ကျနော်လဲ အခုတလော ရေးဖြစ်နေတာတွေက ဘာနဲ့ တူနေသလဲ ဆိုတော့ ဓာတ်ဆီအပြည့်တင်ထားတဲ့ ကားတစီးကို မီးပုံတွေနားကနေ ဖြတ်မောင်းနေတာနဲ့ တူနေတယ်လို့ ခံစားမိတယ်။ ဒါပေမယ့် ဒီကားပေါ် တက်ထိုင်ပြီး မောင်းတော့မယ်ဟဲ့ လို့ စိတ်က ရည်ရွယ်နှင့်ပြီး ဖြစ်နေတာကြောင့် မောင်းလက်စနဲ့ မောင်းပါရစေဦး...။
အခုလို စာမျိုးတွေကို ရေးရတာဟာ သေချာတာ တခုကတော့ အနည်းနဲ့အများ လူမုန်းခံရမှာပါပဲ။ ဒါပေမယ့်...။
စာရေးတဲ့သူဟာ `အနုပညာ´ တရပ်ကို ဖန်တီးနေသူလို့ ကျနော် ယုံကြည်ထားပါတယ်။ စာတပုဒ်ကို ရေးသားရာမှာ ကိုယ်ရေးတဲ့စာဟာ လူအများက ပြောချင်နေတဲ့ စကားတွေဖြစ်အောင် စာကွန်း၊ စာမွှန်းတွေနဲ့ ကွန့်ကာ ညွန့်ကာ ဖတ်ချင်စဖွယ်ဖြစ်အောင် ရေးရတာမို့ စာရေးတာဟာလဲ အနုပညာ တရပ်ပါ။
ဒီတော့ စာတပုဒ်ကို ဖန်တီးသူ အနုပညာရှင်ဟာ သူရေးနေတဲ့ စာတွေသည် လက်ရှိခေတ်ကို ထင်ဟပ်နေစေရမယ်၊ လက်တလော အခြေအနေတွေကို ကိုယ်စားပြုနေမယ်လို့ ကျနော် ထင်မြင်ပါတယ်။
ကဲ...၊ ဓာတ်ဆီကားကြီးကို စ မောင်းပါရစေတော့...။
ပေးစာ (၁)မှာ ရေးခဲ့သလိုပါပဲ...၊ အခု အိတ်ဖွင့်ပေးစာသည်လည်း တိုက်ဆိုင်မှု ရှိသူတိုင်းကို ရည်ရွယ်ရေးသားကြောင်းပါ...။
***
ု
`လူတယောက်ချင်းစီရဲ့ ကိုယ်ပိုင်အမြင်ကိုတော့ ဘာမှမပြောလိုပါဘူး၊ ဒါပေမယ့် ရေးထားတာက မဟုတ်သေးတာမို့ ရင်ထဲမယ် အောက်ဂလိအာ ဖြစ်လာတယ်´
အဲဒီ စာကြောင်းမှာ `အောက်ဂလိအာ´ ဆိုတာကို သုံးထားတဲ့ ဆိုလိုရင်း အဓိပ္ပာယ်က စဉ်းစားစရာပါ။ တကယ်တော့ `အောက်ဂလိအာ´ ဆိုတာက `ဟိုမဟုတ်၊ ဒီမဟုတ်´ လို့ အဓိပ္ပာယ် ရတာပါ။ ဒါပေမယ့် အပေါ်က စာကြောင်းမှာ သုံးထားတဲ့ သဘောကတော့ `အမြင်ကပ်တယ်´ `ချဉ်တယ်´ လို့ ပြောချင်ဟန် ရှိပါတယ်။
ဒီတော့ စာတပုဒ်ကို အဲဒီလိုစိတ်အပေါ်မှာ အရင်းတည်ပြီး ရေးလာပြီဆိုရင် အဲဒီစာဟာ အပြုသဘောဘက်ကို ဘယ်လောက်အထိ ချဉ်းကပ်လာနိုင်မှာလဲ ဆိုတာ စဉ်းစားစရာပါ။
