Monday, September 29, 2008

ငုပ်စိတ်ကလေးတွေ

ဒီနေ့ ညနေတုန်းကပေါ့...။

အိမ်မှာ စားစရာနည်းနည်း ပြတ်နေတော့ အနီးအနားမှာ ရှိတဲ့ ဈေးဆိုင်တခုမှာ ဈေးအနည်းအကျဉ်း ၀ယ်ဖြစ်တယ်။ ဈေးဝယ်ပြီးလို့ ဆိုင်ထဲက အထွက်မှာ လမ်းတဘက်ကို လူကူးမျဉ်းကျားကနေ အေးအေးဆေးဆေး ကူးနေတုန်း ကားတစီးက အနားကနေ ၀ှီးခနဲနေအောင် ဖြတ်မောင်းသွားတယ်။ ဘယ်လိုပါလိမ့်ဟ ဆိုပြီး အဲဒီကားကို လှမ်းကြည့်တော့ ကားပေါ်ကနေ လက်ခလယ်ပါ ထောင်ပြသွားသေးတယ်။

တကယ်ဆို ဒီနိုင်ငံမှာ ကားနဲ့လူ ဆိုရင် ကားကသာ လူကိုဦးစားပေးရတာပါ။ ပြီးတော့ ကျနော် လမ်းကူးနေတာကလဲ လူကူးမျဉ်းကျားလို နေရာကနေ ဆိုတော့ ဘာပဲဖြစ်ဖြစ် ကျနော့်ကို မြင်တာနဲ့တင်ကို ကားက အရှိန်လျှော့ မောင်းသင့်ပါလျက်နဲ့ အခုတော့ သူတို့နိုင်ငံရဲ့ ရိုင်းပျတဲ့ အသုံးအနှုန်းပါ ပြပြီး မောင်းသွားတယ်။

အဲဒီကား ဖြတ်မောင်းသွားပြီးမှ ပတ်ဝန်းကျင်ကို သတိထားမိတော့ အဲဒီအချိန် အခိုက်အတန့်၊ အဲဒီနေရာမှာ လူပြတ်နေတယ်။

***

လွန်ခဲ့တဲ့ တလကျော်လောက်ကပေါ့...။

အိမ်နားမှာ နေတဲ့ ကရင်အကိုကြီးက သူ့စက်ဘီးတွေ အိမ်အပြင်မှာ ရပ်ရပ်ထားတာ သော့ခတ်ဖို့ မေ့လိုက်တိုင်း အခိုးခံနေရတာ သုံးစီးတောင် ရှိနေလို့ အဲဒီ ညကတော့ တမင်ကို သော့မခတ်ဘဲနဲ့ စက်ဘီးခိုးသူကို စောင့်ဖမ်းပါသတဲ့...။ ညဥ့်နက်ပိုင်း ၁၂ နာရီလောက်လဲ ရောက်ရော ရပ်ထားတဲ့ စက်ဘီးကို တယောက်ယောက်က လာယူတာကို လူရိပ်တွေ့တာနဲ့ ချက်ချင်းမီးဖွင့်ပြီး ပြေးထွက်ဖမ်းတာ မျက်နှာဖြူ အမေရိကန် လူမျိုး တယောက် ဖြစ်နေရောတဲ့...။ အဲဒီ ကရင်အကိုကြီးက အင်္ဂလိပ်လို လယ်လယ်ဝယ်ဝယ် မပြောတတ်ရှာလေတော့ ဟို စက်ဘီးသူခိုးကတောင် လေသံမာမာနဲ့ ပြန်ပြောနေသေးသတဲ့...။ အဲဒါနဲ့ သူ့စပွန်ဆာကို ဖုန်းဆက်ခေါ်၊ သူ့စပွန်ဆာက ရောက်လာပြီး ရဲကိုဖုန်းဆက်တိုင်မှ ဟိုလူ့ကို ရဲက ဖမ်းသွားပါလေရော။

***

ကျနော် ဆယ်တန်းလောက်တုန်းက ကျနော်တို့ အတန်းထဲက သူငယ်ချင်း တချို့ရဲ့ ထူးခြားတဲ့ စရိုက်တခုကို အတန်းပိုင် ဆရာက သတိထားမိသွားတယ်။ အဲဒါက ဘာလဲဆိုတော့ တချို့က အင်္ဂလိပ်စကား ပြောတတ်တဲ့လူ၊ ပြောနိုင်တဲ့လူကိုဆို `လူတော်´ လို့ ထင်လိုက်တာကိုပါ။ ဆရာက ရိုးရိုးလေးနဲ့ပဲ ဘာပြောလဲ ဆိုတော့...

