Wednesday, September 17, 2008

ချွန်းစာ

ဒီနေ့ နေ့လည် အလုပ်က ခဏလေးနားချိန်ရခိုက်မှာ အိမ်ကို အပြေးပြန်လာပြီး ကျနော့်ဘလော့ဂ်ကို လာစစ်ဖြစ်တယ်။ အားတက်သရော ရေးထားကြတဲ့ မှတ်ချက်တွေအနက် တချို့သော အချက်တွေကြောင့် လူက အာရုံတော့ နည်းနည်းနောက်သွားတယ်။

အာရုံနောက်တယ်ဆိုတဲ့ အချက်တွေထဲမှာ စိတ်အရှုပ်ရဆုံးကတော့ `ဖြစ်လေရာ လူဖြစ်တဲ့ ဘ၀တိုင်း မြန်မာမဖြစ်ရပါလို၏´ လို့ အစချီတဲ့ `လူသား´ ဆိုတဲ့ တယောက်ရဲ့ comment ကတော့ ပထမဆုံးပဲလို့ ပြောရမယ်ထင်တယ်။ သူ့ဘလော့ဂ်ကို လိုက်ဖတ်ကြည့်တော့ အဲဒီကဗျာကို လတ်တလောပို့စ် အနေနဲ့ တင်ထားတယ်။ ဒါဖြင့် ကျနော့် ပို့စ်အောက်မှာ ဘာလို့ ဒီကဗျာကို လာတင်ရသလဲ၊ ကျနော်အပေါ်မှာ ရေးထားတဲ့ စာတွေကို ဖတ်ရတာ အဲဒီကဗျာနဲ့ ဘာတွေ ဆက်စပ်နေသလဲ၊ ကျနော်တို့ မြန်မာတွေက သူရေးထားသလိုပဲ တော်တော့်တော်တော်ကြီးကို ဆိုးဝါးနေလို့လား ဆိုတဲ့ အတွေးတွေရပြီး လူက တော်တော်လေးကို အာရုံနောက်ရတယ်။

နောက်ထပ် အာရုံနောက်သွားတဲ့ အချက်ကတော့ `မောင်သတိ´ အမည်ခံရဲ့ ရေးသွားတဲ့ အချက်တွေထဲက တခုသော အချက်တခုပါ။ ကျနော်က ကျနော်ဟာ အမြဲမမှန်နိုင်ဘူးလို့ ပြောခဲ့တဲ့ အချက်ကို နင်းပြီး အရင်က ကျနော်ရေးခဲ့တဲ့ အချက်အလက်တွေကရော ဘယ်လောက်များ မှန်နိုင်မလဲ ဆိုတဲ့သဘော ကောက်ချက်ဆွဲသွားပုံကို စိတ်ရှုပ်သွားတယ်။ ကျန်တဲ့ အချက်တွေကတော့ သိပ်ပြီးတော့ ထူးထူးထွေထွေ ပြောစရာမရှိလှပါဘူး။ ချီးမွမ်းခံရတုန်းက ပြုံးပြုံးကြီး ကျေနပ်ခဲ့သလို ဝေဖန်ခံရတော့လဲ လက်ခံရယူရမှာပဲပေါ့။

***

မှတ်ချက်တွေကို လာရေးကြတဲ့အခါမှာ အမည်မဲ့ (သို့မဟုတ်) အမည်ပြောင်းပြီး လာရေးကြသူတွေကို ကျနော့် သဘောထား နှစ်မျိုးရှိပါတယ်။

