Monday, September 22, 2008

စပ်မိစပ်ရာ…(၂၄)

ဒီနေ့တော့ ကျနော့်ဘလော့ဂ်မှာ မတင်ဆက်ဖြစ်တာ အတန်ကြာနေပြီ ဖြစ်တဲ့ စပ်မိစပ်ရာ ကဏ္ဍကို ပြန်လည်တင်ဆက်ပါရစေ...။

စပ်မိစပ်ရာ ကဏ္ဍဟာ တကယ်တော့ မီဒီယာနဲ့ စာစောင်တွေမှာ ပါရှိပြီးသား သတင်းတချို့ကို တဆင့်ပြန်လည် ဖော်ပြတာပဲ ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် သတင်းမဖတ်ဖြတ်လိုက်တဲ့ ကျနော့် မိတ်ဆွေများ ကျနော့် ဘလော့ဂ်ကို ရောက်တုန်းရောက်ခိုက်မှာ ထူးခြားတဲ့ သတင်းတချို့ကို သိရှိသွားစေချင်တာက တချက်၊ သတင်းရေးဟန်ကို ရသခပ်ဆန်ဆန်လေး ရေးကြည့်ချင်တဲ့ စိတ်ဆန္ဒက တချက်ကြောင်း ဒီကဏ္ဍကို တင်ဆက်ဖြစ်ခဲ့ပါတယ်။ တခြားရေးစရာတွေဘက်ကို အာရုံပိုစိုက်မိလိုက်တဲ့ အတွက် စပ်မိစပ်ရာက ခပ်အေးအေးတောင် ဖြစ်လို့နေပါပြီ။

AGT 2008 ပြိုင်ပွဲရဲ့ Top 10 show အစီအစဉ်ကို ပြီးခဲ့တဲ့အပတ် ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့ပြီး ကြာသပတေးနေ့မှာ ရလဒ်တွေကို ကြေညာခဲ့ပါတယ်။ ပရိသတ် အသည်းစွဲ လေးနှစ်သမီးလေး Kaitlyn Maher နဲ့ ကာလသားတို့ အကြိုက် Jussica Price တို့ကတော့ ဒီအဆင့်မှာတင် ပြုတ်ကျန်ရစ်ခဲ့ကြပါတယ်။




ပြိုင်ပွဲ ရလဒ်တွေကို ကြေညာတဲ့အခါမှာ ထူးခြားတာ တခုကို သတိထားမိတာကတော့ ပြိုင်ပွဲကနေ ရှုံးလို့ ထွက်ရတော့မယ့် ပြိုင်ပွဲဝင်တွေရဲ့ High Lights တွေကို ပြန်ပြတာပါ။ ပြိုင်ပွဲစီစဉ်သူတွေ အနေနဲ့ကတော့ အဲဒါကို နှစ်သိမ့်မှု တခုအနေနဲ့ ပြုလုပ်တာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် မိမိရဲ့ ရှုံးနိမ့်မှုပုံရိပ်တွေကို လူတွေအများကြီးရဲ့ ရှေ့မှာ အားတင်းပြုံးပြပြီး ဘာမှမဖြစ်သလို နေပြနေကြရတဲ့ ပြိုင်ပွဲဝင်တွေရဲ့ မျက်နှာထားတွေကို တွေ့ရတာကတော့ စိတ်မသက်သာစရာပါ။

အရှုံးသမားအားလုံးထဲမှာတော့ လေးနှစ်သမီးလေးဟာ သူ့အရွယ်နဲ့ စာရင် မယုံနိုင်စရာကောင်းလှစွာပဲ သူ့ရဲ့ အရှုံးရလဒ်ကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်သွားတာကို တွေ့ရပါတယ်။

