ညနေ အလုပ်သိမ်းချိန်ရောက်ပြီ ဆိုတာနဲ့ ၀မ်းဗိုက်က တကြုတ်ကြုတ်နဲ့ ဆာလောင်နေပြီ။ မဆာဘဲ နေမလား၊ မနက် ဆယ်နာရီထိုး ခဏနားချိန်မှာ ထမင်းတခါ စားပြီးကတည်းက အလုပ်ချိန်တလျှောက်လုံး ဘာမှမှ ဟုတ်တိပတ်တိ မစားရတာ...။ ဆိုဒါ တလုံးတလေ သောက်ပေမယ့် အဲဒါကလဲ ၀မ်းထဲက ပိုးမျိုးရှစ်ဆယ်ကို ငြိမ်သက်သွားအောင် လုံးဝ စွမ်းဆောင်နိုင်တာ မဟုတ်တော့ အိမ်ကို ပြန်ရောက်တာနဲ့ တခုခု စားဖို့ အရင်စဉ်းစားရတော့တာပါပဲ။
မြန်မာပြည်မှာ နေစဉ်တုန်းကတော့ ကျနော် တနေ့ကို ထမင်း အနည်းဆုံး သုံးခါကနေ တခါတလေ လေးခါ၊ ငါးခါ အထိတောင် စားတယ်။ ဒါလဲ လူက ပိန်ညောင်ညောင်ပါပဲ...၊ မထူးပါဘူး။ အခု ဒီနိုင်ငံကို ရောက်လာတော့ အလုပ်လုပ်ရတဲ့ အလုပ်ချိန်က မနက် ၇ နာရီကနေ ညနေ ၃ နာရီခွဲအထိ ဆိုတော့ မနက်မိုးလင်းပြီ ဆိုတာနဲ့ ကော်ဖီနဲ့ မုန့်ကျွတ်တခုခုကို ပါးစပ်ထဲ အတင်းထိုးသွတ်သွင်းရတာပဲ။ ပြီးရင် မနေ့ညနေကတည်းက ချက်ထားတဲ့ ထမင်းနဲ့ ဟင်းကို ချိုင့်ဆွဲလို့ အလုပ်ကို သွားလေသတည်းပေါ့...။
ဒီကို စရောက်ခါစတုန်းက ကျနော့် စိတ်ထဲမှာ ငါးပိတို့၊ အချိုမှုန့်တို့ စားရပါ့မလားမသိဘူး ဆိုပြီး ခပ်ကြောင်ကြောင် တွေးမိသေးတယ်။ ကျနော့်ကို ဒီနိုင်ငံကို ခေါ်ခဲ့တဲ့ တရားဟောဆရာရဲ့ အိမ်မှာ ရက်အတန်ကြာနေရတုန်းက ဆိုရင် စရောက်ရောက်ခြင်းကလဲဖြစ်၊ သူတို့ အစားအစာက ငန်တာကငန်၊ ချိုတာက ချိုနဲ့ အာရှသားပါးစပ်နဲ့ ဘယ်လိုမှကို အစပ်အဟပ် မတည့်တာ။ နှစ်ရက်လောက်နေတော့ တရားဟောဆရာက ကျနော့်အခြေအနေကို ကြည့်ပြီး စားသောက်ရေး သိပ်ဟန်ပုံမရတာကို သဘောပေါက်တယ်နဲ့ တူတယ်။ ထိုင်းစားသောက်ဆိုင် တခုကို ခေါ်သွားတော့ အားရပါးရ တွယ်တော့တာပဲ။
နောက်တော့မှ သိတယ်...၊ ဒီမှာက သူ့လူမျိုးအလိုက်၊ အစားအစာရောင်းတဲ့ ဆိုင်တွေက တနေရာမဟုတ် တနေရာမှာ ရှိကြတာကိုး။ ကျနော့်ကို အာရှဈေးဆိုင်ကို ခေါ်သွားတော့ အဲဒီမှာ ငါးပိဘူး၊ အချိုမှုန့်၊ ဆန်၊ မျှစ်၊ ကန်ဇွန်းရွက် အဲဒါတွေကို တွေ့ပြီး ပျော်နေတဲ့ ကျနော့်ကို တရားဟောဆရာက ကြွားလိုက်သေးတယ်။ 'This is America' တဲ့...။
***
မြန်မာပြည်မှာတုန်းကတော့ နေခဲ့ရတဲ့ အရပ်ကိုက နယ်မြို့မှာဆိုတော့ မနက်ခင်း ဈေးထဲကို သွားရင် တောနယ်က လာရောင်းတတ်တဲ့ အသီးအနှံ လတ်လတ်ဆတ်ဆတ်တွေ ရနိုင်တာပေါ့။ ပြီးတော့ အဲဒီမှာ ပေါ်ရောင်းတဲ့ အသားဆိုတာက ဒီနေ့ပေါ် ဒီနေ့ အထမ်းနဲ့ရောင်း...၊ အပြတ်ပဲ။ ရေခဲစိမ်ထားတာတာတို့ ဘာတို့ မရှိဘူး။ နှီးကျောတွေနဲ့ သီပြီး `၀က်သားရမယ်၊ အမဲသား ရမယ်´ လို့ အော်ရောင်းကြတာ။ စားချင်တဲ့လူက `ဟဲ့၊ လာဦး၊ ငါ့ကို တပိဿာတွဲ တတွဲပေးစမ်းပါ´ ဆိုပြီး ခေါ်ဝယ်စား...။ ပိုက်ဆံ မလည်သေးလဲ လကုန်ပေးပေါ့။
