Monday, June 06, 2016

အဆင်သင့် ဖြစ်ခဲ့ပြီလား ...

ကျွန်တော့် သမီးကြီး လေးနှစ် ပြည့်တော့ ကျောင်းထားဖို့ အတွက် စီစဉ်ခဲ့ရတုန်းကပေါ့ ...။
ကျွန်တော်တို့ နေတဲ့မြို့မှာက ကလေးတယောက်ကို ကျောင်းစထားတော့မယ် ဆိုရင် တမြို့လုံးက စာသင်ကျောင်း ဆိုင်ရာ ကိစ္စတွေကို ဆောင်ရွက်ပေးတဲ့ ရုံးတရုံး ရှိတယ်။ အဲဒီ ရုံးမှာ ကိုယ့်ကလေးကို စာရင်းသွားပေးပြီးရင် သူတို့က ကိုယ်နေတဲ့ လိပ်စာ အနီးအနားမှာ ရှိတဲ့ ကလေးကျောင်းတက်ဖို့ အဆင်ပြေလောက်မယ့် ကျောင်းစာရင်းတွေကို ပြတယ်။ အဲဒီထဲကမှ ကိုယ့်စိတ်ကြိုက် သုံးခုလောက်ကို ပထမဦးစားပေး၊ ဒုတိယ ဦးစားပေး၊ တတိယ ဦးစားပေး ဆိုပြီး ရွေးချယ်ပေးရတာပေါ့။

***

ဒီတော့ ကျွန်တော်က သမီး ကျောင်းတက်ဖို့ အတွက် လာကြိုပေးမယ့် ကျောင်းကားကိစ္စ၊ ကျောင်းကနေ ကျွေးမွေးတဲ့ မနက်စာ နေ့လည်စာ ကိစ္စတွေ၊ ကျောင်းချိန်တွေကို စူးစမ်း မေးမြန်းရင်းနဲ့ စိတ်ထဲမှာ ခံစားနေရတဲ့ အတိုင်းပဲ သူတို့ကို မေးခွန်း တခု မေးဖြစ်မိခဲ့တယ်။

အဲဒါကတော့...

"ကျွန်တော်က ဗုဒ္ဓဘာသာဝင် တယောက်ဖြစ်တယ်။ ဒီတော့ ကျွန်တော့် သမီးကိုလဲ ဗုဒ္ဓဘာသာဝင် ဖြစ်အောင်ကိုပဲ သွန်သင်ဖို့ ရည်ရွယ်ထားသလို သူ့ကိုလဲ ဗုဒ္ဓဘာသာပဲ ဖြစ်စေချင်တယ်။ ဒီနိုင်ငံမှာ ခရစ်ယာန်တွေ များတာမို့ ကျောင်းတွေမှာ ကလေးတွေကို ခရစ်ယာန် ၀တ်ပြု အစီအစဉ်တွေ၊ ခရစ်တော် ယေရှု အကြောင်းတွေကို သင်တာတွေ လုပ်လေ့ ရှိလား။ အဲဒီလို ကျောင်းမျိုးမှာ ကျွန်တော့် သမီးကို မထားချင်ပါဘူး"

***

ဟိုအရင်ကတော့ ရွှေပြည်ကြီးမှာ နေခဲ့ရတဲ့အခါ ကိုယ်က လူများစုထဲ ပါဝင်ခဲ့တာကိုး။
ငယ်ငယ်တုန်းကဆိုရင် တချို့ရက်တွေမှာ ကျောင်းက စီစဉ်ပေးလို့ ဘုရားရှိခိုးရတယ်။ လက်အုပ်ကလေး ချီလို့ သြကာသ ရွတ်ကြတဲ့အခါ တချို့ အတန်းဖော် သူငယ်ချင်းလေး တချို့က လက်ကပေးပိုက်ပြီး ဟိုဒီ ငေးလို့...။ အဲဒီ သူငယ်ချင်းတွေထဲ ဖြူဖြူလေးလဲပါ၊ ညိုညိမည်းမည်းလေးလဲ ပါတာပေါ့။
တခါတော့ ကျွန်တော်က ဘေးက အဲဒီလို လက်ကလေးပိုက်ပြီး ငေးနေတဲ့ သူငယ်ချင်းကို "ဟိတ်ရောင်၊ ဘုရား ရှိခိုးလေကွာ" လို့ ဆရာသွားလုပ်တာပေါ့။ အဲဒီ ကလေးက ကျွန်တော့်ကို ပြန်ဖြေတာ "ငါ့ဘုရားမှ မဟုတ်တာကွ" ..တဲ့။