`လူ့အဖွဲ့အစည်း´ ဆိုတာဟာ လူမျိုးတူရာအလိုက်၊ ယဉ်ကျေးမှု တူရာအလိုက်၊ ပထ၀ီ အနေအထားတူတာအလိုက် အစသဖြင့် တူရာတွေကို စုစည်းပြီးတော့ စုစည်းကြတာမို့ `လူ့အဖွဲ့အစည်း´ ရယ်လို့ ခေါ်ဝေါ်ကြတာပါ။ အဲဒီလို လူ့အဖွဲ့အစည်းမျိုးကို ဟိုးရှေးရှေး ပဝေသဏီက စလို့ ပုံစံအမျိုးအမျိုး ဖွဲ့စည်းလာလိုက်တာ ယနေ့ထက်ထိ တိုင်အောင်ပါပဲ။
လူ့အဖွဲ့အစည်းကို ဖွဲ့စည်းကြဖို့ လူတွေစဉ်းစားလာကြတဲ့ အဓိက အချက်ဟာ တခုထဲရှိပါတယ်။ တယောက်ထဲအားနဲ့ မစွမ်းသာလို့ပါပဲ။ စုပေါင်းပြီးတော့ လုပ်ဆောင်မယ်၊ ဆွေးနွေးကြံဆကြမယ်၊ အကောင်အထည်ဖော်ကြမယ်ဆိုရင် ပိုပြီးတော့ ကောင်းလာမှာပဲလို့ စဉ်းစားမိလာကြလို့ `လူ့အဖွဲ့အစည်း´ ဆိုတာကို တူရာအလိုက် စုစည်းတည်ဆောက်လေ့ရှိပါတယ်။
ဒီတော့ အဲဒီလို လူ့အဖွဲ့အစည်း တခုမှာ ဦးဆောင်ဦးရွက်ပြုနေသူပဲဖြစ်ဖြစ်၊ သာမန်ပါဝင် နေကြသူတွေပဲဖြစ်ဖြစ် တယောက်ကို တယောက် အပြန်အလှန် နားလည်မှု၊ လေးစားသမှု ရှိရေးဟာ အဲဒီ လူ့အဖွဲ့အစည်း ရေရှည်တည်တံ့ဖို့အတွက် သော့ချက်တခုပါ။ အဖွဲ့အစည်း တခုခုကို တည်ထောင်တော့မယ် ဆိုရင် အဲဒီအခြေခံ အချက်ကလေးမှ မထားနိုင်ရင် ဘယ်လို အဖွဲ့အစည်းမျိုးပဲ ဖြစ်ဖြစ် ရေရှည်တည်တံ့နိုင်စရာ အကြောင်း မရှိပါဘူး။
ဒီနေရာမှာ တခု သတိထားရမှာက ဘယ်လို အဖွဲ့အစည်းမျိုးကိုပဲ တည်ထောင်သည် ဖြစ်ပါစေ၊ အဲဒီ အဖွဲ့အစည်းကို (အကြောင်းအမျိုးမျိုးကြောင့်) ဦးဆောင်ဦးရွက် ပြုနေသူဟာ တခြားလူတွေထက်စာရင် ပိုပြီးတော့ ရင့်ကျက်ရပါမယ်။ သမာသမတ်ရှိရပါမယ်။ ဖြစ်ပေါ်လာလေ့ ရှိတဲ့ ပြဿနာပေါင်းစုံကို အကောင်းဆုံးနည်းလမ်းဖြစ်အောင် အပြုသဘော ချဉ်းကပ်တတ်ရပါမယ်။ "Nobody Perfect" လို့ ဆိုထားသော်ငြား ခေါင်းဆောင်နေရာမှာ ဘယ်လိုအကြောင်းကြောင့်ပဲ နေနေ ခေါင်းဆောင်ကောင်း တယောက်ရဲ့ စိတ်ထားကတော့ ပိုင်ဆိုင်ထားသင့်ပါတယ်။
