Tuesday, September 30, 2008

စာသင်ကျောင်းကို ရောက်ခဲ့တယ်

ချိန်းထားတာကို အချိန်မီရောက်လာအောင် ကမန်းကတန်း လာရတာမို့ လူက နည်းနည်းတော့ ဘိုသီဘတ်သီနိုင်နေတယ်။ ရာသီဥတု မှုံပျပျအောက်မှာတော့ မူလတန်းကျောင်းငယ်လေး တခုက တည်ငြိမ်ခန့်ညားတဲ့ ဟန်အပြည့်...။




ဂိတ်ပေါက်ဝမှာ ရပ်နေတဲ့ လုံခြုံရေး အစောင့်ကို လှမ်းနှုတ်ဆက်ပြီး ကျောင်းထဲကို ၀င်ဖြစ်တော့ အချိန်က ညနေ လေးနာရီထိုးဖို့ မိနစ်အနည်းငယ်သာ လိုတော့တယ်။ တော်ပါသေးရဲ့၊ နောက်မကျသေးလို့...။


***

ဒီနေ့ ညနေ ကျနော် အဲဒီကျောင်းကလေးကို ရောက်သွားဖြစ်ရတဲ့ အကြောင်းကတော့ ဒီလိုပါ။

ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက Joe ဆိုတဲ့ အမျိုးသမီးကြီး တယောက် ကျနော့်အိမ်ကို ရောက်လာတယ်။ Joe က မြန်မာလူမျိုးတွေကို အထူးချစ်ခင်ပြီး သူ့ရဲ့ ပင်စင်အချိန်ကာလ တလျှောက်လုံးမှာ ဒီပြည်နယ်ကို ရောက်ရှိ အခြေချလာကြတဲ့ မြန်မာလူမျိုးတွေကို သူလက်လှမ်းမီသလောက် တောက်လျှောက် အကူအညီတွေ ပေးနေတဲ့ အမျိုးသမီးကြီးပါ။ မြန်မာလူမျိုးတွေ အတွက်နဲ့ သူ ဘယ်လောက် အလုပ်များများ သူခပ်ပြုံးပြုံးနဲ့ ပြောလေ့ ရှိတဲ့ စကားတခွန်းကတော့ "I love Burmese people" ...တဲ့။

အဲဒီနေ့က Joe ကျနော့် အိမ်ကို ရောက်လာပြီး ပြောပြတာက ကျနော်တို့ နေထိုင်ရာ မြို့ကလေးက မူလတန်းနဲ့ အလယ်တန်းကျောင်းတွေမှာ ပညာသင်နေကြတဲ့ မြန်မာကလေးငယ် (ကရင်လူမျိုး)တွေ အယောက် ၂၀ ၀န်းကျင်လောက် ရှိနေတဲ့ အကြောင်း၊ အဲဒီ ကလေးငယ်လေးတွေနဲ့ ကျောင်းက ဆရာ၊ ဆရာမတွေအကြားမှာ ချိတ်ဆက် နားလည်မှု တခု လိုအပ်နေတဲ့ အကြောင်း၊ ဒါကြောင့် ဒီကလေးတွေ ဘယ်လိုဘယ်ပုံ ဒီနိုင်ငံကို ရောက်လာကြတယ်၊ ဒီကလေးတွေ အရင်နေခဲ့ရတဲ့ နေရာတွေက အခြေအနေတွေက ဘယ်လိုရှိတယ်ဆိုတာကို ဆရာ၊ ဆရာမတွေက စိတ်ဝင်စားကြကြောင်း၊ ဒီကလေးတွေရဲ့ စိတ်အခြေအနေနဲ့ ဘ၀ဖြတ်သန်းခဲ့ရမှုတွေကို ပိုသိတဲ့အခါမှ စာသင်ကြားရေးနဲ့တကွ သူတို့လေးတွေကို ဒီနိုင်ငံရဲ့ ပညာရေးစနစ်ထဲမှာ ပျော်ပျော်ပါးပါး ပါဝင်သင်ယူစေနိုင်မှာ ဖြစ်တဲ့အကြောင်း ဒါကြောင့် ဆရာ၊ဆရာမတွေ သိချင်တဲ့ မေးခွန်းတချို့ အချက်အလက်တချို့ကို ကူညီရှင်းပြပေးစေလိုကြောင်း လာပြောတာပါ။ ကျနော်နဲ့အတူ Luthern Social Services (LSS) က မြန်မာဝန်ထမ်းကိုပါ ဖိတ်ထားတဲ့ အကြောင်း ရှင်းပြပါတယ်။

LSS ဆိုတာက တတိယနိုင်ငံရောက် မြန်မာမိသားစုတွေကို ပြန်လည်နေရာချထားပေးရေး ကူညီဆောင်ရွက်နေတဲ့ အေဂျင်စီ တခုပါ။

Joe လာပြောသွားတဲ့ ကိစ္စဟာ ကျနော့်အတွက်တော့ မရည်ရွယ်ဘဲနဲ့ ကုသိုလ်တထောကြီး ရမယ့်ကိစ္စလို့ စိတ်ထဲမှာ ခံစားမိတယ်။ ကိုယ့်ရဲ့ တူ၊ တူမအရွယ် ကိုယ့်နိုင်ငံသား ကလေးငယ်တွေ ဒီနိုင်ငံကို ရောက်လာတဲ့အချိန်မှာ ပညာသင်ကြားရေးအတွက် အထောက်အပံ့တခုခု ဖြစ်စေဖို့ ကျနော်က အားဖြည့်ခွင့် အခွင့်အလမ်း ပိစိကွေးလေးပဲ ဖြစ်ဖြစ် ရလိုက်တာလို့လဲ စိတ်ထဲမှာ ဖြစ်မိတော့ အားတက်သရောနဲ့ပဲ အဲဒီ ကိစ္စကို သဘောတူဖြစ်ခဲ့ပါတယ်။

***



Karen Meeting ဆိုတဲ့ လမ်းညွှန် ဆိုင်းဘုတ်ကလေးတွေနဲ့ ညွှန်ထားတဲ့အတိုင်း Joe နဲ့ ကျနော် ကျောင်းခန်းထဲကို ၀င်သွားကြလို့ အတန်ငယ် လျှောက်လိုက်ပြီးတာနဲ့ ဆွေးနွေးပွဲ ပြုလုပ်ကြမယ့် ခန်းမငယ်လေးထဲကို ရောက်ပါတယ်။ ခန်းမလေးထဲမှာတော့ ဆရာ၊ဆရာမ အယောက် ၂၀ ခန့် ရောက်နှင့်လို့ နေပါပြီ။

ဆွေးနွေးပွဲ စီစဉ်သူ ဖြစ်ဟန်တူတဲ့ ကျောင်းဆရာမ တယောက်က ကျနော်တို့ကို ကြိုဆို မိတ်ဆက်နေချိန်မှာပဲ LSS က ၀န်ထမ်းလဲ ရောက်တာမို့ ဆွေးနွေးပွဲလေးကို စဖြစ်ခဲ့ကြပါတယ်။

***

`သူတို့ အဲဒီ ဒုက္ခသည်စခန်းတွေထဲကို ဘာကြောင့် ရောက်သွားကြတာလဲ´
`အစိုးရ စစ်တပ်တွေရဲ့ စစ်ဆင်ရေးတွေကြောင့်ပါ´
`ကရင်လူမျိုးတွေကိုပဲ အစိုးရတပ်က စစ်ဆင်ရေး လုပ်နေတာလား´

အဲဒီမှာတော့ နည်းနည်း လေကြောရှည်ရပါတယ်။ တကယ်တော့ လက်ရှိ မြန်မာအာဏာပိုင်တွေဟာ ကရင်လူမျိုးတင်မှ မဟုတ်၊ သူတို့ကို ဆန့်ကျင်သူ မှန်ရင် ဗမာလူမျိုးကိုလဲ နှိပ်စက်တဲ့အကြောင်း၊ အဓိကက သူတို့ကို ဆန့်ကျင်ရင် ချေမှုန်းခံရတာပဲ ဖြစ်ကြောင်း ရှင်းပြရတယ်။ KNU အကြောင်းကိုလဲ အနည်းအကျဉ်းပြောပြဖို့ လိုအပ်လို့ ထည့်ပြောရပြန်တယ်။

`သူတို့ ဒုက္ခသည် စခန်းထဲမှာ ဘယ်လိုနေခဲ့ရတာလဲ´
`တကယ်တော့ ထိုင်း-မြန်မာ နယ်စပ်က ဒုက္ခသည်စခန်းတွေဟာ သီးခြားကမ္ဘာတခုလို ဖြစ်နေခဲ့တာပါ၊ အဲဒီထဲက လူတွေဟာ အပြင်မှာ တရားဝင် အလုပ်ထွက်လုပ်လို့ မရဘူး၊ အပြင်က ကမ္ဘာကြီးမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို သူတို့ သိခွင့်ရနေတာ မဟုတ်ဘူး´

အဲဒီမေးခွန်းကိုတော့ LSSက မြန်မာဝန်ထမ်းကပါ အားဖြည့် ကူညီရှင်းပြပေးခဲ့ပါတယ်။

`ကျမအတန်းထဲက ကလေးလေးတယောက်က တရက်မှာ ကျမကို ငွေစက္ကူတခု ပြတယ်၊ အဲဒီထဲက ပုံကို လက်ညှိုးထိုးပြပြီး `အဲဒါ ငါတို့ဘုရင်´ လို့ပြောတယ်၊ တခြားကလေးတွေကလဲ သူတို့ဟာ ထိုင်းက လာကြတာလို့ပဲ ပြောကြတယ်၊ သူတို့က တကယ်တော့ မြန်မာနိုင်ငံကလာတယ်ဆိုတာ သူတို့ မသိကြဘူးနော်´

ဆရာမတယောက်ရဲ့ အဲဒီ မေးမြန်းဆွေးနွေးမှုကို ကြားပြီးချိန်မှာတော့ ကျနော်ရော LSSက ၀န်ထမ်းပါ ခဏတော့ ငိုင်ကျသွားခဲ့ပါတယ်။ နောက်တော့မှ...

`အခု ဒီမြို့က မူလတန်းနဲ့ အလယ်တန်းကျောင်းတွေမှာ ကျောင်းတက်နေကြတဲ့ ကလေးလေးတွေ အများစုကို ဒုက္ခသည်စခန်းတွေထဲမှာပဲ မွေးခဲ့ကြတာ ဖြစ်လို့ တချို့သော ကလေးတွေဟာ သူတို့ရဲ့ မွေးရပ်မြေကို ထိုင်းနိုင်ငံလို့ပဲ ထင်နေကြပုံပေါ်တာပါ။ တချို့ အသက်နည်းနည်း ကြီးတဲ့ ကလေးတွေကတော့ သူတို့ လာခဲ့တဲ့ မူလမွေးရပ်မြေဟာ မြန်မာနိုင်ငံ ဆိုတာ သိကြပါတယ်။ ငယ်သေးတဲ့ ကလေးတချို့ကတော့ သူတို့ကို မွေးတာကိုက ထိုင်းနိုင်ငံထဲမှာမို့လို့ အဲဒီလို ထင်တာ ဖြစ်နိုင်ပါတယ်။ မိဘတွေအနေနဲ့လဲ သူတို့ရဲ့ ခါးသီးတဲ့ နောက်ခံဖြစ်ရပ်တွေကို မရှင်းပြချင်တာဖြစ်ကောင်း ... ... ... ...´

ဆက်မရှင်းပြဖြစ်ဘဲ ရပ်သွားတဲ့ ကျနော့်ကို ဆရာ၊ဆရာမတွေက နားလည်ဟန် ခေါင်းတွေ ခပ်လေးလေးငြိမ့်ပြီး ငြိမ်သက်သွားတယ်။

`ကျနော်က ဂီတနည်းပြ ဆရာပါ။ အခုရောက်လာတဲ့ ကလေးတွေက ဂီတနဲ့ ပတ်သက်ရင် တော်တော်လေး စိတ်အားထက်သန်ကြတယ်၊ ကရင်လူမျိုးတွေက ဂီတကို တော်တော် နှစ်သက်ကြတာလား´

အဲဒီမေးခွန်းကတော့ ဖြေရသမျှထဲမှာ စိတ်အချမ်းသာဆုံး မေးခွန်းထင်တယ်။ မြန်မာနိုင်ငံက တိုင်းရင်းသားတွေထဲမှာ ကရင်လူမျိုးတွေရဲ့ ဒုံးယိမ်းအကဟာ အတီးရောအကပါ မြိုင်မြိုင်ဆိုင်ဆိုင် အရှိလှဆုံး အကဖြစ်ကြောင်း၊ ကရင်လူမျိုးတွေဟာ ပင်ကိုစိတ်ရင်း ဖြူစင်ပြီး ဘုရားဓမ္မတေးတွေကို သီဆိုရာမှာ အထူးစိတ်အား ထက်သန်ကြကြောင်း၊ ကရင်ကလေးငယ် အများစုဟာ အသက်ငယ်ရွယ်စဉ်ကပင် ချာ့ခ်ျကျောင်းတွေမှာ ဓမ္မတေးတွေ သီဆိုရင်းမှတဆင့် အဆိုအတီးထူးချွန်နေကြသူတွေ များစွာရှိကြောင်း၊ လက်ရှိ မြန်မာနိုင်ငံမှာ နာမည်ကြီး ထင်ရှားတဲ့ ကရင်လူမျိုး အဆိုတော်တွေနဲ့ ဂီတပညာရှင်တွေ အများကြီး ရှိကြောင်း ပြန်ဖြေဖြစ်ခဲ့တယ်။

နောက်တော့ ဒီနိုင်ငံကို ရောက်လာကြပြီး နောက်ပိုင်းမှာ ကလေးငယ်တွေရဲ့ မိဘတွေနဲ့ ကလေးတွေရဲ့ အခက်အခဲ အခြေအနေတွေကိုတော့ LSSက ၀န်ထမ်းက ရှင်းပြခဲ့ပါတယ်။

နောက်တော့ ဆရာ၊ဆရာမတွေ အချင်းချင်း သူ့ကလေး ကိုယ့်ကလေး အကြောင်းတွေ ပြောဆိုဆွေးနွေးလိုက်၊ အိမ်စာတွေကို မှန်မှန်လုပ်လာကြဖို့ မိဘတွေရဲ့ အကူအညီပါ လိုတဲ့အကြောင်းတွေ ဆွေးနွေးလိုက်၊ အဲဒီလို ဆွေးနွေးရင်းနဲ့ သူတို့ သိလိုတာကို ကျနော့်ကို မေးလိုက်နဲ့ ဆွေးနွေးပွဲက တော်တော်လေး အရှိန်ရသွားခဲ့ပါတယ်။

နောက်ဆုံး မေးခွန်းတခုအနေနဲ့ ဆရာမတယောက် မေးခဲ့တာကတော့...

`နောက်ထပ် မြန်မာမိသားစုတွေ ထပ်ရောက်လာကြဖို့ ရှိသေးလား´ ...တဲ့။

***



ဆွေးနွေးပွဲ ပြီးတော့ ညနေ ခြောက်နာရီ ခွဲခါနီးပါပြီ။ ကျောင်းက ဆရာ၊ဆရာမတွေ မြန်မာပြည် အကြောင်း တစေ့တစောင်း လေ့လာနိုင်ဖို့အတွက် စာကြည့်တိုက်ကနေ ငှားလာတဲ့ စာအုပ်တချို့ကိုလဲ ဝေငှဖြစ်ခဲ့ပါတယ်။

***

ဆောင်းဝင်စမို့ မိုးချုပ်စပြုနေပြီပေါ့...။

ဆရာမတွေထဲက သုံးလေးယောက်က ကျောင်းခန်းအ၀ထိ ရောက်အောင် စကားတပြောပြောနဲ့ လိုက်ပို့ပေးပါတယ်။ ကျေးဇူး၊ ကျေးဇူး၊ ကျေးဇူး... ဆိုတဲ့ စကားတွေကလဲ အထပ်ထပ်။


အဝေးရောက် ကြယ်ပွင့်လေးတွေရဲ့ ပညာအလင်း ထွန်းလင်းနိုင်ဖို့အတွက် ဒီနေ့ ကျနော့်လုပ်ရပ်က အကူအပံ့ ပိစိကွေးလေးတခု ဖြစ်ဖြစ်တော့ ဟုတ်ခဲ့တန်ကောင်းပါရဲ့လေ...။



ကလိုစေးထူး

Monday, September 29, 2008

ငုပ်စိတ်ကလေးတွေ

ဒီနေ့ ညနေတုန်းကပေါ့...။

အိမ်မှာ စားစရာနည်းနည်း ပြတ်နေတော့ အနီးအနားမှာ ရှိတဲ့ ဈေးဆိုင်တခုမှာ ဈေးအနည်းအကျဉ်း ၀ယ်ဖြစ်တယ်။ ဈေးဝယ်ပြီးလို့ ဆိုင်ထဲက အထွက်မှာ လမ်းတဘက်ကို လူကူးမျဉ်းကျားကနေ အေးအေးဆေးဆေး ကူးနေတုန်း ကားတစီးက အနားကနေ ၀ှီးခနဲနေအောင် ဖြတ်မောင်းသွားတယ်။ ဘယ်လိုပါလိမ့်ဟ ဆိုပြီး အဲဒီကားကို လှမ်းကြည့်တော့ ကားပေါ်ကနေ လက်ခလယ်ပါ ထောင်ပြသွားသေးတယ်။

တကယ်ဆို ဒီနိုင်ငံမှာ ကားနဲ့လူ ဆိုရင် ကားကသာ လူကိုဦးစားပေးရတာပါ။ ပြီးတော့ ကျနော် လမ်းကူးနေတာကလဲ လူကူးမျဉ်းကျားလို နေရာကနေ ဆိုတော့ ဘာပဲဖြစ်ဖြစ် ကျနော့်ကို မြင်တာနဲ့တင်ကို ကားက အရှိန်လျှော့ မောင်းသင့်ပါလျက်နဲ့ အခုတော့ သူတို့နိုင်ငံရဲ့ ရိုင်းပျတဲ့ အသုံးအနှုန်းပါ ပြပြီး မောင်းသွားတယ်။

အဲဒီကား ဖြတ်မောင်းသွားပြီးမှ ပတ်ဝန်းကျင်ကို သတိထားမိတော့ အဲဒီအချိန် အခိုက်အတန့်၊ အဲဒီနေရာမှာ လူပြတ်နေတယ်။

***

လွန်ခဲ့တဲ့ တလကျော်လောက်ကပေါ့...။

အိမ်နားမှာ နေတဲ့ ကရင်အကိုကြီးက သူ့စက်ဘီးတွေ အိမ်အပြင်မှာ ရပ်ရပ်ထားတာ သော့ခတ်ဖို့ မေ့လိုက်တိုင်း အခိုးခံနေရတာ သုံးစီးတောင် ရှိနေလို့ အဲဒီ ညကတော့ တမင်ကို သော့မခတ်ဘဲနဲ့ စက်ဘီးခိုးသူကို စောင့်ဖမ်းပါသတဲ့...။ ညဥ့်နက်ပိုင်း ၁၂ နာရီလောက်လဲ ရောက်ရော ရပ်ထားတဲ့ စက်ဘီးကို တယောက်ယောက်က လာယူတာကို လူရိပ်တွေ့တာနဲ့ ချက်ချင်းမီးဖွင့်ပြီး ပြေးထွက်ဖမ်းတာ မျက်နှာဖြူ အမေရိကန် လူမျိုး တယောက် ဖြစ်နေရောတဲ့...။ အဲဒီ ကရင်အကိုကြီးက အင်္ဂလိပ်လို လယ်လယ်ဝယ်ဝယ် မပြောတတ်ရှာလေတော့ ဟို စက်ဘီးသူခိုးကတောင် လေသံမာမာနဲ့ ပြန်ပြောနေသေးသတဲ့...။ အဲဒါနဲ့ သူ့စပွန်ဆာကို ဖုန်းဆက်ခေါ်၊ သူ့စပွန်ဆာက ရောက်လာပြီး ရဲကိုဖုန်းဆက်တိုင်မှ ဟိုလူ့ကို ရဲက ဖမ်းသွားပါလေရော။

***

ကျနော် ဆယ်တန်းလောက်တုန်းက ကျနော်တို့ အတန်းထဲက သူငယ်ချင်း တချို့ရဲ့ ထူးခြားတဲ့ စရိုက်တခုကို အတန်းပိုင် ဆရာက သတိထားမိသွားတယ်။ အဲဒါက ဘာလဲဆိုတော့ တချို့က အင်္ဂလိပ်စကား ပြောတတ်တဲ့လူ၊ ပြောနိုင်တဲ့လူကိုဆို `လူတော်´ လို့ ထင်လိုက်တာကိုပါ။ ဆရာက ရိုးရိုးလေးနဲ့ပဲ ဘာပြောလဲ ဆိုတော့...

