Wednesday, September 03, 2008

ယာလာနဲ့ သကြားလုံး

စာမရေးရတာ ရက်နည်းနည်း ကြာပြီဆိုတော့ ဒီညနေတော့ စိတ်အေးလက်အေးနဲ့ စာရေးလိုက်မယ် လို့ ကြံစည်မိတယ်။

ဒါနဲ့ပဲ ရေမိုးချိုး ထမင်းစားပြီးတာနဲ့ အိမ်တံခါးပိတ် ဂျိတ် ဆိုပြီး စက်ရှေ့မှာ ထိုင်ပြီး ဒီနေ့ရေးမယ့် အကြောင်းအရာကို သုံးလေးကြောင်း အစပျိုးရုံ ရှိသေးတယ်၊ တံခါးကို တဒုန်းဒုန်းထုသံ ပေါ်လာတယ်။ ဒီတခါက တံခါးခေါက်တာ မဟုတ်ဘူး။ ထုနေတာ။

တံခါးနားကို ခြေသံလုံလုံလျှောက်ပြီး ချောင်းကြည့်ပေါက်နေ ချောင်းလိုက်တော့ ဘယ်သူမှလဲ မတွေ့ရဘူး။ စာရေးချင်စိတ်က များနေတာနဲ့ `မဖွင့်ပေးဘူးကွာ´ လို့ စိတ်တင်းပြီး ပြန်လှည့်မယ်လို့ စဉ်းစားတုန်းမှာပဲ တံခါးကို တယောက်ယောက်က ဆောင့်ကန်သံနဲ့အတူ စကားသံ သဲ့သဲ့ကိုပါ ထပ်ကြားရတယ်။

`ဦးဦး...၊ Open the door... ဦးဦး Open now!!!´

တံခါးကို ထုလဲထု၊ ကန်လဲကန်၊ ပါးစပ်ကလဲ အဆက်မပြတ်အော်နေတာကြောင့် နောက်ဆုံးတော့ အလိုမတူဘဲ ဖွင့်ပေးလိုက်ရတာပေါ့။ တံခါးဝမှာ စောင့်နေတာက အမိုးရဲ့ မြေးလေး `ယာလာ´...။

***

အမိုးရဲ့ မြေးကလေး လေးယောက် ရှိတဲ့အနက် ကျနော်နဲ့ အလုပ်အတူတူ လုပ်တဲ့ ကရင်အကိုကြီးရဲ့ သားက နှစ်ယောက်ပါ။ တယောက်က အဲဂေ၊ တယောက်က ယာလာ။ အကြီးကောင် အဲဂေက ခြောက်နှစ်၊ အငယ်ကောင် ယာလာက လေးနှစ်သားပါ။

အိမ်ကို သူတို့အဖေက တခါတလေ လာလာလည်တတ်တယ်။ တခါတလေတော့လဲ တခုခု အကူအညီတောင်းဖို့၊ တခါတလေကျတော့လဲ ပိတ်ရက်မှာ ဘီယာ အတူတူ သောက်ဖြစ်တာတို့ပေါ့။ အဲဒီအခါမျိုးတွေကျရင် အဲဂေနဲ့ ယာလာလဲ တခါတလေ ပါလာတတ်တယ်။ နောက်ပိုင်းကျတော့ အိမ်ချင်းကလဲ နီးနေတော့ အိမ်ကို သူတို့မိဘတွေ မပါဘဲနဲ့လဲ အဲဂေနဲ့ ယာလာ ရောက်ရောက်လာတတ်တယ်။

