Monday, February 11, 2008

ပြည်ထောင်စုနေ့မှာ…



`ဒို့ပြည်ထောင်စု အလံတော်သည် ~~~ တလူလူ လွှင့်လို့ ချီလာပြီ ~~~ ပြည်သူအပေါင်းတို့ ပျော်ရွှင်သည် ~~~ အလေးပြု အလေးပြုကြပါမည်´

ကျနော်တို့ အသက် ခပ်ငယ်ငယ်တုန်းကတော့ ပြည်ထောင်စုနေ့ အချိန်အခါ နီးပြီလားဆိုရင် အဲဒီ သီချင်းလေးကို ရေဒီယိုကနေ မကြာခဏဆိုသလို လွှင့်လေ့ရှိပါတယ်။

ပြည်ထောင်စုနေ့ကို ရောက်ဖို့ နီးကပ်လာပြီဆိုရင် ရန်ကုန်မြို့တော်ခန်းမမှာ တနှစ်တာ နားနေခဲ့တဲ့ ပြည်ထောင်စု အလံတော်ကို မြန်မာပြည်အနှံ့ ပြည်နယ်နဲ့ တိုင်းအလိုက် သယ်ဆောင်ပြီးတော့ ပြည်ထောင်စု အလံရောက်ရှိ ညအိပ်ရပ်နားရာ မြို့တွေမှာ ပြည်ထောင်စုနေ့ ပြပွဲတွေ ကျင်းပလေ့ရှိပါတယ်။ ရန်ကုန်မြို့တောင် ကျိုက္ကဆံကွင်းမှာ ဆိုရင်လဲ တိုင်းနဲ့ပြည်နယ် အလိုက်၊ ၀န်ကြီးဌာနအလိုက် ပြည်ထောင်စုနေ့ ပြခန်းတွေကို ပြသလေ့ ရှိခဲ့ပါတယ်။

***

၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ (၆၁) နှစ်မြောက် ပြည်ထောင်စုနေ့ ဖြစ်ပါတယ်။

ပြည်ထောင်စုနေ့ မရောက်မီမှာ ပြည်ထောင်စုနေနဲ့ ပတ်သက်တဲ့ သတင်း၊ ဆောင်းပါးတွေကို လေ့လာဖို့အတွက် လက်ရှိ မြန်မာအာဏာပိုင်တွေက ထိန်းချုပ်ထားတဲ့ နေ့စဉ်ထုတ် သတင်းစာတွေကို ဖတ်ရှုဖြစ်ခဲ့ပါတယ်။

စိတ်ပျက်စရာကောင်းတာကတော့ `ပြည်ထောင်စုနေ့ အကြို´ လို့ ခေါင်းစဉ်တပ်ထားတဲ့ ကဗျာ၊ ဆောင်းပါး၊ သတင်း အစ ရှိတာတွေရဲ့ အောက်မှာ လက်ရှိအုပ်ချုပ်သူတွေ လက်ထက်မှာကျမှ ကျနော်တို့ ရွှေပြည်ကြီး အလွန့်အလွန် တိုးတက်နေပါတယ် ဆိုတာကိုပဲ ကြံဖန်ဖော်ပြထားတာပါပဲ။ ပြည်ထောင်စုနေ့ ဘယ်လိုဖြစ်ပေါ်လာတယ်၊ ပြည်ထောင်စုနေ့ စိတ်ဓာတ်ကို ဘယ်လိုထိန်းသိမ်း ဖော်ဆောင်သင့်တယ်ဆိုတာကို အသားပေး မဖော်ပြဘဲနဲ့ ကြွားလုံးတွေကိုသာ `ပြည်ထောင်စုနေ့ အကြို´ လို့ ခေါင်းစဉ်တပ်တပ်ပြီး ဖော်ပြနေတာဟာ တော်တော်လေးကို စိတ်ပျက်စရာ ကောင်းပါတယ်။

အဲဒါတွေ အပြင် ၀မ်းနည်းစရာ ကောင်းတာ တခုကတော့ လှိုင်အောင်နဲ့ ငါးမင်းဆွေ အမည်ခံ တို့ ရေးသားကြတဲ့ `ပြည်ထောင်စုနေ့ အကြို ဂုဏ်ပြုဆောင်းပါး´ လို့ အမည်ခံ ဆောင်းပါးတွေမှာ ပြည်ထောင်စုနေ့ ပေါ်ပေါက်လာရခြင်းအကြောင်း တခုတလေမှ ဖော်ပြထားခြင်း မရှိတဲ့အပြင် `ဗိုလ်ချုပ်အောင်ဆန်း´ ဆိုတဲ့ အမည်နာမကိုတောင် တမင်ရှောင်ဖယ် ရေးလေရော့သလား ထင်ရလောက်အောင် တလုံးတပါဒမှ ထည့်သွင်းရေးသားခြင်း မရှိတာကို သတိထားမိပါတယ်။

