ဒီရက်ပိုင်းမှာ ကျနော် ရေးချင်တဲ့ အကြောင်းအရာတွေ များနေတယ်။ ပြီးတော့ အရှိန်ကောင်းလာတဲ့ AGT အစီအစဉ်တွေကိုလဲ တင်ချင်သေးတယ်။
ဒါပေမယ့် အဲဒါတွေကို တင်လိုက်ရင် ဗွီဒီယို ကလစ်တွေက ဘလော့ဂ်ကို အလွန့်အလွန် လေးနေစေတော့တာပါပဲ။ ဒါကြောင့် ကျန်ရှိနေသေးတဲ့ ပြိုင်ပွဲဝင်တွေရဲ့ ယှဉ်ပြိုင်သွားကြပုံတွေကို လင့်ခ်အဖြစ်နဲ့ပဲ ဒီနေရာမှာ ချိတ်ဆက်ဖော်ပြပါရစေ...။
***
ကျနော် ကိုးတန်းလောက်က ထင်တယ်။ `အော်တိုရေးပေးပါလား´ ဆိုပြီး အတန်းထဲက ကောင်မလေးတယောက်က စာအုပ်ထိုးပေးလာတော့ အူကြောင်ကြောင်နဲ့ ဘာရေးရမှန်း မသိဘူး။ သူများရေးနှင့်ထားတာတွေ လိုက်ဖတ်လိုက်တော့ တချို့ကျတော့လဲ ကဗျာအတိုအစလေးတွေနဲ့ ရေးတဲ့လူကရေး၊ ဝေးသွားတဲ့အခါ သတိရနေပါ...တို့၊ နင်ဟာ ငါ့ရဲ့ အချစ်ဆုံး သူငယ်ချင်းပါ... တို့ ရေးထားလိုက်ကြတာ စုံနေတာပဲ။ ဒါနဲ့ ကျနော်လဲ ဘာရေးရကောင်းမလဲ စဉ်းစားမရဖြစ်တာနဲ့ အဲဒီတုန်းက ဖတ်နေတဲ့ ၀တ္ထုတအုပ်ထဲက စာသားတကြောင်းကို ရေးလိုက်တယ်။ အမှန်ကတော့ ဖတ်ထားတာက မြန်မာဝတ္ထုပါ။ ဒါပေမယ့် ကျနော်က "Everything is for the Best" ဆိုပြီး အင်္ဂလိပ်လို ရေးလိုက်တာ ကောင်မလေးက သဘောခွေ့သွားလေရဲ့...။
`လူတွေဟာ ကိုယ့်အကြောင်းကိုယ် ပြောပြချင်ကြတယ်၊ ခက်တာက နားထောင်ပေးမယ့်လူ မရှိတာ´ တဲ့...။
ဟုတ်မှာပါလေ၊ တချို့ ထင်ရှားတဲ့ ခေါင်းဆောင်ကြီးတွေ၊ စာရေးဆရာကြီးတွေဆိုရင် သူတို့အကြောင်း သိပ်ပြောချင်လွန်းလို့ အထ္တုပတ္ထိ စာအုပ်တွေ ဘာတွေတောင် ရေးကြသေးတာပဲ...။
တခြားကို ဝေးဝေးမကြည့်ပါနဲ့လေ...၊ ကျနော်တို့ ဘလော့ဂ်လောကမှာဆိုရင် Tag game ကို ခေါင်းစဉ်အမျိုးမျိုးနဲ့ Tag လိုက်ကြတာ ပထမဆုံး "10 Weirds about me" ဆိုတဲ့ ခေါင်းစဉ်မှာဆိုရင် ဘလော့ဂါတော်တော်များများ ရေးဖြစ်လိုက်တဲ့ ခေါင်းစဉ်ပေါ့။
အခုလဲ နောက်ထပ်တခုက ဘလော့ဂ်တော်တော်များများမှာ ရေပန်းစားနေပြန်ပါပြီ။ ကိုယ့်အကြောင်းကိုကိုယ် ပြောရတဲ့ ရိုးရိုးရှင်းရှင်း Tag လေးမို့ အားလုံးက ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ရေးကြတာ ကြည်နူးစရာပါ။ ကျနော့်ကိုလဲ ညီမ လင်းလက်ကြယ်စင်က အဲဒီ ရေစီးကြောင်းထဲကို ဆွဲခေါ်ခဲ့လေရဲ့...။