တမျိုးကတော့ တခုခု အမှားအယွင်းဖြစ်နေပုံရတဲ့ အကို/ညီ/မောင်ငယ် တယောက်ကို တိုက်ရိုက်ကြီး ဗြောင်ကျကျလာပြောရင် မျက်နှာနာစရာတွေ ဖြစ်လာမှာ စိုးလို့ မျက်နှာဖုံးစွပ် တခုကို ခဏတပ်ပြီး လာပြောတယ်လို့ ခံစားရတယ်။ နောက်တမျိုးကတော့ နာမည်အရင်းနဲ့ လာပြောမိလို့ တကယ်လို့များ အမှားပါခဲ့ရင် လက်ရှိ (လူသိများနေတဲ့) ကိုယ့်နာမည်လေးကိုပါ သွားထိခိုက်လေမလား ဆိုတဲ့ အတွေးနဲ့ သိပ်လဲ အားမနာနေရအောင် မျက်နှာဖုံးတွေ စွပ်ပြီး ဆော်ပလော်လာတီးတဲ့ ပုံစံလို့ ခံစားရပါတယ်။ ဘယ်သူ့ကို ကျနော် ဘယ်လို ခံစားသင့်တယ်ဆိုတာကတော့ လာရေးသူ ကာယကံရှင်တွေရဲ့ အတွင်းအဇ္ဈတ္တ စိတ်အခံတွေပေါ် မူတည်မယ် ထင်ပါရဲ့ဗျာ။

***

လွန်ခဲ့တဲ့ ၁၆ နှစ်...၊ ကျနော် ပေါ်တာအထမ်းသမား အဖြစ်နဲ့ စစ်မြေပြင်ကို ပါသွားခဲ့တုန်းကပါ။

အပြန်ခရီးကျတော့ ကျနော် ထမ်းဖို့ တာဝန်ကျတာက လူနာထမ်းတာဝန်...။ ထမ်းရတဲ့ လူနာက ခြေထောက်မှာ ဒဏ်ရာရထားတဲ့ လူနာ။ အဲဒီဒဏ်ရာကို ရထားတာ ဘယ်လောက်ကြာပြီလဲတော့ မသိဘူး။ အပြန်လမ်းခရီး တလျှောက်မှာ ကျနော်ထမ်းရတာက အနောက်ဘက်က ဆိုတော့ လေသင့်တိုင်းမှာ သူ့ခြေထောက်က အနာပုပ်ရဲ့ အနံ့က ရနေတယ်။

အသွားတုန်းက ဆန်အိတ် ပိုးရတာထက်စာရင် အပြန်ခရီးမှာ လူနာထမ်းရတာက အရမ်းပင်ပန်းပါတယ်။ ဒီကြားထဲမှာ ကျနော်တို့ ထမ်းရတဲ့ လူနာထမ်းမှာ တာဝန်ကျတဲ့ ပေါ်တာထဲက နှစ်ယောက်က ထွက်ပြေးလိုက်သေးတယ်။ ဒီတော့ လက်ထဲမှာ ခွထောက်က တဘက်၊ ပုခုံးက လူနာထမ်းက တဘက်နဲ့ အိပဲ့အိပဲ့နဲ့ သွားရတယ်။

ပင်ပန်းတာထက် ပိုဆိုးတာက ကျနော့်ကို စောင့်ကြပ်ရတဲ့ စစ်သားက ကျနော့်ကို တလမ်းလုံး တောက်လျှောက် ကြိမ်းမောင်းဆဲဆိုနေတာပါပဲ။ အဲဒီထက် ပိုဆိုးသေးတာက အထမ်းထဲမှာ လိုက်လာတဲ့ လူနာစစ်သားက သူ့လက်ထဲမှာ လေးဂွတလက်နဲ့ အဲဒါကြီးကို ကျနော့်ဆီ တရွယ်ရွယ်လုပ်ပြီး လမ်းသွားတဲ့အခါ ဘေးက သစ်ပင်သစ်ခက်တွေနဲ့ သူ့ခြေထောက် မတော်တဆ ထိခိုက်မိတဲ့ အခါတိုင်းမှာ ပျစ်ပျစ်နှစ်နှစ်ကို ဆဲဆိုနေတာပါ။

