Monday, November 27, 2006

တနင်္လာ တရက်တာ ...

Thanksgiving Day အားလပ်ရက်ကတော့ ပြီးသွားပြန်ပါပြီ။ လေးရက်တာ နားသာ နားလိုက်ရတယ်။ စာလဲ တပုဒ်မှ မရေးဖြစ်၊ မဖတ်ဖြစ်၊ ဟိုသွားဒီသွားနဲ့တင် အချိန်က ကုန်သွားပါတယ်။ အခု မနက်လဲ အလုပ်သွားဖို့ကို အိပ်ယာနိုးတဲ့ အချိန်ကတင် မနက် ၇ နာရီကျော်၊ နှိုးစက်ပိတ်ထားတာကို ပြန်ဖွင့်ဖို့ မေ့နေတာရယ်နဲ့ လေးရက်လုံးလုံး မူးရူးခဲ့တဲ့ ဒဏ်တွေကြောင့် လူက အားရပါးရကြီးကို အိပ်ပျော် နေခဲ့တာပါ။ အိပ်ရာက အလူးအလဲထ၊ အလုပ်သွားဖို့ ကမန်းကတန်း ပြင်ဆင်ပြီး အလုပ်ကို အသည်းအသန် ပြေးရပါတယ်။ အလုပ်ကိုရောက်တော့ ၇ နာရီ ၂၄မိနစ်၊ တော်ပါသေးရဲ့၊ သဘောကောင်းတဲ့ အလုပ်ရှင်က ကျနော့်ကို ခပ်ပြုံးပြုံးနဲ့ “ ကြည့်ရတာ အိပ်ယာထ နောက်ကျတာနဲ့ တူတယ် “ လို့ ပြောပါတယ်။

ဒီကိုရောက်တော့မှ ကျနော်လဲ နေ့တွေကို ချစ်ရ၊ မုန်းရကောင်းမှန်း ကောင်းကောင်းကြီး သိပါတယ်။ ဒီနေ့ တနင်္လာနေ့ဟာ ရက်သတ္တပတ်ရဲ့ ကျနော် အမုန်းဆုံးနေ့ပါ။ အချစ်ဆုံးကတော့ သောကြာနေ့ပေါ့။ ပေးဒေးကလဲ ဖြစ်၊ နောက်နေ့ အလုပ်ဆင်းစရာ မလိုတော့ မနက်စောစော ထစရာလဲမလို။ အဲဒီတော့ ဒီနေ့ တနင်္လာနေ့ကို ငြီးငွေ့ခြင်း မြောက်မြားစွာနဲ့ အလုပ်ချိန်ကို ကျော်ဖြတ်ရပါတယ်။ အိမ်ကို ပြန်ရောက်တော့ ကွန်ပြူတာရှေ့ ခဏထိုင်၊ ပြီးတော့ ချွေးတွေ၊ သံမှုံတွေနဲ့ ညစ်ထေးနေတဲ့ ကျနော့်ရဲ့ အတ္တဘောကြီးကို သန့်စင်ရေး လုပ်ရပြန်ပါတယ်။

ရေမိုးချိုးပြီးလို့ တီဗွီဖွင့်ကြည့်တော့ ကျနော် မကြည့်ဖြစ်လိုက်တဲ့ မန်ယူ-ချဲလ်ဆီး ဘောလုံးပွဲကို ပြန်လွှင့်နေပါတယ်။ လူမှုဗေဒဆိုင်ရာ သိပ္ပံပညာရှင်များက သွေးမထွက်သော စစ်ပွဲများရယ်လို့ ဘောလုံးပွဲများကို တင်စားပါသတဲ့။ အခုစစ်ပွဲမှာတော့ ကျနော်အားပေးတဲ့ ချဲလ်ဆီးကို နိုင်စေချင်ပေမယ့် ပွဲက သရေ ကျသွားပါတယ်။ မဟေသီ မဂ္ဂဇင်းတအုပ်မှာ ဆရာ ဂျက်(ကွမ်းခြံကုန်း) က ဆရာချစ်ဦးညို ဟောပြောခဲ့တဲ့ ဘောလုံးပွဲနဲ့ ပတ်သက်တဲ့ စကားကို အခုလို ရေးပြခဲ့ဖူးပါတယ်။