***
ကျနော့်မှာ အဘိုးပေးထားတဲ့ နာမည်တခု အသက်လေးနှစ်လောက်အထိ ရှိခဲ့ဖူးတယ်။ ကျောင်းနေရတော့မယ့် အရွယ်ရောက်ခါနီးကျမှ ဖေဖေက သူ့စိတ်ကြိုက် နာမည်ကို ရွေးချယ်ဖြစ်ခဲ့တော့ အခုအချိန်ထိ အဲဒီနာမည်နဲ့ပါပဲ။ `နဂျယ်ကောင်´ ဆိုတဲ့ နာမည်ကတော့ ကျနော် အလွန်မြတ်နိုးတဲ့ အမည်ပြောင်လေး တခုပေါ့။
အပြင်လောကက မိတ်ဆွေတွေကတော့ ကျနော့် နာမည်အရင်းကိုပဲ ခေါ်ကြပါတယ်။ ဘလော့ဂ်လောကမှာတော့ အတော်များများက ခေါ်ကြတာက `ကိုစေးထူး´...။ ကလောင်နာမည် ကလိုစေးထူးကို `ကိုစေးထူး´ လို့ ခေါ်ကြတာဟာ ပိုပြီးရင်းနှီးနှစ်လိုဖွယ်ရာကောင်းလို့ ကျနော် ပိုနှစ်သက်မိပါတယ်။
ကျနော် အခုတော့ အမေရိကန်နိုင်ငံရဲ့ သိပ်အေးလွန်းတဲ့ ပြည်နယ်တခုမှာ နေပါတယ်။ ဖုန်းဆက်ချင်ရင်တော့ အလုပ်ချိန် မဟုတ်တဲ့ အချိန်တွေပဲ ဆက်ဖို့ အဆင်ပြေမယ်။ တခါတလေကျရင် အပြင်ကို လျှောက်သွားနေတာက ရှိသေးတယ်။ စိတ်အဆိုးဆုံးကတော့ စာတပုဒ်ကို အပီအပြင်ရေးနေတဲ့အချိန်မှာ လာတဲ့ဖုန်းတွေကိုပဲ။ :D
အကြိုက်ဆုံးအရောင်က အပြာရောင်ပါ။ အပြာရောင် ကြိုက်လား မကြိုက်လား ဘလော့ဂ် တခုလုံး ပြာနေတာက သက်သေပဲ။ ဘောလုံးအသင်းကို အားပေးတော့လဲ အပြာရောင် တပ်ဖွဲ့ လို့ အမည်ရတဲ့ ချဲလ်ဆီး အသင်း။ အ၀တ်အစားကတော့ ကျနော့်ဘ၀မှာ ဘာအ၀တ်လေးမှ ၀တ်ချင်ပါတယ်လို့ ရွေးချယ်ခွင့် အခြေအနေ မပေးခဲ့လို့ ဘာအ၀တ်မှ ဘာဒီဇိုင်းမှ ဆိုပြီး ရွေးကြိုက်တာမျိုး သိပ်မရှိလှပါဘူး။ ပေါ့ပေါ့ပါးပါးနဲ့ စပို့ရှပ်လေးတွေကိုတော့ ပိုကြိုက်မိတယ်။ အစားအစာထဲမှာကတော့ အသားမှာဝက်၊ အသီးအရွက်မှာ ချဉ်ပေါင်ကြော်။
ဘာပစ္စည်းကို အကြိုက်ဆုံး ဆိုတာလဲ မရွေးတတ်ပါဘူး။ သီချင်းကတော့ နားထောင်ရတာ အဆင်ပြေတဲ့ သီချင်းမှန်ရင် ကြိုက်တာပါပဲ။ လက်ရှိ မြန်မာဟစ်ဟော့ သီချင်းတွေလဲ စိတ်ထဲတွေ့တဲ့ သီချင်းဆို ကြိုက်တာပဲ။ မြန်မာသံစဉ်ထဲမှာလဲ ကြိုက်တဲ့ သီချင်းတွေ တော်တော်များများ ရှိတာပါပဲ။ ဒါပေမယ့် တွံတေးစိုးအောင်ကိုတော့ မကြိုက်ဘူး။ ဖြိုးကြီး သီချင်းတွေ မကြိုက်ဘူး။
