ဒီနေ့…။
စာရေးကလေး မောင်သွင်ယုတယောက် ခရီးသွားရမည်မို့ အိပ်ရာမှ စောစီးစွာ နိုးနှင့်နေ၏။ ဆောင်းအကုန် ဖြစ်လင့်ကစား နွေရနံ့ မပီသေးတော့ မနက်ခင်းက အေးတုံ့ မအေးတုံ့ဟန်…။
`ကွိုင့် ဘိန်း၊ ကွိုင့်ဘိန်း´
အိမ်ရှေ့မှ ဖြတ်သွားသော မုန့်သည်လေးရဲ့ အဲဒီ အသံကို ရန်ကုန်က ပြောင်းခါစတုန်းကတော့ ဘာမှန်းမသိ။ နောက်တော့မှာ ဒါက မွန်လို ဘိန်းမု့န်လို့ ခေါ်မှန်း သိရသည်။ `ကွိုင့်´ ဆိုတာ မုန့်၊ ဒီတော့ ဘိန်းမုန့်ကို ကွိုင့်ဘိန်း။ လေသံဝဲ၀ဲ တလုံးတခဲနဲ့ မုန့်သည်လေးရဲ့ အသံက တမျိုးတော့ ချစ်စရာကောင်းလှသည်။
`သားကြီး၊ ရေချိုးမလို့လား´
`ဟုတ်ကဲ့၊ မေမေ´
ခြံထောင့်က ရေတွင်းလေးဆီကို ရောက်တော့ ၀ါးရုံပင်ငယ် အုပ်မိုးခံရတဲ့ ရေတွင်းကလေး တ၀ိုက်မှာ ၀ါးရွက်ချွန်ချွန်တွေက အဖွေးသား ကျဲပြန့်နေ၏။ ရေတွင်းထဲမှာလဲ ၀ါးရွက်တချို့…။ မောင်းတက်ကို ဆွဲချပြီး ခပ်လှမ်းလှမ်းက စဥ့်အိုးထဲကို ရေငင်ထည့်လိုက်သည်။ ရေတွင်းလေးရဲ့ သဘာဝကိုက လူတွေရဲ့ သဘောမနောကိုများ အကြိုက်ဆောင်နေသလား မသိ၊ အခုလို မနက်စောစောဆိုရင် ရေတွေက နွေးနေပြီး ပူပြင်းတဲ့ နွေနေ့လည်မှာတော့ အေးမြနေတတ်သည်။ အခုလဲကြည့်လေ…။ ဆောင်းလက်ကျန် အအေးဒဏ်ကို သက်သာစေရော့ထင့်…၊ တွင်းရေ က နွေးနွေးလေး။ တဗွမ်းဗွမ်းနှင့် အားရပါးရ လောင်းချိုးပစ်လိုက်သည်။
`သားကြီးရေ၊ သိပ်အကြာကြီးတော့ ချိုးမနေနဲ့နော် သင်္ဘောဆိပ်ဆင်းဖို့ နောက်ကျနေအုံးမယ်´
အိမ်ပေါ်ကနေ စိတ်မချဟန် လှမ်းအော်ပြောသည့် မေမေ့ကို `ဟုတ်ကဲ့´ ဟု ဗလုံးဗထွေး လေသံဖြင့် ပြန်အော်ရသေးသည်။
***
မောင်သွင်ယု တယောက် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှာ စာရေးကလေး ၀င်လုပ်နေသည်မှာ သိပ်တော့ မကြာလှသေးပါ။ ဆယ်တန်းအောင်ခါစ၊ တက္ကသိုလ်ကျောင်းတွေ ဆက်တက်ဖို့ကလဲ နှစ်နှစ် ထပ်စောင့်ရမည့် ကြားကာလမှာ ဒီရုံးမှာ အလုပ်ဝင်ဖြစ်နေခြင်းပင်…။ မေမေကတော့ လုပ်အားပေး ကျောင်းဆရာ ဖြစ်ဖြစ် ၀င်လုပ်စေချင်ပေမယ့် မောင်သွင်ယုကတော့ ၀ါသနာ မပါလှတာနှင့်ပင် ကျောင်းဆရာ မဖြစ်ခဲ့။