သူ့အဖေပါလာရင်သာ အဖေရှေ့မို့ ငြိမ်နေပေမယ့် သူတို့ မိဘတွေ မပါဘဲနဲ့ အဲဒီ ညီအကို နှစ်ယောက် အိမ်ကိုရောက်လာပြီလား ဆိုရင် ကျနော့်ကို အဲဒီ နှစ်ယောက်က အနိုင်စားကြီး နိုင်စားတော့တာပါပဲ။ သူတို့ရောက်လာချိန်မှာများ ကွန်ပျူတာ ဖွင့်ထားပြီး စာရေးနေခိုက်ဖြစ်နေလို့ကတော့လား...၊ `ဦးဦး၊ Let me play computer´ ဆိုပြီး အနိုင်စကျင့်တော့တာပဲ။ `အေး၊ အေး´ ဆိုပြီး ဖယ်ပေးလိုက်ရင် ကီးဘုတ်ကို တဖျောက်ဖျောက်နဲ့ အဆက်မပြတ်ရိုက်ပြီးတော့ ဂိမ်းကစားတတ်တာက အဲဂေ...။ ယာလာကတော့ ကွန်ပျူတာရှေ့ စားပွဲပေါ်မှာ တင်ထားတတ်တဲ့ မုန့်ထုပ်တွေကို တခုပြီး တခု လက်ညှိုးထိုးပြီး တောင်းစားတော့တာ...။

အခုလဲ ယာလာ တယောက် အိမ်ကို ရောက်လာပြန်ပြီ။

***

`အဲဂေရော´

ကျနော့် အမေးကို ယာလာက ခေါင်းခါ အဖြေပေးပြီးတော့ တီဗွီရှေ့က ဆိုဖာပေါ်မှာ သွားထိုင်တယ်။ အဲဂေ မလာဘူးဆိုတော့ နည်းနည်းတော့ စိတ်အေးသွားတယ်။ ကျနော့်ကွန်ပျူတာရဲ့ အချုပ်အခြာအာဏာကို ထိပါးနှောက်ယှက်မှာက ဒင်း ဆိုတော့ သူ့ကိုတော့ နည်းနည်းလန့်တယ်။

`ကာတွန်းကား ကြည့်မယ်ဟုတ်´

ယာလာ ခေါင်းငြိမ့်ပြတယ်။ ဒါနဲ့ တီဗွီဖွင့်ပေးလိုက်ပြီးတော့ စက်ရှေ့မှာ ပြန်ထိုင်လိုက်တယ်။ ဒီနေ့ ဘာရေးရရင် ကောင်းပါလိမ့်ပေါ့...။ ရေးမယ်လို့ စဉ်းစားထားတဲ့ အကြောင်းအရာတွေကလဲ သုံးလေးမျိုးလောက် ရှိနေတယ်။ ကဲ...၊ စမယ်ကွာ။

တကြောင်း၊ နှစ်ကြောင်း အစပျိုးတုန်းပဲ ရှိသေးတယ်။ ယာလာ တယောက် ကျနော့်နားမှာ လာရပ်တယ်။ ပြီးတော့ ကွန်ပျုတာစားပွဲကို အငေးသားကြည့်နေတယ်။ သေသေချာချာ ကြည့်လိုက်တော့မှ စားပွဲပေါ်မှာ သူ စိတ်ဝင်စားစရာ သကြားလုံးထုပ် ရှိနေတာကိုး...။ ဟိုနေ့က ထိုင်းဆိုင်မှာ ဈေးသွားဝယ်ရင်းနဲ့ မန်ကျည်းသီး အရသာ သကြားလုံးထုပ်တွေ့လို့ သဘောကျတာနဲ့ ၀ယ်လာတာ...။ အခုတော့ ယာလာက အဲဒါကို မျက်စိကျနေပြီ။ အဲဒါနဲ့ အထုပ်ထဲက သကြားလုံး လေးငါးလုံး ယူပြီးပေးလိုက်တော့ ယာလာကျေနပ်ပြီး ပြန်လှည့်သွားတယ်။

