တွေ ၀င်သွားပြီးတော့မှပင် ဆင်တော်သင်္ဘောရဲ့ စိတ်ဒုံးဒုံးချဟန် ဥသြသံက အောင်မြင်စွာ ထွက်ပေါ်လာတော့သည်။

***

တကယ်တော့ သူတို့ မြို့ကလေးကနေ မော်လမြိုင်အထိကို ဒီ ရေလမ်းကြောင်း တခုတည်းကိုသာ အားကိုးနေခဲ့ရတာ နှစ်ပေါင်း အတော်ကြာခဲ့ပါပြီ။ အရင်ကဆိုရင် ပြည်သူပိုင် သင်္ဘောက အခုလိုတောင် နေ့စဉ်ရက်ဆက် မပြေးဆွဲပေးနိုင်ခဲ့ပါ။ တပတ်မှာမှ အင်္ဂါနေ့နှင့် သောကြာနေ့တို့ နှစ်ရက်တည်းသာ သူတို့ မြို့ကို သင်္ဘောရောက်နိုင်၏။ ကြားရက်တွေမှာတော့ ပုဂ္ဂလိကပိုင် မော်တော်ဘုတ်တွေနဲ့ သွားလာရသည်။ တခါတလေ မော်တော်ဘုတ်မရှိတဲ့ ရက်တွေမှာဆိုရင် ဒေသအခေါ် `ခွေးတူဝက်တူ´ ဆိုတဲ့ ပဲ့ချိတ်မက၊ မော်တော်ဘုတ်မကျသည့် ရေယာဉ်ငယ်လေးတွေကို အားကိုးရသည်။

***

ရေသားကြည်ပြာပြာတွေကို တဖွားဖွားထိုးခွဲရင်း မြစ်ပြင်ထက်မှာ ပြေးလွှားနေတဲ့ ဆင်တော်က နှစ်နာရီခန့် ခရီးဆက်ပြီးချိန်မှာ အတန်ငယ် မောပန်းဟန်ဖြင့် ဆိပ်ကမ်းတခုကို ကပ်သည်။ ထမင်းဆိုင်ငယ်တချို့ အစီအရီ ကမ်းစပ်ကနေ သစ်သားဆိပ်ခံတံတား တခု မြစ်ထဲကို ခပ်ငေါငေါ ထွက်လျက်သားဖြင့် `သံပုရာ´ ရွာ ဆိပ်ကမ်းက မျှော်တော်ဇောဖြင့် မောနေရော့သလားတော့ မသိ။

ဈေးသက်သက်သာသာ၊ အရသာကောင်းကောင်းဖြင့် ထမင်းထုပ်တွေ ဒီဆိပ်ကမ်းမှာ ရနိုင်တာမို့ သင်္ဘော ကမ်းကပ်သည်နှင့် ခပ်သွက်သွက်ဆင်းပြီး ထမင်းထုပ်ဝယ်ရသည်။ အမယ်…၊ ကမ်းပေါ်ကနေ ကျည်တောက် ခပ်ရွယ်ရွယ် နှစ်လုံးကို ထမ်းပိုး ဟိုဘက်ဒီဘက်ချိတ်ရင်း လူတယောက် ခပ်သွက်သွက် ဆင်လားပါလား။ ထမ်းပိုးထိပ်မှာ ၀ါးကျည်တောက်ခွက်တွေက တိုးလို့တန်းလန်း ပါလာသေးသည်။ ဒါမျိုးတော့ မောင်သွင်ယုတို့ ဘယ်အလွတ်ပေးလိမ့်မတုန်း…။

`ထန်းရေလားဗျ´

`ဟုတ်ပဗျာ´

`တခွက်လောက်ဗျာ၊ ဘယ်လောက်တုန်း´

`သုံးကျပ်´

အမြုပ်တွေ ခုန်ဆွဆွဖြစ်နေတဲ့ ထန်းရည် တခွက်က ကမန်းကတန်း သောက်ရလို့လား မသိ၊ အရသာ ပိုရှိနေသလိုလို ချိုပြင်းရှတတက အမိုက်စား…။

သံပုရာရွာက ပြန်ထွက်တော့ နေ့လည် ၁၂ နာရီ ထိုးစ…။

***

တရိပ်ရိပ်နဲ့ ပြေးလွှားနေတဲ့ ကမ်းစပ်က အပင်တွေကို ကြည့်ရင်း မောင်သွင်ယု တယောက် မှေးခနဲ ငိုက်မြည်းစ ပြုလာခိုက်…။

`ကဲ… ကဲ၊ မှတ်ပုံတင်လေးတွေ ထုတ်ထားမယ်နော်´

အောက်ပိုင်းမှာ ကာကီရောင် ဘောင်းဘီဝတ်ထားပြီး အပေါ်မှာ အရပ်ဝတ်တွေနဲ့ ပုဂ္ဂိုလ်သုံးယောက်က အထက်ပါအတိုင်း အော်ရင်း သင်္ဘောပေါ်မှာ လှည့်လည်တော့သည်။

မှတ်ပုံတင်စစ်လိုက်ခြင်းဟာ ဒီသင်္ဘောရဲ့ လုံခြုံရေးကို ဘယ်လောက်အထိ အကာအကွယ်ပေးနိုင်လဲ၊ လူဆိုးတွေက မှတ်ပုံတင် မကိုင်လို့လား၊ ဒါမှမဟုတ် လူကောင်းတွေမှာ မှတ်ပုံတင် မရှိရင်ရော ဘယ်လိုလုပ်မှာလဲ မောင်သွင်ယု တွေးနေမိသည်။

ဟော…၊ လက်ရန်းနားမှာ ထိုင်နေတဲ့ ကောင်လေး တယောက်…။ မောင်သွင်ယုနဲ့ ရွယ်တူလောက်ပဲ ရှိလောက်မည်။ မှတ်ပုံတင် မေးတော့ အိတ်ထဲ ဟိုနှိုက်ဒီနှိုက်ဖြင့် အကြံအိုက်နေတဲ့ ပုံစံ။ ကာကီရောင် ပုဂ္ဂိုလ်တယောက် `လိုက်ခဲ့´ ဆိုတဲ့ သဘောဖြင့် လက်ယပ်ပြီး Escort ခန်းထဲ ခေါ်သွားသည်။ နာရီဝက်လောက် နေတော့ ကောင်လေး ပြန်ရောက်လာသည်။

`ဘယ်လောက် ပေးလိုက်ရလဲ´

စပ်စပ်စပ်စုစု နိုင်လှသည့် အဒေါ်ကြီးတယောက်က ကောင်လေးကို လှမ်းမေးသံ ကြားရတော့ ကောင်လေးက လက်ငါးချောင်း ထောင်ပြသည်။ ဘယ်လောက်လဲတော့ မောင်သွင်ယု မသိ။ ငါးဆယ်လား၊ ငါးရာလား၊ ငါးထောင်လား။

***

ချောင်းနှစ်ခွ ဆိပ်ကမ်းကိုရောက်တော့ နေ့လည် နှစ်ချက်တီး ကျော်ပြီ။

ချောင်းနှစ်ခွရွာကတော့ အသီးအနှံနှင့် ပတ်သက်လို့ ဈေးချိုသည့်၊ လတ်ဆတ်သည့် နေရာမှာ နာမည်ကြီးပင်။ အခုလဲ ကြည့်လေ၊ သခွားသီး အလုံးထွားထွားတွေ၊ ခ၀ဲသီး၊ ဗုံလုံသီးသည်တွေက သင်္ဘောပေါ်တက်ရောင်းရင်း ဈေးခေါ်ကြသည်မှာ သင်္ဘောတခုလုံး စီစီညံနေတော့သည်။ ထန်းသီး လတ်လတ်ဆတ်ဆတ်တွေလဲ လိုက်ရောင်းနေတာ တွေ့ရသေးသည်။

ချောင်းနှစ်ခွမှာတော့ သင်္ဘောရပ်တာ နည်းနည်း ပိုကြာသည်။ ချောင်းနှစ်ခွပြီးရင်တော့ ဦးလေး…ဆိပ်ကမ်း…။

ကျိုက်မရော ရောက်ရင်တော့ မောင်သွင်ယု ဆင်းရမည်။ မော်လမြိုင်အထိ ဆက်စီးသွားရင် မိုးအတော်စုံးစုံးချုပ်မှ ရောက်မှာမို့ ကျိုက်မရောမှာ ဆင်း…၊ ပြီးရင်တော့ လိုင်းကားဖြင့် မော်လမြိုင်ကို ဆက်သွားပေါ့။

မော်လမြိုင်ရောက်ရင်တော့ တည်းနေကျ `စည်းစိမ်ရှင်´ တည်းခိုခန်းမှာ အခန်းလွတ်တခုခုတော့ ရနိုင်လောက်သေးပါရဲ့။

***

ကလိုစေးထူး

(ကျနော့်ကို ငယ်ငယ်ကဆို ဖေဖေမေမေက အမြဲ ကြည်စယ်လေ့ရှိတာ တခုရှိတယ်။ အမြှောက်ကြိုက်တဲ့။ အခုလဲ အဲဒီလို ဖြစ်နေပြီထင်ပါရဲ့။ ကျနော့်ကို အားပေးကြတဲ့ မိတ်ဆွေတချို့ရဲ့ အမြှောက်ကောင်းမှုနဲ့ ကျနော် အခုရက်ပိုင်းတွေမှာ သရုပ်ဖော် စာလေးတွေကို ပိုအရေးစိတ်သလို ဖြစ်နေတယ်။ အဲဒီစာလေးတွေ ရေးနေရတာကလဲ စိတ်ကို ပိုပြီးတော့ အေးချမ်းစေသလို ဖြစ်နေလို့ ဖတ်သူတွေအနေနဲ့ ရိုးအီသလိုဖြစ်နေရင်တော့ ခွင့်လွှတ်ကြပါလို့…။)

Monday, February 25, 2008

တော်ရာမှာ နေရတဲ့အခါ... (၁)

ပြီးခဲ့တဲ့ စနေနေ့ကပါ။

Lutheran Social Services(LSS) လို့ ခေါ်တဲ့ အဖွဲ့တခုက ဖိတ်တာနဲ့ ဆီမီနာ တခုကို သွားတက်ဖြစ်ခဲ့ပါတယ်။ LSS အဖွဲ့ဟာ အမေရိကန် နိုင်ငံကို ရောက်လာတဲ့ ကမ္ဘာအရပ်ရပ်က ဒုက္ခသည်တွေကို ကူညီထောက်ပံ့ပေးနေတဲ့ အဖွဲ့ တခုဖြစ်ပြီးတော့ ကျနော် အခု လက်ရှိနေနေတဲ့ ပြည်နယ် အပါအ၀င် တခြားသော ပြည်နယ် အတော်များများမှာပါ ရုံးစိုက်ပြီးတော့ ဒုက္ခသည်များ ပြန်လည် နေရာချထားရေးကို ဆောင်ရွက်ပါတယ်။

လွန်ခဲ့တဲ့ တပတ်ကျော်လောက်ကတည်းက ဖိတ်ထားတဲ့ အဲဒီ ဆီမီနာကို ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ တစတစနဲ့ မြန်မာတွေ များစပြုလာပြီ ဖြစ်တဲ့ ကျနော်တို့ ပြည်နယ်မှာ Burmese Community တခု ထူထောင်နိုင်ဖို့အတွက် အစပျိုးချင်တဲ့ ရည်ရွယ်ချက်ပါ။ LSS မှာ တာဝန်ရှိသူတချို့၊ ထမ်ဟင်းနဲ့ မယ်လ ဒုက္ခသည်စခန်းတွေကနေ သိပ်မကြာသေးခင်ကမှ ရောက်ရှိလာကြတဲ့ ကရင်လူမျိုး တချို့အနက် သြဇာညောင်းဟန် ပုဂ္ဂိုလ်တချို့နဲ့ အတူ LSS ကနေ ရွေးချယ် ဖိတ်ကြားထားသူ တချို့ အဲဒီ ဆီမီနာကို တက်ရောက်ကြပါတယ်။

မနက် ကိုးနာရီကနေ ညနေ လေးနာရီခွဲအထိ ပြုလုပ်ခဲ့တဲ့ အဲဒီ ဆီမီနာကို တက်ရောက်အပြီးမှာ တွေးစရာ၊ ရေးစရာတွေ အတော်များများ ရလာခဲ့ပါတယ်။ ဒါပေမယ့် ရေးသင့်၊ မရေးသင့်တော့ အတော်လေး ချီတုံချတုံ ဖြစ်ခဲ့ပါသေးတယ်။ အသေအချာ စဉ်းစားပြီးတဲ့ အချိန်မှာတော့ ဒါဟာ တစုံတရာ အကျိုးရှိတဲ့ လုပ်ရပ်တခု ဖြစ်လောက်မှာပါလို့ သုံးသပ်မိလို့ ကျနော် ဒီပို့စ်ကို ရေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

***

ဒုက္ခသည်

ကမ္ဘာကြီး တခုလုံးမှာ လူတွေဟာ အတ္တ၊ မာန်မာန၊ အမုန်းတွေ၊ အညိုးတွေ၊ ၀ါဒစွဲတွေ ကြောင့် လူသားအချင်းချင်း ဖိနှိပ်တိုက်ခိုက်ရာကနေ စစ်ပွဲတွေ ဖြစ်လာရပါတယ်။ တိုင်းပြည် တပြည်နဲ့တပြည် တိုက်ခိုက်တဲ့ စစ်ပွဲတွေ ဖြစ်ကြသလို တိုင်းပြည် တခုတည်းမှာကိုပဲ မတူညီသူတွေခြင်း တဖက်နဲ့တဖက် ပဋိပက္ခပေါင်းများစွာ ဖြစ်ကြရာက မငြိမ်းချမ်းမှုတွေ ဖြစ်ပေါ်လာရပါတယ်။ အဲဒီ မငြိမ်းချမ်းမှုတွေရဲ့ အစပျိုးမှုကနေ တဆင့်ပဲ `ဒုက္ခသည်´ ဆိုတဲ့ စကားရပ် ပေါ်လာရပါတယ်။

ဒီဘက်နောက်ပိုင်း ခုနှစ် လေးငါးခုလောက်မှာ ဆိုရင် မြန်မာပြည်ကနေ ထွက်ပြေး တိမ်းရှောင်လာရသူတွေဟာ ပမာဏ ပိုများလာပါတယ်။ ပြည်တွင်းစစ်ဒဏ်ကြောင့် နေရပ်ကို စွန့်ခွာရသူ စစ်ပြေး ဒုက္ခသည်များ၊ နိုင်ငံရေး ယုံကြည်ချက်အရ ဖိနှိပ်ကွပ်ညှပ် ခံရလို့ တိမ်းရှောင်လာရသူ ပုဂ္ဂိုလ်များဟာ မြန်မာပြည်ရဲ့ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေး အကျပ်အတည်းပေါ်မှာ တည်မှီပြီးတော့ ပမာဏတွေ များသထက် များလာပါတယ်။

လက်ရှိ အုပ်ချုပ်သူတွေရဲ့ ဒဏ်က ဝေးရာကို တိမ်းရှောင်ကြရာမှာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံတွေအနက် လက်ရှိ မြန်မာအာဏာပိုင်တွေနဲ့ အလျဉ်းသင့်နေတဲ့ ကွန်မြူနစ် နိုင်ငံ တရုတ်ထက်စာရင် အိန္ဒိယနိုင်ငံ နဲ့ ထိုင်းနိုင်ငံတွေဆီကို ပိုမို ထွက်ခွာကြတာ များပါတယ်။