စာရေးဆရာကတော့ ကလောင်စွဲရယ် မရှိပါဘူး။ စာတပုဒ်ဖတ်ပြီးတော့ စိတ်ထဲမှာ တခုခုရလိုက်တာမျိုး ခံစားရတဲ့ စာကို ကြိုက်တာပါပဲ။ ဒါပေမယ့် `မြတ်ခိုင်´ ကိုတော့ မကြိုက်ဘူးဗျာ။ စာအုပ်ထဲမှာတော့ `သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင်´ စာအုပ်ဟာ ကျနော် ဖတ်မိတဲ့ အပြင်စာပေထဲက ပထမဆုံး အမှတ်ရရဖြစ်နေလို့ ကြိုက်ပါတယ်။ `ဓားတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်မည်´ `ဇစ်မြစ်´ `မိုးမခပင်တွေ´ `လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း´ စာအုပ်တွေကတော့ ဖတ်ဖူးသမျှ စာအုပ်တွေအနက်က ဘယ်တော့မှ မမေ့နိုင်အောင် နှစ်သက်မိတဲ့ စာအုပ်တွေပါ။
ဘ၀မှာ သိပ်ပြီး ချမ်းချမ်းသာသာလဲ မဟုတ်၊ စားရမဲ့သောက်ရမဲ့ အခြေအနေလဲ မဟုတ်ဘဲ ကိုယ်လုပ်ချင်တာနဲ့ လက်ရှိ လုပ်နေရတာ တထပ်တည်းကျတာမျိုး နေရတာကို သဘောကျတယ်။ ၀ါသနာပါတာတွေကတော့ ကောင်းတာတွေချည်း ရွေးပြောရရင်တော့ ဂီတာတီးတာရယ်၊ သီချင်းလေး တပုဒ်တလေ ရေးတာရယ်၊ ဟိုရေးဒီခြစ် စာတွေ ရေးနေရတာရယ်၊ စစ်တုရင် ကစားရတာရယ်၊ ဘိလိယက် ကစားရတာရယ်ကို ၀ါသနာပါတယ်။ မကောင်းတာကတော့ တခါတလေကျရင် ငြင်းခုန်ရတာကို ၀ါသနာထုံမိတယ် ထင်တာပဲ။
ကျနော် အချစ်ဆုံးသူကတော့ ကျနော့်ကိုယ် ကျနော်ပါပဲ။ အလေးစားရဆုံးသော လူပုဂ္ဂိုလ်တွေကတော့ ကျနော့် မိဘ၊ ဆရာသမားတွေရယ် ဒေါ်အောင်ဆန်းစုကြည် ရယ်။ အခင်ဆုံး သူငယ်ချင်းကတော့ မြန်မာပြည်မှာ ကျန်ခဲ့တယ်။ ကျနော့်ကို အများဆုံး နားလည်ပေးနိုင်သူကတော့ မေမေပါ။ ကျနော် အမုန်းရဆုံးသောသူတွေကတော့ ဟိုလူကြီးတို့ အုပ်စုပါပဲ။
ရင်အခုန်ဆုံး အချိန်က ဘယ်တုန်းကပါလိမ့်လို့ ပြန်စဉ်းစားတော့ အမှန်အတိုင်း ပြောပြရရင် တော်တော်ရယ်စရာ ကောင်းနေမလားဘဲ။ ပထမဆုံး စကြိုက်မိတဲ့ ကောင်မလေးကို `ငါ့ကို ချစ်ရင် နောက်နေ့ကျရင် ပန်းပန်ပြပါနော်´ လို့ သွားပြောတော့ ကောင်မလေးက `ပန်းဝယ်ဖို့ ငါ့မှာ ပိုက်ဆံမရှိဘူး´ ...တဲ့။ ဒါနဲ့ ကျနော်က `နင်တို့ အိမ်နောက်ဖေးမှာ ကန်ဇွန်းခင်းတွေ ရှိသားပဲ၊ ကန်ဇွန်းပန်းလေး ပန်ပြလေ´ လို့ ပြောလိုက်တာ ကောင်မလေးက `အင်း´ ...တဲ့။ အဲဒီတုန်းက ကောင်မလေးရဲ့ `အင်း´ ဆိုတဲ့ အဖြေစကားကို တော်တော် ရင်ခုန်သံမြန်ဖူးတယ်။
