Wednesday, November 08, 2006

ကျပမ်းစကားပြောပွဲ ...

ကျပမ်း စကားပြောပွဲ ဆိုတာကို အတော် များများ ကြားဖူးကြမယ်လို့ ထင်ပါတယ်။ မိမိ ကျရာ မဲပေါက်တဲ့ ခေါင်းစဉ်ကို ဖွဲ့နွဲ့ ပြောဆိုရတဲ့ စကားပြော စွမ်းရည် ပြိုင်ပွဲလေး တခုပါ။ မိမိကိုယ်မိမိ လူရှေ့မှာ ယုံကြည်မှု ပိုမို ရလာစေဖို့၊ ဗဟုသုတ ဉာဏ်ရည် မြင့်မား စေဖို့နဲ့ ညစ်နွမ်းနေတဲ့ စိတ်တွေကို ပေါ့ပါးစေတဲ့ ချစ်စရာ့ စွမ်းရည် ပြိုင်ပွဲလေးပါ။ ဗဟုသုတကကြွယ်၊ ဟာသ အာဝဇ္ဖာန်းကလဲ ပေါတဲ့ တယောက်ယောက်ကများ ပြိုင်ပွဲဝင်လိုက်ရင် အောက်က ပရိသတ်ကလဲ ရယ်သံ တသောသောနဲ့ ပျော်စရာ ကောင်းလှပါတယ်။

ဟိုးတုန်းကတော့ ကျပမ်း စကားပြောပွဲတွေရဲ့ ခေါင်းစဉ် တော်တော်များများက ပေါ့ပေါ့ပါးပါးနဲ့ ပြောသူကိုလဲ ပျော်စရာ၊ နားထောင်ရတဲ့လူကိုလဲ ရွှင်စရာ ဖြစ်စေပါတယ်။ ကျနော် ကိုးတန်းတုန်းက ကျောင်းမှာ လုပ်ခဲ့တဲ့ ပြိုင်ပွဲလေးဆိုရင် ပြိုင်ကြရတဲ့ ခေါင်းစဉ်တွေကိုက ကျနော်/ကျမ အဆိုတော်ကြီး ဖြစ်ခဲ့သော်၊ ဆရာဝန်ကြီး ဖြစ်ခဲ့သော်၊ အပျော်ဆုံးနေ့၊ စသဖြင့် စသဖြင့် ခေါင်းစဉ်လေးတွေပါ။ ပြောတဲ့ လူငယ်တွေရဲ့ စိတ်ထဲက အနာဂတ် အိပ်မက်ကိုလဲ အဲဒီ ခေါင်းစဉ်လေးတွေက တဆင့် ဖော်ညွန်းစေပါတယ်။ အဲဒီ ပြိုင်ပွဲလေးမှာ ကျနော် လက်ဝှေ့ကျော်ကြီး ဖြစ်ခဲ့သော် ခေါင်းစဉ်နဲ့ ပထမ ရသွားတဲ့ ကျောင်းသားရဲ့ ပြိုင်ပွဲဝင် ရယ်ရွှင်ဖွယ် စကားတချို့ကို အခုထိ မှတ်မိနေပါ သေးတယ်။

“ ကျနော်က လက်ဝှေ့ကျော်တယ်ဆိုတာ မြန်မာပြည်လောက်နဲ့တင် ကျေနပ်တာ မဟုတ်တော့ ကမ္ဘာ့ အဆင့်ကိုပါ ၀င်နွှဲတာပေါ့.. ကြည့်လေ ကျနော့် ဗလကို (လူက ဗလံလေးပါ) ဒီလိုနဲ့ ကျနော် အိုလံပစ်မှာလဲ ချန်ပီယံ၊ တဖြည်းဖြည်းနဲ့ နာမည်ကျော်လာ လိုက်တာ နောက်တော့ မိုက်တိုင်ဆန်နဲ့ပါ ယှဉ်ထိုး ရပါတယ်… သူ့ကို နိုင်ရင်တော့ ကမ္ဘာမှာ မြန်မာ့လက်ဝှေ့ကျော် ကျနော်ဖြစ်ပြီလေ.. အဲဒီလိုနဲ့ ပထမအချီ စပြီဆိုတာနဲ့ သူ့ကို နောက်ကောက်ချပစ်ဖို့ တရစပ် ထိုးတာ.. (သူက ပြောတာကို ခဏ နားလိုက်ပါတယ်.. ပရိသတ်ကလဲ သူ့ကို စိတ်ဝင်တစားနဲ့ အောက်ကနေ ငြိမ်ချက်သား ကောင်းလို့ နားထောင်နေဆဲ၊ သူဆက်ပြောလိုက်တာက) ကျနော် ပြန်သတိရတော့ မြန်မာပြည် ပြန်ရောက်နေပြီ” အောက်က နားထောင်တဲ့ ပရိသတ်က ၀ါးလုံးကွဲ ရယ်ကြတာ ခန်းမတခုလုံး တအုံးအုံးနဲ့။

