Tuesday, September 30, 2008

စာသင်ကျောင်းကို ရောက်ခဲ့တယ်

ချိန်းထားတာကို အချိန်မီရောက်လာအောင် ကမန်းကတန်း လာရတာမို့ လူက နည်းနည်းတော့ ဘိုသီဘတ်သီနိုင်နေတယ်။ ရာသီဥတု မှုံပျပျအောက်မှာတော့ မူလတန်းကျောင်းငယ်လေး တခုက တည်ငြိမ်ခန့်ညားတဲ့ ဟန်အပြည့်...။




ဂိတ်ပေါက်ဝမှာ ရပ်နေတဲ့ လုံခြုံရေး အစောင့်ကို လှမ်းနှုတ်ဆက်ပြီး ကျောင်းထဲကို ၀င်ဖြစ်တော့ အချိန်က ညနေ လေးနာရီထိုးဖို့ မိနစ်အနည်းငယ်သာ လိုတော့တယ်။ တော်ပါသေးရဲ့၊ နောက်မကျသေးလို့...။


***

ဒီနေ့ ညနေ ကျနော် အဲဒီကျောင်းကလေးကို ရောက်သွားဖြစ်ရတဲ့ အကြောင်းကတော့ ဒီလိုပါ။

ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက Joe ဆိုတဲ့ အမျိုးသမီးကြီး တယောက် ကျနော့်အိမ်ကို ရောက်လာတယ်။ Joe က မြန်မာလူမျိုးတွေကို အထူးချစ်ခင်ပြီး သူ့ရဲ့ ပင်စင်အချိန်ကာလ တလျှောက်လုံးမှာ ဒီပြည်နယ်ကို ရောက်ရှိ အခြေချလာကြတဲ့ မြန်မာလူမျိုးတွေကို သူလက်လှမ်းမီသလောက် တောက်လျှောက် အကူအညီတွေ ပေးနေတဲ့ အမျိုးသမီးကြီးပါ။ မြန်မာလူမျိုးတွေ အတွက်နဲ့ သူ ဘယ်လောက် အလုပ်များများ သူခပ်ပြုံးပြုံးနဲ့ ပြောလေ့ ရှိတဲ့ စကားတခွန်းကတော့ "I love Burmese people" ...တဲ့။

အဲဒီနေ့က Joe ကျနော့် အိမ်ကို ရောက်လာပြီး ပြောပြတာက ကျနော်တို့ နေထိုင်ရာ မြို့ကလေးက မူလတန်းနဲ့ အလယ်တန်းကျောင်းတွေမှာ ပညာသင်နေကြတဲ့ မြန်မာကလေးငယ် (ကရင်လူမျိုး)တွေ အယောက် ၂၀ ၀န်းကျင်လောက် ရှိနေတဲ့ အကြောင်း၊ အဲဒီ ကလေးငယ်လေးတွေနဲ့ ကျောင်းက ဆရာ၊ ဆရာမတွေအကြားမှာ ချိတ်ဆက် နားလည်မှု တခု လိုအပ်နေတဲ့ အကြောင်း၊ ဒါကြောင့် ဒီကလေးတွေ ဘယ်လိုဘယ်ပုံ ဒီနိုင်ငံကို ရောက်လာကြတယ်၊ ဒီကလေးတွေ အရင်နေခဲ့ရတဲ့ နေရာတွေက အခြေအနေတွေက ဘယ်လိုရှိတယ်ဆိုတာကို ဆရာ၊ ဆရာမတွေက စိတ်ဝင်စားကြကြောင်း၊ ဒီကလေးတွေရဲ့ စိတ်အခြေအနေနဲ့ ဘ၀ဖြတ်သန်းခဲ့ရမှုတွေကို ပိုသိတဲ့အခါမှ စာသင်ကြားရေးနဲ့တကွ သူတို့လေးတွေကို ဒီနိုင်ငံရဲ့ ပညာရေးစနစ်ထဲမှာ ပျော်ပျော်ပါးပါး ပါဝင်သင်ယူစေနိုင်မှာ ဖြစ်တဲ့အကြောင်း ဒါကြောင့် ဆရာ၊ဆရာမတွေ သိချင်တဲ့ မေးခွန်းတချို့ အချက်အလက်တချို့ကို ကူညီရှင်းပြပေးစေလိုကြောင်း လာပြောတာပါ။ ကျနော်နဲ့အတူ Luthern Social Services (LSS) က မြန်မာဝန်ထမ်းကိုပါ ဖိတ်ထားတဲ့ အကြောင်း ရှင်းပြပါတယ်။

