Monday, November 20, 2006

မှတ်ပုံတင် တဆိတ်လောက် ...

ကျနော်တို့ မြို့ကနေ ရန်ကုန်ကို သွားဖို့ ရေလမ်းခရီး တခုမှာပါ။ ပျင်းရိဖွယ်ကောင်းလှတဲ့ သင်္ဘောခရီးကို လိုက်ပါရင်းနဲ့ မှေးကနဲ အိပ်ပျော်သွားခိုက်မှာ ကျနော့် ခြေထောက်ကို ခပ်ဆတ်ဆတ် ကန်နှိုးခံရလို့ အိပ်မှုံစုံမွှားနဲ့ မော့ကြည့်မိတော့ အပေါ်က အရပ်ဝတ်၊ အောက်က ကာကီရောင် ဘောင်းဘီ ၀တ်ထားတဲ့ လူတယောက်က ရှုတည်တည်နဲ့ ကျနော့်ကို ကြည့်နေပါတယ်။ ပြီးတော့ တခွန်းပဲ ပြောပါတယ်။ မှတ်ပုံတင် တဆိတ်လောက်တဲ့။

တခါကလဲ ရန်ကုန်ကို ရထားနဲ့သွားတော့ ရထားက မထွက်သေးတာနဲ့ အောက်ဆင်းပြီး ဟိုဟိုဒီဒီ လိုက်ငေးနေတုန်း အရပ်ဝတ်နဲ့ လူတယောက်က အနားကပ်လာပါတယ်။ ပြီးတော့ တခွန်းပဲ ပြောပါတယ်။ မှတ်ပုံတင် တဆိတ်လောက်တဲ့။

ကားနဲ့သွားတဲ့ ခရီးတခုမှာလဲ မြို့အ၀င်တခုမှာ ခုံတန်းရှည်တခု ချထိုင်နေတဲ့ အရပ်ဝတ်၊ ကာကီရောင် စစ်စိမ်းရောင် ၀တ်ထားတဲ့ လူတစုက ကားပေါ်က လူအားလုံးကို ဆင်းခိုင်းပြီး တခွန်းပဲ ပြောပါတယ်။ မှတ်ပုံတင် တဆိတ်လောက်တဲ့။

တကယ်တော့ မှတ်ပုံတင်ကို စစ်ဆေးတယ်ဆိုတာ လိုအပ်လို့ စစ်ဆေးတာ ဆိုရင်တော့ ပြောစရာမရှိပါဘူး။ ဒီနိုင်ငံမှာလဲ မှတ်ပုံတင် စစ်တဲ့အခါတွေ ရှိပါတယ်။ ဒါပေမယ့် အပေါ်မှာ ကျနော်ပြောခဲ့တဲ့ နေရာတွေလိုမှာတော့ မဟုတ်ပါဘူး။ ဆေးလိပ်/အရက် သွားဝယ်တဲ့အခါ အသက်ပြည့်မပြည့် စစ်တဲ့အခါမျိုး၊ ဘဏ်စာအုပ်ထဲက ငွေသား ထုတ်ယူတဲ့အခါ စစ်တာမျိုး၊ စာတိုက်မှာ ပါဆယ်ထုပ် သွားထုတ်ယူရတဲ့အခါမှာ စစ်တာမျိုး စသဖြင့်တွေပါ။ ခြိမ်းခြောက်မှု ကင်းပါတယ်။

ဒါဖြင့် ကျနော်တို့ နိုင်ငံမှာကရော…။ မှတ်ပုံတင် အစစ်ခံရတဲ့အချိန်မှာ မပြနိုင်ရင် ဘာဖြစ်လာ နိုင်ပါသလဲ။ ပထမအဆင့်ကတော့ မေးခွန်းတွေနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ ဒုတိယ အဆင့်ကတော့ လူအခြေအနေကို ကြည့်ပြီးတော့ ငွေညှစ်ခံရပါ လိမ့်မယ်။ ဒီထက် ဆိုးဝါးတဲ့ အခြေအနေ တခုကတော့ စစ်တပ်ထဲ အတင်း သွတ်သွင်းခံရတာမျိုးပါ။ စစ်သားစုဆောင်းတဲ့ လူတွေကလဲ မှတ်ပုံတင် တဆိတ်လောက်ဆိုတာကို လက်နက် တခုအနေနဲ့ အသုံးချလေ့ ရှိပါတယ်။

နိုင်ငံသား ဖြစ်မှုတခုကို အသိအမှတ်ပြုတဲ့ ဒီကဒ်ပြားလေး မရှိတဲ့အတွက် အဲဒီလို ခြိမ်းခြောက်မှုတွေ ခံရသလို အဲဒီ ကဒ်ပြားလေး ရဖို့အတွက်ကိုလဲ အတော်ကြိုးစားရ ပြန်ပါတယ်။ ရာထူးအဆင့်ဆင့်၊ စားပွဲအဆင့်ဆင့်ကို ဖြတ်ပြီး ကိုယ့်ကိုယ်ကို မြန်မာနိုင်ငံသား အဖြစ် အသိအမှတ်ပြုခံရရေးအတွက် အိတ်ကပ်ထဲက ငွေယားလေးတွေကို ဆိုင်ရာပိုင်ရာတွေကို ဆက်သရပြန်ပါတယ်။ အချိန်နဲ့ ငွေကို ရင်းနှီးပြီးမှပဲ ဒီကဒ်ပြားက ရပါတယ်။

ခြိမ်းခြောက်မှု ပရပွနဲ့ နေသားကျနေရတဲ့ ကျနော်တို့ နိုင်ငံမှာ မှတ်ပုံတင်လေး တဆိတ်လောက် ဆိုတဲ့ စကားဟာ နောက်ထပ် ဘယ်လောက်ကြာကြာတိုင်အောင် အလွဲသုံးစား အလုပ်ခံနေရဦးမယ် ဆိုတာကတော့ …..။


ကလိုစေးထူး

2 comments:

Maydarwii said...

ကျမ မှတ်ပုံတင် တခါပျောက်ဖူးတယ်။
ဘတ်စ်ကားပေါ်မှာ ပိုက်ဆံအိတ် ခါးပိုက်နှိုက်ခံရတော့ ပါသွားတာ။
ဒါပေမဲ့ ပြန်ရလို့ တော်ပါသေးတယ်။
ကျမဖြင့် အဲဒီမှတ်ပုံတင် ပျောက်စေချင်တာ။ ငယ်ငယ်က ရိုက်ထားတဲ့ ဓာတ်ပုံက ကြည့်မကောင်းဘူး ပေစုတ်စုတ်နဲ့။ ဒါပေမဲ့ ဒီမှတ်ပုံတင်ပဲ မပျောက်မချင်း တသက်လုံး သုံးနေရအုံးမယ်။ :P

soe zeya said...

ဟုတ်တယ် ကျွန်တော် mdy က ပြန်လာတော့ ၁၈ နှစ်ပြည့် မှတ်ပုံတင်မဟုတ်လို့ဆိုပြီး လက်ဘက်ရည်ဖိုး ၁၈ စာတောင်းတယ် ကျွန်တော်က journalist ပါလို့ပြောတော့မှမတောင်းရဲတော့ တာ