Monday, February 25, 2008

တော်ရာမှာ နေရတဲ့အခါ... (၁)

ပြီးခဲ့တဲ့ စနေနေ့ကပါ။

Lutheran Social Services(LSS) လို့ ခေါ်တဲ့ အဖွဲ့တခုက ဖိတ်တာနဲ့ ဆီမီနာ တခုကို သွားတက်ဖြစ်ခဲ့ပါတယ်။ LSS အဖွဲ့ဟာ အမေရိကန် နိုင်ငံကို ရောက်လာတဲ့ ကမ္ဘာအရပ်ရပ်က ဒုက္ခသည်တွေကို ကူညီထောက်ပံ့ပေးနေတဲ့ အဖွဲ့ တခုဖြစ်ပြီးတော့ ကျနော် အခု လက်ရှိနေနေတဲ့ ပြည်နယ် အပါအ၀င် တခြားသော ပြည်နယ် အတော်များများမှာပါ ရုံးစိုက်ပြီးတော့ ဒုက္ခသည်များ ပြန်လည် နေရာချထားရေးကို ဆောင်ရွက်ပါတယ်။

လွန်ခဲ့တဲ့ တပတ်ကျော်လောက်ကတည်းက ဖိတ်ထားတဲ့ အဲဒီ ဆီမီနာကို ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ တစတစနဲ့ မြန်မာတွေ များစပြုလာပြီ ဖြစ်တဲ့ ကျနော်တို့ ပြည်နယ်မှာ Burmese Community တခု ထူထောင်နိုင်ဖို့အတွက် အစပျိုးချင်တဲ့ ရည်ရွယ်ချက်ပါ။ LSS မှာ တာဝန်ရှိသူတချို့၊ ထမ်ဟင်းနဲ့ မယ်လ ဒုက္ခသည်စခန်းတွေကနေ သိပ်မကြာသေးခင်ကမှ ရောက်ရှိလာကြတဲ့ ကရင်လူမျိုး တချို့အနက် သြဇာညောင်းဟန် ပုဂ္ဂိုလ်တချို့နဲ့ အတူ LSS ကနေ ရွေးချယ် ဖိတ်ကြားထားသူ တချို့ အဲဒီ ဆီမီနာကို တက်ရောက်ကြပါတယ်။

မနက် ကိုးနာရီကနေ ညနေ လေးနာရီခွဲအထိ ပြုလုပ်ခဲ့တဲ့ အဲဒီ ဆီမီနာကို တက်ရောက်အပြီးမှာ တွေးစရာ၊ ရေးစရာတွေ အတော်များများ ရလာခဲ့ပါတယ်။ ဒါပေမယ့် ရေးသင့်၊ မရေးသင့်တော့ အတော်လေး ချီတုံချတုံ ဖြစ်ခဲ့ပါသေးတယ်။ အသေအချာ စဉ်းစားပြီးတဲ့ အချိန်မှာတော့ ဒါဟာ တစုံတရာ အကျိုးရှိတဲ့ လုပ်ရပ်တခု ဖြစ်လောက်မှာပါလို့ သုံးသပ်မိလို့ ကျနော် ဒီပို့စ်ကို ရေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

***

ဒုက္ခသည်

ကမ္ဘာကြီး တခုလုံးမှာ လူတွေဟာ အတ္တ၊ မာန်မာန၊ အမုန်းတွေ၊ အညိုးတွေ၊ ၀ါဒစွဲတွေ ကြောင့် လူသားအချင်းချင်း ဖိနှိပ်တိုက်ခိုက်ရာကနေ စစ်ပွဲတွေ ဖြစ်လာရပါတယ်။ တိုင်းပြည် တပြည်နဲ့တပြည် တိုက်ခိုက်တဲ့ စစ်ပွဲတွေ ဖြစ်ကြသလို တိုင်းပြည် တခုတည်းမှာကိုပဲ မတူညီသူတွေခြင်း တဖက်နဲ့တဖက် ပဋိပက္ခပေါင်းများစွာ ဖြစ်ကြရာက မငြိမ်းချမ်းမှုတွေ ဖြစ်ပေါ်လာရပါတယ်။ အဲဒီ မငြိမ်းချမ်းမှုတွေရဲ့ အစပျိုးမှုကနေ တဆင့်ပဲ `ဒုက္ခသည်´ ဆိုတဲ့ စကားရပ် ပေါ်လာရပါတယ်။

ဒီဘက်နောက်ပိုင်း ခုနှစ် လေးငါးခုလောက်မှာ ဆိုရင် မြန်မာပြည်ကနေ ထွက်ပြေး တိမ်းရှောင်လာရသူတွေဟာ ပမာဏ ပိုများလာပါတယ်။ ပြည်တွင်းစစ်ဒဏ်ကြောင့် နေရပ်ကို စွန့်ခွာရသူ စစ်ပြေး ဒုက္ခသည်များ၊ နိုင်ငံရေး ယုံကြည်ချက်အရ ဖိနှိပ်ကွပ်ညှပ် ခံရလို့ တိမ်းရှောင်လာရသူ ပုဂ္ဂိုလ်များဟာ မြန်မာပြည်ရဲ့ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေး အကျပ်အတည်းပေါ်မှာ တည်မှီပြီးတော့ ပမာဏတွေ များသထက် များလာပါတယ်။

