Sunday, February 22, 2015

စီးချင်း...

ထုတ်ချင်းပေါက်သွားတဲ့ ပစ်ချက်နောက်ကို လိုက်ပါသွားတဲ့ အသက်တွေကို ရင်ဘတ်ပေါ် တံဆိပ်တင်ချင်တဲ့ ငါကွ...၊ ငါကွ တွေနဲ့ စီးချင်းထိုးရတာ ပင်ပန်းလွန်းလို့...။ ကြွေသွားတဲ့ သစ်ရွက်တွေကို အမှိုက်လို့ ထင်ပြီး မီးရှို့ဖို့လောက်ပဲ သိသူဟာ အဲဒီ သစ်ရွက်တွေ စိမ်းလန်းစဉ်က ခိုနားဖူးတဲ့အကြောင်းကို ဘယ်တော့မှ သတိရမှာ မဟုတ်ဘူး။ ဆဲရေးခံရတာကို ကျင့်သားရနေတဲ့ ရင်ဘတ်ကြီးက ပြန်လည် မြည်တွန်တောက်တီးခွင့် မပေးဘူး။

ဖြတ်ပိုင်းပေါ် နာမည်ရေးချခံဖို့ အလှူရှင်နာမည် မခံပါရစေနဲ့...။ ရော့...၊ အသပြာ တချပ်ထဲဖြစ်ချင်ဖြစ်မယ်၊ ဒါပေမယ့် အဲဒါ ကျုပ်ချွေးနှဲစာ...၊ ဂုဏ်လုပ်သူတွေရဲ့ အသပြာတသိန်းနဲ့ တစက်ကလေးမှ မရောစေနဲ့...။ တဖောက်ဖောက်မြည်နေတဲ့ ကီးဘုတ်သံကနေ ကျည်ဆံဖြစ်အောင် လုပ်နေသူတွေ၊ ဓားချက်တွေ အစင်းစင်းခမယ့် ညာသံတွေ... အို...၊ ဒါ...ဒါ။ အဲဒီလိုနဲ့ "ကျွန်မတို့ တရက်ကို တထောင်ထဲ တိုးတောင်းတာပါ" ဆိုတဲ့ ရင်ခေါင်းသံတခုက စေ့ဆော်တဲ့ မျက်ရည်စက်တချို့ အပြင်ကို ခုန်ပေါက်သွားတယ်။

ခြေထောက်ပေါက်နေတဲ့ မြွေတွေကို မြင်နေရတာလား၊ ဒါမှမဟုတ် စစ်တုရင်ပွဲတပွဲကို ဘေးကနေ ထိုင်ကြည့်နေမိသလား...၊ ဘေးရောက်သွားတဲ့ ပွန်းရုပ်ကလေးတွေကိုပါ ငိုချင်းချခိုင်းချင်နေသေးတာတော့ လွန်လွန်းပါတယ်ကွယ်။

ညီမလေးရေ...၊ ရေကူးရင် ရေကူးဝတ်စုံ မ၀တ်မိစေနဲ့။ လစာကောင်းတဲ့ အလုပ်လက်မဲ့ကြီးက သူ့ကို အာရုံစိုက်ဖို့ဆို သိက္ခာဆိုတာကြီးကို မေ့နေတတ်တယ်။ ထဘီရင်ရှားလေးနဲ့ကူး...။

တခါတလေကျတော့လဲ လောကကြီးက ဂွကျတယ်ဗျ...။ ဒေါသတကြီးတုံ့ပြန်သူ ရလိုက်တဲ့ အနီကဒ်က ခြေတချောင်းသွင်သွင်းကျိုးစေမယ့် ဖျက်ထုတ်သူအတွက် အသံတိတ် လက်ခုပ်သံ ဖြစ်သွားတယ်။


***

ကလိုစေးထူး




Friday, February 20, 2015

ကိုရင်ရေ..

ဒီမယ် ကိုရင်..
ရော့..သောက်၊ ဆေးခါးလို့ အမွှမ်းမတင်ဘူး
ဒါပေမယ့် အဲဒီခွက်ထဲမှာ အဆိပ်မပါဘူးလို့ အာမခံတယ်။
ခင်ဗျားနဲ့ ကျုပ် ခြေနှစ်ဖက်ပါတာခြင်း အတူတူ
ခြေထောက် အရွယ်အစားမတူဘူး...။
ဟော..၊ ခင်ဗျား ငုံ့ကြည့်တဲ့ ခင်ဗျားခြေချောင်းကလေးတွေတောင်
အတိုအရှည် တူငဲ့လား...။
ရော့... သောက်လိုက်ပါ။
စကားလုံး သက်သက်မဟုတ်တဲ့ ဘ၀ရဲ့ ပျော်ရည်
ခင်ဗျားကိုယ်ထဲကို စိမ့်ဝင်စီးဆင်းသွားလို့ ဖြစ်လာမယ့် ခင်ဗျား မျက်နှာကို ထိုင်ကြည့်ချင်လွန်းလို့...။

ဒီမယ် ကိုရင်...
ခင်ဗျား ဟိုဘက်လမ်းက လျှောက်သွားလို့ လမ်းကောင်းခဲ့ချိန်
ဗွက်ပေါက်တဲ့ဒီဘက်လမ်းက လူတွေ အတုန်းအရုန်း
အိုဗျာ...၊ ၀ရုန်းသုန်းကား လဲနေလိုက်ကြတာ
ဟော...၊ အလျှောက်မတော်တဲ့ တချက် ခင်ဗျား ခလုတ်တိုက်တော့
ခင်ဗျား မေ့ထားတဲ့ ဟောဒီဝရုန်းသုန်းကား ရင်ဘတ်ကြီးတွေကလေ...
ကိုရင်...၊ နာသွားသေးလားလို့ ပြောဖို့ မမေ့ပါဘူးဗျ။
ခင်ဗျာ့ ဖိနပ် လာသုတ်မပေးနိုင်တာတော့ ဆောရီး ကိုယ့်လူ။

