Wednesday, February 06, 2008

တဘ၀စံရဲ့ ဟိုမှာဘက်...???

`ဟေ့ကောင်တွေ…၊ ထထ…၊ ထကြတော့´

အခန်းဝကနေ ခပ်အုပ်အုပ် ခေါ်နှိုးသံကြောင့် ကျုပ်တို့ တသိုက် နိုးလာတယ်။ တသိုက်ဆိုပေမယ့် လူက များများစားစား မဟုတ်ပါဘူး။ လေးယောက်ထဲရယ်ပါ။ စောလေးရယ်၊ ငအောင်ရယ်၊ ဖိုးတင့်ရယ် ကျုပ်ရယ်။

***

တိုင်ကီထဲက ရေနဲ့ မျက်နှာကို ဖရူးဖရူးနဲ့ သစ်၊ လက်ခုပ်ထဲ ရေနည်းနည်းထည့်ပြီး ဇက်ပိုးကို ဖြောင်းဖြောင်းမြည်အောင် သုံးလေးချက် ရိုက်လိုက်တော့ စောစောက အိပ်မှုံစုံမွှားလို ဖြစ်နေတာတွေ ပြေသွားတယ်။ အင်း…၊ လုပ်ငန်းစဖို့ အချိန်ကျပြီပေါ့။ စောလေးနဲ့ ဖိုးတင့်ကတော့ ခြံထောင့်က မီးဖိုမှာ မီးမွှေးလို့ မိုးဗြဲဒယ်ကြီးထဲကို ရေတွေ အပြည့်ထည့်ပြီး ရေနွေးကြိုနေကြလေရဲ့။

`ကဲ၊ ငအောင် လာဟေ့၊ စကြစို့´

ငအောင့်ကို ခေါ်ရင်း အိမ်အောက်မှာ ကျူပ်ရဲ့ လက်စွဲတော် ဆူးချွန်လှံကို ယူလို့ ခြံထောင့်ကို သွားတော့ ငအောင်ကလဲ သူ့လက်စွဲတော် ဘန့်ဘွေးသား အနှစ်တုတ်ချောင်းကို ကိုင်ပြီး ကျုပ်နောက်က လိုက်ခဲ့လေရဲ့…။

သြော်…၊ မေ့လို့။ ကျူပ်တို့ အလုပ်ကို ပြောရအုံးမယ်။ လန့်တော့ လန့်မသွားနဲ့အုံးနော။ ကျုပ်တို့အလုပ်က ၀က်သတ်တယ်။ ဘာလဲ၊ ခင်ဗျားက ကျုပ်ကို `ဒီကောင် အကုသိုလ်ကောင်ပဲ´ ဆိုပြီးတော့ အထင်သေးတော့မယ် မှတ်လား။ ရိုးနေပါပြီဗျာ။ ခင်ဗျားလို လူပေါင်းများစွာရဲ့ အထင်သေးချင်ပေါင်းများစွာကို ကြိမ်ဖန်များစွာ ရခဲ့ပြီးလို့ ကျုပ်အဖို့တော့ သိမ်ငယ်တယ် ဆိုတာ ဘာမှန်းတောင် မသိတော့ပါဘူး။

လူတွေက တော်တော်တော့ ခက်သား။ ကျုပ်တို့ကိုများဆိုရင် `၀က်သတ်တဲ့ကောင်တွေ´ ဆိုပြီး ဝေးဝေးက ရှောင်တဲ့လူနဲ့၊ အဖက်မတန်သလို မျက်နှာထားတွေနဲ့ ဆက်ဆံချင်တဲ့လူနဲ့ မသိရင် ရှိသမျှ အကုသိုလ်အကုန်လုံးက ကျုပ်တို့ကပဲ ကျူးလွန်မိနေသလိုလို။ ပါဏာတိပါတာကံဆိုတာ မကောင်းမှန်း ကျူပ်လဲ သိတာပေါ့။ ဒါပေမယ့် ကျူပ်တို့ ဘာကြောင့် ဒီအလုပ်ကို လုပ်နေရတယ် ဆိုတာ နားလည်ပေးတဲ့လူ ဘယ်နှစ်ယောက်များ ရှိလို့တုန်း။