ထူထောင်ထားတဲ့ အဖွဲ့အစည်းဟာ အားကောင်းစ ပြုလာပြီဆိုရင် အဲဒီအဖွဲ့ထဲကို ၀င်ရောက်လာသူတွေရဲ့ အရေအတွက်ဟာလဲ များလာသလို မတူညီတဲ့ စိတ်ထားပေါင်းများစွာဟာလဲ လာစုစည်းမိတော့မှာပါ။ အဲဒီ မတူညီတဲ့ စိတ်ထားတွေကို အကောင်းဆုံးနည်းလမ်းနဲ့ လိုက်လျောညီထွေ အဖြစ်နိုင်ဆုံးဖြစ်ဖို့ကို စဉ်းစားဖို့ လိုအပ်လာပါပြီ။ အဲဒီအခါမှာ အဓိက အလိုအပ်ဆုံးကတော့ ကျနော် အထက်မှာ တင်ပြခဲ့တဲ့ `အပြန်အလှန် နားလည်မှု´ ပါပဲ။
ဒီနေရာမှာ နားလည်မှုဆိုတဲ့ စကားမှာ `အပြန်အလှန်´ ဆိုတဲ့ အဓိပ္ပာယ်တွေပါတယ် ဆိုတာကိုလဲ သတိထားသင့်ပါတယ်။ တဖက်သတ် သဘောတူညီစေချင်မျိုးချည်း ဖြစ်နေရင်တော့ နားလည်မှု ဆိုတဲ့ စကားနဲ့တောင် မအပ်စပ်ပါဘူး။
ဒီတော့ အဲဒီ အပြန်အလှန်နားလည်မှုတွေ လွဲချော်တဲ့ အခါမှာတော့ အဖွဲ့တည်ထောင်ရတယ် ဆိုတဲ့ မူလရည်ရွယ်ချက်တွေဆီကို မရောက်တော့ဖို့က များသွားပါပြီ။
***
`ခင်ဗျား ၀င်မှာလား၊ ထွက်မှာလား၊ တခွန်းပဲပြော၊ ထွက်မယ်ဆိုလဲ လော့ခ်အင် လုပ်မကြည့်နဲ့တော့´
အဖွဲ့အစည်း တခုကို ဦးဆောင်ဦးရွက် ပြုနေပါတယ် ဆိုတဲ့ လူတယောက်ဟာ မိမိရဲ့ အဖွဲ့ဝင်တယောက်ကို အဲဒီလောက်အထိ ရင့်ရင့်သီးသီး ပြောတာဟာ ဘယ်လို အချက်တွေများကြောင့်ပါလဲ။ ကိုယ်က ဒီစကားတခွန်းကို ပြောတော့မယ်ဆိုရင် တဘက်က အပြောခံရမယ့်လူဟာ ကိုယ်ပြောလိုက်တဲ့ ရင့်သီးမှုမျိုးကို လက်ခံထိုက်တဲ့လူ ဟုတ်ရဲ့လား ဆိုတာကိုတောင် မစဉ်းစား မဆင်ခြင်တာကိုတော့ အံ့သြစရာ အတော်ကောင်းပါတယ်။
စိတ်ကို အလိုလိုက်ပြီးတော့ စိတ်အခန့်မသင့်ခိုက်မှာ ပြောမိတယ်ဆိုရင်တောင်မှ ကိုယ့်အမှားကို ကိုယ်သိပြီးတော့ လုံလောက်တဲ့ တာဝန်ယူမှုမျိုးကတော့ ရှိရပါမယ်။ ဒါဟာ အင်မတန်မှ ရိုးစင်းတဲ့ တာဝန်သိမှု တခုပါ။