ဒီမယ် ကိုရင်...
ရှေ့တန်းတက် ဂိုးသွင်းမှ ဘောလုံးသမား မဟုတ်ဘူးဗျ
အောင်ပွဲခံနေတဲ့ နာမည်ကျော်တွေကို အဝေးကငေးနေတဲ့
ကစားသမားကောင်းတွေမှ အများကြီး....။
ကန်ပစ်လိုက်စမ်းပါဗျာ...။

ဒီမယ် ကိုရင်...
မျက်ရည်တွေနဲ့ ရင်းထားတဲ့ ထမင်းတပန်းကန်ထက်
တောက်ခနဲ ကျလာတဲ့ ခင်ဗျားချွေးစက်ကပေးတဲ့
တလုတ်ထဲသော ထမင်းကို မက်မောပစ်လိုက်စမ်းပါဗျ...။
ယူ...၊ ယူ.. အဲဒီမှာ အတ္တတွေကိုယူ
အတ္တကို ယူတတ်ရင် လူဆိုတဲ့ အသိပါ ထပ်ယူ...။

ကျောခြင်း ကပ်လို့ အမြင်မတူရင်တောင်
သေချာတာတော့ ကိုရင့်နားမှာ ကျုပ်ရှိနေတယ်။
တခါတလေ မျက်နှာချင်းဆိုင် ရန်တွေ့ရတာထက်
ကျောခြင်း ကပ်နေရတာက အရသာ ရှိလွန်လွန်းလို့....။

***

ကလိုစေးထူး


Friday, February 06, 2015

မတူတဲ့အား..











"ပုလိုက်တဲ့ အကောင်ကွာ၊ ခါးကလဲ တုတ်လိုက်သေး၊ အတော် ရုပ်ဆိုးတာပဲကွ"

"ဘာဗျ၊ ခင်ဗျား ဘယ်သူ့ကို ပြောတာလဲ"

"မင်းကိုပဲကွ၊ မင်းကိုပဲ၊ ငါပြောတာ မဟုတ်လို့လား"

"သြော်၊ ဟော်..ဟော်၊ ဒီမယ်ဗျ၊ ကျုပ်က ပုတယ်၊ ရုပ်ဆိုးတယ်ပဲ ထားလိုက်ပါဦး၊ ဒါပေမယ့် ကျုပ်ဆိုတဲ့ ဟောဒီ ပုတုတ်တုတ်ကလေ အောင်မြင်ခြင်း၊ ကောင်းမွန်ခြင်းကို ကိုယ်စားပြုတဲ့ ပြယုဂ်ဆိုတာ ခင်ဗျား မမေ့ပါနဲ့ဗျ"

"အောင်မယ်မယ်၊ နေစမ်းပါဦး ဟေ့ကောင်ရ၊ မင်းက အဲဟို ငတိကို ပုတယ် သွားပြောရအောင် မင်းကရော ငါ့လောက်များ မြင့်မားခန့်ညားနေလို့လားကွ၊ ငါ့ကိုကြည့်စမ်း၊ ဒီအုပ်စုထဲမှာ ငါကမှ အမြင့်မားဆုံး၊ အခန့်ထည်ဆုံး"

"အဟက်၊ ဟုတ်မှာပေါ့ဗျာ၊ ဒါကြောင့်နေမယ်၊ ခေတ်သစ်ရဲ့ လက်ဟန်ခြေဟန်နဲ့ ဆဲနည်းမှာ ခင်ဗျားက ထိုးထိုးထောင်ထောင်နဲ့ ပျစ်ပျစ်နှစ်နှစ်ကြီးလေ"

"ဟားဟား ဟားဟား"

"ဒီမှာ၊ ဒီမှာ၊ ခင်ဗျားတို့တွေဟာ တော်တော် စကားများသကိုးဗျာ၊ ပုတဲ့လူကလဲ ပုတဲ့အလျှောက်၊ ဟိုငတိကျတော့လဲ ရန်လိုနေလိုက်တာ၊ အလယ်ကဟာကြီးကရော ဘာထူးသလဲ၊ သူကမှ အဆိုးဆုံး၊ သဘာဝတရားကြောင့် ရှည်လျား မြင့်မားခွင့် ရနေတာကိုပဲ ကြံဖန်ကြွားနေလိုက်ရတာ၊ ဟေ့..ဒီမယ်၊ အဖိုးထိုက်တန်ပေ့ဆိုတဲ့ အရာတွေက ကျုပ်ဆီမှာ လာဆင်မြန်းမှ ပိုလှတာပါဗျ၊ ပိုလှတာပါ"

"တော်ရုံကြွားစမ်းပါကွာ"

"ကြွားကြွား မကြွားကြွား အမှန်တရားဗျ၊ လောရှည်ကြီးရ"

"ငကြွား"

"လောရှည်"

"ဟေ့..၊ တော်ကြတော့ကွာ"

"ဘာလဲ၊ ရန်လိုကောင်ရဲ့"

"ဂျပုနော် မင်းက ငါ့ကိုများ...၊ တယ်လေ..."

"ဟာဗျာ၊ အစ်ကိုကြီးတို့ သိပ်ဆိုးတာပဲဗျာ၊ ဒီအစုလေးမှာ ညီအစ်ကိုရယ်လို့ ဒါတွေပဲရှိတာ အချင်းချင်းလဲ မညီကြဘူး၊ ကျွန်တော်တော့ ကြားထဲက တော်တော် စိတ်ညစ်တယ်"

"ဟေ့ကောင်တွေ၊ တော်ကြတော့၊ ဟိုမှာ အငယ်ကောင် စိတ်ညစ်နေပြီ"

***

"ဟာ...၊ ဟာ...၊ ဟေ့ အရေးပေါ်ပြီဟေ့၊ လာစမ်း၊ အားလုံး ဒီကို လာစုကြစမ်း၊ ဟိုကောင် အငယ်လေး မင်းက ဒီဘက်ကိုကပ်ထား၊ ဖိုးဂျပု မင်းက တို့တွေအောက်မှာ မြဲအောင်လာခိုဝင်ထားစမ်း၊ အေး...၊ စုထား၊ စု...၊ ခပ်တင်းတင်းလေး စု"

