Friday, November 17, 2006

လမ်းကလေး...
















ဒီလမ်းကလေးကို ကျနော် စတင် ရင်းနှီးခွင့်ရခဲ့တာကတော့ မနှစ်က ဇူလိုင်လလောက်ကပါ။ ကံကောင်းတယ်ပဲ ဆိုရမလားမသိ၊ အလုပ်နဲ့အိမ်က နီးနီးလေး ရပါတယ်။ အဲဒီမှာတင် အဲဒီ စက်ဘီး လမ်းကလေးနဲ့ မိတ်ဆွေ ဖြစ်တော့တာပါ။ ကျနော့်အိမ်ကနေ အလုပ်ကို သွားချင်ရင် တင်းနစ်ကွင်းနဲ့ ဘိုးဘွားရိပ်သာ ကားရပ်နားနေရာလေးကို ဖြတ်ပြီးရင် ကျနော့် မိတ်ဆွေ အဲဒီ လမ်းကလေးကို ရောက်ပါတယ်။ အဲဒီ လမ်းကလေးကမှတဆင့် အလုပ်ရှိရာကို စက်ဘီးနဲ့ သွားရတာပါ။ တခါတလေတော့လဲ အေးအေးလူလူ လမ်းလျှောက်သွားလေ့ ရှိပါတယ်။

မနှစ်က ကျနော်စရောက်ခါစ အချိန်တုန်းကတော့ လမ်းကလေးဟာ ပြုံးနေတဲ့ မိန်းမပျိုလေးနဲ့ တူပါတယ်။ လမ်းဘေး တဖက် တချက်မှာဆိုရင်လဲ အပင်တွေက စိမ်းစိမ်းစိုစိုနဲ့၊ ဘေးမဲ့ပေးထားတဲ့ ရှဥ့်ကလေးတွေ၊ ယုန်ကလေးတွေကလဲ အပူပင်မဲ့စွာနဲ့ ပျော်ပျော်ရွှင်ရွှင် ကူးလူး ဆော့ကစားလို့ပေါ့။ တခါတရံမှာတော့ လမ်းဘေးက မီးရထားလမ်းက မီးရထားကြီးက ဆူညံသံတွေနဲ့အတူ ဆိတ်ငြိမ်တဲ့ လမ်းကလေးကို ငေါက်ငမ်းတတ်ပါတယ်။

တခါတလေ စက်ဘီးနဲ့ မသွားချင်လို့ အေးဆေးစွာ လမ်းလျှောက်သွားတဲ အခါတွေဆိုရင် လမ်းကလေးရဲ့ ရသကို အပြည့်အ၀ ခံစားရလေ့ရှိပါတယ်။ ကျန်းမာရေးအရ အပြေးလေ့ကျင့်သူတွေ၊ စကိတ်၊ စက်ဘီးစီးတဲ့လူတွေက လမ်းဆိုတာရဲ့ အဓိပ္ပာယ်ကို ကိုယ်စီကိုယ်င ဖော်ဆောင်ကြပါတယ်။ လမ်းကလေးက ကားလမ်းခုံးကျော် တံတားတခုအောက်က ဖြတ်သွားရတဲ့ အခါ အဲဒီတံတားအောက်မှာ ခိုအောင်းပုံရတဲ့ အိမ်ခြေမဲ့ တယောက်ကလဲ အမေရိကန်နိုင်ငံရဲ့ ဆင်းရဲချမ်းသာ ကွာဟမှုကို လမ်းနဲ့အတူ ပြသလို့နေပါတယ်။ ဆောင်းတွင်းဆိုရင်တော့ သူ ဘယ်မှာ နားခိုလဲ ကျနော် မသိပါ။

လမ်းကလေးရဲ့ ကျနော် အနှစ်သက်ဆုံး နေရာလေးကတော့ မြစ်ကူးတံတား နေရာလေးပါ။ နွေဘက်တွေမှာ ဆိုရင် မြစ်ထဲမှာ ကူးလူးပျော်ပါးနေတဲ့ ငါး၊ လိပ်တွေနဲ့ မြစ်ဘေးက ဘဲငန်းတွေကို ကြည့်ရတာဟာ မြန်မာပြည်က ကျနော်တို့ မြို့ကလေးကို ပြန်သတိရစေပါတယ်။ တခါတလေတော့လဲ ငါးမျှားသူတွေက အဲဒီ သတ္တ၀ါလေးတွေရဲ့ ပျော်ရွှင်မှုကို ဖျက်ဆီးလေ့ ရှိပါတယ်။