`အင်္ဂလိပ်စကားကို ကောင်းကောင်း ပြောနိုင်တိုင်းသာ လူတော်ဖြစ်ရမယ် ဆိုရင် အင်္ဂလန် နိုင်ငံသားတွေဟာ တယောက်မကျန် လူတော်ကြီးတွေ ဖြစ်နေမှာပေါ့၊ ကဲကွာ...၊ အင်္ဂလန်နိုင်ငံမှာရော အင်္ဂလိပ်လူမျိုး သူခိုးဂျပိုးတွေ မရှိဘဲနေမလား´ ...တဲ့။

***

ကျနော် အင်ဒီယားနားပြည်နယ်ကို တခေါက် အလည်ရောက်သွားတော့ အဲဒီက သူငယ်ချင်း တယောက်နဲ့ လမ်းလျှောက်ထွက်ရင်းနဲ့ တနေရာအရောက်မှာ ဘာတွေ့လဲဆိုတော့ တယောက်ယောက်က လမ်းမပေါ်မှာ ရေသန့်ဘူးခွံထဲကို ကွမ်းတံတွေးထွေးပြီး ပစ်ချထားတာ ကားက အဲဒီ ဘူးကို တက်ကြိတ်ပြီး လမ်းမပေါ်မှာ ကွမ်းတံတွေးတွေ ရဲနေတာကို တွေ့တယ်။ သူငယ်ချင်းက...

`ဒါ...၊ မြန်မာ တယောက်ယောက် လက်ချက်ပဲ နေမယ်၊ မြန်မာတွေ စည်းကမ်းကို မရှိပါဘူးကွာ´ ...တဲ့။

ဒါပေမယ့် အဲဒီ သူငယ်ချင်းက လမ်းမှာနောက်ထပ်တွေ့တဲ့ အမေရိကန် မျက်နှာဖြူတယောက် အရက်ကမူးလို့ ယိုင်ထိုးထိုးနဲ့ လက်ထဲက စီးကရက် အစီခံကိုလဲ လမ်းဘေးကို စည်းမရှိကမ်းမရှိ လွှင့်ပစ်လိုက်တာကို တွေ့တဲ့ အခါကျတော့ ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။ အမှတ်တမဲ့မို့ သတိမထားမိတာလဲ ဖြစ်တန်ပါရဲ့...။

***

တကယ်တော့ ဒီနိုင်ငံကို ရောက်တဲ့အခါမှာ ဒီနိုင်ငံက လူမျိုးတွေရဲ့ နေပုံထိုင်ပုံ၊ ပြောဆိုပုံ၊ စည်းကမ်းတကျ ရှိပုံတွေထဲက အတုယူစရာတွေ အများကြီး တွေ့ခဲ့ရတာတော့ မှန်ပါတယ်။ ဒါပေမယ့် သူတို့အထဲမှာရော စုန်းပြူးတွေ ရှိမနေဘူးလား ဆိုတော့ အများကြီး ရှိနေဆဲပါလို့ ပြောရမှာပါပဲ။ အများတကာ တန်းစီနေတဲ့ နေရာမှာ ဖြတ်ခနဲ ၀င်လာလို့ မောင်းထုတ်ခံရသူတွေ၊ ခန္ဓာကိုယ် သန်သန်မာမာ ရှိနေပါလျက်နဲ့ 'A quarter please!' ဆိုပြီး မရှက်မကြောက် တောင်းရမ်းနေတဲ့ သူတွေ၊ အလုပ်လုပ်ရမှာစိုးလို့ ကြံဖန် အချောင်ခိုပြီး Food Stamp ကို ထိုင်စားနေတဲ့ သူတွေမှ အများကြီးပါ။

ဒါပေမယ့် ခက်တာက ကျနော်တို့ လူမျိုးတွေထဲက တချို့တချို့က ကိုယ့်လူမျိုးကိုတော့ အချိန်မရွေး အထင်သေးဖို့ အဆင်သင့် ဖြစ်နေတတ်ပြီးတော့ အဖြူတွေကို ဆိုရင် `သူတို့ ပြောတာအမှန်၊ သူတို့က ဒီနိုင်ငံသားဆိုတော့ ပိုသိတယ်´ ဆိုတဲ့ အမြင်ကြီး စွဲနေတတ်တာပါ။ စည်းကမ်းမရှိတဲ့လူဟာ အဖြူမကလို့ အမည်းပဲ ဖြစ်ဖြစ်၊ စပန်းနစ်ရှ်ပဲ ဖြစ်ဖြစ်၊ အာရပ်ပဲ ဖြစ်ဖြစ် သူ့အကျင့်နဲ့သူ့စရိုက်အတိုင်း ရှိနေတတ်ပေမယ့် ကိုယ့်လူမျိုးကျမှပဲ ရွေးပြီး စည်းကမ်း မရှိသယောင်ယောင် နှိမ့်ချ ပြောတတ်ကြပါတယ်။

`မြန်မာတွေ စည်းကမ်းကို မရှိကြဘူး´ ...တဲ့။

ဘယ်လူမျိုးကရော လုံးဝဥဿုံ စည်းကမ်းရှိနေကြပါသလဲ။ လူတကိုယ် စရိုက်တမျိုးစီ ဖြစ်နေတဲ့ လောကကြီးမှာ ဘယ်လူမျိုးပဲ ဖြစ်ဖြစ် ကောင်းတဲ့လူနဲ့ ဆိုးတဲ့လူ နှစ်မျိုးစလုံး ရှိတတ်တဲ့ သဘောကို နားလည်သင့်ပါလျက်နဲ့ ကိုယ့်လူမျိုးကိုကိုယ် နှိမ်နှိမ်ချိုးချိုး ပြောတတ်တဲ့ သူတွေရဲ့ စိတ်ကို နားမလည်နိုင်တာတော့ အမှန်ပါ။ တကယ်ဆို ဖြစ်သင့်တာက မောင်ဖြူ မကောင်း မောင်ဖြူ၊ မောင်မဲ မကောင်း မောင်မဲ မဟုတ်ပါလား။

တကယ်ဆိုရင် ကျနော်တို့ မြန်မာလူမျိုးလောက် အားနာတတ်ပြီး စိတ်ရင်းဖြူတဲ့လူမျိုး ကမ္ဘာမှာ ရှားတယ်လို့ ပြောရင် လွန်မလား။ အခြေအနေတွေ၊ မွန်းကျပ်ရမှုတွေ၊ ထွက်ပေါက်မဲ့နေရတာတွေကြောင့်သာ တဖြည်းဖြည်းနဲ့... ... ... ...၊ အင်း ... ပြောရင်းနဲ့ နောက်ဆုံးတော့ ဟိုဘူတာကိုပဲ သွားဆိုက်မိတော့မယ် ...။



ကလိုစေးထူး


Friday, September 26, 2008

မှတ်မှတ်ရရ ပထမ

ကျနော့် အသက် ငါးနှစ်သားလောက်ကပေါ့...။ အဲဒီတုန်းက အလွန်နှပ်ထူတဲ့ ကျနော့်ကို မေမေက ရင်ဘတ်မှာ ပုဝါလေးတထည်ကို တွယ်ချိတ်နဲ့ တွယ်ပြီး ကျောင်းစိမ်း အဖြူအစိမ်း သစ်သစ်လွင်လွင်လေး ဆင်လို့ ကျောင်းကို လက်ဆွဲခေါ်သွားတယ်။ အဲဒီ ကျနော် ပထမဆုံး စတက်ခဲ့ရတဲ့ ကျောင်းက အမက (၁၂)၊ တောင်ဥက္ကလာပ။ ကလေးတွေစိတ်က သိပ်ထူးဆန်းတယ်၊ ကလေးအချင်းချင်း တွေ့ကြရင် `နင့်ဆရာမက ချောလား´ လို့ မေးပြီး ပြိုင်ကြသေးတယ်။ ဒါပေမယ့် ကျနော့်ရဲ့ ပထမဆုံး ဆရာမကတော့ ငယ်ငယ်ချောချော မဟုတ်ခဲ့ပါဘူး။ အသက်က ခပ်ကြီးကြီး၊ မျက်မှန်ကြီး တ၀င်းဝင်းနဲ့ ဒါပေမယ့် စိတ်ကတော့ အလွန်ရှည်တယ်။ နာမည်ကတော့ မမှတ်မိတော့ဘူး။ ဒေါ်သန်းသန်းတင့် လို့တော့ ခပ်ရေးရေးတွေးမိတယ်။

ကလေးဆိုတော့ တွေ့တဲ့လူက ကျနော့်သူငယ်ချင်းပဲပေါ့။ ပထမဆုံး သူငယ်ချင်းဆိုပြီး ဘယ်သူ့ကို စွဲစွဲမြဲမြဲ ခင်မိမှန်းကို မသိဘူး။ ဒါပေမယ့် သိတတ်စ အရွယ်ရောက်လာတော့ ကျနော့်ကို တော်တော်နားလည်တဲ့ သူငယ်ချင်းတယောက်ကို ဆယ်တန်းကျောင်းသားဘ၀မှာ ပထမဆုံး စတွေ့တယ်။ သူ့နာမည်က `စောမိုးအောင်´ တဲ့...။ ပထမဆုံး မိန်းကလေး သူငယ်ချင်းကိုတော့ ဆယ်တန်းအောင်ပြီးလို့ အဝေးသင်သွားဖြေရင်းမှ ရခဲ့တာပါ။ ကောင်မလေး နာမည်က နည်းနည်းတော့ ရှည်တယ်။ `သဇင်မင်းမင်း´ တဲ့။

ကျနော် သုံးတန်းကျောင်းသားလောက်မှာ ထင်တယ်။ အဲဒီတုန်းက ကျနော့် ဦးငယ်ရဲ့ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်ကို ယူဖတ်မိတယ်။ အဲဒီထဲမှာ ရေးထားတဲ့ တချို့စာတွေကို အခုထိ မှတ်မိသေးတယ်။ `ကိုဇော်ဝိတ်နဲ့ တိုင်းလုံးကျော် လက်ဝှေ့ပွဲ´ `ချိုတကူးနှင့် ဂုဏ်ရည်မတူ´ `စလောင်းဖုံးတချပ်´ `ရွာ့ကျက်သရေ´ ဆိုတဲ့ စာတွေကို ဖတ်လို့ကောင်းလွန်းလို့ ခဏခဏကို ဖတ်ခဲ့တာ။ အဲဒီစာအုပ်က ပထမဆုံးဖတ်ဖြစ်တဲ့ စာအုပ်လို့ပဲ ပြောရမယ်ထင်တယ်။ အပြင်စာပေမှာတော့ ပထမဆုံး စွဲစွဲမြဲမြဲ ဖတ်ဖြစ်သွားတာက တက္ကသိုလ်ဘုန်းနိုင်ရဲ့ `သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင်´...။

ကျောင်းစာနဲ့ ပတ်သက်လို့ ကျနော် တခါမှ ဆုမရဘူးပါဘူး။ (အဲဒီလိုကို တော်တာလေ :D) လူက အတန်းထဲမှာ အဆင့် ငါးကနေ ဆယ့်ငါးအတွင်းမှာပဲ ရနေတော့ ဆုဆိုတာ ဘယ်နားနေမှန်းကို မသိပါဘူး။ ဒါပေမယ့် ကျနော် မှတ်မှတ်ရရ ရဖူးတဲ့ ပထမဆုကတော့ ကျနော်တို့ မြို့ တန်ဆောင်တိုင်ပွဲရဲ့ အဆိုပြိုင်ပွဲ တခုမှာပါ။ အဲဒီတုန်းက ကျနော် ဆိုခဲ့တဲ့ သီချင်းက `လတ်တီး´။ ဒါပေမယ့် စင်ပေါ်မှာ ပထမဆုံး ကျနော်ဆိုခဲ့တဲ့ သီချင်းကတော့ ကျနော်ကိုယ်တိုင် ရေးခဲ့တဲ့ သီချင်း။ နာမည်တော့ မမှတ်မိတော့ဘူး။

ရန်ကုန်မှာနေတုန်းက ကျနော်တို့က တောင်ဥက္ကလာပမှာ နေခဲ့တာဆိုတော့ ကျောင်းသွား ကျောင်းပြန်ကို ၃၆ လိုင်းကားတွေရယ်၊ ပြီးတော့ ကပရ(၄) က ပြေးတဲ့ သီးသန့် (၁) (၂) ကားတွေရယ်ကို စီးရတယ်။ ပထမဆုံး စီးဖူးတဲ့ ဘတ်စ်ကားကတော့ ၃၆ လိုင်းကားပေါ့။ ပထမဆုံးဆိုခဲ့တဲ့ သီချင်းကတော့ ဘိုဘိုဟန်ရဲ့ `ပြားချပ်ချပ်´ သီချင်းပါ။ အိမ်မှာ အော်ဆိုလွန်းလို့ မေမေက တော်တော်ကို အမြင်ကပ်ယူရတယ်။

ပထမဆုံး ရည်းစားစာမှာ ဘာတွေရေးမိမှန်းတောင် မသိပါဘူး။ ဒါပေမယ့် သူငယ်ချင်းက အကြံပေးတဲ့အတိုင်း `ဒို့ရဲ့ စာလေးကို ဆုံးအောင် ဖတ်ပေးပါနော်´ လို့ အစချီတာရယ်...၊ စာရဲ့ အဆုံးမှာ `လက်ရေးမလှ ဒို့ဘ၀၊ သည်းခံဖတ်ရန် ဒို့တောင်းပန်´ လို့ ရေးတာရယ်ကိုတော့ မှတ်မိသေးတယ်။ (ပြန်စဉ်းစားရင် တော်တော်ကြောင်တာပဲ) :D

ပထမဆုံးရောက်ခဲ့တဲ့ မြို့ကတော့ မော်လမြိင်မြို့ပါ။ ကျနော်က ကရင်ပြည်နယ်သားဆိုပေမယ့် တနေရာရာကို သွားရင် မော်လမြိုင်ကို ဖြတ်ရတာက များတယ်လေ။ ပထမဆုံးသောက်ဖူးတဲ့ ဆေးလိပ်က မွန်ထရီ စီးကရက်ပါ။ အဲဒီ စီးကရက်က အနံ့သိပ်ပြင်းတော့ ခိုးသောက်တာ မေမေသိမှာစိုးလို့ မာလကာရွက်တွေ ၀ါးပြီး အိမ်ကို ပြန်ရတယ်။ ပထမဆုံး သောက်ဖူးတဲ့ အရက်ကတော့ ဘီအီး။ ဆယ်တန်း ပထမနှစ်မှာ စာမေးပွဲမဖြေနိုင်လို့ဆိုပြီး မေမေ မသိအောင် ညီအကိုတွေ သွားခိုးသောက်တာ။ အမြည်းက ဘဲဥနဲ့ ခရမ်းချဉ်သီးမွှေကြော် ဆိုတာကိုပါ မှတ်မိနေသေးတယ်။

ကျနော် သေနတ်လဲ ပစ်ဖူးတယ်။ တခြားကြောင့်တော့ မဟုတ်ဘူး။ ကျနော်တို့ မြို့မှာ ဌာနဆိုင်ရာဝန်ထမ်းတွေကို စစ်သင်တန်းပေးတော့ အဲဒီတုန်းက ရုံးစာရေး ကျနော်က စစ်သင်တန်း တက်ခွင့်ရလိုက်တာ။ ပထမဆုံးပေးတဲ့ စစ်သင်တန်းမှာ တက်ခွင့်ရလိုက်တော့ စက်ပစ်ကွင်းတွေ ဘာတွေ ရောက်လိုက်သေးတယ်။ အဲဒီတုန်းက ပစ်ရတာ G-3 ထင်တယ်။ ငါးတောင့်ပစ်ရတာ၊ နှစ်တောင့်က လှလေးစိန်။ :D အဲဒီသေနတ်ကတော့ ပထမဆုံးနဲ့ နောက်ဆုံးပစ်ဖူးတာပါပဲ။ အဲဒီတခါပဲ ပစ်ဖူးတာကိုး။