တရုတ်နိုင်ငံက နို့မှုန့်ကုမ္ပဏီတချို့က ထုတ်လုပ်တဲ့ နို့မှုန့်တွေမှာ ဘေးအန္တရာယ်ဖြစ်စေတတ်တဲ့ ဓာတုဗေဒ ပစ္စည်းတွေ အသုံးပြုကြောင်း စစ်ဆေးတွေ့ရှိရလို့ အာဏာပိုင်တွေက စစ်ဆေးအရေးယူနေတယ် ဆိုတဲ့ သတင်းကို ဖတ်လိုက်ရပါတယ်။ အသိနောက်ကျတဲ့ အဲဒီ စစ်ဆေးမှုကို ကလေးငယ် (၄)ဦးသေ၊ (၁၅၈)ဦးက ကျောက်ကပ်မှာ စိုးရိမ်ရတဲ့ ပြဿနာဖြစ်ပွားနေပြီးတော့ (၆၂၂၄)ယောက်က ဖျားနာနေတယ်ဆိုတဲ့ အခြေအနေတွေကို ရင်ဆိုင်ပြီးမှ ပြုလုပ်နိုင်ခဲ့တာကတော့ ၀မ်းနည်းစရာပါ။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)က ကြီးမှူးကျင်းပနေတဲ့ ဘယ်ဘောလုံးပြိုင်ပွဲမှာ မဆို `လုပ်ပွဲ ဖန်တီးမှု´ လုံးဝမရှိပါဘူး လို့ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က မီဒီယာတွေရှေ့မှောက်မှာ အာမခံချက်ပေးတယ်လို့ သိရပါတယ်။ `လုပ်ပွဲများ ရှိခဲ့ပါသလား´ ဆိုတဲ့ မေးခွန်းကို MFF အတွင်းရေးမှူး ဦးဘန်နီတင်အောင်က `ငွေကြေး ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ဘောလုံးပွဲတပွဲကို သူ့ရည်ရွယ်ချက် အပြည့်နဲ့ အသင်းနှစ်သင်းစလုံးက ကိုယ်စွမ်းရှိသလောက်၊ ဉာဏ်စွမ်းရှိသလောက် ကစားခဲ့ရင် လုပ်ပွဲ လို့ ပြောလို့မရပါဘူး´ လို့ ဖြေကြားပါသတဲ့...။

စဉ်းစားစရာကောင်းတာက `ငွေကြေး ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ... ... ...´ ဆိုတဲ့ စကားပါ။ ဘောလုံးပွဲတပွဲမှာ ငွေရေးကြေးရေးကိစ္စတွေ ပါလာပါပြီ ဆိုကတည်းက အဲဒီ အသင်းနှစ်သင်းက ကစားသမားတွေဟာ လုပ်ပွဲ ဘယ်သူမှ မကစားကြဘူးလို့ ဘယ်လိုယုံကြည်လို့ရနိုင်မလဲ ဆိုတာ တော်တော် စဉ်းစားစရာကောင်းပါတယ်။ တကယ်ပဲ လုပ်ပွဲတွေ မရှိလို့ တာဝန်ရှိသူတွေက အခုလို အာမခံတာဆိုရင် ထားပါတော့...၊ လုပ်ပွဲတွေ ရှိနေလျက်သားနဲ့ အကြောင်းကြောင်းကြောင့် ဖုံးကွယ်ချင်လို့ ဒီလိုစကားကို မျက်စိမှိတ်ပြောလိုက်ရတာဆိုရင် `မြန်မာ့အားကစား ကမ္ဘာကို လွှမ်းစေရမည်´ ဆိုတဲ့ ဆောင်ပုဒ်ဟာလဲ အလကား ဖြစ်နေမှာ သေချာပါတယ်။