LSS ဆိုတာက တတိယနိုင်ငံရောက် မြန်မာမိသားစုတွေကို ပြန်လည်နေရာချထားပေးရေး ကူညီဆောင်ရွက်နေတဲ့ အေဂျင်စီ တခုပါ။

Joe လာပြောသွားတဲ့ ကိစ္စဟာ ကျနော့်အတွက်တော့ မရည်ရွယ်ဘဲနဲ့ ကုသိုလ်တထောကြီး ရမယ့်ကိစ္စလို့ စိတ်ထဲမှာ ခံစားမိတယ်။ ကိုယ့်ရဲ့ တူ၊ တူမအရွယ် ကိုယ့်နိုင်ငံသား ကလေးငယ်တွေ ဒီနိုင်ငံကို ရောက်လာတဲ့အချိန်မှာ ပညာသင်ကြားရေးအတွက် အထောက်အပံ့တခုခု ဖြစ်စေဖို့ ကျနော်က အားဖြည့်ခွင့် အခွင့်အလမ်း ပိစိကွေးလေးပဲ ဖြစ်ဖြစ် ရလိုက်တာလို့လဲ စိတ်ထဲမှာ ဖြစ်မိတော့ အားတက်သရောနဲ့ပဲ အဲဒီ ကိစ္စကို သဘောတူဖြစ်ခဲ့ပါတယ်။

***



Karen Meeting ဆိုတဲ့ လမ်းညွှန် ဆိုင်းဘုတ်ကလေးတွေနဲ့ ညွှန်ထားတဲ့အတိုင်း Joe နဲ့ ကျနော် ကျောင်းခန်းထဲကို ၀င်သွားကြလို့ အတန်ငယ် လျှောက်လိုက်ပြီးတာနဲ့ ဆွေးနွေးပွဲ ပြုလုပ်ကြမယ့် ခန်းမငယ်လေးထဲကို ရောက်ပါတယ်။ ခန်းမလေးထဲမှာတော့ ဆရာ၊ဆရာမ အယောက် ၂၀ ခန့် ရောက်နှင့်လို့ နေပါပြီ။

ဆွေးနွေးပွဲ စီစဉ်သူ ဖြစ်ဟန်တူတဲ့ ကျောင်းဆရာမ တယောက်က ကျနော်တို့ကို ကြိုဆို မိတ်ဆက်နေချိန်မှာပဲ LSS က ၀န်ထမ်းလဲ ရောက်တာမို့ ဆွေးနွေးပွဲလေးကို စဖြစ်ခဲ့ကြပါတယ်။

***

`သူတို့ အဲဒီ ဒုက္ခသည်စခန်းတွေထဲကို ဘာကြောင့် ရောက်သွားကြတာလဲ´
`အစိုးရ စစ်တပ်တွေရဲ့ စစ်ဆင်ရေးတွေကြောင့်ပါ´
`ကရင်လူမျိုးတွေကိုပဲ အစိုးရတပ်က စစ်ဆင်ရေး လုပ်နေတာလား´

အဲဒီမှာတော့ နည်းနည်း လေကြောရှည်ရပါတယ်။ တကယ်တော့ လက်ရှိ မြန်မာအာဏာပိုင်တွေဟာ ကရင်လူမျိုးတင်မှ မဟုတ်၊ သူတို့ကို ဆန့်ကျင်သူ မှန်ရင် ဗမာလူမျိုးကိုလဲ နှိပ်စက်တဲ့အကြောင်း၊ အဓိကက သူတို့ကို ဆန့်ကျင်ရင် ချေမှုန်းခံရတာပဲ ဖြစ်ကြောင်း ရှင်းပြရတယ်။ KNU အကြောင်းကိုလဲ အနည်းအကျဉ်းပြောပြဖို့ လိုအပ်လို့ ထည့်ပြောရပြန်တယ်။