ဒီလောက် ရင့်သီးတဲ့စကားကို ပြောလိုက်တဲ့ ကာယကံရှင်ကိုယ်တိုင်ကလဲ ဒါကို တာဝန်မယူတဲ့အပြင် `သူကတော့ ဘယ်နေရာမှာ ဘယ်လိုတွေ လုပ်လာတာကြာပြီ၊ သူနဲ့ သိခဲ့တာက အခုမှ မဟုတ်ဘူး၊ ကြာပြီ´ ဆိုတဲ့ စကားတွေနဲ့ ဘေးပန်းကပါ အကာအကွယ်ပေးနေဦးမယ်ဆိုရင် `ဒီလိုလူတွေက ဒါမျိုးကို ဦးဆောင်နေရသလား´ ဆိုတဲ့ အပြောမျိုး အပြောခံရတာ သိပ်မဆန်းလှပါဘူး။ ကိုယ့်ကို အပြုသဘော ဆောင်စေချင်ရင် ကိုယ်ကိုယ်နှိုက်ကလဲ တခြားတဘက်ကို အပြုသဘော ပြန်မြင်ပေးရမှာပါပဲ။
***
`မြန်မာတွေဟာ Diffcult to deal... ... ...´
စကားတခွန်းကို ကိုယ်က ပြောတော့မယ်ဆိုရင် ကိုယ်သုံးနှုန်းတဲ့ စကားလုံးရဲ့ ဘုံကိုယ်စားပြုမှုကို စဉ်းစားဆင်ခြင်စေချင်ပါတယ်။ မြန်မာအားလုံးဟာ နားလည်ရ ခက်ခဲနေသလား၊ ပြောရလွယ်တဲ့ မြန်မာဆိုတာကရော မရှိတော့ဘူးလားလို့ မေးခွန်းပြန်ထုတ်ချင်တယ်။ တကယ်ဆို ဘယ်လူမျိုးမှာမဆို ပဋိပက္ခဆိုတာ ပုံစံမျိုးစုံနဲ့ ရှိနေကြတာချည်းပါ။ ဒီတော့ မြန်မာတွေ အချင်းချင်း ကတောက်ကဆ ဖြစ်ခါမှပဲ ကိုယ့်လူမျိုးကိုကိုယ် ခပ်နှိမ်နှိမ် ပြောချင်တဲ့ စကားတွေနဲ့ မြန်မာတွေက ဘယ်သို့ ညာသို့ဆိုပြီး ရောကောသောကော မှတ်ချက်ချတာမျိုးကတော့ ခေတ်စကားနဲ့ပြောရရင် မမိုက်ပါဘူး။ ပထမတခါတုန်းကလဲ `မြန်မာတွေက အချင်းချင်း ကိုက်တယ်´ ဆိုတဲ့ စကားမျိုး သုံးတာကို တွေ့ဖူးခဲ့လို့ ကျနော် အကျိုးကြောင်းသင့် ရှင်းလင်းခဲ့ဖူးပါသေးတယ်။
တကယ်တော့ မြန်မာမှ မဟုတ်ပါဘူး။ အင်္ဂလိပ်လဲ ရန်ဖြစ်တတ်ပါတယ်၊ အာရပ်လဲ ရန်ဖြစ်တတ်ပါတယ်၊ အိန္ဒိယလဲ ရန်ဖြစ်ပါတယ်။ ဒါကို မြန်မာလူမျိုးကျမှပဲ ပြဿနာများနေသလိုလို ပြောတာဟာ စကားလုံးရမ်းကားခြင်း တမျိုးပဲ လို့ ကျနော်တော့ မြင်ပါတယ်။ မိမိ ဆက်ဆံတွေ့ကြုံနေရတဲ့ ပတ်ဝန်းကျင် သေးသေးလေးက လူတချို့ကို ဆက်ဆံရခက်ခဲတာနဲ့ပဲ `မြန်မာတွေ...၊ မြန်မာတွေ...၊ မြန်မာတွေ...´ ဆိုတဲ့ စကားလုံးကို လက်လွတ်စပယ်တော့ မသုံးစေချင်ပါဘူး။