ပြည်တွင်း ပဋိပက္ခတွေ ပိုဖြစ်လာလေလေ၊ အတိဒုက္ခရောက်ရသူတွေ ပိုများလာလေလေရဲ့ ပြယုဂ် တခုအနေနဲ့ကတော့ မြန်မာနဲ့ ထိုင်းနယ်စပ် တလျှောက်မှာ ဒုက္ခသည် စခန်းတွေ တသီတတန်းကြီး ပေါ်ထွန်းလာတော့တာပါပဲ။

***

တိုင်းပြည်အုပ်ချုပ် ဗိုလ်လုပ်နေနဲ့ ပုဂ္ဂိုလ်တွေနဲ့ အလျဉ်း မသင့်လို့ဘဲ ဖြစ်ဖြစ်၊ အဲဒီ ပုဂ္ဂိုလ်တွေရဲ့ စစ်ဆင်တိုက်ခိုက်မှုကြောင့် နေရပ်ကို စွန့်ခွာလာသူတွေပဲ ဖြစ်ဖြစ် မူရင်းနေရပ်ကနေ တိမ်းရှောင်လာတဲ့ နောက်ပိုင်းမှာ မိမိရဲ့ ဘ၀ရပ်တည်နေထိုင်မှု ရှေ့ရေးအတွက်၊ မိမိရဲ့ အသက်အန္တရာယ် လုံခြုံရေးအတွက် အကူအညီ အစောင့်အရှောက် ရဖို့အတွက် အားကိုးအားထားစရာ အဖွဲ့အစည်းကတော့ `ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)´ ဖြစ်ပါတယ်။

ဆက်ရန်…

Friday, February 22, 2008

နိုင်ငံခြား သွားမယ်ဆိုရင်… (၃)

တနေ့က ဖြစ်ပါတယ်။

`နိုင်ငံခြား သွားမယ်ဆိုရင်´ ပို့စ်တွေကို ဖတ်မိတဲ့ စင်္ကာပူက မချိုက ကျနော့်ဆီကို အီးမေးလ်ပိုပြီး သူရဲ့ စင်္ကာပူရောက် အတွေ့အကြုံတွေကို အင်္ဂလိပ်ဘာသာနဲ့ ရေးသား ဝေမျှ ပေးပို့ပေးလိုက်ပါတယ်။

တကယ်တော့ အဲဒီ ပို့စ်တွေကို တင်ဖြစ်ဖို့ စိတ်ကူးက ကျနော်က စတင် ရခဲ့တာတော့ မဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီ ပို့စ်တွေမှာ ကျနော့် မိတ်ဆွေ သူငယ်ချင်းတွေ အတော်များများက မိမိရောက်နေတဲ့ နိုင်ငံအလိုက် နိုင်ငံခြားကို သွားမယ်ဆိုရင် ဘယ်လိုဘယ်ပုံ ပြင်ဆင်သင့်တယ်၊ ဘာတွေ တွေ့ကြုံရနိုင်တယ်ဆိုတာကို အားတက်သရော ဆွေးနွေးပေးကြလို့ အတော်လေးကို မြိုင်မြိုင် ဆိုင်ဆိုင် ဖြစ်ခဲ့ပါတယ်။

အဲဒီပို့စ်တွေရဲ့ နောက်ဆက်တွဲ အနေနဲ့ ကျနော် စဉ်းစားမိတာ တခုကတော့ ကျနော်တို့တွေလို ပြည်ပကို ရောက်နေသူတွေရဲ့ လုပ်ငန်းခွင် အတွေ့အကြုံ၊ အလုပ်ရှာဖွေရတဲ့ အတွေ့အကြုံ၊ အခက်အခဲ အစရှိတာတွေကိုပါ မိမိ ရောက်နေကြတဲ့ နိုင်ငံအလိုက် ကိုယ့်အတွေ့အကြုံကို ကိုယ် တင်ပြဆွေးနွေးရင် ပိုလို့ ပြည့်စုံမလား ဆိုတာပါပဲ။

ဒါကြောင့် ပထမဆုံး ပို့စ်မှာတုန်းကလိုပဲ မေးခွန်းလေးတွေနဲ့ အတူ အတွေ့အကြုံတွေ ဖလှယ်ကြည့်စေချင်ပါတယ်။ ကျနော့်ရဲ့ အတွေ့အကြုံတွေကိုလဲ နောက်ပိုင်းမှာ ကွန်မန့်အဖြစ် ဆက်လက် တင်ပြပါမယ်။

ကျနော် ဖြေကြားပေးစေချင်တဲ့ မေးခွန်းတွေကတော့…

(၁) အခု ရောက်နေတဲ့ နိုင်ငံမှာ လက်ရှိ ဘာအလုပ်လုပ်ကိုင်နေရပါသလဲ။ အဲဒီ အလုပ်ရဖို့ကို ဘယ်လိုကြိုးစားခဲ့ရတယ်၊ အခက်အခဲတွေ ဘာတွေ ရှိခဲ့တယ် ဆိုတာကို ဆွေးနွေးစေချင်ပါတယ်။

(၂) အခု လက်ရှိအလုပ်ကရော သင့်ရဲ့ မျှော်မှန်းချက်ကို အတိုင်းအတာ တခုအထိ အထောက်အကူ ပြု ဖြည့်ဆည်းပေးနိုင်ပါသလား။ ဥပမာ- လုပ်ချင်တဲ့ အလုပ်နဲ့ လက်ရှိ လုပ်နေရတဲ့ အလုပ်က တထပ်တည်း ကျပါရဲ့လား။

(၃) အခု လက်ရှိရောက်နေတဲ့ နိုင်ငံမှာ မြန်မာလူမျိုး အလုပ်သမားတွေ ကြုံရလေ့ ရှိတဲ့ အခက်အခဲတွေကို ဆွေးနွေးစေချင်ပါတယ်။

(၄) ဘာသာစကား မတူညီမှုကြောင့် ဆုံးရှုံးရလေ့ရှိတဲ့ အလုပ်အကိုင်ကောင်းတွေ အကြောင်းကို တွေ့ကြုံမိသမျှ ရေးသားပေးစေချင်ပါတယ်။

(၅) မြန်မာနိုင်ငံကနေ ပြည်ပထွက် အလုပ်လုပ်ကိုင်လိုသူတွေ အတွက် အကောင်းဆုံးသော အကြံဉာဏ်ကို မိမိတွေ့ကြုံဖူးတဲ့ အတွေ့အကြုံနဲ့ ယှဉ်ပြီး ရေးသား အကြံပြုစေချင်ပါတယ်။

အထက်ပါ မေးခွန်းတွေကို မည်သူမဆို အင်္ဂလိပ်ဘာသာနဲ့ပဲ ဖြစ်စေ၊ မြန်မာဘာသာနဲ့ပဲ ဖြစ်စေ ဖြေကြားပေးပြီး မိမိရဲ့ အတွေ့အကြုံတွေကို ဝေမျှပေးစေလိုပါတယ်။ ကွန်မန့်မှာ ရေးရတာ အခက်အခဲ ရှိလို့ ကျနော့်ဆီကို အီးမေးလ်နဲ့ ပေးပို့လိုသူတွေကတော့ klosayhtoo@gmail.com ကို ပေးပို့နိုင်ပါတယ်။

ကျနော့်ဆီကို ပေးပို့လိုက်တဲ့ မချိုရဲ့ စင်္ကာပူရောက် အတွေ့အကြုံတွေကို အောက်မှာ ထပ်ဆင့် ဖော်ပြလိုက်ပါတယ်။

ကလိုစေးထူး


Dear Ko-Say-Htoo,

Thank you for allowing me to share my knowledge. I had read your post “Going to foreign land” and also read the letter from “Ma Mar La”. She contributes very useful info about Japan and America. I just want to add some for Singapore.

I am working in Singapore for 13 years and hope that my contribution will be useful for our own country people.

I do not have Burmese font. Please allow me to write in English.

This is only general information for coming to Singapore.

(1) Apply Visa

You may apply Visa at Singapore Embassy in Myanmar. Usually, you can get one month multi-entry visa.

(2) Immigration check point at Singapore air port

Upon arriving at Singapore airport, immigration officer will give you reasonable length of stay, depends on visa validity, return air ticket, etc.. Usually 2 weeks or one month. This is called social visit pass (SVP).

(3) Stay in SG during social visit pass

During social visit pass (SVP), you may try to get job via news paper, job ad web or agents. In SG, the law is very hush for over-stayer. That’s why must be very careful of SVP validity. Before expire of SVP, need to apply extension on line at immigration web. Depends on your data, you will get final extension one month or sometimes you may not get any extension. Once your SVP is expired you must leave the country.

(4) Hunting Job

Basically 2 types of work pass.

· work permit for general worker (education is not necessary)

· S pass, Q pass and P pass for professional (Engineer, Accountant, Nurse..etc )

Work Permit;

I am not sure about ‘work permit’. Generally they go-through by agent before they enter to SG. I will gather more info and write to u.

S pass, Q pass and P pass for professional ;

For hunting job, your certificate is not 100% majority. Employer just wants to know what you can do practically in your professional field. Language skill also important.

Hunting job is all depends on your own ability and luck.

In SG, a lots of Burmese working as professional including ladies, mostly in Engineering field. Also a lots of people going back without getting job. Therefore very hard to shown in % of success.

(5) Apply work pass

If you secure the job during SVP, your company will apply work pass for you. Work pass types are varies depends on salary range. Processing time is about 3weeks. If your SVP is expired during processing, u may get extension.

(6) Approval of work pass

Approval of work pass depends on ;

  • Education (Diploma or Degree)
  • Related working experience
  • Salary
  • Job Nature (must be relevant to education and work experience)

Copy of Education Certificates and work experience testimonials must be submitted. Also, approval of work pass depends on company performance.

If work pass is approved, you are granted to work in your company for 2 years and extendable. Those people with salary S$ 2500 and above can bring family with children under 21yrs old. You may apply “Permanent Resident” after work pass is issued. Approval is case by case basic and own merit.

(7) Rejection of work pass

If work pass application is rejected, your company may submit appeal. If rejected again, you may look for another job and your SVP will not be extended and you have to leave SG. Alternatively, you may try to get student pass from private school.

This is only general info for Burmese passport holder and may not be applicable for all circumstances.

If my contribution is not complete or mislead, I welcome the correction.

Thank you.


Ma Cho

Wednesday, February 20, 2008

စပါး ရိတ်ချိန်…

မိုးမှ မလင်းသေး…၊ အိမ်ခေါင်းရင်း ပျဉ်းမပင်ပေါ်မှာ တကျီကျီတကျာကျာဖြင့် ဆူညံနေအောင် အသံစာလှသည့် စာငှက်ကလေးတွေရဲ့ အသံကြောင့် သူ အိပ်ရာက နိုးလာတော့သည်။ ဒီစာငှက်ကလေးတွေက မိုးတွင်းချိန်ဆို ဘယ်ဆီရောက်နေတယ် မသိ၊ အခုလို စပါးသိမ်းချိန် ဆောင်းရောက်လာရင်တော့ ညနေစောင်းရင်လည်း ညနေစောင်းမို့ တစီစီ…၊ အခုလည်း မိုးလင်းစပင် မရှိသေး… သူတို့ အသံတွေက ဆူညံနေလေပြီ။

အိမ်ရှေ့ ပြတင်းမှတဆင့် အပြင်ကို လှမ်းငေးကြည့်တော့ ဘကြီး ဦးကုလားတယောက် မြူမှုံဝေေ၀၀ါး ကြားမှာ နွားနှစ်ကောင်နှင့် အလုပ်ရှုပ်နေ၏။ ခဏနေရင် လှည်းတပ်တော့မည် ထင်သည်။ အင်း…၊ တကယ်တော့ တအိမ်သားလုံးက စောစီးစွာ နိုးနှင့်နေပြီး သူ တယောက်ထဲ အိပ်ရာထဲမှာ ကျန်ခဲ့သည်ပဲ။

နောက်ဖေး ရေကပြင်ဆီသွားပြီး သွားတိုက် မျက်နှာသစ်ဖို့ မီးဖိုချောင်ထဲဝင်ကာ ဆားအိုးထဲမှ ဆားသွားနှိုက်ရသည်။

`နဂျယ်ကောင်လေး၊ လိုက်မှာလား၊ အိမ်စောင့်မှာလား´

ဘကြီး ဦးကုလားအသံ သြသြက အိမ်ရှေ့တလင်းဆီမှ လွင့်ပျံ့လာတာမို့ ကမန်းကတန်းဖြင့် ပြန်အော်လိုက်ရသေးသည်။

`လိုက်မယ် ဘကြီး၊ ခဏလေးးးးးးး´

***

ဒီလိုအချိန်၊ ဒီလိုရာသီဆို သူတို့နယ်ဘက် လယ်တောတွေက ကြည့်လိုက်တိုင်း ရွှေဝါရောင် စပါးပင်တွေက စပါးနှံ ညွှတ်ထွားထွားဖြင့် လှချင်တိုင်းလှနေသည့် အချိန်…။ လေတိုက်လိုက်တိုင်း ယိမ်းနွဲ့နေတတ်တဲ့ စပါးပင်တွေက အလှမာန်မ၀င့်၊ မာန်မတင့်ပါ။ ရိတ်ပါတော့၊ သိမ်းပါတော့ဟု ခေါ်ငင်နေသည့်အလား လည်တိုင် တငြိမ့်ငြိမ့်ဖြင့် စပါးလှိုင်းလုံးတွေမှာ ကြည့်လို့ပင် ကောင်းသေးတော့…။

ဒါပေမယ့် ဘကြီး ဦးကုလားရဲ့ လယ်ကွက်ထဲမှာတော့ စပါးပင်တွေက ရိတ်သိမ်းဖို့ အလို့ငှာ တမြန်မနေ့ကပင် သူတို့ တူဝရီးတွေ ၀ါးလုံးရှည်များဖြင့် တွန်းလှဲထားသောကြောင့် စောင်းငဲ့နေလေပြီ။ ဒီလို တွန်းလှဲထားမှပင် စပါးတွေက ရိတ်ရလွယ်သည်ဟု ဘကြီးက ပြော၏။ သူကတော့ ဘာမှမသိ၊ မြို့သားတပိုင်း တောသားတ၀က်ဖြင့် ဘကြီး သင်ပေးသလိုသာ လိုက်လုပ်ရသည် အယောင်ယောင်အမှားမှား။ သူ့ပုံစံကို ကြည့်ပြီး ဘကြီးကတော့ တဟားဟားဖြင့် သဘောကျမဆုံး…။ ဒါပေမယ့် သူ ပျော်ပါသည်။

ဒီနေ့ မနက်တော့ သူတို့ စပါးသွားရိတ်ကြတော့မည်။ အခုလောက်ဆို လယ်ထဲမှာ စပါး လာကူရိတ်ပေးကြမည့် ဘကြီးမိတ်ဆွေ တချို့ရွာသားတွေ ရောက်နှင့်နေပြီလား မသိ။ ဒေါ်ကြီးသန်းကတော့ မိုးမလင်းခင်ကတည်းက အိပ်ရာထလို့ ချက်ပြုတ်ပြီးနှင့်ပြီ။

`ဟိုကောင်၊ လှည်းကို သေချာမောင်း´

ဘကြီးက သူ့သား ကျော်စွာကို မှာပြီး ရှေ့ကတလှည်းကို မောင်းနှင့်သည်။ သူတို့ မောင်နှမတွေက နောက်လှည်း တစီး…၊ တဟိတ်ဟိတ်ဖြင့် အော်ငေါက်ရင်း လှည်းမောင်းနေသည့် ကျော်စွာ့အသံက လှည်းသံ တဂျောင်းဂျောင်းနှင့် အတူ နံနက်ခင်း မြူတွေကို တိုးဝှေ့လို့ လယ်ကွင်းတွေဆီကိုပေါ့…။

