ကျနော့် အသက် ငါးနှစ်သားလောက်ကပေါ့...။ အဲဒီတုန်းက အလွန်နှပ်ထူတဲ့ ကျနော့်ကို မေမေက ရင်ဘတ်မှာ ပုဝါလေးတထည်ကို တွယ်ချိတ်နဲ့ တွယ်ပြီး ကျောင်းစိမ်း အဖြူအစိမ်း သစ်သစ်လွင်လွင်လေး ဆင်လို့ ကျောင်းကို လက်ဆွဲခေါ်သွားတယ်။ အဲဒီ ကျနော် ပထမဆုံး စတက်ခဲ့ရတဲ့ ကျောင်းက အမက (၁၂)၊ တောင်ဥက္ကလာပ။ ကလေးတွေစိတ်က သိပ်ထူးဆန်းတယ်၊ ကလေးအချင်းချင်း တွေ့ကြရင် `နင့်ဆရာမက ချောလား´ လို့ မေးပြီး ပြိုင်ကြသေးတယ်။ ဒါပေမယ့် ကျနော့်ရဲ့ ပထမဆုံး ဆရာမကတော့ ငယ်ငယ်ချောချော မဟုတ်ခဲ့ပါဘူး။ အသက်က ခပ်ကြီးကြီး၊ မျက်မှန်ကြီး တ၀င်းဝင်းနဲ့ ဒါပေမယ့် စိတ်ကတော့ အလွန်ရှည်တယ်။ နာမည်ကတော့ မမှတ်မိတော့ဘူး။ ဒေါ်သန်းသန်းတင့် လို့တော့ ခပ်ရေးရေးတွေးမိတယ်။
ကလေးဆိုတော့ တွေ့တဲ့လူက ကျနော့်သူငယ်ချင်းပဲပေါ့။ ပထမဆုံး သူငယ်ချင်းဆိုပြီး ဘယ်သူ့ကို စွဲစွဲမြဲမြဲ ခင်မိမှန်းကို မသိဘူး။ ဒါပေမယ့် သိတတ်စ အရွယ်ရောက်လာတော့ ကျနော့်ကို တော်တော်နားလည်တဲ့ သူငယ်ချင်းတယောက်ကို ဆယ်တန်းကျောင်းသားဘ၀မှာ ပထမဆုံး စတွေ့တယ်။ သူ့နာမည်က `စောမိုးအောင်´ တဲ့...။ ပထမဆုံး မိန်းကလေး သူငယ်ချင်းကိုတော့ ဆယ်တန်းအောင်ပြီးလို့ အဝေးသင်သွားဖြေရင်းမှ ရခဲ့တာပါ။ ကောင်မလေး နာမည်က နည်းနည်းတော့ ရှည်တယ်။ `သဇင်မင်းမင်း´ တဲ့။
ကျနော် သုံးတန်းကျောင်းသားလောက်မှာ ထင်တယ်။ အဲဒီတုန်းက ကျနော့် ဦးငယ်ရဲ့ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်ကို ယူဖတ်မိတယ်။ အဲဒီထဲမှာ ရေးထားတဲ့ တချို့စာတွေကို အခုထိ မှတ်မိသေးတယ်။ `ကိုဇော်ဝိတ်နဲ့ တိုင်းလုံးကျော် လက်ဝှေ့ပွဲ´ `ချိုတကူးနှင့် ဂုဏ်ရည်မတူ´ `စလောင်းဖုံးတချပ်´ `ရွာ့ကျက်သရေ´ ဆိုတဲ့ စာတွေကို ဖတ်လို့ကောင်းလွန်းလို့ ခဏခဏကို ဖတ်ခဲ့တာ။ အဲဒီစာအုပ်က ပထမဆုံးဖတ်ဖြစ်တဲ့ စာအုပ်လို့ပဲ ပြောရမယ်ထင်တယ်။ အပြင်စာပေမှာတော့ ပထမဆုံး စွဲစွဲမြဲမြဲ ဖတ်ဖြစ်သွားတာက တက္ကသိုလ်ဘုန်းနိုင်ရဲ့ `သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင်´...။