သူတို့ ရုံးက လချုပ်စာရင်းတွေကို လကုန်ချိန်တိုင်းမှာ ပြည်နယ်ရုံးရှိရာ ဘားအံကို သွားပို့ရလေ့ရှိသည်။ ခါတိုင်းဆိုရင်တော့ စာရေးကြီး ဦးသန်းတင်က ဒီတာဝန်ကို ယူနေကျ…။ ဒီလတော့ ဦးသန်းတင်က ကျန်းမာရေး မကောင်းတာကြောင့် သူ့ကို စေလွှတ်လိုက်ခြင်း ဖြစ်၏။
***
မောင်သွင်ယု သင်္ဘောဆိပ်ကို ရောက်တော့ မနက် ၈ နာရီ ခွဲလုပြီ။ နေရောင် ဖြိုးဖျဝါမှုန်မှုန်အောက်က မြစ်ကမ်းစပ်မှာတော့ သင်္ဘောတစီးက အခန့်သားဖြင့် ကမ်းကပ်ထားလျက်သား။ သင်္ဘောနာမည်က တမျိုးတော့ ဆန်းသည်။ `ဆင်တော်´ တဲ့။
ရှောက်သီး၊ သံပုရာသီး အိတ်တွေက သင်္ဘောဝမ်းထဲမှာ မနေ့ညနေကတည်းက ရောက်နှင့်နေလောက်ပြီ။ ကွမ်းသီးအိတ်တွေတချို့ကတော့ အလုပ်သမားတွေက အခုအချိန်ထိ ထမ်းနေကြဆဲ…။ သင်္ဘောဆိပ်ကို ဆင်းလာကြသူ ခရီးသည်တချို့ကတော့ လမ်းလျှောက်ရင်းတချို့၊ ဆိုက်ကားဖြင့် တချို့၊ တချို့လည်း မြင်းလှည်းသံ တချွင်ချွင်ဖြင့်…၊ ငွေကြေးတတ်နိုင်သူ တချို့ကတော့ ဆိုင်ကယ်လေး တဖျောဖျောမောင်းလို့ လိုက်ပို့ပေးသူတွေနဲ့…။
သင်္ဘောပေါ် လှမ်းတက်လိုက်သည်နှင့် ရှောက်သီး၊ သံပုရာသီး အနံ့က လှိုင်ခနဲ ဆီးကြိုနေ၏။ စက်သံတွေ တရစပ် ဆူညံတတ်လေ့ရှိသော အောက်ထပ်မှာ မစီးချင်တာနှင့်ပင် အပေါ်ထပ်ကို တက်လာလိုက်သည်။ သင်္ဘောအပေါ်ထပ် ပဲ့ခန်းက ထမင်းဆိုင် ပိစိကွေးလေးရှေ့က ခုံတန်းလေးမှာ ၀င်ထိုင်ရင်း လက်ဖက်ရည် ပေါ့ဆိမ့် တခွက် မှာလိုက်သည်။ ကိုးနာရီခွဲလျှင် ထွက်တော့မည့် ဆင်တော် သင်္ဘောက တပ်လှန့်သံအလား ဥသြသံ တချက် ထွက်လာသည်။
`ဘော် )))))))))))))))´
***
မဟုတ်တော့ဘူး ထင်သည်။ နာရီကို ကြည့်လိုက်တော့ မနက် ကိုးနာရီ ခွဲကျော်လို့ ဆယ်နာရီပင် ထိုးလုလု ဖြစ်နေပြီ။ သင်္ဘောက ဘာလို့ မထွက်သေးတာပါလိမ့်။ သင်္ဘောပေါ်က ခရီးသည်တချို့က ကမ်းပေါ်ကို လည်တဆန့်ဆန့်ဖြင့် တခုခုကို စောင့်မျှော်နေသလိုလို…၊ ဘယ်လိုပါလိမ့်…။