***

လယ်ကွက်တွေထဲ ရောက်တော့ ရောက်နှင့်နေသော ရွာသား တယောက်၊ နှစ်ယောက်က စပါးတောင် ရိတ်နှင့်နေပြီ။

`ဦးကုလားရေ…၊ ဖိုးလူဗူးတို့ ဖိုးမောင်တို့လည်း လိုက်လာလိမ့်မယ်တဲ့ဗျ´

`အေး…အေး´ ဟု ပြန်အော်ပြောရင်း ဘကြီးတယောက် လှည်းတံပိုးမှ နွားများကို ချွတ်၊ လှည်းဦးကို လှည်းထောက်နဲ့ ထောက်လို့ နွားတွေကို ချည်တိုင်မှာ ခပ်မြန်မြန် ချည်ပါသည်။

`ဘကြီး…၊ သားလဲ ရိတ်ကူရမှာလား´

သူများတကာတွေ အလုပ်ကိုယ်စီဖြင့် ဇယ်ဆက်နေသလောက် တခါမှ လယ်မလုပ်၊ စပါးမရိတ်ဘူးသော သူ့မှာတော့ ကြောင်အမ်းအမ်း နိုင်လှတာမို့ ဘကြီးကို လှမ်းမေးလိုက်တော့ ဘကြီးက…

`ရိတ်တော့ မရိတ်နဲ့၊ မင်းလက်ပါ ပါသွားအုံးမယ်။ မင်းဒေါ်ကြီး စည်းပြီးသား ကောက်လှိုင်းတွေကို လှည်းပေါ် ထမ်းကူချေ´

`ဟုတ်ကဲ့´

ဒေါ်ကြီးက ရှေ့က ရိတ်သွားသူတွေ ပုံချထားခဲ့သော စပါးပင် အပုံလေးတွေကို စုရင်း အနေတော် ကောက်လှိုင်းစည်းတွေ တစည်းပြီး တစည်း စည်းသည်။ နေ အတန်ငယ် မြင့်လာတော့ လယ်ကွက်ထဲမှာ ကောက်လှိုင်းစည်းတွေ ဟိုနားတစည်း ဒီနားတစည်း ဖြစ်နေပြီ။ ဒီလိုနဲ့ လှည်းပေါ်မှာ တင်လာသော အရှည် တလံကျော်ကျော်ခန့် ဟိုဘက်ထိပ်၊ ဒီဘက်ထိပ်တွေမှာ မတုံးလွန်းမချွန်လွန်းတဲ့ ၀ါးဆစ်ပိုင်းတွေကို သွားယူလို့ ဒေါ်ကြီးစည်းထားသမျှ ကောက်လှိုင်းတွေကို ၀ါးတံ ဟိုဘက်ထပ် တထုံး၊ ဒီဘက်ထိပ် တထုံး သီရင်း လှည်းပေါ် ထမ်းကူရသည်။

နေ့လည် ထမင်းစားချိန်မတိုင်ခင်မှာ ကောက်လှိုင်းလှည်းတစီးစာရတော့ ဘကြီးက လယ်ကွက်ထဲက တက်လာလို့ အိမ်ကို တခေါက်မောင်းပို့ရသည်။

`ဖိုးကောက်နဲ့ နဂျယ်ကောင်၊ ကောက်လှိုင်းပေါ် တက်ထိုင်လိုက်ခဲ့ပေး´

လှည်းစီးရသည့် အရသာထဲတွင် ကောက်လှိုင်းစည်းတင်ထားသော လှည်းကို စီးရတာ အရသာ အရှိဆုံးဟု သူထင်သည်။ ကောက်လှိုင်းတွေ ပြည့်မောက်နေအောင် တင်ထားသော လှည်းဆောင့်လိုက်တိုင်း အိခနဲ ဖြစ်လိုက်၊ ကောက်လှိုင်းစည်းတွေ ယိမ်းသွားတိုင်း အောက်ကို ပြုတ်မကျသွားအောင် ထိန်းကိုင်ရင်း ယီးလေးခိုသလို စီးပြီး လိုက်ရသော အရသာကို သူ အကြိုက်ဆုံး။

***

နေ့လည်စာကတော့ ဘကြီးတို့ ခြံထွက် ခရမ်းသီး ရေလုံပြုတ်ဟင်း၊ ကောက်ကောက်ညွှန့်ကြော်၊ ငပိထောင်း၊ ဇရစ် ဟင်းချို၊ စိန်ခို(သီဟိုဠ်) ရွက်နု တို့စရာ…။ ဆာဆာနှင့် စားလိုက်ကြတာ ချက်လာသမျှ ထမင်းဟင်း တက်တက်ပြောင်…။ ပြီးရင်တော့ ပူပြင်းတဲ့ ဆောင်းနေမင်းဒဏ်ကို လယ်ကွက်ဘေးက ဘန့်ဘွေးပင်ကြီးအောက်မှာ ခဏနားရင်း အကာအကွယ်ယူရ၏။ တချို့ကတော့ တမှေးတမော…။

စပါးလာရိတ်ကူကြသူတွေအနက် ရွာထဲက ကာလသားကြီး တချို့ကတော့ သူများတွေ နားချိန်မှာ မနားကြပါ။ ပေါက်ပြားတလက်၊ ငါးချောင်းခွ စူးကို ကိုင်လို့ လယ်ကန်သင်းရိုးတလျှောက် လမ်းသလားပြီး မြွေရှာထွက်ကြသည်။ တခါတခါလည်း မနက်စောစော ၈ နာရီခန့်လောက်ဆိုရင် တွင်းပြင်ထွက်လာတတ်သော မြွေပွေးတချို့က နေစာထွက်လှုံတတ်သည်။ ညနေစောင်းရင်တော့ ပူလွန်းတဲ့ ရာသီကြောင့် ဖုတ်ထွက်လူးလေ့ ရှိသည်။ ဒီလို နေ့လည်စောင်းတွေကတော့ တွင်းထဲမှာသာ ခွေနေတတ်တာ များသော မြွေပွေးတွေကို ဟင်းစားအတွက်လဲဖြစ်၊ စပါးရိတ်သူတွေကို ကိုက်မယ့်ရန်ကလည်း အကာအကွယ်ပြုပြီးသားဖြစ်အောင် မြွေရှာထွက်ကြခြင်းပင်…။

မြွေဆိုတဲ့ သတ္တ၀ါကက ခြေမရှိလက်မရှိနှင့် ကိုယ်တိုင်ကိုယ်ကျ တွင်းတူးတတ်သည့် အကောင်မဟုတ်…။ ဒီတော့ ကြွက်တွင်းတွေကိုသာ ၀င်အောင်းတတ်၏။ မြွေတွင်းနဲ့ ကြွက်တွင်းက ခွဲရတာ သိသာသည်ဟု ဆိုသည်။ ကြွင်းဝမှာ မြေသားတွေ ဖွာလန်နေရင် ကြွက်တွင်း၊ တွင်းနှုတ်ခမ်းက အထဲကို လုံးလုံးလေး ခုံးနေရင် မြွေတွင်းဟူ၏။ မြွေအောင်းနေတာ သေချာလောက်တဲ့ တွင်းပတ်လည် တပေခွဲ၊ နှစ်ပေသာသာလောက်ကို ပေါက်တူး၊ သံတူရွင်းတွေနဲ့ တူးဆွ…၊ ခွေနေတဲ့ မြွေကို အစအန မြင်တာနဲ့ ငါးချောင်းခွ စူးနှင့် လှမ်းထောက် ဖမ်းရ၏။ အန္တရာယ်တော့ အများသား…။

လင်းမြွေလို အကောင်မျိုးကျတော့ အရေခွံဆုတ်ပေမယ့် သူတို့ နယ်ဘက်မှာကတော့ မြွေပွေးသားမှန်လျှင် အရေခွံဆုတ်ပြီးမှ စားသူကို `လူမိုက်´ ဟု သတ်မှတ်သတဲ့။ မြွေပွေး အရေခွံက အရေခွံတွေထဲမှာ အရသာ အရှိဆုံးဆိုပဲ…။ ကြက်သွန်ဖြူနီ၊ အမွှေးအကြိုင် ငရုတ်သီး ခပ်စပ်စပ်ချက်ထားသော မြွေသားကို သူ စားဖူးသော ပထမအကြိမ်မှာပင် အရသာတွေ့သွားခဲ့ဖူးသည်။ ကာလသားတွေ မြှောက်ပေးကောင်းလို့ မြွေပွေးသည်းခြေကို ဂလုခနဲမျိုပြီး အရက်တကျိုက်ဖြင့်လည်း မျှောချဖူးလိုက်သေးသည်။

***

နေ့လည် နှစ်ချက်တီးခန့်ရောက်တော့ နားနေမှေးအိပ်သူတွေလည်း ပြန်ထ၊ မြွေရှာထွက်သူတွေလဲ ပြန်ရောက်လို့ စပါးရိတ် လုပ်ငန်း ပြန်စရပြန်သည်။ မြွေရှာသူတွေ အလုပ်ဖြစ်လိုက်ကြ၏။ ဓာတ်ခဲအကြီးလုံးပတ် အရွယ်သာသာ မြွေပွေး နှစ်ကောင် ရခဲ့ကြသည်။

နေ့လည်ချိန်ကတော့ ပူပြင်းလွန်းသည့် နေဒဏ်ကြောင့် ပင်ပန်းလှသည်။ ဒီကြားထဲ ကောက်လှိုင်းတွေက ပေးတဲ့ ယားကျိကျိအရသာက ချွေးစေးနဲ့ ရောထွေးရင်း အနေရခက်လှသည်။ နေသားကျနေသော ရွာသားတွေကတော့ ဒါတွေက ရိုးနေချေပြီ။ သူ့မှာသာ ကောက်လှိုင်းစည်းလေး ဟိုဘက် နှစ်ထုံး၊ ဒီဘက် နှစ်ထုံးကို ဒယီးဒယိုင်ထမ်းရင်း၊ ကျောကို တဗြင်းဗြင်းကုတ်လိုက်၊ အပင်အောက်မှာ ခဏခဏ သွားထိုင်လိုက်နှင့်…။

ညနေစောင်းလို့ နေ၀င်လုမှပင် လယ်ကွက်ထဲက စပါးပင်တွေ ကုန်စင်အောင် ရိတ်သိမ်းလို့ ပြီးတော့သည်။ တံစဉ်ကိုယ်စီဖြင့် ရွာသားတွေနဲ့ ဘကြီးဦးကုလားတို့ လယ်ထဲက တက်လာချိန်မှာ သူတို့ ထမ်းတင်ထားလို့ ကောက်လှိုင်းထုံးတွေ ပြည့်သိပ်နေသော လှည်းတွေကလဲ အဆင်သင့် ဖြစ်နေလေပြီ။

ကောက်လှိုင်းထုံး တအိအိဖြင့် လှည်းပေါ်မှာ စီးလို့ အိမ်ပြန်ရအုံးမည်။ အိမ်ကိုရောက်ရင် ကောက်လှိုင်းထုံးတွေကို လှည်းပေါ်မှ ချရအုံးမည်။ စပါးနယ်ဖို့အတွက် တလင်းထဲမှာ ကောက်လှိုင်းတွေကို ဖြန့်ရအုံးမည်။ မိုးချုပ်လျှင် လရောင်ကို အမှီပြုလို့ စပါးနယ်ရအုံးမည်။

သူနဲ့ ကျော်စွာကတော့ အိမ်ကို ရောက်လို့ ကောက်လှိုင်းထုံးတွေ ချပြီးတာနဲ့ ချောင်းထဲကို ရေအမြန်ဆင်းချိုးပြီး ရွာထဲကို ခြေဆန့်ရပါမည်။ နေ့လည်က ရထားတဲ့ မြွေနှစ်ကောင်ကို ချက်ကြမယ့် ကာလသားတွေဆီကိုပေါ့…။ မိုးသိပ်မချုပ်ခင်တော့ စပါးနယ်ဖို့ ပြန်လာရပါအုံးမည်။ သြော်… ဟိုလူတွေ တိုက်လွှတ်လိုက်တဲ့ အရက်နံ့ မထွက်အောင် အိမ်ကို ပြန်မရောက်ခင် မာလကာရွက်တွေဝါးပြီး ကွမ်းယာပါ မြုံ့လာမှ…။ တော်ကြာ ဘကြီး ဦးကုလားသိလို့ နားရင်းအုပ်နေမှဖြင့်…။


ကလိုစေးထူး


(ကျနော် ပြီးခဲ့တဲ့ သောကြာနေ့က အာသီးရောင်ပြီး ထမင်းလဲစားမရ၊ ရေလဲ သောက်မရဖြစ်နေတာနဲ့ အလုပ်တောင် မသွားနိုင်ဘဲ ဆေးခန်းသွားပြလိုက်ရပါတယ်။ အပြောင်းအလဲ မြန်ဆန်လွန်းလှတဲ့ ရာသီဥတုကြောင့် ထင်ပါရဲ့။ နေပြန်ကောင်းပြန်တော့လဲ တော်တော်နဲ့ စာမရေးဖြစ်လိုက်ပြန်ပါဘူး။ အသစ်တင်လေမလားလို့ လာလာဖတ်ကြတဲ့ ညီအကို မောင်နှမတွေကို အားနာလှပါတယ်။ ဒါကြောင့် ဒီနေ့တော့ ၀တ္ထုတိုလေး တပုဒ် ကြိုးစား တင်ဆက်ကြည့်ထားပါတယ်။ နောက်နေ့တွေမှာလည်း ဘလော့ဂ်ကို အတတ်နိုင်ဆုံး ဆက်လက်ရေးဖို့ ကြိုးစားပါ့မယ်။ အားလုံးပျော်ရွှင် အဆင်ပြေကြပါစေ။)

Monday, February 11, 2008

ပြည်ထောင်စုနေ့မှာ…



`ဒို့ပြည်ထောင်စု အလံတော်သည် ~~~ တလူလူ လွှင့်လို့ ချီလာပြီ ~~~ ပြည်သူအပေါင်းတို့ ပျော်ရွှင်သည် ~~~ အလေးပြု အလေးပြုကြပါမည်´

ကျနော်တို့ အသက် ခပ်ငယ်ငယ်တုန်းကတော့ ပြည်ထောင်စုနေ့ အချိန်အခါ နီးပြီလားဆိုရင် အဲဒီ သီချင်းလေးကို ရေဒီယိုကနေ မကြာခဏဆိုသလို လွှင့်လေ့ရှိပါတယ်။

ပြည်ထောင်စုနေ့ကို ရောက်ဖို့ နီးကပ်လာပြီဆိုရင် ရန်ကုန်မြို့တော်ခန်းမမှာ တနှစ်တာ နားနေခဲ့တဲ့ ပြည်ထောင်စု အလံတော်ကို မြန်မာပြည်အနှံ့ ပြည်နယ်နဲ့ တိုင်းအလိုက် သယ်ဆောင်ပြီးတော့ ပြည်ထောင်စု အလံရောက်ရှိ ညအိပ်ရပ်နားရာ မြို့တွေမှာ ပြည်ထောင်စုနေ့ ပြပွဲတွေ ကျင်းပလေ့ရှိပါတယ်။ ရန်ကုန်မြို့တောင် ကျိုက္ကဆံကွင်းမှာ ဆိုရင်လဲ တိုင်းနဲ့ပြည်နယ် အလိုက်၊ ၀န်ကြီးဌာနအလိုက် ပြည်ထောင်စုနေ့ ပြခန်းတွေကို ပြသလေ့ ရှိခဲ့ပါတယ်။

