Friday, November 10, 2006

လေလွင့်သွားသော နိုင်ငံ့သည်းချာများ ....


အမိ မြန်မာပြည်မှာ နေစဉ်တုန်းက မြင်လိုက်တိုင်း စိတ်ဆင်းရဲရတာ တခု ရှိခဲ့ဖူးပါတယ်။ မျက်နှာထားလေးတွေက နုနုနယ်နယ်၊ နေလောင်တဲ့ အသားအရေနဲ့ စစ်သားငယ်လေးတွေ တနည်းအားဖြင့် ကလေး စစ်သားတွေကို တွေ့လိုက်တဲ့ အခါတိုင်းပါ။ တကယ်တော့ ကျနော်တို့ နိုင်ငံမှာ စစ်တပ်ထဲကို ၀င်ရောက် တာဝန်ထမ်းဆောင်ဖို့ တရားဝင် သတ်မှတ်ထားတဲ့ အသက်က (၁၈)နှစ်ပါ။ ဒါပေမယ့် ဒီကလေးတွေ ဘာလို့များ အသက်မပြည့်သေးပဲ စစ်တပ်ထဲ ရောက်နေကြရပါလိမ့်။ စိတ်ဝင်တစားနဲ့ လေ့လာကြည့် မိပါတယ်။

တကယ်တော့ လွတ်လပ်ရေးရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်း ထူထောင်ခဲ့တဲ့ မြန်မာ့တပ်မတော်ဟာ လူထုရဲ့ မေတ္တာပျက် အော့နှလုံးနာ ခံရတဲ့ အဆင့်ကို ဟိုတုန်းက မရောက်သေးပါဘူး။ လူပုံက ညိုထွားထွား၊ စစ်ယူနီယောင်း စမတ်ကျကျနဲ့ စစ်သားကြီးတွေရဲ့ ဟန်ပန်က ပြည်သူတွေရဲ့ မျက်စိထဲမှာ အားကိုးလောက်စရာ့ အမေ့သားကြီး ဆိုတဲ့ အတိုင်းပါပဲ။ သားကလေး ငယ်ငယ်ကို သား၊ ကြီးလာရင် ဘာလုပ်မလဲလို့ မေးတဲ့အခါများ ကလေးက စစ်သားကြီး စစ်ဗိုလ်ကြီး လုပ်မှာလို့ ပြန်ဖြေလိုက်ရင် မိဘတွေက ကျေနပ်မဆုံး တပြုံးပြုံးနဲ့ပေါ့။ ပြည်သူတွေကလဲ “စွန်စားတဲ့ လူတွေရယ်၊ ကျေးဇူးကို မျှော်တွေးလို့ ဗမာ့သွေးကို နှမပေးချင်ပါတယ်” လို့ တနည်း၊ “ရန်သူတွေကို အသေနှံတယ်၊ စေတနာ ရှိလွန်းလို့ပါကွယ်၊ ပိုပြီးပျော်ဖို့ကွယ်၊ တို့ကြီးတော်ကြီးကိုပါ ငါပေးမယ်” လို့တဖုံ သီချင်းစာသားတွေနဲ့ အဲဒီခေတ် တပ်မတော်အပေါ်မှာ ဘယ်လောက် ချစ်မြတ်နိုးသလဲ ဆိုတာ ပြသခဲ့ပါတယ်။

ဒုတိယအကြိမ် အာဏာသိမ်းခဲ့တဲ့ ၁၉၈၈ခုနှစ် နောက်ပိုင်း စစ်တပ်ကတော့ တပ်မတော်ရဲ့ နာမည်ကို သုံးမရအောင် ပျက်စေတော့ပါပဲ။ လူတွေအများကြီးကို ရက်ရက်စက်စက် ပစ်သတ်ပြီးကာမှ တိုင်းပြည်ကို ချောက်ထဲ ကျသွားမှာစိုးလို့ ကယ်တင်လိုက် ရတာပါ လို့ ဆိုပါတယ်။ ဒီကြားထဲကမှ ၁၉၉၀ခုနှစ်၊ ရွေးကောက်ပွဲ ရလဒ်ကို လစ်လျူရှု လိုက်တဲ့ နောက်ပိုင်းမှာတော့ စစ်ဆိုရင် ရေတောင် စစ်မသောက်ဘူး လို့ အရပ်စကား တွင်သွားရတဲ့ အထိ စစ်တပ်ဟာ လူထုရဲ့ အမုန်းဒဏ်ကို ခံရပါတော့တယ်။