`သူတို့ ဒုက္ခသည် စခန်းထဲမှာ ဘယ်လိုနေခဲ့ရတာလဲ´
`တကယ်တော့ ထိုင်း-မြန်မာ နယ်စပ်က ဒုက္ခသည်စခန်းတွေဟာ သီးခြားကမ္ဘာတခုလို ဖြစ်နေခဲ့တာပါ၊ အဲဒီထဲက လူတွေဟာ အပြင်မှာ တရားဝင် အလုပ်ထွက်လုပ်လို့ မရဘူး၊ အပြင်က ကမ္ဘာကြီးမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို သူတို့ သိခွင့်ရနေတာ မဟုတ်ဘူး´

အဲဒီမေးခွန်းကိုတော့ LSSက မြန်မာဝန်ထမ်းကပါ အားဖြည့် ကူညီရှင်းပြပေးခဲ့ပါတယ်။

`ကျမအတန်းထဲက ကလေးလေးတယောက်က တရက်မှာ ကျမကို ငွေစက္ကူတခု ပြတယ်၊ အဲဒီထဲက ပုံကို လက်ညှိုးထိုးပြပြီး `အဲဒါ ငါတို့ဘုရင်´ လို့ပြောတယ်၊ တခြားကလေးတွေကလဲ သူတို့ဟာ ထိုင်းက လာကြတာလို့ပဲ ပြောကြတယ်၊ သူတို့က တကယ်တော့ မြန်မာနိုင်ငံကလာတယ်ဆိုတာ သူတို့ မသိကြဘူးနော်´

ဆရာမတယောက်ရဲ့ အဲဒီ မေးမြန်းဆွေးနွေးမှုကို ကြားပြီးချိန်မှာတော့ ကျနော်ရော LSSက ၀န်ထမ်းပါ ခဏတော့ ငိုင်ကျသွားခဲ့ပါတယ်။ နောက်တော့မှ...

`အခု ဒီမြို့က မူလတန်းနဲ့ အလယ်တန်းကျောင်းတွေမှာ ကျောင်းတက်နေကြတဲ့ ကလေးလေးတွေ အများစုကို ဒုက္ခသည်စခန်းတွေထဲမှာပဲ မွေးခဲ့ကြတာ ဖြစ်လို့ တချို့သော ကလေးတွေဟာ သူတို့ရဲ့ မွေးရပ်မြေကို ထိုင်းနိုင်ငံလို့ပဲ ထင်နေကြပုံပေါ်တာပါ။ တချို့ အသက်နည်းနည်း ကြီးတဲ့ ကလေးတွေကတော့ သူတို့ လာခဲ့တဲ့ မူလမွေးရပ်မြေဟာ မြန်မာနိုင်ငံ ဆိုတာ သိကြပါတယ်။ ငယ်သေးတဲ့ ကလေးတချို့ကတော့ သူတို့ကို မွေးတာကိုက ထိုင်းနိုင်ငံထဲမှာမို့လို့ အဲဒီလို ထင်တာ ဖြစ်နိုင်ပါတယ်။ မိဘတွေအနေနဲ့လဲ သူတို့ရဲ့ ခါးသီးတဲ့ နောက်ခံဖြစ်ရပ်တွေကို မရှင်းပြချင်တာဖြစ်ကောင်း ... ... ... ...´

ဆက်မရှင်းပြဖြစ်ဘဲ ရပ်သွားတဲ့ ကျနော့်ကို ဆရာ၊ဆရာမတွေက နားလည်ဟန် ခေါင်းတွေ ခပ်လေးလေးငြိမ့်ပြီး ငြိမ်သက်သွားတယ်။

`ကျနော်က ဂီတနည်းပြ ဆရာပါ။ အခုရောက်လာတဲ့ ကလေးတွေက ဂီတနဲ့ ပတ်သက်ရင် တော်တော်လေး စိတ်အားထက်သန်ကြတယ်၊ ကရင်လူမျိုးတွေက ဂီတကို တော်တော် နှစ်သက်ကြတာလား´