***

၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ (၆၁) နှစ်မြောက် ပြည်ထောင်စုနေ့ ဖြစ်ပါတယ်။

ပြည်ထောင်စုနေ့ မရောက်မီမှာ ပြည်ထောင်စုနေနဲ့ ပတ်သက်တဲ့ သတင်း၊ ဆောင်းပါးတွေကို လေ့လာဖို့အတွက် လက်ရှိ မြန်မာအာဏာပိုင်တွေက ထိန်းချုပ်ထားတဲ့ နေ့စဉ်ထုတ် သတင်းစာတွေကို ဖတ်ရှုဖြစ်ခဲ့ပါတယ်။

စိတ်ပျက်စရာကောင်းတာကတော့ `ပြည်ထောင်စုနေ့ အကြို´ လို့ ခေါင်းစဉ်တပ်ထားတဲ့ ကဗျာ၊ ဆောင်းပါး၊ သတင်း အစ ရှိတာတွေရဲ့ အောက်မှာ လက်ရှိအုပ်ချုပ်သူတွေ လက်ထက်မှာကျမှ ကျနော်တို့ ရွှေပြည်ကြီး အလွန့်အလွန် တိုးတက်နေပါတယ် ဆိုတာကိုပဲ ကြံဖန်ဖော်ပြထားတာပါပဲ။ ပြည်ထောင်စုနေ့ ဘယ်လိုဖြစ်ပေါ်လာတယ်၊ ပြည်ထောင်စုနေ့ စိတ်ဓာတ်ကို ဘယ်လိုထိန်းသိမ်း ဖော်ဆောင်သင့်တယ်ဆိုတာကို အသားပေး မဖော်ပြဘဲနဲ့ ကြွားလုံးတွေကိုသာ `ပြည်ထောင်စုနေ့ အကြို´ လို့ ခေါင်းစဉ်တပ်တပ်ပြီး ဖော်ပြနေတာဟာ တော်တော်လေးကို စိတ်ပျက်စရာ ကောင်းပါတယ်။

အဲဒါတွေ အပြင် ၀မ်းနည်းစရာ ကောင်းတာ တခုကတော့ လှိုင်အောင်နဲ့ ငါးမင်းဆွေ အမည်ခံ တို့ ရေးသားကြတဲ့ `ပြည်ထောင်စုနေ့ အကြို ဂုဏ်ပြုဆောင်းပါး´ လို့ အမည်ခံ ဆောင်းပါးတွေမှာ ပြည်ထောင်စုနေ့ ပေါ်ပေါက်လာရခြင်းအကြောင်း တခုတလေမှ ဖော်ပြထားခြင်း မရှိတဲ့အပြင် `ဗိုလ်ချုပ်အောင်ဆန်း´ ဆိုတဲ့ အမည်နာမကိုတောင် တမင်ရှောင်ဖယ် ရေးလေရော့သလား ထင်ရလောက်အောင် တလုံးတပါဒမှ ထည့်သွင်းရေးသားခြင်း မရှိတာကို သတိထားမိပါတယ်။

***

လွန်ခဲ့တဲ့ ၆၁ နှစ် ကျော် အချိန်တုန်းကတော့ ဗမာပြည်မနဲ့ နယ်စပ်ဒေသတွေကို နိုင်ငံရေး အရဆက်သွယ်ခြင်း၊ ပေါင်းစည်းခြင်း မရှိနိုင်အောင် နယ်ချဲ့အစိုးရဟာ အစွမ်းကုန် ဆောင်ရွက်ခဲ့ပါတယ်။ နယ်စပ်ဒေသ လူမျိုးများနဲ့ ဗမာလူမျိုးများ အကြား သွေးကွဲစေဖို့ နည်းမျိုးစုံနဲ့ ခြေထိုးခဲ့ပါတယ်။

ဒါကြောင့်ပဲ အမျှော်အမြင် ကြီးမားလှတဲ့ ရှမ်းပြည်စော်ဘွားတွေဟာ နယ်စပ်ဒေသခေါင်းဆောင်များနဲ့ ဗမာပြည်မ ခေါင်းဆောင်များ ရှမ်းပြည်တနေရာမှာ တွေ့ဆုံပြီး နှီးနှောဖလှယ်ဖို့ စီမံခဲ့ပါတယ်။ အဲဒီလိုနဲ့ ၁၉၄၇ ခုနှစ် ပထမပင်လုံ ညီလာခံကြီး ပေါက်ဖွားလာခဲ့ပါတယ်။ ပထမ ပင်လုံ ညီလာခံကို တက်ရောက်ဖို့ ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုတဲ့ ဗမာခေါင်းဆောင်များအား ဖိတ်ကြားခြင်းကို ရှမ်းပြည်က မျက်နှာဖြူ အရာရှိတွေက တားဆီးပိတ်ပင်ဖို့ ကြိုးစားခဲ့ကြပါသေးတယ်။

ပထမ ပင်လုံညီလာခံကနေ အစပြုပြီးတော့ ပြည်ထောင်စုစိတ်ဓာတ်နဲ့ သဘောတရားများဟာ စတင် အမြစ်တွယ်ခဲ့ပါတယ်။ နယ်စပ်ဒေသ ခေါင်းဆောင်များ ညီညွတ်စွာ ပေါင်းစည်းမိခဲ့ကြပါတယ်။ အဲဒီကမှ တဆင့် ဒုတိယ အကြိမ်မြောက် ပင်လုံညီလာခံ ကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

၁၉၄၇ ခုနှစ်၊ ဖော်ဖော်ဝါရလ ၆ ရက်နေ့မှ ၁၂ ရက်နေ့ အထိ ကျင်းပတဲ့ ဒုတိယ ပင်လုံညီလာခံမှာ တော့ နယ်စပ်ဒေသ ခေါင်းဆောင်တွေဟာ အနာဂတ် ပြည်ထောင်စု ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီးတော့ တိုင်းပြု ပြည်ပြု လွှတ်တော်သို့ တက်ရောက်ဖို့ တညီတညွှတ်တည်း သဘောတူခဲ့ကြပါတယ်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာတော့ ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုတဲ့ ဗမာခေါင်းဆောင်များနဲ့ နယ်စပ်ဒေသ ကိုယ်စားလှယ်များဟာ သမိုင်းဝင် `ပင်လုံစာချုပ်´ ကို ချုပ်ဆို နိုင်ခဲ့ကြပါတယ်။ အဲဒီ ပင်လုံစာချုပ် ချုပ်ဆိုခဲ့တဲ့ နေ့ကို `ပြည်ထောင်စုနေ့´ ရယ်လို့ သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ပင်လုံစာချုပ် ချုပ်ဆိုခဲ့တဲ့ `ပြည်ထောင်စုနေ့´ ရဲ့ သရုပ်ဟာ ပြည်ထောင်စု စည်းလုံးညီညွှတ်ရေး (ပင်လုံ စိတ်ဓတ်)ပါပဲ။ ဒါကြောင့်လဲပဲ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ တိုင်းရင်းသား ခေါင်းဆောင်ကြီးတွေဟာ ကိုလိုနီနိုင်ငံဘ၀ကနေ လွတ်မြောက်ဖို့ ကြိုးပမ်းရာမှာ တဦးပေါ် တဦး အပြန်အလှန် ယုံကြည်လေးစားမှုတွေနဲ့ ညှိနှိုင်းဆွေးနွေး အဖြေရှာတဲ့ နည်းလမ်းကို ကျင့်သုံးပြီး ပြည်ထောင်စုသား အားလုံး တစည်းတလုံးတည်း ဖြစ်စေရေးကို အောင်အောင်မြင်မြင် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

ဒီတော့ ပြည်ထောင်စုနေ့ကို ရောက်တိုင်းမှာ ကျနော်တို့ နောင်မျိုးဆက်သစ်တွေနဲ့ တကွ ခေါင်းဆောင် ဖြစ်လတ္တံ့သော ပုဂ္ဂိုလ်များအနေနဲ့လည်း ပင်လုံစိတ်ဓာတ်ကို လက်ဆင့်ကမ်း ကိုင်စွဲထားဖို့ လိုအပ်ပါတယ်။

***

ဒီကနေ့ခေတ် ပြည်ထောင်စုနေ့တွေမှာ ပြည်ထောင်စု အလံ နိုင်ငံအနှံ့ လှည့်လှည်ပြီး အလေးပြုခံတဲ့ အစီအစဉ် မရှိတော့ဘူး။ ကိစ္စမရှိပါဘူး။ ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြပွဲခန်းမတွေ အရင်လို မလုပ်တော့ဘူး။ ဒါလဲ ပြဿနာ မရှိသေးပါဘူး။ ဒါပေမယ့် ပြည်ထောင်စုနေ့ ဆိုတာ ဘာလဲ၊ ပြည်ထောင်စုနေ့ ဘာကြောင့် ပေါ်ပေါက်လာလဲ၊ အဲဒီနေ့မှာ ဘယ်ပုဂ္ဂိုလ်တွေက ဘယ်လိုသဘောတူညီချက်တွေကို ဘယ်လိုခဲခဲယဉ်းယဉ်း ကြိုးစားရယူခဲ့ရတယ် ဆိုတာကို ပေါ်လွင်စေဖို့တော့ နှိုးဆွ အသိပေးဖို့ လိုအပ်ပါတယ်။ ဒါမှလဲ ပြည်ထောင်စုနေ့ကို သတ်မှတ်ထားရခြင်းရဲ့ အဓိပ္ပာယ်ဟာ ပိုမိုပေါ်လွင်မှာ ဖြစ်ပါတယ်။

နေ့တနေ့ သတ်မှတ်ထားလို့ ဒါတွေကို လုပ်ရမယ်လို့ မဆိုလိုချင်ပေမယ့် ဒီနေ့၊ ဒီရက်ဟာ ကျနော်တို့ တိုင်းပြည်ရဲ့ အလေးထားစရာ နေ့တနေ့အဖြစ်တော့ အသိအမှတ်ပြုစေချင်မိပါတယ်။ ဒါကြောင့် မမေ့နိုင်ကောင်းတဲ့ အဲဒီ သမိုင်းဖြစ်ရပ်တွေကို လေးစားစွာမှုအတူ တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်ခြင်း သရုပ်ကို ဆက်လက် ဖော်ဆောင်သွားခြင်းသည်သာလျှင် ပြည်ထောင်စုနေ့ကို အမှန်တကယ် လေးစားရာ၊ ဂုဏ်ပြုရာ ကျပါလိ့မ်မယ်။

အခုတော့ ကျနော်တို့ နိုင်ငံမှာ ဘယ်နေ့ကိုပဲ ရောက်ရောက် လက်ရှိအုပ်ချုပ်သူတွေအတွက် ကြံဖန်ကြွားလုံး ထုတ်စရာနေ့ကို ရောက်နေတဲ့ အလားပါပဲ။ ဒါဟာ သမိုင်းဝင်နေ့တွေကို စော်ကားရာလဲ ကျသလို သမိုင်းဝင် ခေါင်းဆောင်တွေကိုလဲ မထီလေးစား လုပ်ရာကျပါတယ်။

***

၁၉၉၇ ခုနှစ်၊ နှစ် ၅၀ မြောက် ပြည်ထောင်စုနေ့ အခါသမယမှာတုန်းက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ မိန့်ခွန်းကောက်နှုတ်ချက် တခုကို တင်ပြပါရစေ…

`ပြည်ထောင်စု မြန်မာနိုင်ငံဟာ အချုပ်အခြာ အာဏာပိုင် နိုင်ငံ အနေနဲ့ ရပ်တည်နိုင်ခဲ့တာဟာ အခုဆိုရင် ရာစုနှစ်ဝက်ခန့် ဖြစ်ပါပြီ။ ဒါပေမယ့်လည်း စစ်မှန်တဲ့ တိုင်းရင်းသား ညီညွှတ်မှုကို ကျမတို့ မစွမ်းဆောင် နိုင်ခဲ့သေးတာကြောင့်မို့လို့ ဒီဟာကို ပြည်ထောင်စု အစစ်လို့ ခေါ်ရမှာ အင်မတန်မှ ခက်ခဲနေပါတယ်။ ကျမတို့ စစ်မှန်တဲ့ သွေးစည်းညီညွှတ်မှု ရရှိဖို့ဆိုတာ ဘာလိုလဲ ဆိုတော့ ကျမတို့ တိုင်းရင်းသား လူမျိုးများ အားလုံးဟာ မိမိတို့ရဲ့ မျှော်မှန်းချက်တွေ၊ ရည်မှန်းချက်တွေ စိုးရိမ်ချက်တွေ၊ နာကျည်းချက်တွေ၊ မကျေနပ်မှုတွေကို ပွင့်ပွင့်လင်းလင်း အန္တရာယ်မရှိဘဲနဲ့ တင်ပြပေးနိုင်တဲ့ စနစ်တခု ရှိဖို့ လိုပါတယ်။ ဒီစနစ် တခု ရှိမှသာလျှင် ကျမတို့ ကြားထဲမှာ ရှိနေတဲ့ နားလည်မှု လွဲမှားနေတာတွေ၊ မကျေနပ်တာတွေကို ကွယ်ပျောက်သွားအောင် လုပ်နိုင်မှာ ဖြစ်ပါတယ်´

***

တကယ်တော့ တိုင်းပြည်ရဲ့ ပကတိ အခြေအနေကို ကောင်းစွာ နားလည်ပြီးတော့ တကယ့် ပြည်ထောင်စု အစစ်လို့ ခေါ်ဆို သတ်မှတ်နိုင်တဲ့ အခြေအနေဖြစ်လာအောင်၊ စစ်မှန်တဲ့ သွေးစည်း ညီညွှတ်မှု ရလာအောင် ဖော်ဆောင်ခြင်းသည်သာလျှင် ပြည်ထောင်စုနေ့ကို တကယ် တန်ဖိုးထားရာ ကျတယ်လို့ မြင်မိကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။


ကလိုစေးထူး


(ဓာတ်ပုံကို ခေတ်ပြိုင်ဝက်ဘ်ဆိုက်မှ ရယူပါသည်။)

Sunday, February 10, 2008

ကြည့်ဖြစ်ခဲ့တဲ့ ရုပ်ရှင်…

မနေ့က ဖြစ်ပါတယ်။

ကြည့်မယ်လို့ ရည်ရွယ်ထားပြီး တော်တော်နဲ့ မကြည့်ဖြစ်သေးတဲ့၊ ရုံတင်နေတာ ရက်အတန်ကြာပြီ ဖြစ်တဲ့၊ မြန်မာ ရုပ်ရှင်ကြည့် ပရိသတ်တွေကြားမှာ အသံတွေထွက်နေတဲ့ နာမည်ကျော် Rambo 4 ကားကို သွားကြည့်ဖြစ်ခဲ့ပါတယ်။

ရမ်ဘိုကားကို သွားကြည့်ရင်းနဲ့လည်း ဒီနိုင်ငံက ရုပ်ရှင်ရုံတွေနဲ့ ကျနော်တို့ ရွှေပြည်ကြီးက ရုံတွေ မတူခြားနားတာတွေ၊ နောက်ပြီးတော့ ဒီနိုင်ငံ ရုပ်ရှင်ရုံရဲ့ ၀န်ဆောင်မှုတွေကိုပါ ဗဟုသုတအနေနဲ့ လေ့လာခွင့်လဲ ရခဲ့ပါတယ်။

ရမ်ဘိုဇာတ်ကားကို ကျနော်ကြည့်ချင်နေတဲ့ အချက်ကတော့ ရှင်းပါတယ်။ အဲဒီ ဇာတ်ကားရဲ့ ဇာတ်အိမ်တည်ဆောက်ပုံက ကျနော်တို့ နိုင်ငံအကြောင်းနဲ့ ပတ်သက်နေလို့ပါ။ ဒီတော့ အဲဒီ ဇာတ်ကားအကြောင်း မပြောခင်မှာ သူတို့ဆီက ရုပ်ရှင်ရုံအကြောင်းကို တင်ဆက်ပါရစေ။