ယုံကြည်မှု ဆုံးရှုံးတာဟာ အကြီးမားဆုံး ဆုံးရှုံးမှု ဆိုတဲ့အတိုင်း ပြည်သူတွေက စစ်တပ်အပေါ် ယုံကြည် ကိုးစားမှု ကင်းသွားတဲ့ နောက်ပိုင်း စစ်တပ်ထဲကို ၀င်ရောက် တာဝန်ထမ်းလို စိတ်လဲ ကင်းမဲ့သွား ပါတယ်။ ဒီကြားထဲ စစ်ခေါင်းဆောင်များက စစ်တပ်ကို အင်အား ကြီးသထက်ကြီးအောင် တိုးချဲ့ချင်ပါသေးတယ်။ အကြောင်းရင်ကတော့ မသင့်မမြတ် ဖြစ်နေတဲ့ ထိုင်းနိုင်ငံကို အင်အားပြလိုမှု၊ ပြည်သူလူထုကို အကြောက်တရားနဲ့ အင်အားပြ ခြိမ်းခြောက်လိုမှုနဲ့ မှိုလို ပေါများလာတဲ့ စစ်ခေါင်းဆောင်များကို ရာထူးနေရာ ခပ်များများ တိုးမြှင့်လိုမှုတို့ကြောင့် ဖြစ်ပါတယ်။ ဒီတော့ မြန်မာနိုင်ငံရဲ့ နေရာ အနှံ့အပြားမှာ စစ်ဌာနချုပ်သစ်များ၊ စစ်ဗျူဟာများ၊ တပ်သစ်များကို ထပ်မံဖွင့်လှစ်ပါတယ်။ ဥပမာအားဖြင့် ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ်၊ တြိဂံ ဒေသတိုင်း စစ်ဌာနချုပ်နဲ့ အမှတ်(၁)မှ (၁၆)အထိ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်များဟာ ၁၉၈၈ခုနှစ် နောက်ပိုင်းမှ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

မြန်မာစစ်တပ် ခြေလျင်တပ်ရင်း တရင်းရဲ့ နောက်ဆုံး ဖွဲ့စည်းပုံအရ ရှိရမယ့် အင်အားဟာ မူရင်း ၇၈၆ဦး၊ တွဲဖက် ၃၀ ဦး စုစုပေါင်း (၈၁၆)ဦး ဖြစ်ပြီး စစ်ဆင်ရေး တခုကို သွားရမယ့် ခြေလျင်/ခြေမြန် တပ်ရင်း တရင်းရဲ့ စစ်ထွက် အင်အားဟာ အနည်းဆုံး ၅၀၀ ရှိရပါတယ်။ စစ်ဌာနချုပ် တခုရဲ့ လက်အောက်မှာ ခြေလျင်/ ခြေမြန်တပ်ရင်း ၁၀ ရင်းနဲ့ စစ်ဗျူဟာ ၃ ဗျူဟာ ရှိရတဲ့အတွက် စစ်ဌာနချုပ် အသစ်တခု ဖွင့်လှစ်တိုင်းမှာ စစ်သား အနည်းဆုံး ၈၀၀၀ ကျော် ရှိဖို့လိုပါလိမ့်မယ်။ ဒါဟာ စစ်ဌာနချုပ် တခုရဲ့ လက်အောက်မှာ ရှိရမယ့် လက်ရုံးတပ်ရင်းလို့ ခေါ်တဲ့ ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဆေး၊ အင်ဂျင်နီယာ တပ်ရင်းများရဲ့ အင်အားကို ထည့်မတွက်ရ သေးပါဘူး။ အဲဒါတွေပါ အပါအ၀င် ဆိုရင်တော့ စစ်ဌာနချုပ် တခုရဲ့ လက်အောက်မှာ စစ်သား အနည်းဆုံး တသောင်းကျော် ရှိရပါတယ်။

