Wednesday, February 20, 2008

စပါး ရိတ်ချိန်…

မိုးမှ မလင်းသေး…၊ အိမ်ခေါင်းရင်း ပျဉ်းမပင်ပေါ်မှာ တကျီကျီတကျာကျာဖြင့် ဆူညံနေအောင် အသံစာလှသည့် စာငှက်ကလေးတွေရဲ့ အသံကြောင့် သူ အိပ်ရာက နိုးလာတော့သည်။ ဒီစာငှက်ကလေးတွေက မိုးတွင်းချိန်ဆို ဘယ်ဆီရောက်နေတယ် မသိ၊ အခုလို စပါးသိမ်းချိန် ဆောင်းရောက်လာရင်တော့ ညနေစောင်းရင်လည်း ညနေစောင်းမို့ တစီစီ…၊ အခုလည်း မိုးလင်းစပင် မရှိသေး… သူတို့ အသံတွေက ဆူညံနေလေပြီ။

အိမ်ရှေ့ ပြတင်းမှတဆင့် အပြင်ကို လှမ်းငေးကြည့်တော့ ဘကြီး ဦးကုလားတယောက် မြူမှုံဝေေ၀၀ါး ကြားမှာ နွားနှစ်ကောင်နှင့် အလုပ်ရှုပ်နေ၏။ ခဏနေရင် လှည်းတပ်တော့မည် ထင်သည်။ အင်း…၊ တကယ်တော့ တအိမ်သားလုံးက စောစီးစွာ နိုးနှင့်နေပြီး သူ တယောက်ထဲ အိပ်ရာထဲမှာ ကျန်ခဲ့သည်ပဲ။

နောက်ဖေး ရေကပြင်ဆီသွားပြီး သွားတိုက် မျက်နှာသစ်ဖို့ မီးဖိုချောင်ထဲဝင်ကာ ဆားအိုးထဲမှ ဆားသွားနှိုက်ရသည်။

`နဂျယ်ကောင်လေး၊ လိုက်မှာလား၊ အိမ်စောင့်မှာလား´

ဘကြီး ဦးကုလားအသံ သြသြက အိမ်ရှေ့တလင်းဆီမှ လွင့်ပျံ့လာတာမို့ ကမန်းကတန်းဖြင့် ပြန်အော်လိုက်ရသေးသည်။

`လိုက်မယ် ဘကြီး၊ ခဏလေးးးးးးး´

***

ဒီလိုအချိန်၊ ဒီလိုရာသီဆို သူတို့နယ်ဘက် လယ်တောတွေက ကြည့်လိုက်တိုင်း ရွှေဝါရောင် စပါးပင်တွေက စပါးနှံ ညွှတ်ထွားထွားဖြင့် လှချင်တိုင်းလှနေသည့် အချိန်…။ လေတိုက်လိုက်တိုင်း ယိမ်းနွဲ့နေတတ်တဲ့ စပါးပင်တွေက အလှမာန်မ၀င့်၊ မာန်မတင့်ပါ။ ရိတ်ပါတော့၊ သိမ်းပါတော့ဟု ခေါ်ငင်နေသည့်အလား လည်တိုင် တငြိမ့်ငြိမ့်ဖြင့် စပါးလှိုင်းလုံးတွေမှာ ကြည့်လို့ပင် ကောင်းသေးတော့…။

ဒါပေမယ့် ဘကြီး ဦးကုလားရဲ့ လယ်ကွက်ထဲမှာတော့ စပါးပင်တွေက ရိတ်သိမ်းဖို့ အလို့ငှာ တမြန်မနေ့ကပင် သူတို့ တူဝရီးတွေ ၀ါးလုံးရှည်များဖြင့် တွန်းလှဲထားသောကြောင့် စောင်းငဲ့နေလေပြီ။ ဒီလို တွန်းလှဲထားမှပင် စပါးတွေက ရိတ်ရလွယ်သည်ဟု ဘကြီးက ပြော၏။ သူကတော့ ဘာမှမသိ၊ မြို့သားတပိုင်း တောသားတ၀က်ဖြင့် ဘကြီး သင်ပေးသလိုသာ လိုက်လုပ်ရသည် အယောင်ယောင်အမှားမှား။ သူ့ပုံစံကို ကြည့်ပြီး ဘကြီးကတော့ တဟားဟားဖြင့် သဘောကျမဆုံး…။ ဒါပေမယ့် သူ ပျော်ပါသည်။