"ခွပ်" "ဖုန်း" "အင့်"

***

"တော်သေးတာပေါ့ကွာ...၊ ငါတို့ အချိန်မီ စုစည်းလိုက်နိုင်တော့ ငါတို့သခင်အတွက် တို့အားလုံးရဲ့ စုစည်းအားက လက်သီးအဖြစ် ပြောင်းလဲ အသုံးချပေးလိုက်နိုင်တာကွ၊ သခင့်ကို လာစော်ကားတဲ့ ဟိုလူတော့ အတော်အီသွားပုံရတယ်"

"အေးကွ..နော်၊ အငယ်လေး .. မင်းကို ထိမိသွားသေးလား"

"မနာပါဘူး အစ်ကိုကြီးတို့ရ၊ ကျွန်တော်က အစ်ကိုကြီးတို့နား တိုးကပ်ထားတော့ ပိုတောင် အားကြီးသွားသေးတယ်လေ"

***

ငြင်းခုန်၊ ရန်လို၊ အကြွားသန်၊ စိတ်တို၊ အားငယ်သော လက်ချောင်းလေးများက အခုတော့လဲ လေထဲမှာ ဖြန့်ကားလို့..၊ အလှကိုယ်စီနဲ့၊ ပျော်လို့၊ မြူးလို့...။

***

ကလိုစေးထူး


Monday, January 05, 2015

မြူကင်းချိန်...

ဆွမ်းထမင်းနဲ့ ဆွမ်းဟင်းကို ခပ်ယူ ဘုန်းပေးနေသည့် ဆရာတော့်ကို ငေးမျှော်နေမိသည်...။ ဆွမ်းစားဆောင်ငယ်လေး တိတ်ဆိတ်နေသည်က ဆရာတော့် လက်ထဲက ဇွန်းနဲ့ ဆွမ်းပန်ကန် တခါတလေ ထိခတ်မိသံက လွဲလို့ ဆိတ်ငြိမ်လွန်းလှပါဘိ...။ လက်အုပ်ချီ ငေးမျှော်နေသည့်
သူ့စိတ်အတွေးထဲမှာတော့ ဝေခွဲမရသည့် စိတ်၊ စူးစမ်းလိုစိတ်၊ ကြောင့်ကြနေမိစိတ်၊ ပူပန်စိုးထင့်စိတ်များက ရောထွေးနေသလို နောက်ကျနေလေ၏။

***

ဒီနေ့က သူ့အတွက် တာဝန်ကျသည့် လစဉ်ဆွမ်းအလှည့်နေ့...။
နိုင်ငံရပ်ခြားမှာ အကြောင်းမျိုးစုံနှင့် ရောက်နေကြသည့် ရွှေမြန်မာများအတွက် ဘုန်းတော်ကြီးကျောင်းရယ်လို့ ခေါ်နိုင်ရုံမျှ မည်ကာမတ္တ ကျောင်းကလေးအတွက် ကျောင်းထိုင်ဆရာတော်က အရှင်ဇာဂရ ...တဲ့။
သဒ္ဓါမရှားသော်လည်း ငွေရှား၊အချိန်ရှားတဲ့ အဝေးရောက် မြန်မာတွေကြားမှာ ကျောင်းလာထိုင်ရသည့် ဆရာတော့်ခင်ဗျာလည်း မသက်သာ...။ စနေတနင်္ဂနွေကိုတောင် နပ်မမှန်နိုင်သည့် အားလပ်ရက်တွေထဲကမှ
ဒကာဒကာမတွေ ကျောင်းကို အရောက်အပေါက်နည်းလို့ ဆွမ်းကို ဘယ်နှစ်ကြိမ်ငတ်ပြီးပြီလဲဆိုတာ မသိနိုင်...။ ဒီလိုနဲ့ပဲ သတ်မှတ်သပ်ရပ်အောင်လို့ တယောက်တအိမ်၊ တလတကြိမ် ဆွမ်းကပ်လှူစေရန် တာဝန် ခွဲဝေရသည်။
***
ကသုတ်ကရက် နိုင်လွန်းစွာ ချက်ပြုတ်လာရသည့် သူ့ဆွမ်းကို ဆရာတော် ဘုန်းပေးရတာ အဆင်ပြေမပြေ မသိနိုင်ပေမယ့် ရောင့်ရဲတင်းတိမ်တတ်ဟန် ရဟန်းတော်မြတ် အသွင်ကို ဖူးမြင်နေရသည်ဟု စိတ်ထဲက ခံစားမိ၏။ သြော်..၊ ဆရာတော်။
တို့တတွေ နေတဲ့အရပ်မှာ သတင်းလာသုံးတာတောင် ဘာလိုလိုနဲ့ လေးနှစ်လောက်တောင် ရှိနေပြီ ထင်တယ်။ ဆွမ်းကွမ်း၊ ကျောင်းဆောင် ၀တ္ထု ပြည့်စုံကုံလုံလှတဲ့ အမေရိကားက တခြားသော ပြည်နယ်တွေမှာ ကိုးကွယ် ဆည်းကပ်လိုတဲ့
လူချမ်းသာ ဒကာတွေ ပေါများနေတာတောင်မှ ငါတို့ကို စေတနာတရား ကြီးမားစွာ ဒီပြည်နယ်မှာ ကျောင်းထိုင်ရရှာတယ်။ ဒါပေမယ့်...၊ ဆရာတော်များ... ငါထင်မိသလို။ အို... မဟုတ်ပါစေနဲ့၊ မဟုတ်ပါစေနဲ့။
ကြည်ညိုစိတ်နဲ့ ဝေခွဲမရစိတ်တို့ လွန်ဆွဲလွန်းစွာဖြင့် စိတ်တို့က အတန်ငယ် နောက်ကျိလာပြန်သည်။