***

အခု သူတပါး တိုင်းပြည် အမေရိကားကို ရောက်တဲ့အခါ မွေးထားတဲ့ ကိုယ့်ကလေးကို သူတို့ တိုင်းပြည်မှာ ကြီးစိုးနေတဲ့ ဘာသာထဲ ရောက်သွားမှာ အလွန် စိုးရိမ်မိတယ်။ ဒါက တပါးသူ ကိုးကွယ် ယုံကြည်တဲ့ အဲဒီ ဘာသာကို စော်ကား အထင်သေးလိုစိတ် လုံးဝ မရှိသော ကိုယ့်ဘာသာကိုသာ ကိုယ့်ကလေးက ကိုးကွယ်စေချင်တဲ့ မိဘရဲ့ အတ္တတမျိုးနဲ့ပါ။

လူအများစု ဖြစ်နေကြတဲ့ သူတို့တွေရဲ့ "ဘုရားသခင် ကောင်းချီးပေးပါစေ" ဆိုတာနောက်ကို သမီးကလေး ကောက်ကောက်များ ပါသွားလေမလား ဆိုတာကို ဗုဒ္ဓဘာသာ မိဘတယောက် အနေနဲ့ ပူပန်ရတာပါပဲ။ ပြီးတော့ ကိုယ်က နေရထိုင်ရတော့လဲ လူနည်းစု အနေနဲ့ နေရတာ။ ပြောကြတော့လဲ အင်္ဂလိပ်စကားတွေကသာ ခပ်များများ၊ မြန်မာစကားကို ကိုယ့်ရင်သွေးတွေ ပြောနေနိုင်ဖို့ကိုတောင် မနည်းအားယူ ကျားကန်နေရတဲ့ အခြေအနေ...။

တခါတလေ အိမ်ကို တံခါး လာခေါက်သော ဘာသာရေး စည်းရုံးတတ်သူများက ကျမ်းစာအုပ်လေး တကိုင်ကိုင်နဲ့ အဲဒီ စာအုပ်ထဲက ဘယ်အပိုဒ်ကို ရှင်းပြချင်လို့ပါ ဆိုရင် "ကျုပ်တို့က ဗုဒ္ဓဘာသာဗျ" လို့ မျက်နှာထား တည်တည်နဲ့ ပြောလွှတ်ရတယ်။

ဒီကြားထဲ ဘယ်သူ ဘယ်ဝါကတော့ဖြင့် ဗုဒ္ဓဘာသာကနေ သူတို့ အစည်းအရုံးကောင်းလို့ ဘယ်ဘာသာကို ပါသွားပြီဟေ့ ဆိုတဲ့ သတင်းကြားရင် "င့ါကလေးများ ဘာသာခြားသွားရင်" ဆိုတာမျိုး ပူမိပြန်တာပဲ...။

***

အဲဒီလို ပူပန်မိပြန်တော့ ငယ်ငယ်က ကျွန်တော်တို့ နေခဲ့ရတဲ့ ကျောင်းတွေမှာ ကျွန်တော်တို့က ဘုရားရှိခိုးနေကြချိန် မျက်လုံးလေး ပေကလပ်ပေကလပ်နဲ့ လက်ကလေး ပိုက်ပြီး အဝေးကို ငေးနေကြရှာတဲ့ ငယ်ငယ်တုန်းက အတန်းဖော်တွေကို မျက်စိထဲ ပြေးမြင်မိတယ်။
သူတို့ရော ဘယ်လို ခံစားနေကြရှာခဲ့မလဲ။