အကြောက်ဆုံးအချိန်ကတော့ ကျနော် ပထမဆုံးအကြိမ် ပေါ်တာအထမ်းသမားအဖြစ် ရှေ့တန်းကို ပါသွားတုန်းကပါပဲ။
ဆုတောင်းတိုင်းသာ ပြည့်ရမယ်ဆိုရင်တော့လား ဟိုလူကြီးတွေ မြန်မြန်မာလကီးယားပြီးတော့ အားလုံးလိုလားတဲ့နေ့ကို မနက်ဖြန်ပဲ ရောက်ပါစေလို့ ဆုတောင်းချင်တယ်။
အချစ်၊ အမုန်း၊ အလွမ်း၊ သံယောဇဉ် ဆိုတာတွေကိုတော့ စာမဖွဲ့ပါရစေနဲ့တော့။ ဘ၀ ဆိုတာကိုတော့ သူငယ်ချင်းတွေ ဆုံတိုင်း ရယ်ဟဟနဲ့ ညည်းဖူးသလို ခပ်ရွတ်ရွတ်သာ ပြောလိုက်ချင်တယ်။ `ဘ၀ ဆိုတာ လဒ (ဠင်းတ) ပါပဲဗျာ´ သူငယ်ချင်းဆိုတာကတော့ `ဆိုးတူကောင်းဖက်´ ဆိုတဲ့ စကားလုံးနဲ့ အကိုက်ညီဆုံးသောသူပေါ့။ ချစ်သူဆိုတာကတော့ ကိုယ်ကချစ်နေပြီး ကိုယ့်ကိုလဲ ပြန်ချစ်နေတဲ့သူ လို့ ထင်တာပဲ။
ကိုယ့်ကိုယ်ကိုတော့ ဘယ်လိုမှ သိပ်မထင်တတ်ဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်ကိုယ်ကို ထင်မှတော့ အကောင်းပဲ ထင်မိမှာ သေချာတယ်။ လက်စွဲဆောင်ပုဒ်အနေနဲ့ကတော့ `ကြိုးစားမှုတိုင်းဟာ အချည်းနှီးမဖြစ်ဘူး´ ဆိုတဲ့ ဖေဖေ့ ဆုံးမစကားပါ။
အပြောချင်ဆုံး စကားတခွန်းကတော့ `မျှော်လင့်ချက်တွေ မောလှပါပြီ၊ အားလုံး အလိုချင်ဆုံးသော နေ့ကို မြန်မြန်ရောက်ပါရစေတော့´...။
***
ကလိုစေးထူး

17 comments:

ဆုတောင်းတဲ့အတိုင်းအမြန်ဆုံးပြည့်ပါစေ...
နဂျယ်ကောင်ရေ..။
စာရေးကောင်းသူတွေများရေးတတ်လိုက်တာနော်.. ကိုယ့်အကြောင်း ကိုယ်ရေးတာတောင် ဖတ်လို့ကောင်းတယ်.. ဦးဦး နဂျယ်ကောင်.. :D
ကိုစေးထူးရဲ့ ဆုတောင်းတွေနဲ့အတူ ထပ်တူထပ်မျှ ဆုတောင်းလိုက်ပါတယ်.. အားလုံးလိုချင်သောနေ့ အမြန်ရောက်ပါစေလို့..
ကိုစေးထူးရေ.. တကူးတက လာလည်လို့ ကျေးဇူးဆိုတာ အထူးပြောဖို့မလိုတော့ပါဘူးနော်.. အဟိ.. ခွင့် ၃ လက မများပါဘူးဗျ... :P
နဂျယ်ကောင်လေး တောင်းတဲ့ဆု အမြန်ပြည့်စေ..။
ဪ...ဆုတောင်းတတ်လိုက်တာ..
