Tuesday, November 21, 2006

ဒီတလ အကြိုက်ဆုံးများ...

ဒီနေ့တော့ ကျနော် ဖတ်ခဲ့မိသမျှ မြန်မာ ဘလော့များ၊ အင်တာနက်စာ မျက်နှာများက အကြိုက်မိဆုံး စာစု၊ ကဗျာနဲ့ ဖန်တီးမှုများကို တင်ပြချင်ပါတယ်။ အခု တင်ပြတဲ့စာတွေ၊ ကဗျာတွေ၊ ဖန်တီးမှုတွေဟာ ကျနော် တဦးတည်းရဲ့ ဖတ်ရှု သိမိသလောက်သာ ဖြစ်လို့ ဒီထက် သာလွန် ကောင်းမွန်တာတွေ ရှိကောင်း ရှိနိုင်အုံးမှာပါ။ မြင်းထိန်း ငတာရဲ့ ချီးကျူးမှုမျိုးလို ဖြစ်သွားမိခဲ့ရင်လဲ လွန်တာရှိ ၀န္နာမိပါ ခင်ဗျာ။ ကျနော် ဖတ်ရှုမိသမျှတွေထဲက အောက်မှာ ဖော်ပြထားတာတွေကတော့ မချီးကျူးပဲ မနေနိုင်တဲ့အတွက် ရိုးသားစွာ ဝေမျှပေးခြင်းသာ ဖြစ်ပါတယ်။ ကဲ.. ကျနော်နဲ့ အတူ ခံစားကြည့်ကြရအောင်လား။

***အကြိုက်ဆုံး ဘလော့ဂါ ပို့စ် များ***

(၁) လဖက်ရည်ဆိုင်က ညနေခင်း

ဒီပို့စ်ကို ရေးသူကတော့ မမေဓာဝီပါ။ ဆင်းရဲ ကြပ်တည်းလှတဲ့ ဒီခေတ် မြန်မာပြည်မှာ သူဖုန်းစားတွေ အတော်ကို များပြားလာတာကို ဒီပို့စ်က ပြပါတယ်။ ဒီပို့စ်မှာ ကျနော် နှစ်သက်တာကတော့ မိမိ စိတ်အမှားကို ၀ံ့ဝံ့စားစား ၀န်ခံထားတာကိုပါ။ အရေးအသားကလဲ ညက်ညောလှပါတယ်။
http://maydar-wii.blogspot.com/2006/09/at-teashop.html

(၂) မန္တလေး-မိုးကုတ်
ဒီပို့စ်ကို ဖန်တီးခဲ့သူကတော့ ကိုဇော်မိုးအောင်ပါ။ ဆောင်းဝင်ခါစ မန္တလေး ကျုံးဘေးက ရှုခင်း အလှကို ဖွဲ့ဆိုတာ အတော်လေးကို လှပသေသပ်ပါတယ်။ မိုးကုတ်ကို အသွား ကားလမ်းခရီးမှာ နံဘေးမှာ အတူထိုင်တဲ့ အမယ်အိုကြီးရဲ့ အလုပ်ရှုပ်ပုံကို တင်ပြပုံကလဲ ပြုံးချင်စရာပါ။ မိုးကုတ်အသွား လမ်းခရီးတလျှောက် မြင်ကွင်းတွေကိုပါ ဖွဲ့ဆိုရင် ပိုကောင်းမှာပဲလို့ လောဘကြီးမိပါတယ်။
http://zawmoeaung.blogspot.com/2006/10/blog-post_31.html

***အကြိုက်ဆုံး ကဗျာ***

ဗလာများ
ကိုစိန်မျောက်မျောက်ရဲ့ ဘလော့မှာပါ။ ၁၉၉၆၊ ဖေဖော်ဝါရီလထုတ် ရာစုသစ် မြစ်ကျဉ်း ကဗျာ စုစည်းမှု (၄)မှ ထုတ်နှုတ်ဖော်ပြတယ်လို့ သိရပါတယ်။ တိုတောင်းပေမယ့် ထိမိလှတဲ့ ကဗျာလေးပါ။ ဒီကဗျာကို ဖတ်မိတော့ ကြားရက် ပင်းသူတွေနဲ့ မြင်ရက် ကန်းသူတွေကို ချက်ချင်းပဲ မျက်စေ့ထဲ မြင်ယောင်မိပါတယ်။ ရေးတဲ့ ကဗျာဆရာတော့ ဒွန် တဲ့။
http://7monkeys.blogspot.com/2006/11/blog-post_21.html