အဲဒါကတော့ ကျနော် သွားကြည့်ဖြစ်ခဲ့တဲ့ ကျနော်တို့ မြို့လေးက ရုပ်ရှင်ရုံပါ။

ဒီနိုင်ငံမှာ ရုပ်ရှင်ဇာတ်ကား အသစ်တွေကို ရုံတင် ပြသရာမှာ မြန်မာနိုင်ငံ (ကျနော်က မြန်မာနိုင်ငံက ရုပ်ရှင်ရုံမှာပဲ ရုပ်ရှင် ကြည့်ခဲ့ဖူးတာဆိုတော့ မြန်မာနိုင်ငံက ရုံတွေနဲ့ပဲ ချိန်ထိုး နှိုင်းယှဉ် တင်ပြပါရစေ) က ရုပ်ရှင်ရုံတွေနဲ့ ကွာခြားတာကတော့ ရုပ်ရှင်ရုံတရုံမှာ ရုပ်ရှင် တကားတည်းကိုသာ ရုံတင်တာ မဟုတ်ပါဘူး။

ဥပမာ- ကျနော်တို့ ရွှေပြည်ကြီးမှာကတော့ သမ္မတရုံမှာ ဇာတ်ကားတကား၊ ရှေ့ဆောင်ရုံမှာ တခြား ဇာတ်ကားတကား၊ အဲဒီလို ရုံတင်ပေမယ့် ဒီနိုင်ငံက ရုပ်ရှင်ရုံတွေမှာကတော့ လတ်တလော ရုံတင်နေဆဲ ဇာတ်ကားအတော်များများကို တရုံတည်းမှာပဲ ရုံတင်ထားပါတယ်။ ပြသတဲ့ အချိန်တွေက သူ့ဇာတ်ကားနဲ့သူ အချိန်ခွဲထားတဲ့ အပြင် ကြီးမားကျယ်ဝန်းလှတဲ့ ရုပ်ရှင်ရုံကြီးထဲမှာ သူ့အခန်းနဲ့သူ ဇာတ်ကားတွေကို ခွဲခြားပြသပါတယ်။ တကားချင်းစီ ပြသတဲ့ ခန်းမတွေကတော့ မြန်မာပြည်က ရုပ်ရှင်ရုံကြီးတွေထက်စာရင် ကျဉ်းပါတယ်။ ခန်းမ တခုကို လူ ၁၅၀ လောက်သာ ဆန့်ပါတယ်။ တခြားမြို့ကြီးတွေက ရုပ်ရှင်ရုံတွေမှာတော့ ဒီထက် ပိုကြီးတဲ့ ခန်းမတွေနဲ့ ရုပ်ရှင်ရုံတွေ ရှိကောင်း ရှိနိုင်မှာပါ။

ကျနော် ရောက်သွားတော့ အဲဒီ ရုပ်ရှင်ရုံမှာ ရုပ်ရှင်ဇာတ်ကားပေါင်း ၁၆ ကားကို တပြိုင်နက် ရုံတင်ထားပါတယ်။ အဲဒီဇာတ်ကားတွေ အနက်ကမှ မိမိနှစ်သက်ရာ ဇာတ်ကား ဘယ်အချိန်မှာ ပြသမလဲဆိုတာကို ရွေးချယ်ကြည့်ရှုနိုင်ပါတယ်။ ရုပ်ရှင်ရုံကို ကျနော်ရောက်သွားတော့ ညနေ လေးနာရီ ခွဲလုပါပြီ။ ရမ်ဘိုဇာတ်ကား ဘယ်အချိန်တွေ ပြမလဲလို့ ကြည့်လိုက်တော့ ညနေ ၄း၅၅ မှာ တပွဲရှိတာကြောင့် အခန့်သင့် ဖြစ်သွားပါတယ်။


ရမ်ဘို ဇာတ်ကားကို ခန်းမအမှတ် (၆) မှာ ပြသပါမယ်…တဲ့။ ရုံဝင်ခကတော့ တယောက်ကို ၆ ဒေါ်လာခွဲပါ။ ရုပ်ရှင်လက်မှတ်ဝယ်တော့ ခုံနံပါတ်မပါတဲ့ လက်မှတ်ကို ကျနော် အကြောင်သားနဲ့ ဖင်တပြန် ခေါင်းတပြန် ကြည့်နေခဲ့မိပါသေးတယ်။ နောက်တော့ ရုပ်ရှင်ရုံ ခန်းမထဲရောက်မှ သိရပါတယ်။ ခုံနေရာတွေကို နံပါတ်တွေနဲ့ မသတ်မှတ်ပါဘူး။ လူ ၁၅၀လောက်ဆန့်တဲ့ မကျဉ်းမကျယ် ခန်းမငယ်လေးမှာ ရောက်တာစောရင် စောသလို မိမိနှစ်သက်တဲ့ နေရာမှာ ၀င်ထိုင်ရုံပါပဲ။


ဘေးတဖက်တချက်စီမှာ သူ့အခန်းနဲ့သူ ဇာတ်ကားတွေ ရုံတင်ပြသနေတဲ့ အဲဒီ ရုပ်ရှင်ရုံကြီးကို ၀င်ဝင်ချင်း မြင်ရတဲ့ မြင်ကွင်းပါ။ အဲဒီ ခန်းမ အကျယ်ကြီးထဲမှာ စားသောက်ဆိုင်ငယ်လေးတွေ၊ နားနေစရာ ဆိုဖာခုံတွေအပြင် ခန်းမရဲ့ အလယ်ခေါင်မှာ လူတယောက် စန္ဒယားထိုင်တီးနေပါတယ်။ သာယာငြိမ့်ညောင်းတဲ့ မတိုးမကျယ်သံစဉ်တွေက ရုပ်ရှင်ကြည့်ဖို့ လာရောက်ကြတဲ့ ပရိသတ်တွေကို တမျိုးတဖုံ အပန်းပြေစေပါတယ်။ စန္ဒယားတီးခတ်သူကို နှစ်နာရီခြားတခါလောက် လဲလှယ်တယ်လို့ သိရပါတယ်။

လေယာဉ်မောင်၊ လေယာဉ်မယ်များလို ၀တ်စုံတွေနဲ့ ရုပ်ရှင်ရုံဝန်ထမ်းတွေကလည်း မိမိသွားကြည့်ချင်တဲ့ ဇာတ်ကားရှိရာ ခန်းမကို ရှာမတွေ့သူတွေကို အကူအညီပေးကြပါတယ်။ ရုပ်ရှင်ပြသဖို့ အချိန်မကျသေးခင် စောင့်နေရခိုက်မှာ ဆော့ကစားချင်တဲ့ ကလေးငယ်များအတွက်လဲ ကစားကွင်းအခန်း စီစဉ်ပေးထားတာကို တွေ့ခဲ့ရပါတယ်။

ရမ်ဘိုကား ပရိသတ် မနည်းလှပါဘူး။ ခုံစေ့အောင် ရုံမပြည့်ပေမယ့် လူ ၁၅၀ ခန့်ဆန့်တဲ့ ခန်းမကို ၁၂၀ ၀န်းကျင်လောက် လာရောက် ကြည့်ရှုတာကို တွေ့ရပါတယ်။ ဒါတောင် ကျနော်နေတဲ့ မြို့ဆိုတာက တောမြို့သာသာ မြို့လေးပါ။ မြို့ကြီးက ရုံတွေမှာ ဒီထက် လူ ပိုများကောင်း များနိုင်ပါတယ်။

ဒီနိုင်ငံက ရုပ်ရှင်ရုံမှာ ရုပ်ရှင်ပြသခါနီး နိုင်ငံတော် သီချင်းလွှင့်ပြီး ရုပ်ရှင်လာကြည့်သူတွေကို မတ်တပ်အရပ်ခိုင်းတာ မရှိပါဘူး။ ထူးခြားတာ တခုအနေနဲ့ ဇာတ်ကားပြသခါနီးမှာ ဆဲလ်ဖုန်းတွေ ပိတ်ထားဖို့ စည်းကမ်းကို ဟာသနှောတဲ့ ဇာတ်လမ်းတို ပုံစံနဲ့ တင်ဆက်ပါတယ်။ ရွှေပြည်ကြီးက ရုပ်ရှင်ရုံထဲမှာလို နေကြာစေ့သံ၊ ကွာစေ့သံ တညံညံ မကြားရပေမယ့် ထောပတ်ပေါက်ပေါက်ဆုပ်နဲ့တော့ တလှိုင်လှိုင်ပါပဲ။ ရွှေပြည်ကြီးမှာတော့ ရုပ်ရှင်ပြီးသွားရင် နေကြာစေ့ခွံ၊ ကွာစေ့ခွံတွေ ပြန့်ကျဲနေပေမယ့် ဒီမှာကတော့ စားမကုန်တဲ့ ပေါက်ပေါက်ဆုပ်တွေ ဖွေးနေပါတယ်။ ပျင်းစရာ သိပ်ကောင်းတာ နောက်တခုကတော့ ရုပ်ရှင်မပြသမီမှာ ကြော်ငြာပေါင်းများစွာကို ပြသနေတာပါပဲ။ ဘယ်နေရာရောက်ရောက် ကြော်ငြာကတော့ မလွတ်ကင်းတာ ဒီကနေ့ ခေတ်ပါပဲ။


ချီတက်နေကြတဲ့ သံဃာတော်တွေ၊ ပြည်သူကို ကန်ကျောက်နေတဲ့ နအဖ စစ်သား၊ ငိုကြွေးနေတဲ့ ကလေးငယ်၊ ပြေးလွှားနေကြရတဲ့ ပြည်သူတချို့၊ မီးလောင်နေတဲ့ ရွာတချို့ အစရှိတဲ့ ဖြစ်ရပ်မှန် ပုံရိပ်တချို့နဲ့ ဇာတ်ကားကို အစပြုပါတယ်။

ဇာတ်ကား ပြသချိန် တနာရီကျော်ခန့် ကြာပါတယ်။






ရုပ်ရှင် ဇာတ်ကားများရဲ့ သဘောသဘာဝ အတိုင်းပဲ နောက်ဆုံးမှာတော့ လူကြမ်းဖြစ်သူ နအဖ ဗိုလ်မှူးကို ဇာတ်လိုက် ရမ်ဘိုက သုတ်သင်လိုက်တဲ့ အခန်းပါ။

ဒီဇာတ်ကားနဲ့ ပတ်သက်လို့ ပွဲဆူနေကြတာ တချို့နဲ့ ဟိုတစဒီတစ အသံထွက်နေတာ တချို့ ကြားရပါတယ်။ ကျနော် ဒီကားကို ကြည့်ပြီးတဲ့ အချိန်မှာတော့ မြင်မိတဲ့ အမြင်ကတော့ ဒီဇာတ်ကားရဲ့ အဓိက ဇာတ်ဆောင် မင်းသား စတားလုံးဟာ နိုင်ငံရေး နယ်ပယ်က လူမဟုတ်ပါဘူး။ ဒီတော့ သူက ရုပ်ရှင်မင်းသား တယောက်အနေနဲ့ပဲ ဇာတ်လမ်းကို ဖန်တီးပါတယ်။ သူဖန်တီးတဲ့ ဇာတ်အိမ်မှာ လက်တွေ့ အပြင်လောကနဲ့ ကွာခြားတာတွေ ရှိသလို တူညီတာတွေလဲ ရှိပါတယ်။

ဥပမာအားဖြင့် တကယ့်လက်တွေ့မှာ နအဖ စစ်တပ်တွေ စစ်ဆင်ရေးဝင်တဲ့ ဒေသတွေအထိ ရောက်အောင် စစ်ကားတွေ မရောက်ပါဘူး။ စစ်ကားတွေ အလွန့်အလွန်ဆုံး ရောက်တာက ရှေ့တန်း စစ်ဆင်ရေး တပ်မဌာနချုပ်တွေ စခန်းထိုင်လေ့ရှိတဲ့၊ ရိက္ခာပုံလေ့ရှိတဲ့ စခန်းကုန်းလောက် အထိသာ ဖြစ်ပါတယ်။ နောက်ပြီးတော့ လယ်ကွက်ထဲကို နင်းမိုင်းတွေ ပစ်ချပြီးတော့ ရွာသားတွေကို ဖြတ်ခိုင်းပြီး နောက်ကနေ သေနတ်နဲ့ ပစ်တဲ့ အခန်းဟာလဲ တကယ်တော့ ယုတ္တိတန်နေတာ အမှန်ပါပဲ။

တကယ့် လက်တွေ့မှာတော့ (ကျနော် ပေါ်တာလိုက်ခဲ့ဖူးတုန်းက တွေ့မြင်ခဲ့ရသလောက်) နအဖ စစ်သားတွေဟာ သူတို့ သွားရောက် တိုက်ခိုက်ရတဲ့ စစ်ဆင်ရေး နယ်မြေအတွင်းမှာ ရှိတဲ့ (သူတို့အခေါ်) ရွာပုန်းတွေကို တွေ့တဲ့ အခါမှာ ရနိုင်သလောက် အချိန်နည်းနိုင်သမျှ နည်းစွာနဲ့ အဲဒီရွာတွေကို ဖျက်ဆီးပါတယ်။ `အစိတ်သားတောင် မချန်နဲ့´ လို့ မှာလိုက်တဲ့ သူတို့ရဲ့ အထက်အရာရှိ အမိန့်နဲ့အညီ မဲမဲမြင်ရာ အကုန်ပစ်ပါတယ်။ တကယ့် လက်တွေ့ အခြေအနေမှာ နအဖ စစ်တပ်တွေ ရောက်သွားတဲ့ အချိန်မှာ ရွာထဲမှာ လူတယောက်မှ မရှိကြတာများပါတယ်။ ကံဆိုးမိုးမှောင်ကျလို့ ကျန်ရစ်ခဲ့တဲ့ တချို့လူတွေဟာလဲ `သူပုန်သတင်းပေးတွေ´ ဆိုပြီး မြင်တာနဲ့တင် အပစ်ခံရတာများပါတယ်။