***

"သူတို့ကို ကျုပ်က ထောင်ထဲချည်း ထည့်ထားတာပဲ၊ ကျူပ်ထောင်ထဲ ထည့်ထားတာမှ အများကြီး" "အမျိုးသားရေး အမြင်နဲ့၊ အမျိုးသားရေး အမြင်ကို၊ အမျိုးသားရေး အမြင်က၊ အမျိုးသားရေး အမြင်...၊
အမျိုးသားရေး၊ အမျိုးသားရေး.. အမျိုးသားရေး"
ရှုပ်ထွေးနောက်ကျိလှစွာဖြင့်ပင် ပဲ့တင်ထပ်နေသော အသံတွေက နားထဲမှာ မြည်ဟည်းနေသလို ခံစားရလွန်းပါဘိ...။ အို...၊ ဟိုးငယ်စဉ် ကလေးဘ၀ကတည်းက တခါတပါးဖူးမှ
မသင်ကြား မနာယူရတဲ့ စကားလုံးတွေ၊ အမုန်းတရားစကားတွေ...၊ ဒီစကားတွေကြောင့် ရိုက်ခတ်ပဲ့ကြွေ ဆုံးရှုံးသွားတဲ့ အသက်တွေ...။ ရှိုက်ငင်ငိုကြွေးသံတွေ...။ နောက်ထပ်၊ နောက်ထပ် ရန်စောင်မှုတွေ....။
အို...၊ မဟုတ်ဘူး၊ မဟုတ်ဘူးးးး။ ငါ တသက်လုံး ကိုးကွယ်ယုံကြည်လာတဲ့ ဗုဒ္ဓတရားတော်မှာ ဒါတွေ မပါဘူး။ ငါတို့တွေဟာ ကြမ်းကြုတ်သူ၊ အမုန်းတရားတွေ ကြီးထွားစေသူ မဟုတ်စေရဘူးး။
ကိုယ့်ဘာသာ အော်ဟစ်ပြောနေမိသည့်အလား အတွေးစကားသံတွေက မြည်ဟည်းပဲ့တင်နေပြန်ပါပြီ။

***

"ဒကာတော်"
တိုးတိတ်နေသော်ငြား ကြောင့်ကြပူဝေနေသည့် စိတ်အစဉ်တို့ကို ဆရာတော့်အသံက အေးချမ်းစွာ ဖြိုခွင်းပစ်လိုက်သည်။
"တင်ပါ့ ဘုရား"
"ဆွမ်းအလှူကြောင့် ဘုန်းပေးရတာ အဆင်ပြေလှပါတယ် ဒကာ၊ ဒီဆွမ်းအလှူကြောင့် ဒကာ့မှာ စိတ်၏အေးချမ်းခြင်း၊ ကိုယ်၏ အေးချမ်းခြင်း ပြည့်စုံပါစေ၊ ငါးပါးသော ဆွမ်းလှူအကျိုးကိုလဲ
ရမှာ မလွဲပါဘူး ဒကာ"
"မှန်ပါ့ ဘုရား"
"ဦးဇင်းတို့ ဘာသာဟာ ဘယ်အရာကို အခြေခံပါသလဲ ဒကာ"
"မေတ္တာ၊ကရုဏာ၊ မုဒိတာတရားလို့ ထင်ကြောင်းပါ ဘုရား"
"အေး၊ မှန်တာပေါ့ ဒကာ၊ ငါတို့ ဘုရားရှင်ကိုယ်တော်ကြီးဟာ မည်သူ့ကိုတော့ မုန်းစေ၊ မည်သူ့ကိုတော့ ချစ်စေလို့ မမိန့်မှာတော်မူခဲ့ချေဘူး"
"တင်ပါ့ ဘုရား"
"ဒီကနေ့ ဒကာ လာလှူတဲ့ ဆွမ်းထမင်း၊ ဆွမ်းဟင်းတွေကို နဂိုမူလ စိုက်ပျိုးကြ၊ ထုတ်လုပ်ကြသူတွေဟာလဲ ဦးဇင်းတို့နဲ့ မတူသော ဘာသာ၊ မတူသော လူမျိုး မဖြစ်နိုင်ပေဘူးလား ဒကာ"
" ဖြစ်နိုင်ကြောင်းပါ အရှင်ဘုရား"
"ဒီလိုဆိုတော့ ဒီဆွမ်းကွမ်းတွေကို စိုက်ပျိုးထုတ်လုပ်သူတွေကိုရော မေတ္တာ မပို့သင့်ပေဘူးလား"
"ပို့သင့်ကြောင်းပါ ဘုရား"
"သူကတော့ မဲ၏၊ ငါကတော့ဖြူ၏၊ သူသည်ကား ငါ့လူမျိုးမဟုတ်၊ သူသည် ငါ့ဘာသာမဟုတ်ဆိုတဲ့ အမြင်တရားကို အခြေခံလို့ မုန်းတီးခြင်း စိတ်ထား တစိုးတစိမှ မထားမိစေနဲ့ ဒကာ"
"မှန်လှပါ အရှင်ဘုရား"
စောစောက လေးတွဲ့စွာ နောက်ကျိနေသည့် စိတ်အစဉ်တို့က ဆရာတော့် ဆုံးမစကားကို နာယူအပြီး မော့ကြည့်ဖူးမျှော်မိချိန်မှာတော့ ကြည်နူးမျက်ရည်တွေက ဝေ့၀ဲစွာ....။
"ခွင့်လွှတ်တော်မူပါ အရှင်ဘုရား၊ တပည့်တော် စိတ်ထဲမယ် အရှင်ဘုရားသည် တပည့်တော်တို့နဲ့ မတူခြားနား ဘာသာခြားကို ဟိုဒီသတင်းတွေကြောင့် မုန်းတီးနေမလား ကြောင့်ကြမိပါတယ် ဘုရား"
"အိုကွယ်..."
သည်းခံခွင့်လွှတ်သော အပြုံးတစုံဖြင့် ဆရာတော်က ဖွဖွရေရွတ်တော်မူသည်။

***

အလုပ်သွားရပါဦးမည်...။
စောစောကနဲ့မတူ ပေါ့ပါးကြည်လင်သွားသော စိတ်အစဉ်ထဲမှာတော့ မေတ္တာသံဝေ တေးဆိုသံလေး တစက ပျံ့လွင့်လို့ နေလေတော့သည်။
"လုံးစုံများစွာ သတ္တ၀ါ၊ ချမ်းသာ ကိုယ်စိတ်မြဲပါစေ၊
ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ"


