Sunday, December 11, 2016

ဘောင်ခတ်ပါ၊ မသတ်နဲ့ ...


အခုပုံနဲ့တကွ တင်ထားတဲ့ ပို့စ်တခုကို ပညာရေး ဂရုမှာ ဖတ်မိလိုက်တယ်။ ပို့စ်က ခပ်တိုတိုပါ။ မေးခွန်းထုတ်ထားတဲ့ ပို့စ်ပေါ့။

“ကျွန်မတို့ ငယ်ငယ်ကတည်းက နံပါတ်(၁) နည်းနဲ့ ၀ါကျဖွဲ့လာခဲ့တာ၊ အခုတော့ နံပါတ်(၂)နည်းနဲ့ သင်ပါတဲ့။ ဆရာ၊ဆရာမတို့ရော ဘယ်လိုသင်လဲရှင်”

..လို့ မေးခွန်းထုတ်ထားတဲ့ အဲဒီပို့စ်ကို လူ ၅၀၀ ကျော်က မှတ်ချက်တွေနဲ့ ပြန်ဖြေခဲ့ကြတယ်။ ပြန်ဖြေကြသူတွေ အများစု ပြောကြတာက ၀ါကျဖွဲ့နည်း (၁) နဲ့သာ ဖွဲ့သင့်ကြောင်း၊ (၁)ကသာလျှင် အမှန်ဖြစ်ကြောင်း၊ (၂) လို့ ဘယ်တုန်းကမှ မသင်ခဲ့ရကြောင်း၊ (၂)နဲ့ သင်ဖို့ ဘယ်သူက အမိန့်ထုတ်တာလဲ ဆိုတာတွေကအစ သတိထားမိတဲ့ မှတ်ချက် တခုမှာ ဆိုရင်...

“၁ ဆိုမှ ၁ ပါ။ ပြောင်းလဲရင် ပြီးရော ဆိုပြီးတော့ ပြောင်းချင်တိုင်းတော့ မပြောင်းသင့်ပါဘူး ခင်ဗျာ” …တဲ့။

***

သဘောက ဘာလဲဆိုတော့ စကားလုံး တခုကို ၀ါကျဖွဲ့ခိုင်းလို့ ကလေးတွေက ၀ါကျဖွဲ့ပြရမယ် ဆိုရင် ပုံစံ(၁)မှာ ပါတဲ့ အတိုင်း ပုဒ်မ နှစ်ခုနဲ့ အဲဒီလိုလေး ခြားပြီး ဖြေမှ မှန်တယ်။ ပုံစံ(၂)မှာလို ဖြေထားရင် ၀ါကျခြင်း အတူတူဖြစ်ပေမယ့် ဖြေနည်းက မှားမယ် ဆိုတဲ့ သဘော…။ အမှတ်ပေး စည်းမျဉ်းနဲ့ မညီဘူး ဆိုတဲ့ သဘော..။

***

ကျွန်တော် စဉ်းစားမိတယ်။

တကယ်တော့ “စိုက်ပျိုး” ဆိုတဲ့ စကားလုံးကို ၀ါကျ အဖွဲ့ခိုင်းတာသာ ဖြစ်လို့ စာသင်သား ကလေးငယ်က အဲဒီ စကားလုံးကို မှန်ကန်စွာ၊ ထူးချွန်ပြောင်မြောက်စွာ ၀ါကျဖွဲ့နိုင်ခြင်း၊ မဖွဲ့နိုင်ခြင်းကိုသာ အဓိကထား ဆုံးဖြတ်သင့်တာ မဟုတ်ဘူးလား။ ပုံစံ (၁) နဲ့ပဲ ဖြစ်စေ၊ (၂)နဲ့ပဲ ဖြစ်စေ ၀ါကျ ရေးဖွဲ့ပုံ မှန်ကန်မှုကိုသာလျှင် အဓိက မထားသင့်ပေဘူးလား။

