Wednesday, November 15, 2006

ဘတ်စ်ကားများ ...

ဘယ်လောက် တိုးတက်တဲ့ နိုင်ငံပဲဖြစ်ဖြစ်၊ ဆင်းရဲတဲ့ နိုင်ငံပဲဖြစ်ဖြစ် မြို့ပြတွေမှာ ယနေ့ထိအောင်နဲ့ နောင် နှစ်ပေါင်းများစွာ တိုင်အောင် မရှိမဖြစ်တာက ဘတ်စ်ကားတွေပါ။ မြို့ပြနေ အခြေခံလူတန်းစားတွေ အတွက်တော့ ဘတ်စ်ကားဆိုတာက ကြီးမားတဲ့ လိုအပ်ချက်တခုပါပဲ။ ဒီတော့ ဘတ်စ်ကားတွေ အကြောင်း စိတ်ကူးတည့်ရာ ဟိုဟိုဒီဒီ ရေးချင်လာပါတယ်။
ကျနော့် ဘ၀မှာ ဘတ်စ်ကားတွေနဲ့ စတင် အသိအကျွမ်း ဖြစ်ခွင့်ရတာကတော့ ငါးတန်းရောက်တဲ့ နှစ်ကပါ။ အဲဒီ နှစ်က ကျနော်တို့ မိသားစုက အိမ်ပြောင်းတော့ မေမေ တာဝန်ထမ်းဆောင်နေတဲ့ တောင်ဥက္ကလာပ၊ အလက(၃)နဲ့ ရပ်ကွက်(၄)က အတန်ငယ် အလှမ်းကွာသွားပါတယ်။ အရင်တုန်းကတော့ ရပ်ကွက်(၉)မှာ နေတော့ ကျောင်းကို လမ်းလျှောက်သွားယုံပေါ့။ ဘတ်စ်ကားနဲ့ ကျနော်နဲ့ ဘာမှမဆိုင်။ မှတ်မိပါသေးတယ်။ အဲဒီတုန်းက ကျနော် တနေ့ကိုမှ မုန့်ဖိုး ပြားငါးဆယ်ပဲ ရပါတယ်။ အဲဒီတုန်းက အစပထမတော့ ဘတ်စ်ကားခတွေက မှတ်တိုင်အလိုက် ယူတာပါ။ ဥပမာ သုံးမှတ်တိုင်စာလောက် ဆိုရင် ငါးပြား၊ ခြောက်မှတ်တိုင်လောက် ဆိုရင် ဆယ်ပြားနဲ့ တဆင့် တဆင့် တိုးယူသွားတာပါ။ ဂိတ်ဆုံးအထိ စီးရင်တော့ ပြားလေးဆယ်ပေါ့။ ကျနော်နေတဲ့ အိမ်ကနေ ကျောင်းကိုသွားရင် ဘတ်စ်ကား ခြောက်မှတ်တိုင်လောက် စီးရတာမို့ ဆယ်ပြားပေါ့၊ အသွားအပြန် ပြားနှစ်ဆယ် နှုတ်လိုက်ရင် ပြားသုံးဆယ်က မုန့်ဝယ်စား ရပါတယ်။
ကျနော်နေတဲ့ အိမ်ကနေ ကျောင်းသွားဖို့အတွက် ပါရမီမှတ်တိုင်ကနေ စီးရတာ များပါတယ်။ နံပါတ် (၃၆)နဲ့၊ ကပရ က ပြေးပေးတဲ့ သီးသန့် (၁)(၂) ကားတွေ စီးရတာပါ။ တခါတလေလဲ နှစ်စီးတွဲ ကားတွေပေါ့။ အဲဒီတုန်းက ကျနော် အကြိုက်ဆုံးကားက သီးသန့်ကားတွေနဲ့ နှစ်စီးတွဲကားတွေပါ။ ဘာလို့လဲဆိုတော့ အဲဒီ ဘတ်စ်ကားတွေက စပယ်ရာ ဦးလေးကြီးတွေက ကျောင်းဝတ်စုံနဲ့ ကျနော်တို့ကို တခါမှ ကားခမယူပါဘူး။ လာတောင်းလို့ သားမုန့်စားလိုက်တာ ကုန်သွားပြီလို့ ပြောလိုက်ရင်လဲ ပြုံးနေတာပါပဲ။ အမုန်းဆုံးက (၃၆)ဟိုင်းလတ်တွေပါ။ စိတ်ကိုက စွဲနေလို့လား မသိပါဘူး၊ ဟိုင်းလတ်ကားက စပယ်ရာတွေက ဟိုးကတည်းက အခုထိ အတော်လေးကို ဆက်ဆံရေး ကျဲပါတယ်။ ကျနော်တို့ ကျောင်းစိမ်းတွေ တွေ့ရင် မတင်ချင်ပါဘူး။ ကားခ မပေးနိုင်ရင်လဲ ငေါက်ငမ်းတတ်ပါတယ်။
မေမေနဲ့အတူ နယ်ကို ပြောင်းသွားပြီးတော့လဲ မကြာခဏဆိုသလို ရန်ကုန်ကို အလည်လာတတ်တော့ ဘတ်စ်ကားတွေနဲ့ ကျနော် ဆွေမျိုးတော်ရ ပြန်ပါတယ်။ နှစ်တွေ ရှေ့ကိုရောက်လာလေ၊ ဘတ်စ်ကား နံပါတ်နဲ့ ကားခက တိုးလာလေလေပါပဲ။ ရန်ကုန်မှာ ကျနော် အကြိုက်ဆုံး ဘတ်စ်ကားလိုင်းကတော့ နံပါတ် (၅၁)လိုင်းပါ။ တခြားကြောင့် မဟုတ်ပါဘူး။ ရန်ကုန်ရဲ့ အထင်ကရ နေရာ တော်တော်များများဖြစ်တဲ့ ဆူးလေ၊ လှည်းတန်း၊ အင်းယားကန်၊ ရှစ်မိုင်လမ်းဆုံ အစရှိတာတွေကို ဖြတ်သွားလို့ပါ။
