Thursday, September 04, 2008

မိုးရွာတဲ့နေ့

ဒီနေ့တော့ မနက်မိုးလင်းကတည်းက ရွာလိုက်တဲ့ မိုးက တနေကုန်တနေခန်း...။ ရွာနေတာက သည်းကြီးမည်းကြီးလဲ မဟုတ်။ ဖွဲဖွဲလေးရွာလိုက်၊ တချက်တချက်မှာ မိုးစက်မိုးပေါက်တွေ ခပ်စိပ်စပ်လေး ကျလာလိုက်၊ လေပြင်းပြင်း တချက်တလေက သိမ့်ကနဲ သယ်သွားလိုက်နဲ့ တစိမ့်စိမ့်ရွာနေတဲ့မိုး...။

တကယ်တော့ လက်ရှိကျနော်နေတဲ့ အရပ်မှာက မိုးရာသီရယ်လို့ သတ်သတ်မှတ်မှတ် ရှိလှတာမဟုတ်...။ ဟိုးဘက် အပူပိုင်းဇုံပြည်နယ်တွေမှာ မုန်တိုင်းတိုက်တဲ့အခါမျိုးကျမှသာ ဒီမှာ အဖျားခတ်မိုးရွာတာမျိုးနဲ့ ဆောင်းတွင်းဘက်တွေမှာ တခါတလေ ရွာလေ့ရှိတဲ့ နှင်းမိုးတွေကိုလောက်သာ မိုး ရယ်လို့ ကြုံရတာမျိုး။

ဒါပေမယ့် ဒီနေ့ရွာတဲ့ မိုးကတော့ ရွှေပြည်ကြီးမှာ ရွာတဲ့မိုးတွေနဲ့ အတော်လေး ဆွေမျိုးနီးစပ်တော်တယ်လို့ ပြောရမယ့် မိုး...။ တနည်းအားဖြင့် လွမ်းလို့ကောင်းမယ့် မိုး...။

အိမ်အမိုးအောက်ကနေ ထွက်လိုက်တာနဲ့ မိုးစက်တွေရဲ့ ထိခတ်မှုက `မင်း၊ မြန်မာပြည်ကို မလွမ်းဘူးလားကွ´ လို့ ပြောနေသယောင်ယောင် ခံစားရသည်။ ကြည့်လေ...၊ မြက်ခင်းစိုအိအိတွေကို နင်းလိုက်ရင် ရေစက်ရေပေါက်တွေက အအေးမပိုလွန်းလှစွာဖြင့်ပင် ခြေအစုံကို ရွှဲရွှဲစိုစေတာကိုက အရသာတမျိုး...။ သိပ်မသည်းလွန်းလှတဲ့ မိုးက ထီးမပါဘဲ မိုးရေထဲ လျှောက်သွားချင်စရာ ကောင်းလိုက်မယ့် အမျိုး...။

ဒါပေမယ့် မဖြစ်...။ မိုးကို ခံစားနေရုံနဲ့ ၀င်ငွေမရနိုင်လေတော့ အလုပ်ကို အသော့နှင်ရသည်။ လမ်းမပေါ်မှာလဲ သူလိုကိုယ်လို အလုပ်သွားသူတွေရဲ့ ကားတွေက မိုးရေထဲမှာ တဖျောဖျော တသောသော...။ `၀မ်းစာရေးက တယ်ခက်ပါလား´ ဆိုတဲ့ အညည်းတွေးက ခေါင်းထဲ တချက်ရောက်လာသေးပေမယ့် ရွှေပြည်ကြီးက သည်းနေတဲ့ မိုးရေတောထဲမှာ ခါးဖြောင့်အောင် မမတ်အားဘဲ ကုန်းရုန်း စပါးစိုက်နေကြမယ့် ပုံရိပ်တွေကို မြင်ယောင်မိပြန်တော့ `ငါရုန်းကန်တယ်ဆိုတာက ဘာဟုတ်သေးလို့လဲလေ´ လို့ ပြန်တွေးရသည်။