အခုလို ဆောင်းဝင်ခါစ အချိန်လေးကတော့ လမ်းကလေးဟာ ညှိုးယော်တဲ့ မျက်နှာထားလေးနဲ့ပေါ့။ အပင်တွေရဲ့ အလှဖြစ်တဲ့ သစ်ရွက်တွေကို ရာသီဥတုက ဖဲ့ခြွေသွားပြီလေ။ ခြောက်သယောင်းနေတဲ့ လက်တံတွေနဲ့ အပင်တွေက ကြမ်းတမ်းတဲ့ ရာသီဥတု အောက်မှာ ခြောက်လလောက်တော့ အလှမဲ့ကြဦးမယ်။ လမ်းကလေးကရော ဘာထူးသေးလဲ၊ အမြင်လှတဲ့ နှင်းဖတ်တွေ ကျလာရင် နှင်းခြစ်တဲ့ ကားတွေက လမ်းမချော်ဖို့ အကြောင်းပြပြီး သူ့မျက်နှာကို ဒေါသတကြီးနဲ့ ပွတ်တိုက် ဖယ်ရှားပစ်တာ ခံရဦးမယ်။

အလုပ်ပိတ်တဲ့ နေ့တွေမှာ ကျနော်က အဲဒီလမ်းကလေးကို မေ့ထားပေမယ့် အလုပ်ပြန်ဆင်းရတဲ့ တနင်္လာနေ့ကျရင်တော့ လမ်းကလေးက ကျနော့်ကို အပြစ်မယူစွာ ဆီးကြိုမြဲပါပဲ။ ကျနော့်ကိုမှ မဟုတ်ပါဘူး၊ တခြား တခြားသော အဖြူ၊ အမည်း၊ အညို အ၀ါ မရွေး လမ်းကလေးက မခွဲခြားပဲ တာဝန်ကျေနေတာပါပဲ။

တကယ်တော့ လမ်းဆိုတာ ခရီးတခုကို ရောက်အောင်သွားနိုင်ဖို့ အကျိုးဆောင်တဲ့ အရာလေး တခုပါ။ အဲဒီ လမ်းအပေါ်မှာပဲ လူတွေဟာ မတူညီသော၊ တူညီသော ခရီးကို ရည်ရွယ်ချက် မျိုးစုံနဲ့ သွားနေကြပါတယ်။ တချို့ကျတော့ အလျင်လိုစွာ၊ တချို့ကျတော့လဲ ဖြည်းဆေး ငြင်သာစွာ၊ တချို့ကျတော့ သက်တောင့် သက်သာ ရှိစွာ၊ တချို့ကျတော့လဲ ပင်ပန်း ဆင်းရဲကြီးစွာနဲ့ပေါ့။ ဘယ်လိုပဲ ဖြစ်ဖြစ် လမ်းကတော့ ဆင်းရဲချမ်းသာ မရွေး၊ အယုတ်လတ် မြတ် မရွေး သူ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင် နေတာပါပဲ။


ကလိုစေးထူး

3 comments:

Anonymous said...

နာ့ကိုကြီး တော်တော်ရေးတက်တာပဲ အဲဒီနေရာကိုတောင် သွားချင်းလိုက်တာ

မေလေး

Maydarwii said...

ကိုသံလွင်ရဲ့ လမ်းကလေးဟာ
ကျမ လျှောက်ခဲ့ဖူးတဲ့ လမ်းကလေးထက်… သာယာမယ်ထင်ပါရဲ့။
ပြီးတော့ ရေရှည်တည်တံ့ခိုင်မြဲမယ် ထင်ပါရဲ့ …
ကျမရဲ့ လမ်းကလေးကတော့ …
…. …. …. ….

မောင်မျိုး said...

ဒီလမ်းကို ဖောက်ခဲ့တဲ့သူက လမ်းသွားလမ်းလာတွေအပေါ် မေတ္တာရှိလို့ပေါ့ ကြည်နူးစရာ ...ကျနော်တို့ လမ်းတွေကတော့ ဟေးဟေး သတိထား ရှေ့မှာ ကျောက်ခဲရှိတယ် ၊ချိုင့်ခွက်ရှိတယ် ကတ္တရာတွေကလည်း ရွဲနေပြီး သွားရင် သတိနဲ့သွားနေရတယ် ။