ခြေလျင်/ ခြေမြန် တပ်ရင်းများရဲ့ အနေအထားကို လေ့လာကြည့်လိုက်တဲ့အခါ ဖွဲ့စည်းပုံအရ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားပေါင်း ၈၁၆ ဦး ရှိရမယ်လို့ ဆိုပေမယ့် မြန်မာနိုင်ငံမှာ ရှိတဲ့ ဘယ်တပ်ရင်းမှာမှ အဲဒီ ဖွဲ့စည်းပုံ အတိုင်း အင်အား အပြည့်အ၀ မရှိကြပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ပြုန်းတီး ကြောင့် ဖြစ်ပါတယ်။ အဲဒီ ပြုန်းတီး အင်အားမှာ စစ်ပြေးအင်အားက အများဆုံး ဖြစ်ပါတယ်။ ဒါဟာလဲ ထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ စစ်သည်များရဲ့ အား ၁၀ ပါး အနက်က အမိန့်နာခံမှု ဆိုတဲ့ အချက်ကို စစ်တပ်တွင်း အရာရှိများက အလွဲသုံးစား လုပ်ပြီး လက်အောက် စစ်သည်များအပေါ် အနိုင်ကျင့်မှုများ၊ စစ်တပ်အတွင်း ခြစားမှုများကြောင့် ယနေ့ခေတ် စစ်တပ်များရဲ့ စစ်ပြေးမှုများဟာ ဘယ်ခေတ်နဲ့မှ မတူအောင် အများဆုံး ဖြစ်ခဲ့ပါတယ်။

အဲဒီတော့ စစ်ခေါင်းဆောင်များဟာ အသစ်ဖွင့်လှစ်တဲ့ စစ်တပ်တွေအတွက် အင်အားလိုအပ်ချက်နဲ့ ပြုန်းတီး အင်အားတွေအတွက် ဖြည့်ဆီးဖို့အတွက် အကြံအိုက် ရပါတော့တယ်။ တဖက်မှာလဲ သူတို့ကို ပြည်သူလူထုက မကြည်ညိုတော့တဲ့ အတွက် သာမန်နည်းလမ်းများနဲ့ စစ်တပ်ထဲကို တာဝန် ထမ်းဆောင်စေဖို့ ဘယ်လိုမှ မစည်းရုံး နိုင်တော့ပါဘူး။ အဲဒီတော့ တပ်တွင်း စီမံချက်တွေ အမျိုးမျိုးထုတ်ပြီး စစ်သား စုဆောင်းဖို့အတွက် ကြံဆောင်ရပါတော့တယ်။ မြန်မာပြည် တပြည်လုံးမှာ ရှိရှိသမျှ စစ်တပ်တွေကို တနှစ်လျှင် အနည်းဆုံး တပ်သားသစ် အယောက် ၃၀ စုဆောင်းရမယ်လို့ ညွှန်ကြားချက်တွေ အဆင့်ဆင့် ထုတ်ပြန်ရပါတော့တယ်။ ပြည့်မီအောင် စုဆောင်းနိုင်ခြင်း မရှိတဲ့ တပ်က တပ်ရင်းမှုး၊ တပ်မမှူး၊ တိုင်းမှူးများလဲ ၄ လပတ် အစည်းအဝေး များမှာ ကောင်းကောင်းကြီးကို အဆူအဆဲ ခံကြရပါတယ်။

တကယ်တော့ တပ်ရင်း တရင်းအတွက် သူတို့ကို စစ်တပ်က လုံးဝကြီးကို အကြည်ညိုပျက်နေတဲ့ ဒီခေတ်ကြီးထဲမှာ တနှစ်တာအတွင်း တပ်သားသစ် အယောက် ၃၀ ရအောင် စုဆောင်းနိုင်ဖို့ ဆိုတာ မလွယ်ပါဘူး။ မလွယ်တာထက် မဖြစ်နိုင်ဘူးလို့ ဆိုရင် ပိုမှန်ပါလိမ့်မယ်။ ဒါပေမယ့် ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်လို့ ဆိုလာပြန်တော့ အထက်ကနေ အောက်ကို အဆင့်ဆင့် ပြန်ကျပ်ရ ပါတော့တယ်။ ဒီတော့ တရားခြင်း မတရားခြင်း မသိနိုင်တော့ဘဲ နည်းလမ်း မကျတဲ့ ပုံစံအမျိုးမျိုးနဲ့ တပ်သားသစ် စုဆောင်းရေး လုပ်ငန်းကို ဆောင်ရွက် ကြပါတော့တယ်။ အဲဒီမှာတင်း မြန်မာနိုင်ငံအတွက် အနာဂတ်ရဲ့ ခေါင်းဆောင်လောင်းများ ဖြစ်တဲ့ ကလေးများဟာ ဓားစာခံများ ဖြစ်ရပါတော့တယ်။