မိုးရေထဲမှာ ရွှံ့တွေ ပေလူးနေအောင် ပျော်ပါးခဲ့ရတဲ့ အချိန်တွေ၊ ကဏန်းလုံးတွေ လိုက်နှိုက်ပြီး အိမ်အတွက် ဟင်းတခွက်ကို ဖြေရှင်းခဲ့တဲ့ အချိန်တွေ၊ ခမောက်ကြီးတကားကားနဲ့ မိုးရေထဲမှာ ကျောင်းသွားခဲ့ရတဲ့ အချိန်တွေ...။ လွမ်း... လွမ်း...၊ လွမ်း...။

`ပွမ်)))))))))))))))))´

မီးစိမ်းနေတာ ဘယ်လောက်ကြာပြီလဲ မသိ...၊ နောက်ကားက စိတ်မရှည်ဟန်နဲ့ ဟွန်းသံ အရှည်ကြီးဖြင့် သြဘာပေးလိုက်မှပင် စိတ်နဲ့ကိုယ်နဲ့ ပြန်ကပ်သွားသည်။ သြော်...၊ လွမ်းရတာ အရသာမရှိလိုက်ပုံများ...။


အလုပ်ထဲရောက်တော့ တွေ့လိုက်ရသမျှ လူတွေက အပြင်မှာရွာနေတဲ့ မိုးက သူတို့နဲ့မဆိုင်သလို စက်ရုပ်တွေအလား တုံဏှိဘာဝေ...။ အတူတူအလုပ်တွဲလုပ်တဲ့ တယောက်ကို `အပြင်မှာ မိုးတော်တော်ရွာတယ်နော်´ လို့ ပြောမိတာ 'Ya, I know' ဟု တုံးတိတိပြန်ဖြေပြီး သူ့အလုပ်သူ ဆက်လုပ်နေ၏။

မိုးရွာသွန်းစို ၀န်းကျင်ခိုတွင်
လွမ်းအင်စိတ်သွင် ညစ်တွင်တွင်ဖြင့်
ရွှေပြည်ကိုမှန်း ရော်ရမ်းနွမ်း၏။

ဝဿာန်မိုးသိုက် ထိုဖြိုးဖြိုက်တွင်
ရုန်းကန်အားအင် များပူပင်နှင့်
လယ်တောတခွင် စိမ်းပြင်ပြင်လည်း
မိုးနှင့် ချွေးစက် နှောရော့မည်။

မိုးသံအုန်းအုန်း ဆူညံဝုန်းလဲ
ဝမ်းစာတွက်ချက် ဟင်းတခွက်ဖြင့်
ရငြားထင်မြင် စိတ်သွင်ပြင်ဖြင့်
ရွှံ့လူးပေကာ ဖားငါးရှာ၏။

အလုပ်လုပ်နေရင်းဖြင့် ခေါင်းထဲပေါ်လာသမျှ ကို လက်ရေးခပ်သော့သော့ဖြင့် အမြန်ချရေးလိုက်...၊ အပြင်မှာရွာနေတဲ့ မိုးကို ခံစားတွေးတောလိုက်နှင့် အချိန်တွေက ကုန်မှန်းမသိ ကုန်လာသည်။

အိမ်ကို ပြန်ရောက်တော့ ညနေ လေးနာရီ...။ မိုးတွေက ရွာလို့ကောင်းနေတုန်း...။ အလုပ်ထဲက ရေးလာတဲ့ ကဗျာကို ပြန်ဖတ်ကြည့်မိပြန်သည်။ သိပ်တော့ အဆင်မပြေ...။ ခက်တာက ဒီထက်လဲ ပိုမရေးတတ်တော့...။ ဒါ အစွမ်းကုန်ပင်...။ ဒါပေမယ့် ပေါက်ကရလေးဆယ် ရေးရမယ်ဆိုရင်တော့ ထိပ်ဆုံးက ဖြစ်မယ့် ညဉ်က မပျောက်တတ်သေးလေတော့လဲ ဘာတွေမှန်းမသိ လျှောက်ရေးမိပြန်သည်။