ကျောင်းစာနဲ့ ပတ်သက်လို့ ကျနော် တခါမှ ဆုမရဘူးပါဘူး။ (အဲဒီလိုကို တော်တာလေ :D) လူက အတန်းထဲမှာ အဆင့် ငါးကနေ ဆယ့်ငါးအတွင်းမှာပဲ ရနေတော့ ဆုဆိုတာ ဘယ်နားနေမှန်းကို မသိပါဘူး။ ဒါပေမယ့် ကျနော် မှတ်မှတ်ရရ ရဖူးတဲ့ ပထမဆုကတော့ ကျနော်တို့ မြို့ တန်ဆောင်တိုင်ပွဲရဲ့ အဆိုပြိုင်ပွဲ တခုမှာပါ။ အဲဒီတုန်းက ကျနော် ဆိုခဲ့တဲ့ သီချင်းက `လတ်တီး´။ ဒါပေမယ့် စင်ပေါ်မှာ ပထမဆုံး ကျနော်ဆိုခဲ့တဲ့ သီချင်းကတော့ ကျနော်ကိုယ်တိုင် ရေးခဲ့တဲ့ သီချင်း။ နာမည်တော့ မမှတ်မိတော့ဘူး။
ရန်ကုန်မှာနေတုန်းက ကျနော်တို့က တောင်ဥက္ကလာပမှာ နေခဲ့တာဆိုတော့ ကျောင်းသွား ကျောင်းပြန်ကို ၃၆ လိုင်းကားတွေရယ်၊ ပြီးတော့ ကပရ(၄) က ပြေးတဲ့ သီးသန့် (၁) (၂) ကားတွေရယ်ကို စီးရတယ်။ ပထမဆုံး စီးဖူးတဲ့ ဘတ်စ်ကားကတော့ ၃၆ လိုင်းကားပေါ့။ ပထမဆုံးဆိုခဲ့တဲ့ သီချင်းကတော့ ဘိုဘိုဟန်ရဲ့ `ပြားချပ်ချပ်´ သီချင်းပါ။ အိမ်မှာ အော်ဆိုလွန်းလို့ မေမေက တော်တော်ကို အမြင်ကပ်ယူရတယ်။
ပထမဆုံး ရည်းစားစာမှာ ဘာတွေရေးမိမှန်းတောင် မသိပါဘူး။ ဒါပေမယ့် သူငယ်ချင်းက အကြံပေးတဲ့အတိုင်း `ဒို့ရဲ့ စာလေးကို ဆုံးအောင် ဖတ်ပေးပါနော်´ လို့ အစချီတာရယ်...၊ စာရဲ့ အဆုံးမှာ `လက်ရေးမလှ ဒို့ဘ၀၊ သည်းခံဖတ်ရန် ဒို့တောင်းပန်´ လို့ ရေးတာရယ်ကိုတော့ မှတ်မိသေးတယ်။ (ပြန်စဉ်းစားရင် တော်တော်ကြောင်တာပဲ) :D
ပထမဆုံးရောက်ခဲ့တဲ့ မြို့ကတော့ မော်လမြိင်မြို့ပါ။ ကျနော်က ကရင်ပြည်နယ်သားဆိုပေမယ့် တနေရာရာကို သွားရင် မော်လမြိုင်ကို ဖြတ်ရတာက များတယ်လေ။ ပထမဆုံးသောက်ဖူးတဲ့ ဆေးလိပ်က မွန်ထရီ စီးကရက်ပါ။ အဲဒီ စီးကရက်က အနံ့သိပ်ပြင်းတော့ ခိုးသောက်တာ မေမေသိမှာစိုးလို့ မာလကာရွက်တွေ ၀ါးပြီး အိမ်ကို ပြန်ရတယ်။ ပထမဆုံး သောက်ဖူးတဲ့ အရက်ကတော့ ဘီအီး။ ဆယ်တန်း ပထမနှစ်မှာ စာမေးပွဲမဖြေနိုင်လို့ဆိုပြီး မေမေ မသိအောင် ညီအကိုတွေ သွားခိုးသောက်တာ။ အမြည်းက ဘဲဥနဲ့ ခရမ်းချဉ်သီးမွှေကြော် ဆိုတာကိုပါ မှတ်မိနေသေးတယ်။
