Monday, November 06, 2006

အလုပ်ထဲမှာ ဟိုတွေး ဒီတွေး..

တန်ဆောင်တိုင်တဲ့..။ ကျနော့် အတွက်တော့ ဘာမှန်း မသိလိုက်ပဲ ကုန်လွန် သွားခဲ့ပြန်ပါပြီ။ အသိ မိတ်ဆွေ တချို့ရဲ့ ဘလော့တွေမှာ တန်ဆောင်မုန်းပွဲ အကြောင်းတွေ တဖွဲ့တနွဲ့ ရေးထားကြတာ တွေ့တော့မှသာ အော်.. တန်ဆောင်မုန်း ပွဲတော်တောင် ရောက်လာပါလားလို့ အမှတ်ရတော့ ပါတယ်။ နောက်လဲ ဘယ်လိုနေ့မျိုးတွေကို ဘယ်လောက် ကြာကြာ ဒီလိုပဲ မသိလိုက် မသိဘာသာ ပြီးဆုံးသွားအုံးမလဲ ဆိုတာ မသိပါ။

ငူငိုင်နေတဲ့ ဒီမနက်မှာ အလုပ်ထဲမှာ စက်သံဆူဆူညံညံတွေကို မကြားချင်တာနဲ့ နားကျပ် ရေဒီယိုနဲ့ country သီချင်းလိုင်းတွေ နားထောင်လိုက်တော့ စိတ်က နည်းနည်း ကြည်လင်သလိုလို ပြန်ဖြစ်လာပါတယ်။ ဂီတဟာ လူရဲ့ စိတ်ကို လန်းဆန်းအောင်၊ ဆွေးမြေ့အောင်၊ လွမ်းဆွတ်အောင်၊ တက်ကြွအောင်၊ ပျော်ရွှင်အောင် အမျိုးမျိုး စေစားနိုင် ပါတယ်။ သီချင်းနားထောင်ရင်း ဟိုတွေး ဒီတွေးနဲ့ ကျနော် နေထိုင်ခဲ့ရာ မွေးရပ်မြေ ကျနော်တို့ မြို့လေးကို သတိရ မိလို့ အိမ်ပြန်ရောက်တော့ ဒီစာကို ရေးဖြစ်ပါတယ်။

တကယ်တော့ ကျနော်တို့ မြို့လေးဟာ အညတရ တောသားလေး တယောက်နဲ့ တူတဲ့ တောသာသာ မြို့လေးပါ။ ကတ္တရာလမ်း ဆိုလို့ မြို့လယ်က လမ်း တလမ်းသာ ရှိပြီးတော့ တခြားလမ်းတွေကတော့ မြေနီလမ်းလေး တွေပါ။ လျှပ်စစ်မီးကလဲ တနေ့ကို ညနေ ငါးနာရီကနေ ညကိုးနာရီအထိသာ ပေးနိုင်ပါတယ်။ ရပ်ကွက်ငယ် ခြောက်ခုနဲ့ လူဦးရေ တသောင်းကျော်သာ ရှိတဲ့ ကျနော်တို့ မြို့ကို မြန်မာပြည်က တချို့သောသူတွေ နာမည်တောင် မကြားဖူး ကြပါဘူး။

မနက်မိုးလင်းရင် မြို့ကို တန်ဆာဆင်နေတာက ဘုန်းကြီးကျောင်းများက အုန်းမောင်းခေါက်သံ တတုံးတုံး၊ တောနယ်ကနေ ဈေးလာရောင်းကြတဲ့ လူတွေရဲ့ လှည်းသံ တဂျုန်းဂျုန်းနဲ့ မြို့သူ မြို့သားတွေရဲ့ ကြည်စင်တဲ့ မျက်နှာ တပြုံးပြုံးပါ။ တချို့က ရှောက်သီး၊ တချို့ သံပုရာ၊ တချို့ ကွမ်းသီးနဲ့ မိမိတို့ ခြံထွက်တွေကို လာရောင်းကြတဲ့ တောနယ်က လူတွေနဲ့ မြို့ခံလူတွေ ပေါင်းစပ်ထားတဲ့ မြို့ဈေးလေးဟာ မနက် ကိုးနာရီလောက် အထိတော့ လူစည်နေတတ်ပါတယ်။ ဈေးကွဲတော့လဲ လူတွေ စဲပေါ့။

တချို့ ညတွေမှာတော့ အပြန်အလှန် ပစ်ခတ်ကြတဲ့ လက်နက်ကြီး လက်နက်ငယ် သံတွေက မြို့လူထုကို အထိတ် တလန့် ဖြစ်စေပါတယ်။ လက်နက် ကျည်ဆံတွေက မြို့ထဲ ကျလာလို့တော့ မဟုတ်ပါ။ လူစိတ်ရှိတဲ့ သူပုန်များက ကျနော် ကြည့်ဖူးတဲ့ ခပ်ညံ့ညံ့ ပေါ်လစီကားတွေထဲကလို မြို့ထဲကို လက်နက်များဖြင့် ပစ်ခတ်ခြင်း မလုပ်ပါ။ သူတို့ ပစ်တာက စစ်တပ်ထဲကိုပဲ ပစ်ပါတယ်။ အဲဒီ အသံတွေ ကြားပြီးရင် နောက်နေ့မှာ ရပ်ကွက်လူကြီးက ဘာမှန်းမသိတဲ့ အရေးပေါ်ကြေး ဆိုပြီး ငွေလာလာကောက်လေ့ ရှိလို့ နက်ဖြန်ကျရင်တော့ ငွေကုန်တော့မှာပဲ ဆိုပြီး လန့်တဲ့ ထိတ်လန့်မှုပါ။