ဒီနေ့ မနက်တော့ သူတို့ စပါးသွားရိတ်ကြတော့မည်။ အခုလောက်ဆို လယ်ထဲမှာ စပါး လာကူရိတ်ပေးကြမည့် ဘကြီးမိတ်ဆွေ တချို့ရွာသားတွေ ရောက်နှင့်နေပြီလား မသိ။ ဒေါ်ကြီးသန်းကတော့ မိုးမလင်းခင်ကတည်းက အိပ်ရာထလို့ ချက်ပြုတ်ပြီးနှင့်ပြီ။

`ဟိုကောင်၊ လှည်းကို သေချာမောင်း´

ဘကြီးက သူ့သား ကျော်စွာကို မှာပြီး ရှေ့ကတလှည်းကို မောင်းနှင့်သည်။ သူတို့ မောင်နှမတွေက နောက်လှည်း တစီး…၊ တဟိတ်ဟိတ်ဖြင့် အော်ငေါက်ရင်း လှည်းမောင်းနေသည့် ကျော်စွာ့အသံက လှည်းသံ တဂျောင်းဂျောင်းနှင့် အတူ နံနက်ခင်း မြူတွေကို တိုးဝှေ့လို့ လယ်ကွင်းတွေဆီကိုပေါ့…။

***

လယ်ကွက်တွေထဲ ရောက်တော့ ရောက်နှင့်နေသော ရွာသား တယောက်၊ နှစ်ယောက်က စပါးတောင် ရိတ်နှင့်နေပြီ။

`ဦးကုလားရေ…၊ ဖိုးလူဗူးတို့ ဖိုးမောင်တို့လည်း လိုက်လာလိမ့်မယ်တဲ့ဗျ´

`အေး…အေး´ ဟု ပြန်အော်ပြောရင်း ဘကြီးတယောက် လှည်းတံပိုးမှ နွားများကို ချွတ်၊ လှည်းဦးကို လှည်းထောက်နဲ့ ထောက်လို့ နွားတွေကို ချည်တိုင်မှာ ခပ်မြန်မြန် ချည်ပါသည်။

`ဘကြီး…၊ သားလဲ ရိတ်ကူရမှာလား´

သူများတကာတွေ အလုပ်ကိုယ်စီဖြင့် ဇယ်ဆက်နေသလောက် တခါမှ လယ်မလုပ်၊ စပါးမရိတ်ဘူးသော သူ့မှာတော့ ကြောင်အမ်းအမ်း နိုင်လှတာမို့ ဘကြီးကို လှမ်းမေးလိုက်တော့ ဘကြီးက…

`ရိတ်တော့ မရိတ်နဲ့၊ မင်းလက်ပါ ပါသွားအုံးမယ်။ မင်းဒေါ်ကြီး စည်းပြီးသား ကောက်လှိုင်းတွေကို လှည်းပေါ် ထမ်းကူချေ´

`ဟုတ်ကဲ့´

ဒေါ်ကြီးက ရှေ့က ရိတ်သွားသူတွေ ပုံချထားခဲ့သော စပါးပင် အပုံလေးတွေကို စုရင်း အနေတော် ကောက်လှိုင်းစည်းတွေ တစည်းပြီး တစည်း စည်းသည်။ နေ အတန်ငယ် မြင့်လာတော့ လယ်ကွက်ထဲမှာ ကောက်လှိုင်းစည်းတွေ ဟိုနားတစည်း ဒီနားတစည်း ဖြစ်နေပြီ။ ဒီလိုနဲ့ လှည်းပေါ်မှာ တင်လာသော အရှည် တလံကျော်ကျော်ခန့် ဟိုဘက်ထိပ်၊ ဒီဘက်ထိပ်တွေမှာ မတုံးလွန်းမချွန်လွန်းတဲ့ ၀ါးဆစ်ပိုင်းတွေကို သွားယူလို့ ဒေါ်ကြီးစည်းထားသမျှ ကောက်လှိုင်းတွေကို ၀ါးတံ ဟိုဘက်ထပ် တထုံး၊ ဒီဘက်ထိပ် တထုံး သီရင်း လှည်းပေါ် ထမ်းကူရသည်။

နေ့လည် ထမင်းစားချိန်မတိုင်ခင်မှာ ကောက်လှိုင်းလှည်းတစီးစာရတော့ ဘကြီးက လယ်ကွက်ထဲက တက်လာလို့ အိမ်ကို တခေါက်မောင်းပို့ရသည်။