***

လူနည်းစု ခံစားချက်ကို ဦးစားပေးတဲ့ အနေနဲ့ စာသင်ကျောင်းတွေမှာ ဗုဒ္ဓဘာသာ အတိုင်း ဘုရားရှိခိုးစေတာ ရပ်ပေးရမလားလို့ မေးရင် ကျွန်တော် မဖြေနိုင်ပါဘူး။ ရပ်ပေးပါလို့ ပြောဖို့လဲ လုံးဝ မ၀ံ့တာ အမှန်ပါပဲ။ ဗုဒ္ဓဘာသာ မိဘ တယောက်အနေနဲ့ဆို ကိုယ့်ကလေးက ကျောင်းသွားတာ စာလဲတတ်၊ ဘာသာရေးလဲ ကိုင်းရှိုင်းဆိုတာမျိုးကို သိပ်လိုချင်တာပေါ့။

ဒါဆိုရင် ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် ကလေးတွေက သြကာသ ဆိုနေကြချိန်မှာ လူနည်းစု ကလေးတွေအတွက်ရော သူတို့ ဘာသာအလိုက် သီးခြား အခန်းတခုခုမှာ ဖြစ်ဖြစ် ၀တ်ပြု ဆုတောင်းစေတဲ့ အစီအစဉ်လေး လုပ်ပေးရင်ရော ကောင်းမလား။ ခပ်တိမ်တိမ်ဉာဏ်နဲ့ မီသလောက် တွေးမိတယ်။
တချို့ကျောင်းတွေမှာ အဲဒီလို အစီအစဉ်လေးတွေ ရှိနေနှင့်ပြီးသားဆို အကောင်းဆုံး ဖြစ်မှာပဲ၊ မရှိသေးရင်လဲ ရှိနေရင် ကောင်းမှာပဲလို့ လူနည်းစု ခံစားချက်နဲ့ အတွေးကျောက ရှည်မိပြန်ရော...။

ကျွန်တော်တို့ နိုင်ငံရဲ့ နိုင်ငံတော် သီချင်း အစကိုက "တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ ~~" လို့ အစချီထားတာ မဟုတ်လား။ တရားမျှတရမယ်၊ လွတ်လပ်ခြင်း ဆိုတဲ့ သူတပါးကို မထိပါးသည့် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ကို မျှမျှတတ ရှိခြင်းကနေ မသွေဖယ်ရဘူးလို့ ဆိုလိုတာ မဟုတ်လား...။

***

စိုးရိမ်တကြီးနဲ့ မေးခဲ့တဲ့ ကျွန်တော့် မေးခွန်းကို သူတို့ ကျောင်းရဲ့ တာဝန်ခံက ခပ်ပြုံးပြုံးပဲ ဖြေခဲ့တယ်။
"အခု ခင်ဗျားသမီးကို ထားမယ့် ကျောင်းမှာ အဲဒီလို ဘာသာရေးတွေနဲ့ ဆိုင်တာ လုံးဝ မသင်ပါဘူး ခင်ဗျာ။ ဘာသာရေးကျောင်း တချို့က သီးသန့်ရှိပါတယ်။ ဒါပေမယ့် ခင်ဗျားတို့လို လူနည်းစုတွေကိုပါ ထည့်သွင်းစဉ်းစားတဲ့ အတွက် အခု ခင်ဗျားသမီးရဲ့ ကျောင်းမှာ ဘာသာရေးနဲ့ ပတ်သက်တာ လုံးဝ မသင်ပါဘူး၊ စိတ်မပူပါနဲ့"

***

ကျွန်တော်တို့ နိုင်ငံက ကျောင်းတခုခုမှာ...။
ကျောင်းလာအပ်တဲ့ မိဘတယောက်ယောက်က ကျွန်တော် မေးတဲ့ မေးခွန်းလိုမျိုး ဗုဒ္ဓဘာသာ ဆိုတဲ့ နေရာမှာ တခြား ဘာသာ တခုခု အမည်နဲ့ ကျောင်းကို မေးခဲ့ရင်...။
ပြန်ဖြေဖို့ အဆင်သင့် ဖြစ်ပြီလား။

***

ကလိုစေးထူး

Sunday, June 05, 2016

နေနည်း တူမတူ ...