မိန်းကလေးတွေကို အကခိုင်းပြီးတော့ မူးယစ်နေတဲ့ စစ်သားတွေက ဆွဲလားရမ်းလား လုပ်တဲ့ အခန်းကလဲ ယုတ္တိတန်ပါတယ်။ တကယ့်တကယ် ရှေ့တန်းမှာ နအဖ စစ်တပ် အရာရှိတွေဟာ သူတို့ရဲ့ လက်အောက်ငယ်သားတွေကို အဲဒီလောက်အထိ အောင်ပွဲခံဖို့ အခွင့်အရေး မပေးပါဘူး။ အလွန်ဆုံး သူတို့ လုပ်နိုင်တာတခုကတော့ ဖျက်ဆီးခံရလို့ လူသူကင်းမဲ့နေတဲ့ အဲဒီ ရွာထဲက အိမ်တချို့က ရတတ်သမျှ အဖိုးတန် ပစ္စည်းတချို့ကို ရသမျှ အချိန်အတွင်းမှာ ရှာဖွေယူငင်၊ တွေ့သမျှ ကြက်၊၀က်၊ နွား အစရှိတဲ့ အကောင်ပလောင်တွေကို ရိက္ခာအလို့ငှာ ဖမ်းယူစားသောက်၊ ပြီးရင် အဲဒီရွာက မခွာမီမှာ တရွာလုံးက အိမ်တွေ၊ စပါးတင်းပုပ်တွေကို တခု မကျန် မီးရှို့ ဖျက်ဆီး…၊ အစရှိတာတွေကိုသာ လုပ်ပါတယ်။ အဲဒါတွေက ကျနော့် မျက်မြင်ဖြစ်တဲ့ နအဖ စစ်တပ်ရဲ့ လက်တွေ့ လုပ်ဆောင်တာတွေပါ။ ရမ်ဘိုကားကတော့ ရုပ်ရှင်ဆိုတော့ ဇာတ်နာအောင်သဘော ကောင်မလေးတွေကို ဆွဲလားရမ်းလား လုပ်တဲ့ အခန်းကို ဇာတ်ရုပ်နဲ့အညီ ထည့်ချင်ဟန် တူပါတယ်။ ဒါကြောင့်လည်းပဲ ရမ်ဘိုကားနဲ့ပတ်သက်ပြီး ဝေဖန်မှုတချို့ ရှိတာတွေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ရမ်ဘို ဇာတ်ကားနဲ့ ပတ်သက်ပြီး မြင်ကြတဲ့ အမြင်အမျိုးမျိုး ရှိနိုင်ပါတယ်။ ဒါပေမယ့် ကျနော် တွေးမိတာ တခုကတော့ အဲဒီဇာတ်ကားကို မှီတည်ပြီးတော့ မြန်မာပြည်မှာ ဘာတွေဖြစ်နေလဲ ဆိုတာကို ကမ္ဘာအနှံ့က လူသန်းပေါင်းများစွာ ပိုသိလာတယ်။ ဇာတ်ကားရဲ့ အစပိုင်းမှာ ပြသတဲ့ ဖြစ်ရပ်မှန်ပုံရိပ်တွေကနေ ကျနော်တို့ နိုင်ငံက မတရားမှုတွေကို လူတွေ ပိုသိလာလိမ့်မယ်။ သေချာတာကတော့ မြန်မာပြည် လက်ရှိ အုပ်ချုပ်သူတွေနဲ့ သူတို့လက်အောက်ခံ ဗိုလ်မင်းများကတော့ အဲဒီကားကို မကြိုက်နိုင်ပါဘူး။ အရပ်သားပြည်သူတွေထဲကနေ ရမ်ဘိုကားအပေါ် မြင်ကြတဲ့ အမြင်တွေကတော့ ပုံစံတမျိုးစီ ရှိနိုင်ပါတယ်။

***

ရုပ်ရှင်ရုံထဲက ပြန်ထွက်လာတော့ အေးစက်စက်လေပြင်းနဲ့အတူ ညက မှောင်မိုက်နေပါပြီ။

ရုပ်ရှင်တော့ ရုပ်ရှင်ပါပဲ။ ဒါပေမယ့် ကျနော့်မျက်စိထဲက မထွက်တဲ့ ပုံရိပ်ကတော့ ဇာတ်ကားရဲ့ အစပိုင်းက ဖြစ်ရပ်မှန်ပုံရိပ်တွေပါပဲ။


ကလိုစေးထူး

Friday, February 08, 2008

နိုင်ငံခြား သွားမယ်ဆိုရင် …(၂)

လွန်ခဲ့တဲ့ တလကျော်က ဖြစ်ပါတယ်။

မြန်မာပြည်က မိတ်ဆွေ တယောက်ရဲ့ အစပျိုးပေးမှုကြောင့် ပြည်ပရောက် မြန်မာတွေရဲ့ အတွေ့အကြုံတွေကို ဝေမျှကြတဲ့ `နိုင်ငံခြားသွားမယ်ဆိုရင်´ ဆိုတဲ့ ပို့စ်လေးကို တင်ဖြစ်ခဲ့ပါတယ်။ မြန်မာပြည်က အဲဒီ မိတ်ဆွေလေးရဲ့ မေးခွန်း ၈ ခုကို ကျနော်နဲ့ လက်လှမ်းမီရာ ပြည်ပရောက် မိတ်ဆွေတွေကို လိုက်လံ ဖိတ်ကြားရင်းနဲ့ အဲဒီပို့စ်ကို ပုံဖော်ဖြစ်ခဲ့ပါတယ်။

ဒီနေ့တော့ ကျနော့်ဆီကို စာတစောင် ရောက်လာပါတယ်။ ကျနော့်ဘလော့ဂ်ကို လာဖတ်မိတဲ့ မမာလာ ဆိုတဲ့ ပြည်ပရောက် မြန်မာအမျိုးသမီး တဦးဆီကပါ။ မမာလာက `နိုင်ငံခြားသွားမယ် ဆိုရင်´ ပို့စ်ကို ဖတ်မိဟန် တူပြီးတော့ သူကလည်း သူ့အတွေ့အကြုံပေါ်မှာ အခြေခံတဲ့ အကြံပြုဆွေးနွေးချက်ကို ကျနော့်ဆီ ပေးပို့လာတာကြောင့် သူ့ရဲ့စာကို ပြန်လည် စာရိုက်ပြီးတော့ တင်ပြလိုက်ပါတယ်။ သူ့ရဲ့ အတွေ့အကြုံတွေဟာ သူရောက်ခဲ့ဖူးတဲ့ နေရာဒေသတွေမှာ နေထိုင်ခဲ့ဖူး၊ နေထိုင်နေဆဲ တခြားသော မြန်မာတွေနဲ့ ကွာခြားကောင်း ကွာခြားနိုင်တာ တချို့ ရှိနိုင်ပေမယ့် နိုင်ငံခြားထွက်လိုသူ ရွှေပြည်ကြီးက မြန်မာတွေအနက် တယောက်ယောက်က ဖတ်မိလို့ မှတ်သားစရာ အချက်အလက် အနည်းငယ်မျှ ရသွားရင်ပဲ အကျိုး တစုံတရာ ရှိလိမ့်မယ်လို့ ယူဆတာကြောင့် Scan ဖတ်ပြီး ပေးပို့လာတဲ့ လက်ရေးမူတွေကို ကျနော် စာပြန်ရိုက်ပြီး တင်ပြတာပါ။ အဲဒီ စာမူထဲက အာဘော်တွေ အားလုံးဟာ မမာလာရဲ့ အတွေ့အကြုံ အာဘော်များသာ ဖြစ်ကြောင်းပါ…။

တကယ်တော့ ဒီနေ့ တင်ဆက်မယ့် ပို့စ်ဟာ ကျနော့် ဘလော့ဂ်ရဲ့ ပို့စ်(၃၀၀)မြောက်ပါ။ ပထမတော့ ၃၀၀ပြည့်မှသည် ရှေ့ဆက်လို့ဘာတွေ ဘယ်လိုရေးမယ်၊ ဘယ်လိုရှေ့ဆက်မယ် ဘာညာ သာရကာလေးများ ရေးမလား စိတ်ကူးခဲ့ပါသေးတယ်။ ဒါပေမယ့် အခုလို တင်ဆက်လိုက်တာက ပို အကျိုးရှိမယ်လို့ ထင်မြင်ယူဆတာကြောင့်….။ ကဲ… မမာလာရဲ့ စာကို ဖတ်ကြည့်ကြပါစို့…။

ဦးကလိုစေးထူး…

အင်မတန် ရှည်လျားတဲ့ အဖြေစာရွက်မို့ ဖြတ်ညှပ်ပြီးမှ ထည့်ချင်လဲထည့်ပါ။ မထည့်ချင်လဲ နေပါ။ မေးခွန်းတွေ တွေ့လို့ ကျွန်မအတွေ့အကြုံနဲ့ လက်လှမ်းမှီသလောက် ဖြေရင်း မမျှော်လင့်ဘဲ ရှည်သွားတာပါ။ ကျွန်မရဲ့ ရည်ရွယ်ရင်းကတော့ နိုင်ငံခြားသွားမဲ့လူတွေ ကြိုသိစေချင်တာ၊ ကြိုပြင်ဆင် ထားစေချင်တာပါပဲ။

ကျွန်မ ဂျပန်မှာ (၇)နှစ်၊ အမေရိကားမှာ (၇)နှစ် ရှိပါပြီ။ ကနေဒါမှာ ၂ လနီးပါး နေဖူးပါတယ်။ Singapore ကို ၂ ခေါက် ရောက်ဖူးပါတယ်။ ဒီအတွေ့အကြုံတွေနဲ့ ကျွန်မ ရေးပြခဲ့တာပါ။

ဦးကလိုစေးထူးရဲ့ Blog ကို ဖတ်ဖြစ်တာ ၂ ပတ်လောက်ပဲ ရှိပါသေးတယ်။ ဗမာလို မဖတ်ရတာ ကြာတော့ ဖတ်ရင်း ဖတ်လို့ကောင်းတာရယ်၊ ဘာ font နဲ့ တင်လဲတော့ မသိဘူး၊ မြန်မာ font လုံးဝ မရှိတဲ့ Computer က Web ဖွင့်ရင် ဖတ်လို့ရတာရယ်မို့ မကြာခဏ ဖတ်ဖြစ်ပါတယ်။ အမှန်ကတော့ မြန်မာပြည်ရဲ့ သတင်းအမှန်တွေကို ဒီလို Blog တွေမှာ ရှာရင်း ဒီ Web ကို တွေ့ခဲ့တာပါ။

ဒီဆောင်းပါးလေးနဲ့ ပါဝင်ဆွေးနွေးခွင့်ရတာ ကျေးဇူးတင်ပါတယ်။

မြန်မာ Font က အိမ်က Computer မှာ ရှိပေမဲ့ Speed နှေးလို့ သိပ်လဲ မသုံးဖြစ်ပါဘူး။ အိမ်အလုပ် အရမ်းများတာလဲ ပါပါတယ်။ ရုံးက Computer က Admin Password နဲ့မှ Font ကို Install လုပ်ရတာမို့ ပေးမလုပ်ပါဘူး။ အိမ်မှာ High Speed internet တပ်ပြီးတဲ့အထိ၊ အိမ်အလုပ် ရှုပ်တာတွေ ရှင်းတဲ့အထိ စောင့်ရတာမို့ အခုလို Scan ပဲ ကူးပို့ရတာ တောင်းပန်ပါတယ်။

မာလာ


နိုင်ငံခြားသွားမယ် ဆိုရင်…

၁။ နိုင်ငံခြားသွားတဲ့ လူတိုင်းမှာ အဆင်ပြေဖို့ ရာခိုင်နှုန်းအား အကြမ်းဖျင်း အောင်မြင်ဖို့ ၅၀%နဲ့ ရှုံးဖို့ ၅၀%ပဲ ရှိပါတယ်။ ကိုယ်သွားမဲ့ အနေအထားပေါ် မူတည်ပြီး အောင်မြင်မှု ရာခိုင်နှုန်းက ပိုများလာမှာ ဖြစ်ပါတယ်။ ဥပမာ၊ မလေးရှား၊ အင်ဒိုနီးရှားကို အလုပ်သွားလုပ်ဖို့ ပွဲစားနဲ့ လုပ်တယ် ဆိုရင်တော့ ပွဲစားအပေါ် ယုံကြည်စိတ်ချရမှု အပေါ် မူတည်ပါတယ်။ တကယ်စစ်မှန်ပြီး အရောက်ပို့တဲ့ ပွဲစားပေမဲ့ အလုပ်ကရပြီး လခကို အပြည့်ရမရ စာတာတွေကလဲ ရှိနေပါသေးတယ်။ လိမ်ညာတဲ့ ပွဲစားဆိုရင်တော့ အဆင်ပြေဖို့ ရာခိုင်နှုန်းက နည်းပါတယ်။ လိမ်တဲ့ပွဲစားနဲ့ တွေ့ပြီး ဟိုရောက်မှ ကူညီနိုင်မဲ့သူ တွေ့ရင်တော့ အဆင်ပြေနိုင်ပါတယ်။

ဥပမာ ဂျပန်ကို အလုပ်သွားလုပ် Overstay နဲ့ ဆက်နေ ဆိုတာမျိုးကတော့ ပွဲစားနဲ့ လုပ်တာဆိုရင် လူကရောက်ပေမဲ့ အလုပ်ရဖို့၊ နေဖို့စားဖို့ နေရာရဖို့က အင်မတန် ခက်ခဲပါတယ်။ ၅၀% အောင်မြင်မှာပါ။ ကိုယ့်ရဲ့ ဆွေမျိုး အခံရှိရင်တော့ အောင်မြင်မှု ရာခိုင်နှုန်းက ပိုပြီး များပါတယ်။

ကျောင်းသွားတက်တဲ့ လူတွေကတော့ (ကိုယ့်ငွေနဲ့ Self-Supporting) နဲ့ ဆိုရင်တော့ နဂိုကမှ တတ်နိုင်တော့ ငွေကို ရေလိုဖြုန်းနိုင်ရင် မအောင်မြင်ဖို့ ပြဿနာ မရှိပါဘူး။ ဒါပေမဲ့ ကျောင်းက လက်ခံပါတယ်၊ Scholarship က ရောက်မှ လျှောက်ရမယ်၊ ဘာညာဆိုရင် လူခံမရှိရင် (နေဖို့စားဖို့လူ) ဒုက္ခ ရောက်နိုင်ပါတယ်။ အစကတည်းက ကျောင်းက လက်ခံ၊ ငွေ ထောက်ပံ့မှုကလဲ သေချာပြီဆိုရင်တော့ ပြဿနာမရှိနိုင်ပါဘူး။

Visit နဲ့ သွားပြီးမှ အလုပ်သွားမယ်ဆိုရင် (Singapore နိုင်ငံကလွဲလို့) တခြားနိုင်ငံမှာ Work Permit အလုပ်ရဖို့ ဆိုတာ အင်မတန် ရှားပါတယ်။ ဒါတောင် Singapore တောင်မှ Visit နဲ့ လာပြီး အလုပ်လျှောက်တာ ရသေးရဲ့လား သေသေချာချာ မသိပါ။ အမေရိကား၊ ဂျပန် (တိုးတက်သော နိုင်ငံ) တွေမှာ ဗမာပြည်က အလုပ် Experience နဲ့ Work Permit ရဖို့ မလွယ်ပါ။ အဲဒီနိုင်ငံမှာ ကျောင်းပြီးတာတောင်မှ တယောက်ယောက်က ပြောပေး၊ မိတ်ဆက် သွင်းပေးမဲ့လူ မရှိရင် အလုပ်ကောင်း ရဖို့ မလွယ်ပါ။

၂။ ကျောင်းအရင် သွားတက်ရင်း အလုပ်ရှာ ဆိုတာမျိုးကတော့ ကျောင်းတက်နိုင်ဖို့ အရင် ကြိုးစားရမှာ ဖြစ်ပါတယ်။ ကျောင်းတက်ရင်း အလုပ်ကို မိတ်ဆက် ပြောပေးမဲ့လူ၊ ခင်မင်တဲ့လူ သိလာတယ် ဆိုရင် အဆင်ပြေနိုင်ပါတယ်။ ကျွန်မ တွေ့ဖူးတာကတော့ ဂျပန်မှာဆိုရင် Language ကျောင်းတက်တဲ့ လူတွေက ကျောင်းတဖက်၊ ကိုယ် နေဖို့စားဖို့ တဖက် အလုပ်လုပ် (ကျောင်းသားမို့ Par time အလုပ်က ရလွယ်ပါတယ်) ဒါပေမယ့် ပင်ပန်းတဲ့ ဒဏ်မခံနိုင်တာရယ်၊ အိမ်ကို ပြန်မပို့နိုင်တာရယ်ကြောင့် ကျောင်းထွက်ပြီး Overstay အလုပ်လုပ်ရင်း နေကြတာ များပါတယ်။ University တွေကို ကျောင်းတက်ဖို့ လာတဲ့ လူတွေမှာတော့ Course မှာတော့ Professor တွေက အနှေးနဲ့အမြန် ငွေထောက်ပံ့မှုကို ရှာဖွေပေးတော့ နေ၊စားလောက်ရုံ ကျောင်းတက်လို့ လောက်ရုံ ရပါတယ်။ အိမ်ပြန်ပို့ဖို့ သိပ်မလွယ်ပါဘူး။ မြန်မာဆိုရင်တော့ Under Graduate ပဲဖြစ်ဖြစ်၊ Graduate ပဲဖြစ်ဖြစ်၊ Language ကျောင်းပဲ ဖြစ်ဖြစ်၊ Full time ကျောင်းတက်ရင်း မြန်မာလူမျိုးတွေကို ပေးတဲ့ ‘IMAI ZUMI’ Foundation Scholarship က နေဖို့စားဖို့ လောက်ရုံ (၂)နှစ် ရပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီ အဖွဲ့အစည်းကို ဘာပြန် လုပ်ပေးရသလဲ ဆိုတာတော့ မသိပါ။