ကျုံဆိမ် ဆိုတဲ့ ရွာတခုကို ရောက်တော့ ချောင်းထဲက အတက်မှာ ကျနော် ချော်လဲကျသွားတယ်။ အစောင့်စစ်သားက ကျနော့်ကို ဆောင့်ကန်တဲ့အပြင် အထဲက လူနာကလဲ သူ့လက်ထဲက လေးဂွနဲ့ လှမ်းပစ်လိုက်သေးတယ်၊ ခဲလုံးက ခပ်သေးသေးပေမယ့် မောနေတာရယ်၊ ဟိုစစ်သားကလဲ ဆောင့်ကန်ထားတဲ့ အရှိန်ရယ်နဲ့ လူကို ထူပူနေတာပေါ့။ ဆဲလိုက်တာလဲ ဘာပြောကောင်းမလဲ...၊ ကျနော့် အမေဆိုတာ သူတို့ရဲ့ ပါးစပ်ဖျားက မယားကို တချိန်လုံး ဖြစ်နေတော့တာပဲ။

အဲဒီအချိန်တုန်းက ကျနော့်စိတ်ထဲမှာ ဘာဖြစ်နေလဲ ဆိုတော့ အဲဒီလူနှစ်ယောက် အခုနေများ တိုက်ပွဲဖြစ်တဲ့အခါ သေနတ်မှန်ပြီး သေသွားရင် တော်တော်ကောင်းမှာပဲ လို့ တွေးမိတယ်။ သူတို့ သေသွားလို့ရှိရင်လဲ ကျနော်က အထမ်းအပိုးဘ၀က မလွတ်လောက်သေးပါဘူး။ နောက်ထပ် အထမ်းအပိုးတခုခုကို နောက်တန်းတပ်ရင်း မရောက်မခြင်း နောက်ထပ် အစောင့်စစ်သားနဲ့အတူတူ ကျနော်က ထမ်းရဦးမှာပါပဲ။ ဒါပေမယ့် ကျနော် အဲဒီတုန်းက တကယ်ကိုပဲ အဲဒီနှစ်ယောက်ကို စိတ်ထဲကနေ တောက်လျှောက် ကျိန်ဆဲလာခဲ့တာတော့လဲ အမှန်ပဲ။

အဲဒီလိုနဲ့ပဲ ဆဲရင်းဆိုရင်းနဲ့ နောက်တန်းတပ်ကို ပြန်ရောက်လာပါလေရော ဆိုပါတော့ဗျာ...။ ခြေလှမ်းတွေ ဒယီးဒယိုင်နဲ့ပဲ အိမ်ကိုပြန်လာ၊ မေမေ့ကို ဖက်ငိုနဲ့ ပြီးတော့ အားရပါးရ အိပ်ပစ်လိုက်တယ်။

နောက်တနေ့ကျတော့ ကျနော့်အိမ်ကို ကျနော့် ဦးလေးအလတ်က သတင်းမေးရောက်လာတယ်။ လမ်းမှာ ဘာတွေကြုံခဲ့ရလဲ၊ တော်တော်ပင်ပန်းခဲ့တာလား ဘာညာပေါ့၊ ကျနော်ပြောတာကို သူက စုတ်တသပ်သပ်နဲ့ နားထောင်လိုက် ဟိုဟိုဒီဒီ မေးလိုက်ပေါ့။ နောက်တော့ စကားစပ်ရင်းနဲ့ ဦးလတ်က ကျနော့်ကို ပြောတယ်။

`ငါ ဒီမနက်လေးတင် ဆေးရုံမှာ သွေးဝင်လှူဖြစ်ခဲ့သေးတယ်၊ ဘီသွေး လိုနေတယ်ဆိုလို့...၊ ခြေထောက်ဖြတ်လိုက်ရတဲ့ ရဲဘော်အတွက် လို့တော့ ဓာတ်ခွဲခန်းတာဝန်ခံက ပြောတာပဲ´