ဘလော့ဂ်ရေးတော့ ပထမဆုံး ရေးဖြစ်တဲ့ ပို့စ်က ခေါင်းစဉ်မတပ်မိဘူး။ အဲဒါနဲ့ ဘော်ဒါတယောက်က အစစာကြောင်းတွေကို ဖတ်ပြီး `အမယ်၊ ဒေါက်တာသန်းထွန်း စတိုင်လ်လိုလို ဘာလိုလို´ လို့ပြောပြီး လာဟားသေးတယ်။ ဆရာကြီး သန်းထွန်းက `ငါပြောချင်သမျှ ငါ့အကြောင်း´...၊ ကျနော်က `ကျနော်ပြောချင်တဲ့ ကျနော့်အကြောင်းများ´ လို့ အစချီရေးမိတာကိုး...။ နောက်ပိုင်းကျတော့မှ အဲဒီစာရဲ့ ခေါင်းစဉ်ကို `အားလုံး မင်္ဂလာပါ´ ဆိုပြီး ခေါင်းစဉ်တပ်ရတယ်။ ဘလော့ဂါထဲမှာ ပထမဆုံး စခင်တာကတော့ ညီမ လင်းလက်ကြယ်စင်။ သူနဲ့က ဘလော့ဂ်တွေ မရေးခင်ကတည်းက ခင်တယ်ဆိုပေမယ့် ဘလော့ဂ်ဆိုတာက သူရေးထားတဲ့ ဘလော့ဂ် လာပြမှ သိခဲ့ရတာ...။

ပထမဆုံး ရဖူးတဲ့ လက်ဆောင်ကတော့ ကျနော့်အတွက် မမေ့နိုင်စရာနဲ့ ရယ်စရာလဲကောင်းတယ်။ ကျောင်းက ခရစ်စမတ်ပွဲမှာ ကျနော့်နာမည်နဲ့ လက်ဆောင်ထုပ် တခုရဖူးတယ်။ အဲဒီတုန်းက ကျနော်က `မင်းဆံပင်က ရှည်လိုက်တာ´ လို့ ပြောတဲ့ မေမေ့ကို ရွဲ့ပြီး ကတုံးတုံးထားတာ။ လူက ခေါင်းတုံးအပြောင်သားလေးနဲ့ အဲဒီလက်ဆောင်ထုပ်ကို သွားယူတော့ အထုပ်ထဲကနေ ဂလောက် ဂလောက် ဆိုတဲ့ အသံကြားရတယ်။ ဖွင့်ကြည့်လိုက်တော့ `ဘီး´ တချောင်း။ တယောက်ယောက်က နောက်လိုက်တာပါ။ လူတွေ ၀ိုင်းရယ်ပေမယ့် ကျနော် အဲဒီတုန်းက တော်တော်ပျော်တယ်။

ပထမဆုံးတွေကို လျှောက်ရေးရတာ ပျော်စရာတော့ အကောင်းသား။ အဲဒါကြောင့် ကျနော့်ကို ရေးရအောင် Tag တဲ့ အကို အောင်သာငယ်ကို ကျေးဇူးတင်ပါတယ်။ သြော်...၊ ကျနော့်ကို ပထမဆုံး Tag ဖူးသူကိုလဲ မှတ်မှတ်ရရ ပြောပြချင်ပါသေးတယ်။ ညီမ Mayvelous ပါ။ အခု Tag game မှာတော့ ကျနော်က ပြန် tag ချင်သူ အားလုံးလိုလိုကို တခြားသူတွေက လက်ဦးသွားတယ်။ နောက်တခေါက်ကျရင်တော့ ကျနော်က စရေးတဲ့ Tag game တခုလောက် ရေးချင်ပါသေးတယ်။ ပျော်ပျော်ပါးပါးပေါ့။



ကလိုစေးထူး

Tuesday, September 23, 2008

သူ့ညနေ နဲ့ ကျနော့်ညနေ

သူ့ညနေ...
ဥဒဟိုပြေးလွှား စုံဆန်သွားနေတဲ့
ကားရောင်စုံတွေ ရှိတယ်။
သစ်လွင်ကြွားရွား စတိုင်ထွားနေတဲ့
လူရောင်စုံတွေ ရှိတယ်။
မိုးထိလုလု ထည်ဝါမှုတွေနဲ့
အဆောက်အဦ ရောင်စုံတွေ ရှိတယ်။
ကောင်းကင်မှာ လေယာဉ်ငယ်တွေ
နိမ့်နိမ့်လေးပျံပြီး ဇိမ်ယူနေတဲ့
လူ့ကြေးရတတ် ရောင်စုံတွေ ရှိတယ်။
မီချီကန်အိုင်ထဲမှာ ငါးမျှားနေတဲ့
အပျော်တမ်း တံငါသည်တွေ ရှိတယ်။
ကာစီနိုနဲ့ ဘားမှာ ငွေဖြုန်းနေတဲ့
ပိုက်ဆံဝါးလားတွေ ရှိတယ်။
KFC ကြက်ကြော်ဆိုင် ရှိတယ်။
Burger King ဆိုင် ရှိတယ်။
Chinese Buffet ရှိတယ်။

ကျနော့်ညနေ...
ချွေးဒီးဒီးကျပေမယ့် နေ့တွက်မကိုက်သေးတဲ့
ဂျာနယ်ရောင်းတဲ့လူ ရှိတယ်။
အဖြူအစိမ်း မ၀တ်နိုင်တဲ့ ဆယ်နှစ်သမီး
ဟင်းရွက်စိမ်းသည်လေး ရှိတယ်။
အိုမင်းပြီး ဈေးကောင်းတဲ့
ပြည်သူပိုင် လေလံတင်အဆောက်အဦတွေ ရှိတယ်။
ရွေ့လျားနေတဲ့ စစ်လက်ကျန် ပြတိုက်
ဘတ်စ်ကားအိုကြီးတွေ ရှိတယ်။
ကြိတ်ကြိတ်တိုး စည်ကားနေတဲ့
အပေါင်ဆိုင်တွေ ရှိတယ်။
ခွက်လက်ဆွဲနေတဲ့ အမေအိုကြီးရဲ့
ဆုတောင်းသံ တစာစာ ရှိတယ်။
ဆက်ရှင်တွေ စိပ်နေတဲ့
Massage ခန်း ရှိတယ်။
Karaoke ရှိတယ်။
စည်ဘီယာဆိုင် ရှိတယ်။
မန်ချက်စတာနဲ့ ချဲလ်ဆီးပွဲ ရှိတယ်။
ပြီးတော့...
အသံတိတ် `တောက်ခေါက်သံ´ တွေလဲ ရှိသေးတယ်...။

***

ကလိုစေးထူး

Monday, September 22, 2008

စပ်မိစပ်ရာ…(၂၄)

ဒီနေ့တော့ ကျနော့်ဘလော့ဂ်မှာ မတင်ဆက်ဖြစ်တာ အတန်ကြာနေပြီ ဖြစ်တဲ့ စပ်မိစပ်ရာ ကဏ္ဍကို ပြန်လည်တင်ဆက်ပါရစေ...။

စပ်မိစပ်ရာ ကဏ္ဍဟာ တကယ်တော့ မီဒီယာနဲ့ စာစောင်တွေမှာ ပါရှိပြီးသား သတင်းတချို့ကို တဆင့်ပြန်လည် ဖော်ပြတာပဲ ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် သတင်းမဖတ်ဖြတ်လိုက်တဲ့ ကျနော့် မိတ်ဆွေများ ကျနော့် ဘလော့ဂ်ကို ရောက်တုန်းရောက်ခိုက်မှာ ထူးခြားတဲ့ သတင်းတချို့ကို သိရှိသွားစေချင်တာက တချက်၊ သတင်းရေးဟန်ကို ရသခပ်ဆန်ဆန်လေး ရေးကြည့်ချင်တဲ့ စိတ်ဆန္ဒက တချက်ကြောင်း ဒီကဏ္ဍကို တင်ဆက်ဖြစ်ခဲ့ပါတယ်။ တခြားရေးစရာတွေဘက်ကို အာရုံပိုစိုက်မိလိုက်တဲ့ အတွက် စပ်မိစပ်ရာက ခပ်အေးအေးတောင် ဖြစ်လို့နေပါပြီ။

AGT 2008 ပြိုင်ပွဲရဲ့ Top 10 show အစီအစဉ်ကို ပြီးခဲ့တဲ့အပတ် ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့ပြီး ကြာသပတေးနေ့မှာ ရလဒ်တွေကို ကြေညာခဲ့ပါတယ်။ ပရိသတ် အသည်းစွဲ လေးနှစ်သမီးလေး Kaitlyn Maher နဲ့ ကာလသားတို့ အကြိုက် Jussica Price တို့ကတော့ ဒီအဆင့်မှာတင် ပြုတ်ကျန်ရစ်ခဲ့ကြပါတယ်။




ပြိုင်ပွဲ ရလဒ်တွေကို ကြေညာတဲ့အခါမှာ ထူးခြားတာ တခုကို သတိထားမိတာကတော့ ပြိုင်ပွဲကနေ ရှုံးလို့ ထွက်ရတော့မယ့် ပြိုင်ပွဲဝင်တွေရဲ့ High Lights တွေကို ပြန်ပြတာပါ။ ပြိုင်ပွဲစီစဉ်သူတွေ အနေနဲ့ကတော့ အဲဒါကို နှစ်သိမ့်မှု တခုအနေနဲ့ ပြုလုပ်တာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် မိမိရဲ့ ရှုံးနိမ့်မှုပုံရိပ်တွေကို လူတွေအများကြီးရဲ့ ရှေ့မှာ အားတင်းပြုံးပြပြီး ဘာမှမဖြစ်သလို နေပြနေကြရတဲ့ ပြိုင်ပွဲဝင်တွေရဲ့ မျက်နှာထားတွေကို တွေ့ရတာကတော့ စိတ်မသက်သာစရာပါ။

အရှုံးသမားအားလုံးထဲမှာတော့ လေးနှစ်သမီးလေးဟာ သူ့အရွယ်နဲ့ စာရင် မယုံနိုင်စရာကောင်းလှစွာပဲ သူ့ရဲ့ အရှုံးရလဒ်ကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်သွားတာကို တွေ့ရပါတယ်။

တရုတ်နိုင်ငံက နို့မှုန့်ကုမ္ပဏီတချို့က ထုတ်လုပ်တဲ့ နို့မှုန့်တွေမှာ ဘေးအန္တရာယ်ဖြစ်စေတတ်တဲ့ ဓာတုဗေဒ ပစ္စည်းတွေ အသုံးပြုကြောင်း စစ်ဆေးတွေ့ရှိရလို့ အာဏာပိုင်တွေက စစ်ဆေးအရေးယူနေတယ် ဆိုတဲ့ သတင်းကို ဖတ်လိုက်ရပါတယ်။ အသိနောက်ကျတဲ့ အဲဒီ စစ်ဆေးမှုကို ကလေးငယ် (၄)ဦးသေ၊ (၁၅၈)ဦးက ကျောက်ကပ်မှာ စိုးရိမ်ရတဲ့ ပြဿနာဖြစ်ပွားနေပြီးတော့ (၆၂၂၄)ယောက်က ဖျားနာနေတယ်ဆိုတဲ့ အခြေအနေတွေကို ရင်ဆိုင်ပြီးမှ ပြုလုပ်နိုင်ခဲ့တာကတော့ ၀မ်းနည်းစရာပါ။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)က ကြီးမှူးကျင်းပနေတဲ့ ဘယ်ဘောလုံးပြိုင်ပွဲမှာ မဆို `လုပ်ပွဲ ဖန်တီးမှု´ လုံးဝမရှိပါဘူး လို့ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က မီဒီယာတွေရှေ့မှောက်မှာ အာမခံချက်ပေးတယ်လို့ သိရပါတယ်။ `လုပ်ပွဲများ ရှိခဲ့ပါသလား´ ဆိုတဲ့ မေးခွန်းကို MFF အတွင်းရေးမှူး ဦးဘန်နီတင်အောင်က `ငွေကြေး ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ဘောလုံးပွဲတပွဲကို သူ့ရည်ရွယ်ချက် အပြည့်နဲ့ အသင်းနှစ်သင်းစလုံးက ကိုယ်စွမ်းရှိသလောက်၊ ဉာဏ်စွမ်းရှိသလောက် ကစားခဲ့ရင် လုပ်ပွဲ လို့ ပြောလို့မရပါဘူး´ လို့ ဖြေကြားပါသတဲ့...။

စဉ်းစားစရာကောင်းတာက `ငွေကြေး ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ... ... ...´ ဆိုတဲ့ စကားပါ။ ဘောလုံးပွဲတပွဲမှာ ငွေရေးကြေးရေးကိစ္စတွေ ပါလာပါပြီ ဆိုကတည်းက အဲဒီ အသင်းနှစ်သင်းက ကစားသမားတွေဟာ လုပ်ပွဲ ဘယ်သူမှ မကစားကြဘူးလို့ ဘယ်လိုယုံကြည်လို့ရနိုင်မလဲ ဆိုတာ တော်တော် စဉ်းစားစရာကောင်းပါတယ်။ တကယ်ပဲ လုပ်ပွဲတွေ မရှိလို့ တာဝန်ရှိသူတွေက အခုလို အာမခံတာဆိုရင် ထားပါတော့...၊ လုပ်ပွဲတွေ ရှိနေလျက်သားနဲ့ အကြောင်းကြောင်းကြောင့် ဖုံးကွယ်ချင်လို့ ဒီလိုစကားကို မျက်စိမှိတ်ပြောလိုက်ရတာဆိုရင် `မြန်မာ့အားကစား ကမ္ဘာကို လွှမ်းစေရမည်´ ဆိုတဲ့ ဆောင်ပုဒ်ဟာလဲ အလကား ဖြစ်နေမှာ သေချာပါတယ်။

မည်သို့ပင်ဖြစ်စေ...၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရဲ့ အားထုတ်ကြိုးပမ်းမှု တခုကိုတော့ အသိအမှတ်ပြု ချီးကျူးရဖို့ ရှိပါတယ်။ အဲဒါကတော့ နာဂစ်မုန်တိုင်းဘေး ရန်ပုံငွေအဖြစ် ၁၉၉၄ ခုနှစ်၊ ကမ္ဘာ့ဖလားပြိုင်ပွဲ အနိုင်ရ ဘရာဇီးဘောလုံးအသင်းဟာ မြန်မာနိုင်ငံမှာ ချစ်ကြည်ရေး ဘောလုံးပွဲ လာရောက် ကစားဖို့ ရှိပါတယ်။ အကြမ်းဖျင်းအားဖြင့် အောက်တိုဘာ (၂၈)ရက်နေ့မှာ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းနဲ့ ချစ်ကြည်ရေးပွဲ ကစားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။ ရိုမာရီယို၊ ဒွန်ဂါ နဲ့ ဘီဘက်တို အစရှိတဲ့ နာမည်ကြီးတွေ ပါမပါတော့ မသေချာသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် နာဂစ်မုန်တိုင်းဘေး ရန်ပုံငွေပွဲ အဖြစ်ကစားကြမှာ ဖြစ်လို့ ကျေနပ်စရာပွဲတပွဲ ဖြစ်လာမှာပါ။

အင်းစိန် အကျဉ်းထောင်အတွင်းမှာ တတိယအကြိမ်မြောက် ၀ိပဿနာတရားစခန်းကို စက်တင်ဘာ ၈ ရက်နေ့က ဖွင့်လှစ်ခဲ့ပြီး အကျဉ်းသူ ၅၆ဦး တရားစခန်းဝင်ရောက်ခဲ့တယ်လို့ သိရှိရပါတယ်။ အဲဒီ တရားစခန်းတွေရဲ့ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်တွေကို ဇူလိုင်လနဲ့ သြဂုတ်လအတွင်းတွေမှာ ပြုလုပ်ခဲ့ပြီးတော့ တကြိမ်လျှင် အမျိုးသား အကျဉ်းသား ၆၄ ဦးစီ တရားစခန်း ၀င်ရောက်ခဲ့ပါတယ်။ တရားစခန်းဝင်ရောက်လိုသူ အကျဉ်းသားတွေကို နှလုံးရောဂါနဲ့ အဆုတ်ရောဂါအပြင် အထွေထွေ ရောဂါတွေကို ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပြီး ကျန်းမာရေးကောင်းမွန်သူတွေကို တရားစခန်း ၀င်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

အခုတလောမှာ လာတတ်တဲ့ Forward မေးလ်တွေရဲ့ နှိပ်စက်မှု ဒဏ်ကလဲ မသေးပါဘူး။ ဟိုးးးတလောကများဆိုရင် မောင်မင်းကြီးသား တယောက်က ကျနော့်ဆီ ပို့တဲ့ မေးလ်ထဲမှာ `သင်သည် နအဖ မကောင်းကြောင်းကိုသာ ရေးနေခြင်းဖြင့် အချိန်ကုန်နေတော့မည်လား၊ ကျွန်ုပ်ရေးသားသော ဘလော့ဂ်အား လာရောက်ကြည့်ရှုလေလော့ တမုံ့´ ဆိုပြီး သူ့ဘလော့ဂ် လိပ်စာနဲ့ပါတကွ ကြော်ငြာမေးလ်လာလို့ သွားဖတ်လိုက်တော့ Porn ဘလော့ဂ် (အဲဒီ ဘလော့ဂ်တွေ ကိစ္စကို အေးအေးဆေးဆေး ထပ်ရေးပါဦးမယ်) ဖြစ်နေတယ်။

နောက်တခုကတော့ သတင်းအချက်အလက်တွေကို ပေးပို့တဲ့ Forward မေးလ်တွေပါ။ ကိုယ်သိထားတဲ့ သတင်းကို ဖြန့်ဝေပေးတယ် ဆိုပေမယ့်လဲ အဲဒီ ပေးပို့တဲ့ သတင်းမှန်၏၊ မမှန်၏ ဆိုတာကို အတည်ပြုဖို့ကျတော့ ခက်ခဲလှပါတယ်။ တကယ်လို့များ မမှန်ခဲ့ရင် မူရင်းပို့သူမှာလဲ နာမည်ပျက်သလို ထပ်ဆင့်ဖြန့်ဝေသူကိုပါ ထိခိုက်နိုင်ပါတယ်။

***




ကိုလေးဖြူရဲ့ သီချင်း အသစ်ဖြစ်ဟန်တူတဲ့ တပုဒ်ကို ပဒုမ္မာဖိုရမ်ရဲ့ တာဝန်ခံ ကိုမျိုးသော်က ယူကျုမှာ တင်ပေးထားတာပါ။ သီချင်းကောင်းလေးမို့ ကျနော့် ဘလော့ဂ်မှာပါ တင်ဆက်လိုက်ပါတယ်။ အားလုံး ပျော်ရွှင်နိုင်ပါစေ။


ကလိုစေးထူး

Friday, September 19, 2008

၄၀၀ ...နဲ့ ၂ နှစ်

ယုံကြည်ချက်ကို အားအင်ပြုလို့ ပန်းတိုင်တခုကို ရှေ့ရှုပြုပြီး ကျနော် စကားရပ်လေး တခုကို ရိုးရှင်းစွာနဲ့ပဲ ကိုင်စွဲခဲ့တယ်။ အဲဒါကတော့...