အတန်ငယ် ကြာတော့မှ သင်္ဘောမထွက်ဖြစ်ရသေးသည့် အဖြေကို သိရတော့၏။ နယ်မြေခံတပ်က အရာရှိတယောက် လိုက်မှာမို့လို့ သင်္ဘောကို မထွက်သေးဖို့၊ အနှီအရာရှိ ရောက်တဲ့အထိ စောင့်ပေးဖို့ ကုန်တင်ကုန်ချရုံးက အိတ်ချိန်းဖုန်းကို လှမ်းမှာထားသတဲ့…။ ဘာမှ မထူးဆန်းတော့ ဖြစ်နေတဲ့ ဒါမျိုးက မကြာခဏ ကြုံရလေ့ရှိပေမယ့် လူတယောက်ကို လူတွေအများကြီးက စောင့်နေရတာကတော့ အဆင်မပြေလှ…။
ဆယ်နာရီ ဆယ့်ငါးမိနစ် သာသာလောက်မှပင် သင်္ဘောဆိပ်ကို စစ်ကားတစီး ပေါက်ချလာတော့၏။ လာပါပြီ၊ ပုဂ္ဂိုလ်ကလေး၊ စတိုင်လ်က ခပ်ထွားထွား၊ စစ်ယူနီဖောင်းအခန့်သားနှင့် သူ့နောက်မှာတော့ စစ်ရောင် သံသေတ္တာတလုံးကို ရဲဘော်ကလေး နှစ်ယောက်က တဖက်စီကနေ ဆွဲလို့ လိုက်လာကြသည်။ သံဃာတော်တွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် ဦးစားပေးလေ့ရှိတဲ့ သင်္ဘောဦးခန်းကို သူတို့တွေ ၀င်သွားပြီးတော့မှပင် ဆင်တော်သင်္ဘောရဲ့ စိတ်ဒုံးဒုံးချဟန် ဥသြသံက အောင်မြင်စွာ ထွက်ပေါ်လာတော့သည်။
***
တကယ်တော့ သူတို့ မြို့ကလေးကနေ မော်လမြိုင်အထိကို ဒီ ရေလမ်းကြောင်း တခုတည်းကိုသာ အားကိုးနေခဲ့ရတာ နှစ်ပေါင်း အတော်ကြာခဲ့ပါပြီ။ အရင်ကဆိုရင် ပြည်သူပိုင် သင်္ဘောက အခုလိုတောင် နေ့စဉ်ရက်ဆက် မပြေးဆွဲပေးနိုင်ခဲ့ပါ။ တပတ်မှာမှ အင်္ဂါနေ့နှင့် သောကြာနေ့တို့ နှစ်ရက်တည်းသာ သူတို့ မြို့ကို သင်္ဘောရောက်နိုင်၏။ ကြားရက်တွေမှာတော့ ပုဂ္ဂလိကပိုင် မော်တော်ဘုတ်တွေနဲ့ သွားလာရသည်။ တခါတလေ မော်တော်ဘုတ်မရှိတဲ့ ရက်တွေမှာဆိုရင် ဒေသအခေါ် `ခွေးတူဝက်တူ´ ဆိုတဲ့ ပဲ့ချိတ်မက၊ မော်တော်ဘုတ်မကျသည့် ရေယာဉ်ငယ်လေးတွေကို အားကိုးရသည်။
***
ရေသားကြည်ပြာပြာတွေကို တဖွားဖွားထိုးခွဲရင်း မြစ်ပြင်ထက်မှာ ပြေးလွှားနေတဲ့ ဆင်တော်က နှစ်နာရီခန့် ခရီးဆက်ပြီးချိန်မှာ အတန်ငယ် မောပန်းဟန်ဖြင့် ဆိပ်ကမ်းတခုကို ကပ်သည်။ ထမင်းဆိုင်ငယ်တချို့ အစီအရီ ကမ်းစပ်ကနေ သစ်သားဆိပ်ခံတံတား တခု မြစ်ထဲကို ခပ်ငေါငေါ ထွက်လျက်သားဖြင့် `သံပုရာ´ ရွာ ဆိပ်ကမ်းက မျှော်တော်ဇောဖြင့် မောနေရော့သလားတော့ မသိ။