မြန်မာပြည်ရဲ့ မြို့တော် ရန်ကုန်နဲ့ အခြားသော အထင်ကရမြို့တွေရဲ့ လူစည်ကားရာ ကားဂိတ်၊ ဘူတာရုံ၊ သင်္ဘောဆိပ်နဲ့ ဈေးများမှာ သွားလာနေတဲ့ လူတွေထဲကို “တာဝန်” ဆိုတဲ့ လက်ပတ် အနီကြီးနဲ့ စစ်တပ် ယူနီဖောင်း ၀တ်ပြီး သားကောင် ရှာဖွေနေတဲ့ မုဆိုးရဲ့ မျက်လုံးမျိုးနဲပ စောင့်ကြည့်နေတတ်တဲ့ စစ်သားတွေကို သတိထားပြီး ကြည့်ရင် တွေ့နိုင်ပါတယ်။ သူတို့ ရှာဖွေနေတာကတော့ အ၀တ်အစား ပေစုတ်စုတ်နဲ့ အိမ်ခြေမဲ့ ဖြစ်ဟန် တူသူများ၊ အခြား အရပ်တပါးကို သွားရောက် အလုပ်လုပ်မယ့် ပုံစံရှိ လူငယ်များနဲ့ အိမ်ပြေး ဖြစ်ပုံရတဲ့ ကလေးသူငယ်များပဲ ဖြစ်ပါတယ်။

သူတို့ ရှာဖွေနေတဲ့ သားကောင်ကို တွေ့ပြီဟေ့ ဆိုတာနဲ့ အဲဒီ အနားကို ချဉ်းကပ်ပါတယ်။ အခြား သွားလာနေတဲ့ လူတွေ သတိမထားမိခင်မှာပဲ သူတို့ လုပ်စရာရှိတာကို ကျင့်သား ရနေတဲ့ မုဆိုးတယောက်အလား ခပ်မြန်မြန် လုပ်ပါတယ်။ “မှတ်ပုံတင် ပါရဲ့လား” ဆိုတဲ့ စကားဟာ လ၀ကနဲ့သာ ဆိုင်ပြီး သူတို့နဲ့ လုံးဝမဆိုင်တဲ့ မေးခွန်း ဖြစ်ပေမယ့် စစ်သား မြင်ရင် အလိုလိုကြောက်စိတ် ၀င်နေတဲ့ ကလေးငယ် တယောက်ကို ခြိမ်းခြောက်ဖို့တော့ အလွန် အသုံးဝင်ပါတယ်။ မှတ်ပုံတင် ပါသည်ဖြစ်စေ၊ မပါသည် ဖြစ်စေ၊ မက်လုံးပေးလို့ တနည်း၊ ခြိမ်းခြောက်လို့ တဖုံနဲ့ တပ်ထဲဝင်ဖို့ စည်းရုံးပါတော့တယ်။ နောက်ဆုံးတော့ အဲဒီ ကလေးငယ်ဟာ စိတ်ပါပါ၊ မပါပါ အဲဒီ စစ်သား နောက်ကို ပါသွားတော့တာ ပါပဲ။

ကလေးငယ်များရဲ့ မိဘများဟာ မိမိရင်သွေး ပျောက်ပြီဆိုတာနဲ့ ပူပင်သောကတွေ တပုံတပင်နဲ့ ရှာဖွေ စုံစမ်းကြ ရပါတယ်။ ရဲစခန်းမှာ တိုင်ချက်ဖွင့်၊ လူပျောက် ကြေညာ စသဖြင့် ပြုလုပ်ရင်း စစ်တပ်ထဲကို သူတို့ရဲ့ ရင်သွေးငယ် ရောက်သွားပြီ ဆိုတာ သိရပြန်တော့ တပူပေါ် နှစ်ပူဆင့်ရ ပြန်ပါတယ်။ စစ်တပ်ထဲကို အရွယ်မတိုင်မီ ရောက်သွားတဲ့ သူတို့ရဲ့ရင်သွေး မိဘရင်ခွင်ထဲ ပြန်ရောက်ဖို့ကို စစ်ဗိုလ်တွေဆီမှာ အမျိုးမျိုး အောက်ကျခံပြီး နည်းလမ်းပေါင်းစုံ သုံးပြီး ကြိုးစားရ ပြန်ပါတယ်။ များသော အားဖြင့်တော့ မအောင်မြင်ကြပါဘူး။ အဲဒီမှာတင်ပဲ ကျောင်းဝတ်စုံ သတ်နေသင့်သေးတဲ့ ကလေးဟာ သူမ၀တ်ချင်တဲ့ စစ်ဝတ်စုံကို အတင်းအဓမ္မ စေခိုင်းမှုကြောင့် ၀တ်လိုက်ရ ပါတော့တယ်။