`ဟိုးရှေ့မှာ ပန်းတိုင် ရှိတယ်၊ လာ... သွားကြစို့´

တူညီမှုတွေကို အားပြုပြီး မတူညီမှုတွေကို ထိန်းညှိဖို့အတွက် ကြိုးစားမှုတွေ၊ ပုံဖော်အားထုတ်မှုတွေအတွက် ဟောဒီလမ်းကလေးမှာ ကျနော် တကယ်ပဲ စိတ်နှစ်ကိုယ်နှစ်နဲ့ လျှောက်လှမ်းဖြစ်ခဲ့တယ်။ အခုတော့ အဲဒီပန်းတိုင်ကို လျှောက်လှမ်းခဲ့တဲ့ ခြေလှမ်းပေါင်း ၄၀၀ ပြည့်မြောက်ခဲ့ပါပြီ။ စက်တင်ဘာ ၁၅ ရက်ဟာ ကျနော့် ဘလော့ဂ်ရဲ့ နှစ်နှစ်ပြည့် မွေးနေ့ ဆိုတော့ ၄၀၀...နဲ့ ၂ နှစ်မြောက်တဲ့ နေ့ပေါ့...။

***

အခုလိုမျိုး ရာပြည့်တို့ နှစ်ပြည့်တို့ ရေးတဲ့ ပို့စ်မျိုးတွေက ဘာနဲ့ တူသလဲဆိုတော့ မြန်မာပြည်မှာ လိုက်ဖ်ရှိုးလုပ်တဲ့ အဆိုတော်တွေ လက်ထဲမှာ စာရွက်ကြီးကိုင်ပြီး ဘယ်သူ့ကိုတော့ ကျေးဇူးတင်ပါတယ်၊ ဘယ်ဝါ့ကိုတော့ ကျေးဇူးတင်ပါတယ်လို့ ပြောရတာမျိုးနဲ့ ခပ်ဆင်ဆင်တူနေမလား မသိဘူး။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ကျနော်ရဲ့ `ကလိုစေးထူး´ ဆိုတဲ့ ဒီဘလော့ဂ်အတွက် ၀ိုင်းဝန်း ပံ့ပိုးပေးခဲ့ကြတဲ့ မိတ်ဆွေများ အားလုံးကိုတော့ ဒီနေ့မှာ မှတ်မှတ်ရရနဲ့ ကျေးဇူးတင်စကားပြောချင်ပါတယ်။

ကျနော်က စာသာရေးချင်တယ်။ ဘလော့ဂ် တခုကို လုပ်ဖို့ နည်းပညာအရ ဘာမှ ဟုတ်တိပတ်တိ မတတ်ကျွမ်းပါဘူး။ ဒါကြောင့် ဒီဘလော့ဂ်ကို ဖန်တီးဖို့ နည်းပညာအရ ပထမဆုံး အကူအညီပေးခဲ့တဲ့ ငွေလမင်း ကို ကျေးဇူးတင်ရပါမယ်။

နည်းပညာအရ နောက်ထပ် အကူအညီပေးခဲ့ဖူးသူတွေကတော့ ညီမ Mayvelous နဲ့ ညီမနေနေနိုင် တို့ပါပဲ။ သူတို့တွေ အလုပ်မအားတဲ့ကြားက သွားအဖြီးသားနဲ့ အပူလာလာ ကပ်တတ်တဲ့ ကျနော့်ကို မညည်းမညူ ကူညီပေးခဲ့ကြတာကို ကျနော် မမေ့ပါဘူး။

`ကိုစေးထူး စာရေးတာ ဖတ်ကောင်းတယ်၊ ဒါပေမယ့် စာပိုဒ်တွေမခွဲထားတော့ ဖတ်ရတာ အဆင်မပြေလို့ စာပိုဒ်တွေကို တပိုဒ်စီခွဲလိုက်ပါလား´ လို့ အကြံပြုခဲ့တာက မေ၁၁ ပါ။ သူ အကြံပေးသလို လုပ်လိုက်တော့ စာဖတ်ရတာ တပိုဒ်ချင်းစီဖြစ်ပြီး ဖတ်ရတာ ပိုအဆင်ပြေသွားပါတယ်။

ကျနော့် ဘလော့ဂ်ရဲ့ နောက်ထပ် အမှတ်တရလေးတွေ အဖြစ် မှတ်တမ်းတင်ချင်တာကတော့...

ကျနော့်ဘလော့ဂ် စီဘောက်စ်မှာ ပထမဆုံး လာနှုတ်ဆက်ခဲ့တာက ... ညီမ နေနေနိုင်။
ပထမဆုံးသော Comment ကို ရေးခဲ့တဲ့ ... စိန်မျောက်မျောက် (ကျနော်ပေါ်တာ အထမ်းသမားပို့စ်မှာပါ)။
Comment အရေအတွက် အများဆုံး ရေးခဲ့သူ ... မမေဓာဝီ။
ကျနော့် ဆောင်းပါးကို ပထမဆုံး ဖော်ပြပေးခဲ့တဲ့ မီဒီယာ... ဧရာဝတီ။
ကျနော့်ဆောင်းပါး အရေအတွက် အများဆုံး ဖော်ပြပေးခဲ့တဲ့ မီဒီယာ... မဇ္ဈိမ။

ပြီးတော့...၊ ကျနော်ရေးသမျှတွေကို ကောင်းရင် ကောင်းတယ်၊ ညံ့ရင်ညံ့တယ်၊ အမြင်တူရင်တူတယ် အမြင်မတူရင် မတူဘူး လို့ ပွင့်လင်းစွာ ဝေဖန် အားပေးကြတဲ့ ကျနော့်မိတ်ဆွေများကိုလဲ ကျေးဇူးတင်ပါတယ်။ ဘယ်သူမှ လာမဖတ်ရင် ကျနော် ဘယ်လိုမှ စာရေးဖို့ ခွန်အား ရှိမနေမှာ အမှန်ပါ။ လာဖတ်ကြပြီး ထင်မြင်ချက်တွေ ပေးသွားကြတာတွေဟာ နောက်ထပ် ပို့စ်တွေကို ထပ်ရေးဖို့အတွက် အားအင်တွေ ဖြစ်စေခဲ့ရတာပါ။


***

ဒီနေ့ ပို့စ်မှာ ကျနော် အကြိုက်နှစ်သက်ဆုံးသော ဘလော့ဂ်များနဲ့ အကြိုက်နှစ်သက်ဆုံး ဖြစ်ခဲ့ရတဲ့ ပို့စ်ရယ်...၊ ပြီးတော့ ကျနော် မကြိုက်နှစ်သက်ဆုံးသော ဘလော့ဂ်တွေကိုလဲ မှတ်မှတ်ရရ ဖော်ပြချင်ပါတယ်။

တကယ်တော့ ကျနော် ကြိုက်တဲ့ ဘလော့ဂ်တွေက အများကြီးပါ။ ပန်းခင်းကြီး တခုလို့တင်စားသလို ဈေးတန်းတခုနဲ့လဲ တူတယ်လို့ ဖွဲ့ဆိုခဲ့တဲ့ ဟောဒီ ဘလော့ဂ် နယ်ပယ်ထဲမှာ အကြိုက်တကာ့ အကြိုက်ဆုံးတွေထဲက အနက် လတ်တလော အကြိုက်နှစ်သက်ဆုံး ဘလော့ဂ်တွေကတော့..

အမျိုးသား ဘလော့ဂါ ... အကို နှင်းခါးမိုး
အမျိုးသမီး ဘလော့ဂါ ... အမ မချိုသင်း တို့ ပါပဲ။ အဲဒီ ဘလော့ဂ်တွေက ပို့စ်အသစ်တွေကို ဖတ်လိုက်ရတိုင်းမှာ ပညာလဲရ၊ ရသလဲရ၊ မှတ်သားစရာလဲ ရတဲ့အပြင် ကျနော့်ရဲ့ အကိုအမတွေလိုလဲ စိတ်ထဲ ဖြစ်မိတာကြောင့်လဲ ပါပါတယ်။ (ဒီ့ပြင်ဘလော့ဂ်တွေကို မကြိုက်ဘူးလို့ ပြောတာတော့ မဟုတ်ဘူးနော်) :D

ကျနော် ဖတ်ဖူးသမျှ ဘလော့ဂ် ပို့စ်တွေထဲမှာ အခုအချိန်အထိ အနှစ်သက်ဆုံးသော ပို့စ်ကတော့ ... မုန်တိုင်းအလွန်...၊ ရေးသူ မမေဓာဝီ ဖြစ်ပါတယ်။

ကျနော် လုံးဝ မကြိုက်မနှစ်သက်တဲ့ ဘလော့ဂ်တွေလဲ များစွာ ရှိတဲ့ အနက် နှစ်ခုကို ရွေးချယ်ဖော်ပြပါရစေ။ အဲဒါတွေကတော့...

အမျိုးသား ဘလော့ဂါ ... Opposite Eyes
အမျိုးသမီး ဘလော့ဂါ... မေဘားမား တို့ ပါပဲ။

Opposite Eyes ရဲ့ (ပြန်ဖျက်လိုက်တဲ့) ဗိုလ်ချုပ်အောင်ဆန်းကို စော်ကားထားတဲ့ ပို့စ်ကို ကျနော် မမေ့ပါဘူး။ မေဘားမားကိုတော့ ကိုယ့်လူမျိုးအချင်းချင်း ခပ်နှိမ်နှိမ်ရေးဖူးတဲ့ ပို့စ်တွေကြောင့် မကြိုက်တာပါ။

***

ကျနော့်ရဲ့ ဒီနေ့ပို့စ်မှာ မမေ့မလျော့နဲ့ ကျေးဇူးတင်စကားပြောချင်တာကတော့ ရုရှနိုင်ငံရောက် ပညာတော်သင် ညီငယ် စစ်သည် တချို့ကိုပါ။ ကိုမျှားပြာ၊ ကိုညိမ်းညို၊ ကိုအိပ်မက်နက်၊ ကိုမင်းကျန်စစ်၊ ကိုဆိုးသွမ်း၊ ကိုရင်ညိန်း၊ ကိုမောင်ငယ် တို့ဟာ ကျနော်ရေးတဲ့စာတွေမှာ သူတို့ရဲ့ လက်ရှိရပ်တည်နေရတဲ့ အခြေအနေတွေနဲ့ မတူညီတဲ့ အမြင်တွေ၊ အခြေအနေတွေ ရှိသော်ငြား၊ ပြီးတော့ ကျနော့်ထက် အသက်အရွယ်အားဖြင့် များစွာ ငယ်ရွယ်ကြပေမယ့်လည်း တည်ငြိမ်ရင့်ကျက်ဟန်တွေနဲ့ အတူ ကျနော့်စာတွေကို နားလည်စွာ ဖတ်ရှုဝေဖန် အားပေးခဲ့တာတွေကို လှိုက်လှိုက်လှဲလှဲ အသိအမှတ်ပြုမိပါတယ်။

`ပန်းတိုင်ကို လျှောက်နေတဲ့ ရည်ရွယ်ချက်မှန်ရင် ကျနော်တို့တွေ ပန်းတိုင်မှာ ဆုံကြမှာပါ အကို´ လို့ ပြောဖူးတဲ့ ကိုအိပ်မက်ရဲ့ စကားကို ကျနော် အမြဲအမှတ်ရနေမှာပါ။

***

ကျနော့်စာတွေကို စိတ်ရှည်လက်ရှည်နဲ့ လာလာဖတ်ပြီး ကောင်းရင် ချီးကျူး၊ မကောင်းရင် ဝေဖန်ထောက်ပြကြတဲ့ ကျနော့် မိတ်ဆွေများဟာ ကျနော့်ရဲ့ အဖိုးမဖြတ်နိုင်တဲ့ အားအင်တွေပါ။ သူတို့ သူတို့တွေ ပေးသွားတဲ့ မက်ဆေ့တွေကနေ ဖန်တီးဖြစ်ခဲ့တဲ့ စာတွေလဲ မနည်းခဲ့ပါဘူး။ ရခဲ့တဲ့ အတွေးအမြင်တွေလဲ တပုံတပင်မို့ ကျနော့်ရဲ့ ဆရာသမားဆိုရင်လဲ မှားမယ်မထင်ပါဘူး။

နာမည်တခုခြင်းစီ ထည့်မရေးဖြစ်နိုင်သူတွေကိုလဲ အလေးမထားလို့တော့ မဟုတ်ရပါဘူး။ အားလုံးအားလုံးကို ခင်မင်လေးစားလျက်ပါ။

***

နောက်တခုက...။

ပန်းတိုင်ခရီးတခုရဲ့ လမ်းခုလတ်ဖြစ်တဲ့ ဒီနေ့ ပို့စ်မှာ ကျနော့် မိတ်ဆွေများဆီက အမှတ်တရစကား တခုခု၊ ဒါမှမဟုတ်လဲ အကြံပြုချက် တခုခုကို ကျနော် ပြန်ကြားချင်ပါတယ်။ ရှေ့ဆက်ဖို့အတွက် အားဆေးတခွက်ဆိုရင်လဲ မမှားဘူးပေါ့...။ ဒီပို့စ်ကို ဖတ်မိသူများဆီက အမှတ်တရစကား...။

ကြားခွင့်ပေးပါ။

***

လေးစားခင်မင်စွာ


ကလိုစေးထူး


Thursday, September 18, 2008

စားသောက်ရာဝယ်

ညနေ အလုပ်သိမ်းချိန်ရောက်ပြီ ဆိုတာနဲ့ ၀မ်းဗိုက်က တကြုတ်ကြုတ်နဲ့ ဆာလောင်နေပြီ။ မဆာဘဲ နေမလား၊ မနက် ဆယ်နာရီထိုး ခဏနားချိန်မှာ ထမင်းတခါ စားပြီးကတည်းက အလုပ်ချိန်တလျှောက်လုံး ဘာမှမှ ဟုတ်တိပတ်တိ မစားရတာ...။ ဆိုဒါ တလုံးတလေ သောက်ပေမယ့် အဲဒါကလဲ ၀မ်းထဲက ပိုးမျိုးရှစ်ဆယ်ကို ငြိမ်သက်သွားအောင် လုံးဝ စွမ်းဆောင်နိုင်တာ မဟုတ်တော့ အိမ်ကို ပြန်ရောက်တာနဲ့ တခုခု စားဖို့ အရင်စဉ်းစားရတော့တာပါပဲ။

မြန်မာပြည်မှာ နေစဉ်တုန်းကတော့ ကျနော် တနေ့ကို ထမင်း အနည်းဆုံး သုံးခါကနေ တခါတလေ လေးခါ၊ ငါးခါ အထိတောင် စားတယ်။ ဒါလဲ လူက ပိန်ညောင်ညောင်ပါပဲ...၊ မထူးပါဘူး။ အခု ဒီနိုင်ငံကို ရောက်လာတော့ အလုပ်လုပ်ရတဲ့ အလုပ်ချိန်က မနက် ၇ နာရီကနေ ညနေ ၃ နာရီခွဲအထိ ဆိုတော့ မနက်မိုးလင်းပြီ ဆိုတာနဲ့ ကော်ဖီနဲ့ မုန့်ကျွတ်တခုခုကို ပါးစပ်ထဲ အတင်းထိုးသွတ်သွင်းရတာပဲ။ ပြီးရင် မနေ့ညနေကတည်းက ချက်ထားတဲ့ ထမင်းနဲ့ ဟင်းကို ချိုင့်ဆွဲလို့ အလုပ်ကို သွားလေသတည်းပေါ့...။

ဒီကို စရောက်ခါစတုန်းက ကျနော့် စိတ်ထဲမှာ ငါးပိတို့၊ အချိုမှုန့်တို့ စားရပါ့မလားမသိဘူး ဆိုပြီး ခပ်ကြောင်ကြောင် တွေးမိသေးတယ်။ ကျနော့်ကို ဒီနိုင်ငံကို ခေါ်ခဲ့တဲ့ တရားဟောဆရာရဲ့ အိမ်မှာ ရက်အတန်ကြာနေရတုန်းက ဆိုရင် စရောက်ရောက်ခြင်းကလဲဖြစ်၊ သူတို့ အစားအစာက ငန်တာကငန်၊ ချိုတာက ချိုနဲ့ အာရှသားပါးစပ်နဲ့ ဘယ်လိုမှကို အစပ်အဟပ် မတည့်တာ။ နှစ်ရက်လောက်နေတော့ တရားဟောဆရာက ကျနော့်အခြေအနေကို ကြည့်ပြီး စားသောက်ရေး သိပ်ဟန်ပုံမရတာကို သဘောပေါက်တယ်နဲ့ တူတယ်။ ထိုင်းစားသောက်ဆိုင် တခုကို ခေါ်သွားတော့ အားရပါးရ တွယ်တော့တာပဲ။