ဈေးသက်သက်သာသာ၊ အရသာကောင်းကောင်းဖြင့် ထမင်းထုပ်တွေ ဒီဆိပ်ကမ်းမှာ ရနိုင်တာမို့ သင်္ဘော ကမ်းကပ်သည်နှင့် ခပ်သွက်သွက်ဆင်းပြီး ထမင်းထုပ်ဝယ်ရသည်။ အမယ်…၊ ကမ်းပေါ်ကနေ ကျည်တောက် ခပ်ရွယ်ရွယ် နှစ်လုံးကို ထမ်းပိုး ဟိုဘက်ဒီဘက်ချိတ်ရင်း လူတယောက် ခပ်သွက်သွက် ဆင်လားပါလား။ ထမ်းပိုးထိပ်မှာ ၀ါးကျည်တောက်ခွက်တွေက တိုးလို့တန်းလန်း ပါလာသေးသည်။ ဒါမျိုးတော့ မောင်သွင်ယုတို့ ဘယ်အလွတ်ပေးလိမ့်မတုန်း…။
`ထန်းရေလားဗျ´
`ဟုတ်ပဗျာ´
`တခွက်လောက်ဗျာ၊ ဘယ်လောက်တုန်း´
`သုံးကျပ်´
အမြုပ်တွေ ခုန်ဆွဆွဖြစ်နေတဲ့ ထန်းရည် တခွက်က ကမန်းကတန်း သောက်ရလို့လား မသိ၊ အရသာ ပိုရှိနေသလိုလို ချိုပြင်းရှတတက အမိုက်စား…။
သံပုရာရွာက ပြန်ထွက်တော့ နေ့လည် ၁၂ နာရီ ထိုးစ…။
***
တရိပ်ရိပ်နဲ့ ပြေးလွှားနေတဲ့ ကမ်းစပ်က အပင်တွေကို ကြည့်ရင်း မောင်သွင်ယု တယောက် မှေးခနဲ ငိုက်မြည်းစ ပြုလာခိုက်…။
`ကဲ… ကဲ၊ မှတ်ပုံတင်လေးတွေ ထုတ်ထားမယ်နော်´
အောက်ပိုင်းမှာ ကာကီရောင် ဘောင်းဘီဝတ်ထားပြီး အပေါ်မှာ အရပ်ဝတ်တွေနဲ့ ပုဂ္ဂိုလ်သုံးယောက်က အထက်ပါအတိုင်း အော်ရင်း သင်္ဘောပေါ်မှာ လှည့်လည်တော့သည်။
မှတ်ပုံတင်စစ်လိုက်ခြင်းဟာ ဒီသင်္ဘောရဲ့ လုံခြုံရေးကို ဘယ်လောက်အထိ အကာအကွယ်ပေးနိုင်လဲ၊ လူဆိုးတွေက မှတ်ပုံတင် မကိုင်လို့လား၊ ဒါမှမဟုတ် လူကောင်းတွေမှာ မှတ်ပုံတင် မရှိရင်ရော ဘယ်လိုလုပ်မှာလဲ မောင်သွင်ယု တွေးနေမိသည်။
ဟော…၊ လက်ရန်းနားမှာ ထိုင်နေတဲ့ ကောင်လေး တယောက်…။ မောင်သွင်ယုနဲ့ ရွယ်တူလောက်ပဲ ရှိလောက်မည်။ မှတ်ပုံတင် မေးတော့ အိတ်ထဲ ဟိုနှိုက်ဒီနှိုက်ဖြင့် အကြံအိုက်နေတဲ့ ပုံစံ။ ကာကီရောင် ပုဂ္ဂိုလ်တယောက် `လိုက်ခဲ့´ ဆိုတဲ့ သဘောဖြင့် လက်ယပ်ပြီး Escort ခန်းထဲ ခေါ်သွားသည်။ နာရီဝက်လောက် နေတော့ ကောင်လေး ပြန်ရောက်လာသည်။
`ဘယ်လောက် ပေးလိုက်ရလဲ´
စပ်စပ်စပ်စုစု နိုင်လှသည့် အဒေါ်ကြီးတယောက်က ကောင်လေးကို လှမ်းမေးသံ ကြားရတော့ ကောင်လေးက လက်ငါးချောင်း ထောင်ပြသည်။ ဘယ်လောက်လဲတော့ မောင်သွင်ယု မသိ။ ငါးဆယ်လား၊ ငါးရာလား၊ ငါးထောင်လား။
***
ချောင်းနှစ်ခွ ဆိပ်ကမ်းကိုရောက်တော့ နေ့လည် နှစ်ချက်တီး ကျော်ပြီ။