တကယ်တော့ မိမိကိုယ် မိမိ ထိန်းကျောင်း ပျိုးထောင်နိုင်တဲ့ ဆင်ခြင်တုံတရားနဲ့ ပြည်စုံတဲ့ အရွယ်မရောက်မချင်း မည်သူ တဦးတယောက်ကမှ ကလေးသူငယ်များကို လုပ်ငန်းခွင်ထဲကို အတင်းအဓမ္မ သွင်းခွင့်မရှိပါဘူး။ ဒါကို ကလေး အခွင့်အရေး ကြေညာစာတမ်း အပိုဒ်(၉)မှာ အတိအလင်း ဖွင့်ဆိုထားပါတယ်။ ဒါပေမယ့် အာဏာပိုင်တွေကတော့ သူတို့ ကောင်းစားရေး တခုတည်းအတွက် နိုင်ငံ့ရင်သွေးတွေကို အာဏာရှင်အရောင် အဖြစ် ကောင်းကောင်းကြီး ဆိုးပေးလျက် ရှိပါတယ်။

“တကယ်တော့ကွာ၊ ကလေးတွေဟာ စာသင်ကျောင်းမှာ၊ မိဘရင်ခွင်မှာပဲ ရှိသင့်တာပေါ့၊ အဲဒီ ကလေးတွေကို စစ်တပ်ထဲ အတင်းသွင်း၊ မနေနိုင်လို့ ထွက်ပြေးပြန်တော့ စစ်ပြေးမှု ဆိုတဲ့ နာမည်နဲ့ ထောင်ချပစ်၊ နောက်ဆုံးတော့ ကလေးရဲ့ ဖြူစင်နေတဲ့ ဘ၀လေးကို ထောင်ထွက်ဆိုတဲ့ နာမည် တွင်သွားအောင် စစ်တပ်ထဲက လူမဆန်တဲ့ အကောင်တွေက အရောင်ဆိုးပစ်တာနဲ့ အတူတူပဲ မဟုတ်လား” လို့ မိဘ တဦးက နာနာကျည်းကျည်း မှတ်ချက် ချပါတယ်။

ကျောင်းစာ သင်နေရမယ့် အရွယ် ရင်သွေး ကလေးများကို သေနတ်ကြီးက မနိုင့်တနိုင်၊ စစ်ယူနီဖောင်း ပွယောင်းယောင်းနဲ့ တွေ့မြင်ရခြင်းဟာ ကျနော့်အတွက်တော့ ရင်အနင့်ရဆုံး၊ စိတ်အထိခိုက် ရဆုံး မြင်ကွင်း ပါပဲ။ ဒါဆို သူတို့ကို မွေးထုတ်လိုက်တဲ့ မိဘတွေရဲ့ အပူက ပိုဆိုးတော့မှာပေါ့။ သတင်းစာတွေမှာ ဆောင်းပါးတွေ ဖော်ပြလိုက်၊ သတင်းစာ ရှင်းလင်းပွဲတွေ လုပ်ပြလိုက်ယုံနဲ့တော့ ဒါတွေ မပပျောက်နိုင်ပါ။ ဖူးတံ ၀င့်လို့ ချီနေတဲ့ ပန်းကလေးများ လှလှပပ ဖူးပွင့်နိုင်ကြပါစေ ……….။


ကလိုစေးထူး

2 comments:

မေဓာဝီ said...

ကိုသံလွင်ကဲ့သို့ပဲ .. ဆုတောင်းမိပါတယ်။
***
ကျောင်းစာသင်ခန်းထဲမှာ နေရမဲ့အချိန်မှာ … တောထဲတောင်ထဲက စစ်မြေပြင်မှာ၊
ကျောင်းလွယ်အိတ်လွယ်ရမဲ့အစား … စစ်ကျောပိုးအိတ်နဲ့ ကျည်ဆန်တွေ ထမ်းရင်း၊
ခဲတံ ဘောပင်ကိုင်ရမဲ့ လက်လေးတွေဟာ .. လူသတ် လက်နက်တွေကို ကိုင်နေရတဲ့ ကျမတို့တိုင်းပြည်ရဲ့ အနာဂတ်ဘ၀လေးတွေဟာ … ဒီလိုနဲ့ပဲ ဆုံးရှုံးသွားခဲ့ကြတာ ဘယ်လောက်များရှိနေပြီလဲ …….။

Anonymous said...

ကလေးတွေရဲံဘ၀ ကိုအဲလိုမဖြေစ်စေချင်းပါဘူး

မေလေး