အသားမှာ `၀က်´ ဆိုပြီး ၀က်သားကို အားရပါးရ လွေးကြတဲ့လူတွေက ၀က်သတ်တဲ့ လူတွေကိုတော့ နှိမ်သဗျာ။ ဒါတွေကို ဂရုမစိုက်တာလား ဘာလားတော့ မသိ၊ ကျုပ်ဆရာ ဦးထွန်းတင်ကတော့ ၀က်သတ်လုပ်ငန်းနဲ့ပဲ အသက်မွေးလာလိုက်တာ အခုတော့ အိမ်ပိုင်၊ ခြံပိုင်နဲ့ ဟော၊ ဒါတင် ဘယ်ကမလဲ ဈေးကို ၀က်သားတွေ အချိန်မီလိုက်ပို့ဖို့ ဟိုင်းလတ်က တစီး၊ အဲဒီအပြင် ဆိုင်ကယ်ကပါ နှစ်စီး ၀ယ်ထားလိုက်သေး။ အကုသိုလ်နဲ့ အကျိုးပေးတယ်ဆိုတာ အဲဒီလူကြီးလို လူမျိုးထင်ပါရဲ့ဗျာ။

***

ခြံထောင့်ကိုရောက်တော့ အကောင် လေးငါးဆယ်လောက် ရှိမယ့် ၀က်ခြံကြီးက ၀က်တွေ အချင်းချင်း တိုးဝှေ့သံ တအစ်အစ်နဲ့ အတူ ကျုပ်တို့ကို စောင့်နေတယ်။ ဦးထွန်းတင်က လက်နှိပ်ဓာတ်မီးကြီး တ၀င်းဝင်းနဲ့ အနောက်ကနေ လိုက်လာတယ်။ ငအောင်က ၀က်ခြံထဲကို ကျော်ဝင်သွားတယ်။

`ဆရာ၊ ဒီအကောင်လား´

`မဟုတ်သေးဘူးကွ၊ ဟိုဘက်က အချိန် လေးဆယ်သာသာ အကောင်ကွာ´

ဦးထွန်းတင် လက်ညှိုးထိုးပြတဲ့ အကောင်ကို ငအောင်က တခြားဝက်တွေနဲ့ မရောသွားအောင် ခြံထောင့်ကို သူ့လက်ထဲက တုတ်လေးနဲ့ တွန်းပြီး ခေါ်လာတယ်။ ၀က်က ယက်ကန်ယက်ကန်နဲ့ပေါ့။

`သေချာလှည့်ထားပေး´

ကျုပ်က လက်ထဲက ဆူးချွန်လှံကို ဆရင်း ငအောင့်ကို လှမ်းပြောတော့ ငအောင်က ၀က်ကို ကျုပ်ထိုးဖို့ အနေသားကျ ဖြစ်အောင် လှည့်ပေးတယ်။ စိတ်တိုင်းကျ အနေအထားကို ရပြီဆိုရင်ပဲ ကျုပ်လက်ထဲက ဆူးချွန်လှံနဲ့ ၀က်ရဲ့ ဘယ်ဘက် လက်ပြင်အောက်ကို `စွတ်´ ဆို တချက် ထိုးလိုက်တော့ ၀က်ရဲ့ အသံ အွတ်ခနဲ တချက် ထွက်လာတယ်။

`မရောစေနဲ့၊ မရောစေနဲ့´

ဝက်ရင်ခေါင်းသံနဲ့ တူတဲ့ ဦးထွန်းတင်ရဲ့ အလောတကြီး အသံက ထွက်လာသေးတယ်။ ငါးမိနစ်လောက်ပဲ ကြာပါတယ်။ ၀က်က ဗိုင်းခနဲ လဲသွားတယ်။ အသံတစက်မှ မထွက်ဘူး။ ဒါပေမယ့် သေချာအောင်လို့ ငအောင်က သူ့လက်ထဲက ဘန့်ဘွေးသား အနှစ်နဲ့ နှာနုကို ဗုံးခနဲ ဗုံးခနဲ သုံးချက်လောက် ရိုက်လိုက်သေးတယ်။ ၀က်အော်သံ အသံတစက် မထွက်စေရ…။ ထွက်လို့လဲ မဖြစ်ဘူးလေ။ အသံထွက်ရင် ပတ်ဝန်းကျင်က ပြဿနာရှာနိုင်တဲ့ အပြင် ဦးထွန်းတင်ရဲ့ `၀က်သတ်နေတာ ကြာပြီ၊ အသံအခုထိ ထွက်နေရသေးလားကွ´ ဆိုတဲ့ ကြိမ်းမောင်းသံကြီးက လာအုံးမယ်။