`အင်္ဂလိပ်စကားကို ကောင်းကောင်း ပြောနိုင်တိုင်းသာ လူတော်ဖြစ်ရမယ် ဆိုရင် အင်္ဂလန် နိုင်ငံသားတွေဟာ တယောက်မကျန် လူတော်ကြီးတွေ ဖြစ်နေမှာပေါ့၊ ကဲကွာ...၊ အင်္ဂလန်နိုင်ငံမှာရော အင်္ဂလိပ်လူမျိုး သူခိုးဂျပိုးတွေ မရှိဘဲနေမလား´ ...တဲ့။

***

ကျနော် အင်ဒီယားနားပြည်နယ်ကို တခေါက် အလည်ရောက်သွားတော့ အဲဒီက သူငယ်ချင်း တယောက်နဲ့ လမ်းလျှောက်ထွက်ရင်းနဲ့ တနေရာအရောက်မှာ ဘာတွေ့လဲဆိုတော့ တယောက်ယောက်က လမ်းမပေါ်မှာ ရေသန့်ဘူးခွံထဲကို ကွမ်းတံတွေးထွေးပြီး ပစ်ချထားတာ ကားက အဲဒီ ဘူးကို တက်ကြိတ်ပြီး လမ်းမပေါ်မှာ ကွမ်းတံတွေးတွေ ရဲနေတာကို တွေ့တယ်။ သူငယ်ချင်းက...

`ဒါ...၊ မြန်မာ တယောက်ယောက် လက်ချက်ပဲ နေမယ်၊ မြန်မာတွေ စည်းကမ်းကို မရှိပါဘူးကွာ´ ...တဲ့။

ဒါပေမယ့် အဲဒီ သူငယ်ချင်းက လမ်းမှာနောက်ထပ်တွေ့တဲ့ အမေရိကန် မျက်နှာဖြူတယောက် အရက်ကမူးလို့ ယိုင်ထိုးထိုးနဲ့ လက်ထဲက စီးကရက် အစီခံကိုလဲ လမ်းဘေးကို စည်းမရှိကမ်းမရှိ လွှင့်ပစ်လိုက်တာကို တွေ့တဲ့ အခါကျတော့ ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။ အမှတ်တမဲ့မို့ သတိမထားမိတာလဲ ဖြစ်တန်ပါရဲ့...။

***

တကယ်တော့ ဒီနိုင်ငံကို ရောက်တဲ့အခါမှာ ဒီနိုင်ငံက လူမျိုးတွေရဲ့ နေပုံထိုင်ပုံ၊ ပြောဆိုပုံ၊ စည်းကမ်းတကျ ရှိပုံတွေထဲက အတုယူစရာတွေ အများကြီး တွေ့ခဲ့ရတာတော့ မှန်ပါတယ်။ ဒါပေမယ့် သူတို့အထဲမှာရော စုန်းပြူးတွေ ရှိမနေဘူးလား ဆိုတော့ အများကြီး ရှိနေဆဲပါလို့ ပြောရမှာပါပဲ။ အများတကာ တန်းစီနေတဲ့ နေရာမှာ ဖြတ်ခနဲ ၀င်လာလို့ မောင်းထုတ်ခံရသူတွေ၊ ခန္ဓာကိုယ် သန်သန်မာမာ ရှိနေပါလျက်နဲ့ 'A quarter please!' ဆိုပြီး မရှက်မကြောက် တောင်းရမ်းနေတဲ့ သူတွေ၊ အလုပ်လုပ်ရမှာစိုးလို့ ကြံဖန် အချောင်ခိုပြီး Food Stamp ကို ထိုင်စားနေတဲ့ သူတွေမှ အများကြီးပါ။

ဒါပေမယ့် ခက်တာက ကျနော်တို့ လူမျိုးတွေထဲက တချို့တချို့က ကိုယ့်လူမျိုးကိုတော့ အချိန်မရွေး အထင်သေးဖို့ အဆင်သင့် ဖြစ်နေတတ်ပြီးတော့ အဖြူတွေကို ဆိုရင် `သူတို့ ပြောတာအမှန်၊ သူတို့က ဒီနိုင်ငံသားဆိုတော့ ပိုသိတယ်´ ဆိုတဲ့ အမြင်ကြီး စွဲနေတတ်တာပါ။ စည်းကမ်းမရှိတဲ့လူဟာ အဖြူမကလို့ အမည်းပဲ ဖြစ်ဖြစ်၊ စပန်းနစ်ရှ်ပဲ ဖြစ်ဖြစ်၊ အာရပ်ပဲ ဖြစ်ဖြစ် သူ့အကျင့်နဲ့သူ့စရိုက်အတိုင်း ရှိနေတတ်ပေမယ့် ကိုယ့်လူမျိုးကျမှပဲ ရွေးပြီး စည်းကမ်း မရှိသယောင်ယောင် နှိမ့်ချ ပြောတတ်ကြပါတယ်။