မိုးကရွာချ ဒီခဏမှာ
စေးထူးယောင်တောင်
ငူငေါင်ကောင်သည်
ဟိုဒီရေးဟန်
သွင်သဏ္ဍာန်ဖြင့်
အတွေးေ၀၀ါး
အူကြောင်ကြား၏။

အလုပ်မတွင် သူ့ပုံသွင်ကြောင့်
ထိပ်ပြောင်သူဌေး လူဖြူဖွေးကား
ကွက်ကြည့်ကာသာ ခေါင်းကိုခါ၏။

အိမ်ကိုရောက်လဲ
ထိုငနဲကား
ပျင်းရိခြောက်ပါး စိတ်ထွေပြားဖြင့်
တောင်အီမျှော်တွေး ငူငိုင်ငေး၏။


***


သေချာသည်ကတော့...။

ဒီနေ့ရေးတဲ့ စာလောက် ကပေါက်တိကပေါက်ချာ နိုင်မည့်စာတော့ မရှိမှာ အမှန်...။



ကလိုစေးထူး


12 comments:

Anonymous said...

“မိုးကရွာချ ဒီခဏမှာ
စေးထူးယောင်တောင်
ငူငေါင်ကောင်သည် ” မဟုတ်ပါဘူး အစ်ကိုစေးထူးကလည်း မိုးရွာရင်တော့ အိမ်နဲ့  ဝေးသူတိုင်း လွမ်းတက်ကြပါတယ် ။ ကျနော်ဆို မိုးတွင်းဘက်ရောက်မှာတောင်ကြောက်တယ် မိုးရွာရင် အိမ်ကိုလွမ်းလို့  ခုချိန်ထိလည်း မိုးရာသီတိုင်းလွမ်းတဲ့စိတ်က အရင်တိုင်းပဲ ရွှေပြည်ကြီးကို လွမ်းနေတာလား အစ်ကိုရ ပြန်နဲ့ အုံး ဆန်းဈေးတွေတက်နေတယ် :)

တန်ခူး said...

ကိုစေးထူးရေ… ဒီမှာလဲ မိုးတွေရွာနေတာ တစိမ့်စိမ့်ပဲ… ကိုစေးထူးကဗျာလေးက ရုံးမှာရေးတဲ့ အပေါ်ပိုဒ်လေးတွေလဲကောင်း… တည်တည်ငြိမ်ငြိမ်နဲ့ … တိုက်ပုံလေး ၀တ်ထားသလို… အိမ်ပြန်ရောက်မှ ရေးတာလေးကလဲ ဟာသလေးစွက်လို့  ပြုံးမိသွားအောင် ရေးတတ်တာမို့  ကောင်း… သူကတော့ ဘောင်းဘီရှည်လေးဝတ်ထားသလို… နှစ်ခုတွဲလိုက်တော့ တိုက်ပုံနဲ့ ဘောင်းဘီတွဲဝတ်သလိုမျိုး ဖြစ်သွားတာ တခုပဲ… ဘာပဲဖြစ်ဖြစ် ရေးတတ်တော့ ဖတ်လို့ ကောင်းနေတာပဲလေ….

စူး said...

မကြာမကြာလာဖတ်ပါ၏။
ဘာရေးရေးကောင်းပါ၏။
ကော်မန့်ပေးရမှာပျင်း၍ ပြန်တတ်ပါ၏
အခုတော့ ရေးချင်၍ ဝင်ရေးသွားပါကြောင်း
အကြီုက်ဆုံးဘလော့ဂါထဲမှာ တခုအပါအဝင်ဖြစ်ပါကြောင်း
ပြန်ပီ

ကိုပေါ said...