၅၃သန်း အတွက်ပဲ :D
တန်ခိုးများသာရှိလို့ကတော့ပြည့်စေလို့ တစ်ခါတည်းပြောလိုက်မယ်... :D
ဆုတောင်းတိုင်းသာ ပြည့်ရမယ်ဆိုရင်တော့လား ဟိုလူကြီးတွေ မြန်မြန်မာလကီးယားပြီးတော့ အားလုံးလိုလားတဲ့နေ့ကို မနက်ဖြန်ပဲ ရောက်ပါစေလို့ ဆုတောင်းချင်တယ်။
# တောင်းတဲ့ဆု နဲ့ ပြည့်စေဗျား ။
လက်စွဲဆောင်ပုဒ်အနေနဲ့ကတော့ `ကြိုးစားမှုတိုင်းဟာ အချည်းနှီးမဖြစ်ဘူး´
# အမှန် ဆုံးဘဲ ဗျာ....ကိုယ်တွေ့ ကိုယ်တွေ့
ခင်ဗျားက လူလယ်ဘဲ.....
အများဖြစ်ချင်နေတဲ.ဆုကိုတောင်းတတ်တာ....
မြန်မြန်ပြည်.စေချင်ပါတယ်.....ပြည်.လည်းပြည်.မှာပါဗျာ.....
လွန်ခဲ.တဲ.အနှစ် ၂၅ က လို ညပိုင်းမှာ သူငယ်ချင်းတွေနဲ. လ္ဘက်ရည်ဆိုင်ထိုင်.....အဆောင်ဘေးမှာဂစ်တာတီးချင်သေးတယ်.....
ကိုယ်.ကိုကိုယ် အသက် ကြီးပြီလို. မထင်မိသေးဘူး....
ဆုတောင်းတိုင်းသာ ပြည့်ရမယ်ဆိုရင်တော့လား ဟိုလူကြီးတွေ မြန်မြန်မာလကီးယားပြီးတော့ အားလုံးလိုလားတဲ့နေ့ကို မနက်ဖြန်ပဲ ရောက်ပါစေလို့ ဆုတောင်းချင်တယ်။
တော်တော်လူသားဆန်တဲ့  ဆုတောင်းပါလားကိုစေးထူး
ရ။ အသက်တွေလည်းကြီးပြီဗျာ။ အတွေးအခေါ်တွေ ရင့်
ကျက်စမ်းပါ။ ရေးခဲ့တဲ့ စာတွေက ကောင်းပါတယ်။လိုချင်တဲ့
အကြောင်းအရာကို သူ့ နည်းသူဟန်နဲ့  ဖော်ညွန်းနိုင်စွမ်း
၇ှိကြတယ်။ဒီပိုစ်မှေ၇းသားတာကိုတော့ ကိုစေးထူး အဆင့်အတန်းကိုဖော်ပြလိုက်တာပဲလို့  ကျနော် မြင်တယ်။
ကိုစေးထူးက ဒီလိုထင်မယ် ။ဒီကောင် သူ့ လူ ကို ထိလို့ 
ဒါတွေလာရေးနေတယ်၊ လာ ရှုံ့ ချနေတယ်လို့ ထင်မယ်။
လုံးဝ မဆိုင်ကြောင်း ကျနော် ရဲရဲကြီး အာမခံပါတယ်။
ယောင်္ကျားပဲဗျာ၊ မိန်းမလို မိန်းမရ မလုပ်ပါဘူး ။ OK ? :)
ဆောရီး ဗျာ ၃ခါလောက် ဘာလို့ ပြန်ပေါ်လဲ မသိပါဘူး။
“ မစွမ်းရင်းကလည်းရှိ၊ ကန်စွန်းခင်းကလည်းငြိ ” ဆိုတဲ့ စကားကို အခုမှကျနော်ပိုသဘောပေါက်လာပြီ
ကိုကလိုစေးထူးရေ...း ))
ခင်မင်ရာ ခင်မင်ကြောင်းပါဗျာ......။
ကိုမောင်ငယ်ရေ...။