`မြန်မာတွေ စည်းကမ်းကို မရှိကြဘူး´ ...တဲ့။

ဘယ်လူမျိုးကရော လုံးဝဥဿုံ စည်းကမ်းရှိနေကြပါသလဲ။ လူတကိုယ် စရိုက်တမျိုးစီ ဖြစ်နေတဲ့ လောကကြီးမှာ ဘယ်လူမျိုးပဲ ဖြစ်ဖြစ် ကောင်းတဲ့လူနဲ့ ဆိုးတဲ့လူ နှစ်မျိုးစလုံး ရှိတတ်တဲ့ သဘောကို နားလည်သင့်ပါလျက်နဲ့ ကိုယ့်လူမျိုးကိုကိုယ် နှိမ်နှိမ်ချိုးချိုး ပြောတတ်တဲ့ သူတွေရဲ့ စိတ်ကို နားမလည်နိုင်တာတော့ အမှန်ပါ။ တကယ်ဆို ဖြစ်သင့်တာက မောင်ဖြူ မကောင်း မောင်ဖြူ၊ မောင်မဲ မကောင်း မောင်မဲ မဟုတ်ပါလား။

တကယ်ဆိုရင် ကျနော်တို့ မြန်မာလူမျိုးလောက် အားနာတတ်ပြီး စိတ်ရင်းဖြူတဲ့လူမျိုး ကမ္ဘာမှာ ရှားတယ်လို့ ပြောရင် လွန်မလား။ အခြေအနေတွေ၊ မွန်းကျပ်ရမှုတွေ၊ ထွက်ပေါက်မဲ့နေရတာတွေကြောင့်သာ တဖြည်းဖြည်းနဲ့... ... ... ...၊ အင်း ... ပြောရင်းနဲ့ နောက်ဆုံးတော့ ဟိုဘူတာကိုပဲ သွားဆိုက်မိတော့မယ် ...။



ကလိုစေးထူး


8 comments:

Anonymous said...

ဘူတာကြီး ဘူတာကြီးကြောင့်ပေါ့ ..............
ဒီမှာဆိုလည်း နည်းနည်းလေးဖြစ်တာနဲ့  “ဖမာ့ နိ စိုင်မိတ်ဒီ ” တဲ့ ဒီစကားသူတို့ အလွတ်များကျက်ထားသလားမသိ ခံပြင်းရုံကလွဲလို့  ဘာမှမတက်နိုင်တဲ့ဘ၀ပေါ့ဗျာ...။

Burma way said...

ခင်ဗျားရဲ့ ရေးသားမှုက ကျွှန်တော့်တို့ ခံစားနေရတာ တွေ ဘဲ။ သိပ်ပြီးခံစားရတယ်။ တခုဝင်ဆွေးနွေးပါရစေ၊ မလှစုန်းမျိုး၊ မရှိခိုးနိုး ဆိုတဲ့စကား ကြောင့်ကျွှန်တော် တို့ ရဲ့ တိုင်းပြည်ရဲ့ ပြဿနာဟာ ကျွှန်တော်တို့လူမျိုးတွေ

ညီလင်းသစ် said...

အင်္ဂလိပ်လူမျိုးက အင်္ဂလိပ်စကားပြောတာ သူ့မိခင်ဘာသာစကားမို့ ဘာမှထူးပြီး တော်မနေပေမယ့် မြန်မာလူမျိုးက အင်္ဂလိပ်စကား ပြောနိုင်တာဆိုရင်တော့ (အဲဒီနိုင်ငံမှာလည်း မနေခဲ့ဘဲ သူ့ဟာသူ ကြိုးစား သင်ယူ ထားတာဆိုရင်) သူ့ရဲ့ကြိုးစားမှုကို တော်တယ်ဆိုတဲ့ စကားလေးနဲ့ အသိအမှတ်ပြုကောင်း ပါရဲ့ဗျာ၊ အရမ်းကာရော အထင်တွေမကြီးဘဲနဲ့ ပေါ့လေ၊