ငြိမ်သက်သွားတဲ့ ၀က်ကို ဖိုးတင့်နဲ့ စောလေးက သူတို့ တည်ထားတဲ့ ရေနွေးအိုးနားက ကျောက်ပြားကြီးပေါ်ကို ဆွဲယူ၊ ပြီးရင် ကားတာယာနဲ့ လုပ်ထားတဲ့ ရေဗုံးတွေနဲ့ မိုးဗြဲဒယ်ထဲက ရေနွေးတွေခပ်ပြီး ၀က်ကိုယ်ပေါ် နေရာ အနှံ့လောင်း…။ နောက် ငါးမိနစ် ကြာရင်တော့ ၀က်မွှေးခြစ်တဲ့ သံကောက်တွေနဲ့ တဗြင်းဗြင်း ခြစ်ပေရော့ပဲ။ လွန်ရောကျွံရော ကြာလှ ၀က်တကောင်မှ ဆယ့်ငါးမိနစ်ပေါ့။ အမွှေးခြစ်ပြီးရင်တော့ ဖြူတဲ့ဝက်လဲ ဖြူ၊ မဲတဲ့ ၀က်လဲ ဖြူပဲ။

***

ဗျာ…၊ ကျုပ်တို့ ဘယ်မှာနေတာလဲ ဟုတ်လား။ ဟုတ်သားပဲဗျို့။ ပြောဖို့ မေ့နေတာ။ ကျုပ်တို့ အခုနေကြတာက ဘားအံမှာဗျ။ အောင်နန်းမင်္ဂလာလမ်း ဆိုတဲ့ လမ်းသွယ်လေးမှာနေတာ။ ဘေးနားမှာက အိမ်တွေက ကပ်နေတော့ ၀က်သတ်ရတာ အလွန်သတိထားရတာကလား။ ဒီကြားထဲ ဒီရက်ပိုင်းမှာ တခြားမြို့တွေကနေ အဝေးသင် တက္ကသိုလ် စာမေးပွဲ လာဖြေကြတဲ့ ကောလိပ်ကျောင်းသား ကျောင်းသူ တချို့ကလဲ ကျုပ်တို့ အိမ်ရှေ့ မျက်နှာချင်းဆိုင်မှာ လာတည်းနေကြတော့ ကျုပ်တို့ ဆရာ ဦးထွန်းတင်က ညနက် သန်းခေါင်မှ အလုပ်လုပ်ရတဲ့ သူ့ ၀က်လုပ်ငန်းက ၀က်အော်သံတွေကို အရင်ထက် ပိုသတိထားချင်ပုံ ပေါ်ပါတယ်။

တခါတလေတော့လဲ ကျုပ်ရဲ့ ဇာတိ အိန္ဒုရွာလေးကို လွမ်းသား၊ တကယ်ဆို ဘားအံနဲ့ ဘာမှဝေးတာမဟုတ်ပါဘူး။ သာမညတောင် သွားတဲ့လမ်းခုလတ်က အဲဒီရွာလေးကို ကျုပ် ပြန်မရောက်ဖြစ်တာ ကြာပြီ။ ကျူပ်တို့ ရွာနားက ဆဒ္ဒန်ဂူလဲ မရောက်ဖြစ်တော့ဘူး။ တခါတလေတော့လဲ ရွာကို သိပ်ပြန်ချင်တယ်ဗျာ။