အခြေအနေက အေးဆေးပြီ ထင်ပြီးတော့ ကိုယ့်အလုပ် ကိုယ်ဆက်လုပ်မယ် ပြန်ပြင်တုန်းမှာပဲ စေ့မထားမိတဲ့ တံခါးက ပိုင်စိုးပိုင်နင်းနဲ့ ကျွီခနဲ ပွင့်လာတယ်။ လှည့်ကြည့်လိုက်တော့ မောင်မင်းကြီးသား အဲဂေ...။ `သွားပါပြီ´ လို့ စိတ်ထဲကနေ ညည်းညူလိုက်တယ်။

ဒါပေမယ့် အဲဂေတယောက် ဒီနေ့ကျမှ ထူးထူးခြားခြားနဲ့ ကွန်ပျူတာကို စိတ်မ၀င်စားဘူး။ ယာလာ့ဘေးနား သွားထိုင်ပြီး `မင်းဘာတွေ စားနေတာလဲ´ မေးတယ်။ ဟိုကောင်လေးက ကျနော့်ဆီကို မေးဆတ်ပြတယ်။ အဲ့ဂေက ကျနော့်ဆီကနေ လာတောင်းချင်ပုံမရဘူး။ ဒါနဲ့ သူ့ညီဆီကနေ တလုံးနှစ်လုံး ယူလိုက်တယ်။ ဒီအထိတော့ ယာလာက အေးဆေးပဲ...။ ကျနော့်နားကို နောက်တခေါက် ပြန်လာတယ်။ `ဦးဦး´ လို့ ခေါ်ပြီး သကြားလုံးထုပ်ကို လှမ်းကြည့်တယ်။ ဒါနဲ့ ကျနော်လဲ နောက်ထပ် ထပ်ပေးလိုက်တယ်။ ပြန်လှည့်သွားပြန်တယ်။

ခဏနေကြာတော့ ညီအကိုနှစ်ယောက် အဝေ မတည့်ပြန်ဘူး။ ယာလာက `မင်း၊ ဦးဦးဆီ သွားတောင်းပါလားကွ´ လို့ သူ့အကိုကို ရန်တွေ့တယ်။ အဲဂေကလဲ ခပ်ပြတ်ပြတ်ပဲ...၊ `ဒါကိုပဲ အတူတူစားလဲ ရတာပဲ´ လို့ ပြန်ပြောတယ်။ ဒါနဲ့ပဲ ယာလာ နောက်တခေါက် ထပ်ရောက်လာတယ်။ ဒီတခါတော့ စိတ်အေး၊ရန်ငြိမ်း သဘောနဲ့ ယာလာကို သကြားလုံးတထုပ်လုံး ကျနော် ပေးလိုက်တယ်။

အဲဒီမှာတင် ပြဿနာက ပိုကြီးတော့တာပဲ။ ယာလာဆီမှာ သကြားလုံး တထုပ်လုံး ရထားပြီဆိုတာကို တွေ့သွားတဲ့ အဲဂေက စောစောတုန်းကလို တလုံးနှစ်လုံး တောင်းစားရရုံနဲ့ မကျေနပ်နိုင်တော့ဘူး။ အဲဒါနဲ့ သူ့ညီကို `ငါ့ကိုလဲ ထပ်ပေးဦး၊ မင်းက တထုပ်လုံးရထားတာ´ လို့ ပြောပြီး ပုံစံကလဲ မပေးရင် လုမယ် ဆိုတဲ့ ပုံစံပေါက်လာတယ်။ တယောက်နဲ့ တယောက် အပြန်အလှန် အော်ဟစ်စ ပြုလာတယ်။ ကျနော်လဲ ဘယ်လိုမှ မနေသာတော့ဘူး။ ဒါနဲ့ သူတို့ နှစ်ယောက် ငြိမ်းချမ်းရေးများ ရလေမလား ဆိုပြီး ယာလာကို စည်းရုံးဖို့ အရင်ကြိုးစားလိုက်တယ်။ `ယာလာ အတူတူစားကြလေ၊ ညီအကိုနှစ်ယောက် တည့်တည့်စုစု နေကြမှပေါ့၊ ဦး နောက်ထပ်ဝယ်ပေးမယ်လေ၊ အခု အတူတူစားနော်´ ဘာညာသာရကာနဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ် လုပ်လိုက်တာ...၊ မဆိုးတော့ မဆိုးဘူး။ အောင်မြင်ပါတယ်။