နောက်တော့မှ သိတယ်...၊ ဒီမှာက သူ့လူမျိုးအလိုက်၊ အစားအစာရောင်းတဲ့ ဆိုင်တွေက တနေရာမဟုတ် တနေရာမှာ ရှိကြတာကိုး။ ကျနော့်ကို အာရှဈေးဆိုင်ကို ခေါ်သွားတော့ အဲဒီမှာ ငါးပိဘူး၊ အချိုမှုန့်၊ ဆန်၊ မျှစ်၊ ကန်ဇွန်းရွက် အဲဒါတွေကို တွေ့ပြီး ပျော်နေတဲ့ ကျနော့်ကို တရားဟောဆရာက ကြွားလိုက်သေးတယ်။ 'This is America' တဲ့...။

***

မြန်မာပြည်မှာတုန်းကတော့ နေခဲ့ရတဲ့ အရပ်ကိုက နယ်မြို့မှာဆိုတော့ မနက်ခင်း ဈေးထဲကို သွားရင် တောနယ်က လာရောင်းတတ်တဲ့ အသီးအနှံ လတ်လတ်ဆတ်ဆတ်တွေ ရနိုင်တာပေါ့။ ပြီးတော့ အဲဒီမှာ ပေါ်ရောင်းတဲ့ အသားဆိုတာက ဒီနေ့ပေါ် ဒီနေ့ အထမ်းနဲ့ရောင်း...၊ အပြတ်ပဲ။ ရေခဲစိမ်ထားတာတာတို့ ဘာတို့ မရှိဘူး။ နှီးကျောတွေနဲ့ သီပြီး `၀က်သားရမယ်၊ အမဲသား ရမယ်´ လို့ အော်ရောင်းကြတာ။ စားချင်တဲ့လူက `ဟဲ့၊ လာဦး၊ ငါ့ကို တပိဿာတွဲ တတွဲပေးစမ်းပါ´ ဆိုပြီး ခေါ်ဝယ်စား...။ ပိုက်ဆံ မလည်သေးလဲ လကုန်ပေးပေါ့။

အခု ဒီမှာကျတော့ အဲဒီလို ဘယ်ဟုတ်တော့မလဲ။ Food Mart တွေမှာ ကိုယ်လိုချင်တဲ့ အသားကို သေသေသပ်သပ်၊ သပ်သပ်ရပ်ရပ်နဲ့ ထုပ်လို့ ပိုးလို့...။ ဒါပေမယ့် အရသာကျတော့ ရွှေပြည်ကြီးက အသား၊ ငါးတွေကို မှီတယ်လို့ကို မထင်ဘူး။ ကျနော့်ရဲ့ ဂွကျကျ အကြိုက်တမျိုးဖြစ်တဲ့ ၀က်သားဆိုရင် အဆီတုံးပါမှ ကြိုက်တဲ့ အကျင့်က ဒီက အဆီမပါတဲ့ ၀က်သားတွေကို တော်တော်နဲ့ လျှာမတွေ့ခဲ့ဘူး။ နောက်တော့လဲ လျှာ နေသားကျသွားတာပါပဲလေ။

သူငယ်ချင်း တယောက်ရဲ့ လမ်းညွှန်ကောင်းမှုနဲ့ တခါမှာတော့ Meet Industry ဆိုတဲ့ အသားပေါ်တဲ့ နေရာတခုကို ရောက်သွားဖူးတယ်။ အဲဒီမှာ သိုး၊ နွား၊ ၀က်၊ ဆိတ်တွေကို အများကြီးမွေးထားတယ်။ ဘဲငန်းတွေလဲ ရှိသေးတယ်။ ကျနော်နေတဲ့ နေရာကနေဆိုရင် တနာရီသာသာလောက် မောင်းရတယ်။ ဟိုး... တောကျကျ ခပ်ခေါင်ခေါင်ထဲမှာ။ အဲဒီမှာ အလုပ်လုပ်နေကြတာက မက္ကဆီကန်တွေ များတယ်။ အဲဒီကိုရောက်တာနဲ့ `အာမီးဂို (သူငယ်ချင်း) ဘာလိုချင်သလဲ´ ဆိုပြီး မေးတော့တာပဲ။ ၀က်လိုချင်သလား၊ ဆိတ်လိုချင်သလား၊ အမဲ ပေါ်ချင်သလား၊ လိုချင်တဲ့ အကောင်ကို လက်ညှိုးထိုးလိုက် ချက်ချင်းဖျက်ပြီး အသားပေါ်ပေးတော့တာပဲ။ သိပ်တော့ ဟန်မကျပါဘူး။ အဲဒီနေ့က သူငယ်ချင်းက ဆိတ်တကောင် ၀ယ်တော့ သူတို့ အသားပေါ်တာကို အစအဆုံးကြည့်မိတာ အခုအချိန်ထိ ကျနော် ဆိတ်သားစားလို့ မရတော့ဘူး။

ပြောမယ့်သာပြောရတယ်...၊ ဒီနိုင်ငံက အစားအစာတွေထဲမှာ အသားညှပ်ပေါင်မုန့်၊ ကင်တပ်ကီ ကြက်ကြော် နဲ့ ဟော့ဒေါ့ကိုတော့ တော်တော်ကြိုက်တယ်။ တလောက ကျနော့်ကို လှေစီးဖို့ ဖိတ်ခဲ့တဲ့ အမေရိကန် မိသားစုက ကျွေးခဲ့တဲ့ အီတာလျံအသားလုံး ဆိုတာလေးကလဲ ခရမ်းချဉ်သီးဆော့ထ်နဲ့ ဘာနဲ့ ဆိုတော့ စားရတာ အရသာရှိသား။ ဒါပေမယ့် ကျနော် အမေရိကန် စားသောက်ဆိုင်ကို အခုအချိန်ထိ တခါမှ သွားမစားဖူးသေးဘူး။ တခြားကြောင့် မဟုတ်ဘူး။ သူတို့ အစားအစာကို ဘယ်ဟာက ကိုယ့်ပါးစပ်နဲ့ တည့်မှန်းမသိ၊ ဘယ်ဟာက မတည့်မှန်း မသိတာကြောင့် မှာမစားတတ်လို့ပါ။ တောကျလိုက်ပုံများ...။

Mall တွေ ဘာတွေ သွားလည်ရင်တော့ တရုတ်စာ ကောင်းကောင်းလေးတွေ တခါတလေ စားရတတ်တယ်။ ဒါပေမယ့် သူတို့လဲ ချိုအီအီ အရသာတွေ ရှိတဲ့အစာက ရှိတာပါပဲ။ ဂျပန်အစာ ဆူရှီးကတော့ လုံးးးးးးးဝ မကြိုက်...။ ဆူရှီလိပ်တဲ့ သူငယ်ချင်းတယောက်က တခါတလေကျရင် သူရောင်းမကုန်တဲ့ ဆူရှီဘူး တဘူးနှစ်ဘူး ယူလာကျွေးတတ်တယ်။ သူ့ရှေ့ကျရင်တော့ `ကျေးဇူးဗျာ´ ဆိုပြီး ယူထားလိုက်ပေမယ့် တခါမှ ဟုတ်ဟုတ်ညားညား မစားဖြစ်ပါဘူး။

***

ဘာပဲပြောပြော ဒီနိုင်ငံမှာကတော့ အစားအသောက်နဲ့ ပတ်သက်ရင် ဘာစားချင်သလဲ၊ တရုတ်စာလား၊ ထိုင်းစာလား၊ အိန္ဒိယစာလား အစုံရှိပေမယ့် ကျနော် တကယ်လွမ်းတာက ရွှေပြည်ကြီးက `ထမင်းဝိုင်းလေး´ ကိုပါပဲ။

ချောင်းထဲက ရတဲ့ ငါးနဲ့ ချက်ထားတဲ့ ဟင်းရည်ကျဲ ငါးဟင်းတခွက်ရယ်၊ ဇရစ်ဟင်းချိုရယ်၊ ငါးပိရည်နဲ့ ဋရင်ကောက် ညွှန့်တို့စရာရယ်ကိုသာ ထမင်းပူပူနဲ့ လွေးလိုက်ရရင်တော့လား...၊ ဒီနိုင်ငံမှာ စားလို့ကောင်းတယ်ဆိုတဲ့ အစားအစာတွေနဲ့ ဘယ်လဲနိုင်လိမ့်မှာတုန်း...။ ဟုတ်တယ်ဟုတ်။


ကလိုစေးထူး


(လင်း Tag ထားသော ဖြစ်သလို ပို့စ်အတွက် ရေးဖွဲ့ပါသည်)

Wednesday, September 17, 2008

ချွန်းစာ

ဒီနေ့ နေ့လည် အလုပ်က ခဏလေးနားချိန်ရခိုက်မှာ အိမ်ကို အပြေးပြန်လာပြီး ကျနော့်ဘလော့ဂ်ကို လာစစ်ဖြစ်တယ်။ အားတက်သရော ရေးထားကြတဲ့ မှတ်ချက်တွေအနက် တချို့သော အချက်တွေကြောင့် လူက အာရုံတော့ နည်းနည်းနောက်သွားတယ်။

အာရုံနောက်တယ်ဆိုတဲ့ အချက်တွေထဲမှာ စိတ်အရှုပ်ရဆုံးကတော့ `ဖြစ်လေရာ လူဖြစ်တဲ့ ဘ၀တိုင်း မြန်မာမဖြစ်ရပါလို၏´ လို့ အစချီတဲ့ `လူသား´ ဆိုတဲ့ တယောက်ရဲ့ comment ကတော့ ပထမဆုံးပဲလို့ ပြောရမယ်ထင်တယ်။ သူ့ဘလော့ဂ်ကို လိုက်ဖတ်ကြည့်တော့ အဲဒီကဗျာကို လတ်တလောပို့စ် အနေနဲ့ တင်ထားတယ်။ ဒါဖြင့် ကျနော့် ပို့စ်အောက်မှာ ဘာလို့ ဒီကဗျာကို လာတင်ရသလဲ၊ ကျနော်အပေါ်မှာ ရေးထားတဲ့ စာတွေကို ဖတ်ရတာ အဲဒီကဗျာနဲ့ ဘာတွေ ဆက်စပ်နေသလဲ၊ ကျနော်တို့ မြန်မာတွေက သူရေးထားသလိုပဲ တော်တော့်တော်တော်ကြီးကို ဆိုးဝါးနေလို့လား ဆိုတဲ့ အတွေးတွေရပြီး လူက တော်တော်လေးကို အာရုံနောက်ရတယ်။

နောက်ထပ် အာရုံနောက်သွားတဲ့ အချက်ကတော့ `မောင်သတိ´ အမည်ခံရဲ့ ရေးသွားတဲ့ အချက်တွေထဲက တခုသော အချက်တခုပါ။ ကျနော်က ကျနော်ဟာ အမြဲမမှန်နိုင်ဘူးလို့ ပြောခဲ့တဲ့ အချက်ကို နင်းပြီး အရင်က ကျနော်ရေးခဲ့တဲ့ အချက်အလက်တွေကရော ဘယ်လောက်များ မှန်နိုင်မလဲ ဆိုတဲ့သဘော ကောက်ချက်ဆွဲသွားပုံကို စိတ်ရှုပ်သွားတယ်။ ကျန်တဲ့ အချက်တွေကတော့ သိပ်ပြီးတော့ ထူးထူးထွေထွေ ပြောစရာမရှိလှပါဘူး။ ချီးမွမ်းခံရတုန်းက ပြုံးပြုံးကြီး ကျေနပ်ခဲ့သလို ဝေဖန်ခံရတော့လဲ လက်ခံရယူရမှာပဲပေါ့။

***

မှတ်ချက်တွေကို လာရေးကြတဲ့အခါမှာ အမည်မဲ့ (သို့မဟုတ်) အမည်ပြောင်းပြီး လာရေးကြသူတွေကို ကျနော့် သဘောထား နှစ်မျိုးရှိပါတယ်။

တမျိုးကတော့ တခုခု အမှားအယွင်းဖြစ်နေပုံရတဲ့ အကို/ညီ/မောင်ငယ် တယောက်ကို တိုက်ရိုက်ကြီး ဗြောင်ကျကျလာပြောရင် မျက်နှာနာစရာတွေ ဖြစ်လာမှာ စိုးလို့ မျက်နှာဖုံးစွပ် တခုကို ခဏတပ်ပြီး လာပြောတယ်လို့ ခံစားရတယ်။ နောက်တမျိုးကတော့ နာမည်အရင်းနဲ့ လာပြောမိလို့ တကယ်လို့များ အမှားပါခဲ့ရင် လက်ရှိ (လူသိများနေတဲ့) ကိုယ့်နာမည်လေးကိုပါ သွားထိခိုက်လေမလား ဆိုတဲ့ အတွေးနဲ့ သိပ်လဲ အားမနာနေရအောင် မျက်နှာဖုံးတွေ စွပ်ပြီး ဆော်ပလော်လာတီးတဲ့ ပုံစံလို့ ခံစားရပါတယ်။ ဘယ်သူ့ကို ကျနော် ဘယ်လို ခံစားသင့်တယ်ဆိုတာကတော့ လာရေးသူ ကာယကံရှင်တွေရဲ့ အတွင်းအဇ္ဈတ္တ စိတ်အခံတွေပေါ် မူတည်မယ် ထင်ပါရဲ့ဗျာ။

***

လွန်ခဲ့တဲ့ ၁၆ နှစ်...၊ ကျနော် ပေါ်တာအထမ်းသမား အဖြစ်နဲ့ စစ်မြေပြင်ကို ပါသွားခဲ့တုန်းကပါ။

အပြန်ခရီးကျတော့ ကျနော် ထမ်းဖို့ တာဝန်ကျတာက လူနာထမ်းတာဝန်...။ ထမ်းရတဲ့ လူနာက ခြေထောက်မှာ ဒဏ်ရာရထားတဲ့ လူနာ။ အဲဒီဒဏ်ရာကို ရထားတာ ဘယ်လောက်ကြာပြီလဲတော့ မသိဘူး။ အပြန်လမ်းခရီး တလျှောက်မှာ ကျနော်ထမ်းရတာက အနောက်ဘက်က ဆိုတော့ လေသင့်တိုင်းမှာ သူ့ခြေထောက်က အနာပုပ်ရဲ့ အနံ့က ရနေတယ်။

အသွားတုန်းက ဆန်အိတ် ပိုးရတာထက်စာရင် အပြန်ခရီးမှာ လူနာထမ်းရတာက အရမ်းပင်ပန်းပါတယ်။ ဒီကြားထဲမှာ ကျနော်တို့ ထမ်းရတဲ့ လူနာထမ်းမှာ တာဝန်ကျတဲ့ ပေါ်တာထဲက နှစ်ယောက်က ထွက်ပြေးလိုက်သေးတယ်။ ဒီတော့ လက်ထဲမှာ ခွထောက်က တဘက်၊ ပုခုံးက လူနာထမ်းက တဘက်နဲ့ အိပဲ့အိပဲ့နဲ့ သွားရတယ်။

ပင်ပန်းတာထက် ပိုဆိုးတာက ကျနော့်ကို စောင့်ကြပ်ရတဲ့ စစ်သားက ကျနော့်ကို တလမ်းလုံး တောက်လျှောက် ကြိမ်းမောင်းဆဲဆိုနေတာပါပဲ။ အဲဒီထက် ပိုဆိုးသေးတာက အထမ်းထဲမှာ လိုက်လာတဲ့ လူနာစစ်သားက သူ့လက်ထဲမှာ လေးဂွတလက်နဲ့ အဲဒါကြီးကို ကျနော့်ဆီ တရွယ်ရွယ်လုပ်ပြီး လမ်းသွားတဲ့အခါ ဘေးက သစ်ပင်သစ်ခက်တွေနဲ့ သူ့ခြေထောက် မတော်တဆ ထိခိုက်မိတဲ့ အခါတိုင်းမှာ ပျစ်ပျစ်နှစ်နှစ်ကို ဆဲဆိုနေတာပါ။

ကျုံဆိမ် ဆိုတဲ့ ရွာတခုကို ရောက်တော့ ချောင်းထဲက အတက်မှာ ကျနော် ချော်လဲကျသွားတယ်။ အစောင့်စစ်သားက ကျနော့်ကို ဆောင့်ကန်တဲ့အပြင် အထဲက လူနာကလဲ သူ့လက်ထဲက လေးဂွနဲ့ လှမ်းပစ်လိုက်သေးတယ်၊ ခဲလုံးက ခပ်သေးသေးပေမယ့် မောနေတာရယ်၊ ဟိုစစ်သားကလဲ ဆောင့်ကန်ထားတဲ့ အရှိန်ရယ်နဲ့ လူကို ထူပူနေတာပေါ့။ ဆဲလိုက်တာလဲ ဘာပြောကောင်းမလဲ...၊ ကျနော့် အမေဆိုတာ သူတို့ရဲ့ ပါးစပ်ဖျားက မယားကို တချိန်လုံး ဖြစ်နေတော့တာပဲ။

အဲဒီအချိန်တုန်းက ကျနော့်စိတ်ထဲမှာ ဘာဖြစ်နေလဲ ဆိုတော့ အဲဒီလူနှစ်ယောက် အခုနေများ တိုက်ပွဲဖြစ်တဲ့အခါ သေနတ်မှန်ပြီး သေသွားရင် တော်တော်ကောင်းမှာပဲ လို့ တွေးမိတယ်။ သူတို့ သေသွားလို့ရှိရင်လဲ ကျနော်က အထမ်းအပိုးဘ၀က မလွတ်လောက်သေးပါဘူး။ နောက်ထပ် အထမ်းအပိုးတခုခုကို နောက်တန်းတပ်ရင်း မရောက်မခြင်း နောက်ထပ် အစောင့်စစ်သားနဲ့အတူတူ ကျနော်က ထမ်းရဦးမှာပါပဲ။ ဒါပေမယ့် ကျနော် အဲဒီတုန်းက တကယ်ကိုပဲ အဲဒီနှစ်ယောက်ကို စိတ်ထဲကနေ တောက်လျှောက် ကျိန်ဆဲလာခဲ့တာတော့လဲ အမှန်ပဲ။

အဲဒီလိုနဲ့ပဲ ဆဲရင်းဆိုရင်းနဲ့ နောက်တန်းတပ်ကို ပြန်ရောက်လာပါလေရော ဆိုပါတော့ဗျာ...။ ခြေလှမ်းတွေ ဒယီးဒယိုင်နဲ့ပဲ အိမ်ကိုပြန်လာ၊ မေမေ့ကို ဖက်ငိုနဲ့ ပြီးတော့ အားရပါးရ အိပ်ပစ်လိုက်တယ်။

