ဒီတခါ ရေးမှာကတော့ ဘာကိုမှ မည်မည်ရရ ခေါင်းစဉ် တပ်ရမှန်း မသိတဲ့ ဟိုရောက် ဒီရောက်ပဲ ခေါ်မလား၊ စိတ်ထဲ ကလိ ကလိဖြစ်နေတဲ့ ဆင်ဆာ တချို့အကြောင်း ရေးချင်ပါတယ်။ ကျနော် စာတွေကို စဖတ်ဖြစ်စဉ်က တချို့သော မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေမှာ တခါတလေ ငွေမှင်တွေ သုတ်ထားတဲ့ စာတချို့ ပါလာတတ်ပါတယ်။ တခါတလေ တော့လဲ မှင်အနက်တွေနဲ့ပေါ့၊ စာတည်းအဖွဲ့က သဘောတော် မကျတဲ့ စာမျိုးကို အဲလိုလေးတွေ ဆင်ဆာဖြတ် တတ်ကြပါရဲ့။ လူဆိုတာကလဲ အခက်သား။ အဲဒီလို ဖုံးကွယ်ထားပြီဆိုမှ ပိုလို့ သိချင်လာပါတယ်။ အဲဒီလို စာအုပ်မျိုး တွေ့လာပြီလားဆို နေရောင်မှာ ထောင်ပြီး မရရအောင် ဖတ်ကြည့်တတ်ပါတယ်။ နောက်ပိုင်းတွေကျတော့ အဲလိုတွေ မှင်သုတ်ပြီး မဖျက်တော့ပါဘူး။ သူတို့ သဘောမကျတာ ရေးမိရင် စာဖောင် တခုလုံး အဖြဲခံရတော့တာပါပဲ။ ဟိုးတလောက ရေပျော်ငှက်တို့၏ ရင်ခုန်သံများ ဆိုတဲ့ ဗီစီဒီ ခွေကို ကြည့်ဖြစ်တော့ ကိုညီထွဋ်ရဲ့ နောက်စေ့မှာ အရိပ်ဖြူ တခုက သွားလေရာ လိုက်နေလို့ ဘာများပါလိမ့်လို့ သေချာကြည့်တော့၊ ဆံပင်ရှည်ကို ဆင်ဆာဖြတ် ထားတာကို တွေ့ရပါတယ်။ ဖြစ်မှ ဖြစ်ရပလေ။ ဒါဖြင့် ဟိုတုန်းက မြန်မာကြီးတွေ ကျတော့ ဆံရှည် ယောင်ထုံးကြီးတွေနဲ့ မဟုတ်လားလို့ ကပ်သီးကပ်သတ် စဉ်းစားမိပါတယ်။ တခါကလဲ အိပ်ဇမ်ပယ်လ် အဖွဲ့ရဲ့ လိုက်ဖ်ရှိုးခွေကို ကြည့်ဖြစ်တော့ တချို့ သီချင်းတွေမှာ သက်အောင်ရဲ့ ရင်ဘတ်နဲ့ ပုခုံးမှာ စောစောကလိုပဲ အရိပ်ဖြူက ထပ်ချပ်မကွာ လိုက်နေတော့ လူက ပိုစိတ်ဝင်စား သွားပါတယ်။ အဲဒါနဲ့ တကွက်ချင်း သေသေချာချာ လိုက်ကြည့်တော့မှ လားလား၊ သူ့ရင်ဘတ်က ဂဏန်းကို ဆင်ဆာဖြတ်တာကိုး။ ဘယ်လောက်လို့ ထင်ပါသလဲ။ ၈၈ လေ။ အော်.. ကြောက်တတ် လိုက်ပုံများ။ အဲဒီ ဂဏန်းကို ကြောက်တတ်ပုံ နောက်တခု သွား သတိထား မိပါသေးတယ်။ တချို့သော ဘောလုံး အားကစား ဂျာနယ်တွေမှာ အင်္ဂလန် ပရီးမီးယားလိဂ်က မစ်ဒယ်ဘရော့ အသင်းရဲ့ ရင်ဘတ်က လိုဂို တံဆိပ်ကို ဆင်ဆာ ဖြတ်ထားပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အဲဒီ တံဆိပ်က 888.com ဖြစ်နေလို့ပါ။ နောက်များဆိုရင် ကလေးတွေကို စာသင်ရင် ၈ တို့ ၈၈ တို့ ၈၈၈၈ တို့ဆိုရင် ကျော်ပြီး သင်မလား မသိလို့ ကြံကြံဖန်ဖန် တွေးမိပါတယ်။ ကျနော် ၁၄ နှစ်သားလောက်က ထင်ပါတယ်။ ကျနော်တို့ နိုင်ငံမှာ ဟင်နီကင်နဲ့ ကားစ်ဘတ် ဘီယာများအား အမျိုးသားရေး တာဝန်အရ သောက်သုံးရန် မသင့်ဆိုပြီး တင်သွင်းခွင့် ပိတ်ပင်ခဲ့ပါတယ်။ အော်… ဘီယာ သောက်တာလဲ အမျိုးသားရေးနဲ့ ဆိုင်သကိုး။ မှတ်သားစရာ။ အဲဒီ ဘီယာတွေကို အငြိုးကြီးတာ ဘယ်လောက် အထိများလဲဆိုရင် ပရီးမီးယား ကလပ် လီဗာပူးလ် အသင်းခမျာ မြန်မာ အားကစား ဂျာနယ်တွေနဲ့တွေ့မှပဲ သူတို့ အကျီင်္က ရင်ဘတ် တံဆိပ် ကားလ်ဘတ် ဘီယာလိုဂိုလဲ အနိစ္စ သဘောနဲ့ ကိစ္စချောရ ရှာပါတယ်။ တခါတလေတော့လဲ လူတွေဆိုတာက စဉ်းစားပုံခြင်းက မတူကြတော့ သူတို့ တတွေကပဲ ရွှေဥာဏ်တော် စူးရောက် ကြတာလား။ ကျနော်ကပဲ နေရင်း ထိုင်ရင်း အဆိုးမြင် ၀ါဒီဖြစ်နေသလား ဟိုရောက် ဒီရောက် တွေးပြီး ဟိုရေး ဒီရေး ရေးလိုက်မိပါတယ်။ ကလိုစေးထူး |
Friday, November 03, 2006
ဟိုရောက် ဒီရောက် ဉာဏ်မမီသော အကြောင်းများ..
Labels:
ခံစားချက်စာစု
Subscribe to:
Post Comments (Atom)
2 comments:
ဒီလိုပဲလေ .. ပိတ်ထားရင် မရမက ကြည့်ချင်ကြတာ လူ့သဘာဝပဲ။
ကျမတို့ဆိုလဲ ငွေမင်သုတ်ထားတဲ့ စာဆို အလင်းရောင်နဲ့ ထောင်ပြီးဖတ်တယ်။ ပြီးရင် ပြန်တောင်ရေးပေးလိုက်သေးတယ်။ နောက်လူတွေ သက်သာရာ သက်သာကြောင်းပေါ့။ :P
တကယ်တော့ .. ဒီတိုင်းထားရင်တောင် ဘယ်သူမှ သတိထားမိမှာမဟုတ်ဖူး။ သူတို့အဲဒီလိုပိတ်ဟယ် ဖုံးဟယ်လုပ်မှ လူပိုသိတာ။
အဲဒါကြောင့် ပိတ်ချင်ပိတ်ပါစေ .. ပိတ်လေ .. လူသိလေ .. လို့ သဘောထားလိုက်။
မမေဓာဝီနဲ့ တူတူပဲ...။ :P
Post a Comment