***

လွန်ခဲ့တဲ့ ၆၁ နှစ် ကျော် အချိန်တုန်းကတော့ ဗမာပြည်မနဲ့ နယ်စပ်ဒေသတွေကို နိုင်ငံရေး အရဆက်သွယ်ခြင်း၊ ပေါင်းစည်းခြင်း မရှိနိုင်အောင် နယ်ချဲ့အစိုးရဟာ အစွမ်းကုန် ဆောင်ရွက်ခဲ့ပါတယ်။ နယ်စပ်ဒေသ လူမျိုးများနဲ့ ဗမာလူမျိုးများ အကြား သွေးကွဲစေဖို့ နည်းမျိုးစုံနဲ့ ခြေထိုးခဲ့ပါတယ်။

ဒါကြောင့်ပဲ အမျှော်အမြင် ကြီးမားလှတဲ့ ရှမ်းပြည်စော်ဘွားတွေဟာ နယ်စပ်ဒေသခေါင်းဆောင်များနဲ့ ဗမာပြည်မ ခေါင်းဆောင်များ ရှမ်းပြည်တနေရာမှာ တွေ့ဆုံပြီး နှီးနှောဖလှယ်ဖို့ စီမံခဲ့ပါတယ်။ အဲဒီလိုနဲ့ ၁၉၄၇ ခုနှစ် ပထမပင်လုံ ညီလာခံကြီး ပေါက်ဖွားလာခဲ့ပါတယ်။ ပထမ ပင်လုံ ညီလာခံကို တက်ရောက်ဖို့ ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုတဲ့ ဗမာခေါင်းဆောင်များအား ဖိတ်ကြားခြင်းကို ရှမ်းပြည်က မျက်နှာဖြူ အရာရှိတွေက တားဆီးပိတ်ပင်ဖို့ ကြိုးစားခဲ့ကြပါသေးတယ်။

ပထမ ပင်လုံညီလာခံကနေ အစပြုပြီးတော့ ပြည်ထောင်စုစိတ်ဓာတ်နဲ့ သဘောတရားများဟာ စတင် အမြစ်တွယ်ခဲ့ပါတယ်။ နယ်စပ်ဒေသ ခေါင်းဆောင်များ ညီညွတ်စွာ ပေါင်းစည်းမိခဲ့ကြပါတယ်။ အဲဒီကမှ တဆင့် ဒုတိယ အကြိမ်မြောက် ပင်လုံညီလာခံ ကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

၁၉၄၇ ခုနှစ်၊ ဖော်ဖော်ဝါရလ ၆ ရက်နေ့မှ ၁၂ ရက်နေ့ အထိ ကျင်းပတဲ့ ဒုတိယ ပင်လုံညီလာခံမှာ တော့ နယ်စပ်ဒေသ ခေါင်းဆောင်တွေဟာ အနာဂတ် ပြည်ထောင်စု ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီးတော့ တိုင်းပြု ပြည်ပြု လွှတ်တော်သို့ တက်ရောက်ဖို့ တညီတညွှတ်တည်း သဘောတူခဲ့ကြပါတယ်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာတော့ ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုတဲ့ ဗမာခေါင်းဆောင်များနဲ့ နယ်စပ်ဒေသ ကိုယ်စားလှယ်များဟာ သမိုင်းဝင် `ပင်လုံစာချုပ်´ ကို ချုပ်ဆို နိုင်ခဲ့ကြပါတယ်။ အဲဒီ ပင်လုံစာချုပ် ချုပ်ဆိုခဲ့တဲ့ နေ့ကို `ပြည်ထောင်စုနေ့´ ရယ်လို့ သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ပင်လုံစာချုပ် ချုပ်ဆိုခဲ့တဲ့ `ပြည်ထောင်စုနေ့´ ရဲ့ သရုပ်ဟာ ပြည်ထောင်စု စည်းလုံးညီညွှတ်ရေး (ပင်လုံ စိတ်ဓတ်)ပါပဲ။ ဒါကြောင့်လဲပဲ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ တိုင်းရင်းသား ခေါင်းဆောင်ကြီးတွေဟာ ကိုလိုနီနိုင်ငံဘ၀ကနေ လွတ်မြောက်ဖို့ ကြိုးပမ်းရာမှာ တဦးပေါ် တဦး အပြန်အလှန် ယုံကြည်လေးစားမှုတွေနဲ့ ညှိနှိုင်းဆွေးနွေး အဖြေရှာတဲ့ နည်းလမ်းကို ကျင့်သုံးပြီး ပြည်ထောင်စုသား အားလုံး တစည်းတလုံးတည်း ဖြစ်စေရေးကို အောင်အောင်မြင်မြင် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