အဲဒီအချိန်မှာ ကျနော့်မျက်စိထဲမှာ ချက်ချင်းသွားမြင်ယောင်တာက ကျနော့်ကို တလမ်းလုံးဆဲဆိုခဲ့တဲ့ ခြေထောက်ဒဏ်ရာနဲ့ ဟိုလူနာ စစ်သားကိုပဲ။ ဒါပေမယ့်...။ `ကောင်းတယ်၊ ငါ့ကို တချိန်လုံး နှိပ်စက်တဲ့လူ ခြေထောက်ဖြတ်ခံထိတာ ၀မ်းသာတယ်´ ဆိုတဲ့ အတွေးမျိုးတော့ မဟုတ်ဘူး။ တလမ်းလုံး ကျနော် အပင်ပန်းခံထမ်းပိုးခဲ့ရတဲ့ ဒီလူနာဟာ နောက်ဆုံးတော့ ခြေထောက် တဘက်မဲ့တဲ့ ဒုက္ခိတအဖြစ်ကို ရောက်ရတာပါပဲလား ဆိုပြီး စိတ်ထဲမှာ တကယ်ပဲ မကောင်းဖြစ်သွားတာ...။

နောက်တော့ ဦးလတ်နဲ့ အတူ ကျနော် ဆေးရုံကို လိုက်သွားဖြစ်ခဲ့တယ်။ ခြေထောက်ဖြတ်လိုက်ရတာ ကျနော့်ကို နှိပ်စက်ခဲ့တဲ့ လူပါပဲ။ သူက ကျနော့်ကို မြင်တော့ စိတ်ဓာတ်အကြီးအကျယ် ကျနေတဲ့ မျက်နှာနဲ့ `ညီလေး၊ ငါ့ခြေထောက်တော့ ဖြတ်လိုက်ရတယ်၊ ငါတော့ ဘ၀ဆုံးပါပြီကွာ´ လို့ ငိုသံပါနဲ့ ပြောလိုက်တဲ့ အချိန်မှာ အဲဒီလူ ကျနော့်ကို နှိပ်စက်ခဲ့တာတွေကို ကျနော် လုံးဝ မေ့သွားတယ်။

ဒီတော့...၊ အဲဒီလူကို `ဒီလူ သေရင်အေးမှာပဲ´ လို့ ဆုတောင်းတုန်းကလဲ ကျနော်ပဲ။ ဒါပေမယ့် ကရုဏာသက်တာဟာလဲ ကျနော်ပဲ။ `သေပါစေ´ လို့ ဆုတောင်းတုန်းက အနေအထားနဲ့ ကရုဏာသက်ရတဲ့ အခြေအနေကတော့ မတူဘူးပေါ့။ လူတယောက်ဟာ ဒီ့ပြင်လူတယောက်ကို `သေစေတော့´ ရယ်လို့ စိတ်ထဲမှာ ဖြစ်တာဟာ မကောင်းဘူးဆိုတာကို အားလုံးက လက်ခံသလို ကျနော်လဲ ဒါကို မငြင်းလိုပါဘူး။ ဒါပေမယ့် အပေါ်မှာ ကျနော်ရေးခဲ့သလို အခြေအနေမျိုးတွေလို အလားတူတွေ ကြုံလာကြတဲ့အခါ ဒီလူတွေ မရှိတော့လဲ လက်ရှိအနေအထားဟာ ပြောင်းသွားမယ်လို့ မယုံကြည်ရသည့်တိုင်အောင် လတ်တလော ကိုယ်ခံစားနေရတဲ့ ဒုက္ခနဲ့ နာကျင်မှုတွေရဲ့ ခံစားမှုထွက်ပေါက်အဖြစ် စိတ်ထဲကနေ ကျိန်ဆဲမိမယ်ဆိုရင် အဲဒီ ကျိန်ဆဲမိသူကို ကျနော်တို့ ဘယ်လို နားလည်ကြမလဲ။


တခါတလေကျတော့ ကျနော်တို့ရဲ့ အသိစိတ်တွေနဲ့ ဆင်ခြင်တုံတရားတွေကို နာကျင်နေတဲ့ ခံစားချက်တွေက ဖုံးလွှမ်းသွားလေ့ရှိတဲ့အခါမျိုးမှာ ကျနော်တို့ မြည်တမ်းလိုက်တာဟာ ပညာရှင် ရှုထောင့်ကနေ ကြည့်ရင်တော့ ရယ်စရာကောင်းနေမှာ အမှန်ပါပဲ...။

