Sunday, November 12, 2006

စစ်ပွဲ နောက်ကွယ်မှာ ....

“ကျနော်တို့ အိမ်ဖက်က မီးခိုးတွေ မြင်လို့ ကလေးကို ရှာဖို့ ပြေးသွားတယ်။ ပြာတွေအောက်မှာ လက်ကလေး တဖက် …..၊ ကျနော့် သားကလေးရဲ့ လက်၊ သားလေးက ကျနော့်အတွက် လက်ကလေး တဖက်ထားခဲ့တယ်။ ကျနော် အဲဒီမှာ တနေ့လုံး နေခဲ့တယ်။ ဗမာစစ်တပ် ပြန်လာပြီး ကျနော့်ကို သတ်သွားရင် ကောင်းမှာပဲ ဆိုပြီး …………..။”

မြန်မာ စစ်တပ်ရဲ့ ကရင်ပြည်နယ်အတွင်း စစ်ဆင်ရေး ထိုးစစ်ကြောင့် သားကလေး ဆုံးရှုံးသွားရတဲ့ အပြစ်မဲ့ ပြည်သူ တယောက်ရဲ့ ရင်နင့်ဖွယ် စကားလေးပါ။ ပြောရင်းနဲ့ ဆို့နင့် တိမ်ဝင်သွားတဲ့ သူ့အသံက တကယ်ကို ရင်နင့်စရာပါ။

လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဆွေးနွေးပွဲလေး တခုမှာ ကရင် အမျိုးသမီးငယ် တယောက်က ဒီလို ပြောဖူးပါတယ်။ “ကျမ အရင်တုန်းကဆိုရင် ဗမာတွေကို အရမ်းမုန်းတာ၊ ဗမာ စစ်တပ်က ကျမတို့ မိသားစု ဘ၀ပျက်အောင် လုပ်ခဲ့တာလေ၊ အခုတော့ နားလည်မှု ရှိလာပါပြီ” တဲ့..။ ဒါပေမယ့် သူ အဲဒီစကားပြောတုန်းက သူ့စိတ်ထဲမှာ တကယ်ကိုပဲ ဗမာလူမျိုးကို မုန်းနေတဲ့ အရင်းခံစိတ် မကုန်သေးဘူးဆိုတာ ကျနော် သူ့စိတ်တံခါးကို လှမ်းမြင်လိုက်မိပါတယ်။

ကြာခဲ့ပါပြီ ….။ ကျနော့် တသက်မကတဲ့ ပြည်တွင်းစစ်။ ဒါပေမယ့် ကြားထဲက တကယ် အထိနာနေတာက အပြစ်မဲ့ အရပ်သားတွေလေ …။ လူမျိုးရေး မုန်းတီးမှုတွေလဲ ဖြစ်ခဲ့ရ။ ပျက်သုန်းသွားတဲ့ ဘ၀တွေ၊ အနာဂတ် မဲ့သွားတဲ့ ကလေးငယ်တွေ၊ စာသင်ကျောင်း ပျောက်ခဲ့ရတဲ့ ကျောင်းသားတွေ ဒါတွေ ဘယ်တော့များမှ ပြီးဆုံး သွားမှာပါလိမ့်။ သူတို့ကတော့ နိုင်ငံတော် တည်ငြိမ်ရေးနဲ့ ရပ်ရွာ အေးချမ်းသာယာရေးလို့ တွင်တွင် ပြောနေကြဆဲပါ။ အဲဒီ အကြောင်းပြ စကားလေး တခွန်းရဲ့ နောက်ကွယ်မှာတော့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ လူမဆန်တဲ့ သတ်ဖြတ်မှုတွေ၊ ဒီလိုနဲ့ပဲ …………။

*** ဒီဗွီဘီ သတင်းဌာနက တင်ဆက်ထားတဲ့ အီဗန်ဝီလျံ Burma Secret War ဆိုတဲ့ မြန်မာ ပြည်တွင်းစစ်အကြောင်း သတင်းမှတ်တမ်းကို ကြည့်ပြီး ရေးဖြစ်ပါတယ် ***


ကလိုစေးထူး

1 comment:

မေဓာဝီ said...

ကိုသံလွင် …
ကျမရေးခဲ့ဖူးတဲ့ ကဗျာတပုဒ်ရဲ့ အဆုံးပိုဒ်လေးကိုပဲ ကွန်မန့်အဖြစ်ရေးလိုက်ပါတယ်။

……………….
……………….
……………….
စစ်ကိုလဲ ရပ်
လက်နက်ဖျက်သိမ်း
ငြိမ်းချမ်းစေလို
တောင်းဆုဆိုသည် …
အို … ချိုးဖြူငှက်
သံလွင်ခက် ချီ
ကမ္ဘာဆီသို့
ပျံလာမည်လော
လာမည်လော …။