ရှိသေးပါ၏။ ကျနော်လည်း ပျင်းပျင်းနဲ့ အဆိုတော် မအေးမိရဲ့ ယောဆရာ သီချင်းကို စာသားသွင်းကြည့်တာ ဒီလိုထွက်လာတယ်။

“တေးသီစိတ်ကူး သာပျံ့ပြူးတဲ့
စာလောကနယ်……..
ဘလော့ဂ်ပြည်…ဘလော့ဂ်ရွာ….
ဘလော့ဂ်ပညာတွေကို ကုန်စင်အောင် သင်ခဲ့သလားဆိုတော့
သြော်…အဲသည်ဘက်ကတော့ ဖြစ်ဖြစ်မြောက်မြောက် မစွမ်းဆောင်နိုင်ပါတယ်…

တကယ်….ဘလော့ဂ်စုံညီလည်း အမြဲဖတ်ကာလည်…
နံမည်နဲ့တော့လိုက်အောင် မောင်ကြံရွယ်
ပေါတိပေါချာ တွေ့ကရာပါတတ်တယ်……။

မောက်စ်တလုံးနဲ့ ဘလော့ဂ်စဉ်လည်
ချစ်သူမောင်ရယ်
ချေးထူလှတဲ့ ဘလော့ဂ်ဆရာလို့ပင် ထင်ကြပေမယ်
သိက္ခာရှိအောင် စိတ်ဝယ်မှန်းကာ နေစမ်းပါကွယ်…..။

အုတ်အရောရောနဲ့ ကျောက်အရောရောနဲ့
မောင်ဒီလိုနေတာကို ပျိုအေးမိအံ့သြပါတယ်
ရောရိရောရာ ဘလော့ဂ်ဆရာကြီးရယ်။”

ဟီးဟီး……ဒါကြောင့်သမိန်ပေါသွပ်ကပြောတာ။

သူတည်းတယောက်၊ ဟားဘို့ရောက်မူ၊ သူတယောက်မှာ၊ ပေါက်လင့်ကာသာ၊ ဓမ္မတာတည်း…တဲ့။

Anonymous said...

ဒီကဗျာကို ခုလို ဆက်ရေးပါရစေ ... အမှားပါရင်တော့ ခွင့်လွှတ်ကြပါလို့ ကြိုတင် တောင်းပန်ပါ၏။

မျှော်တွေး ငေးငိုင်
ယိုင်တိုင်တိုင်ဖြင့်
ဖရစ်ခ်ျကိုဖွင့်ကာ
ဘီယာကိုထုတ်
တကျိုက်စုပ်မြို
ကလိုစေးထူး
ယစ်ထွေမူးရင်း
စဉ်းစားခန်းဝင်
ပို့စ်တင်ဖို့အရေး
ဟိုဒီတွေးကာ
ကွန်ပျူတာဖွင့်
လက်မောင်းပင့်လျက်
ဘယ်ညာလက်များ
မနေနားဘဲ
တအားရိုက်ထုတ်
ကဗျာစုတ် ...
တပုဒ်ထွက်လာသည် ... ။

ထိုသည့်ကဗျာ
နှစ်မပါလည်း
သူငါအများ
နှစ်ထောင်းအားရ
ချီးကျူးလှ ...
ကွန်မန့်ပေးကြသည်။

ကွန်မန့်မြင်သော်
ရွှင်ပျော်ကြည်နူး
ငါ.. စေးထူးကွ
သိပ်တော်လှ ...
မာနတက်လာသည်။

အို ... စေးထူးငယ်
မာန်စွယ်ကိုလျှော့
ဘလော့ရေးကာ
မသာယာလင့်
ဒါနှင့်ဘ၀ ...
ရပ်တည်မရဘူး
ဘ၀ရှေ့ရေး
မြှော်တွေးရှေးရှု
ကောင်းမှုကိုပွား
စွမ်းအားရှိသမျှ
ဘ၀အတွက်တာ
ကြိုးစားပါလော့ ...