သို့သော်...။

***

ကျနော် တွေ့ကြုံဖူးတဲ့ ကိုယ်တွေ့နဲ့ ယှဉ်ပြီး ကိုယ့်ဘက်ကနေချည်း အားရပါးရတွေးပစ်လိုက်တော့ ဟုတ်သလိုလို...။ ဒါပေမယ့် အတွေးတခုက ခေါင်းထဲ ထပ်ဝင်လာပြန်တယ်...။

အခုနေများ တယောက်ယောက်က ကျနော် တန်ဘိုးထား လေးစားရတဲ့ သူတယောက်ယောက်ကို `မြန်မြန် မာလကီးယားပါစေ´ လို့များ ကျနော့် ဘလော့ဂ်မှာ လာဆုတောင်းသွားခဲ့ရင် ... ... ... ... ...။

***

ခံစားချက်ကို ရှေ့တန်းတင်မိတာကို အသိစိတ်နဲ့ကိုယ်ချင်းစာတရား ချွန်းအုပ်လို့ ဟောဒီ ချွန်းစာကို ရေးလိုက်ပါတယ်ဗျာ။ နောက်နောင် ကျနော်ရေးတာတွေမှာ မှားတာရှိလဲ ဝေဖန်ပေးကြပါဦး။


လေးစားခင်မင်စွာ



ကလိုစေးထူး

11 comments:

Anonymous said...

ကော်မန့်တွေပဲ ဖြေရှင်းတော့မှာလားး
စာတွေဆက်ရေးဖို့ မစဉ်းစားတော့ဘူးပေါ့..။

တန်ခူး said...

ကိုစေးထူး… တကယ်က ကိုယ်ချင်းစာတရားနဲ့  ဂရုဏာတရားက နှလုံးသားထဲမှာ အရင်ရှိပြီးသားပါ… အခြေအနေအရပ်ရပ်ကြောင့် နှလုံးသားတွေ အနာတရဖြစ်တဲ့အခါ ထွက်ပေါက်တွေ မရှိတဲ့ အခါ ဒီလိုပဲ ဖြစ်တတ်ကြပါတယ်…

Moe Cho Thinn said...

ကိုစေးထူး
ကိုယ်တိုင် ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေက လူက ရင့်ကျက်စေတယ်လို့ ဒီစာက ပြောနေသလိုပါပဲ။

Anonymous said...

စာတွေကိုဖတ်ရတဲ့အတွက်ကျေးဇူးပါ။ စာတွေဖတ်လိုက်တိုင်း အတွေးလေးတွေ ရပါတယ်။ အားပေးနေပါတယ်။

ရွာသားလေးဝိုင်တီယူ said...

ဟုတ်တယ်ဗျ တခါတခါ စိတ်ကအဲလိုပါပဲ။ တအားမုန်းတယ်ဆိုပေမယ့် တကယ်တမ်းရက်စက်ဖို့ကြလည်း မလုပ်ရက်တတ်ဖူးလေ။ အစ်ကိုရေ အစ်ကိုလေးစားတဲ့လူကိုလည်း မသေစေချင်သေးပါဘူး။ သူ့ပေးဆပ်မှုအတွက် ထိုက်သင့်တဲ့ အောင်မြင်မှုလေးရသွားစေချင်ပါတယ်ဗျာ...

ကျွှန်တော့်ဘ၀ said...

ကျွှန်တော်ကတော့ ခင်းဗျားရဲ့ စာဖတ်ပရိတ်သတ်သက်သက်ပါ, ခင်းဗျားရဲ့ စိတ်ဓါတ်က်ုလေးစားပါတယ်၊ ဒါပေမဲ့ သူတို့ မှာ ခင်ဗျားထားတဲ့ စိတ်ဓါတ်မျိုး ဆယ်ပုံ ပုံတစ်ပုံသာရှိခဲ့ရင်?

ဘိုဘို

သတိ said...