ဆုတောင်းတာက ကျနော် တကယ်လိုလားတာပဲဗျ။ အဲဒီလို ဆုတောင်းရကောင်းလားဆိုပြီး ကျနော့်ကို မရင့်ကျက်ဘူး၊ အဆင့်အတန်း မရှိဘူးလို့သတ်မှတ်ရင်လဲ ကျေကျေနပ်နပ်ကြီးကို ခံပါမယ်ဗျာ။ ကိုမောင်ငယ်က ကိုယ့်လူထိလို့ပဲ လာပြောပြော၊ ဘာကြောင့်ပဲပြောပြော ပြောချင်သလိုသာ ပြောပါဗျာ။ ကိစ္စမရှိပါဘူး။ နေရာတိုင်းတော့ လူဆိုတာ ဘယ်တူနိုင်ပါ့မလဲ။ ကျနော်က အဲဒီလူတွေ မြန်မြန် မာလကီးယားပါစေ ဆုတောင်းတဲ့အချိန်မှာ ကိုမောင်ငယ်က သက်တော်ရာကျော် ရှည်စေချင်နေတာဆိုရင်တော့ မတူတဲ့ ဆုတောင်းအတွက် ၀မ်းနည်းပါတယ်။
ကျနော်ကတော့ အဲဒီလိုပဲ ဆုတောင်းတာ အမှန်ပဲ။ ရန်တိုက်ပေးတာတော့ မဟုတ်ဘူးနော်။ အဲဒီလိုဆုတောင်းမျိုး ကျနော်တယောက်ထဲက ပြည့်ချင်နေတာလဲ မဟုတ်ဘူးလို့ ထင်တယ်ဗျ။ ပိုနေတဲ့ ကွန်မန့်တွေတော့ ကျနော်ဖြုတ်ပေးလိုက်ပါမယ်။
ကိုမောင်ငယ် အခုလို ကွန်မန့်လာရေးလိုက်တော့ အပေါ်မှာ ဆုတောင်းပြည့်ပါစေလို့ ဆန္ဒလာပြုသွားကြတဲ့သူတွေကို ဘာပြန်ပြောရမှန်းတောင် မသိတော့ဘူး။ :))
ကိုညီလင်းသစ်။ ဒီလိုပဲပေါ့၊ ခင်ရာမင်ရာကလေးတွေပါ၊ ဟဲဟဲ။
အားလုံးသတိ
ဟဲဟဲ.. လူကြီးတွေကြားထဲ ၀င်ရှုပ်လိုက်ဦးမယ်..
သူများကို မြန်မြန်မာလကီးယားပါစေဆိုတဲ့ ဆုတောင်းရယ်.. အားလုံးလိုလားတယ်ဆိုတာလေးရယ်.. ဟော.. ပြည့်ပါစေ ပြည့်ပါစေနဲ့ စိတ်လိုလက်ရ ၀င်ပြောပေးခဲ့သူတွေရယ်.. ဒါတွေကြည့်ပီး ကျွန်တော်မြင်တာတော့ သူတပါးကို သေပါစေကြေပါစေပြောချက်ဟာ ဒီနေရာမှာတော့ မမှားတဲ့ မလွန်တဲ့ကိစ္စဆိုတာ ၀င်ပြောသူ အားလုံးရော၊ ရေးသူပါ လက်ခံထားသလိုကြီး သွားတွေ့ရောဗျ..
ဒီတော့ ဒီလိုကိစ္စမျိုးကြီးတစ်ခုတောင် အမြဲမမှန်နိုင်တဲ့ တရားတစ်ခုဖြစ်လာတဲ့ လူ့လောကမှာ၊ အမြဲမှန်တယ်ဆိုတဲ့အရာမရှိပါဆိုတဲ့ နိုင်ငံရေးလောကမှာ ဘာလို့များ ငါမှန်တယ်.. ငါသာအမှန်ဆုံး.. ငါကလုံးလုံးမှန်တာ.. ဒီကောင်တွေ လုံးလုံးမှားတာ.. မင်းတို့မှ အမှားဆိုပီး အတ္တတွေနဲ့ စွပ်ကြ ဆွဲကြ တိုက်ကြ ခိုက်ကြ ပြောကြ ဆိုကြ ငြင်းကြ ခုန်ကြ ဟားဟား..
ဒီတခါတော့ ပါးစပ်နဲ့ မဆံ့တာတွေ ပြောမိပီဗျာ..