`ဖိုးကောက်နဲ့ နဂျယ်ကောင်၊ ကောက်လှိုင်းပေါ် တက်ထိုင်လိုက်ခဲ့ပေး´

လှည်းစီးရသည့် အရသာထဲတွင် ကောက်လှိုင်းစည်းတင်ထားသော လှည်းကို စီးရတာ အရသာ အရှိဆုံးဟု သူထင်သည်။ ကောက်လှိုင်းတွေ ပြည့်မောက်နေအောင် တင်ထားသော လှည်းဆောင့်လိုက်တိုင်း အိခနဲ ဖြစ်လိုက်၊ ကောက်လှိုင်းစည်းတွေ ယိမ်းသွားတိုင်း အောက်ကို ပြုတ်မကျသွားအောင် ထိန်းကိုင်ရင်း ယီးလေးခိုသလို စီးပြီး လိုက်ရသော အရသာကို သူ အကြိုက်ဆုံး။

***

နေ့လည်စာကတော့ ဘကြီးတို့ ခြံထွက် ခရမ်းသီး ရေလုံပြုတ်ဟင်း၊ ကောက်ကောက်ညွှန့်ကြော်၊ ငပိထောင်း၊ ဇရစ် ဟင်းချို၊ စိန်ခို(သီဟိုဠ်) ရွက်နု တို့စရာ…။ ဆာဆာနှင့် စားလိုက်ကြတာ ချက်လာသမျှ ထမင်းဟင်း တက်တက်ပြောင်…။ ပြီးရင်တော့ ပူပြင်းတဲ့ ဆောင်းနေမင်းဒဏ်ကို လယ်ကွက်ဘေးက ဘန့်ဘွေးပင်ကြီးအောက်မှာ ခဏနားရင်း အကာအကွယ်ယူရ၏။ တချို့ကတော့ တမှေးတမော…။

စပါးလာရိတ်ကူကြသူတွေအနက် ရွာထဲက ကာလသားကြီး တချို့ကတော့ သူများတွေ နားချိန်မှာ မနားကြပါ။ ပေါက်ပြားတလက်၊ ငါးချောင်းခွ စူးကို ကိုင်လို့ လယ်ကန်သင်းရိုးတလျှောက် လမ်းသလားပြီး မြွေရှာထွက်ကြသည်။ တခါတခါလည်း မနက်စောစော ၈ နာရီခန့်လောက်ဆိုရင် တွင်းပြင်ထွက်လာတတ်သော မြွေပွေးတချို့က နေစာထွက်လှုံတတ်သည်။ ညနေစောင်းရင်တော့ ပူလွန်းတဲ့ ရာသီကြောင့် ဖုတ်ထွက်လူးလေ့ ရှိသည်။ ဒီလို နေ့လည်စောင်းတွေကတော့ တွင်းထဲမှာသာ ခွေနေတတ်တာ များသော မြွေပွေးတွေကို ဟင်းစားအတွက်လဲဖြစ်၊ စပါးရိတ်သူတွေကို ကိုက်မယ့်ရန်ကလည်း အကာအကွယ်ပြုပြီးသားဖြစ်အောင် မြွေရှာထွက်ကြခြင်းပင်…။

မြွေဆိုတဲ့ သတ္တ၀ါကက ခြေမရှိလက်မရှိနှင့် ကိုယ်တိုင်ကိုယ်ကျ တွင်းတူးတတ်သည့် အကောင်မဟုတ်…။ ဒီတော့ ကြွက်တွင်းတွေကိုသာ ၀င်အောင်းတတ်၏။ မြွေတွင်းနဲ့ ကြွက်တွင်းက ခွဲရတာ သိသာသည်ဟု ဆိုသည်။ ကြွင်းဝမှာ မြေသားတွေ ဖွာလန်နေရင် ကြွက်တွင်း၊ တွင်းနှုတ်ခမ်းက အထဲကို လုံးလုံးလေး ခုံးနေရင် မြွေတွင်းဟူ၏။ မြွေအောင်းနေတာ သေချာလောက်တဲ့ တွင်းပတ်လည် တပေခွဲ၊ နှစ်ပေသာသာလောက်ကို ပေါက်တူး၊ သံတူရွင်းတွေနဲ့ တူးဆွ…၊ ခွေနေတဲ့ မြွေကို အစအန မြင်တာနဲ့ ငါးချောင်းခွ စူးနှင့် လှမ်းထောက် ဖမ်းရ၏။ အန္တရာယ်တော့ အများသား…။