ပညာရှင်ဆန်ဆန် သုံးသပ်တယ် ဆိုရင်တောင် အဲဒီလို သုံးသပ်တဲ့လူဟာ အသက်အရွယ်၊ အတွေ့အကြုံ၊ လုပ်ငန်းဆောင်ရွက်မှု အစရှိတာတွေမှာ လူအများက လေးစားလက်ခံနိုင်လောက်တဲ့ အနေအထားတခုကို ကျယ်ကျယ်ပြန့်ပြန့် ခိုင်ခိုင်မာမာ ရထားနေတဲ့ လူတော့ ဖြစ်ရပါမယ်။ ဆိုလိုတာက ဗိုလ်ချုပ်အောင်ဆန်းလိုလူက `မြန်မာတွေဟာ တလွဲဆံပင်ကောင်းနေတာပဲ´ လို့ ပြောတာက နားထောင်ကောင်းပေမယ့် ရပ်ကွက်ထဲက ဆယ်အိမ်ခေါင်းပြောရင်တော့ လူအမြင်ကပ်ချင်စရာ ဖြစ်နေပါလိမ့်မယ်။
***
ပေးစာဟာ အတော်အတန်တော့ ရှည်လျားစ ပြုပါပြီ။
စာကို အဆုံးသတ်ခါနီးမှာ ကျနော် တခု မေတ္တာရပ်ခံချင်တာ ရှိပါတယ်။ ဒီစာဟာ ငြိမ်သက်နေတဲ့ ရေပြင်ကို ခဲတလုံး ဗွမ်းခနဲ လာပစ်ချတဲ့စာမဟုတ်ပါဘူး။ မီးခိုးမထွက်တော့ပေမယ့် အထဲမှာ လောင်မြိုက်နေတဲ့ ဖွဲမီးပုံကို ရေလာလောင်းဖို့ ကြိုးစားကြည့်ခြင်း သက်သက်သာ ဖြစ်ပါတယ်။ မီးပုံကို ရေလာလောင်းတော့ `ရှဲ´ ခနဲ အသံတွေထွက်လို့ ညှော်နံ့တွေဘာတွေလဲ နည်းနည်းပါးပါးတော့ ရနိုင်တာပေါ့။
ဒါပေမယ့် အဓိကကတော့...။
ကျနော် မီးတွေကို ငြိမ်းစေချင်ပါတယ်။
***
ကလိုစေးထူး

12 comments:
မီးတွေက ဖွဲမီးဆိုတော့ ရေလောင်းလို့ မှမရတာ..။
ခက်တော့နေပါပီ...။
ဒါပေမဲ့ အမှန်တွေပဲလေ...။
အမုန်းခံပီးရေးတယ်ပေါ့..။
မေတ္တာရှေ့ထား ပြောတဲ့အတွက် စေတနာ ရောင်ပြန်ဟပ်မှာပါ။ မှန်တာကို ပွင့်ပွင့်လင်းလင်း ယဉ်ယဉ်ကျေးကျေး ပြောဆို ဖော်ထုတ်ရဲတာ ချီးကျူးရမှာပါ။
ညီလင်းဆက် ပို့စ်မှာ အပြုသဘောနဲ့ ထောက်ပြ ဝေဖန်ခဲ့ပါတယ်။ လက်ခံနိုင်စရာ ဖြေရှင်းချက် တစုံတရာ မပေးတဲ့အပြင် သူ့ရဲ့ တဖက်သတ်ဆန်မှု ဖင်ပိတ်ငြင်းတတ်မှုကို ပိုမိုထင်ရှားစေတဲ့ ကောမန့်နဲ့ တုန့်ပြန်ခဲ့ပါတယ်။ နောက်ပိုင်း အခြေနေ မဟန်မှန်း သဘောပေါက်သွားတော့ ကိုယ့်ကောမန့်ကိုယ် ပြန်ဖျက်ပြီး တုံဏှိဘာဝေ လုပ်နေတော့တာပါပဲ။ ကိုယ်တိုင်ကတော့ဖြင့် စကားလုံးကြီးတွေကို ရေလဲသုံး ကိုယ်ရှုကိုယ်ပါတ်ဖြစ်ပြီး တာဝန်ယူမှုကင်းတဲ့ စိတ်ဓါတ်ကို အတော် အော့နှလုံးနာ မိတာကြောင့် မခင်မင်းဇော်ပြောသလိုပဲ “ဘလော်ဂါ ဆိုဆိုက်တီး ဆိုတာ ဒီလိုလူတွေ က ဦးဆောင်နေတာလား” ရေရွတ်ပြီး MBS က ထွက်လိုက်ပါတယ်။
လူ့အသိုင်းအ၀ိုင်းတစ်ခု၊ နိုင်ငံတစ်ခုမှာ ပါဝင်ပတ်သက်နေသူများ အပေါင်းနဲ့ နိုင်ငံသားအပေါင်းဟာ ဘယ်သူမှပေးမထားသော်လည်း မိမိဘာသာ သဘာဝပေးတာဝန်ရှိပါတယ်။ အားလုံး အရေးဟာ ကိုယ့်အရေး ဖြစ်ပါတယ်။ အနည်းစုရဲ့ အမုန်းခံရစေကာမူ အများစုအတွက် ဆိုရေးရှိက ဆိုအပ်ပါပေတယ်။ နိင်ငံသားတိုင်း၊ လူတိုင်းဟာ ကိုယ့်တာဝန်ကိုယ်ယူသင့်ကြပေမယ့် ဒီတာဝန်တွေက လူတိုင်းမယူမနေရမဟုတ်ပါ။ တတ်နိုင်သူက ယူ။ မတတ်နိုင်သူက မယူပဲ နေမယ်ဆိုလဲ နေနိုင်ပါတယ်။ ဒါပေမယ့် ဘယ်သူကမှ မပေးတဲ့ တာဝန်ကို ကိုယ့်ဖာသာ ယူပီး သတ္တိရှိရှိ အမြင်ကျယ်ကျယ်နဲ့ လုပ်ကိုင်နိုင်တဲ့သူများကို အားပေးချီးမြှောက်သင့်သလား၊ လူချင်းရင်းနှီးမှုကို အခြေခံပီး ဒီလုပ်ရပ်တွေကို လုပ်ရင်ဖြင့် လူမုန်းခံရနိုင်တယ် မကောင်းတဲ့ အကျိုးဆက်တွေရလာနိုင်တယ်ဆိုတာ personal အရစိုးရိမ်ပူပန်ပေးနိုင်ပေမယ့်...ဗိုလ်ချုပ်ကို အန္တရယ်များလွန်းတဲ့ အတွက် အင်္ဂလိပ်အစိုးရကို ဆန့်ကျင်တဲ့ အလုပ်မလုပ်ပါနဲ့လို့ ဒေါ်ခင်ကြည်ကမတားခဲ့ပါ။ မတားသင့်ခဲ့ပါ။ အလားတူ ကိုမင်းကိုနိုင့် မိဘကလဲ သူ့သားကိုနိုင်ငံရေးဆက်မလုပ်ဖို့ မတားခဲ့ပါဘူး။..ကိုစေးထူးအနေနဲ့က ဓါတ်ဆီအပြည့်တင်ထားတဲ့ ကားကြီးကို မီးပုံကြီးနားက ဖြတ်ပီးမောင်းနေရတယ်ဆိုရင်တောင်၊ ဘယ်သူမှ မမောင်းရဲတာကြီးကို တာဝန်သိသိနဲ့ အများပြည်သူတွေရှိရာကနေ လူသူကင်းလွတ်ရာကို ကိုယ့်စေတနာနဲ့ကိုယ်တက်မောင်းပေးတယ်လို့ပဲ မြင်ပါတယ်။ တစ်ဆက်တည်း နဲနဲဖြည့်ပြောချင်ပါသေးတယ်။ နိုင်ငံရေးဆိုတာ လူ့ဘောင်တည်ဆောက်ရေး အတွေးအခေါ်ဘာသာရပ်ပါ။ နိင်ငံတစ်နိုင်ငံကို ထိန်းကျောင်းနေတဲ့ မူဝါဒ၊ ဘာသာရေး၊ စီးပွားရေး၊ ကျန်းမာရေး စသည်တို့အတွက် အခြေခံအဆောက်အအုံသဖွယ် အရေးပါလှတဲ့ Social science ပါ။ ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံမှာ သာမန်ပြည်သူပြည်သား (ကျွန်နော်အပါအ၀င်)အပေါင်းယေဘုယျလက်ခံထားတဲ့ နိုင်ငံရေး ဆိုတာ အုပ်ချုပ်သူအာဏာပိုင်များ မတရားတာကို ဆန့်ကျင့်ဝေဖန်ခြင်း စတဲ့ အန္တရယ်များတဲ့ အလုပ်တစ်ခုလိုဖြစ်နေပါတယ်။ ထောက်ခံခြင်း၊ ဆန့်ကျင်ခြင်း နှစ်ခုရှိရာမှာ ထောက်ခံခြင်းဆိုတာကိုတောင် နိုင်ငံရေးလို့သတ်မှတ်ပါသလားဆိုတာ USDA အဖွဲ့ဝင်တွေ အခြားအစိုးရ ထောက်ခံသူတွေကို နိုင်ငံရေးသမားလို့ မခေါ်ကြတာကိုကြည့်ရင် အရှင်းဆုံးပါပဲ။ ဒီလိုကာလ အခြေအနေမျိုးအောက်မှာ လူတွေက ကျွန်တော်တို့ နိုင်ငံရေး ကင်းရှင်းပါတယ် လို့ပြာပြာသလဲ ပြောနေရတာကို ကြည့်ရင် သူတို့ဘာကိုရည်ရွယ်ပြောလိုရင်းလဲ ဆိုတာ ၀မ်းနည်းဖွယ်ရာအလွယ်တကူသိနိုင်ပါတယ်။ ဒီနေရာမှာ ကာယကံရှင်တွေအနေနဲ့ မလိုလားအပ်ပြသနာတွေ ဖြစ်လာမှာစိုးလို့ ဒီလို အလွယ်ပြောလိုက် တာဖြစ်နိင်ပေမယ့် နဂိုကတည်းက ‘နိုင်ငံရေးဆိုတာ Criminal ကြီးတစ်ခုလို indecent act ကြီးတစ်ခုလို’ ပုံဖော်ချင်နေသူတွေ အကြိုက်ကိုလိုက်ပီးပြောမိသလိုဖြစ်နေတာကို သတိချပ်စေချင်ပါတယ်။
`ခင်ဗျား ၀င်မှာလား၊ ထွက်မှာလား၊ တခွန်းပဲပြော၊ ထွက်မယ်ဆိုလဲ လော့ခ်အင် လုပ်မကြည့်နဲ့တော့´ အဲ့စကားလုံးနဲ့  ပက်သက်ပြီး အန်တီခင်မင်းဇော် ပို့ စ်ဖတ်ထဲက စိတ်ထဲမှ ဘ၀င်မကျဘူး ၀င်ချင်ဝင်မယ် ထွက်ချင်ထွက်မယ် ဒါက အပြစ်မှမဟုတ်တာ သူသုံးနှုန်းလိုက်တဲ့ စကားက ခလေးပေါက်စနလေးကို အော်ငေါက်နေတဲ့ ပုံစံကြီးး ဘယ်နေရာမှာ ဘာလုပ်ခဲ့ဆိုတာတော့ သိပ်မသိ အခုအသုံးနှုန်းနဲ့  