ပုံစံ(၁)ကသာ ဖြေနည်း အမှန်ဖြစ်တယ် ဆိုပြီး ပုံစံ(၂)နဲ့ ဖြေထားမယ့် ၀ါကျကောင်းတွေကိုရော ဘယ်လို စဉ်းစားကြမလဲ…။ အမှတ်ပေးမှာလား၊ မပေးဘူးလား။

ဒါကြီးက မေးခွန်းနဲ့ အဖြေပုံစံ ဖြေထားတာ၊ ၀ါကျဖြေနည်းက ဒီလို မဟုတ်ဘူးဆိုပြီးတော့ ၀ါကျကောင်းတွေနဲ့ ဖြေထားတဲ့ အဖြေတွေကို အမှားလို့ သတ်မှတ်ကြတော့မလား။

ကျွန်တော်တို့တတွေ ပညာသင်ကြားကြရတဲ့ အဓိက ရည်ရွယ်ချက်က ဘာများလဲ။

***

ကလေးတွေရဲ့ အဖြေလွှာတွေကို အမှတ်ပေး စစ်ဆေးရတဲ့အခါမှာ ဆရာ၊ဆရာမတွေ အတွက် အမှတ်ပေး စည်းမျဉ်းဆိုတာ ရှိရတာကို နားလည်ပါတယ်။ ဒါပေမယ့် အဲဒီ အမှတ်ပေးစည်းမျဉ်းဟာ တရားသေ ဆုပ်ကိုင်ထားသော ပိတ်မိနေတဲ့ ဘောင်တခုတော့ မဖြစ်သင့်ပါဘူး။

အမှတ်ပေး စည်းမျဉ်းနဲ့ ညီရင် အမှတ် ဘယ်လောက်တော့ ရမယ် ဆိုပြီးတော့ ကလေးတွေရဲ့ အတွေးကို ဘောင်မခတ်မိစေသင့်ပါဘူး။ ဥပမာ “ပါရမီ” ဆိုတဲ့ စကားလုံးကို ုဝါကျ အဖွဲ့ခိုင်းတယ် ဆိုပါစို့…။

“ကျွန်တော်သည် ကျောင်းကို ပါရမီကား နေ့စဉ် စီးပြီးသွားပါသည်” လို့ ၀ါကျဖွဲ့ပြီး တော့ ပုံစံ(၁) အတိုင်း ဖြေထားတဲ့ အဖြေနဲ့ “” လို့ “မြတ်စွာဘုရားရှင်သည် ဘုရားဖြစ်တော်မူရန် ဘဝ အဆက်ဆက် ပါရမီ ဖြည့်ကျင့်ခဲ့ရပါသည်” လို့ ၀ါကျဖွဲ့ပြီး ပုံစံ(၂) နဲ့ ဖြေတဲ့ အဖြေ ဘယ်သူက ပိုအမှတ်ရသင့်သလဲ။

တကယ်တော့ ပညာတွေ သင်တယ် ဆိုတာက ကလေးတွေရဲ့ တွေးခေါ် စဉ်းစားမှု ဉာဏ်ရည်ကို ပိုပြီးတော့ ပွင့်လင်းရှင်သန်လာစေဖို့သာ ဖြစ်သင့်တာ မဟုတ်ဘူးလား။

ဘောင်တခုကို မရှိရဘူးလို့ မဆိုလိုပါဘူး။ လိုတာထက် ပိုပြီး ဘောင်ခတ်ပစ်လိုက်ရင် အညွှန့်ကိုပါ ချုပ်မိသလို ဖြစ်သွားမယ် ဆိုတာကို သတိပြုရပါမယ်။

***

Letter writing နဲ့ ပတ်သက်ပြီးတော့ ငယ်ငယ်က အလွတ် ကျက်ခဲ့ရလွန်းလို့ အခုထိ အမှတ်ရမိနေသေးတာ ရှိတယ်။

“Dear Mg Ba,
How are you? I hope you are well. As for me, I am fine too.