လင်းမြွေလို အကောင်မျိုးကျတော့ အရေခွံဆုတ်ပေမယ့် သူတို့ နယ်ဘက်မှာကတော့ မြွေပွေးသားမှန်လျှင် အရေခွံဆုတ်ပြီးမှ စားသူကို `လူမိုက်´ ဟု သတ်မှတ်သတဲ့။ မြွေပွေး အရေခွံက အရေခွံတွေထဲမှာ အရသာ အရှိဆုံးဆိုပဲ…။ ကြက်သွန်ဖြူနီ၊ အမွှေးအကြိုင် ငရုတ်သီး ခပ်စပ်စပ်ချက်ထားသော မြွေသားကို သူ စားဖူးသော ပထမအကြိမ်မှာပင် အရသာတွေ့သွားခဲ့ဖူးသည်။ ကာလသားတွေ မြှောက်ပေးကောင်းလို့ မြွေပွေးသည်းခြေကို ဂလုခနဲမျိုပြီး အရက်တကျိုက်ဖြင့်လည်း မျှောချဖူးလိုက်သေးသည်။

***

နေ့လည် နှစ်ချက်တီးခန့်ရောက်တော့ နားနေမှေးအိပ်သူတွေလည်း ပြန်ထ၊ မြွေရှာထွက်သူတွေလဲ ပြန်ရောက်လို့ စပါးရိတ် လုပ်ငန်း ပြန်စရပြန်သည်။ မြွေရှာသူတွေ အလုပ်ဖြစ်လိုက်ကြ၏။ ဓာတ်ခဲအကြီးလုံးပတ် အရွယ်သာသာ မြွေပွေး နှစ်ကောင် ရခဲ့ကြသည်။

နေ့လည်ချိန်ကတော့ ပူပြင်းလွန်းသည့် နေဒဏ်ကြောင့် ပင်ပန်းလှသည်။ ဒီကြားထဲ ကောက်လှိုင်းတွေက ပေးတဲ့ ယားကျိကျိအရသာက ချွေးစေးနဲ့ ရောထွေးရင်း အနေရခက်လှသည်။ နေသားကျနေသော ရွာသားတွေကတော့ ဒါတွေက ရိုးနေချေပြီ။ သူ့မှာသာ ကောက်လှိုင်းစည်းလေး ဟိုဘက် နှစ်ထုံး၊ ဒီဘက် နှစ်ထုံးကို ဒယီးဒယိုင်ထမ်းရင်း၊ ကျောကို တဗြင်းဗြင်းကုတ်လိုက်၊ အပင်အောက်မှာ ခဏခဏ သွားထိုင်လိုက်နှင့်…။

ညနေစောင်းလို့ နေ၀င်လုမှပင် လယ်ကွက်ထဲက စပါးပင်တွေ ကုန်စင်အောင် ရိတ်သိမ်းလို့ ပြီးတော့သည်။ တံစဉ်ကိုယ်စီဖြင့် ရွာသားတွေနဲ့ ဘကြီးဦးကုလားတို့ လယ်ထဲက တက်လာချိန်မှာ သူတို့ ထမ်းတင်ထားလို့ ကောက်လှိုင်းထုံးတွေ ပြည့်သိပ်နေသော လှည်းတွေကလဲ အဆင်သင့် ဖြစ်နေလေပြီ။

ကောက်လှိုင်းထုံး တအိအိဖြင့် လှည်းပေါ်မှာ စီးလို့ အိမ်ပြန်ရအုံးမည်။ အိမ်ကိုရောက်ရင် ကောက်လှိုင်းထုံးတွေကို လှည်းပေါ်မှ ချရအုံးမည်။ စပါးနယ်ဖို့အတွက် တလင်းထဲမှာ ကောက်လှိုင်းတွေကို ဖြန့်ရအုံးမည်။ မိုးချုပ်လျှင် လရောင်ကို အမှီပြုလို့ စပါးနယ်ရအုံးမည်။