မည်သို့ပင်ဖြစ်စေ...၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရဲ့ အားထုတ်ကြိုးပမ်းမှု တခုကိုတော့ အသိအမှတ်ပြု ချီးကျူးရဖို့ ရှိပါတယ်။ အဲဒါကတော့ နာဂစ်မုန်တိုင်းဘေး ရန်ပုံငွေအဖြစ် ၁၉၉၄ ခုနှစ်၊ ကမ္ဘာ့ဖလားပြိုင်ပွဲ အနိုင်ရ ဘရာဇီးဘောလုံးအသင်းဟာ မြန်မာနိုင်ငံမှာ ချစ်ကြည်ရေး ဘောလုံးပွဲ လာရောက် ကစားဖို့ ရှိပါတယ်။ အကြမ်းဖျင်းအားဖြင့် အောက်တိုဘာ (၂၈)ရက်နေ့မှာ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းနဲ့ ချစ်ကြည်ရေးပွဲ ကစားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။ ရိုမာရီယို၊ ဒွန်ဂါ နဲ့ ဘီဘက်တို အစရှိတဲ့ နာမည်ကြီးတွေ ပါမပါတော့ မသေချာသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် နာဂစ်မုန်တိုင်းဘေး ရန်ပုံငွေပွဲ အဖြစ်ကစားကြမှာ ဖြစ်လို့ ကျေနပ်စရာပွဲတပွဲ ဖြစ်လာမှာပါ။

အင်းစိန် အကျဉ်းထောင်အတွင်းမှာ တတိယအကြိမ်မြောက် ၀ိပဿနာတရားစခန်းကို စက်တင်ဘာ ၈ ရက်နေ့က ဖွင့်လှစ်ခဲ့ပြီး အကျဉ်းသူ ၅၆ဦး တရားစခန်းဝင်ရောက်ခဲ့တယ်လို့ သိရှိရပါတယ်။ အဲဒီ တရားစခန်းတွေရဲ့ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်တွေကို ဇူလိုင်လနဲ့ သြဂုတ်လအတွင်းတွေမှာ ပြုလုပ်ခဲ့ပြီးတော့ တကြိမ်လျှင် အမျိုးသား အကျဉ်းသား ၆၄ ဦးစီ တရားစခန်း ၀င်ရောက်ခဲ့ပါတယ်။ တရားစခန်းဝင်ရောက်လိုသူ အကျဉ်းသားတွေကို နှလုံးရောဂါနဲ့ အဆုတ်ရောဂါအပြင် အထွေထွေ ရောဂါတွေကို ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပြီး ကျန်းမာရေးကောင်းမွန်သူတွေကို တရားစခန်း ၀င်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

အခုတလောမှာ လာတတ်တဲ့ Forward မေးလ်တွေရဲ့ နှိပ်စက်မှု ဒဏ်ကလဲ မသေးပါဘူး။ ဟိုးးးတလောကများဆိုရင် မောင်မင်းကြီးသား တယောက်က ကျနော့်ဆီ ပို့တဲ့ မေးလ်ထဲမှာ `သင်သည် နအဖ မကောင်းကြောင်းကိုသာ ရေးနေခြင်းဖြင့် အချိန်ကုန်နေတော့မည်လား၊ ကျွန်ုပ်ရေးသားသော ဘလော့ဂ်အား လာရောက်ကြည့်ရှုလေလော့ တမုံ့´ ဆိုပြီး သူ့ဘလော့ဂ် လိပ်စာနဲ့ပါတကွ ကြော်ငြာမေးလ်လာလို့ သွားဖတ်လိုက်တော့ Porn ဘလော့ဂ် (အဲဒီ ဘလော့ဂ်တွေ ကိစ္စကို အေးအေးဆေးဆေး ထပ်ရေးပါဦးမယ်) ဖြစ်နေတယ်။

နောက်တခုကတော့ သတင်းအချက်အလက်တွေကို ပေးပို့တဲ့ Forward မေးလ်တွေပါ။ ကိုယ်သိထားတဲ့ သတင်းကို ဖြန့်ဝေပေးတယ် ဆိုပေမယ့်လဲ အဲဒီ ပေးပို့တဲ့ သတင်းမှန်၏၊ မမှန်၏ ဆိုတာကို အတည်ပြုဖို့ကျတော့ ခက်ခဲလှပါတယ်။ တကယ်လို့များ မမှန်ခဲ့ရင် မူရင်းပို့သူမှာလဲ နာမည်ပျက်သလို ထပ်ဆင့်ဖြန့်ဝေသူကိုပါ ထိခိုက်နိုင်ပါတယ်။

***




ကိုလေးဖြူရဲ့ သီချင်း အသစ်ဖြစ်ဟန်တူတဲ့ တပုဒ်ကို ပဒုမ္မာဖိုရမ်ရဲ့ တာဝန်ခံ ကိုမျိုးသော်က ယူကျုမှာ တင်ပေးထားတာပါ။ သီချင်းကောင်းလေးမို့ ကျနော့် ဘလော့ဂ်မှာပါ တင်ဆက်လိုက်ပါတယ်။ အားလုံး ပျော်ရွှင်နိုင်ပါစေ။


ကလိုစေးထူး

8 comments:

Anonymous said...