ကျနော် သေနတ်လဲ ပစ်ဖူးတယ်။ တခြားကြောင့်တော့ မဟုတ်ဘူး။ ကျနော်တို့ မြို့မှာ ဌာနဆိုင်ရာဝန်ထမ်းတွေကို စစ်သင်တန်းပေးတော့ အဲဒီတုန်းက ရုံးစာရေး ကျနော်က စစ်သင်တန်း တက်ခွင့်ရလိုက်တာ။ ပထမဆုံးပေးတဲ့ စစ်သင်တန်းမှာ တက်ခွင့်ရလိုက်တော့ စက်ပစ်ကွင်းတွေ ဘာတွေ ရောက်လိုက်သေးတယ်။ အဲဒီတုန်းက ပစ်ရတာ G-3 ထင်တယ်။ ငါးတောင့်ပစ်ရတာ၊ နှစ်တောင့်က လှလေးစိန်။ :D အဲဒီသေနတ်ကတော့ ပထမဆုံးနဲ့ နောက်ဆုံးပစ်ဖူးတာပါပဲ။ အဲဒီတခါပဲ ပစ်ဖူးတာကိုး။
ဘလော့ဂ်ရေးတော့ ပထမဆုံး ရေးဖြစ်တဲ့ ပို့စ်က ခေါင်းစဉ်မတပ်မိဘူး။ အဲဒါနဲ့ ဘော်ဒါတယောက်က အစစာကြောင်းတွေကို ဖတ်ပြီး `အမယ်၊ ဒေါက်တာသန်းထွန်း စတိုင်လ်လိုလို ဘာလိုလို´ လို့ပြောပြီး လာဟားသေးတယ်။ ဆရာကြီး သန်းထွန်းက `ငါပြောချင်သမျှ ငါ့အကြောင်း´...၊ ကျနော်က `ကျနော်ပြောချင်တဲ့ ကျနော့်အကြောင်းများ´ လို့ အစချီရေးမိတာကိုး...။ နောက်ပိုင်းကျတော့မှ အဲဒီစာရဲ့ ခေါင်းစဉ်ကို `အားလုံး မင်္ဂလာပါ´ ဆိုပြီး ခေါင်းစဉ်တပ်ရတယ်။ ဘလော့ဂါထဲမှာ ပထမဆုံး စခင်တာကတော့ ညီမ လင်းလက်ကြယ်စင်။ သူနဲ့က ဘလော့ဂ်တွေ မရေးခင်ကတည်းက ခင်တယ်ဆိုပေမယ့် ဘလော့ဂ်ဆိုတာက သူရေးထားတဲ့ ဘလော့ဂ် လာပြမှ သိခဲ့ရတာ...။
ပထမဆုံး ရဖူးတဲ့ လက်ဆောင်ကတော့ ကျနော့်အတွက် မမေ့နိုင်စရာနဲ့ ရယ်စရာလဲကောင်းတယ်။ ကျောင်းက ခရစ်စမတ်ပွဲမှာ ကျနော့်နာမည်နဲ့ လက်ဆောင်ထုပ် တခုရဖူးတယ်။ အဲဒီတုန်းက ကျနော်က `မင်းဆံပင်က ရှည်လိုက်တာ´ လို့ ပြောတဲ့ မေမေ့ကို ရွဲ့ပြီး ကတုံးတုံးထားတာ။ လူက ခေါင်းတုံးအပြောင်သားလေးနဲ့ အဲဒီလက်ဆောင်ထုပ်ကို သွားယူတော့ အထုပ်ထဲကနေ ဂလောက် ဂလောက် ဆိုတဲ့ အသံကြားရတယ်။ ဖွင့်ကြည့်လိုက်တော့ `ဘီး´ တချောင်း။ တယောက်ယောက်က နောက်လိုက်တာပါ။ လူတွေ ၀ိုင်းရယ်ပေမယ့် ကျနော် အဲဒီတုန်းက တော်တော်ပျော်တယ်။