တခါတုန်းက မျက်စိ ကန်းနေသူတို့ ဘောလုံးအသင်းနဲ့ ရူးသွပ်နေသူတို့ ဘောလုံး ကစားကြပါသတဲ့။ မျက်စိ ကန်းနေသူတွေ ဘောလုံးကန်နိုင်စေဖို့က ဘောလုံးမှာ ခြူကလေးတွေ ဆွဲပေးထားပါတယ်။ အသင်းသား အချင်းချင်း မှတ်မိသိစေဖို့ကိုလဲ ခြေထောက်တွေမှာ ခြူကလေးတွေနဲ့ပေါ့။ အဲဒီအပြင် ဘောလုံး ဂိုးပေါက်တွေမှာလဲ ခြူဆွဲပြီး အသံပေးထားပါသေးတယ်။ အဲဒီလိုနဲ့ ကစားလိုက်ကြတာ နောက်ဆုံးမှာ မျက်စိ ကန်းနေသူတို့ အသင်းက ၁၁ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ အဲဒီ ၁၁ ဂိုးကတော့ မျက်စိကန်းနေတဲ့ လူတွေ သွင်းတဲ့ ဂိုးမဟုတ်ပါဘူး။ ရူးနေတဲ့ လူတွေက မိမိတို့ဂိုးကို မိမိတို့ (ဂိုးသမား အပါအ၀င်) တယောက် တဂိုးစီ (တာဝန်သိသိ) ပြန်သွင်းခဲ့ကြတာကြောင့် မျက်စိ ကန်းနေသူတွေက အနိုင်ရသွားတာ ဖြစ်ပါသတဲ့။ အသိတရားကန်းခြင်းဟာ မျက်စိ ကန်းခြင်းထက် ပိုဆိုးကြောင်း ဥပမာပြ ဆုံးမလိုတာ ဖြစ်ပါတယ်။

ဘောလုံးပွဲ ထိုင်ကြည့်ပြီးတော့ စက်ရှေ့ထိုင်၊ ပို့စ်အသစ်အတွက် စာရေးမယ် ကြံစည်မလို့ ရှိသေး၊ ဖုန်းက လာပြန်ပါတယ်။ အလုပ်တူတူလုပ်တဲ့ မြန်မာ သူငယ်ချင်းက သူ့အိမ်က ကွန်ပြူတာ ပျက်သွားတာကို ဘယ်လိုလုပ်ရင် ကောင်းမလဲ လှမ်းမေးတာပါ။ လှမ်းမေးတယ်သာ ပြောရတယ်၊ သူပြောချင်တာတွေ ပြောပြီး ကျနော်က ဟုတ်ကဲ့၊ ကောင်းတာပေါ့နဲ့တင် ပြီးသွားတာပါ။ လူမျိုးခြားတွေ ကြားမှာ မြန်မာအချင်းချင်း ဒီလိုပဲ စကားပြောဖော် ရှာရတော့ နားလည်မှု ပေးရပါတယ်။ အပြန်အလှန်ပေါ့။