မြန်မာပြည်က ဘတ်စ်ကားတစီးမှာ အဓိက ဇာတ်လိုက်က ဘယ်သူလဲလို့ မေးရင် ကျနော်ကတော့ စပယ်ရာလို့ပဲ ဖြေချင်ပါတယ်။ ကားပေါ် စတက်ပြီဆိုတာနဲ့ ကမ္ဘာ့စကား အပြောနိုင်ဆုံးနဲ့ ဂဏန်းသင်္ချာ အတော်ဆုံးလူသားရဲ့ အထူးအဆန်း စကားတွေ၊ တခါတလေ နားရင်းရိုက်ချင်စရာ စကားတွေ၊ တခါတလေတော့လဲ ပြုံးချင်စရာ စကားတွေကို ဆင်းမယ့် မှတ်တိုင် မရောက်မချင်း ကြားနိုင်ပါတယ်။ ဘယ်လောက် ကားကျပ်သပ်နေပါစေ၊ လူ ဘယ်နှစ်ယောက် တက်လာတယ်ဆိုတာ သူတို့ ကောင်းကောင်းကြီး မှတ်မိကြပါတယ်။ စကားကိုလဲ ကရားရေလွှတ် တတွတ်တွတ်ကို ပြောနိုင်ပါတယ်။
ကျနော်တို့ နိုင်ငံမှာ ဂုဏ်မယူပဲ မနေနိုင်တာ တခုရှိပါသေးတယ်။ အဲဒါကတော့ မြို့တော် ရန်ကုန်မှာ ဒုတိယ ကမ္ဘာစစ်လက်ကျန် ဘတ်စ်ကားအိုကြီးတွေကို ယနေ့ထိတိုင်အောင် ၀င့်ဝင့်ကြွားကြွား တွေ့နိုင်ပါတယ်။ တချို့ တိုးရစ်တွေဆို အမှတ်တရ ဓာတ်ပုံတောင် ရိုက်ယူသွားကြပါတယ်။ အချိန် ဘယ်လောက်ကြာအောင် အဲဒီကားကြီးတွေ မြိ့တော်တာဝန်ကို ထမ်းဆောင်ကြဦးမယ် ဆိုတာတော့ မသိသေးပါ။
ဒီနိုင်ငံရောက်တော့လဲ ဘတ်စ်ကားကို ကျနော် ခပ်ကင်းကင်းနေလို့ မရသေးပြန်ပါဘူး။ ဒါပေမယ့် အခြေအနေခြင်းကတော့ အကွာကြီး ကွာသွားပါပြီ။ ဒီမှာက ကားတွေက အချိန်ကလဲ အတိအကျ နောက်ပြီးတော့ ကျနော်တို့ရဲ့ ဇာတ်လိုက်ကျော် စပယ်ရာလဲ မရှိပါဘူး။ ကားပေါ်တက်ပြီဆိုတာနဲ့ ကားခပေးတဲ့ စက်မှာ ပိုက်ဆံထည့်၊ ဆင်းမယ့် မှတ်တိုင်ရောက်တော့ နီးရာ stop requested ကြိုးကို လှမ်းဆွဲလိုက်ယုံပါ။ ဒရိုင်ဘာ အချိုးမပြေရင် ဖုန်းဆက်တိုင်လို့ရသလို ကျနော်တို့ အချိုးမပြေရင်လဲ သူတိုင်မှာပါ။ ဒီက ဘတ်စ်ကားတွေမှာ သဘောကျစရာတခုကတော့ ကားတစီးကို စီးပြီးရင် နောက် တနာရီခွဲအတွင်း အဲဒီ ကားလက်မှတ်နဲ့ နောက်ထပ်ကားကို အခမဲ့စီးနိုင်တာပါ။ ပြည်သူတွေ ငွေကုန်ကြေးကျ သက်သာအောင် လုပ်ထားပေးတဲ့ စနစ်ကောင်းလေး တခုပါ။ ကားထဲက ရုပ်မြင်သံကြားစက်ကလဲ ရောက်မယ့် မှတ်တိုင်နဲ့ အပြင်က မိုးလေ၀သ အခြေအနေကို ပြပေးပါသေးတယ်။
ဒါပေမယ့် ဒီက ဘတ်စ်ကားတွေမှာ မရနိုင်တဲ့ ကျနော်တို့နိုင်ငံက ချစ်စရာ ဘတ်စ်ယဉ်ကျေးမှု တခုရှိပါတယ်။ အဲဒါကတော့ အချင်းချင်း ရိုင်းပင်းကူညီမှုပါ။ တချို့သော လူနည်းစုတွေကလွဲရင် ကျနော်တို့ဆီမှာက သက်ကြီးရွယ်အိုတွေ တက်လာရင် နေရာရနှင့်တဲ့လူ တယောက်ယောက်က နေရာဖယ်ပေးတာမျိုး၊ မနိုင်မနင်း ဖြစ်တဲ့ ပစ္စည်းငယ်လေးတွေကို ကူကိုင်ထား ပေးတာမျိုးလေးတွေက ဒီနိုင်ငံမှာ မတွေ့ရပါဘူး။ သူလဲ သူထသူထ၊ ကိုယ်လဲ ကိုယ်ထူကိုယ်ထနဲ့ သွားလာကြတာ များပါတယ်။
ဘတ်စ်ကား အကြောင်းတွေ ဟိုရေး ဒီရေး ရေးပြီးတော့ ကျနော်တခု စိတ်ကူးယဉ်မိတာ ရှိပါတယ်။ မြန်မာပြည် ပြန်ရောက်ရင် (၅၁)လိုင်းကားကို အစအဆုံး နှစ်ခါပြန်လောက် စီး၊ ပြီးရင် ကားပေါ်တက်လာတဲ့ လူတွေကို လေ့လာ၊ စာရေးဆရာဂိုက်ကို စတိုင်ကျကျဖမ်းပြီး မဖြစ်ညစ်ကျယ် စာတပုဒ်လောက်ရေးလို့ ကိုယ့်ဘာသာကိုယ် ထုတ်ဝေသူပြန်လုပ် ….။အင်း.. ရှုံးဖို့များမှာကတော့ သေချာမယ် ထင်ပါရဲ့။