ဘယ်လိုလူမျိုးဆိုတာကိုတော့ ခန့် မှန်းလို့ ရတယ် ။ အကာကွယ်ပေးသူတွေကလည်း ပုဂ္ဂိုလ်စွဲကြီးတွေနဲ့  သူတို့ တွေ လုပ်ထားတာ သူတို့ ပင်ပန်းတယ် သူတို့ ပြောတာပဲ နားထောင် ပြန်မပြောနဲ့  အဲ့လိုအပေါက် သိပ်ပင်ပန်းနေပါတယ် အလုပ်တွေ ရှုပ်နေတယ်ဆိုတာကပါလိုက်သေး ဖြေရှင်းချက်မကြာခင်ပေးမယ် ဘာညာနဲ့  အရာလည်းမရောက် ။ အချိန်ကုန်ခံပြီး လုပ်ထားပေးတာသိပေမယ့် စေတနာမပါမှန်းသလို့  အဲ့နေရာကို ဂရုကိုမစိုက်တော့ဘူးးး စိတ်ပျက်လို့  ။
ဟုတ်တာပေါ့ ကိုစေးထူးရေ....ပြဿနာဆိုတာမဖြစ်အောင်ကာကွယ်နိုင်ရင်အကောင်း
ဆုံးပါပဲ..ဖြစ်လာရင်လဲပြေပြေလည်လည်ဖြေရှင်ပေးရမှာ
ပေါ့...အခုတော့ အဖွဲ့အစည်းကိုဦးဆောင်သူတွေ ကိုယ်
တိုင်က ဒီအသုံးအနှုံးကို..တမင်သုံးလိုက်တာပါတဲ့...
ဘယ်လိုနားလည်ရမှန်းတောင်မသိတော့ဘူး..
ကိုယ့်အိမ်ကိုလာလည်တဲ့ လူတွေကိုဒီလိုပဲဆက်ဆံကြပါ
သလား..“တစ်ယောက်စကား တစ်ယောက်နားမှာ မခါးရအောင်”ဆိုတာလည်း ရှိသားပဲ...
ဖွဲမီးကို ငြိမ်းစေချင်တဲ့ စေတနာကို မြင်မိပါတယ်။
ကျနော်လည်း မီးငြိမ်းစေချင်ပါတယ်။ ကိုညီလင်းဆက်ရေးတဲ့ ပိုစ့် နဲ့ မခင်မင်းဇော်ရေးထားတဲ့ ပို့ စ်တွေကို သေသေချာချာ ဖတ်မိပါတယ်။ အဓိက ကတော့ ငြိမ်းသွားတာ ကောင်းပါတယ်။
စိတ်လျော့ အစ်ကိုကြီး စိတ်လျော့...။ :(
ကစေးထူး စိတ်လျှော့ဖို့ မလိုပါဘူး။
တင်းစရာ၊ လျှော့စရာစိတ်က အစကထဲကမှ မရှိတာကိုး ...ဒီစိတ်တွေမပါဘဲ ဒီပို့ စ်ကို ရေးထားတယ်လို့ ခံစားမိလို့  ဒီ ပို့ စ်ကို သေချာ ပြန် ဖတ် ကြ ပါဦး.
အင်း...ရှဲ..ခနဲ..
အင်းး အခြေခံကိစ္စကတော့ မုဒိတာစိတ်နဲ့ အပြန်အလှန်လေးစားစိတ် မရှိတာပါပဲ။ ဒါကြောင့်သာ ရိုင်းတာပဲ..။ ဒါဟာ အဖွဲ့အစည်းတခုကို ဦးဆောင်မယ့်သူတွေဆိုရင်တော့ အဲဒီအဖွဲ့ရဲ့ ရေရှည်တည်တံ့ဖို့က မလွယ်ဘူးထင်တာပဲ..။
အလွန်မှန်ကန်သင့်မြတ်ပါတယ် အန်တီမေငြိမ်း
Post a Comment