ယာလာက စည်းရုံးရေးကောင်းတဲ့ ကျနော့်ကို ဘယ်လို တုံ့ပြန်လဲဆိုတာကတော့ အောက်က ပုံမှာသာ ကြည့်ကြပါတော့...။




သူ့လက်ထဲကို တထုပ်လုံး ရောက်နေတဲ့ သကြားလုံးကို ဘယ်နည်းနဲ့မှ၊ ပြီးတော့ တလုံးတလေမှ ခွဲဝေ မပေးနိုင်တော့တဲ့ ယာလာကို ကျနော်လဲ ဘယ်လိုမှ စည်းရုံးလို့ မရတော့ နောက်ဆုံးမှာတော့ လက်လျှော့လိုက်ရတော့တယ်။ အဲဂေကို `ကဲ...အဲဂေ၊ ကွန်ပျူတာ နာရီဝက်ကစားနော်´ လို့ ပြောပြီး အာရုံပြောင်းပေးလိုက်ရတယ်။

***

နောက် တနာရီကျော်လောက်ကြာမှ အဲဒီ ညီအကို နှစ်ယောက် ပြန်သွားတော်မူကြတယ်။ ဒါပေမယ့် ယာလာကတော့ သူ့လက်ထဲက သကြားလုံးထုပ်ကို လုံးဝ အထိမခံတော့ဘူး။ တော်တော်သဘောထားတင်းတဲ့ ယာလာ...။

အဲဒီညီအကို နှစ်ယောက် ပြန်သွားတော့ ကျနော်လဲ တော်တော်နဲ့ စာပြန်ရေးလို့ မရတော့ဘူး။ သူတို့နှစ်ယောက်ရဲ့ ဖြစ်ပုံကို ပြန်စဉ်းစားပြီး ရယ်လဲရယ်ချင်...၊ အာရုံလဲနောက်...၊ ဒါပေမယ့်...။ ပြန်စဉ်းစားကြည့်လိုက်တော့...။

အင်းလေ...၊ ကလေးဆိုတော့လဲ သူလိုချင်တာပဲ သူသိတာပေါ့။ တခြားလူကို ငဲ့ညှာရတာတို့ ဘာတို့လဲ စဉ်းစားနိုင်တဲ့ အသိဉာဏ်တွေ ဘာတွေလဲ ရှိရှာသေးတာမှ မဟုတ်တာ။ သူများကို ပေးလိုက်ရင် သူ့အတွက် ဘာမှ မရှိတော့ရင် အခက်ပဲလို့ပဲ တွေးတတ်တာကိုး...။

ကလေးမဟုတ်တော့တဲ့ လူကြီးတချို့တောင်မှ ယာလာ ထက် ဆိုးနေကြသေးတာပဲဟာနော်။

***


ကလိုစေးထူး

15 comments:

Moe said...

ဟုတ်ပါ့ရှင်။ ယာလာ နှုတ်ခမ်စူနေပုံက သဘောကျစရာ။
သူတို့က ကလေးတွေပဲ။ ငယ်သေးလို့ လိုချင်တာ လု လဲ ချစ်စရာ ကောင်းသေးတယ်။
လူကြီးတွေသာ..။

မစ်(စ်)သွန်းသွန်း said...

ကလေးဆိုတာ ဒီလိုပါပဲ။ သွန်းသွန်းတို့ငယ်ငယ်တုန်းကလည်း ဒီလိုပဲ။ အဟိ

mtj said...