နောက်ပိုင်းကျတော့ ကျပမ်းစကားပြောပွဲတွေက အဲဒီလိုတွေ မဟုတ်တော့ပါဘူး။ ပြိုင်ပွဲဝင်ကြရတဲ့ ခေါင်းစဉ်တွေကို ကြည့်ဦးမလား..။ တပ်မတော်သာ အမိ တပ်မတော်သာ အဖတို့၊ တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိမည်တို့၊ သမိုင်းအစဉ်အလာကောင်း ရှိခဲ့သော တပ်မတော်တို့၊ စသဖြင့် ခေါင်းစဉ်တွေနဲ့ ပြိုင်ပွဲ ၀င်တဲ့လူတွေကလဲ ကျောက်ရုပ်ကြီးတွေလို တောင့်တောင့်ကြီး ရပ်လို့ တပ်မတော် ကောင်းကြောင်းကို ကြံဖန်ပြီး ပြောရ၊ နားထောင်တဲ့ အောက်က ပရိသတ်ကလဲ ပျင်းတွဲ့စွာနဲ့ တချိုများဆို အိပ်တောင် ငိုက်လို့။ တယောက်ပြိုင်ပွဲ ၀င်ပြီး သွားရင် လက်ခုပ်သံ ဖြောက်ဆိပ်နဲ့ ဆုပေးပွဲလုပ်တော့လဲ တာဝန်ကျေ လက်ခုပ်လေး တီးလိုက်နဲ့ ပျော်စရာ ပွဲလေးက ပျင်းစရာ၊ ငြီးငွေ့ဖွယ်အဖြစ် အသွင်ပြောင်းခဲ့တာ နှစ်အတော် ကြာခဲ့ပါပြီကော..။

အခုနေမှာ အခွင့်ရရင်တော့ ကျနော် ကျပန်းစကား ပြောချင်နေပါတယ်။ ပြောချင်တဲ့ ခေါင်းစဉ်က “ကျနော် စစ်ခုံရုံး တရားသူကြီး ဖြစ်ခဲ့သော်” တဲ့။


ကလိုစေးထူး

2 comments:

Maydarwii said...

ဟုတ်တယ် ..နော်
ကိုသံလွင်ပြောသလိုပဲ …
လူငယ်တွေ ကျပမ်းစကားပြောပွဲတို့ စကားရည်လုပွဲတို့မှာ ယှဉ်ပြိုင်စကားပြောကြတာဟာ တခင်္ဏုပတ္တိဥာဏ်တို့ ဇ၀နဥာဏ်တို့ ထက်သန်စေတဲ့အပြင် လူထုရှေ့မှောက်မှာ ပြောရဲဆိုရဲ ရှိလာစေပါတယ်။ (တကယ့်အရေးကျရင် စာရွက်ကြီးကြည့်ဖတ်တာမျိုး လုပ်စရာမလိုတော့ဘူးပေါ့) ဒါပေမဲ့လည်း နောက်ပိုင်းကျတော့ ၀ါဒတခုကို ဦးတည်တဲ့ ခေါင်းစဉ်မျိုးတွေပဲ ပြောဆိုခွင့်ရှိလာတာကြောင့် ဒီလိုပြိုင်ပွဲလေးတွေလဲ လူစိတ်ဝင်စားမှု နည်းသွား တော့တာထင်ပါရဲ့။
ဒါနဲ့ …ကျနော် လက်ဝှေ့ကျော်နဲ့ ပထမရသွားတာ ကိုသံလွင်များလား .. လို့။

Anonymous said...

Could you please write more what you would do if you become..?