အားလုံးသတိ

ဒီတစ်ခါတော့ မောင်သတိလည်း စိတ်လေတယ်ဗျာ..
ကိုစေးထူးဟာ ဘာလို့ ကျွန်တော်ဟာ ကိုယ်လိုတာကို ဆွဲဆွဲကောက်ချက်ချသွားတယ်လို့ အမြဲယူဆပါလိမ့်.. အင်း.. ပြောင်မြောက်တဲ့ ကျွန်တော့်ရဲ့ အရေးအသားကြောင့် ဖြစ်မယ်ထင်ပါတယ်.. ဟဲဟဲ

ကျွန်တော်ပြောတာရှင်းတယ်.. ငါအမြဲမှန်တယ်လို့ လက်မခံပါဘူးဆိုတာ လူတိုင်း လွယ်လွယ် ပြောနေကျစကားပဲ.. ကိုယ့်ဘာသာ ဒီလိုတကယ်နားလည်လက်ခံဖို့ဆိုတာ အရမ်းခက်ခဲလွန်းပေမဲ့ လူတိုင်းလိုလိုဟာ ဒါကို အဲဒီခက်တာနဲ့ မကာမိလောက်အောင်ကို လွယ်လွယ်ပြောနိုင်ကြတယ်.. ဒါကိုကျွန်တော် အဓိကပြောချင်တာ.. ပဝေသဏီလှန်ပီး အစဖော်နေတာမဟုတ်ဘူး.. အင်း ကြားဖြတ်ကြွားရမယ်ဆိုရင်တော့ မောင်သတိ ကတော့ အဲဒီခက်ခဲတာကို လုပ်နိုင်ပါတယ်ဗျ.. မှားရင်တော့လက်ခံပါတယ်.. ခုဟာက မှားမှမမှားပဲဆိုပီး အမြဲကို ငြင်းမှာပဲဗျို့.. ဟီးဟီး..

နောက်တစ်ခုက အမည်ခံကိစ္စ။ အကိုနဲ့ ကျွန်တော်ဟာ တိုက်ရိုက်ကြီးဗျောင်ကျကျ ပြောလို့လဲမျက်နှာနာစရာ မရှိတဲ့ လူတွေမဟုတ်ကျတဲ့အတွက် အကိုဟာ ကျွန်တော့်ကို ဒုတိယပုံစံထဲမှာ ထားပြီးပြောနေတယ်လို့ ထင်တယ်ဗျာ.. အဲဒီမှာ အကိုဟာ ကျွန်တော့်ကိုသိနေတယ်လို့ ကျွန်တော်ထင်ခဲ့ပေမဲ့ တခြားတစ်ယောက်ကို သွားထင်နေတယ်ဆိုတာ မြင်လာတယ်ဗျ.. ဘာလို့လဲဆိုတော့ မောင်သတိဟာ ဆော်ပလော်တီးဖို့ ရုပ်ဖျက်စရာလိုလောက်အောင် လူသိများတဲ့နာမည်မဟုတ်ပါဘူးဆိုတာ ကျွန်တော်ရော အကိုရောသိတယ်ဗျာ... အဲဒီမှာ ဘာမဟုတ်တဲ့လူကို ထိမှာအားနာလာတယ်.. သူ့ဘလော့မှာလည်း ကပ်ရေးသေး သူ့ကိုလည်း ထိခိုက်သေးဆိုရင် မမိုက်ဘူးမဟုတ်လားဗျ.. တော်ကြာကန်ချရင် ကိုစေးထူးအပြစ်ပဲဗျာ.. ဟားဟား..

အဲဒါတွေထက် အဆိုးဆုံးကတော့ဗျာ.. ဟိုလူရေးသွားတဲ့ကဗျာပဲ.. တော်တော်ကို ညစ်သွားတယ်.. ကိုယ့်ကိုဖဲ့နေတာတောင် ဟုတ်တုတ်တုတ်ရှိအုန်းမယ်.. ဖြစ်နိုင်ရင် အဲလိုကဗျာကို မြန်မာစာလုံးဝိုင်းလေးတွေနဲ့ မေ၇းပါနဲ့လို့တောင် တောင်းပန်ချင်ပါရဲ့ဗျာ.. လေတယ်ဗျို့..