ကလိုစေးထူး

Wednesday, November 07, 2012

ရွေးကောက်ပွဲ ည... (၂)


ဒီစာကို ရေးနေတဲ့ အချိန်မှာ မစ်ရွမ်နေကတော့ စကားပြောပြီးသွားပါပြီ။ နောက်ထပ် လေးနှစ်သက်တမ်း ထပ်မံ တာဝန်ထမ်းဆောင်ခွင့် ရမယ့် အိုဘားမားအလာကို အားလုံးက စောင့်မျှော်နေကြဆဲ…။
***
ကျနော့်အနေနဲ့ကတော့ ကိုယ်ပေးလိုက်တဲ့ မဲတပြား အချည်းနှီးဖြစ်မသွားတာကိုပဲ ကျေနပ်နေမိတယ်။
လွန်ခဲ့တဲ့ လေးနှစ်တုန်းကတော့ ကျနော်က သူများတွေ မဲပေးတာကို စောင့်ကြည့်ရင်ခုန်ရသူ…။ အခုနှစ်ကတော့ ကိုယ်တိုင်မဲပေး ရင်ခုန်ရသူ။
ပြောရရင် ဘာကြောင့်မှန်းမသိ…၊ ကျနော့် အလုပ်ထဲမှာ ကျနော်နဲ့ မယ်ရီဆိုတဲ့ အဖြူအဘွားကြီး တယောက်ကလွဲရင် ကျန်တဲ့လူတွေ အားလုံး မစ်ရွမ်နေဘက်ကချည်းပါ။ အထူးသဖြင့် ကျနော့် Supervisor ဆိုရင် အိုဘားမားကို သည်းသည်းထန်ထန်ကို ဆန့်ကျင်ပါတယ်။ ကျနော် မဲပေးခွင့် ရနေတာကို သိတော့…၊ မဲ အပေးမမှားစေနဲ့နော.. ဆိုပြီး စသလိုလို နောက်သလိုလိုနဲ့ အိုဘားမားကို မပေးစေချင်တဲ့ သဘော ပြသပေမယ့် ကျနော်ကတော့ တုံဏှိဘာဝေသာ ခပ်ပြုံးပြုံးနေခဲ့တာပါပဲ။
***
မနက်က မဲပေးပြီးတော့ စာလေး ကမန်းကတန်းရေး…၊ ပြီးတာနဲ့ အလုပ်ကို ချက်ချင်းဆိုသလို အပြေးအလွှား သွားရတယ်။ အလုပ်ထဲကို လူက ရောက်နေပေမယ့် စိတ်က တယ်ပြီး မဖြောင့်လှတာတော့ အမှန်ပါ။ ည ၈ နာရီ ကျော်ပြီ ဆိုတာနဲ့ သူငယ်ချင်း တယောက်ဆီက ဖုန်းကို ခဏငှား (သူ့ဖုန်းက အင်တာနက် ရတာကိုး)…။ မဲရလဒ်တွေကို ရင်တမမနဲ့ စောင့်ကြည့်ရတော့တာပဲ…။
ကျနော်တို့ရဲ့ ဇာတ်လိုက်ကြီး အိုးဘားမားကလဲ တချိန်လုံး မဲရလဒ်က အောက်မှာချည်း နေရာကနေ နောက်ဆုံး အပြီးသတ် မဲရေတွက်တော့မှပဲ မစ်ရွမ်နေကို နှာတဖျားသာသာနဲ့ ကပ်နိုင်သွားတော့တယ်။
***
ကျနော့်ကို ဒီနိုင်ငံဖွား သူငယ်ချင်း တယောက်က မေးတယ်။ မင်း ဘာလို့ အိုဘားမားကို မဲပေးသလဲတဲ့…။
ကျနော် တခွန်းပဲ ဖြေလိုက်ပါတယ်။ သူ့ရဲ့ ရိုးသားတဲ့ ကတိတွေ၊ ရိုးသားတဲ့ အကောင်အထည်ဖော်မှု၊ ကြိုးစားမှုတွေကို ယုံကြည်လို့.. လို့။
***
အရင် လေးနှစ်မှာ သူ ထင်တိုင်း မပေါက်ခဲ့တာကြောင့်၊ ဒီနှစ်မှာ အရင်ကထက် မဲ အရနည်းသွားသလို ရှိပေမယ့် ကျနော် အပါအ၀င် လူအများစုက သူ့ကို နောက်ထပ်လေးနှစ် တာဝန်ထမ်းဆောင်စေလိုတဲ့ သဘော ထင်ရှားတာမို့.. အိုဘားမား အောင်ပွဲခံခဲ့ပြန်ပါပြီ။
***

  
ကလိုစေးထူး



Tuesday, November 06, 2012

မဲပေးတဲ့ မနက်...






ဆောင်းဦးပေါက်ရဲ့ မနက်ခင်းမှာ စောစောစီးစီး အိပ်ရာက နိုးတော့ အိပ်ချင်ဟန် မပြေသေးတဲ့ မျက်လုံးတွေက ကျိန်းစပ်လို့ နေပါလေရော…။
ဒါပေမယ့် အိပ်ရာထဲကနေ အလူးအလဲပဲ ထလိုက်ရင်း မဲရုံကို သွားဖို့ ပြင်ရဆင်ရတယ်၊ လိုအပ်မယ်ထင်တဲ့ အထောက်အထား စာရွက်စာတမ်းတွေ ယူရတယ်။
ဒီနေ့ မဲပေးရမယ်လေ… … …။ 