အခု ဒီမှာကျတော့ အဲဒီလို ဘယ်ဟုတ်တော့မလဲ။ Food Mart တွေမှာ ကိုယ်လိုချင်တဲ့ အသားကို သေသေသပ်သပ်၊ သပ်သပ်ရပ်ရပ်နဲ့ ထုပ်လို့ ပိုးလို့...။ ဒါပေမယ့် အရသာကျတော့ ရွှေပြည်ကြီးက အသား၊ ငါးတွေကို မှီတယ်လို့ကို မထင်ဘူး။ ကျနော့်ရဲ့ ဂွကျကျ အကြိုက်တမျိုးဖြစ်တဲ့ ၀က်သားဆိုရင် အဆီတုံးပါမှ ကြိုက်တဲ့ အကျင့်က ဒီက အဆီမပါတဲ့ ၀က်သားတွေကို တော်တော်နဲ့ လျှာမတွေ့ခဲ့ဘူး။ နောက်တော့လဲ လျှာ နေသားကျသွားတာပါပဲလေ။
သူငယ်ချင်း တယောက်ရဲ့ လမ်းညွှန်ကောင်းမှုနဲ့ တခါမှာတော့ Meet Industry ဆိုတဲ့ အသားပေါ်တဲ့ နေရာတခုကို ရောက်သွားဖူးတယ်။ အဲဒီမှာ သိုး၊ နွား၊ ၀က်၊ ဆိတ်တွေကို အများကြီးမွေးထားတယ်။ ဘဲငန်းတွေလဲ ရှိသေးတယ်။ ကျနော်နေတဲ့ နေရာကနေဆိုရင် တနာရီသာသာလောက် မောင်းရတယ်။ ဟိုး... တောကျကျ ခပ်ခေါင်ခေါင်ထဲမှာ။ အဲဒီမှာ အလုပ်လုပ်နေကြတာက မက္ကဆီကန်တွေ များတယ်။ အဲဒီကိုရောက်တာနဲ့ `အာမီးဂို (သူငယ်ချင်း) ဘာလိုချင်သလဲ´ ဆိုပြီး မေးတော့တာပဲ။ ၀က်လိုချင်သလား၊ ဆိတ်လိုချင်သလား၊ အမဲ ပေါ်ချင်သလား၊ လိုချင်တဲ့ အကောင်ကို လက်ညှိုးထိုးလိုက် ချက်ချင်းဖျက်ပြီး အသားပေါ်ပေးတော့တာပဲ။ သိပ်တော့ ဟန်မကျပါဘူး။ အဲဒီနေ့က သူငယ်ချင်းက ဆိတ်တကောင် ၀ယ်တော့ သူတို့ အသားပေါ်တာကို အစအဆုံးကြည့်မိတာ အခုအချိန်ထိ ကျနော် ဆိတ်သားစားလို့ မရတော့ဘူး။
ပြောမယ့်သာပြောရတယ်...၊ ဒီနိုင်ငံက အစားအစာတွေထဲမှာ အသားညှပ်ပေါင်မုန့်၊ ကင်တပ်ကီ ကြက်ကြော် နဲ့ ဟော့ဒေါ့ကိုတော့ တော်တော်ကြိုက်တယ်။ တလောက ကျနော့်ကို လှေစီးဖို့ ဖိတ်ခဲ့တဲ့ အမေရိကန် မိသားစုက ကျွေးခဲ့တဲ့ အီတာလျံအသားလုံး ဆိုတာလေးကလဲ ခရမ်းချဉ်သီးဆော့ထ်နဲ့ ဘာနဲ့ ဆိုတော့ စားရတာ အရသာရှိသား။ ဒါပေမယ့် ကျနော် အမေရိကန် စားသောက်ဆိုင်ကို အခုအချိန်ထိ တခါမှ သွားမစားဖူးသေးဘူး။ တခြားကြောင့် မဟုတ်ဘူး။ သူတို့ အစားအစာကို ဘယ်ဟာက ကိုယ့်ပါးစပ်နဲ့ တည့်မှန်းမသိ၊ ဘယ်ဟာက မတည့်မှန်း မသိတာကြောင့် မှာမစားတတ်လို့ပါ။ တောကျလိုက်ပုံများ...။