ပထမဆုံးတွေကို လျှောက်ရေးရတာ ပျော်စရာတော့ အကောင်းသား။ အဲဒါကြောင့် ကျနော့်ကို ရေးရအောင် Tag တဲ့ အကို အောင်သာငယ်ကို ကျေးဇူးတင်ပါတယ်။ သြော်...၊ ကျနော့်ကို ပထမဆုံး Tag ဖူးသူကိုလဲ မှတ်မှတ်ရရ ပြောပြချင်ပါသေးတယ်။ ညီမ Mayvelous ပါ။ အခု Tag game မှာတော့ ကျနော်က ပြန် tag ချင်သူ အားလုံးလိုလိုကို တခြားသူတွေက လက်ဦးသွားတယ်။ နောက်တခေါက်ကျရင်တော့ ကျနော်က စရေးတဲ့ Tag game တခုလောက် ရေးချင်ပါသေးတယ်။ ပျော်ပျော်ပါးပါးပေါ့။
ကလိုစေးထူး

17 comments:
သီချင်းဆိုတာ ဆုရတယ်ဆိုတော့ အစ်ကိုကတော်လိုက်တာဗျာ လုပ်ပါအုံးဟိုတစ်ခါလို ကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုပြီး ဘလော့ပေါ်တင်ပေးပါအုံးဗျ လက်ရေးမလှ ဒို့ ဘ၀တဲ့လား ဒါဆို ကွန်ပျူတာနဲ့ ရိုက် ပထမဆုံးအချစ်အကြောင်းလည်းမပါဘူး ဒိုင်လျှိုထားတယ်း)
ပထမဆုံး ရီးစား နာမည်
ပထမဆုံး ...
ပထမဆုံးတွေ ကျန်နေသေးတယ်
ညီရေ့ မှတ်မှတ်ရရတော့ ဖြစ်ကုန်ပြီး)
ပထမဆုံးတက်တဲ့ အ.မ.က.ချင်းက နံပတ်တခုပဲ ကွာတာနော် (၁၂) နဲ့ (၁၃)း)
ဥက္ကလာသားချင်း ဘာလို့ မတွေ့ဖူးကြပါလိမ့် -
ရေးပေးတာ ကျေးဇူးညီရေ့
ချမ်းမြေ့ပါစေ
တောင်ဥက္ကလာပ မှာကျောင်းတက်လာ တာ ကိုး
ကိုအောင်သာငယ် Tag game လုပ်မှဘဲ Blogger လောက မှာ ဥက္ကလာသား နဲ့ ဥက္ကလာ နဲ့မကင်း တဲ့
သူတွေအတော် များသား........
ကျောင်းတက် တုံးက ကျွန်တော့်ကို မတွေ့မိ ဘူးလား?
ကိုစေးထူး ဘေးနားမှာလေ ဗျာ.......ဟီးဟီး
ကိုစေးထူး ရေ.....တော်တော်များများ ပထမဆုံးတွေ
ကို မတွေ့ဘူးနော်.....
ကိုစေးထူးရေ့..ပျော်စရာတော့ ကောင်းသားနော်- ပထမ တွေပြန်တွေးရတာ။
မှတ်မှတ်ရရ ပထမ ရေးလဲ ဖတ်ကောင်းပ။
ကိုစေးထူး Tag ရင်တော့ ရေးဖြစ်မလား မသိ။ နန္ဒာ့ကို မြန်မာစာ ပြင်ပေး သင်ပေးအောင်လေ။
Have a nice weekend!!