အဲဒီမေးခွန်းကတော့ ဖြေရသမျှထဲမှာ စိတ်အချမ်းသာဆုံး မေးခွန်းထင်တယ်။ မြန်မာနိုင်ငံက တိုင်းရင်းသားတွေထဲမှာ ကရင်လူမျိုးတွေရဲ့ ဒုံးယိမ်းအကဟာ အတီးရောအကပါ မြိုင်မြိုင်ဆိုင်ဆိုင် အရှိလှဆုံး အကဖြစ်ကြောင်း၊ ကရင်လူမျိုးတွေဟာ ပင်ကိုစိတ်ရင်း ဖြူစင်ပြီး ဘုရားဓမ္မတေးတွေကို သီဆိုရာမှာ အထူးစိတ်အား ထက်သန်ကြကြောင်း၊ ကရင်ကလေးငယ် အများစုဟာ အသက်ငယ်ရွယ်စဉ်ကပင် ချာ့ခ်ျကျောင်းတွေမှာ ဓမ္မတေးတွေ သီဆိုရင်းမှတဆင့် အဆိုအတီးထူးချွန်နေကြသူတွေ များစွာရှိကြောင်း၊ လက်ရှိ မြန်မာနိုင်ငံမှာ နာမည်ကြီး ထင်ရှားတဲ့ ကရင်လူမျိုး အဆိုတော်တွေနဲ့ ဂီတပညာရှင်တွေ အများကြီး ရှိကြောင်း ပြန်ဖြေဖြစ်ခဲ့တယ်။

နောက်တော့ ဒီနိုင်ငံကို ရောက်လာကြပြီး နောက်ပိုင်းမှာ ကလေးငယ်တွေရဲ့ မိဘတွေနဲ့ ကလေးတွေရဲ့ အခက်အခဲ အခြေအနေတွေကိုတော့ LSSက ၀န်ထမ်းက ရှင်းပြခဲ့ပါတယ်။

နောက်တော့ ဆရာ၊ဆရာမတွေ အချင်းချင်း သူ့ကလေး ကိုယ့်ကလေး အကြောင်းတွေ ပြောဆိုဆွေးနွေးလိုက်၊ အိမ်စာတွေကို မှန်မှန်လုပ်လာကြဖို့ မိဘတွေရဲ့ အကူအညီပါ လိုတဲ့အကြောင်းတွေ ဆွေးနွေးလိုက်၊ အဲဒီလို ဆွေးနွေးရင်းနဲ့ သူတို့ သိလိုတာကို ကျနော့်ကို မေးလိုက်နဲ့ ဆွေးနွေးပွဲက တော်တော်လေး အရှိန်ရသွားခဲ့ပါတယ်။

နောက်ဆုံး မေးခွန်းတခုအနေနဲ့ ဆရာမတယောက် မေးခဲ့တာကတော့...

`နောက်ထပ် မြန်မာမိသားစုတွေ ထပ်ရောက်လာကြဖို့ ရှိသေးလား´ ...တဲ့။

***



ဆွေးနွေးပွဲ ပြီးတော့ ညနေ ခြောက်နာရီ ခွဲခါနီးပါပြီ။ ကျောင်းက ဆရာ၊ဆရာမတွေ မြန်မာပြည် အကြောင်း တစေ့တစောင်း လေ့လာနိုင်ဖို့အတွက် စာကြည့်တိုက်ကနေ ငှားလာတဲ့ စာအုပ်တချို့ကိုလဲ ဝေငှဖြစ်ခဲ့ပါတယ်။

***

ဆောင်းဝင်စမို့ မိုးချုပ်စပြုနေပြီပေါ့...။

ဆရာမတွေထဲက သုံးလေးယောက်က ကျောင်းခန်းအ၀ထိ ရောက်အောင် စကားတပြောပြောနဲ့ လိုက်ပို့ပေးပါတယ်။ ကျေးဇူး၊ ကျေးဇူး၊ ကျေးဇူး... ဆိုတဲ့ စကားတွေကလဲ အထပ်ထပ်။


အဝေးရောက် ကြယ်ပွင့်လေးတွေရဲ့ ပညာအလင်း ထွန်းလင်းနိုင်ဖို့အတွက် ဒီနေ့ ကျနော့်လုပ်ရပ်က အကူအပံ့ ပိစိကွေးလေးတခု ဖြစ်ဖြစ်တော့ ဟုတ်ခဲ့တန်ကောင်းပါရဲ့လေ...။



ကလိုစေးထူး

15 comments:

မောင်မျိုး said...