ဒီတော့ ပြည်ထောင်စုနေ့ကို ရောက်တိုင်းမှာ ကျနော်တို့ နောင်မျိုးဆက်သစ်တွေနဲ့ တကွ ခေါင်းဆောင် ဖြစ်လတ္တံ့သော ပုဂ္ဂိုလ်များအနေနဲ့လည်း ပင်လုံစိတ်ဓာတ်ကို လက်ဆင့်ကမ်း ကိုင်စွဲထားဖို့ လိုအပ်ပါတယ်။

***

ဒီကနေ့ခေတ် ပြည်ထောင်စုနေ့တွေမှာ ပြည်ထောင်စု အလံ နိုင်ငံအနှံ့ လှည့်လှည်ပြီး အလေးပြုခံတဲ့ အစီအစဉ် မရှိတော့ဘူး။ ကိစ္စမရှိပါဘူး။ ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြပွဲခန်းမတွေ အရင်လို မလုပ်တော့ဘူး။ ဒါလဲ ပြဿနာ မရှိသေးပါဘူး။ ဒါပေမယ့် ပြည်ထောင်စုနေ့ ဆိုတာ ဘာလဲ၊ ပြည်ထောင်စုနေ့ ဘာကြောင့် ပေါ်ပေါက်လာလဲ၊ အဲဒီနေ့မှာ ဘယ်ပုဂ္ဂိုလ်တွေက ဘယ်လိုသဘောတူညီချက်တွေကို ဘယ်လိုခဲခဲယဉ်းယဉ်း ကြိုးစားရယူခဲ့ရတယ် ဆိုတာကို ပေါ်လွင်စေဖို့တော့ နှိုးဆွ အသိပေးဖို့ လိုအပ်ပါတယ်။ ဒါမှလဲ ပြည်ထောင်စုနေ့ကို သတ်မှတ်ထားရခြင်းရဲ့ အဓိပ္ပာယ်ဟာ ပိုမိုပေါ်လွင်မှာ ဖြစ်ပါတယ်။

နေ့တနေ့ သတ်မှတ်ထားလို့ ဒါတွေကို လုပ်ရမယ်လို့ မဆိုလိုချင်ပေမယ့် ဒီနေ့၊ ဒီရက်ဟာ ကျနော်တို့ တိုင်းပြည်ရဲ့ အလေးထားစရာ နေ့တနေ့အဖြစ်တော့ အသိအမှတ်ပြုစေချင်မိပါတယ်။ ဒါကြောင့် မမေ့နိုင်ကောင်းတဲ့ အဲဒီ သမိုင်းဖြစ်ရပ်တွေကို လေးစားစွာမှုအတူ တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်ခြင်း သရုပ်ကို ဆက်လက် ဖော်ဆောင်သွားခြင်းသည်သာလျှင် ပြည်ထောင်စုနေ့ကို အမှန်တကယ် လေးစားရာ၊ ဂုဏ်ပြုရာ ကျပါလိ့မ်မယ်။

အခုတော့ ကျနော်တို့ နိုင်ငံမှာ ဘယ်နေ့ကိုပဲ ရောက်ရောက် လက်ရှိအုပ်ချုပ်သူတွေအတွက် ကြံဖန်ကြွားလုံး ထုတ်စရာနေ့ကို ရောက်နေတဲ့ အလားပါပဲ။ ဒါဟာ သမိုင်းဝင်နေ့တွေကို စော်ကားရာလဲ ကျသလို သမိုင်းဝင် ခေါင်းဆောင်တွေကိုလဲ မထီလေးစား လုပ်ရာကျပါတယ်။

***

၁၉၉၇ ခုနှစ်၊ နှစ် ၅၀ မြောက် ပြည်ထောင်စုနေ့ အခါသမယမှာတုန်းက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ မိန့်ခွန်းကောက်နှုတ်ချက် တခုကို တင်ပြပါရစေ…