နောက်တနေ့ကျတော့ ကျနော့်အိမ်ကို ကျနော့် ဦးလေးအလတ်က သတင်းမေးရောက်လာတယ်။ လမ်းမှာ ဘာတွေကြုံခဲ့ရလဲ၊ တော်တော်ပင်ပန်းခဲ့တာလား ဘာညာပေါ့၊ ကျနော်ပြောတာကို သူက စုတ်တသပ်သပ်နဲ့ နားထောင်လိုက် ဟိုဟိုဒီဒီ မေးလိုက်ပေါ့။ နောက်တော့ စကားစပ်ရင်းနဲ့ ဦးလတ်က ကျနော့်ကို ပြောတယ်။

`ငါ ဒီမနက်လေးတင် ဆေးရုံမှာ သွေးဝင်လှူဖြစ်ခဲ့သေးတယ်၊ ဘီသွေး လိုနေတယ်ဆိုလို့...၊ ခြေထောက်ဖြတ်လိုက်ရတဲ့ ရဲဘော်အတွက် လို့တော့ ဓာတ်ခွဲခန်းတာဝန်ခံက ပြောတာပဲ´

အဲဒီအချိန်မှာ ကျနော့်မျက်စိထဲမှာ ချက်ချင်းသွားမြင်ယောင်တာက ကျနော့်ကို တလမ်းလုံးဆဲဆိုခဲ့တဲ့ ခြေထောက်ဒဏ်ရာနဲ့ ဟိုလူနာ စစ်သားကိုပဲ။ ဒါပေမယ့်...။ `ကောင်းတယ်၊ ငါ့ကို တချိန်လုံး နှိပ်စက်တဲ့လူ ခြေထောက်ဖြတ်ခံထိတာ ၀မ်းသာတယ်´ ဆိုတဲ့ အတွေးမျိုးတော့ မဟုတ်ဘူး။ တလမ်းလုံး ကျနော် အပင်ပန်းခံထမ်းပိုးခဲ့ရတဲ့ ဒီလူနာဟာ နောက်ဆုံးတော့ ခြေထောက် တဘက်မဲ့တဲ့ ဒုက္ခိတအဖြစ်ကို ရောက်ရတာပါပဲလား ဆိုပြီး စိတ်ထဲမှာ တကယ်ပဲ မကောင်းဖြစ်သွားတာ...။

နောက်တော့ ဦးလတ်နဲ့ အတူ ကျနော် ဆေးရုံကို လိုက်သွားဖြစ်ခဲ့တယ်။ ခြေထောက်ဖြတ်လိုက်ရတာ ကျနော့်ကို နှိပ်စက်ခဲ့တဲ့ လူပါပဲ။ သူက ကျနော့်ကို မြင်တော့ စိတ်ဓာတ်အကြီးအကျယ် ကျနေတဲ့ မျက်နှာနဲ့ `ညီလေး၊ ငါ့ခြေထောက်တော့ ဖြတ်လိုက်ရတယ်၊ ငါတော့ ဘ၀ဆုံးပါပြီကွာ´ လို့ ငိုသံပါနဲ့ ပြောလိုက်တဲ့ အချိန်မှာ အဲဒီလူ ကျနော့်ကို နှိပ်စက်ခဲ့တာတွေကို ကျနော် လုံးဝ မေ့သွားတယ်။

ဒီတော့...၊ အဲဒီလူကို `ဒီလူ သေရင်အေးမှာပဲ´ လို့ ဆုတောင်းတုန်းကလဲ ကျနော်ပဲ။ ဒါပေမယ့် ကရုဏာသက်တာဟာလဲ ကျနော်ပဲ။ `သေပါစေ´ လို့ ဆုတောင်းတုန်းက အနေအထားနဲ့ ကရုဏာသက်ရတဲ့ အခြေအနေကတော့ မတူဘူးပေါ့။ လူတယောက်ဟာ ဒီ့ပြင်လူတယောက်ကို `သေစေတော့´ ရယ်လို့ စိတ်ထဲမှာ ဖြစ်တာဟာ မကောင်းဘူးဆိုတာကို အားလုံးက လက်ခံသလို ကျနော်လဲ ဒါကို မငြင်းလိုပါဘူး။ ဒါပေမယ့် အပေါ်မှာ ကျနော်ရေးခဲ့သလို အခြေအနေမျိုးတွေလို အလားတူတွေ ကြုံလာကြတဲ့အခါ ဒီလူတွေ မရှိတော့လဲ လက်ရှိအနေအထားဟာ ပြောင်းသွားမယ်လို့ မယုံကြည်ရသည့်တိုင်အောင် လတ်တလော ကိုယ်ခံစားနေရတဲ့ ဒုက္ခနဲ့ နာကျင်မှုတွေရဲ့ ခံစားမှုထွက်ပေါက်အဖြစ် စိတ်ထဲကနေ ကျိန်ဆဲမိမယ်ဆိုရင် အဲဒီ ကျိန်ဆဲမိသူကို ကျနော်တို့ ဘယ်လို နားလည်ကြမလဲ။


တခါတလေကျတော့ ကျနော်တို့ရဲ့ အသိစိတ်တွေနဲ့ ဆင်ခြင်တုံတရားတွေကို နာကျင်နေတဲ့ ခံစားချက်တွေက ဖုံးလွှမ်းသွားလေ့ရှိတဲ့အခါမျိုးမှာ ကျနော်တို့ မြည်တမ်းလိုက်တာဟာ ပညာရှင် ရှုထောင့်ကနေ ကြည့်ရင်တော့ ရယ်စရာကောင်းနေမှာ အမှန်ပါပဲ...။

သို့သော်...။

***

ကျနော် တွေ့ကြုံဖူးတဲ့ ကိုယ်တွေ့နဲ့ ယှဉ်ပြီး ကိုယ့်ဘက်ကနေချည်း အားရပါးရတွေးပစ်လိုက်တော့ ဟုတ်သလိုလို...။ ဒါပေမယ့် အတွေးတခုက ခေါင်းထဲ ထပ်ဝင်လာပြန်တယ်...။

အခုနေများ တယောက်ယောက်က ကျနော် တန်ဘိုးထား လေးစားရတဲ့ သူတယောက်ယောက်ကို `မြန်မြန် မာလကီးယားပါစေ´ လို့များ ကျနော့် ဘလော့ဂ်မှာ လာဆုတောင်းသွားခဲ့ရင် ... ... ... ... ...။

***

ခံစားချက်ကို ရှေ့တန်းတင်မိတာကို အသိစိတ်နဲ့ကိုယ်ချင်းစာတရား ချွန်းအုပ်လို့ ဟောဒီ ချွန်းစာကို ရေးလိုက်ပါတယ်ဗျာ။ နောက်နောင် ကျနော်ရေးတာတွေမှာ မှားတာရှိလဲ ဝေဖန်ပေးကြပါဦး။


လေးစားခင်မင်စွာ



ကလိုစေးထူး

Tuesday, September 16, 2008

အတွေးစများ…(၈)

ကျနော် ဖတ်ခဲ့ဖူးတဲ့ ပုံပြင်တခုကို အခုတလော ပြန်တွေးနေဖြစ်မိတယ်။

ပုံပြင်ထဲမှာ လူခြောက်ယောက်က သူလျှိုအလုပ်အတွက် ဌာနတခုမှာ အလုပ်သွားလျှောက်ကြသတဲ့...။ အဲဒါ အလုပ်အင်တာဗျူးတဲ့ နေ့လဲရောက်ရော အလုပ်သွားလျှောက်တဲ့ အဆောက်အဦ ပထမထပ်မှာ လူတယောက်က အလုပ်လာလျှောက်တဲ့လူတွေကို အလုံပိတ်ထားတဲ့ စာအိတ် တယောက်တအိတ်စီ ပေးပြီး `စတုတ္ထ အထပ်မှာ မင်းတို့ကို အင်တာဗျူးမယ့်သူ စောင့်နေတယ်၊ သူ့ကိုတွေ့တဲ့အခါ ဒီစာအိတ်ကို အရင်ပေးလိုက်ပါ´ ဆိုပြီး ပြောလိုက်တယ်။ ဒါနဲ့ပဲ အလုပ်လာလျှောက်သူတွေ စာအိတ် တယောက်တအိတ်ကိုယ်စီနဲ့ စတုတ္ထ အထပ်ရှိရာကို သွားကြသတဲ့...။

အဲဒီ အထဲကမှ တယောက်က တခြားသူတွေ မသိအောင် လမ်းမှာ စာအိတ်ကို ခိုးဖောက်ဖတ်သတဲ့။ စာအိတ်ထဲက စာမှာ ရေးထားတာက `မင်းဟာ ငါတို့လိုချင်တဲ့ သူလျှိုအရည်အချင်းနဲ့ ပြည့်စုံတဲ့လူဆိုတာ သေချာပြီ။ ဒုတိယထပ်မှာ အလုပ်လက်ခံဖို့ သတင်းသွားပို့ပေတော့´ ...တဲ့။

စဉ်းစားမိတာက အဲဒီ စာအိတ်ကို ဖောက်ဖတ်လိုက်တဲ့ လူက မှန်သလား မှားသလားဆိုတာကိုပါ။ `မှန်တယ်´ လို့ အဖြေထွက်သလို `မှားတယ်´ လို့လဲ ပြောလို့ရတဲ့ အနေအထားလဲ ရှိနေပြန်တယ်။ သူလျှိုက သူလျှို အလုပ်၊ သူလျှိုအတွေးတွေးမှာမို့ ဒါကို မှန်တယ်လို့ ပြောနိုင်သလို၊ စာအိတ်ကို ခိုးဖောက်သူဟာ မိမိ ပင်မ အလုပ်လုပ်မယ့်သူအပေါ်မှာတောင် သစ္စာမရှိဘူးလို့ သတ်မှတ်လို့ရနိုင်သေးလို့ မှားတယ်လို့လဲ ပြောနိုင်ပြန်တယ်။ ကျနော့်မိတ်ဆွေများကရော ဘယ်အရာက ပိုမှန်တယ်လို့ ထင်မလဲ မသိဘူး။

***

အလုပ်ရှာနေတဲ့ လူတယောက်ကို တခါမှာတော့ အလုပ်အင်တာဗျူးတခုက သူ မထင်ထားတဲ့ မေးခွန်းတခုကို မေးလိုက်သတဲ့...။

`မင်းရဲ့ကားကို ကားပါကင်မှာ ရပ်ပြီးလို့ မင်းက ကားတံခါးကို အလောတကြီး ဆွဲဖွင့်လိုက်တယ် ဆိုပါတော့ကွာ၊ အဲဒီမှာ မင်းရဲ့ ကားတံခါးနဲ့ ဘေးမှာရပ်ထားတဲ့ ကားကိုသွားထိမိလို့ ဟိုဘက်ကကားမှာ စင်းရာခြစ်ရာ ထင်သွားတယ်ပေါ့...၊ အဲဒါဆို မင်းဘာဆက်လုပ်မလဲ´

အမေးခံရသူက သူဟာ ဟိုဘက်ကားပိုင်ရှင်လာတဲ့အထိ စောင့်ပြီးတော့ ကားတံခါးကို သူ့ကြောင့် ခြစ်မိသွားပါတယ်လို့ တောင်းပန်မှာ ဖြစ်ကြောင်း၊ ကုန်ကျစရိတ်ကိုလဲ ဟိုဘက်က ကျေနပ်တဲ့အထိ တန်ရာတန်ကြေးပေးမှာဖြစ်ကြောင်းနဲ့ အကောင်းတွေချည်းပဲ ပြန်ဖြေသတဲ့...။ ဒါပေမယ့် အဲဒီလူကို အလုပ်ရှင်က အလုပ်မခန့်လိုက်ပါဘူး...တဲ့။ အကြောင်းပြချက်ကတော့ `မင်းပြောနေတာတွေက ယုတ္တိသိပ်မရှိလို့ပါ´ တဲ့...။ အဆိုးအကောင်း ဒွန်တွဲနေတဲ့ လောကကြီးမှာ ဒီလောက်တောင် Perfect ဖြစ်လွန်းတဲ့ အဖြေမျိုးဟာ တကယ်ပဲ အပြစ်ကင်းပါ့မလားဆိုတာ သံသယ ရှိသတဲ့...။ စဉ်းစားစရာပဲ။

ဒါဖြင့် လက်တွေ့ အလုပ်သင့်ဆုံး လုပ်ရပ်ဟာ ဘာဖြစ်နိုင်မလဲ။

***

ရွာတရွာမှာ ကျားဆိုးတကောင် ၀င်သောင်းကျန်းလိုက်တာ ရွာသားတွေလဲ သေတဲ့လူသေ၊ ကျွဲတွေနွားတွေ အဆွဲခံရသူ အဆွဲခံရဖြစ်နေပြီဆိုရင် အဲဒီကျားဆိုးကို `ကျန်းမာပါစေ၊ ဘေးရန်ကင်းပါစေ´ လို့ဆုတောင်းတာနဲ့ သူ့ကို သုတ်သင်ပစ်ဖို့ ပြင်ဆင်တာ ဘယ်ဟာက အဖြေမှန် ဖြစ်နိုင်မလဲ။ ကျားကို သတ်ပစ်မယ့် ရွာသားတွေဟာ အတ္တကြီးသူတွေဖြစ်နိုင်မလား။

ရာဇသင်္ကြန် အမတ်ကြီးဟာ သူ့ကို နရသီဟပတေ့မင်းက အမျက်တော်ရှပြီး မဲဇာအရပ်ကို အပို့ခံရတဲ့အခါ လမ်းခရီးမှာ လေပြင်းတိုက်လို့ ပန်းပြားပင်လေးတွေ လေတိုက်ရာယိမ်းနေတာကို ကြည့်ပြီး သူဟာ အဲဒီ ပန်းပြားပင်တွေလို မကျင့်ခဲ့မိဘူး ဆိုပြီး သံဝေဂ ရသတဲ့...။ ဟိုတုန်းကတော့ ဒါကို သမိုင်းဖတ်စာအနေနဲ့ သင်လိုက်ရတာပဲ။

အခုကျတော့ အဲဒီ ရာဇသင်္ကြန်အမတ်ကြီး တွေးသလိုမျိုးချည်းပဲ ဒီခေတ်ထဲမှာ ရှိနေရင် ပြဿနာပဲလို့ တွေးမိတယ်။ မင်းအလိုလိုက်၊ မင်းအကြိုက်ဆောင်ပြီး `မှန်လှပါ´ ချည်းသာ လုပ်နေရမယ်ဆိုရင် နောက်ပြဋ္ဌာန်းမယ့် မြန်မာရာဇ၀င်တွေမှာ ကိုယ့်အကြောင်းကိုယ် အကောင်းချည်းပဲ ရေးသွားမယ့် အုပ်ချုပ်သူ အာဏာပိုင်တွေရဲ့ ဘုန်းတော်ဘွဲ့တွေကိုပဲ နောက်မျိုးဆက်တွေက သင်ရတော့မှာ သေချာတယ်။ ပန်းပြားပင်လို ယိမ်းမယ့် ပညာရှင်တွေကလဲ အဆင်သင့်ကိုး...။

တကယ်တော့ လေတိုက်တိုင်း လဲပြိုမသွားဘဲ ကြံကြံခံနိုင်တဲ့ အပင်တွေလဲ မြောက်များစွာ ရှိနေတာပဲမဟုတ်လား။

***

တနေ့ကကြည့်လိုက်ရတဲ့ American Football ပွဲတခုမှာ၊ အသင်းတသင်းဟာ 4th Quarter ရဲ့ နောက်ဆုံး ၇ မိနစ်ပဲ ကျန်တော့တဲ့အချိန်မှာ ၂၄-၂၅ မှတ်နဲ့ ရှုံးနေရာကနေ ပွဲအပြီးမှာ ၄၈-၂၅ မှတ်နဲ့ အံ့အားသင့်ဖွယ်ရာ အနိုင်ရသွားခဲ့တယ်။ မြန်ဆန်လွန်းတဲ့ အရှုံးအနိုင်ရလဒ်မှာ အဓိကအဖြေကတော့ အားစိုက် ကြိုးစားမှုနဲ့ ညီညွတ်မှုပါပဲ။ ရှုံးတော့မှာပဲကွာ ဆိုပြီး ခွန်အားတွေကို ချပစ်လိုက်ရင် သူတို့ ရှုံးသွားမှာ အသေအချာပဲပေါ့။

အတွေးစတွေကို ဟိုတစုဒီတစု စုလိုက်တာ အတွေးမျှင် တထွေးကြီး ဖြစ်နေပြန်ပြီ ထင်ပါရဲ့။

***


ကလိုစေးထူး

Monday, September 15, 2008

ပြောချင်ရက် လက်တို့

ဒီရက်ပိုင်းမှာ ကျနော် ရေးချင်တဲ့ အကြောင်းအရာတွေ များနေတယ်။ ပြီးတော့ အရှိန်ကောင်းလာတဲ့ AGT အစီအစဉ်တွေကိုလဲ တင်ချင်သေးတယ်။

ဒါပေမယ့် အဲဒါတွေကို တင်လိုက်ရင် ဗွီဒီယို ကလစ်တွေက ဘလော့ဂ်ကို အလွန့်အလွန် လေးနေစေတော့တာပါပဲ။ ဒါကြောင့် ကျန်ရှိနေသေးတဲ့ ပြိုင်ပွဲဝင်တွေရဲ့ ယှဉ်ပြိုင်သွားကြပုံတွေကို လင့်ခ်အဖြစ်နဲ့ပဲ ဒီနေရာမှာ ချိတ်ဆက်ဖော်ပြပါရစေ...။