ပို့ စ်လေးစိတ်ဝင်စားဖို့ ကောင်းတယ် အစ်ကိုရေ့ မြန်မာလူမျိုးတွေကိုချစ်တဲ့ joe ဆိုတဲ့အမျိုးသမီးကြီးကိုလည်းလေးစားတယ် ။ ဒီဘက်က ဒုက္ခသည်စခန်းတွေကိုတစ်ချို့ က ဆက်သွယ်ရေးကင်မဲ့ဇုန်တဲ့ ဘာဆက်သွယ်မှုမှမရှိပဲ တကယ့်သီးခြားကမ္ဘာလိုနေရတာ။ သနားစရာကောင်းတယ် ။ ဒီပို့ စ်လေးနဲ့ အစ်ကိုရဲ့ လုပ်ရပ်လေးတွေအတွက် လေးစားလျှက် ကျေးဇူးတင်ပါတယ်။

khaung said...

အစ်ကို့ရဲ့လုပ်ရပ်ကို တစ်ကယ် လေးစားပါတယ်
မြန်မာလူမျိုးတစ်ယောက်အနေနဲ့လဲ ဂုဏ်ယူပါတယ် ..
ကျေးဇူးလဲ တင်ပါတယ် အစ်ကို...

Moe Cho Thinn said...

ဆရာမတယောက်ရဲ့ နောက်ဆုံးမေးခွန်းက အဖြေရ ခက်လိုက်တာ..။

လူသစ် said...

သာဓု သာဓု သာဓုဗျား။
မမိုးချိုသင်းရေ..အဖြေရမခက်ဘူးထင်ပါတယ်။ နောက်ထပ်ရောက်လာအုန်းမှာပါလို့ ကျိန်းသေဖြေရမှာပဲ။

မင်းနန္ဒ said...

နိုင်ငံမှား ပီး လာရာပျောက်နေတဲ့ ကလေးတွေအတွက် အရမ်းခံစားရပါတယ်။ ကျွန်တော်ထင်တယ် မြန်မာနိုင်ငံသားတိုင်း ဒီလိုကိစ္စမျိုးအတွက် စိတ်မကောင်းဖြစ်ကြမယ်ထင်တယ်။ မဖြစ်ရင်တော့ တစ်ခုခုမှားနေပီပဲ

Republic said...

မင်္ဂလာပါ ကိုစေးထူးရေ ၊၊ စာတွေလာဖတ်သွားပါတယ် ၊၊ မွန်မြတ်ပါတယ်ဗျာ ၊၊အကူအညီပေးတယ်ဆိုတာ ၊၊

Phyo Evergreen said...

ကိုစေးထူးရေ တကယ်ကို အကျိုးပြုမယ့်လုပ်ရပ်ပါ..။ ခုလိုစေတနာနဲ့ ကူညီပေးတဲ့အတွက် ကျေးဇူးလည်းတင် ၀မ်းလည်းသာပါတယ်ဗျာ...။

yin said...

Hi Ko Klosay Htoo,

this is my 1st comment i have ever written in blogs. I am so interested in blogs by Burmese people even though I didnt make to leave any comments. sorry about writing in Eng as I dont know how to type in Burmese.
You know what .i got tears a lot after reading your article. My thoughts have extended to all those refugees, Daw Su,suffering activists, monks, Bur pple with a lot of trouble there,friends, relatives and everything.
still in tears while writing this comment.
it will be really great if someone( whether a burmese or a foreigner) can explain or talk about our country, struggles, culture to those Karen refugee children once a month.
So that at least they can know about their mother country even though they couldnt be brought up there and they will know there are other unlucky children in our country.
Pls next time could you pls tell me how to type Burmese fonts.
Even before i left Burma, i could get a chance to read some of your poem,comments and articles in Burmese news website during sept 07 and I love your writings and appreciate you for that.
sorry for long comments.
thank you very much for your noble deeds.

LIN LET KYAL SIN said...

မွန်မြတ်သော စိတ်ထားလုပ်ရပ်အတွက် ကျေးဇူးတင်ပါတယ် အကိုရေ ။ မြန်မာလူမျိုးတွေကို ချစ်ခင်ကိုယ်ချင်းစာသနားစွာဖြင့် အကူညီပေးသူများအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိမိပါတယ်။ ကိုယ့်နိုင်ငံအစစ်ကို မသိသေးတဲ့ ကလေးများအတွက်တော့ စိတ်မကောင်းဖြစ်မိပါရဲ့။ ဒါပေမယ့် အချိန်က စကားပြောသင်ကြားပေးသွားမယ်လို့ မျှော်လင့်မိပါတယ် :)

ကျွှန်တော့်ဘ၀ said...