သူများဆီမှာ နေရတဲ့ကိုယ့်လူမျိုးတွေ လူပုံအလယ်မှာ အထင်အမြင်သေး ခံရမှာစိုးလို့ ဆန်ရင်းနာနာဖွပ်တဲ့ စိတ်နဲ့ အပြုသဘောဆောင် ဝေဖန်မှုတွေကိုတော့ နားလည်ပေးနိုင်ပါရဲ့ ကိုကလိုစေးထူးရေ၊ ဒီလိုမှမဟုတ်ဘဲ မြန်မာဆိုတဲ့ နာမည်ကြားတာနဲ့ တန်းပြီးအထင်သေး ပစ်လိုက်မယ်ဆိုရင်တော့ အဲဒီလူဟာ မျက်စိနှစ်လုံးရှိပေ မယ့် နှစ်ဖက်မျှပြီး မမြင်တတ်ဘူးလို့ပဲ ဆိုကြပါစို့ဗျာ။

Anonymous said...

how abt ur "Ngote Sate"?
i can see ur hidden mind.
most of ur article are attack somebody or step somebody.
is it ur written technique?
if u wanna be famous, don't do like that.
be honest!

Moe Cho Thinn said...

အမကတော့ လူမျိုးနဲ့မဆိုင်၊ တဦးချင်းစီရဲ့ စိတ်နေစိတ်ထား၊ အမူအကျင့်နဲ့ပဲ ဆိုင်တယ်လို့ ကိုစေးထူးမြင်သလို မြင်တာပါပဲ။
ဗမာတွေအများစု ယဉ်ကျေး ရိုးသားတယ်ဆိုပေမဲ့ ကမ္ဘာပေါ်မှာ အရိုင်းစိုင်းဆုံး သံဃာသတ်တဲ့လူလဲ ရှိနေတာပါပဲ။
နောက်ဆုံးတော့လဲ ဟိုဘူတာပဲ ဆိုက်တာပါပဲလို့ ပြောမလို့လား။ ဟုတ်ပ၊ ဆိုက်စရာ နေရာလွတ်တောင် မကျန်တော့ပါလား။ လျှံနေပြီ။

တန်ခူး said...

ကိုစေးထူးရေ… အဖြူ(အနောက်တိုင်းသား) တွေကို ဘာမှန်းမသိခင်ထဲက စွတ်အထင်ကြီးလိုက်တာတွေကို ကျွန်မလဲ နားမလည်ဘူး… ဒီမှာဆို တချို့ အဖြူနဲ့ စကားပြောရင် မျက်နှာလေးချိုမြပြီးလေသံတမျိုး… ကိုယ့်အာရှအချင်းချင်းပြောရင်လေသံက တမျိုး… ကျွန်မအရင်က အရာရှိဆို လူတယောက်အရည်အချင်းကို အင်္ဂလိပ်စကားပြောနဲ့  အကဲခတ်တာ… အလုပ်လုပ်နိုင်ပြီး စကားပြောမကျွမ်းကျင်ရင် သူကမကြိုက်ဘူး… ဒါကြောင့် သူအင်တာဗျူးပြီး ခန့် လိုက်တဲ့သူဆို အပြောသမား အလုပ်ချိန်ကျတော့ ခိုးအိပ်နေတတ်တဲ့သူနဲ့  ကိုယ်လုပ်ရမယ့်အလုပ်မလုပ်ပဲ အထက်ဖော်လံဖားတာနဲ့ ပဲ အချိန်ကုန်နေတဲ့လူနဲ့ … ကြာရှည်ကို မခံဘူး… အင်္ဂလိပ်စာက ကမ္ဘာသုံးစကားမို့  တတ်ထားသင့်တာ မှန်ပေမယ့် လူတယောက်ရဲ့ အရည်အချင်းက အဲဒီတခုထဲပေါ်တော့ မူမတည်ပါဘူး… ဒီလိုဆိုလို့  မြန်မာတွေ ဘာသာစကားဘက်ပေါ့ သွားမှာလဲ စိုးရိမ်မိတယ်.. ကိုစေးထူးရဲ့ သူငယ်ချင်းလို အဖြစ်မျိုးမဖြစ်ရအောင် မြန်မာတွေ အင်္ဂလိပ်စာတော့ လေ့လာတတ်မြောက်စေချင်ပါတယ်…

ပုံရိပ် / Pon Yate said...

ကိုစေးထူးရေ ပုံရိပ်ရှေ့မှာ ဘယ်လူမျိုးဖြစ်လို့ ဘယ်လိုလို့ အစချီပြီး ကဲ့ရဲ့လာရင် အသည်းတွေ ယားလာတော့တာပဲ။

Unknown said...

မောင်ဖြူမကောင်း မောင်ဖြူ... မောင်နီမကောင်း မောင်နီ...။ မှန်တယ်အစ်ကို :) ။ ဒါပေမယ့် ဒီလိုစိတ်ကို လူတိုင်းကိုယ်စီ ရှိဖို့တော့ အချိန်ယူရမယ်ထင်တယ်...။