ဒီတပတ် ပိတ်ရက်မှာပေါ့...။

စာဖတ်နည်း သုံးနည်းထဲက တနည်းဖြစ်တဲ့ စာပေဟောပြောပွဲ နားထောင်ခြင်းကို လုပ်ဖြစ်တယ်။ ဆရာ ဦးဘုန်း (ဓာတု)၊ ဆရာ ညီမင်းညိုနဲ့ ဆရာ ဦးကိုနီတို့ မလေးရှားမှာ ဒီနှစ် နှစ်ဦးပိုင်းတုန်းက ဟောပြောခဲ့ကြတာတွေကို နားထောင်ဖြစ်ပါတယ်။ တယောက်ကို တနာရီခွဲလောက် ပြောကြတာ ဆိုတော့ သုံးယောက်စာ နားထောင်ပစ်လိုက်တာ အားပါးတရပဲပေါ့။
အဲဒီဆရာတွေ ဟောပြောနေသမျှ၊ ဟောပြောခဲ့သမျှတွေကို နားထောင်လိုက်ရင် စာပေရေးရာ မှတ်သားစရာများအပြင် အထင်အရှား ကြားနိုင်၊ မြင်နိုင်တာကတော့ လက်ရှိ မြန်မာ့ နိုင်ငံရေး အနေအထားပဲ။

လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဟောပြောချက်ကို နားထောင်မိရင် အဲဒီတုန်းက အခြေအနေပေါ့။ အခုခေတ်ကာလ ဆိုရင်လဲ အခုခေတ်ကာလ အခြေအနေတွေကို သူတို့ ဟောပြောချက်တွေထဲမှာ နားထောင်နိုင်လိမ့်မယ်။

***

ဦးဘုန်းရဲ့ ပြောစကား တခုကို နားထောင်မိတဲ့အခိုက်မှာ ခဏရပ်ပြီး စဉ်းစားကြည့်မိတယ်။ သူပြောတာက ဘာလဲ ဆိုတော့...

"ကြုံကြိုက်လို့ ပြောပါရစေ၊ ကျွန်တော်ဟာ စာရေးဆရာ တယောက်ပါ။ နိုင်ငံရေးသမား မဟုတ်ပါဘူး။ ညီမင်းညိုဟာ နိုင်ငံရေးသမား လုံးဝ မဟုတ်ပါဘူး။ စာရေးဆရာဟာ ကိုယ်ဖြတ်သန်းတဲ့ ခေတ်ကို မှတ်တမ်း တင်ခြင်းပါပဲ"

***

စာရေးဆရာ ရင့်မ သူတို့က စာရေးခြင်းကို အဲဒီလို ခံယူတယ်။ ကျွန်တော်လို ဟိုရေးဒီခြစ်သမားကလဲ စာရေးခြင်း ဆိုတာကို အဲဒီအတိုင်းပဲ ယုံကြည် လက်ခံထားပါတယ်။

လေပြည်ညှင်းလေးတွေ တိုက်ခတ်လို့ သာသာယာယာ ရှိလှတဲ့ ပတ်ဝန်းကျင် တခွင်ကို စာဖွဲ့သီကျူးချင်တာပေါ့။
ချစ်ခြင်း မေတ္တာတွေရဲ့ အတိမ်အနက်ကိုလဲ ဖော်ကျူးကြည့်ချင်ပြန်တာပဲ။
လွမ်းဆွေးခြင်းဟာ ရသ တပုဒ်လဲ ဖြစ်သွားနိုင်တာပဲ မဟုတ်လား။

အဲဒီလိုပဲ...
ကိုယ့်နိုင်ငံ ကိုယ့်တိုင်းပြည် ရွှေပြည်ကြီးက တော်တည့်ခြင်း၊ မတော်မနန်း ဖြစ်ခြင်းတွေအပေါ် ကိုယ့်အမြင်ကို ချခင်းပြရတာလဲ စာရေးသူ တယောက်ရဲ့ အလုပ်ပဲ။