ရည်းစားလား၊ ရှိပါသော်ကောဗျာ။ ဒါပေမယ့် အိမ်ရှေ့မှာ တည်းနေတဲ့ ကောလိပ်ကျောင်းသူ မမတွေကိုတော့ ဘယ်ရလိမ့်မတုန်း။ ကျုပ်ရည်းစားက အဝေးပြေးဂိတ်မှာ ၀က်သားတုတ်ထိုးရောင်းတယ်။ အနှင်း…တဲ့။ ကဲ…၊ ဘယ်လောက်များ လိုက်ဖက်လဲ ၀က်သတ်သမားလေးနဲ့ ၀က်သားတုတ်ထိုးသည်။ ခင်ဗျားကတော့ ရယ်နေမလားဘဲ။

***

ဟို နှစ်ကောင် ၀က်မွှေးတွေခြစ်တာ ပြောင်ပြီဆိုတော့ ကျုပ်ရဲ့ တာဝန် ကျလာပြန်တယ်။ မြိနေအောင် သွေးထားတဲ့ ဓားမ ထက်ထက်နဲ့ အလုပ်များရပြန်တယ်။ ၀က်ခေါင်းကိုတော့ ဖယ်ထားလိုက်တယ်။ အနှင်းတို့ ဆိုင်အတွက်လေ။ ပြီးရင်တော့ ကလီစာတွေတွေကို တခါ သပ်သပ်ဖယ်ရတယ်။ သြော်၊ ၀က်သွေးတွေလဲ အလွတ်မပေးဘူးဗျ။ ခပ်ထားရသေးတယ်။

ဝက်သားပေါ်တဲ့ နေရာမှာ အရပ်ထဲမှာကတော့ အဆင်ပြေသလို ကြုံသလို ပေါ်ကြပေမယ့် ကျုပ်တို့လို စီးပွားဖြစ် ၀က်ပေါ်သမားတွေအတွက်ကတော့ အဲဒီလို မရဘူးဗျ။ ၀က်သားတွဲတွေမှာ အဆီတွေချည်းပဲ ရောပြီး ပေါ်လို့ မရသလို၊ အရိုးတွေလဲ သိပ်များလွန်း နည်းလွန်းလို့ မရဘူး။ ဈေးကွက်အရ အသားသီးသန့် တုံးပေးရတဲ့ ၀က်သားတွဲတွေလည်း ရှိတာပေါ့ဗျာ။

ဒီလိုနဲ့ပဲ ကျင့်သားရနေလိုက်တဲ့ လက်တွေက တရစပ်ဆိုသလို အလုပ်လုပ်လိုက်တာ ဒီညအဖို့ ၀က်ခြောက်ကောင် ပေါ်လိုက်ရတယ်။ လူလဲ အတော်ကို ပင်ပန်းသွားတာပဲ။

***

ဝက်သတ်တယ် ဆိုတာ မကောင်းဘူး ဆိုတာတော့ ကျုပ်လဲ သိပါရဲ့ဗျာ။ ဒါပေမယ့် တတ်နိုင်ဘူး။ ဒီအလုပ်ကနေ ဖြောင့်ဖြောင့်ကြီး ၀င်နေတဲ့ ၀င်ငွေကို ကျုပ် မလွန်ဆန်နိုင်ဘူး။ ကျုပ်က ပညာမတတ်ဘူးလေ။ ၈ တန်းနဲ့ ကျောင်းထွက်တဲ့ ကျုပ်အတွက် အလုပ်လဲ များများစားစား မရှိလှဘူး။ အမေကတော့ `လယ်လုပ်ပါလား သားရယ်´ လို့ ပြောပေမယ့် ဒီအလုပ်လောက် ၀င်ငွေကောင်းပါ့မလားဆိုတာကို သံသယဖြစ်နေရင်းနဲ့ပဲ အကုသိုလ်မှန်း သိသိကြီးနဲ့ ကျုပ်ဆက်လုပ်နေဖြစ်တာပဲ။