ကဲ အားလုံးသက်သာပါဗျာ
မောင်သတိ

mgngal said...

အဖြစ်အပျက်၊အတွေးအမြင်တွေကို ခံစားနားလည်ပေး
သွားပါတယ် ကိုစေးထူး ။ ကောင်းပါတယ် အရေးအသား
ရော တွေးခေါ်မှုအပိုင်းရော နှစ်ဘက်အမြင်ရော ။ကျနော်
တို့ အနေနဲ့ ပြင်ဆင်ရမယ့် အချက်တွေကို လည်း ခေါင်းထဲ
ရိုက်သွင်းသွားပါတယ်။ စာကောင်းပေမွန်များကို ဆက်လက်
ရေးသားနိုင်ပါစေဗျာ။ အများအတွက် အကျိုးရှိစေမယ့်
စာပေါ့ဗျာ။လာရောက်ဖတ်မှတ်သူတွေ ဖတ်ရကြိုးနပ်အောင်
ပေါ့။

Anonymous said...

ဖတ်ရကျိုနပ်တဲ့ စာပေတွေကို မျှော်နေပါတယ်။
အကျိုးရှိတဲ့ အတွေးများစွာပေးနီုင်တဲ့ စာကောင်းကောင်းများကို ဖတ်ချင်ပါတယ်

လေးစားလျက်

(ငါးလျော်ပေး..နောက်တာပါ။)

ရဲရင့်@ပုရစ် said...

ကလိုစေးထူး ရေ
လွတ်လပ်ပွင့်လင်းတဲ့၊သီးခံတတ်တဲ့
လူသားဆန်တဲ့ စာလေးကို(ဇရက်မဟုတ်)
လာဖတ်သွားပါတယ်။ဟဲဟဲ..
ကောင်းဗျာ...
ကျနော်ဒီဇိုင်းပြောင်းထားတယ်လာလည်ဦးလေ
သက်ကယ်မိုး၊၀ါးထရံကာ၊နေရာလေးတွေလည်းချဲ့
ထားပါတယ်။မြစ်ထဲမှာရေစိမ်နေရတာငြီးငွေ့လို့။ဟီးဟီး
http://irrawaddy.burmabloggers.net
http://burmahexagon.blogspot.com

ကလိုစေးထူး said...

မတန်ခူးနဲ့ မချိုသင်း...၊ ပြီးတော့ ကိုရွာသားလေး...၊နားလည်ပေးကြတာကို လှိုက်လှဲစွာ ကျေးဇူးတင်ပါတယ်။

ကိုဘိုဘို...၊ လာဖတ်နေတာကို သိရလို့ အားတက်ပါတယ်။

မောင်သတိ အမည်ခံကြီးရေ...၊ ဒီတခါ ခင်ဗျား ကွန်မန့်ကို ဖတ်ရတာ ဘီယာနှစ်ဘူးစာလောက် မူးသွားတယ်၊ ဟဲဟဲ။ ကျနော်ထင်တယ်။ ကျနော်ဆိုလိုနေတာလဲ ခင်ဗျားနားလည်လောက်သလို ခင်ဗျားလာထောက်ပြတဲ့ အချက်ကိုလဲ ကျနော် နားလည်နေပြီမို့ မျဉ်းပိတ်ဖို့ အချိန်တန်ပြီထင်တယ်။ ဒီတခါ ကျနော်က အရင် ဦးအောင် အော်လိုက်မယ်ဗျာ။ တန်းဖြုတ်!!!!!!!!!

ကိုမောင်ငယ်...၊ ခေါင်းထဲ ရိုက်သွင်းရမယ့် အချက်တွေ ပါတဲ့စာတွေ ကျနော် ထပ်ရေးဖြစ်ဦးမယ် ထင်တာပါပဲဗျာ။ နားလည်စွာနဲ့ လာလာဖတ်နေတာကို ကျေးဇူးတင်ပါတယ်။

ကိုရဲရင့်...၊ လာခဲ့ပါမယ်ဗျာ။