`ပြည်ထောင်စု မြန်မာနိုင်ငံဟာ အချုပ်အခြာ အာဏာပိုင် နိုင်ငံ အနေနဲ့ ရပ်တည်နိုင်ခဲ့တာဟာ အခုဆိုရင် ရာစုနှစ်ဝက်ခန့် ဖြစ်ပါပြီ။ ဒါပေမယ့်လည်း စစ်မှန်တဲ့ တိုင်းရင်းသား ညီညွှတ်မှုကို ကျမတို့ မစွမ်းဆောင် နိုင်ခဲ့သေးတာကြောင့်မို့လို့ ဒီဟာကို ပြည်ထောင်စု အစစ်လို့ ခေါ်ရမှာ အင်မတန်မှ ခက်ခဲနေပါတယ်။ ကျမတို့ စစ်မှန်တဲ့ သွေးစည်းညီညွှတ်မှု ရရှိဖို့ဆိုတာ ဘာလိုလဲ ဆိုတော့ ကျမတို့ တိုင်းရင်းသား လူမျိုးများ အားလုံးဟာ မိမိတို့ရဲ့ မျှော်မှန်းချက်တွေ၊ ရည်မှန်းချက်တွေ စိုးရိမ်ချက်တွေ၊ နာကျည်းချက်တွေ၊ မကျေနပ်မှုတွေကို ပွင့်ပွင့်လင်းလင်း အန္တရာယ်မရှိဘဲနဲ့ တင်ပြပေးနိုင်တဲ့ စနစ်တခု ရှိဖို့ လိုပါတယ်။ ဒီစနစ် တခု ရှိမှသာလျှင် ကျမတို့ ကြားထဲမှာ ရှိနေတဲ့ နားလည်မှု လွဲမှားနေတာတွေ၊ မကျေနပ်တာတွေကို ကွယ်ပျောက်သွားအောင် လုပ်နိုင်မှာ ဖြစ်ပါတယ်´

***

တကယ်တော့ တိုင်းပြည်ရဲ့ ပကတိ အခြေအနေကို ကောင်းစွာ နားလည်ပြီးတော့ တကယ့် ပြည်ထောင်စု အစစ်လို့ ခေါ်ဆို သတ်မှတ်နိုင်တဲ့ အခြေအနေဖြစ်လာအောင်၊ စစ်မှန်တဲ့ သွေးစည်း ညီညွှတ်မှု ရလာအောင် ဖော်ဆောင်ခြင်းသည်သာလျှင် ပြည်ထောင်စုနေ့ကို တကယ် တန်ဖိုးထားရာ ကျတယ်လို့ မြင်မိကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။


ကလိုစေးထူး


(ဓာတ်ပုံကို ခေတ်ပြိုင်ဝက်ဘ်ဆိုက်မှ ရယူပါသည်။)

3 comments:

Anonymous said...

ပြည်ထောင်စုနေ့ နဲ့ ပက်သက်တဲ့ဆောင်းပါအရှည်ကြီးအတွက် ကျေးဇူးပါ အစ်ကိုရေ့....အာဏာရှင်တွေထိန်းချုပ်ထားတဲ့ နေ့စဉ်ထုတ် သတင်းစာတွေကို ကတော့ ဘယ်တော့များ အမှန်တရားဆိုတာကိုဖတ်ရလို့ လဲဗျာ သတင်းစာတွေဆိုတာ ဈေးထဲမှာ ငရုတ်သီးအကြက်မှုန့်ထုတ်ဖို့ ၊ ပွဲခင်းမှာဖင်ခုထိုင်ဖို့ သာကောင်းတဲ့အရာတွေလို့ ကျနော်တော့ မြင်မိတယ် ...
စာရေးသားသူအများစုကလဲ အာဏာပိုင်တွေရဲ့ လက်ဝေခံတွေဖြစ်နေပြီး ကပ်ဖားရက်ဖား လုပ်နေကြတာတွေကြီးပဲ ။
ကျနော်တို့ တွေက သူကောင်းပြုထိုက်တဲ့ သူတွေရဲ့ နေ့ ထူးနေ့ မြတ်တွေကိုတော့ ဖုံးအုပ်ခြင်းခံထား၇တာပါ ။
ငြိမ်းချမ်းရေးမိခင် အမေစုရဲ့ စကားကိုလဲ လေ့လာမှတ်သားသွားပါတယ်ဗျာ...ဘာပဲဖြစ်ဖြစ် ပြည်ထောင်စုနေဆိုတာ လက်ရှိ အာဏာရှင်တွေနဲ့  လားလားမျှမသက်ဆိုင် ၊ သက်ဆိုင်ဖို့ လဲ မထိုင်တန်ကြောင်း မြင်မိပါတယ်ခင်ဗျာ.....
( အစ်ကို ရေ့ ကျနော့်ရဲ့ ထင်မြင်ချက်လေးတွေနော် အမှားပါရင် ခွင့်လွှတ် )

တန်ခူး said...

ကိုစေးထူးရေ...နေကောင်းသွားပြီလား။ ပြည်ထောင်စုနေ့postလေးနဲ့ဓာတ်ပုံလေးကပေးတဲ့messageလေးအတွက်ကျေးဇူးပါ။

Anonymous said...

ခေါင်းကိုက်တာ မသက်သာဘူးလားဟင်.. ဘာထပ်ဖြစ်လို့လဲ ဟင်..
ပြည်ထောင်စုနေ့လွန်ပီး ဗိုလ်ချုပ်မွေးနေ့ပီးသွားပီလေ..
အခုဆို ချစ်သူများနေ့တောင် ရောက်ပီ.. ပို့စ်အသစ်တင်ဦးလေ.. pdwfylvdkh qdk;rdwm cGifhvTwf