***

ရွှေပြည်ကြီးမှာ နေခဲ့စဉ်ကတော့ ကျနော် မဲပေးခွင့် တခါမှ မကြုံကြိုက်ခဲ့ရဘူး။ ၁၉၉၀ ရွေးကောက်ပွဲတုန်းကတော့ ကျနော့် အသက်က ၁၃ နှစ်ပဲ ရှိသေးလို့…၊ ၂၀၁၀ နဲ့ နောက်ပိုင်း ကြားဖြတ် ရွေးကောက်ပွဲကျတော့ ပြည်ပကို ရောက်နေပြီ ဖြစ်လို့…။ ဒါနဲ့ပဲ အခါအားလျော်စွာ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ မဲပေးခွင့်ကို ဒီနှစ်တော့ ဆိုက်ဆိုက်မြိုက်မြိုက် ကြုံရလေသတည်းပေါ့…။

***

မဲပေးခွင့် ရှိတဲ့ အချိန်ကတော့ နံနက် ၇ နာရီကနေ ည ၈ နာရီ အထိပါ။ မဲရုံတွေကို မိမိနေထိုင်ရာ နေရပ်လိပ်စာအလိုက် ဧရိယာခွဲခြားထားပါတယ်။ ကိုယ်က ဘယ်မဲရုံမှာ မဲပေးရမလဲ ဆိုတာကို အင်တာနက်မှာ အလွယ်တကူ ရှာလို့ ရနိုင်ပါတယ်။ အိမ်မှာ အင်တာနက် မရှိဘူးဆိုရင်လဲ နီးစပ်ရာ စာကြည့်တိုက်မှာ စုံစမ်းလို့ ရပါသေးတယ်။
မဲပေးစာရင်း သွင်းခွင့်ကိုတော့ စာတိုက် သို့မဟုတ် အွန်လိုင်းမှ တဆင့် ရွေးကောက်ပွဲရက်မတိုင်ခင် ရုံးဖွင့်ရက် အရက် ၂၀ ထက် နောက်မကျစေရဘဲ မဲပေးနိုင်ပါတယ်။ တကယ်လို့ နောက်ကျသွားရင်လဲ ကိစ္စမရှိပါဘူး။ ရွေးကောက်ပွဲ ရက်ကို ရောက်တဲ့အခါ မိမိ မဲပေးရမယ့် မဲရုံမှာ တခါတည်း မဲပေးသူ အမည်စာရင်းသွင်းပြီး မဲလက်မှတ်ထုတ်ယူယုံပါပဲ။ 

***

ကျနော် မဲရုံရောက်သွားတဲ့အချိန်မှာ မနက် ၈ နာရီ ထိုးပြီမို့ မဲပေးဖို့ ရောက်နှင့်နေသူတွေလဲ ရှိနေပါပြီ။ မဲပေးရတဲ့ နေရာကတော့ အလယ်တန်းကျောင်း တခုမှာပါ။ ရွေးကောက်ပွဲ ရက်ဖြစ်ပေမယ့် ကျောင်းမပိတ်တဲ့ အပြင် ကျောင်းကကလေးတွေကိုလဲ မဲပေးတဲ့လူတွေ အနှောက်အယှက်မဖြစ်အောင် အနားကို မလာစေရအောင် ဆရာ၊ ဆရာမတွေက ကြပ်မတ်ထားပုံရတာမို့ တိတ်တိတ်ဆိတ်ဆိတ် အေးအေးချမ်းချမ်းပါပဲ။

မဲရုံထဲမှာ သက်ဆိုင်ရာ ပါတီက ကိုယ်စားလှယ်တွေ ရှိကောင်း ရှိနေနိုင်ပေမယ့် ဘယ်သူက ဒီမိုကရက်၊ ဘယ်သူက ရီဗတ်ပလီကင်ဆိုတာ ကောင်းစွာ မသိနိုင်ပါဘူး။ မဲရုံအတွက် တာဝန်ရှိသူတွေသာ မဲပေးစာရင်း မသွင်းရသေးသူနဲ့ သွင်းပြီးသားသူကို အဆင်ပြေပြေ မဲပေးနိုင်ဖို့အတွက် ကူညီရင်း အလုပ်များနေကြတာပါ။ 

***

ပထမတော့ ကျနော်က နိုင်ငံသားဖြစ်ကြောင်း အထောက်အထားတွေ ဘာတွေ ယူသွားရတယ်၊ မိမိနေထိုင်တဲ့ နေရပ်လိပ်စာ မှန်ကန်ကြောင်း သက်သေ အနေနဲ့ Utility Bill တခုခုလဲ ပြရမယ်လို့ ထင်ထားပြီး အဲဒါတွေ ယူသွားပါသေးတယ်။ တကယ်တော့ ဒရိုင်ဘာလိုင်စင် ပြလိုက်တာနဲ့ ကျနော့်အမည်နဲ့ လက်ရှိနေရပ်လိပ်စာက သူတို့ စာရင်းမှာ ရှိနှင့်နေပြီးသားပါပဲ။ နောက်ထပ် ထပ်ဖြည့်ပေးရတာဆိုလို့ ပထမအကြိမ်မဲပေးတာလား၊ ယခင်က မဲပေးဖူးသလား ဆိုတာနဲ့ လိပ်စာကို အတည်ပြုပေးရတာပါပဲ။
မဲပေးဖို့အတွက်ကို အတန်ငယ်ရှည်တဲ့ မဲစာရွက်ပေးပြီး မဲအမှတ်စဉ် စာရွက် ခပ်သေးသေး တခုပါ ရပါတယ်။ မဲစာရွက် ခပ်ရှည်ရှည်မှာတော့ ကိုယ်ပေးချင်တဲ့ ကိုယ်စားလှယ်တွေရဲ့ အမည်ဘေးမှာ မြှားပုံသဏ္ဍန်ကို ထိပ်နဲ့ နောက်မြီး အလယ်မှာ ဖြတ်ထားတဲ့ ပုံစံနဲ့ ညွှန်ထားပါတယ်။ တကယ်လို့ ကိုယ်က အဲဒီ ပုဂ္ဂိုလ်ကို မဲပေးချင်တယ်ဆိုရင် အလယ်ကနေ မြှားကလေးရဲ့ ထိပ်နဲ့ နောက်မြှီးကို ဆက်ပြီး ဆွဲပေးလိုက်တော့ ပြီးပြည့်စုံတဲ့ မြှားပုံသဏ္ဍာန်လေး ဖြစ်သွားပြီးတော့ ဒီလူ့ကို မဲပေးပါတယ်လို့ သဘော သက်ရောက်သွားပါတော့တယ်။
ကိုယ့်စိတ်ကြိုက်ဖြစ်ပြီ ဆိုရင်တော့ မဲရေတွက်တဲ့ စက်ထဲကို သွားထည့်တဲ့အခါ၊ စက်က လက်ခံယူပြီး အဲဒီနားမှာ ရပ်စောင့်နေတဲ့ ပုဂ္ဂိုလ်က အပေါ်မှာ ကျနော် တင်ပြထားတဲ့ I voted ဆိုတဲ့ စတစ်ကာကလေးကို ပေးပါတယ်။ ဒီနေရာမှာ သူတို့ရဲ့ နည်းပညာသုံးစွဲမှုကို ပြောပြချင်တာကတော့ တကယ်လို့များ မဲပေးတဲ့အခါ ကိုယ်စားလှယ် နှစ်ယောက်စလုံးကို ဖြစ်ဖြစ်၊ ဒါမှမဟုတ်လဲ တယောက်ကိုမှ မခြစ်မိတာပဲဖြစ်ဖြစ် ဆိုရင် အဲဒီ မဲရေတွက်စက်က လက်မခံပါဘူး။ မဲစာရွက်ကို ချက်ချင်းပြန်ထွက်လာစေပြီး ဘေးကနေ ဘောက်ချာလို ထုတ်တဲ့ စက်အသေးလေးကနေ ဘယ်နေရာမှာ ဘယ်လို လွဲနေကြောင်း ထောက်ပြတာမို့ နောက်တခါ မှန်သွားအောင် သေသေချာချာ မဲ ပြန်ပေးစေပါတယ်။ ပယ်မဲတွေ ဖြစ်မယ့်ရန်ကနေ ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။ 