SMNTL
မတွေ့ချင်လို့ မခေါ်ပဲထားပါတယ်ဆိုမှာ ဒီဥက္ကလာနဲ့ ပက်သက်တာတွေချည်းပဲ။ ကျောင်းတုန်းက တွေ့သားပဲ တမင်ထားထားတာ။ ကိုအောင်သာငယ်ရေ အမှတ်တမဲ့တက်လိုက်တာ ကိုယ့်အမျိုးချည်းဖြစ်နေပါလားဗျ။ :P
ပထမဆုံးတွေကို လာလေ့လာသွားတယ်
ကိုစေးထူး 36 ဘတ်စ်ကား စီးတုန်းက ကားခရော မှန်မှန်ပေး ခဲ့ရလား။ .. ဟဲဟဲ။
လက်ရေးမလှ ဒို့ဘဝ
သည်းခံဖတ်ရန် ဒို့တောင်းပန်
ဟိ ဟုတ်တယ်နော် အဲလိုပဲရေးကြတယ်
ဒါလေးအကိုထည့်ရေးထားတော့ တကယ်ပဲပြုံးမိပါတယ်
ပထမဆုံးတွေ အများကြီး ဒိုင်လျှိုထားသေးတယ်
ကျေနပ်ဝူးးး :P
ပထမဆုံးတွေထဲကမှ မှတ်မှတ်ရရ မရှိတဲ့သဘောပေါ့လေ(just kidding)
မှတ်မှတ်ရရတွေထဲက ပထမဆုံး ရဖူးတဲ့ လက်ဆောင်ကို မမေ့နိုင်ပဲ တော်တော်ပျော်တတ်ခဲ့တာ လေးစားတယ်
အနော်ဆိုရင် ဒေါပွနေမယ်ထင်ရဲ့ :)
ပြားချပ်ချပ် ပထမဆုံး ဆိုခဲ့တဲ့ ကိုစေးထူးရေ..
ဂီတကို တကယ်ဝါသနာပါတယ်နော်။ ငယ်ငယ်နဲ့ ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဟဲ နေပြီဆိုတော့ ဇ က မသေးဘူး ဆိုရမယ်။
အမလဲ သီချင်းတွေကို အသည်းစွဲပဲ။ နားထောင်တာပါ။
ကိုစေးထူးရေ - Tag ကိုဖြေသွားတာလေး ကောင်းတယ်ဗျာ။ ကျွန်တော်လည်း ဥက္ကလာစာတိုက်မှတ်တိုင်နားက ရပ်ကွက်တစ်ခုမှာ နှစ်ရှည်လများနေခဲ့ပါသေးတယ်။ လွယ်အိတ်ကလေး တစောင်းလွယ်ပြီး ၃၆ တွယ်စီးနေတာ ကိုစေထူးပေါ့လား။ ကျွန်တော်က အဲဒီတုန်းက အထဲဘက်မှာ ထိုင်နေတာဗျ။
လှလေးစိန်အချင်းချင်းလာတွေ့နေပြန်ပါပြီ :P
ကိုစေးထူး… အမျိုးစပ်ရင်တော်လို့ ရပြီ… အပေါ်က ဥက္ကလာသားတွေ အမျိုးစပ်သွားတော့ ကျွန်မ ဥက္ကလာသူကလဲ ထပ်ပြီး အမျိုးစပ်လိုက်တယ်… ဥက္ကလာမောင်နှမတွေပေါ့… မှတ်မှတ်ရရ ပထမကလဲ ၀တ္ထုလေး တပုဒ်လိုပါပဲလား…
ကျွန်တော့်အတွက် ရန်ကုန်မှာ မျက်စိအလည်ဆုံး၊ မသွားတတ်ဆုံးနေရာ ဥက္ကလာ ။
ကျော်သူရဲ့ လှလေးစိနိတီဗီ ဇာတ်ကားလေး သတိသွားရမိတယ်။
ကိုယ်ပိုင်သီချင်းနဲ့ စင်ပေါ်တက်ဖျော်ဖြေနိုင်တာတော့ ကွန်ဂရက်ကျူလေးရှင်း။အခွေလေးထုတ်ပါလား (မြှောက်ပေးလိုက်ဦးမယ် :-D)
ပထမဆုံးတွေ က ပျော်စရာ..လွမ်းစရာ..
“မှတ်မှတ်ရရ ပထမ” က ချစ်စရာကောင်းပါတယ်…
ဥက္ကလာမောင်နှမ တွေ ချမ်းမြေ့ပါစေ …
ကျွန်မ က တောင်ဥက္ကလာပ အ.မ.က. ၂၃ ကပါ…
Theingi
Post a Comment