ကပ်သပ်တယ်တော့ မထင်ပါနဲ့ဗျာ။ တခါတခါတော့ ကျုပ် ရှာကြံစဉ်းစားပြီး ဖြေတွေးမိပါတယ်။ `ငါတို့လဲ တဖက်တလမ်းကနေ လူတွေကို အကျိုးပြုနေတာပါပဲ´ လို့…။ ဟုတ်တယ်လေ။ ကျုပ်တို့သာ ၀က်မသတ်ပေးရင် ၀က်သားစားချင်တဲ့ လူတိုင်းက ၀က်တွေကို သတ်နေရတော့မှာပေါ့။ ဒီတော့ သူတို့ ရမယ့် အကုသိုလ်တွေကို ကျုပ်တို့က ကိုယ်စားဝင်ယူပေးလိုက်တယ်။ သူတို့က ၀က်သားစားချင်တဲ့ အာသီသပြည့်၊ အကုသိုလ်လဲ မရ။ ဒီတော့ သူတို့ရမယ့် အကုသိုလ်တွေကို အားလုံးခံပေးရမယ့် ကျုပ်တို့က သူတို့ကို အကျိုးပြုတာပဲ မဟုတ်ဘူးလား။ စဉ်းစားကြည့်မိတာ ပြောပါတယ်။

နောက်ဘ၀ကျရင် ကျုပ်တို့ ငရဲခံရမယ် ဆိုတာလဲ သိပါတယ်။ ခံရုံပေါ့ဗျာ။ ကျုပ်တို့က လိုအပ်ချက် တခုလို ဖြစ်နေတာတော့ လူတွေ နားလည်ပေးရင် တော်ပါပြီ။

***

ဝက်သားတွေ စနစ်တကျ တင်ထားတဲ့ ဟိုင်းလတ်ကားကို ဦးထွန်းတင်က `၀ူး´ ခနဲနေအောင် မောင်းထွက်လာတော့ မနက် ငါးနာရီခွဲတော့မယ်။ ဈေးက ၀က်သားဒိုင်တွေကို အမှီပို့ရမယ်လေ။ ကျုပ်ကတော့ နောက်ခန်းမှာ ထိုင်လိုက်ရင်းနဲ့ အနှင်းဆီကို ယူသွားမယ့် ၀က်ခေါင်းထုပ်လေး တဆဆနဲ့ပေါ့ဗျာ…။

အနှင်းဆီရောက်ရင်တော့ သူ့လက်ရာ ၀က်စွတ်ပြုပ်လေး တခွက်လောက်တော့ ပူပူလေး သောက်ချင်သားဗျာ။

ဘားအံ ကောလိပ်ကျောင်းရှေ့က ကားဖြတ်မောင်းတော့ ဘာရယ်မဟုတ် ကျောင်းဆိုင်းဘုတ် `ဘားအံ ဒီဂရီကောလိပ်´ ဆိုတာကို ကျုပ်လှမ်းကြည့်မိတယ်။ အင်းဗျာ၊ ကျုပ်လဲ အခါအခွင့် ကြုံမယ့် ဘ၀တခုခုမှာတော့ အဲဒီကျောင်းကို တက်ချင်မိသားပါပဲ။ ဘယ်ဘ၀လဲတော့ မသိနိုင်ဘူးပေါ့။ ပါးစပ်ကတော့ ဘာရယ်မဟုတ်…၊ တွေ့ကရာ သီချင်းတပုဒ်ကို ညည်းလိုက်မိသေးတယ်။

`၀က်ထိုးသမားလေးရဲ့ ~~~ ရည်းစားလေးမို့ အားမငယ်ပါနဲ့ကွာ ~~~ ဘ၀သံသရာ လောကရဲ့အလယ်မှာ ~~~ ဆင်းရဲသူရယ်၊ ချမ်းသာသူရယ်~~~ အများကြီး ရှိပါတယ်´


ကလိုစေးထူး

(ဘားအံ၌ အဝေးသင် တက္ကသိုလ်သွားဖြေစဉ် တွေ့မြင်ခဲ့ရဖူးသော ဘ၀တခုကို ခံစားရေးဖွဲ့ပါသည်။)

6 comments:

မြရွက်ဝေ said...