*** အကြိုက်ဆုံးသော တေးသီချင်း တင်ပြမှု***
Kiss
မူရင်း ကိုရီးယား သီချင်းနာမည် ဖြစ်ပုံ ရပါတယ်။ ကျနော် သဘောကျတာက မူရင်းသီချင်းကို ခံစားပြီးရင် မြန်မာမှုပြု သီဆိုထားတဲ့ အဆိုတော် ရှင်ဖုန်းရဲ့ မညံ့လှတဲ့ သီချင်းကိုပါ တင်ပေးထားတာကိုပါ။ ရင်ခုန်မိသူလို့ အမည်ပေးထားတဲ့ အဲဒီသီချင်းအပြင် အဲဒီ စီးရီးက သီချင်းအားလုံးကို နားထောင်ချင်ရင်ဖြစ်စေ၊ ဒေါင်းလော့ ကူးယူချင်ရင်ဖြစ်စေ အားလုံး အဆင်ပြေအောင် ဖန်တီးပေးထားတဲ့ ဘလော့ပိုင်ရှင်ရဲ့ အားထုတ်မှုကို လေးစားမိပါတယ်။
http://sisain.blogspot.com/2006/11/kiss.html

***အကြိုက်ဆုံး သီချင်း***
နားနားပြီးပြော - မျိုးကြီး
ကိုသီဟကျော်ဇောရဲ့ ဘလော့မှာ သွားတွေ့ပါတယ်။ ဒီသီချင်းကို ကြိုက်နှစ်သက်မိတာကတော့ ကြိုက်သလို အတွေးချဲ့လို့ ရနိုင်တဲ့ ကိုမောင်မောင် ဇော်လတ်ရဲ့ သီချင်းစာသားတွေကြောင့်ပါ။ အဲဒီစာသားတွေကို ကိုမျိုးကြီးရဲ့ ပါးနပ်တဲ့ အဆိုဟန်၊ အိုင်စီအဖွဲ့ရဲ့ တီးလုံးတွေနဲ့ ပေါင်းစပ်လိုက်တော့ ထိမိကောင်းမွန်လှတဲ့ တေးတပုဒ်ဖြစ်လာပါတယ်။ သံစဉ်ကတော့ ကိုယ်ပိုင် သံစဉ်လို့ မျှော်လင့်ရပါတယ်။
http://thihakyawzaw.blogspot.com/2006/11/narr-narr-pe-pyaw-myo-gyi.html


ကလိုစေးထူး

8 comments:

hana said...