စာရေးသူ တယောက်ယောက်ရဲ့ စာတွေဟာ သူ ဖြတ်သန်းနေတဲ့ ခေတ်ကို ဖော်ပြနေရမယ် ဆိုတာက စာဖတ်သူ ကျွန်တော်ရဲ့ ကိုယ့်ဘာသာ ခံယူထားတဲ့ နားလည်မှုပါပဲ။
လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက အချစ်ရေ၊ မောင်ရေ ရေးပြီး နောက် အနှစ်နှစ်ဆယ်လဲ မောင်ရေ၊ အချစ်ရေပဲ ရေးနေမြဲ စာရေးသူတွေလဲ ရှိနိုင်တယ်။ သူ့လိုင်းနဲ့သူမို့ ထူးပြီး မှတ်ချက် မပေးလိုပေမယ့် ခေတ်ရဲ့ ပုံရိပ် ပိုမိုထင်ဟပ်စေတဲ့ စာရေးဆရာများဟာ ကျွန်တော့်ကို ပိုပြီး ဆွဲဆောင်နိုင်သလို ကျွန်တော်ကလဲ သူတို့ကို အတုယူပါတယ်။

***

"လူတွေ ဘာနဲ့ နေကြသလဲ"

ရုရှ စာရေးဆရာ လီယိုတော်စတွိုင်းက ၁၈၈၁ ခုနှစ်မှာ ရေးခဲ့တဲ့ အဲဒီ စာအုပ်ကို မောင်ထင်က ဘာသာပြန်ပါတယ်။ အဲဒီ စာအုပ်ပါ အချက်အလက်တွေကို အခြေခံပြီး ဦးဘုန်းက ဟောပြောတယ်။
လူတွေ ဘာနဲ့နေလဲ။

အဖေအမေနဲ့ အတူနေတဲ့လူရှိမယ်။ ချစ်သူနဲ့ အတူနေသူရှိမယ်။ အိမ်နဲ့ နေမယ်။ ငွေနဲ့နေမယ်။ အဖိုးတန် ကားကြီးတွေနဲ့ နေမယ်။ မိသားစုနဲ့ နေမယ်။ အာဏာနဲ့ နေမယ်။ မာန်မာနနဲ့ နေမယ်။ အဆောင်အယောင်တွေနဲ့ နေမယ်။ မနာလိုခြင်းတွေနဲ့ နေမယ်။ လေ့လာ ဆည်းပူးခြင်းနဲ့ နေမယ်။ ပျင်းရိခြင်းနဲ့ နေမယ်။ မေတ္တာတရားနဲ့ နေမယ်။ ကိုယ်ချင်းစာတရားနဲ့ နေမယ်။

စာလာဖတ်သူကလဲ ဒီစာကို ရေးထားတဲ့ ကျွန်တော်နဲ့ မတူတဲ့ နေနည်း ရှိသလို တူတာတွေလဲ ရှိကြမှာပါပဲပေါ့။

ဒီအကောင်တော့ ဒါတွေ ရေးနေပြန်ပြီ၊ ဟိုကိစ္စတော့ ရေးပြန်ပဟ ဆိုပြီး စိတ်ထဲ မတွေ့ ဖြစ်နေရင်တော့ ရိုးရိုးပဲ ပြန်ပြောစရာ ရှိတယ်။ ဒါက ကျွန်တော့် နေနည်းပါပဲ။ ကျွန်တော့် နေနည်းကိုက ပုံကျ ဟုတ်လှချည့်လို့ ဘယ်တုန်းကမှ မပြောခဲ့ဖူးသလို ခင်ဗျားနေနည်း အတိုင်း ကျွန်တော်က ပုံစံတူ လိုက်နေဖြစ်ချင်မှ နေဖြစ်မှာကိုတော့ နားလည်စေချင်တယ်။

***

စာတွေ ရေးပါဦးမယ်။ ဘယ်အချိန်ထိလဲ ဆိုတော့ ရေးချင်စိတ်တွေ မကုန်မခန်းသွားသရွေ့ပေါ့။ ဖတ်မှတ်၊ ရေးသား ရတာကိုက ကျွန်တော့် နေနည်း တမျိုးကိုး။

***

ကလိုစေးထူး