Mall တွေ ဘာတွေ သွားလည်ရင်တော့ တရုတ်စာ ကောင်းကောင်းလေးတွေ တခါတလေ စားရတတ်တယ်။ ဒါပေမယ့် သူတို့လဲ ချိုအီအီ အရသာတွေ ရှိတဲ့အစာက ရှိတာပါပဲ။ ဂျပန်အစာ ဆူရှီးကတော့ လုံးးးးးးးဝ မကြိုက်...။ ဆူရှီလိပ်တဲ့ သူငယ်ချင်းတယောက်က တခါတလေကျရင် သူရောင်းမကုန်တဲ့ ဆူရှီဘူး တဘူးနှစ်ဘူး ယူလာကျွေးတတ်တယ်။ သူ့ရှေ့ကျရင်တော့ `ကျေးဇူးဗျာ´ ဆိုပြီး ယူထားလိုက်ပေမယ့် တခါမှ ဟုတ်ဟုတ်ညားညား မစားဖြစ်ပါဘူး။
***
ဘာပဲပြောပြော ဒီနိုင်ငံမှာကတော့ အစားအသောက်နဲ့ ပတ်သက်ရင် ဘာစားချင်သလဲ၊ တရုတ်စာလား၊ ထိုင်းစာလား၊ အိန္ဒိယစာလား အစုံရှိပေမယ့် ကျနော် တကယ်လွမ်းတာက ရွှေပြည်ကြီးက `ထမင်းဝိုင်းလေး´ ကိုပါပဲ။
ချောင်းထဲက ရတဲ့ ငါးနဲ့ ချက်ထားတဲ့ ဟင်းရည်ကျဲ ငါးဟင်းတခွက်ရယ်၊ ဇရစ်ဟင်းချိုရယ်၊ ငါးပိရည်နဲ့ ဋရင်ကောက် ညွှန့်တို့စရာရယ်ကိုသာ ထမင်းပူပူနဲ့ လွေးလိုက်ရရင်တော့လား...၊ ဒီနိုင်ငံမှာ စားလို့ကောင်းတယ်ဆိုတဲ့ အစားအစာတွေနဲ့ ဘယ်လဲနိုင်လိမ့်မှာတုန်း...။ ဟုတ်တယ်ဟုတ်။
ကလိုစေးထူး
(လင်း Tag ထားသော ဖြစ်သလို ပို့စ်အတွက် ရေးဖွဲ့ပါသည်)

8 comments:
အဲ့မှာမြန်မာစားသောက်ဆိုင်ရှိဘူးလားးး
ဋ ကောက်ညွန့်ဆိုတာ မကြားဘူးဘူး
ပြောပြပါ..။၂ခါရှိပီဗျ ဓာတ်ပုံရှာပီးတင်ပေးပါဗျို
sushi ဘူးလေးကျနော့်အခန်းဝမှာထားခဲ့ပါဗျို့။
ကိုစေးထူးရေ ကျေးဇူးပါ။ ချောင်းထဲက ငါးကို ဒီနေ့ စိတ်ကူးယဉ်ပြီး ထမင်းစားမယ်။း)
thanks for a sensational post.
အခုတစ်လော စားစရာတွေ ပို့ စ်ရေးတာ ခဏခဏတွေ့ နေ
ရတော့ ဗိုက်တွေ ခဏခဏ ဆာနေတယ်ဗျို့ ။ :D
ဒါနဲ့  စကားမစပ်ကျနော်ဆီမှာ မြိတ်ငပိ ထောင်ဗူးရှိတယ်ဗျ။
:P
ဟုတ်တယ် ကိုစေးထူးရေ။ ရေခဲရိုက်ထားတာ မဟုတ်တဲ့ ရွှေပြည်ကြီးက ခုပေါ် ခုရောင်း အသားတွေ၊ လတ်လတ်ဆတ်ဆတ် အသီးတွေက မမေ့နိုင်အောင် ဖြစ်နေတာပဲ။
နောက်ပြီး မိသားစုထမင်းဝိုင်းလေး..။
လွမ်းရတဲ့ အဓိက ၂ချက်ကို ထောက်ပြသွားတဲ့ ပို့စ်လေးမို့ ကျေးဇူးပဲ မောင်လေးရေ..။
ပုံရိပ်လည်း ဖတ်ရင်းနဲ့ ရွှေပြည်ကြီးက အစားအသောက်တွေကို လွမ်းလာပြီ။
anonymous ဋရင်ကောက် ညွှန့်ဆိုတာ သူ့အညွှန့်ကိုက ကောက်ကောက်ကလေးနဲ့ ဋရင်ကောက်နဲ့ ဆင်လို့ အဲလိုခေါ်တာ။ ပုံရှာတွေ့ရင်တော့ တင်ပေးမယ်။
gate စိတ်ချ...၊ အခန်းတိုင်ယာရောက် လာပို့ပေးမယ်။ :P
လင်း...၊ အားရပါးရသာ စိတ်ကူးယဉ်လိုက်ပေတော့။ :D
steve evergreen ကျေးဇူးပါ။
ကိုမောင်ငယ်...၊ မြိတ်ငပိလှဲဘူးရောရှိသေးလား။ :P
အမ မချိုသင်း...၊ တခါတလေ စနေဈေးမှာရတဲ့ အရွက်တွေတော့ လတ်သားပဲနော်။
ပုံရိပ်...၊ မတွေ့တာတောင်ကြာပြီ။
Post a Comment