မြန်မာဘလော့ဂ်တွေခေတ်စားလာတဲ့ ၂၀၀၆ မှာ ဘလော့ဂ်တွေကိုသိပ်မဖတ်ဖြစ်နိုင်ပါဘူး။ အွန်လိုင်းလုပ်ရင် လိုအပ်တဲကျောင်းသင်ခန်းစာတွေရှာ၊ ပရောဂျက်အချက်အလက်တွေကိုရှာနေတာနဲ့ပဲအချိန်ကုန်၊ ၀ါသနာပါတဲ့စာရေးဖို့အတွက် သမိုင်းကြောင်းတွေရှာ ၊ ဘိုင်အိုဂရပ်ဖီတွေရှာနဲ့ နောက် စိတ်ပါဝင်စားတဲ့ စိတ်ပညာကိုအွန်လိုင်းမှာ သင်ယူနေတာနဲ့ရော မိတ်ဆွေတွေရဲ့ဘလော့ဂ်တွေကို မှန်မှန်မဖတ်ဖြစ်ပေမယ့် အားရင်အားသလို မမေဓာဝီ ၊ မေ၁၁ နဲ့ ကိုသံလွင်တို့ရဲ့ဘလော့ဂ်တွေကိုတော့ဖတ်ဖြစ်တယ်။ မေ၁၁ ရဲ့ အတွေးလေးတွေက နူးညံ့ပြီး သူ့ဘလော့ဂ်လေးမှာ မြန်မာမလေးတစ်ယောက်ကို ကိုယ်စားပြုတာကြောင့်။ မမေဓာဝီနဲ့ ကိုသံလွင်ကတော့ ဟနရဲ့ မြန်မာစာဆရာများလို့ အရေးအသားတွေကိုအတုယူဖို့နဲ့ အတွေးလေးတွေကိုကြိုက်လို့ပါ။
ဟနမှာဘာအရောင်မှစွန်းထင်းမနေပါဘူး။ ဟနရဲ့ ဦးနှောက်ထဲကိုလည်းဘယ်အရာမှအတင်းကြပ်သွတ်သွင်းမခံခားရပါဘူး။ ဟနစာရေးတာ လူတွေရဲ့ စိတ်တွေကို နှစ်သိမ့်ဖို့ပါ။ ခုခေတ်ကာလကြီးမှာ လူတွေဟာ နေရာတိုင်းမှာ အခက်အခဲအကြပ်အတည်းတွေနဲ့ မို့ အားလုံးကစိတ်တိုနေကြပါပြီ။ အဲဒီစိတ်တွေကို သက်သာရာရဖို့အတွက်ရည်ရွယ်ပြီး လူ့စိတ်သဘောနဲ့ ပတ်သက်တဲ့ဆောင်းပါးမျိုးတွေကြိုးစားရေးကြည့်နေပါတယ်။
ဒါပေမယ့်ဘယ်လို ဘယ်လို ကြောင့်များ ဟနမှာအရောင်တစ်ခုစွန်းထင်းနေတယ်လို့ တချို့ကထင်ကြသလဲတော့မသိပါဘူး။ ဟနဘယ်သူတစ်ဦးတစ်ယောက်အတွက်မှ စာရေးတာမဟုတ်ဘဲ mankind အတွက်စာရေးတာပါ ။
စာရေးတဲ့အခါမှာ မမေဓာဝီရဲ့ မြန်မာစာအရေးအသားကိုအတုယူပါတယ်။ မမေက သူမနှစ်မြို့တဲ့အရာကို သိမ်မွေ့တဲ့စကားလုံးတွေနဲ့ပုံဖော်ပြီး မနှစ်မြို့ကြောင်းကို နူးညံစွာပြပါတယ်။
ကိုသံလွင်ကတော့ ဟနရဲ့ကဗျာမှာ ပိုနေတဲ့စကားလုံးတွေကိုထောက်ပြပြီး ဗျည်း ၊ သရ တို့ရဲ့နေရာအစီအစဉ်တွေကို ဟနကိုသင်ပြပေးခဲ့ပါတယ်။
ဟနရဲ့ မြန်မာစာဆရာများဖြစ်တဲ့ မမေ နဲ့ ကိုသံလွင်တို့၇ဲ့ ဘလော့ဂ်များကိုအားရင်အားသလိုဖတ်ပြီး ဟနဖတ်သွားကြောင်းကို ကွန်မန့် ၊ ဂတ်စ်ဘွတ်ခ်တို့မှာရေးထားခဲ့တတ်ပါတယ်။ ဟိုတလောက မြန်မာဘလော့ဂ်များကိုဘာဘာညာညာအသံတွေကြားပါတယ်။ ဟနကတော့ဖတ်မှာပါပဲ။
ဟနဥာဏ်မမီတဲ့အကြောင်းအရာများကိုတော့ ဖတ်ပြီးဘာမှမပြောသလို ဥာဏ်မီတာတွေကိုတော့ ဟနနှစ်သက်ကြောက်း ကွန်မန့်တွေရေးခဲ့မှာပါပဲ။
ဆရာတွေက ဟနကို တပည့်အဖြစ်အသိအမှတ်မပြုပေမယ့်လည်း ဟနကတော့ ဗုဒ္ဒဘာသာ မြန်မာတစ်ယောက်ပီပီ သင်ဆရာ ၊ မြင်ဆရာ ၊ကြားဆရာများရဲ့ကျေးဇူးကိုမမေ့သလို ဆရာလို့ အမြဲထုတ်ပြောနေမှာပါ။

Maydarwii said...

အကြိုက်ဆုံးစာရင်းထဲ ကျမရေးတဲ့စာ ပါတဲ့အတွက် ၀မ်းသာမိပါရဲ့ ကိုသံလွင်။
တခြားအကြိုက်ဆုံးတွေကိုလဲ ဖတ်ကြည့် နားထောင် ခံစားကြည့်မိပါတယ်။
ကျမဖြင့် ဘလော့တွေဖတ်ရင် ကြိုက်တာတွေက များနေတော့ အဲဒီလိုတောင် မရွေးထုတ် တတ်တော့ဘူး။

Zaw Moe Aung said...

ကိုသံလွင် အကြိုက်ဆုံးစာရင်းထဲ ကျွန်တော့်ပိုစ့်ပါတဲ့အတွက် တကယ်ပဲ ဂုဏ်ယူမိပါတယ်....
အကို့ရဲ့ ပိုစ့်တွေကိုလည်းကြိုက်လွန်းလို့ အမြဲတမ်းဝင်ဖတ်ဖြစ်နေပါတယ်...

generation96 said...

ကဗျဆရာ ကျနော် မဟုတ်ပေမဲ့ ကျနော်တင်တဲ့ကဗျာ ကြိုက်တယ်ဆိုတော့ ၀မ်းသာတယ်ဗျာ။

Anonymous said...