***

ကျနော် ကိုးတန်းလောက်က ထင်တယ်။ `အော်တိုရေးပေးပါလား´ ဆိုပြီး အတန်းထဲက ကောင်မလေးတယောက်က စာအုပ်ထိုးပေးလာတော့ အူကြောင်ကြောင်နဲ့ ဘာရေးရမှန်း မသိဘူး။ သူများရေးနှင့်ထားတာတွေ လိုက်ဖတ်လိုက်တော့ တချို့ကျတော့လဲ ကဗျာအတိုအစလေးတွေနဲ့ ရေးတဲ့လူကရေး၊ ဝေးသွားတဲ့အခါ သတိရနေပါ...တို့၊ နင်ဟာ ငါ့ရဲ့ အချစ်ဆုံး သူငယ်ချင်းပါ... တို့ ရေးထားလိုက်ကြတာ စုံနေတာပဲ။ ဒါနဲ့ ကျနော်လဲ ဘာရေးရကောင်းမလဲ စဉ်းစားမရဖြစ်တာနဲ့ အဲဒီတုန်းက ဖတ်နေတဲ့ ၀တ္ထုတအုပ်ထဲက စာသားတကြောင်းကို ရေးလိုက်တယ်။ အမှန်ကတော့ ဖတ်ထားတာက မြန်မာဝတ္ထုပါ။ ဒါပေမယ့် ကျနော်က "Everything is for the Best" ဆိုပြီး အင်္ဂလိပ်လို ရေးလိုက်တာ ကောင်မလေးက သဘောခွေ့သွားလေရဲ့...။

`လူတွေဟာ ကိုယ့်အကြောင်းကိုယ် ပြောပြချင်ကြတယ်၊ ခက်တာက နားထောင်ပေးမယ့်လူ မရှိတာ´ တဲ့...။

ဟုတ်မှာပါလေ၊ တချို့ ထင်ရှားတဲ့ ခေါင်းဆောင်ကြီးတွေ၊ စာရေးဆရာကြီးတွေဆိုရင် သူတို့အကြောင်း သိပ်ပြောချင်လွန်းလို့ အထ္တုပတ္ထိ စာအုပ်တွေ ဘာတွေတောင် ရေးကြသေးတာပဲ...။

တခြားကို ဝေးဝေးမကြည့်ပါနဲ့လေ...၊ ကျနော်တို့ ဘလော့ဂ်လောကမှာဆိုရင် Tag game ကို ခေါင်းစဉ်အမျိုးမျိုးနဲ့ Tag လိုက်ကြတာ ပထမဆုံး "10 Weirds about me" ဆိုတဲ့ ခေါင်းစဉ်မှာဆိုရင် ဘလော့ဂါတော်တော်များများ ရေးဖြစ်လိုက်တဲ့ ခေါင်းစဉ်ပေါ့။

အခုလဲ နောက်ထပ်တခုက ဘလော့ဂ်တော်တော်များများမှာ ရေပန်းစားနေပြန်ပါပြီ။ ကိုယ့်အကြောင်းကိုကိုယ် ပြောရတဲ့ ရိုးရိုးရှင်းရှင်း Tag လေးမို့ အားလုံးက ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ရေးကြတာ ကြည်နူးစရာပါ။ ကျနော့်ကိုလဲ ညီမ လင်းလက်ကြယ်စင်က အဲဒီ ရေစီးကြောင်းထဲကို ဆွဲခေါ်ခဲ့လေရဲ့...။

***

ကျနော့်မှာ အဘိုးပေးထားတဲ့ နာမည်တခု အသက်လေးနှစ်လောက်အထိ ရှိခဲ့ဖူးတယ်။ ကျောင်းနေရတော့မယ့် အရွယ်ရောက်ခါနီးကျမှ ဖေဖေက သူ့စိတ်ကြိုက် နာမည်ကို ရွေးချယ်ဖြစ်ခဲ့တော့ အခုအချိန်ထိ အဲဒီနာမည်နဲ့ပါပဲ။ `နဂျယ်ကောင်´ ဆိုတဲ့ နာမည်ကတော့ ကျနော် အလွန်မြတ်နိုးတဲ့ အမည်ပြောင်လေး တခုပေါ့။

အပြင်လောကက မိတ်ဆွေတွေကတော့ ကျနော့် နာမည်အရင်းကိုပဲ ခေါ်ကြပါတယ်။ ဘလော့ဂ်လောကမှာတော့ အတော်များများက ခေါ်ကြတာက `ကိုစေးထူး´...။ ကလောင်နာမည် ကလိုစေးထူးကို `ကိုစေးထူး´ လို့ ခေါ်ကြတာဟာ ပိုပြီးရင်းနှီးနှစ်လိုဖွယ်ရာကောင်းလို့ ကျနော် ပိုနှစ်သက်မိပါတယ်။

ကျနော် အခုတော့ အမေရိကန်နိုင်ငံရဲ့ သိပ်အေးလွန်းတဲ့ ပြည်နယ်တခုမှာ နေပါတယ်။ ဖုန်းဆက်ချင်ရင်တော့ အလုပ်ချိန် မဟုတ်တဲ့ အချိန်တွေပဲ ဆက်ဖို့ အဆင်ပြေမယ်။ တခါတလေကျရင် အပြင်ကို လျှောက်သွားနေတာက ရှိသေးတယ်။ စိတ်အဆိုးဆုံးကတော့ စာတပုဒ်ကို အပီအပြင်ရေးနေတဲ့အချိန်မှာ လာတဲ့ဖုန်းတွေကိုပဲ။ :D

အကြိုက်ဆုံးအရောင်က အပြာရောင်ပါ။ အပြာရောင် ကြိုက်လား မကြိုက်လား ဘလော့ဂ် တခုလုံး ပြာနေတာက သက်သေပဲ။ ဘောလုံးအသင်းကို အားပေးတော့လဲ အပြာရောင် တပ်ဖွဲ့ လို့ အမည်ရတဲ့ ချဲလ်ဆီး အသင်း။ အ၀တ်အစားကတော့ ကျနော့်ဘ၀မှာ ဘာအ၀တ်လေးမှ ၀တ်ချင်ပါတယ်လို့ ရွေးချယ်ခွင့် အခြေအနေ မပေးခဲ့လို့ ဘာအ၀တ်မှ ဘာဒီဇိုင်းမှ ဆိုပြီး ရွေးကြိုက်တာမျိုး သိပ်မရှိလှပါဘူး။ ပေါ့ပေါ့ပါးပါးနဲ့ စပို့ရှပ်လေးတွေကိုတော့ ပိုကြိုက်မိတယ်။ အစားအစာထဲမှာကတော့ အသားမှာဝက်၊ အသီးအရွက်မှာ ချဉ်ပေါင်ကြော်။

ဘာပစ္စည်းကို အကြိုက်ဆုံး ဆိုတာလဲ မရွေးတတ်ပါဘူး။ သီချင်းကတော့ နားထောင်ရတာ အဆင်ပြေတဲ့ သီချင်းမှန်ရင် ကြိုက်တာပါပဲ။ လက်ရှိ မြန်မာဟစ်ဟော့ သီချင်းတွေလဲ စိတ်ထဲတွေ့တဲ့ သီချင်းဆို ကြိုက်တာပဲ။ မြန်မာသံစဉ်ထဲမှာလဲ ကြိုက်တဲ့ သီချင်းတွေ တော်တော်များများ ရှိတာပါပဲ။ ဒါပေမယ့် တွံတေးစိုးအောင်ကိုတော့ မကြိုက်ဘူး။ ဖြိုးကြီး သီချင်းတွေ မကြိုက်ဘူး။

စာရေးဆရာကတော့ ကလောင်စွဲရယ် မရှိပါဘူး။ စာတပုဒ်ဖတ်ပြီးတော့ စိတ်ထဲမှာ တခုခုရလိုက်တာမျိုး ခံစားရတဲ့ စာကို ကြိုက်တာပါပဲ။ ဒါပေမယ့် `မြတ်ခိုင်´ ကိုတော့ မကြိုက်ဘူးဗျာ။ စာအုပ်ထဲမှာတော့ `သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင်´ စာအုပ်ဟာ ကျနော် ဖတ်မိတဲ့ အပြင်စာပေထဲက ပထမဆုံး အမှတ်ရရဖြစ်နေလို့ ကြိုက်ပါတယ်။ `ဓားတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်မည်´ `ဇစ်မြစ်´ `မိုးမခပင်တွေ´ `လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း´ စာအုပ်တွေကတော့ ဖတ်ဖူးသမျှ စာအုပ်တွေအနက်က ဘယ်တော့မှ မမေ့နိုင်အောင် နှစ်သက်မိတဲ့ စာအုပ်တွေပါ။

ဘ၀မှာ သိပ်ပြီး ချမ်းချမ်းသာသာလဲ မဟုတ်၊ စားရမဲ့သောက်ရမဲ့ အခြေအနေလဲ မဟုတ်ဘဲ ကိုယ်လုပ်ချင်တာနဲ့ လက်ရှိ လုပ်နေရတာ တထပ်တည်းကျတာမျိုး နေရတာကို သဘောကျတယ်။ ၀ါသနာပါတာတွေကတော့ ကောင်းတာတွေချည်း ရွေးပြောရရင်တော့ ဂီတာတီးတာရယ်၊ သီချင်းလေး တပုဒ်တလေ ရေးတာရယ်၊ ဟိုရေးဒီခြစ် စာတွေ ရေးနေရတာရယ်၊ စစ်တုရင် ကစားရတာရယ်၊ ဘိလိယက် ကစားရတာရယ်ကို ၀ါသနာပါတယ်။ မကောင်းတာကတော့ တခါတလေကျရင် ငြင်းခုန်ရတာကို ၀ါသနာထုံမိတယ် ထင်တာပဲ။

ကျနော် အချစ်ဆုံးသူကတော့ ကျနော့်ကိုယ် ကျနော်ပါပဲ။ အလေးစားရဆုံးသော လူပုဂ္ဂိုလ်တွေကတော့ ကျနော့် မိဘ၊ ဆရာသမားတွေရယ် ဒေါ်အောင်ဆန်းစုကြည် ရယ်။ အခင်ဆုံး သူငယ်ချင်းကတော့ မြန်မာပြည်မှာ ကျန်ခဲ့တယ်။ ကျနော့်ကို အများဆုံး နားလည်ပေးနိုင်သူကတော့ မေမေပါ။ ကျနော် အမုန်းရဆုံးသောသူတွေကတော့ ဟိုလူကြီးတို့ အုပ်စုပါပဲ။

ရင်အခုန်ဆုံး အချိန်က ဘယ်တုန်းကပါလိမ့်လို့ ပြန်စဉ်းစားတော့ အမှန်အတိုင်း ပြောပြရရင် တော်တော်ရယ်စရာ ကောင်းနေမလားဘဲ။ ပထမဆုံး စကြိုက်မိတဲ့ ကောင်မလေးကို `ငါ့ကို ချစ်ရင် နောက်နေ့ကျရင် ပန်းပန်ပြပါနော်´ လို့ သွားပြောတော့ ကောင်မလေးက `ပန်းဝယ်ဖို့ ငါ့မှာ ပိုက်ဆံမရှိဘူး´ ...တဲ့။ ဒါနဲ့ ကျနော်က `နင်တို့ အိမ်နောက်ဖေးမှာ ကန်ဇွန်းခင်းတွေ ရှိသားပဲ၊ ကန်ဇွန်းပန်းလေး ပန်ပြလေ´ လို့ ပြောလိုက်တာ ကောင်မလေးက `အင်း´ ...တဲ့။ အဲဒီတုန်းက ကောင်မလေးရဲ့ `အင်း´ ဆိုတဲ့ အဖြေစကားကို တော်တော် ရင်ခုန်သံမြန်ဖူးတယ်။

အကြောက်ဆုံးအချိန်ကတော့ ကျနော် ပထမဆုံးအကြိမ် ပေါ်တာအထမ်းသမားအဖြစ် ရှေ့တန်းကို ပါသွားတုန်းကပါပဲ။

ဆုတောင်းတိုင်းသာ ပြည့်ရမယ်ဆိုရင်တော့လား ဟိုလူကြီးတွေ မြန်မြန်မာလကီးယားပြီးတော့ အားလုံးလိုလားတဲ့နေ့ကို မနက်ဖြန်ပဲ ရောက်ပါစေလို့ ဆုတောင်းချင်တယ်။

အချစ်၊ အမုန်း၊ အလွမ်း၊ သံယောဇဉ် ဆိုတာတွေကိုတော့ စာမဖွဲ့ပါရစေနဲ့တော့။ ဘ၀ ဆိုတာကိုတော့ သူငယ်ချင်းတွေ ဆုံတိုင်း ရယ်ဟဟနဲ့ ညည်းဖူးသလို ခပ်ရွတ်ရွတ်သာ ပြောလိုက်ချင်တယ်။ `ဘ၀ ဆိုတာ လဒ (ဠင်းတ) ပါပဲဗျာ´ သူငယ်ချင်းဆိုတာကတော့ `ဆိုးတူကောင်းဖက်´ ဆိုတဲ့ စကားလုံးနဲ့ အကိုက်ညီဆုံးသောသူပေါ့။ ချစ်သူဆိုတာကတော့ ကိုယ်ကချစ်နေပြီး ကိုယ့်ကိုလဲ ပြန်ချစ်နေတဲ့သူ လို့ ထင်တာပဲ။

ကိုယ့်ကိုယ်ကိုတော့ ဘယ်လိုမှ သိပ်မထင်တတ်ဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်ကိုယ်ကို ထင်မှတော့ အကောင်းပဲ ထင်မိမှာ သေချာတယ်။ လက်စွဲဆောင်ပုဒ်အနေနဲ့ကတော့ `ကြိုးစားမှုတိုင်းဟာ အချည်းနှီးမဖြစ်ဘူး´ ဆိုတဲ့ ဖေဖေ့ ဆုံးမစကားပါ။

အပြောချင်ဆုံး စကားတခွန်းကတော့ `မျှော်လင့်ချက်တွေ မောလှပါပြီ၊ အားလုံး အလိုချင်ဆုံးသော နေ့ကို မြန်မြန်ရောက်ပါရစေတော့´...။

***


ကလိုစေးထူး

Sunday, September 14, 2008

ကီးဘုတ် ကမြင်းသူ

ကျနော် ကီးဘုတ် ကမြင်းနေတယ်
ဗီဇကိုက လွတ်လပ်ချင်နေတော့
မလွတ်လပ်မှုတွေကို ကိုယ်စားပြုဖို့
ယုံကြည်ချက်ကို ချခင်းပြဖို့
မျှော်လင့်ချက်ကို အသက်ဆက်ဖို့
ကျနော် ကီးဘုတ် ကမြင်းနေတယ်။

ကျနော် ကီးဘုတ် ကမြင်းနေတယ်
သေချာတာက အတ္တကို ကိုယ်စားပြုမနေဘူး
မာန်မာနကို ရှေ့တန်းတင်မနေဘူး
ကောက်ကျစ်မှုကို အကာအကွယ် ပေးမနေဘူး
ကြမ်းကြုတ်မှုကို အရောင်တင်မနေဘူး
ကျနော် ကီးဘုတ် ကမြင်းနေတယ်။

တခုခုကို အငမ်းမရ မျှော်နေတဲ့ လက်တွေ
အရောင်မှိန်ဖျော့နေတဲ့ မျက်လုံးတွေ
ခြောက်ကပ်ပိန်လှီနေတဲ့ ပျိုမြစ်မှုတွေ
တောင်းရမ်းနေတဲ့ တတိယအရွယ်တွေ
ကျနော် ကီးဘုတ် ကမြင်းနေတယ်။

အိမ်ယာမဲ့သွားတဲ့ အေးချမ်းမှုတွေ
လောင်တိုက် အသွင်းခံလိုက်ရတဲ့ ရပ်တည်မှုတွေ
အော်ဟစ်ညည်းတွားနေတဲ့ မြေဇာပင်တွေ
ဖြိုလှဲခံလိုက်ရတဲ့ အဖြူရောင် ဘ၀တွေ
ကျနော် ကီးဘုတ် ကမြင်းနေတယ်။

တချိန်လုံး အပြစ်ကင်းနေကြတဲ့ သားသတ်သမားတွေ
စပ်ဖြီးဖြီးနဲ့ ပုတ်သင်ညိုတွေ
မာန်ဖီလွန်းတဲ့ သူ့ထက်ကဲတွေ
စောင်းတီးပြန်သင်တဲ့ ကျွဲပါးလက်သစ်တွေ
ကျနော် ကီးဘုတ် ကမြင်းနေတယ်။

ကီးဘုတ် ကမြင်းလိုက်တော့
ခံစားချက်တွေက ကမြင်းကျောထကြတယ်
ကမြင်းကျောထတဲ့ စာတွေက
ကမြင်းရတဲ့ အကြောင်းကို ဖော်ပြကြတယ်
ကမြင်းသူ အချင်းချင်း ဖေးမလိုက်
ကမြင်းသူ အချင်းချင်း ယုံကြည်ချက်တွေ ချိတ်ဆက်လိုက်နဲ့
ကမြင်း ကွန်မြူနတီမှာ ကီးဘုတ် ကမြင်းသံတွေ
ဆူညံပစ်လိုက်တော့
မြင်းခွာပေါက်သံက အရှုံးပေးရလောက်ရဲ့...။

ကျနော်တို့ ကီးဘုတ် ကမြင်းနေတယ်
အတွေးအခေါ် မကမြင်းဘူး
စာနာစိတ်တွေ မကမြင်းဘူး
လူသားဆန်ခြင်းတွေ မကမြင်းဘူး
အသိတရားတွေ မကမြင်းဘူး
ဒါပေမယ့်
ကျနော်တို့ ကီးဘုတ် ကမြင်းနေတယ်။

ဟော...၊ ကြည့်လေ
ပြောရင်းဆိုရင်းနဲ့ကို
အခုတော့... ... ...
တောင်ပို့ထဲက ဖွတ်အကြောင်း
ကီးဘုတ် ကမြင်းနေမိပြန်ပါပေါ့...။


ကလိုစေးထူး

Saturday, September 13, 2008

စိတ်ညစ်နေလား…(၇)

AGT အစီအစဉ်မှာ ဘယ်သူတွေ Top 10 ရောက်သွားတယ်ဆိုတာကို မပြောဘဲနဲ့ အသာလေးငြိမ်နေမလားလို့ဟာ တော်တော်ချစ်ဖို့ကောင်းတဲ့ ဖော်ကောင်တွေက ဖော်ထုတ်လိုက်တာနဲ့ပဲ လူသိကုန်ပြီ။ :P