Eli Mattson နဲ့  Jussica တူတူဖြစ်သွားတော့တစ်မျိုးလေး ကျနော်က ၂ယောက်စလုံးကို ကြိုက်တာ ။ talent ပိုင်းမှာ Eli Mattson က ပိုတော်တယ် ဖိုင်နယ်ပွဲကျတင်ပေးပါအုံး သတင်းတွေစုံနေတာပဲ အစ်ကိုရေ့ ကျေးဇူးး

mgngal said...

Forward mail ကိစ္စကတော့ ကျနော်လည်း ထောက်ခံတယ်
ဗျို့ ။:)
၂ နှစ်ပြည့်သွားလို့  ခဏ နားနေတယ်လို့ တော့ ထင်သား။

M.Y. said...

ကိုစေးထူး ညွှန်းလို့ လေးနှစ်သမီးလေး ကြည့်ဖြစ်လိုက်တာ ညွှန်းလောက်ပါတယ်။

ဘရာဇီးအသင်းအမိမြေမှာ လာ ကန်မယ်ဆိုတော့ အတိုင်းထက်အလွန်ပါပဲ။ လေးဖြူသီချင်းလဲနားဆင်သွားပါကြောင်း..

မြန်မာသတင်းတွေအားလုံးကကျွန်တော့်အတွက် အသစ်ချည့်ပဲမို့ ကျေးဇူးပါ။ရသပါထည့်လိုက်တော့ :-)

တန်ခူး said...

ကိုစေးထူးရေ… အင်းစိန်ထောင်က တရားစခန်းသတင်းလေးကြားတော့ ၀မ်းသာမိပါတယ်… ကန္တာရထဲက ရေကြည်တပေါက်ပေါ့…

Phyo Evergreen said...

ကိုစေးထူးရေ Jessica ကိုထပ်သနားရပြန်ပြီ...။ ကိုလေးဖြူသီချင်းတင်ပေးတဲ့အတွက်ကျေးဇူးပါ။

Unknown said...

လေးဖြူသီချင်းခံစားသွားတယ် အစ်ကိုရေ..။ အမှန်ကတော့ ကျွန်တော်က Emperor နဲ့ ကိုညီထွဋ်ရဲ့ အမြဲတမ်း အမာခံပရိတ်သတ် :P

ကလိုစေးထူး said...

မောင်မျိုး...၊ ဂျက်စီကာက နောက်ဆုံးတခေါက် ဆိုတာ ကောင်းပေမယ့် အရင်အခေါက်တွေ ညံ့ထားတော့ ပြုတ်တာနဲ့ တူပါတယ်။ ဖိုင်နယ်ပွဲလဲ တင်မှာ..စိတ်ချ။
ကိုမောင်ငယ်...၊ တရက်နှစ်ရက်တော့ နားလိုက်တယ်လေ။
ကိုမောင်ရင်...၊ ဘရာဇီးအသင်းဆိုပေမယ့် သက်ကြီးအသင်းပေါ့။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် မဆိုးပါဘူးလေ။
မတန်ခူး...၊ ကျနော်လဲ အဲဒီသတင်းကို ကျေနပ်မိတယ်။
ကိုဖြိုး...၊ ဘယ်တတ်နိုင်မလဲနော :P
ကိုအိပ်မက်...၊ ကျနော်လဲ အရင်ကတော့ ဇော်ဝင်းထွဋ် ကြိုက်ပါတယ်။ အခုတော့ မကြိုက်တော့ဘူး။

tututha said...

Thanks for Lay Phyu's song

ttt