ခရီးကြမ်းလမ်း
သင်လျှောက်လှမ်းခိုက်
သင့်စာကြိုက်သူ
သူငါအများ
သင့်အနားမှာ
ရှိနေမှာလား ...

များစွာဒုတ်ခ
တွေ့ကြုံရမူ
ဘယ်သူလက်တွဲ
ရင်ဆိုင်နွှဲမလဲ ...
ဘယ်သူသင့်ကို
ဖေးမ ကူမလဲ ...
ရဲရဲစဉ်းစား
သင်ကြိုးစားလျက်
မြင့်သထက် မြင့်အောင်
ကြံကာဆောင်လော့
အမောင်စေးထူး
နာဘိဦး။ ... ။

MELODYMAUNG said...

များစွာဒုတ်ခ
တွေ့ကြုံရမူ
ဘယ်သူလက်တွဲ
ရင်ဆိုင်နွှဲမလဲ ...တဲ့
အဟက်ဟက် ကိုကြီးစေးထူး ဘာမှပူနဲ့ အနော်တို့ချိဒယ် :)

ပျင်းရိခြောက်ပါး စိတ်ထွေပြားဖြင့်
တောင်အီမျှော်တွေး ငူငိုင်ငေးရင်း
လက်မှာကိုင်ထား ၀ီစကီတစ်ပြားလား အဟတ်ဟတ် (စတာဗျ)

Moe Cho Thinn said...

အော်.. မိုးရွာတာလဲ ကဗျာဖြစ်တာပါလား။
ဒုတိယကဗျာလေးကို ပိုကြိုက်တယ်။ သရုပ်ပိုပေါ်တယ်။ တို့ကတော့ ကဗျာကို ဥာဏ်မမီပေါင်။
ဆက်ရေးပါ..အမြဲအားပေးတယ်။

mgngal said...

ဒီလူကြီး ကတော့ ရေးတိုင်းကို ထွက်နေတော့တာပဲ ။
ဟီးဟီး ကောင်းတယ်ဗျ ။ အားပေးနေပါတယ် ။:)

Anonymous said...

စာအရေးအသားနဲ့ ကဗျာကို တော်တော်သဘောကြတယ်ဗျာ...

မိုးသံသဲ့သဲ့က စွေနေတဲ့မိုး....
ဝေနေတဲ့စိတ်က မရေရာတဲ့အမျိုး...
အနေကြာတဲ့အရပ်က အမေ မလာတဲ့အဝေးမို့…
ဝေဒနာအပြည့်နဲ့ လွမ်းမိပါရဲ့...

ကိုကလိုစေးထူးကို အားကျလို့.... :)

Anonymous said...

ကိုဂျာရေ ခုလောလောဆယ် အပြင်မှာမိုးရွာနေတယ်ဗျာ.. ဒီပိုစ်ကို ဒီအချိန်မှာ ဖတ်လိုက်တာ ငယ်ငယ်တုန်းက ကမြင်းခဲ့တာတွေကို အရမ်း လွမ်းတယ်ဗျာ....

ဒါပေမယ့် စလုံးမှာ မိုးရွာတိုင်းတာ လွမ်းရမယ်ဆိုလည်း မလွယ်ဘူးဗျ... ;D

ကဗျာကတော့ တကယ့် မော်ဒန်ပဲ မိုက်တယ်ဗျာ..

နောက်ရေးမယ့်post လေးတွေကို စောင့်မျှော်ရင်း
အားပေးလျှက်ပါ ;D

ပုံရိပ် / Pon Yate said...

ဟာ တယ်ဟုတ်ပါလား ကိုစေးထူး။ ကဗျာတွေကောင်းတယ်။ ပုံရိပ်လည်း မိုးရွာရင် လွမ်းတာပဲ။

Anonymous said...

lwan yin thay lite