ကလိုစေးထူး

4 comments:

မေဓာဝီ said...

ဟုတ်ပါရဲ့ ကိုသံလွင် …
ကျမလဲ ဘတ်စ်ကား စပယ်ယာတွေကို တကယ်ချီးကျူးတယ်။
စကားလုံးအသစ်အဆန်းတွေလဲ သူတို့ သိပ်ထွင်တတ်တာပဲ။
တခါတခါ ဘတ်စ်ကားကျပ်လို့ စိတ်ညစ်နေရင်တောင် သူတို့စကားတွေလိုက်နားထောင်ပြီး ရယ်ရလို့ ခဏတဖြုတ် စိတ်ချမ်းသာခဲ့ရတယ်။
၅၁ လိုင်းကားကို အစအဆုံး ၂ ခေါက်လောက်စီးရုံနဲ့တော့ စာအုပ်ထုတ်လို့ မရလောက်သေးဘူးထင်တယ်နော်။
ဘာကြောင့်ဆိုတော့ ကိုသံလွင်က မြန်မာပြည်ဘတ်စ်ကားလောကနဲ့ ကင်းကွာနေတာ ကြာပြီမဟုတ်လား။
တလ ကိုးသီတင်းလောက် ရှိသမျှ လိုင်းပေါင်းစုံ လိုက်စီးကြည့်နိုင်ရင်တော့ စာအုပ်ထုတ်နိုင်လောက်ပါရဲ့။
ဘယ်လိုလဲ .. အပင်ပန်းခံနိုင်ပါ့မလား။ :P

Anonymous said...

ရန်ကုန် တစ်ခါ ပြန်ပါတယ် ဘစ်စ်ကား စီးရတာလွယ်ဘူး ကိုကြီးရေ


မေလေး

Anonymous said...

nice one :)
Don't say I am not reading your blog and don't write any comments.
I always visit your blog and I like all of them.I just leaving without writing comments. You may understand :)

TZA said...

လက်တို့တောင်းရင်ရှက်ဖို့ကောင်းတယ် ဆိုတဲ့ခေတ်မှာကျနော်မြန်မာပြည်ကို ခွဲခွာခဲ့တာပါ။ အခုဘယ်ခေတ်ရောက်ပြီလဲမသိတော့ဘူး။