လက်ရှိ အုပ်ချုပ်သူတွေရဲ့ ဒဏ်က ဝေးရာကို တိမ်းရှောင်ကြရာမှာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံတွေအနက် လက်ရှိ မြန်မာအာဏာပိုင်တွေနဲ့ အလျဉ်းသင့်နေတဲ့ ကွန်မြူနစ် နိုင်ငံ တရုတ်ထက်စာရင် အိန္ဒိယနိုင်ငံ နဲ့ ထိုင်းနိုင်ငံတွေဆီကို ပိုမို ထွက်ခွာကြတာ များပါတယ်။

ပြည်တွင်း ပဋိပက္ခတွေ ပိုဖြစ်လာလေလေ၊ အတိဒုက္ခရောက်ရသူတွေ ပိုများလာလေလေရဲ့ ပြယုဂ် တခုအနေနဲ့ကတော့ မြန်မာနဲ့ ထိုင်းနယ်စပ် တလျှောက်မှာ ဒုက္ခသည် စခန်းတွေ တသီတတန်းကြီး ပေါ်ထွန်းလာတော့တာပါပဲ။

***

တိုင်းပြည်အုပ်ချုပ် ဗိုလ်လုပ်နေနဲ့ ပုဂ္ဂိုလ်တွေနဲ့ အလျဉ်း မသင့်လို့ဘဲ ဖြစ်ဖြစ်၊ အဲဒီ ပုဂ္ဂိုလ်တွေရဲ့ စစ်ဆင်တိုက်ခိုက်မှုကြောင့် နေရပ်ကို စွန့်ခွာလာသူတွေပဲ ဖြစ်ဖြစ် မူရင်းနေရပ်ကနေ တိမ်းရှောင်လာတဲ့ နောက်ပိုင်းမှာ မိမိရဲ့ ဘ၀ရပ်တည်နေထိုင်မှု ရှေ့ရေးအတွက်၊ မိမိရဲ့ အသက်အန္တရာယ် လုံခြုံရေးအတွက် အကူအညီ အစောင့်အရှောက် ရဖို့အတွက် အားကိုးအားထားစရာ အဖွဲ့အစည်းကတော့ `ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)´ ဖြစ်ပါတယ်။

ဆက်ရန်…

4 comments:

မောင်မျိုး said...

Lutheran Social Services(LSS) လူသားချင်းစာနာထောက်ထားတဲ့ အဖွဲ့ အစည်းကို လေးစားပါတယ်ဗျာ.............ဒီပို့ စ်လေးဖတ်ပြီး ကျနော်လဲ ဒီထဲက ဒုက္ခသည်တွေထဲက ဒုက္ခသည်တွေ နဲ့ မထူးမခြားနားပဲပေါ့ ..............

Anonymous said...

ဆက်ရန်..တဲ့
နောက်မှပဲ ကော်မန့်ပေးတော့မယ် ပေးစရာမရှိသေးလို့
ကော်မန့်တွေဖတ်ရတာ အဆင်မပြေဘူးဗျ။
ခါတိုင်းဆို နာရီနေရာကိုနှိပ်ရင် ဖတ်လို့ရတယ်။ အခုမရဘူး။မရတော့ ကော်မန့်ကိုနှိပိရင် eng လိုပဲကောင်းတယ် မြန်မာစာက မမြင်ရဘူး ဗျ။

ဖြူ

တန်ခူး said...

ကိုစေးထူးရေ...ဆက်ရန်ကိုစောင့်နေပါတယ်။ ကျွန်မလဲcommentဖတ်ရတာ copy and pasteလုပ်လုပ်ပြီးမှဖတ်နေရတယ်။

ကလိုစေးထူး said...

ဟုတ်ကဲ့…၊ နောက်ရက်တွေမှာ အပိုင်းလိုက် ဆက်လက်တင်ဆက်မှာပါ။ စုစုပေါင်း သုံးပိုင်းလောက်တော့ ရေးရမယ်လို့ ထင်ပါတယ်။ ကွန်မန့်ကတော့ ကျနော့်စက်ကနေ ကြည့်နေတာတော့ မြင်နေရတော့ ဘာဖြစ်နေတာလဲ ဆိုတာ မသိရဖြစ်နေတယ်။ အားတဲ့ အချိန်မှာ လိုင်ဘရီ ကွန်ပျူတာ တခုခုကနေ ၀င်ဖတ်ပြီး စစ်ကြည့်ထားလိုက်ပါမယ်။ လောလောဆယ်တော့ နည်းနည်းပြောင်းကြည့်ထားတယ်။