ကျွှန်တော် ရောက်တာ နောက်ကျသွား လို့ ပြောချငိတာတွေ သူများတွေ ပြောသွား ကြ
လို့ ၊ ခင်ဗျားကို ကျေးဇူးလည်း ဂုဏ်လည်းပြုပါတယ်
မြန်မာ ပြည်ထဲ မှာ ရှိ ကြတဲ့ ပြည်သူ တိုင်းပါ နဲတာ နဲ့ များတာဘဲ ကွာခြားမှာ ပါ ဆက်ဆက်ပြီးရေးပါ နော် ဒီလို အကြောင်းလေးတွေ
ဘိုဘို

BLACK DREAM said...

ရင်ထဲမှာ စို့နင့်နင့်ကြီးဗျာ...။ ဆရာမ မေးလိုက်တဲ့နောက်ဆုံး မေးခွန်းကြီးကို " နောက်ထပ် ဘယ်တော့မှ မလာတော့ဘူးဗျ" လို့ အစ်ကို ရင်ကော့ပြီး ဖြေလို့ရတဲ့ အနေအထားမျိုး အမြန်ဆုံးရောက်လာနိုင်ဖို့ ကျွန်တော်တို့တွေ အတူတူလက်တွဲ ကြိုးစားကြတာပေါ့...။

Anonymous said...

ကလိုစေးထူး
ကြောင်သူတော်

သတိ said...

အားလုံးသတိ

အင်း.. ကျွန်တော့်အမြင်တော့ ကိုစေးထူးတစ်ယောက် တကယ်မြတ်တဲ့ ဒါနအပြင် တခြားအရေးကြီးတဲ့ တာဝန်ကြီး တစ်ခုပါလုပ်ခဲ့တာပဲဗျ.. အကို ကိုယ့်ဘာသာ သတိ ထားမိချင်မှ ထားမိပေမဲ့ တကယ့်ရှယ်တာဝန်ကြီးတစ်ခု အကို့ပခုံးပေါ် ကျခဲ့တာ အမှန်ပဲဗျ..

မြန်မာအကြောင်း သေချာမသိကြ.. တချို့ဆိုနာမည်လောက်ပဲ ကြားဖူးကြ.. တချို့ဆို နာမည်တောင်မကြားဖူးကြတဲ့ အဲဒီစေတနာရှင်တွေဟာ အကို့ဖြေကြားချက်တွေပေါ် တင်ပီး ကျွန်တော်တို့ အမိနိုင်ငံတော်ကို ပုံဖော်ကြည့်ကြမှာကိုးဗျ.. အားပါးပါး.. ရှယ်တာဝန်ပဲဗျို့.. အားကျလိုက်တာ..

အဲဒီတော့ ကိုစေးထူးဟာ အဲဒီလို သူတို့ ယုံကြည်မေးမြန်းခြင်းခံရသူပီပီ ဖြေကြားခဲ့ရဲ့လား.. (နိုင်ငံကို မားကတ်တင်း ဆင်းတာမဟုတ်တဲ့အတွက် ရှယ်လေးတွေပဲ ရွှေပေးဖို့ ပြောတာမဟုတ်ဘူးဗျနော..)၊ ဒါမှမဟုတ် တခြားနိုင်ငံရေး လုပ်စားသူတွေလိုပဲ ဟ.. ခွင်ပဲကွ.. ဖဲ့ဦးမှပဲဆိုပီး သူ့ဘက်ကိုယ့်ဘက် အဖြစ်တွေ.. လွန်တာတွေ.. ဒုက္ခသည်စခန်းဆိုလည်း မောင်းသွင်းခဲ့တဲ့ အဖြစ်တွေ အသာနှာစီးလို့ ကျွန်တော့်နိုင်ငံ စုတ်ပြတ်သတ်လိုက်သဟာဖြင့် အားလုံးက အစိုးရကြောင့်ပါခင်ဗျာ.. ဆိုတဲ့ ဟုတ်တာမဟုတ်တာ အသာထားလို့ ငိုချင်းပဲ ချခဲ့လေသလားဆိုတာ မောင်သတိတော့ဖြင့် စိတ်ဝင်စားမိသားဗျ..