ကဲ...၊ လူသိကုန်မှတော့ မထူးပါဘူး။ နောက်ထပ် ၁၅ ယောက်ကို ပို့စ် နှစ်ခုထဲနဲ့ပဲ ခပ်မြန်မြန်တင်ပစ်လိုက်တော့တယ်။ :D



အားလုံးရဲ့ အသည်းစွဲ လေးနှစ်သမီးလေး Top 20 အစီအစဉ်ကို တက်ရောက်လာခဲ့တုန်းက ပုံစံလေးကို အမှတ်တရ အဖြစ် တင်ဆက်လိုက်ပါတယ်။ သူ နောက်တဆင့် တက်သွားတော့ လမ်းလျှောက်သွားတာလေးကိုက မြောက်ကြွမြောက်ကြွ ပုံစံလေးနဲ့ ချစ်စရာလေးပါ။




ဒါကတော့ အများရဲ့ အသည်းစွဲ Kaitlyn Maherရဲ့ Top 20 အဆင့် ပြိုင်ပွဲဝင်ဟန်လေးပါ။ သူ့အသက်သူ့အရွယ်နဲ့ ဒီလောက် ဆိုတတ်တာကိုက ပါရမီလို့ ဆိုရမလားပါပဲ။




James Gang လို့ အမည်ရတဲ့ အဖွဲ့ပါ။ သူတို့ရဲ့ ပထမအဆင့် ပြိုင်ပွဲဝင်ဟန်နဲ့ Top 40 အဆင့် ပြိုင်ပွဲဝင်ပုံကိုလဲ ကြည့်နိုင်ပါတယ်။ ကျနော်ကတော့ သိပ်မကြိုက်ပါဘူး။




အခုပြိုင်ပွဲမှာ ပထမဆု ရသွားဖို့ တစ်ပြေးနေသူတွေထဲက တယောက်ဖြစ်တဲ့ Queen Emily ပါ။




Zooperstars အဖွဲ့ရဲ့ ပြိုင်ပွဲဝင်ဟန်ပါ။ သူတို့ အရင်က ယှဉ်ပြိုင်ခဲ့တာတွေကတော့ ပထမအဆင့်က ဒီမှာ ဖြစ်ပြီးတော့ Top 40 အဆင့်ကိုတော့ ဒီမှာ ကြည့်နိုင်ပါတယ်။




Extreme Dance အဖွဲ့ရဲ့ အကနဲ့ ယှဉ်ပြိုင်ဟန်ပါ။ ကျနော်ကတော့ သူတို့ ကသွားတာကို သဘောကျပါတယ်။




ဒိုင်တွေလဲ ကြိုက်၊ တချို့ ပရိသတ်တွေလဲ တော်တော် အားပေးတဲ့ Paul ဆိုတဲ့ သီချင်းတွေကို ကျနော်ကတော့ သိပ်ခံစားလို့ မရလို့ဘဲလားတော့ မသိ...။ မကြိုက်ပါဘူး။




ကျနော် ပထမဆု ရစေချင်တဲ ပြိုင်ပွဲဝင်တွေထဲမှာ အပါအ၀င်ဖြစ်တဲ့ Nuttin but Strings အဖွဲ့ပါ။ သူတို့ရဲ့ ပြိုင်ပွဲဝင်မှုတိုင်းမှာ ဆန်းသစ်မှုတွေနဲ့အတူ ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက် ရတာချည်းပါပဲ။ AGT မှာ ပြိုင်ပွဲဝင်တာ မဟုတ်တဲ့ Nuttin but Strings ရဲ့ အနုပညာတခုကိုလဲ ဒီမှာ တွေ့ပါတယ်။ တယောသံကို နှစ်ခြိုက်သူများ နားဆင်နိုင်ပါတယ်။

နောက်ထပ်ကျန်သေးတဲ့ ရှစ်ယောက်ကိုလဲ Top 10 ပြိုင်ပွဲတွေ မတိုင်မီ ထပ်မံ တင်ဆက်ပေးပါဦးမယ်။


ကလိုစေးထူး

Friday, September 12, 2008

ညု လိုက်ကြစို့ သူငယ်ချင်း

ပြီးခဲ့တဲ့ သုံးလေးရက်ကပေါ့...။

စီဘောက်စ်မှာ `ကဲကဲ´ ဆိုတဲ့ တယောက် လာပြောသွားတာကို စိတ်ဆိုးရမယ့် အစား သဘောကျပြီး ရယ်တောင် ရယ်မိသေးတယ်။ ဘာတဲ့...၊ `ညုတုတုနဲ့ ရေးသလိုပေါ့၊ ဟဟ´ တဲ့...။ အမယ်...၊ ဟဟတောင် ပါလိုက်သေး။ :))

နောက်နေ့ကျတော့ အသစ်ထပ်တင်ထားတဲ့ ပို့စ်ကို ဖတ်ပြီးတော့ သူငယ်ချင်းတယောက် (နာမည်တော့ မဖော်တော့ပါဘူးလေ :P) က `ရေးထားတာ ကောင်းပါတယ်´ ...တဲ့။ အဟုတ်မှတ်ပြီး စိတ်ထဲ ကျေနပ်မလား ရှိသေး...၊ ဆက်ပြောလိုက်တာက ကြည့်ဦး...၊ `ညုတုတုလေးပေါ့...တဲ့´။

ဒါနဲ့ ပြန်စဉ်းစားတယ်။ သူတို့က ငါ့ကို ဘာကြောင့် ညုတယ် ပြောရပါလိမ့်ပေါ့။

သေချာတာကတော့ ဟို `ကဲကဲ´ ဆိုတဲ့ တယောက်က ကျနော့်ကို တော်တော် မေတ္တာတုံးနေတဲ့ လေသံနဲ့ပြောတာ...။ ကျနော်ရေးတဲ့ စာကို ဖတ်ပြီး ချက်နဲ့လက်နဲ့ ပြန်ပြောဖို့လဲ သိပ်စိတ်ရှည်ပုံ မရတာနဲ့ `ဒီကောင်တော့ ဒေါသထွက်ရော့လဟယ်´ ဆိုပြီး အားရပါးရ ချီးမြှင့်သွားတာ။

ဟိုဘော်ဒါကတော့ ဒီလိုဟုတ်ဟန် မတူဘူး။ သူ့ကြည့်ရတာ ဖတ်ပြီးတော့ တော်တော့်တော်တော်ကို လေးစားသွားပုံရတယ်။ (အကွက်ဝင်တုန်း အမှတ်ယူထားမှ :P ) ဒါနဲ့ မနာလို စိတ်အခံလေးကလဲ ရှိဟန်တူပါတယ်လေ။ ကျနော့်ကို ချီးကျူးသလိုလိုနဲ့ နှိပ်ကွပ်သွားတာလေ။ တကယ်ဆို သူလဲ ညုတာပဲဗျ။ :D

ဒီလိုနဲ့ သူတို့ပြောတဲ့ `ညုတယ်´ ဆိုတာကို ကိုယ့်ဘက်ကိုယ်ယက်ပြီး သာသာထိုးထိုးလေး အဓိပ္ပာယ်ဖွင့်လိုက်တော့ စာရေးတာ၊ စကားပြောတာမှာ စိတ်အေးလက်အေးနဲ့ တဘက်သားနားခံသာအောင် စိတ်ရှည်ရှည်ထား ရေးတာပြောတာကို ဆိုလိုချင်တာနဲ့ တူတယ်လို့ တွေးမိတယ်။ ကိုယ့်အတွက်ကိုယ် အဓိပ္ပာယ်ဖွင့်တာဆိုတော့လဲ ဂလောက်တော့ သားသားနားနားလေး ပြောဦးမှ...။

***

တကယ်တော့ ကျနော်က စိတ်သိပ်ရှည်တတ်တဲ့ လူတော့ မဟုတ်ပါဘူး။ ဒေါသကြီးလွယ်၊ စိတ်တိုလွယ်သလောက် စိတ်ပြေလဲ လွယ်တဲ့ လူတမျိုးထဲမှာ ကျနော်ပါတယ်။ ဒေါသလွယ်မိလို့ မှားခဲ့တာတွေလဲ သောင်းခြောက်ထောင်ပဲ။

ကျနော် အွန်လိုင်းပေါ် စတက်တော့ modins ဆိုတဲ့ ချက်ရွမ်းကို ခဏခဏ ရောက်ဖြစ်ခဲ့ဖူးတယ်။ အဲဒီChatမှာက ဘာအကောင့်မှ လုပ်စရာလဲ မလိုဘူး။ ချက်ချင်တဲ့အခါကျရင် နစ်ခ်နိမ်း တခု အလွယ်တကူပေးပြီးတော့ ၀င်ချက်ရုံပဲ။ အဲဒါနဲ့ ချက်ပါလေရော ဆိုပါတော့...။

ခက်တာက တခါတခါကျရင် ဘယ်ကမှန်း မသိတဲ့ နစ်ခ်တွေနဲ့ တချို့လူတွေက ပေါက်ကရလေးဆယ်တွေ ၀င်ပြောပြီး ရန်တွေ လျှောက်စတာပဲ။ ရန်စရင်းနဲ့ ပိုပြီးအားပါလာတော့ ရန်ဖြစ်တာပေါ့။ ကျနော်လား...၊ ဘယ်နေမလဲလေ တချီတမောင်း ဖြစ်လိုက်မဟဲ့ ဆိုတဲ့ အထဲကပဲ။ သူတို့ချည်းပဲ စိတ်ရှိတာမှ မဟုတ်တာ ငါလဲ စိတ်နဲ့ပဲ ဒေါသထွက်တတ်တယ်ကွပေါ့။

ဒါပေမယ့် တရက်ကျတော့ အဲဒီ ချက်ထဲမှာ တချိန်လုံးထိုင်ဆဲနေလို့ လူတွေလဲ တော်တော် စိတ်ညစ်နေရတဲ့ တယောက်ကို ကျနော် ဘာရယ်မဟုတ်ဘူး။ စကားတခွန်းပြောလိုက်မိတယ်။ `ကျနော်တို့က အလုပ်နားတဲ့ အချိန်လေး ချက်ရတာမို့ အဲဒီလို မဆဲဖို့ တောင်းပန်ပါတယ်ဗျာ´...လို့။ (ညုတာ၊ ညုတာ) ဒါနဲ့ ကိုယ်တော်ချောက အဆဲရပ်သွားပါလေရော...။ အမယ်၊ သူ ပြန်ထွက်ခါနီး ကျနော့်ကိုတောင် ပြောသွားလိုက်သေးတယ်။ `အကို့ကို အားနာလို့ နောက်ဆိုရင် အကိုရှိနေတဲ့ အချိန်ဆိုရင် မဆဲတော့ဘူးဗျာ´ တဲ့...။

***

နောက်တော့ ကျနော် မြန်မာချက် မှာ အချိန်တော်တော်ကြာကြာ ချက်ဖြစ်ခဲ့ဖူးတယ်။ အခု ဘလော့ဂ်လောကမှာ လက်စွမ်းပြနေတဲ့ လင်းလက်ကြယ်စင် ဆိုတာ မြန်မာချက်ထဲမှာတုန်းက ကျနော်နဲ့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် မောင်နှမတွေပေါ့။

အဲဒီချက်မှာတုန်းက ကျနော့်ရဲ့ မကောင်းတဲ့ အကျင့်တခု ပြောပြရဦးမယ်။ အဲဒါကတော့ ခဏခဏ ရန်ဖြစ်တာပဲ။ စိတ်အခန့်မသင့်လဲ ရန်ဖြစ်၊ ဘာမဟုတ်တာလေးနဲ့လဲ ရန်ဖြစ်နဲ့ ထီခနဲဆို ရန်ဖြစ်တာ ဘယ်သူလဲ မေးလိုက်ရင် ကျနော်ချည်းပဲဖြစ်နေတာ များတယ်။ :D

အထူးသဖြင့် အဲဒီမှာတုန်းက ကျနော် စနစ်တကျနဲ့ ရန်သွားသွားစပြီး ရန်ဖြစ်တာက စစ်တပ်ဘက်က လူတွေကို များတယ်။ သူ့ဘာသာသူ အေးဆေးချက်နေရင်တောင် စစ်တပ်ကမှန်း သိနေရင် ကျနော်က မထိတထိ သွားရန်စပြီးတော့ကို ရန်ဖြစ်တာ။ ဟိုကလဲ စိတ်နဲ့ပဲ၊ ဘယ်ခံမလဲ၊ အဲဒါနဲ့ ချကြလေသတည်းပေါ့။ အဲဒီတုန်းကတော့ အဲလို စစ်တပ်ကလူတွေကို ရန်စပြီး ကိုယ်ပြောချင်တာ သွားသွားပြောနေရတာကိုပဲ ကျေနပ်နေလိုက်သေးတယ်။


***


ဘလော့ဂ် တခုကို စရေးတော့မယ် ဆိုတော့ ကျနော်ရေးချင်တဲ့ပုံစံ၊ ကျနော်ရေးချင်တဲ့ စာတွေက ရန်ဖြစ်ချင်နေတဲ့ စိတ်ကို အလိုလိုက်လို့ မရတော့ဘူး။ နောက်ပြီး ဘာကြောင့်လဲတော့ မသိဘူး။ ကျနော်က စာရေးရင် စိတ်ကို တော်တော်လေး ဆွဲဆန့်ထားနိုင်တယ်။ နောက်တော့ တဖြည်းဖြည်းနဲ့ ကိုယ်နဲ့အမြင်မတူတဲ့လူတွေကို ကိုယ်ခံယူထားတဲ့ ခံယူချက်ကို သူ့ဘက်ကလဲ နားလည်ပေးနိုင်အောင် ရေးရတာကို ပိုပြီး သဘောတွေ့လာတယ်။ ဘယ်လိုမှကို ရှင်းပြလို့ မရတဲ့ လူတမျိုးကျတော့လဲ လစ်လျူရှုထားရတာပေါ့။

ကျနော် စဉ်းစားကြည့်မိတယ်။ ကျနော်တို့ စကားတခွန်းကို ပြောမယ်ဆိုပါစို့။ အဲဒီ စကားက အမှန်တော့ စေတနာစကားပါပဲ။ ဒါပေမယ့် လေသံမတူတဲ့ ပုံစံနှစ်မျိုးပေါ့။ ကျနော် ဥပမာ ပြောကြည့်ပါမယ်။

`ဘာတွေ လျှောက်လုပ်နေတာလဲကွ၊ သောက်သုံးကို မကျဘူး၊ မင်း ဒီတိုင်းသာ ဆက်သွားနေရင် ခွေးလောက်တောင် ပြောင်ရောင်မှာ မဟုတ်ဘူး´

အဲဒီ စကားက တကယ်လဲ စေတနာပါနိုင်တယ်။ ဒါပေမယ့် အပြောခံရသူကို နားဝင်စေဖို့ကတော့ ကျနော်ထင်တယ်၊ ၃၀% လောက်ပဲ ရှိနိုင်မယ်။ ဒါတောင် သူ့ကို ပြောနေတဲ့လူရဲ့ စိတ်ရင်းအမှန်ကို အပြောခံရသူက နားလည်နှင့်ပြီး ဖြစ်နေဦးမှ...။

`ဒီလိုတော့ မဖြစ်သင့်ဘူး ထင်တယ်ဗျာ၊ ကျနော်က ခင်ဗျား ဒုက္ခဖြစ်မှာကိုတော မမြင်ချင်ဘူးလေ။ ခင်ဗျားလဲ လူညံ့တယောက် မဟုတ်ပါဘူး´

ဆိုလိုရင်းသည် ဒီအဓိပ္ပာယ်ပါပဲ။ ဒါပေမယ့် ထိရောက်မှုခြင်းကျတော့ အပေါ်က စကားထက် ငါးဆလောက် ပိုပြီး ထိထိရောက်ရောက်နဲ့ တဘက်သားကို နားဝင်စေလိမ့်မှာပါ။

`အပြောချိုပေမယ့် မနောမချိုရင်တော့ အလကားပေါ့´ လို့ လူတွေပြောလေ့ရှိပါတယ်။ အဲဒါအတွက်ကတော့ ရှင်းရှင်းလေးပါပဲ။ မူရင်းပင်ကို စိတ်ဓာတ်က တကယ်ပဲ ယုတ်ညံ့နေရင် အပြောချိုပြနေလဲ ခဏပါပဲ။ ဒါပေမယ့် မူရင်းပင်ကိုယ်စိတ်က ကောင်းပါလျက်နဲ့ အပြောအဆို ရုန့်ရင်းကြမ်းတမ်းတာကြောင့် တကယ့်စေတနာက ဝေဒနာတွေ ဖြစ်သွားတာတွေဟာ အများကြီးပါ။

***

ဘာပဲဖြစ်ဖြစ်ပါ...။

အခုအချိန်မှာတော့ ကိုယ်ပြောချင်တဲ့ အချက်ကို သေသေချာချာ စိတ်ရှည်လက်ရှည်နဲ့ တဘက်သားနားဝင်လာအောင် ပြောရတာကို အရင်တုန်းက ရန်ခဏခဏ ဖြစ်ခဲ့ရတဲ့ အရသာထက် ကျနော်ပိုကြိုက်တယ်။ တကယ်ဆိုရင် `နှုတ်ချို သျှိုတပါး´ ဆိုတဲ့ ဆောင်ပုဒ်တောင် ရှိသေးတာပဲ။

ကိုယ်ဖြစ်စေချင်တဲ့အရာကို တဘက်သားနားလည်အောင် စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြလို့ ဟိုဘက်က နားလည်လက်ခံသွားတဲ့အခါ အဲဒီအရသာကို ပြန်ခံစားကြည့်လိုက်ပါ။ ဘာနဲ့မှ မတူတဲ့ ပီတိတမျိုးကို ခံစားရမှာ အသေအချာပါပဲ။

အဲဒီလို အခါမျိုးကျရင် `ညုတုတုနဲ့´ လို့ တယောက်ယောက်က ကျီစယ်လာရင် ပိုလို့တောင် သဘောကျမိနေဦးမှာ...။ ဒီတော့...။

ပြေလည်ရာ ပြေလည်ကြောင်း အကျိုးအသင့် အကြောင်းသင့် ရှင်းပြတာကို ညုတယ်လို့ သတ်မှတ်ရင်တော့လား...။

လာလေ...၊ပျော်ပျော်ကြီး ညု ကြတာပေါ့။



ကလိုစေးထူး