ချောင်းနှစ်ခွရွာကတော့ အသီးအနှံနှင့် ပတ်သက်လို့ ဈေးချိုသည့်၊ လတ်ဆတ်သည့် နေရာမှာ နာမည်ကြီးပင်။ အခုလဲ ကြည့်လေ၊ သခွားသီး အလုံးထွားထွားတွေ၊ ခ၀ဲသီး၊ ဗုံလုံသီးသည်တွေက သင်္ဘောပေါ်တက်ရောင်းရင်း ဈေးခေါ်ကြသည်မှာ သင်္ဘောတခုလုံး စီစီညံနေတော့သည်။ ထန်းသီး လတ်လတ်ဆတ်ဆတ်တွေလဲ လိုက်ရောင်းနေတာ တွေ့ရသေးသည်။
ချောင်းနှစ်ခွမှာတော့ သင်္ဘောရပ်တာ နည်းနည်း ပိုကြာသည်။ ချောင်းနှစ်ခွပြီးရင်တော့ ဦးလေး…ဆိပ်ကမ်း…။
ကျိုက်မရော ရောက်ရင်တော့ မောင်သွင်ယု ဆင်းရမည်။ မော်လမြိုင်အထိ ဆက်စီးသွားရင် မိုးအတော်စုံးစုံးချုပ်မှ ရောက်မှာမို့ ကျိုက်မရောမှာ ဆင်း…၊ ပြီးရင်တော့ လိုင်းကားဖြင့် မော်လမြိုင်ကို ဆက်သွားပေါ့။
မော်လမြိုင်ရောက်ရင်တော့ တည်းနေကျ `စည်းစိမ်ရှင်´ တည်းခိုခန်းမှာ အခန်းလွတ်တခုခုတော့ ရနိုင်လောက်သေးပါရဲ့။
***
ကလိုစေးထူး
(ကျနော့်ကို ငယ်ငယ်ကဆို ဖေဖေမေမေက အမြဲ ကြည်စယ်လေ့ရှိတာ တခုရှိတယ်။ အမြှောက်ကြိုက်တဲ့။ အခုလဲ အဲဒီလို ဖြစ်နေပြီထင်ပါရဲ့။ ကျနော့်ကို အားပေးကြတဲ့ မိတ်ဆွေတချို့ရဲ့ အမြှောက်ကောင်းမှုနဲ့ ကျနော် အခုရက်ပိုင်းတွေမှာ သရုပ်ဖော် စာလေးတွေကို ပိုအရေးစိတ်သလို ဖြစ်နေတယ်။ အဲဒီစာလေးတွေ ရေးနေရတာကလဲ စိတ်ကို ပိုပြီးတော့ အေးချမ်းစေသလို ဖြစ်နေလို့ ဖတ်သူတွေအနေနဲ့ ရိုးအီသလိုဖြစ်နေရင်တော့ ခွင့်လွှတ်ကြပါလို့…။)
5 comments:
ဆင်တော်လို့ မြင်လိုက်တော့ အမြင်မတော် ဆင်တော်နဲ့ ခလောက် ..ဆိုတဲ့ စကားလေးကို ဆက်စဉ်းစားမိ..
မပုတင် စစ်တာတွေကတော့ ဘယ်သူက ဘယ်သူ့ လုံခြုံရေးကို ကာကွယ်ဖို့လဲဆိုတာ..
အရေးအသား ညက်ညောလိုက်တာဗျာ။ အားကျစရာပဲ။ ဇတ်လမ်းလေးကလည်း စိတ်ဝင်စားစရာပါပဲ။
သကာလောင်းတဲ့ အဆိပ်စာတွေ ဖတ်နေရသလိုပဲဗျာ
I like, I respect to u.
don't give up my respectability.
I wanna encouragement always.
But sometime I feel ... .
Whatever , I really really respect to u.
Phyu
မြှောက်မပြောတတ်ပါဘူးကိုစေးထူးရေ။ ဖြတ်ကျော်ခဲ့ရတဲ့ ဘဝထဲက အဖြစ်အပျက်လေးတွေကို အဲဒီလိုစိတ်ဝင်စားစရာpostလေးတွေအဖြစ် ဖန်ဆင်းနိုင်တာ တကယ့်magicပါပဲ။
Post a Comment