ဒါက ဘာလဲ ဆိုတော့ ဘာတွေချည်းပဲ အရေးခိုင်းခိုင်း၊ မင်း အဲဒါတော့ ပါအောင် ရေးကွ၊ အဲဒီလို ရေးနိုင်တာနဲ့တင်ကို အမှတ်က ဘယ်လောက်ရမှာကွ လို့ အသင်ခံခဲ့ရလို့ပါ။ ဒါနဲ့ပဲ “ဒီလောက် ကျက်နိုင်ရင် အမှတ် ဒီလောက်ရရင်လဲ မဆိုးဘူးပဲဟ” ဆိုတဲ့ အတွေးက ကျွန်တော်တို့ တွေးမိခဲ့ကြတာပဲ။ ဖြန့်ကျက် တွေးနိုင်စွမ်း၊ ရေးနိုင်စွမ်းကို အားမထုတ်ဖြစ်တော့ဘူး။

တကယ်တော့ Letter writing ရေးရခြင်းရဲ့ အနှစ်သာရဟာ အဲဒီထက်မက ပိုကျယ်ပြန့်တာ မဟုတ်ဘူးလား။ ကျွန်တော်တို့ အပေါ်က စာလုံးတွေ ရေးခဲ့ကြတာနဲ့တင် တကယ်ပဲ အမှတ်တွေ ရခဲ့ကြတာလား။ အဲဒီ အမှတ်ကနေ ပေးတဲ့ တွေးခေါ်နိုင်စွမ်းက ဘယ်မှာလဲ…။

မြန်မာစာ ကဗျာနဲ့ ပတ်သက်တဲ့ မှတ်စုတွေ၊ စကားပြေနဲ့ ပတ်သက်တဲ့ မှတ်စုတွေကို ဆရာမဖြစ်စေ၊ အတန်းခေါင်းဆောင် ဖြစ်စေက တိုင်ပေး၊ စာသင်သားတွေက လိုက်ရေး၊ အဲဒါကိုပဲ အာပြဲအောင် အော်ဟစ် ကျက်မှတ်ခဲ့ရ။ ဒီအတိုင်း ဖြေမှ အမှတ်ရမှာ ဆိုတဲ့ စကားသံတွေ…။ အမှတ်တွေ ရပြီးတော့ ပျောက်ဆုံးသွားမယ့် တွေးခေါ်နိုင်စွမ်းတွေကို ထည့်မစဉ်းစားသင့်တော့ဘူးလား…။

***

ဘာသာရပ် တခု၊ သင်ခန်းစာ တခုကို သင်ယူလိုက်လို့ ရသင့်တဲ့ အရာဟာ အမှတ်တွေက အဓိက မဟုတ်ဘူး။ ဟုတ်လဲ မဟုတ်သင့်ပါဘူး။ အဲဒီ ဘာသာရပ်၊ သင်ခန်းစာကနေ ပေးတဲ့ အသိပညာ၊ အတတ်ပညာ၊ အတွေးအမြင်ကို ယူနိုင်စေဖို့သာ အဓိက ပိုကျသင့်ပါတယ်။

ဒါဆိုရင် အမှတ်ပေး စည်းမျဉ်းက မရှိရတော့ဘူးလားလို့ မေးစရာရှိမယ်။ ရှိရမှာပေါ့။

တခုပဲ။

ကလေးတွေရဲ့ အတွေးအခေါ်တွေနဲ့ ဉာဏ်ရည်ဉာဏ်သွေးတွေကို အဲဒီ အမှတ်ပေးစည်းမျဉ်းရဲ့ ဘောင်က သတ်မပစ်လိုက်ဖို့သာ လိုတာ…။

***

ကလိုစေးထူး
ဒီဇင်ဘာလ ၁၀ ရက်၊ ၂၀၁၆ ခုနှစ်။ ည ၁၁ နာရီ ၂၃ မိနစ်။ 



No comments: