Tuesday, November 14, 2006

ပြန်မရနိုင်တော့တဲ့ မိသားစု ထမင်းဝိုင်းလေး ...

ကြာခဲ့ပါပြီ။ လွန်ခဲ့တဲ့ ဆယ်စုနှစ် တခုကျော်ကပေါ့။ ကျနော်ရယ်၊ ဖေဖေရယ်၊ မေမေရယ်၊ ညီလေးနဲ့ ညီမလေးရယ်နဲ့ မိသားစု ထမင်းဝိုင်းလေး။ ဆီဦး ထောပတ်မပါဘူး၊ ပေါ်ဆန်းမွှေး ဆန်နဲ့လဲ မချက်ဘူး။ မေမေ့ရဲ့ ၀န်ထမ်းဆန် ခပ်ညံ့ညံ့လေးရယ်၊ အာလူးတွေ အများကြီး ရောထားတဲ့ မည်ကာမတ္တ ကြက်သားဟင်း တခွက်ရယ်၊ ငါးပိရည် တို့စရာတွေနဲ့ မိသားစု ထမင်းဝိုင်းလေး …..။ ပီတိတွေ တလှေကြီးနဲ့ မိသားစု ထမင်းဝိုင်းလေး …။

ညီမလေးကတော့ အဲဒီ ထမင်းဝိုင်းရဲ့ ဇာတ်လိုက်ပေါ့။ ဟင်းခွက်ကို သူ့အနားက မခွာတမ်းထားပြီး ပလုပ် ပလောင်း စားတာ။ ကျနော်တို့ ညီအကိုကလဲ ဘာထူးသေးလဲ၊ မေ့မေ့လက်ရာကို တပျော်တပါးကြီး ခေါင်းမဖော်စတမ်း လွေးနေကြတာလေ။ မိဘတွေကတော့ ကျေနပ်မဆုံး တပြုံးပြုံးနဲ့ ကျနော်တို့ ပိုပိုသာသာ စားရဖို့ကိုပဲ ဦးစားပေး နေခဲ့တာ။

အခု အချိန်မှာတော့ ဒါတွေဟာ အိပ်မက်ပမာ အဝေးဆုံးရဲ့ အဝေးဆုံးမှာ ကျန်ခဲ့ပါပြီ။ အပြုံးမဲ့မျက်နှာတွေနဲ့ ကမ္ဘာ တဖက်ခြားမှာ နေသားကျအောင် ကြိုးစားနေထိုင်ရင်း ပြန်မရနိုင်တော့မယ့် မိသားစု ထမင်းဝိုင်းလေးကို တမ်းတတတ လွမ်းမိပါရဲ့ …..။

*** တကယ်တော့ ဒီစာကို ပလဲနက်ဖိုရမ်မှာ ကျနော် တခါရေးဖူးပြီးသားပါ။ အိမ်ကို သတိရလာလို့ ဒီမှာ ပြန်တင်လိုက်ရတာပါ ***


ကလိုစေးထူး

3 comments:

Ei said...

အနော်လဲ အိမ်ကထမင်းဝိုင်းလေးကိုလွမ်းတယ်ဗျ
တို့စရာနဲ့ ငပိချက်တောင် အမေချက်ရင်
အရမ်းကောင်းနေတဲ့ ထမင်းဝိုင်းလေးလေးပေါ့ဗျာ

မေဓာဝီ said...

တနေ့နေ့ တချိန်ချိန်မှာတော့
ပြန်ရကောင်း ရနိုင်ပါရဲ့ …

Anonymous said...

ကိုကြီးရေ ညလေး လဲ အိမ်ပြန်ချင်းတယ်
ကိုကြီး ပြန်လာခဲ့လေ အိမ်ကိုအတူတူပြန်ကြမယ် ဟုတ်လား

မေလေး