အမြဲတမ်း မှတ်ကောင်းမှတ်ရာလေးတွေ ကူးဖို့စောင့်တတ်တဲ့ မောင်သတိဟာ ကာလကီးယားပါစေဆိုတာကို ကူးဖို့ တွန့်သွားမိတာကနေ ဒီစိတ်ကူးလေး ပေါ်လာမိတာပါ..
အားလုံးသက်သာ
မောင်သတိ
မောင်သတိ အမည်ခံ
လောကကြီးမှာ အမြဲမှန်တယ်ဆိုတာ မရှိဘူး ဆိုတာကို ကျနော် အပြည့်အ၀ လက်ခံတယ်။ ငါချည်းပဲ မှန်တယ်ဆိုတဲ့ အယူအဆလဲ ကျနော့်ဆီမှာ ရှိမနေဘူး။
အခု ကျနော် အဲဒီ ဆုတောင်းကို တောင်းတယ်။ ဘာလို့လဲဆိုတော့ ဒီစနစ်ကြီးကို မကြိုက်ဘူး။ ဒီစနစ် သက်ဆိုးရှည်နေဖို့ ထိန်းချုပ်ထားတဲ့သူတွေကို မကြိုက်ဘူး။ စနစ်ကိုရော အဲဒါကို ထိန်းချုပ်ထားသူတွေကိုပါ ကျဆုံးစေချင်တယ်။ ဒီသဘောနဲ့ ဆုတောင်းတဲ့နေရာမှာ ခေတ်ပေါ် ဗန်းစကား `မာလကီးယားပါစေ´ လို့ သုံးတယ်။ ဒါကို ကျနော်က အဲဒီလူတွေကို ကျနော်က သေစေကြေစေချင်တယ်လို့ ခင်ဗျားက ဆွဲယူ အနက်ဖွင့်တယ်။ ကိစ္စမရှိပါဘူးဗျာ။ ကိုယ်မှန်တယ်လို့ ထင်ထားတဲ့အရာကို အမြဲတမ်း လိပ်ပြာသန့်နေဖို့က အဓိက မဟုတ်လား။
မှတ်သားစရာတွေပါရင် ကူးဖို့စောင့်နေတဲ့ မောင်သတိအတွက် ဒီဆုတောင်းက မှတ်သားစရာ မဟုတ်တဲ့ အမှားဖြစ်နေရင်လဲ မောင်သတိ ခံယူထားတဲ့ အမှန်ကိုသာ ဆက်ဆုပ်ကိုင်လိုက်ပါ။
ခင်ဗျား ရုပ်ရှင်ကြည့်ဖူးတယ်မှတ်လား။ လူကြမ်းမင်းသားတွေ အနိုင်ရတဲ့အခန်းရောက်နေရင် လူတွေက ဘယ်လို ရေရွတ်သလဲ၊ လူကြမ်းကို မင်းသားက အနိုင်ယူတဲ့အခန်းရောက်ရင်ရော ဘယ်လို ရေရွတ်သလဲ။ ခင်ဗျားကိုယ်တိုင်ရော ရုပ်ရှင်ထဲက လူဆိုးတွေကို မင်းသားက အနိုင်ယူ ထိုးကြိတ်နေတဲ့အခါ `ဟာ...၊ မင်းသားကကွာ သူများတကာကို နာကျင်အောင် လုပ်နေတာပဲ´ လို့ တွေးဖူးမိလား။ ဒါ ဥပမာ ရိုးရိုးလေးပါ။ ဒါပေမယ့် ကျနော်တို့ အခုကြုံနေရတာ ရုပ်ရှင်မဟုတ်ဘူး။ တကယ့် အဖြစ်အပျက်တွေအတွက် မင်းသားနိုင်တဲ့အခန်းကို မြန်မြန်ရောက်စေချင်တယ်။ ဒီသဘောပဲ။ ကျနော်မှန်ချင်လဲ မှန်မယ်၊ မှားချင်လဲ မှားမယ်။ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ အဲဒီလို ဖြစ်ချင်တဲ့ ဆန္ဒဟာ ကျနော့်အတ္တ မပါတဲ့အတွက် ကျနော် ကျေနပ်တယ်။ ကျနော့်ကို ဆုတောင်းပြည့်ပါစေလို့ ၀ိုင်းဆုတောင်းပေးကြသူတွေကလဲ သူတို့ အတ္တကို သူတို့ ရှေ့တန်းတင်ပြီး လာဆုတောင်းကြတာလို့ ကျနော် မထင်ဘူး။
ဟိုလူကြီးတွေ အမြန်လုံးနည်းနဲ့ ပုဂံလုံးစီးပီး မြန်မြန် မာလကီး ယားပါစေဗျား..။ သူတို့ ယားပါစေကြောင်း ဆုတောင်းပေးလို့ မကောင်းဘူးထင်လဲ ပျော်၂ကြီးကိုခံအုံးမယ်။ ဟိုလူကြီးတွေကို မေတ္တာသက်ဝင်နေသူ အသက်ရှည်ချင်သူတွေပါ .. နဲနဲ ရောရောင် ယားသွား ပိုတောင်ကောင်းသေးတယ်။ ဆန္ဒဟာ ဆန္ဒသက်သက်သာ ဖြစ်တာကြောင့်ဆင်ခြင်တွေးခေါ်နိုင်အားနဲ့ မဆိုင်ပါ။ ဆန္ဒ ကတစ်ဖက် ဆင်ခြင်ညဏ်ကတစ်ဖက်နဲ့ အရာအားလုံးကို ထိန်းကျောင်းမောင်းနှင်နေကြတာပါ.. ဟုတ်တယ်ဟုတ်..။ အဲဒီတော့ ဆန္ဒသက်သက်လေးကိုပဲ ထပ်ပြောမယ်.... တိုင်းပြည်ကိုမတရာ ဂုတ်ခွစီးထားတဲ့ ဟိုလူကြီးနဲ့ အပေါင်းပါများ မာလကီး.. မြန်မြန်ယားကြပါစေဗျား.။
လမ်းပေါ်လျှောက်ပြေး တွေ.ရာ လိုက်ဆွဲနေတဲ.ခွေးရှူးတွေ ဆုမတောင်းလဲ ကါးတိုက် သေဘို.ရာ ၉၀% ရှိပါတယ်....ခေါင်းကိုကြိတ်မလား...ခါးကိုကြိတ်မလား ဆိုတာဘဲမသိတာပါ။
ခွေးချူပ်ကြီးကစပြီး မာလကီးရား တော.မှာပါ....
အင်း။ မေတ္တာဆိုတာရောင်ပြန်ဟပ်တယ်ဆိုတဲ့ သဘောကို ဒီဘလော့ပိုင်ရှင်တင်မက အားလုံးသိကြမှာပါ ။ သူ့မကောင်းကျိုးသူ့ကိုပေးမှာပေါ့ဗျာ ။ သေပါစေ ၊ကျေပါစေနဲ့ ကြည့်လဲလုပ်ကြပါဦး ။ သိပ်ခလေးဆန်းလွန်းအားကြီးတယ်ဗျာ ။ ကိုယ့်စေတနာ ကိုယ့်ပြန်အကျိုးပေးနေမယ်နော် ။ ကြည့်လုပ် ။ မောင်သန်းရွှေသေသွားတာနဲ့ ဒီစစ်အာဏာရှင်စနစ်ချုပ်ငြိမ်းသွားမယ်လို့ မျှော်လင့်နေတယ် ဆိုရင်တော့ ဒီဘလော့ကို လာလာဖတ်ခဲ့တဲ့ ၁ နှစ်လောက်အချိန်တွေကိုသိပ်နှမြောမိသွားတယ် ။ ဆင်ကောင်ကြီးအမြီးကျမှ တစ်ဆိုသလို လေးစားခဲ့သမျှ ဒီတခုနဲ့တင် ပလုံ ပါပဲဗျာ ။ စိတ်မကောင်းပါဘူး ။
စင်္ကာပူရောက် လူငယ်တယောက်
ကိုစေးထူးရေ… ကန်စွန်းပွင့်လေးက အမှတ်တရပေါ့… ပို့ စ်လေးတခုလောက်ရေးပါလား… ရေးတတ်တော့လဲ ၀တ္ထုတပုဒ်ဖတ်ရသလိုပါပဲ…
Post a Comment