America မှာ Scholarship နဲ့ ကျောင်းတက်နိုင်ဖို့က အင်မတန် ရှားပါးပါတယ်။ တချို့ Scholarship က ပုံမှန် မဟုတ်ဘဲ တနှစ်မှာ Term (၁) စီလောက်ကို အလှည့်ကျ ပေးတာမျိုးလဲ ရှိပါတယ်။ ဂျပန်နိုင်ငံက ပေးတဲ့ အစိုးရ Scholarship ကတော့ ပေးတဲ့ နိုင်ငံထဲမှာ မြန်မာနိုင်ငံ မပါပါ။ Australia နိုင်ငံမှာလဲ ၁၉၉၅ နောက်ပိုင်းမှာ အစိုးရက ပေးတဲ့ Scholarship မြန်မာပြည်ကို ပိတ်လိုက်ပါတယ်။ မရနိုင်တော့ပါ။ ကျောင်းက Foundation က Scholarship ကိုသာ လျှောက်နိုင်ပါတယ်။ ကျွန်မ မြင်ဖူးခဲ့သမျှထဲမှာ ကျောင်းသူ တယောက် အမေရိကားကို Scholarship နဲ့ မြန်မာပြည်မှာ ၁၀ တန်းအောင်၊ GCE ဘာညာဖြေပြီး ရတော့ ရောက်လာပါတယ်။ ပ-နှစ်ကတော့ အဆင်ပြေပြီး ဒု-နှစ်မှာ Scholarship မရတော့ပါ။ ကျောင်းဆောင်မှာ နေရတာ ဖြစ်တော့ Part time အလုပ်၊ ဘာညာကလဲ ကားရှိမှ ဆိုတော့ အတော်ဒုက္ခရောက်နေတာ တွေ့ခဲ့ရပါတယ်။ ရန်ကုန်လဲ မပြန်ချင်၊ ဒီမှာပဲ ဆက်နေချင် ဆိုတော့ လူတော်တော်များများကတော့ ဒီက အမေရိကန် နိုင်ငံသား ယောက်ျားရှာယူလိုက်၊ ဆက်နေပြီး (၁-၂)နှစ်လောက် ကျောင်းနားပြီးမှ ပြန်တက် အကြံပေးကြတာ ကြားပါတယ်။ ဒါမှ မဟုတ်ရင် နိုင်ငံရေး ခိုလှုံခွင့် ‘Political Asylum’ အနေနဲ့ Immigration ကို တင်လိုက်၊ ဆက်နေ (၁-၂)နှစ် စောင့်ပြီး ကျောင်းပြန်တက်ဖို့ အကြံပေးကြနဲ့ Scholar က အစကတည်းက ရေရေရာရာ မရှိဘဲ ရောက်လာတော့ ဆုတ်လဲစူး၊ စားလဲရူး ဖြစ်နေတာကို အင်မတန်မှ သနားမိပါတယ်။ အမေရိကန် နိုင်ငံသား (မြန်မာပဲ ဖြစ်ဖြစ်) ယူရအောင်ကလဲ ဗြုန်းခနဲ ဘယ်သူ့ကို ရှာယူရပါ့မလဲ ဆိုတဲ့ ပြဿနာနဲ့ အဲဒီမှာ လူပွဲစား ခေါ်တဲ့ မြန်မာတချို့က ယောက်ျားရှာပေးမယ်။ ဒေါ်လာ ၃ သောင်း ဆိုတဲ့ ပတ်ဝန်းကျင်မှာ အသက် ၂၀ စွန်းစ အဲဒီ ကလေးမလေး ဘယ်လို စခန်းသွားတယ် ဆိုတာ မသိပါဘူး။

၃။ နိုင်ငံခြား သွားဖို့ မိဘတွေက အိမ်ယာ၊ ကား၊ လက်ဝတ်လက်စား ပေါင်ပြီး သားသမီးကို မပို့သင့်ပါဘူး။ ဥပမာ အိမ်ကို ချန်ထားပြီး ကား၊ လက်ဝတ်လက်စား ရောင်းရင်တော့ မအောင်မြင်လဲ နေစရာလေးတော့ ကျန်ခဲ့မှာပါ။ ဒါပေမဲ့ သွားရမှာက ဘယ်ပုံဘယ်နည်း သေချာ၊ မသေချာတာပေါ်လဲ အများကြီး မူတည်ပါတယ်။

ရန်ကုန်မှာ သင်္ဘောတက်တက်တာတောင် ပွဲခ အခု သိန်း(၂၀-၃၀) မက ဖြစ်နေပါပြီ။ အဲဒါ အမေလုပ်သူက သားကို အိမ်ပေါင်ပြီး သင်္ဘောတက်ရအောင် လိုက်လုပ်တော့ သင်္ဘောတက်ခွင့် ရပြီး တနှစ် ရပါတယ်။ ပြန်လာတော့ ပါတဲ့၊ ရတဲ့ငွေ တလဒေါ်လာ (၃၀၀-၅၀၀)က အိမ်ရွေးဖို့ မလောက်တဲ့ အပြင်၊ နောက်တခေါက် ထပ်တက်ဖို့ ၁၀-၁၅ သိန်း ထပ်ကုန်မှာမို့ သင်္ဘောသားဖြစ်တာပဲ အဖတ်တင်ပြီး အိမ်ဆုံးသွားတဲ့လူတွေ တွေ့ဖူးပါတယ်။ ဒါ ဥပမာ ပြောတာပါ။

၎။ နိုင်ငံခြားမှာ ကြုံရမဲ့ ဒုက္ခတွေကိုတော့ နောက်မှပဲ သီးသန့် ရေးပါမယ်။ နိုင်ငံခြား ထွက်တယ်ဆိုတာ အရည်အချင်း ရှိသူရဲ့ ထွက်ပေါက်ဆိုတာ Limit ရှိပါတယ်။ ဘယ်လို အရည်အချင်းလဲ ဆိုတာပါပဲ။

မြန်မာလူမျိုး ဆိုတာ မွေးကတည်းက အိမ်မှာ မိသားစု၊ သူငယ်ချင်းနဲ့ ဘ၀ဖော်အပေါင်းနဲ့ နေကြတာ များပါတယ်။ အထူးသဖြင့် မိန်းကလေးတွေပေါ့။ မြန်မာ ယဉ်ကျေးမှုကလဲ မိန်းကလေး အပျိုဆိုရင် အဖော်မပါဘဲ သွားရင် မတင့်တယ်ဘူး ဆိုပြီး အဖော်ပါမှ သွားတာ၊ လာတာမျိုးက နိုင်ငံခြားမှာ ဆန့်ကျင်ဘက် ဖြစ်ပါတယ်။ အဲဒီလူ အကျင့်ပါတဲ့လူဟာ ဗြုန်းခနဲ နိုင်ငံခြားမှာ တယောက်ထဲ ကိုယ့်ကိစ္စကိုယ်လုပ်၊ ကိုယ်မကျွမ်းကျင်တဲ့ ဘာသာနဲ့ ပြောဆို ဆက်ဆံ၊ မသိတဲ့ တစိမ်းနဲ့ မသိတဲ့ System ကို ၀င်လှုပ်ရှားရတော့ အံမ၀င် ဖြစ်ပါတယ်။ အဲဒါကို အကင်းပါးပါးနဲ့ လျှင်မြန်စွာ လေ့လာပြီး ကိုယ့်ကိုယ်ကို ပြုပြင်ဖို့ လိုပါတယ်။ Adaptation & Quick Learning ဆိုပါတော့။

နောက်တခုကတော့ ဘာပဲဖြစ်ဖြစ် ကိုယ့်ခြေပေါ် ကိုယ်ထောက်ပြီး နဖူးတွေ့၊ ဒူးတွေ့ လုပ်ကိုင်သွားလာ၊ ရှာဖွေပြီ ဆိုတော့ ကိစ္စတခုခု ပြဿနာဖြစ်လဲ စိတ်ဓာတ်မကျဖို့၊ စိတ်ဓာတ် ခိုင်မာဖို့ လိုပါတယ်။ (Strong Personality ပေါ့)။

နောက်၊ သူများကို အားမကိုးဖို့၊ သူများ အားကိုးတတ်တဲ့ လူတွေ နိုင်ငံခြားမှာ ဒုက္ခ ပိုရောက်ပါတယ်။ ဘယ်သူကမှ သူများကို ကြာရှည် အားကိုးလို့ မရနိုင်ပါဘူး။ အားကိုးမိရင် လူလိမ်၊ လူညာနဲ့ ချောက်တွန်းတာ ပိုပြီး ခံရဖွယ် ရှိပါတယ်။ မြန်မာ တော်တော်များများက အဆင်းဘီးတွန်းဖို့နဲ့၊ ချောက်တွန်းဖို့၊ သူများ ကောင်းစားမှာ မနာလိုတဲ့ စိတ်ရှိသူ ရာခိုင်နှုန်း ပိုများပါတယ်။ Independent ဖြစ်ဖို့ပေါ့။

နောက်တခုကတော့ ကိုယ်လုပ်ရင် အောင်မြင်ရမယ်လို့ သာမန် ယုံကြည်ထားဖို့ပါပဲ။ Self-Confident ပေါ့။ တခုခုကို သွားမယ်၊ လာမယ်၊ ၀ယ်မယ်၊ ခြမ်းမယ်၊ ကိုယ်ရဲရဲသာလုပ်၊ မှားလဲ ငွေနည်းနည်းပါးပါး ဆုံးတာကလွဲလို့ အကျိုး မယုတ်နိုင်ရင် ရဲရဲ လုပ်သင့်ပါတယ်။ ဂျပန်မှာ Self-Confident မရှိလို့ University မှာ Entrance မဖြေရဲ၊ မလုပ်ရဲ၊ မကိုင်ရဲနဲ့ ပြန်သွားရတဲ့ လူတွေ ကြုံခဲ့ရလို့ပါပဲ။

နောက်ဆုံး တချက်ကတော့ မြန်မာများ ပြောတာကို ချင့်ချိန်ပြီး ယုံကြည်ဖို့ပါပဲ။ ကျွန်မသိတဲ့ လင်မယား ၂ ယောက် အမေရိကား ရောက်တာ (၅)နှစ် ပြည့်ပြီ။ သတင်းစား မဖတ်၊ Internet မကြည့်ဘဲ သူများကို လျှောက်မေးပြီး သူများပြောတာပဲ ယုံပါတယ်။ အချီကြီး ထိတာကတော့ US Citizen လျှောက်လွှာကို တင်ဖို့ အရည်အချင်း မှီပါလျှက် မနာလိုတဲ့ လူတွေက မရဘူး ပြောလို့ မလျှောက်ပဲ အတော်ကြာ နေပါတယ်။ ကျွန်မနဲ့ တွေ့တော့ ရပါတယ် ပြောတာကို မယုံပါဘူး။ မနေနိုင်တဲ့ ကျွန်မက Free Consultant Lawyer ထပ်ရှာပြီး မေးပါ၊ ရပါတယ် ပြောမှ Lawyer ကို သွားမေးပြီးမှ ယုံပါတယ်။ အဲဒါက ကိစ္စ တခုထဲပါ။ ကျန်သော ကိစ္စအများကြီးမှာ လုပ်သင့်တာ မလုပ်ဘဲ မနာလိုသူက မရဘူး ပြောတာနဲ့ ထိုင်နေပြီး အမေရိကားမှာ အဆင်မပြေ ဖြစ်နေတာ တွေ့ရပါတယ်။

အချုပ်ကတော့ ရှိရမဲ့ အရည်အချင်းတွေက Good Adaptation and Quick Learning, Strong good Personality, not dependable, self confident and Judgment of Humor ဆိုတာပါပဲ။

၅။ မြန်မာတွေအတွက် နိုင်ငံခြားက အလုပ် အခွင့်အလမ်းကတော့ သူများနိုင်ငံသားထက် စာရင် မြန်မာတွေက ရာခိုင်နှုန်း နည်းပါတယ်။ အဓိကက ဘာသာစကားကြောင့်ပါပဲ။ ဘယ်နိုင်ငံသွားသွား စာရေးစာချီလို အလုပ်မျိုး ရဖို့ မလွယ်တာ အမှန်ပါပဲ။ နိုင်ငံခြား ဘွဲ့ရဖြစ်လဲ ကိုယ်က နိုင်ငံခြားသား ဖြစ်တဲ့အတွက် ဒေသခံလူတွေကို ဦးစားပေးတော့ နောက်ကျ ကျန်ရပါတယ်။ ကိုယ့်ဘွဲ့က သူများထက်သာ၊ (သို့) ကိုယ်က သူများထက် တော်မှ အလုပ်ကောင်းက တော်ခါ ကျပါတယ်။ ပြီးတော့ အလုပ်ကို မိတ်ဆက်ပေးနိုင်မဲ့ လူရှိရင်တော့ ပိုကောင်းပြီး ရဖို့ သေချာပါတယ်။ ဒီတော့ Language အားနည်းတဲ့ အတွက် အောက်ခြေသိမ်း အလုပ်တွေပဲ ရလွယ်ပါတယ်။ ပြီးတော့ မြန်မာပြည်က ဘွဲ့နဲ့ ဘွဲ့ရအလုပ်ကို နိုင်ငံခြားမှာ ရှာရင် Language မမှီတာနဲ့ပဲ မရတာ များပါတယ်။

၆။ ကျွန်မကတော့ နိုင်ငံခြားသွားတာ အနည်းနဲ့ အများ စွန့်စားတာဖြစ်တယ်၊ သက်သက်သာသာ မဟုတ်ဘူး၊ အခက်အခဲတွေ ရှိတယ် ဆိုတာကို အများကြီး ထောက်ခံပါတယ်။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးနဲ့ ဆက်ဆံရတာတောင် အင်မတန် အခက်အခဲ ရှိတဲ့ ကျွန်မ အတွက်ကတော့ သူများနိုင်ငံ၊ သူများလူမျိုးတွေနဲ့ ဆက်ဆံ လုပ်ကိုင်ရတာ လွယ်တာ မဟုတ်ဘူး ဆိုတာ ရှိပါတယ်။ ကြာလာရင်တော့ သူ့အကြောင်း ကိုယ်နားလည်၊ ကိုယ့်အကြောင်း သူနားလည်မှ ပြဿနာ နည်းပါတယ်။ ဒါတောင် ကိုယ်က ဘယ်လောက်အထိ နားလည်နိုင်တယ်ပေါ်မှာ ပြဿနာ အနည်းအများ ရှိပါတယ်။ မိန်းကလေးတွေ ယဉ်ကျေးမှု မတူတော့ အခက်အခဲ ရှိပါတယ်။