ကျနော် သဘောကျမိတဲ့ ကျနော်တို့ မြို့သားတွေရဲ့ စည်းလုံးမှု တခုကို ပြောပြ ချင်ပါသေးတယ်။ တနှစ်တခါ လုပ်လေ့ရှိတဲ့ မိုးရာသီ ရပ်ကွက်အလိုက် ဘောလုံးပွဲတွေမှာ ကျနော်တို့ ရပ်ကွက်နဲ့ ရပ်ကွက် (၅)အသင်းဟာ ကျနော်တို့ မြို့ရဲ့ ဒါဘီပွဲပါ။ ကွင်း တဖက်ခြမ်းစီကနေ အားပေးသူ အချင်းချင်း အပြိုင် အားပေးသလို ဘောလုံး သမားတွေကလဲ ရေကုန်ရေခန်း ပြိုင်လေ့ ရှိပါတယ်။ ဒါပေမယ့် အဲဒီ ရပ်ကွက် နှစ်ခုက ပရိသတ် အချင်းချင်း အလွန် တည့်ကြတဲ့ နေ့ရှိပါတယ်။ အဲဒီနေ့ကတော့ မြို့ထဲက ရပ်ကွက် တသင်းသင်းနဲ့ စစ်တပ်အသင်း ယှဉ်ကန်ကြတဲ့ နေ့ပါ။ စစ်တပ် အသင်းက ဘယ်အသင်းနဲ့ ကန်ကန်၊ ကန်တဲ့ ရပ်ကွက်ကို အဲဒီနေ့မှာ အားပေး ကြပါတယ်။ တချိန်လုံး အနိုင်ကျင့်ခံနေရသမျှ အဲဒီ မိနစ်ကိုးဆယ်သော အခိုက်အတန့်မှာ သူတို့ သဘောထားကို ထုတ်ဖော် ကြပါတယ်။

အခုလို အချိန် တန်ဆောင်တိုင်မှာတော့ ခပ်ငယ်ငယ် စတေ့ရှိုးပွဲလေး လုပ်လေ့ရှိပါတယ်။ စက်သံ တဂွီဂွီနဲ့ တီးတာ တခြား၊ ဆိုတာ တခြား ဖြစ်နေလဲ သူ့ပရိသတ်နဲ့ သူတော့ ဟုတ်နေတာပါပဲ။ စတေ့ရှိုးပွဲ ပြီးရင်တော့ ညမိုးချုပ်ကြီး မအိပ်နိုင်တာက လူငယ်တချို့ပါ။ လက်ဖက်ရည်ဆိုင် ဆိုင်းပုဒ်ကို ဖြုတ်ပြီး ၀က်သားဆိုင် ရှေ့မှာ သွားတပ်လိုတပ်၊ စာအုပ် အငှားဆိုင် ရှေ့မှာ အထည်ဆိုင် ဆိုင်းပုဒ်ရွှေ့လိုရွှေ့နဲ့ ပိုင်ရှင်တွေကလဲ စိတ်ဆိုးရင် ခဏပါပဲ။

ဘာလိုလိုနဲ့ မွေးရပ် ဇာတိမြို့နဲ့ ဝေးနေခဲ့တာ နှစ်အတန်ကြာခဲ့ပါပြီ။ မနက်မိုးလင်းလာရင် စက်သံတွေ တ၀ုန်းဝုန်းကြားမှာ စက်ရုပ် တရုပ်လို ရုန်းကန်လိုက်၊ အိမ်ပြန်လိုက်၊ နောက်နေ့ တခါ အလုပ်သွားလိုက် သံသရာလည်ရင်း လူမျိုးခြားတွေ ကြားမှာ ဘဏ်စာရင်းထဲက ကိန်းဂဏန်းတွေ တိုးလာဖို့ပဲ အားထုတ်ရင်း ဟိုးဝေးဝေးက မြို့ငယ်လေးကို ဘယ်သောအခါမှ ပြန်ခွင့် ရနိုင်မှာပါလိမ့်….။


ကလိုစေးထူး

1 comment:

မေဓာဝီ said...

မြို့ကလေးငြိမ်းချမ်းပါစေ ..
ငြိမ်းချမ်းတဲ့ မြို့ကလေးဆီ ငြိမ်းချမ်းစွာ ပြန်ခွင့်ရရှိပါစေ .. လို့
ဆုတောင်းပါတယ် ..