ကိုစေးထူး ကိုတော့ တကယ်လေးစားတယ်ဗျာ။ အကြောင်းအရာ ရိုးရိုးရှင်းရှင်းလေးနဲ့ ပြောချင်တဲ့ ပွိုင့်ကို ထိအောင် ပြောနိုင်ပါပေတယ်။ တကယ် စာရေးကောင်းတယ်ဗျို့ :)

မောင်မျိုး said...

ပို့ စ်တိုင်းမှာတော့ အတွေးလေးတွေ တစ်ခုမဟုတ် တစ်ခုပေးနိုင်တဲ့ အစ်ကိုစေးထူးကို လေးစားတယ်ဗျို့  ဖတ်လို့ ကောင်းတယ်း)

mmthinker said...

မြန်မာပြည်မှာလည်း ကမ္ဘာကျော်ကလေးကြီးတွေ ရှိတယ်ဗျို့။

ညီအကိုများ said...

မိုက်တယ်ဗျာ..ကိုစေးထူးရေ...
အားပေးလျက်ပါဗျို့ ....

ကိုနေ

tha said...

ဒီနေ့မှဒီဘလော့ကို စရောက်ဖူးတာ...
စာရေးကောင်းတဲ့ Blogger တစ်ယောက်
တွေ့ရတာဝမ်းသာစရာပါ၊
စာတွေလာဖတ်မယ်နော်...

Ko Paw said...

ဘာလဲ….ကိုစေးထူး……..ဦးဦးဂန်ဘာရီကို ကိုယ်ချင်းစာ သွားပြီလား….ဟားဟား

My Wonderful Moral Thoughts said...

Cute!!

အတွေးလေးတွေ တစ်ခုမဟုတ် တစ်ခုပေးနိုင်တဲ့ ကိုစေးထူး စာရေးကောင်းတယ်... ဘာရေးရေး နန္ဒာကတော့ ဖတ်မှာပဲ။

SMNTL

mgngal said...

ဟိုက် တယ်မိုက်ပါလား။
ကိုစေးထူးကြီးက သကြားလုံး စားတုန်းပဲ ထင်တယ်။:P

BLACK DREAM said...

ဟား...ငါ့အစ်ကိုကတော့ လိုက်မမှီတော့ဘူး။ အဲ့ဒါကြောင့် ပြောတာပေါ့ အရိုးဆုံးဟာ ဘယ်တော့မှ ဟောင်းမသွားဘူးဆိုတာ။ အစ်ကို့ရဲ့ အနုပညာကိုတော့ လေးစားပါတယ်ဗျာ။ :)

စန္ဒီမိုးမြင့် said...

ဦးဦးကလိုစေထူး
အဲဒီယာလာ လက်ထဲက သကြားထုပ်ကို အတင်းမလုလိုက်နဲ့နော် Danger zone :P
ဂန်ဘာရီ လက်လျှော့တဲ့နေ့ ဦးဦးကလိုစေးထူးတို့ကို ကိုယ်စာလှယ်ခန့်မယ် ။အဲကျမှ သကြားလုံးဝယ်ပြီးပြန်မသွားနဲ့
:)အရေးအသားလေးက ရိုးရှင်းပြီး ထိမိပါတယ်

Republic said...

လာဖတ်တိုင်း အမြဲပြောနေကျ .. အရေး နဲ့ အတွေး တထပ်တည်းကျ ..ကောင်းတယ်ဗျာ .. ကိုစေးထူးရေ ၊၊

တန်ခူး said...

ယာလာနဲ့ အဲဂေ ကနေ အတွေးလေးတွေပေးတဲ့ ပို့ စ်တခု ရသွားတော့ သူတို့ ကို သကြားလုံး တယောက် တထုတ်ဆီ ၀ယ်ကျွေးလိုက်နော်…

rita said...

KO Say Htoo

chaung tway soe tar ,,no wonder,,,
ta kyar lone a htote lite sar tar koe :D