ကိုကလိုစေးထူး အရေးကောင်းလို့ ဖားအံမှာတုန်းက ဘေးက ကရင်အိမ် ဝက်သတ်တာပါပေါင်းပြီး သတိရသွားတယ်။ ကိုကလိုစေးထူးရဲ့ ဝတ္ထုထဲကလူတော့ အသံမထွက်အောင်လုပ်တတ်တော့ ပတ်ဝန်းကျင်က မသိဘူးပေါ့။ ကျမကတော့ အဲဒီတုန်းက မနက်စောစောစီးစီး ဝက်တအားအော်သံကြားရလို့ ဝက်ကိုသနား ကြောက်လဲကြောက်နဲ့ ထွက်တောင်မကြည့်ရဲဘူး။

ဆဒ္ဒန်ဂူလဲ ကျောင်းတုန်းက ဆရာမတွေနဲ့ ရောက်ဖူးတယ်။ ဂူကရှည်လွန်းပြီး ဂျောက်တွေလဲရှိတော့ လန့်လဲလန့် ပျော်လဲပျော်တယ်။ သာမညထမင်းဟင်းလဲ သတိရပါရဲ့။

MELODYMAUNG said...

ကိုကြီးစေးထူးက အရေးအသားကတော့ ကောင်းပ အနော်ကတော့ ၀က်သတ်တာ မြင်ဖူးဘူး သတ်မဲ့ ၀က်တွေကို ကားနဲ့ ခေါ်တင်သွားတုန်း အော်နေကြတာပဲ ကြားရတာ သနားသဗျ ဒါပေသိ စားတာကတော့ မပျက်ပေါင် :P

တန်ခူး said...

အသားထဲမှာဝက်သားကို အကြိုက်ဆုံး။ ဒါပေမယ့် ကိုစေးထူးသရုပ်ဖေါ်တာ ပီပြင်လွန်းတော့ မျက်စိထဲကွင်းကွင်းကွက်ကွက်မြင်ပြီး စားရမှာသနားသွားတယ်။ သရုပ်ဖေါ်အရေးအသားနိုင်နင်းတဲ့ ကိုစေးထူးကိုအားကျမိတယ်။

May Burma said...

good post

thanks

Ko Paw said...

ကောင်းလှချည့်လား ကိုစေးထူးရယ်။ (၀က်သားကို ပြောချင်းမဟုတ်)။ ဗဟုသုတလည်းရ။ ရသလည်း မြောက်ပါပေတယ်။ ငယ်ငယ်က ၀က်ပေါ်တာ မြင်ဘူးတယ်ဗျ။ ဒါပေမယ့် လုပ်တဲ့ကိုင်တဲ့လူတွေက မကျွမ်းကျင်တော့ ၀က်ခမြာ သနားစရာပါဗျာ။ သို့သော်လည်း...အဲ..တဲ့ပေါ့လေ။ ၀က်သားကတော့ စားကောင်းသဗျာ။ မနေ့ကဘဲ မိတ်ဆွေတယောက်အိမ်မှာ ဆုံကြရင်း ၀က်သားတုတ်ထိုး တ၀တပြဲ စားလာခဲ့သေးတာကိုး။

nu-san said...

ကိုစေးထူး ရေးထားတာ ဖတ်ပြီးတော့ စိတ်မကောင်းဘူး.. ၀က်သတ်တာတော့ မမြင်ဖူးဘူး။ ဒါပေမယ့် သတ်မဲ့ဝက်တွေ ကားပေါ်တင်ခေါ်သွားရင် သူတို့ အော်နေတာကို မြင်ဖူးတယ်။ တခါတလေလည်း စဉ်းစားမိတယ်..၀က်သတ်တဲ့သူတွေလည်း အသက်မွေးဝမ်းကြောင်းပြုနေတာမို့ အကုသိုလ်များတာတော့ မှန်ပါတယ် ဒါပေမယ့် ကျမတို့လည်း ၀ယ်စားနေတာပဲဆိုတော့ တကယ်တမ်း ပြန်တွက်ကြည့်ရင် ကိုယ်တွေလည်း အပြစ်ရှိသလို ခံစားရတယ်။ အင်း...သတ်သတ်လွတ်စားနိုင်အောင်တော့ ကြိုးစားကြည့်ရဦးမယ်..