အဆိုးဆုံး ဥပမာပေးရရင် ၁၉၉၅ ကျွန်မ ဂျပန်ကို ရောက်ခါစ ကျောင်းတက်ဖို့ ကျောင်းဆောင်မှာ နေရပါတယ်။ အဲဒီမြို့က ကျောင်းဆောင်တွေက ရေချိုးခန်းကို Community Center မှာပဲ ရှိပါတယ်။ အဆောင်တိုင်း၊ အခန်းတိုင်းမှာ လုံးဝ မရှိပါဘူး။ Toilet ပဲ ရှိပါတယ်။ ရေချိုးခန်းကလဲ ၂မျိုး ရှိပါတယ်။ Shower room အခန်းနဲ့ OFURO အိုဖုရို လို့ ခေါ်တဲ့ ရေနွေးကန်ထဲမှာ ဆင်းချိုးရတဲ့ အခန်း ရှိပါတယ်။ လူ ၁၀၀ ကျော်နေတဲ့ အဆောင်ပေါင်း ၁၀-၁၅ ဆောင်က လူတွေက Shower ခန်း (၂)ခန်းပဲ ရှိတော့ တန်းစီစောင့်ရပါတယ်။ တခါ ရေချိုးဖို့ (၃)နာရီ အေးအေးချမ်းချမ်း ဆောင်းတွင်းမှာ သံမံတလင်းမှာ နေ့တိုင်း တန်းစီစောင့်ရတဲ့ ဒုက္ခကို စဉ်းစားကြည့်ပါ။ အဲဒီလို မစောင့်ချင်ရင် OFURO အခန်းထဲ လူအများကြီးထဲ ၀င်ချိုးရမှာပါ။ ဒါပေမယ့် သူတို့ရဲ့ တင်းကျပ်တဲ့ စည်းကမ်းက အဲဒီ OFURO ကို ၀င်မယ်ဆိုရင် တကိုယ်လုံး Nicked ချွတ်ပြီးမှ ၀င်ရပါမယ်။ လူ ရာပေါင်းများစွာ ရှေ့မှာ တကိုယ်လုံး ချွတ်ဝင်ရမဲ့ ကိစ္စကို ကျွန်မ ဂျပန်မှာ ၇-နှစ် နေခဲ့တာတောင်မှ မလုပ်ဖြစ်ခဲ့ပါဘူး။ ယဉ်ကျေးမှု မတူတာ ပြောတာပါ။

၇။ နိုင်ငံခြားမှာ နေထိုင် စားစရိတ်ကတော့ နိုင်ငံပေါ်နဲ့ ကိုယ်နေချင်တဲ့ ပုံစံပေါ် မူတည်ပြီး ကွဲပြားပါတယ်။ ကျွန်မ သိသလောက် ဂျပန်နဲ့ အမေရိကန် နိုင်ငံမှာ ရနိုင်တဲ့ ၀င်ငွေ ရေးပြပါမယ်။ စွဲမှတ်ထားရမှာကတော့ ဘယ်နိုင်ငံကြီးမှာ နေနေ ကိုယ်လုပ်ရတဲ့ လုပ်ခဟာ နေ၊ စားစရိတ်နဲ့ အနည်းဆုံး ကာမိတယ် ဆိုတာပါပဲ။ (မလေးရှား၊ အင်ဒိုနီးရှား အကြောင်းတော့ ကျွန်မ သိပ်မသိပါ)။

ဂျပန်မှာ သာမန် အောက်ခြေသိမ်း အလုပ်တွေက ယန်း ၇၀၀/ တနာရီ က စပါတယ်။ စက်ရုံလို ဟာမျိုးမှာဆိုရင် တနာရီ ယန်း ၁၂၀၀-၁၅၀၀ အထိ ရနိုင်ပါတယ်။ မြို့ကြီးပေါ်မှာ နေတာကတော့ တိုက်ခန်း တခန်းကို ယန်း သိန်းကျော် ပေးရပြီး အားလုံး စုနေ၊ စုပေးတာမို့ တလ ယန်း ၃ သောင်း-၅သောင်း ကုန်ပါတယ်။ စားတာက ချွေတာစားရင် တလ ယန်း ၂သောင်း-၃သောင်း ကုန်ပါတယ်။ ပျှမ်းမျှ ယန်း၁၀၀=တဒေါ်လာ နဲ့ တွက်ပါ။

ကျောင်းတက်ရင် ကျောင်းလခက နှစ်ဝက်ကို ယန်း ၃ သိန်းက ၆ သိန်းအထိ ယူတဲ့ Course အပေါ် မူတည်ပါတယ်။

အမေရိကန်မှာ နေရင်တော့ နေတဲ့ ပြည်နယ်အပေါ်မှာ မူတည်ပြီးတော့ လစာ နည်းနည်း ကွာပါတယ်။ ဥပမာ New York မှာ တနာရီ ၁၀ဒေါ်လာ ရတဲ့ အလုပ်ဟာ နယ်မြို့တွေမှာ ဒီနှုန်းပြန်ရဖို့ ခက်ပါတယ်။ New York ရဲ့ အလုပ်သမား ဌာနက သတ်မှတ်ထားတဲ့ အလုပ်သမားတွေရဲ့ အနိမ့်ဆုံး လစာက တနာရီကို 7.5$ ပြဋ္ဌာန်းပြီးတော့ တချို့ ပြည်နယ်တွေက အဲဒီထက် နိမ့်ပါတယ်။

မြန်မာ တော်တော်များများက အင်္ဂလိပ်စကား မတတ်ရင်တော့ Laundry အ၀တ်လျှော်ဆိုင်မှာ၊ စတိုးဆိုင်မှာ နောက်ဖက်က ပစ္စည်းဖြည့်တာ၊ ပစ္စည်းပို့တာတွေ လုပ်လို့ရပါတယ်။ အမျိုးသမီးတွေက နီးစပ်ရာ ကလေးထိန်းတာ တနာရီကို ၁၂ ဒေါ်လာအထိ ရပြီး ပျှမ်းမျှက တပတ်ကို ဒေါ်လာ (၂၅၀) လို့ ပြောပါတယ်။ ဒါတွေက အလုပ်လုပ်ခွင့် ပါမစ် ရှိရှိ မရှိရှိ လုပ်နိုင်တာမျိုးကို ပြောတာပါ။

New York မှာတော့ ကျောက်တန်းလို့ ခေါ်တဲ့ Jewelry ကုမ္ပဏီတွေမှာကတော့ အင်္ဂလိပ်စာ နည်းနည်း နားလည်တဲ့ လူဆိုရင်တော့ ရုံးအလုပ်လိုမျိုး (သို့) ကျောက်ရွေးတာမျိုးကို တပတ် ဒေါ်လာ ၃၀၀-၅၅၀ အထိ ပေးပါတယ်။ ဒီလို ကုမ္ပဏီတွေက သူဌေးတွေက သိပ်စည်းကမ်း မရှိဘဲ သူတို့စားပြီးသား ပန်းကန် ဆေးခိုင်းတာ၊ လက်ဖက်ရည် ကော်ဖီကို Microwave ထဲ သွားနွှေးခိုင်းတာ၊ စားပွဲကို ရှင်းခိုင်းတာ၊ ထမင်းပွဲ ပြင်ခိုင်းတာ၊ အမှိုက်ကြုံးတာ ခိုင်းပါတယ်။

အဲ… ကောင်းတဲ့ အလုပ် ဆိုတာကတော့ အင်္ဂလိပ်စာ နိုင်နိုင်နင်းနင်း ပြောနိုင်ပြီဆိုရင် စာတိုက်မှာဆို တနာရီ ၁၅-၁၆ ဒေါ်လာက စပါတယ်။ Daily Store မှာ Cashier ကတော့ ၁၀-၁၄ ဒေါ်လာ ရှိပါတယ်။ စားသောက်ဆိုင် Waitress အလုပ်က တလကို နှစ်ထောင် ဒေါ်လာဝင်တယ် ပြောပါတယ်။

သိပ်ကောင်းတဲ့ အလုပ်မဟုတ်ပေမယ့် ကုမ္ပဏီရုံးတွေမှာ Data outers လို ဘာလိုမျိုးကတော့ တနှစ် ၃ သောင်းလောက် ရကြပါတယ်။ အဲ… ဆရာဝန်၊ အင်ဂျင်နီယာ တွေက အမေရိကန် လိုင်စင်ရပြီးရင်တော့ တနှစ်ကို ဒေါ်လာ သိန်းနဲ့ချီ ၀င်ပါတယ်။

ဂျပန်မှာလဲ အလုပ်ကောင်းရင် (ဟိုမှာ ကျောင်းပြီးပြီး) တလကို ယန်း ၂-သိန်းခွဲက ၅-၆သိန်း အထိ ရပါတယ်။ ဂျပန်က အလုပ်တွေက အလုပ်ကနေ အိမ်ငှား၊ နေစရိတ် ထုတ်ပေးတာမို့ အမေရိကားထက် ၀င်ငွေ ပိုကောင်းပါတယ်။ ဒါပေမယ့် Language ကြောင့် လူနည်းစုပဲ လုပ်နိုင်ပါတယ်။

အမေရိကားမှာ နေစရိတ်ကတော့ New York မှာ Studio ဆိုတဲ့ အခန်းတောင်မှ တလ ထောင်နား ကပ်နေပါတယ်။ တချို့ မြန်မာတွေက အိမ်ဝယ်ပြီးတော့ အခန်းငှားစားတော့ ၁၀ပေ ပတ်လည် အခန်း တခန်းကို ဒေါ်လာ ၅၀၀-၆၀၀ ရှိပါတယ်။ စားစရိတ်က တလကို ဒေါ်လာ ၂၀၀-၃၀၀ နဲ့ ရထားစီးခ ဒေါ်လာ ၁၀၀ ၀န်းကျင်မှာ ရှိပါတယ်။ သိပ်ရေးရင် ရှည်မှာ စိုးတာနဲ့ ဒီလောက်နဲ့ တော်ပါရစေ။

၈။ နိုင်ငံခြား သွားမယ် ဆိုရင် အသေအချာ ပြင်ဆင်သင့်ပါတယ်။ ဥပမာ- ဂျပန်သွားမယ်ဆိုရင် ဂျပန်စကားကို လက်လှမ်းမီသလောက် သင်ထားပါ။ ဂျပန်လူမျိုး အကျင့်စရိုက်၊ လူနေမှု အခြေအနေ မေးမြန်း စုံစမ်းထားပါ။

တခြားနိုင်ငံတွေ သွားမယ်ဆိုရင် အဓိက အင်္ဂလိပ်စကားကို သင်ပါ။ ပြောနိုင်ဆိုနိုင်အောင် ကျင့်ပါ။ မြန်မာစကားဟာ မင်္ဂလာဒုံလေဆိပ်က ထွက်တာနဲ့ အသုံးမကျတော့ဘူး ဆိုတာကို စွဲနေအောင် မှတ်ထားဖို့ပါပဲ။ စီးပွားရေး လုပ်ဖို့ ထွက်မယ်ဆိုတာကတော့ ကျွန်မ သိပ်နားမလည်လို့ မရေးပြတော့ပါဘူး။

မေးခွန်းကို စေ့အောင် ဖြေပြီးပါပြီ။ အသေးစိတ် ထပ်မံ သိချင်တယ်ဆိုရင်တော့ mmyomyint@yahoo.com ကို Email ပို့ပါ။ ကျွန်မ Computer မှာ မြန်မာ Font မရှိတော့ အင်္ဂလိပ်လို ကြိုးစား ရိုက်စေချင်ပါတယ်။ ဒါမှ မဟုတ် မြန်မာလို စာရွက်မှာရေး၊ Scan ကူး၊ Attach လုပ် ပို့နိုင်ပါတယ်။ ကျွန်မလဲ ဖြေရင် ဒီလိုပဲ ဖြေမှာပါပဲ။

ဒီစာလေးက နိုင်ငံခြား သွားချင်သူတွေအတွက် အနည်းအကျဉ်းမျှ အထောက်အကူပြုမယ်ဆိုရင် ကျေနပ်ပါပြီ။


မာလာ။


အမှားပြင်ဆင်ချက်…

အထက်ပါပို့စ်ကို တင်ပြီး ၂ ရက်အကြာမှာ မမာလာရဲ့ စာတစောင် ထပ်ရောက်လာခဲ့ပါတယ်။ သူ ပထမ ပေးပို့လိုက်တဲ့ စာထဲက အချက်အလက်မှားတခုကို မသီတာရဲ့ ထောက်ပြချက်အရ ပြန်လည် တွေ့ရှိမိလို့ ပြန်ပြင်ပေးစေချင်တဲ့စာပါ။ မူရင်းအတိုင်းပဲ ကူးယူတင်ပြလိုက်ပါတယ်။ အလုပ်များနေလို့ တင်ပေးဖို့ တရက် နောက်ကျသွားတာ ခွင့်လွှတ်ပါ မမာလာရေ…။

ဦးကလိုစေးထူး

Blogger ထဲပါ ထည့်ထားတဲ့အတွက်၊ ကျွန်မရဲ့ သိတာလေးတွေ ဝေမျှခွင့် ရတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီနေ့မှ ကျွန်မ ပြန်ကြည့်မိတော့ Thyda ရဲ့ Comment ထဲမှာ ဂျပန်ကို Scholarship မပေးတော့ဘူး ဆိုတာ မြင်ရတော့မှ ကျွန်မ ရေးထားတာကို ပြန်ကြည့်မိတော့မှ ကျွန်မ လောကြီးပြီး (အမေရိကန်) ဆိုလိုတဲ့ နေရာမှာ ဂျပန် လို့ ရေးထားတာတွေ့ရပါတယ်။ ကျွန်မ မူရင်းစာ Page 2 အပိုဒ် (၂) `ဂျပန် နိုင်ငံက ပေးတဲ့ အစိုးရ Scholarship ကတော့ ပေးတဲ့ နိုင်ငံအထဲမှာ မြန်မာနိုင်ငံ မပါပါ´ ဆိုတဲ့ စာကြောင်းပါ။ ကျွန်မရဲ့ ဆိုလိုရင်းက `ဂျပန်နိုင်ငံက ပေးတဲ့ Scholarship အတိုင်း ကောင်းတဲ့ ထောက်ပံ့မှုမျိုးကတော့ အမေရိကန် နိုင်ငံက ပေးပေမဲ့ ပေးတဲ့ နိုင်ငံထဲမှာ မြန်မာနိုင်ငံ မပါပါ´။ လောကြီးပြီး အပြည့်အစုံ မရေးဘဲ ထပ်စစ်ဆေးတော့မှ သာမန် လျှံဖတ်မိတဲ့ ကျွန်မရဲ့ အမှားပါ။

ကျေးဇူးပြုပြီး အဲဒီစာကြောင်းကို မူရင်းရဲ့ ဘေးမှာ ပြင်ဆင်ထားတဲ့ စာကြောင်းကို စာရေးသူ အမှား ပြင်ဆင်ချက် ဆိုတာနဲ့ ပြင်ပေးစေချင်ပါတယ်။ Thyda ပြောသလို Information အမှားကို သူများကို ပေးသလို ဖြစ်မှာမို့ ကျွန်မ အရမ်းစိုးရိမ်သွားပါတယ်။ ကျွန်မမှာ Information အမှားကို သူများကို ပေးဝေချင်တဲ့ စိတ်ဓာတ် လုံးဝမရှိဘဲ ကျွန်မရဲ့ အတွေ့အကြုံ ဗဟုသုတကိုသာ ရေးသားထားတာ ဖြစ်ပါတယ်။

ကျေးဇူးပြု၍ ကျွန်မရဲ့ အမှားကို ပြင်ဆင်ပေးစေလိုပါတယ်။

ကျေးဇူးတင်စွာဖြင့်

မာလာ