သူနဲ့ ကျော်စွာကတော့ အိမ်ကို ရောက်လို့ ကောက်လှိုင်းထုံးတွေ ချပြီးတာနဲ့ ချောင်းထဲကို ရေအမြန်ဆင်းချိုးပြီး ရွာထဲကို ခြေဆန့်ရပါမည်။ နေ့လည်က ရထားတဲ့ မြွေနှစ်ကောင်ကို ချက်ကြမယ့် ကာလသားတွေဆီကိုပေါ့…။ မိုးသိပ်မချုပ်ခင်တော့ စပါးနယ်ဖို့ ပြန်လာရပါအုံးမည်။ သြော်… ဟိုလူတွေ တိုက်လွှတ်လိုက်တဲ့ အရက်နံ့ မထွက်အောင် အိမ်ကို ပြန်မရောက်ခင် မာလကာရွက်တွေဝါးပြီး ကွမ်းယာပါ မြုံ့လာမှ…။ တော်ကြာ ဘကြီး ဦးကုလားသိလို့ နားရင်းအုပ်နေမှဖြင့်…။


ကလိုစေးထူး


(ကျနော် ပြီးခဲ့တဲ့ သောကြာနေ့က အာသီးရောင်ပြီး ထမင်းလဲစားမရ၊ ရေလဲ သောက်မရဖြစ်နေတာနဲ့ အလုပ်တောင် မသွားနိုင်ဘဲ ဆေးခန်းသွားပြလိုက်ရပါတယ်။ အပြောင်းအလဲ မြန်ဆန်လွန်းလှတဲ့ ရာသီဥတုကြောင့် ထင်ပါရဲ့။ နေပြန်ကောင်းပြန်တော့လဲ တော်တော်နဲ့ စာမရေးဖြစ်လိုက်ပြန်ပါဘူး။ အသစ်တင်လေမလားလို့ လာလာဖတ်ကြတဲ့ ညီအကို မောင်နှမတွေကို အားနာလှပါတယ်။ ဒါကြောင့် ဒီနေ့တော့ ၀တ္ထုတိုလေး တပုဒ် ကြိုးစား တင်ဆက်ကြည့်ထားပါတယ်။ နောက်နေ့တွေမှာလည်း ဘလော့ဂ်ကို အတတ်နိုင်ဆုံး ဆက်လက်ရေးဖို့ ကြိုးစားပါ့မယ်။ အားလုံးပျော်ရွှင် အဆင်ပြေကြပါစေ။)

7 comments:

lwinmoe said...

glad that you are recovering!!!

maung said...

i wanna always encourage to u.
thanks for that post.
believe u'll be ok.

ကောင်းကင်ကို said...

ဝတ္တုတိုလေး လာဖတ်သွားတယ်ဗျာ။

မောင်မျိုး said...

ဝတ္ထုတုလေး လာဖတ်သွားတယ် အစ်ကိုကြီးရေ့....ပို့ စ်အသစ်တွေ စောင့်မျှော်နေပါတယ် နေမြန်၂ ကောင်းပါစေဗျာ......

MELODYMAUNG said...

အနော်လဲလာဖတ်သွားတယ်။ နေမကောင်းတဲ့ကြားက ဒီလိုပို့စ်ကောင်းကောင်းလေး တင်ပေးနိုင်သေးတယ် သိုင်းခရု။ စကားမစပ် အာသီးရောင်ထားတာဆိုတော့ မကောင်းသေးတဲ့အသံကြီးနဲ့ ရေချိုးရင်းသီချင်းတွေအော်ဆိုမနေနဲ့ဦးနော် အဟိဟိ :P
(စာရတယ် ရီပလိုင်းထားတယ်ဗျိုးး)

တန်ခူး said...

နဂျယ်ကောင်လေးရယ်၊ ဘကြီးဦးကုလားရယ်၊ ဖိုးကောက်ရယ်၊ ဒေါ်ကြီးရယ် နဲ့အတူစပါးရိတ်လိုက်သွားရသလိုပဲ။ မြွေတွင်းနားမသွားရဲသလို၊ မြွေသားလဲစားရဲဘူး။ ကိုစေးထူးရဲ့ဒီpostလေးတွေဖတ်တိုင်း သရုပ်ဖော်နိုင်နင်းတော့ စာဖတ်နေတာတောင်မေ့တဲ့အထိ ကိုယ်ပါပါသွားတယ်။ နေကောင်းသွားတာသိရလို့ဝမ်းသာပါတယ်။ postအသစ်လေးတွေစောင့်မျှော်ရင်း...။

မင်းကျန်စစ်။ said...

ရွာလေးတစ်ရွာ ရောက်သွားသလိုကို ခံစားရတယ်ဗျာ။ ကျနော်လည်း တောသားမို့ ရွာကို ပိုလွမ်းမိတယ်။ ဒါပေမယ့် အနံ့လေး ပျောက်အောင် တမာရွက်တော့ မဝါးဖူးသေးဘူး :)