***

ကျနော် မဲရုံရောက်တဲ့ အချိန်ကနေ မဲပေးပြီးအချိန်ထိ အားလုံး အချိန် ၄၅ မိနစ်လောက်ပဲ ကြာခဲ့ပါတယ်။ ကျနော်ပြန်ထွက်လာတော့ နောက်ထပ် မဲပေးမယ့်လူတွေက ပိုတောင် များလာသေးတယ်။

သူတို့တွေ ည ၈ နာရီ အထိ အလုပ်ရှုပ်ကြပါလိမ့်မယ်။ အမေရိကန် တနိုင်ငံလုံးရဲ့ ည ၈ နာရီတွေ ကျော်လွန်ပြီးရင်တော့ ဘယ်သူနိုင်လို့ ဘယ်သူရှုံးလဲဆိုတာ အဖြေပေါ်ပါတော့မယ်။
ကျနော်တို့ စောင့်ကြည့်ကြတာပေါ့…။ 

***
ကလိုစေးထူး

Monday, August 22, 2011

Domes ကို နောက်တခေါက်...

တနင်္ဂနွေနေ့က ကျနော် Domes တွေကို တခေါက် ထပ်ရောက်ခဲ့တယ်။ အဲဒီ နေရာကို တကယ်တော့ ၆ နှစ်အတွင်း လေးငါးကြိမ်လောက်မက ရောက်ဖြစ်နေတာပါ။ အထူးသဖြင့် Tropical Dome ထဲက ကိုယ့်နိုင်ငံရေမြေနဲ့ နီးစပ်တဲ့ အပင်လေးတွေကို သွားကြည့်ရ၊ အဲဒီနားမှာ သွားထိုင်နေရတာကို သဘောကျလို့ပါ။

ဒီနေ့ကတော့ လက်စွဲတော်ကင်မရာတလက်နဲ့ အပျော်တမ်း ဓာတ်ပုံဆရာလိုလို ဘာဂလိုတိုတိုပုံစံဖမ်း ဓာတ်ပုံအရိုက်ထွက်ချင်လို့ သွားဖြစ်တာပေါ့…။ ဓာတ်ပုံပို့စ်လဲ မတင်ဖြစ်တာ ကြာလှပြီကိုး…။

***
















ဒါက အိမ်က ထွက်ထွက်လာခြင်း လမ်းမပေါ်က ပုံပါ။ အခုလက်ရှိနေတဲ့ နေရာက ကျနော်အရင်နေခဲ့ဖူးတဲ့ နေရာလေးကလို လမ်းကလေးလဲ မရှိသလို၊ ချောင်းသေးသေးလေးနဲ့ တံတားလေးလဲ မရှိပါဘူး။ ဆိတ်ငြိမ်မှု ကင်းသလောက် အရေးပေါ် ရဲကား၊မီးသတ်ကား၊ လူနာတင်ကားတွေရဲ့ အသံကို တနေ့မှာ အနည်းဆုံး ဆယ်ကြိမ်ထက်မနည်း ကြားရတတ်တယ်။ ဒီနေရာကို ရောက်မှ ဆေးခြောက်လာရောင်းတာ ခံရဖူးသလို၊ ငွေတပြားစတကျပ်စ ရသလောက် လာလာတောင်းတာကိုလဲ ခဏခဏ ခံရဖူးတယ်။











အဲဒါ လမ်းဘေးက ပန်းတပွင့်ပါပဲ။ မကြာမီမှာ ညိုးသွားတော့မယောင် ပန်းကလေးက ပွင့်ဖတ်တွေက ဘေးကို တွဲရရွဲကျချင်နေပြီ ဖြစ်ပေမယ့် သူ့ရဲ့ အလှကိုတော့ အစွမ်းကုန် ထုတ်ထားနိုင်သေးတဲ့အလား ထင်မိတယ်။











ဒါလဲ အမျိုးအမည်မသိသော ပန်း…။ ကျနော့်စိတ်ထဲ မြန်မာပြည်က ငုဝါပန်းလိုလို ပုံစံလေးနဲ့ ဆင်လို့။