စာရေးဖို့ အာရုံက ပျက်သွားပြန်တော့ မနေ့က ၀ယ်လာတဲ့ ပရင်တာကို တပ်ဖို့စိတ်ကူးရတော့ ကတ်တလောက် စာအုပ်ကိုဖတ်၊ မတောက်တခေါက် အင်္ဂလိပ်စာနဲ့ စမ်းတမ်းစမ်းတမ်းဖတ်ပြီး ဟိုအပေါက်ထိုး ဒီအပေါက်ထိုး လုပ်လိုက်တာ အဆင်ပြေသွားပါတယ်။ သတင်းဝက်ဘ်ဆိုက် တခုက စာတချို့ကို ပရင့်စမ်းထုတ်တော့ အိုကေနေပါတယ်။ စိတ်ထဲမှာလဲ ကျေနပ်သွားပါတယ်။ ကွန်ပြူတာ စကရင်မှာ မျက်စိ အကိုက်ခံ စာဖတ်ရတဲ့ ဘေးက အထိုက်အလျောက် သက်သာရာ ရတော့မယ်။ လျှောက်လွှာ စာရွက်တွေနဲ့ ပရင့်ထုတ်ထားတော့ စာအုပ် အရသာကို မမီရင်တောင် မျက်စိ အကိုက်တော့ တော်တော် သက်သာတော့မယ်။

ဒီလိုနဲ့ပဲ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ တနေ့တာကုန်သွားပါတယ်။ ဒီနေ့ ကျနော်မုန်းတဲ့ တနင်္လာနေ့ကို လွန်ပြီးတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ ပြီးရင်တော့ ကျနော်ချစ်တဲ့ သောကြာနေ့ကို လာပြန်အုံးမှာပါ။ ကျနော် ချစ်တဲ့ သောကြာနေ့ ပြီးဆုံးသွားရင်တော့ရော ???၊ မုန်းတဲ့ တနလာင်္နေ့ပေါင်း များစွာက ရောက်လာပြန်အုံးမှာပါပဲ။ ဒီလိုနဲ့ပဲ ချစ်တဲ့နေ့တွေ၊ မုန်းတဲ့နေ့တွေပေါင်း များစွာကြားမှာ တစုံတရာကို မျှော်လင့်နေရင်းနဲ့ မွေးရပ်မြေနဲ့ ကမ္ဘာ တဖက်ခြားမှာ ၀င်ကစွပ်ကောင် တကောင်လို ဘယ်လောက်များ ကြာအောင် နေရအုံးမယ် ဆိုတာ တယောက်ထဲ ဟိုတွေး ဒီတွေး တွေးမိပါရဲ့။


ကလိုစေးထူး

2 comments:

မေဓာဝီ said...

‘အသိတရားကန်းခြင်းဟာ မျက်စိကန်းခြင်းထက် ပိုဆိုးတယ်’ ဆိုတာလေးကို သဘောကျပါတယ်။
အသိတရား မကန်းဖို့ .. အမှန်ကိုအမှန်အတိုင်း၊ အရှိကိုအရှိအတိုင်း မြင်နိုင်ဖို့ .. လက်ခံနိုင်ဖို့ အရေးကြီးတယ်နော်။
***
နောက်တခုပြောချင်တာက …
တနင်္လာနေ့လေးတွေကို မမုန်းပါနဲ့ … ကိုသံလွင် … ။
သောကြာနေ့ကိုချစ်တာဟာ စနေ တနင်္ဂနွေမှာ အနားရမှာမို့ မဟုတ်လား။
စနေ တနင်္ဂနွေမှာ နားလိုက်ရတဲ့အတွက် ကိုသံလွင်ရဲ့ တနင်္လာနေ့ဟာ ခွန်အားသစ်တွေနဲ့ လန်းဆန်းနေမှာပဲ လို့ ကျမကတော့ ထင်တယ်။ ဒီလို တနင်္လာနေ့လေးဟာ မုန်းစရာကောင်းမယ် မထင်ပါဘူး။
ရက်သတ္တ တပတ်ကို စတင်ဖွင့်လှစ်လိုက်တဲ့ တနင်္လာနေ့လေးတွေကို ချစ်တတ်အောင် ကြိုးစားကြည့်ပါအုံး … လို့ ။

Anonymous said...

တော်သေးတယ် စနေကို မချစ်လို့....အဲ့ စနေနေ့ကိုပြောတာ..ဟီးးး