အင်း.. ခုနေမှာ အဲဒီစေတနာရှင် ဆရာဆရာမတွေရဲ့ မြန်မာနိုင်ငံဆိုတဲ့ အမြင်မှာ သူတို့အိမ်မှာ အသိတွေကို ပြန်ပြောကြမဲ့ မြန်မာနိုင်ငံဆိုတာ.. စတဲ့ စကားတွေဟာ ဘယ်လိုများလဲ သိချင်စမ်းပါ့ဗျာ..

ဘာပဲပြောပြောဗျို့.. ကျွန်တော်တို့တောင် ကြွေအောင် ဖွဲ့သီနိုင်တဲ့ စာရေးဆရာဟာ အဲဒီလူတွေကိုလည်း အပြောကောင်းကောင်းနဲ့ မြန်မာချစ်စိတ်ကို ရိုက်သွင်းပေးနိုင်မှာ အမှန်ပဲလို့ ယုံတယ်ဗျာ.. (ဟီးဟီး.. သူ့ဘလော့လာရေးတော့ နဲနဲဖားရတာပေါ့.. တော်ကြာကန်ထုတ်နေဦးမယ်..)

ကဲ.. အားလုံးသက်သာပါဗျာ

မောင်သတိ

Anonymous said...

ကရင်သူပုန်တွေဆိုတာရော ထည့်ပြောခဲ့ရဲ့ လား။ တတိယနိုင်ငံတွေကို ထွက်လာချင်လို့  ဒုက္ခသည်ယောင်ဆောင်တာတွေရော ထည့်ပြောခဲ့ရဲ့ လား၊ အစိုးရက လိုက်ချေမှုန်းနေတာ သူပုန်တွေနဲ့ သူပုန် အမျိုးတွေကိုဆိုတာတွေတော့ ထည့်ရှင်းပြခဲ့မယ်လို့ မထင်ပါဘူးလေ။ အကြောင်းအရာတိုင်းမှာ ခိုင်လုံတဲ့ အကြောင်းအချက်တွေရှိနေတာတော့ မေ့မထားသင့်ဘူး

ကလိုစေးထူး said...

အားပေးဂုဏ်ပြုသွားကြတဲ့...
မိတ်ဆွေတွေနဲ့ အကိုအမတွေရဲ့ မှတ်ချက်တွေအတွက် ကျေးဇူးအရမ်းတင်ပါတယ်ခင်ဗျာ။

မောင်သတိ အမည်ခံရေ...၊

ခင်ဗျားကိုရော အောက်က အမည်ခံအတွက်ပါ ကျနော် စကားတခွန်း သေသေချာချာ ပြောလိုက်ပါမယ်။ ကျနော် အဲဒီနေ့က အဓိက ကြိုးစားခဲ့တာဟာ အဲဒီစာသင်ကျောင်းတွေမှာ ရောက်ရှိသင်ကြားနေကြတဲ့ ကလေးလေးတွေနဲ့ သူတို့ရဲ့ ဆရာဆရာမတွေကြားမှာ ချိတ်ဆက်မှု တခု ကောင်းကောင်းရဖို့ကိုပဲ အဓိက ဦးတည် ကြိုးစားခဲ့ပါတယ်။ ဒီကလေးတွေရဲ့ စိတ်အခြေအနေကို ဆရာဆရာမတွေ တီးခေါက်မိဖို့ကိုပဲ အဓိကဦးတည်ပါတယ်။ ငိုချင်းချတာတွေ၊ ရယ်ချင်းချတာတွေ လုပ်တဲ့ပွဲလဲ မဟုတ်လို့ သူတို့က သိချင်တာကို မေးတယ်၊ ကျနော်က အခြေအနေတွေကို ပြောပြတယ်။ ဒီလောက်ပါပဲ။ ဒါတောင် မပြောချင်လို့ မပြောဖြစ်ခဲ့တာတွေ၊ ပြောဖြစ်ခဲ့တာတွေထဲကလဲ ဒီစာမျက်နှာပေါ် သိပ်တင်လို့ မကောင်းလို့ ထိန်ချန်ရေးခဲ့တာတွေ အများကြီးပါ။ အမည်မဲ့ပြောတာတွေကတော့ အချက်အလက်ပိုင်းအရ အတော်လေး ရမ်းကားနေလို့ ကျနော် မရှင်းတော့ပါဘူး။ Identity လေးရှိရင် ပိုပြီး ပြောရဆိုရတာ ပိုကောင်းမယ်လို့လဲ ထင်ပါတယ်ဗျာ။