ငှက်ပျောဖူး…၊ ရွှေပြည်ကြီးမှာတော့ ဘာမှမဆန်းဘူးပေါ့။ ကျနော်ကတော့ အဲဒါကို မြင်ရဖို့ တခေါက်သွားတိုင်း ငါးဒေါ်လာ ၀င်ကြေးပေးရတယ်။ တခါလွမ်း ငါးကျပ်လို့တောင် ပြောရမယ် ထင်တယ်။ :D











ဒီပန်းရဲ့ အရွယ်က တကယ်တော့ ရေသန့်ဘူးခွံအရွယ်သာသာလေးပဲ ရှိတာပါ။ အဲဒါကို ကျနော်က အနီးကပ်ဆွဲယူပြီး စိတ်ရှည်လက်ရှည် ရိုက်လိုက်တော့ အခုလိုပုံလေး ထွက်လာတယ်။












ဒီပန်းခိုင်လေးကို တွေ့တာနဲ့ ထူးခြားမှု တခုကို ချက်ချင်းပဲ သတိထားမိတယ်။ ပန်းခိုင်ကထွက်နေတဲ့ အညှာတံလေးတွေမှာ အခုမှ စပြီးဖူးစ အငုံလေးတွေလဲ ပါတယ်။ ပွင့်လုလု အပျိုရိုင်းလေးလို အပွင့်လေးလဲ ပါသလို အစွမ်းကုန် ပွင့်လို့ လှချင်တိုင်း လှနေတဲ့ အပွင့်လဲ ရှိနေတယ်။ အဲဒီလိုပဲ ကြွေကျညှိုးရော်လို့ အပွင့်နေရာမှာ သွေ့ခြောက်လို့တောင် နေပြီဖြစ်တဲ့ အရာလေးတောင် ရှိလို့…။ ကျနော်တို့ လူ့ဘ၀တွေလဲ ဒီပန်းခိုင်လေးနဲ့ ဘာများခြားသေးလို့လဲ… … …။






































Domes ထဲမှာ အခု မြင်ရတဲ့ စာဘုန်းကြီးလို ငှက်ကလေးတွေကိုလဲ မွေးထားတယ်။ ဒီကောင်ကလေးတွေက အသံစိုးစိုးစီစီနဲ့ ဟိုပျံလိုက်၊ ဒီဝဲလိုက်လုပ်နေတာ…။ မြန်ကလဲမြန်လွန်းတော့ ပုံရိုက်ရတာ အရမ်းခက်ခဲလှတယ်။ ဒီလောက် လှတဲ့ငှက်ပုံကို ရအောင်ရိုက်မယ်ကွာ ဆိုပြီး အားမလျှော့ဘဲနဲ့ တနာရီလောက်အထိ အချိန်ပေးပြီး လိုက်ရိုက်နေရင်းက ဒီငှက်ကလေး လာနားတဲ့အချိန်မှာ နောက်က နေရောင်ကလဲ မီးဆလိုက်ထိုးပေးထားသလို ဖြစ်တဲ့အခိုက်နဲ့ ကျနော် လိုချင်တဲ့ အကွာအဝေးကလဲ ကွက်တိဖြစ်သွားတော့ အခုလို ပုံလေးတွေ ရလာတယ်။ ဒီတခေါက် Domes ကို သွားတဲ့အခါမှာ အခု ရလာတဲ့ ငှက်ပုံလေးတွေကိုတော့ ကျနော် အားရနှစ်သက်မှု အရှိဆုံးပါပဲ..။ သဘောအကျဆုံးက ငှက်ကလေး ထပျံသွားခိုက်ပုံလေးပါ။











Domes မှာ အပင်တွေ စိုက်ပြထားသလို၊ ပန်းချီနဲ့ ဓာတ်ပုံ အရောင်းပြခန်းလေးတွေလဲ ရှိတယ်။ အဲဒါ ပြခန်းတွေကို လိုက်ကြည့်ရင်းနဲ့ ကျနော် ဒီပုံကို သူတို့ အရောင်းစာရင်းမှာ တွေ့လာတယ်။ အမရပူရက ရိုက်လာတာတဲ့…။ ရောင်းဈေးကတော့ ဒေါ်လာ ၆၅၀…။ သူက နိုင်ငံအလိုက်ကိုယ်စားပြုတဲ့ သဘောမျိုးနဲ့ ဥပမာ…၊ တရုတ်ဆိုရင် ဘုံကျောင်းလေးတွေ နောက်ခံနဲ့ပုံလိုမျိုး၊ ထိုင်းဆိုရင် ရေပေါ်ဈေးမှာ ဈေးရောင်းနေတာကို အပေါ်စီးကနေ ရိုက်ထားတာမျိုးပါ။ ကျနော်တို့ မြန်မာကို ကိုယ်စားပြုအနေနဲ့ သာသနာ့အရိပ်အ၀ါ ထင်ဟပ်တဲ့ အခုလို ဘုန်းတော်ကြီးနှစ်ပါးရဲ့ ပုံကိုပြထားတာကို စိတ်ထဲ အတော်ကျေနပ်မိတယ်။











Domes က ပြန်ထွက်လာပြီး အဲဒီနား မနီးမဝေးက မြစ်ဘေးမှာ ဟိုဟိုဒီဒီ လိုက်ငေးဖြစ်သေးတယ်။ ဒါနဲ့ အဲဒီ ဘဲမောင်နှံ (နှစ်ကောင် အတူတွေ့လို့ ခပ်တည်တည်နဲ့ မောင်နှံလို့ ရမ်းတုတ်ရတာ၊ အထီးနှစ်ကောင်၊ အမနှစ်ကောင်လဲ ဖြစ်ချင်ဖြစ်နေမှာ) ကို မြင်တော့ ရိုက်ဖြစ်လိုက်သေးတယ်။

***

စာကောင်းကောင်း မရေးဖြစ်တော့ အခုလိုပဲ ဓာတ်ပုံပို့စ်နဲ့ နှိပ်စက်ပါရစေဦး…။ အားနာပါးနာ ကြည့်ပေးသွားရင်ပဲ ကျေးဇူးတင်ပါတယ်။

***

ကလိုစေးထူး