Thursday, February 07, 2008

မရေးဖြစ်တဲ့ပို့စ်… မတင်ဖြစ်တဲ့ပုံ …(၂)



ပြည်ပမှာ ရှားတောင့်ရှားခဲ မြင်ရတဲ့ မောင်ရင်လောင်းလေးတွေပါ။ ရွှေပြည်ကြီးမှာ ဆိုရင်တော့ အိုးစည်ဒိုးပတ်သံ တညံညံနဲ့ မြင်းစီးလို့ (အခုခေတ်မှာတော့ တခါတလေ ဆိုက်ကားပေါ့ဗျာ) မောင်ရင်လောင်း လှည့်နိုင်ပေမယ့် သူတို့ဆီမှာတော့ အခြေအနေမပေးလေတော့ မောင်ရင်လောင်းလေးတွေ ခဗျာ အဲဒီဝတ်စုံလေး ၀တ်၊ ဓာတ်ပုံအရိုက်ခံလို့ ခပ်သုတ်သုတ် ဆံချလို့ ကိုရင် ၀တ်ကြရပါတယ်။




အဲဒီပုံလေးကို ကျနော်တို့မြို့နဲ့ မနီးမဝေးမှာ ရှိတဲ့ မီချီဂန် ရေအိုင်ကို လွန်ခဲ့တဲ့ တနှစ်ကျော်က သွားလည်တုန်းက ရိုက်ထားတာပါ။ အိမ်ကိုရောက်တော့ စက်ထဲကို အဲဒီပုံကို ကူးထည့်ပြီးတော့ ပြန်ဖွင့်ကြည့်တော့ အထဲက ရှုခင်းပုံစံကို တော်တော်သဘောကျမိတယ်။ အဲဒီရှုခင်းကို အခြေခံပြီးတော့ သရုပ်ဖော်လေးပဲဖြစ်ဖြစ် စာတပုဒ်လောက် ရေးမယ်လို့ ကြံစည်လိုက်တာ တနှစ်သာကျော်သွားတယ်၊ စာတပုဒ်မှ ဖြစ်မလာတော့ မရေးဖြစ်တဲ့ပို့စ်၊ မတင်ဖြစ်တဲ့ ပုံ တပုံအဖြစ် စာရင်းဝင်သွားတော့တာပါပဲ။




၂၀၀၆ ခုနှစ်၊ ဖို့ဝိန်း မြန်မာ မိသားစု သင်္ကြန်ပွဲတော်မှာ နိုင်ငံကျော် အဆိုတော် ဒေါ်မာမာအေး သီဆို ဖျော်ဖြေနေတဲ့ ပုံပါ။ ဖို့ဝိန်း မြို့မှာ သင်္ကြန်ပွဲတော် လုပ်ကြတာ တော်တော်ထူးဆန်းတာ တခုကတော့ သင်္ကြန်ပွဲတော်ကို နှစ်နေရာ ခွဲပြီး ကျင်းပပါတယ်။ ၂၀၀၆ တုန်းကတော့ နှစ်နေရာ ခွဲပေမယ့် သင်္ကြန်ပွဲတော်တွေက တရက်စီ ကျင်းပကြတော့ နှစ်ခုလုံးကို သွားအားပေးနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂၀၀၇ တုန်းကတော့ သင်္ကြန်ပွဲတော် နှစ်ခုကို တနေ့တည်း၊ တချိန်တည်းမှာ တနေရာစီ ခွဲပြီး ကျင်းပကြတော့ အဝေးကနေ လာအားပေးရတဲ့ တခြားပြည်နယ်က မြန်မာတွေခင်ဗျာ နှင်းသည်းသည်းကြားမှာ ဟိုဘက်ပွဲသွားရမလိုလို၊ ဒီဘက်ပွဲ သွားရမလိုလို…။ သူတို့ မြို့ခံတွေကတော့ သူ့အထာနဲ့သူ အဆင်ကို ချောနေတာပါပဲ။



အဲဒီစမ်းချောင်းသေးသေးလေးရယ်၊ တကောင်နဲ့ တကောင် စိတ်ကောက်နေလေဟန် ခပ်စိမ်းစိမ်း နေနေကြတဲ့ ဘဲမောင်နှံရယ်၊ ကျောက်တုံးတွေ စီရရီနဲ့ သဘာဝပုံစံ ဖန်တီးထားတာရယ်၊ မြက်ခင်း စိမ်းစိမ်းရယ်က ကဗျာဆန်တဲ့ မြင်ကွင်းတခုလို ဖြစ်နေလို့ အဲဒီပုံကို ရိုက်ခဲ့ဖူးပါတယ်။


အဲဒီပုံကို ကျနော်တို့မြို့က မက္ကဆီကန် တွေရဲ့ နွေရာသီ ပွဲတော်လေးမှာ ရိုက်ခဲ့တာပါ။ ရောင်နှစ်ကဲ ရဲနှစ်ကောင်၊ အဲ… ဟုတ်ပေါင်၊ :D သူတို့ကိုတွေ့တော့ အနောက်နေ ဓာတ်ပုံခိုးရိုက်လိုက်တာ အိမ်ကိုပြန်ရောက်လို့ ကြည့်လိုက်တော့ လားလား မိန်းမ၀၀ကြီးတယောက် ကုန်းကုန်းကွကွနဲ့ အဲဒီမှာ ဘာလုပ်နေတာပါလိမ့်…။ ရုတ်တရက်ကြည့်ရင် အပေါ့အလေး သွားတော့မလိုလို…။ :D