ကိုယ့်နိုင်ငံမှာ သူဖုန်းစားတွေများနေတယ်ဆိုပြီး သုံးနှုန်းထားတာကိုတယ်မကြိုက်ချင်လှပါဘူ့း့  ကိုယ်က မြန်မာပြည်ပြင်ပရောက်နေတာနဲ့ မြန်မာနိုင်ငံထဲကျန်နေတဲ့ မြန်မာနိုင်ငံသားတွေကို အဲ့ဒီလိုပြောတာကိုတော့ မခံချင်ဘူ့း့ သေချာပြန်စဉ်းစားကြည့် ငါတို့အားလုံး ဘယ်ရောက်နေနေ မြန်မာဟာ မြန်မာပါပဲ့  ကိုယ့်အမျိုးဂုဏ် ကိုယ်မနှိမ်ပါနဲ့  သူဖုန်းစားတွေလို့ သုံးနှုန်းထားတာကို ဖတ်မိတိုင်း ရင်ထဲနာတယ့့် 

Maydarwii said...

ကျမ တခုပြောပါရစေရှင့် …
ကိုသံလွင်ရေးထားတဲ့စာသားက ..
‘ဆင်းရဲ ကြပ်တည်းလှတဲ့ ဒီခေတ် မြန်မာပြည်မှာ သူဖုန်းစားတွေ အတော်ကို များပြားလာတာကို ဒီပို့စ်က ပြပါတယ်။’ လို့ရေးထားတာပါ။
အဲဒီစာကိုရေးသားသူကျမရော စာကိုနှစ်သက်သူ ကိုသံလွင်ပါ ရည်ရွယ်တာက တကယ့်သူဖုန်းစားတွေကို ပြောတာပါ။
ကိုယ့်နိုင်ငံသားတွေကို ပြောတာမဟုတ်ပါဘူး။ ကျမရေးတဲ့ စာကို ဖတ်ကြည့်ရင် သိနိုင်ပါတယ်။
ကျမတို့နိုင်ငံမှာ ဒီလို အလှူခံတွေ သူဖုန်းစားတွေ တကယ်လဲ များနေပါတယ်။
ဒါဟာ နှိမ်တာမဟုတ်ပါဘူး။ အမျိုးဂုဏ်ကိုထိခိုက်အောင် စော်ကားတာလဲ မဟုတ်ပါဘူးရှင် …
ဒါကြောင့် အဲဒီအတွက်တော့ ရင်မနာပါနဲ့အုံး။
တကယ်ရင်နာရမှာက … ဒီလိုသူဖုန်းစားတွေများပြားနေတဲ့ ဆင်းရဲကြပ်တည်းနေတဲ့ ကျမတို့ တိုင်းပြည်ကြီးအတွက်ပါ။
ဒါကို ရင်နာတတ်မယ်ဆိုရင် ဒီလို သူဖုန်းစားတွေ ပပျောက်အောင် … ကြပ်တည်းခက်ခဲနေကြတဲ့ ဘ၀တွေ လွတ်မြောက်အောင် ကျမတို့ အားလုံး တတပ်တအား ၀ိုင်းဝန်းကြိုးစားကြရမယ် မဟုတ်ပါလား။

ကလိုစေးထူး said...

ကျနော် ခရီးသွားနေတော့ အခုမှပဲ ဒီကွန်မန့်ကို ဖတ်ဖြစ်ပါတယ်။ မမေဓာဝီ ပြောသလိုပါပဲ ကျနော် ရေးခဲ့တဲ့ ဆင်းရဲ ကြပ်တည်းလှတဲ့ ဒီခေတ် မြန်မာပြည်မှာ သူဖုန်းစားတွေ အတော်ကို များပြားလာတာကို ဒီပို့စ်က ပြပါတယ် လို့ ရေးလိုက်ခြင်းဟာ ကျနော်က မြန်မာပြည် ပြင်ပရောက်နေလို့ မြန်မာ အမျိုးဂုဏ်ကို နှိမ်ဖို့ ရည်ရွယ်ချက် မပါသလို အဲဒီစာ ရေးခဲ့တဲ့ (မြန်မာပြည်မှာ လက်ရှိနေထိုင်နေတဲ့) မမေဓာဝီကလဲ နှိမ်ချင်တဲ့ သဘောပါလိမ့်မယ်လို့ ကျနော်မထင်ပါ။ ကျနော်တို့တွေဟာ လက်ရှိ အနေအထားကို ပကတိအတိုင်း မြင်တာ ပိုကောင်းပါလိမ့်မယ်။ ကျနော်ကတော့ ကျနော်ရေးလိုက်တဲ့ စာကို စာဖတ်သူက ကျနော်ပေးချင်တဲ့ မက်ဆေ့ကို ရအောင် မရေးနိုင်သေးဘူးလို့ပဲ ကိုယ့်ကိုယ်ကို သတ်မှတ်လိုက်ပါတယ်။

sisain said...

ကိုကလို- ဒီပို့စ်ကို ကွန်မန့်မှာလင့်ခ်သွားတာ ခုမှတွေ့လို့ ခုမှရောက်တယ်ဗျ။ နောက်ကျသွားတယ်နော်။
ဒီပို့စ်လေးတင်တဲ့အိုင်ဒီယာကိုတော့ လေးစားတယ်ဗျာ။