မြရွက်ဝေရဲ့ ဘလော့ဂ်ကို သွားလည်တုန်းတော့ သူက နှင်းကျတဲ့ပုံတွေ အားရပါးရကြီး တင်ထားတော့ ကျနော်ကလဲ ဘယ်ရမလဲ၊ အားကျမခံပေါ့။ အဲဒီအချိန်တုန်းကလည်း ဒီမှာက နှင်းမုန်တိုင်း အကြီးအကျယ် ကျနေတဲ့ အချိန်ဆိုတော့ အိမ်ရှေ့ဝရန်တာက ပုံကို ရိုက်ထားလိုက်တယ်။ အဲဒီအချိန်မှာတင်ကို ဆယ်လက်မ ကျော်ကျော်လောက် နှင်းကျပြီးနေပြီ။ ဟဲဟဲ…၊ ဘာမှမဟုတ်ပါဘူးဗျာ။ နှင်းကျတာကို စာမဖွဲ့တတ်တော့လို့ပါ။

မရေးဖြစ်တဲ့ ပို့စ်၊ မတင်ဖြစ်တဲ့ ပုံတွေကတော့ လောလောဆယ် ဒီလောက်ပါပဲ။ ပုံတွေများလာတော့မှာ နောက်ထပ် ပို့စ်တခုပေါ့။ :) အားလုံး ပျော်ရွှင် အဆင်ပြေကြပါစေ။


ကလိုစေးထူး


4 comments:

မြရွက်ဝေ said...

ပုံလေးတွေကြည့်ရတာ ကြည်နူးစရာ။ စာတစ်ပုဒ်စီ မဖွဲ့ဖြစ်ပေမယ့် ပုံတစ်ပုံက စာတစ်ပုဒ်ဖြစ်နေတာ။

ကိုစေးထူးတို့စီက ဝရန်တာရေခဲခြစ်က ပိုကြီးနေပါ့လား။:P နှင်းကျတာ ပျော်စရာကောင်းပေမယ့် နှင်းမုန်တိုင်းဆိုရင် ပျော်တော့ဘူး။ ဒီမှာ နှင်းနဲနဲလေးကျတာတောင် သွားလာရ သိပ်ခက်တာ။ အဲလို အထူကြီးဆိုရင်တော့ မလွယ်ဘူး။

Anonymous said...

ကိုကလိုစေးထူးကတော့ မရေးဖြစ်တဲ့ပို့စ်နဲ့ မတင်ဖြစ်တဲ့ ပုံတွေကိုတောင် ရအောင်ရေးပြီး ရအောင်တင်လိုက် သေးတာပဲဗျး))) ကျနော့်ဆီမှာဆိုရင်တော့ မတင်ဖြစ် တဲ့ပို့စ်ဆိုရင် အဖြူရောင်ဗလာကြီးပဲ ဖြစ်နေမယ်ထင်ပါရဲ့

ပို့စ်အတင်ကျဲရတဲ့ကြားထဲ ဒီရက်ပိုင်း modem က ပျက် သွားသေးလို့ ဘူးလေးရာဖရုံဆင့် သွားတယ်ဗျာ၊ အခုတော့ တောင်ပံခတ်သံတွေ သိပ်မကျယ်သေးပေ မယ့် မီးပုံထဲကတော့ ပြန်ထလာပြီဗျို့။ အားရင်ငှက်ရုံ ဖက် အဲ...ကျနော့်ဘလော့ဂ်ဖက်ကို အလည်တစ်ခေါက် မြန်းခဲ့ပါဦး။

တန်ခူး said...

အားလုံးထဲမှာစမ်းချောင်းသေးသေးလေးရယ်၊စိတ်ကောက်နေတဲ့ ဘဲမောင်နှံပုံလေးကိုအကြိုက်ဆုံးပါ။

nu-san said...

ကိုစေးထူးရေ.. မောင်ရင်လောင်းတွေ မြင်ရပြန်တော့လည်း မြန်မာပြည်က မောင်ရင်လောင်းတွေ မြင်းစီးပြီး လည်ကျ တာ သတိရမိတယ်... မောင်ရင်လောင်းပုံတွေကြည့်ရင်း မြန်မာ့ဓလေ့ အငွေ့အသက်လေးတွေ ပြန်ခံစားလိုက်ရတယ်..

အားလုံးထဲမှာတော့ စမ်းချောင်းလေးပုံကိုသဘောကျတယ်..

ဘဲက မောင်နှံမဟုတ်ပဲ အမ ၂ ကောင် အထီး ၂ ကောင်ဖြစ်နေလို့ အနားမကပ်တာလည်းဖြစ်နိုင်တယ်နော်.. အဟီး... :D မောင်နှံဆိုရင်တော့ စိတ်ကောက်နေတာဖြစ်နိုင်တာပေါ့.. :P

နှင်းကျတာကို မြင်ရခဲတဲ့ ကျမတို့အတွက် ပြည်ပနိုင်ငံတွေမှာ နှင်းကျတာ မြင်ရင် အရမ်းပျော်မိတယ်.. ဒါပေမယ့်လေ.. သူတို့ဆီမှာ နှင်းထုက နည်းတာမဟုတ်တော့ တကယ်တမ်းပြန်စဉ်းစားမိရင် ချော်လဲတာတို့ ပြီးတော့ ခေါင်မိုးပေါ်မှာ နှင်းထုတွေ အထူကြီးဖြစ်နေတာတို့ဆိုရင် အိမ်ပျက်စီးတဲ့အပြင် သွားလာရ မလွယ်ကူတော့ဘူး.. လမ်းတွေမှာလည်း နှင်းပဲ ကော်နေရတယ်။ ဘာပဲဖြစ်ဖြစ် နှင်းကျတာမြင်ရင် ကျမတော့ အခုထိ ပျော်နေတုန်းပဲ.... :)