Sunday, October 05, 2008

အိုင်ရိုက်စ် နဲ့ ကျနော်


ဒီတပတ် ပိတ်ရက်တော့ ဘယ်ကိုမှ သွားမလည်ဖြစ်...။ ရာသီဥတုကလဲ အေးတိအေးစက် ဖြစ်စ ပြုလာတာကြောင့် အပြင်ထွက်ရတာ သိပ်ပြီး လန်းလန်းဆန်းဆန်း မရှိလှတော့။ ဒီကြားထဲ ဒီနေ့အေး၊ နောက်တနေ့နွေး ဖြစ်နေတဲ့ အပူချိန်ဒဏ်ကို ခန္ဓာကိုယ်က သိပ်လက်မခံနိုင်တာကြောင့် နှာစေးချောင်းဆိုးက ဖြစ်လိုက်သေးသည်။ လူက နေရထိုင်ရတာ အဆင်မပြေသည့် အထဲ အတွေးတွေကပါ ပျင်းနေသေးလေတော့ စာအသစ် မရေးဖြစ်သည်မှာလဲ ရက်အတန်ကြာခဲ့လေပြီ။

ဝတ္ထုတို တပုဒ်လောက်ရေးရကောင်းမလား အစပျိုးလိုက်၊ ရေးနေရင်းနဲ့ပင် ရေးသူကိုယ်တိုင်ကိုက စိတ်တိုင်းမကျတော့ ဖတ်တဲ့သူအဖို့ ပိုဆိုးမှာပဲလို့ တွေးမိတော့ ရပ်ထားလိုက်၊ ဆောင်းပါး တပုဒ်ပုဒ် ရေးမလားတွေးလိုက် စိတ်တိုင်းမကျလိုက်၊ နောက်တော့လဲ ဘာမှကို မရေးဖြစ်...၊ ဒီလိုနဲ့ သောကြာညကတည်းက ချိန်ရွယ်လာတဲ့ အတွေးတွေက စနေနေ့ကိုသာ ကူးသွားသည်၊ ဘာစာတပုဒ်မှ ဖြစ်မလာ...။

စာရေးလို့ မရတဲ့ အတူတူ ဘာရယ်မဟုတ် အိမ်ရှေ့က ၀ရန်တာမှာ သွားရပ်ငေးမိ၏...။ တကယ်တမ်းမှာက အပြင်မှာကလဲ ကြည့်စရာရှုစရာ ဘာမှ လောက်လောက်လားလား ရှိနေတာ မဟုတ်...၊ ဟိုတစီးဒီတစီး ရပ်ထားတဲ့ ကားပါကင်ရယ်၊ အဲဒီ ကားပါကင်ရဲ့ ဟိုမှာဘက်က ကားလမ်းရယ်၊ ကားလမ်းဟိုဘက်က ဘိုးဘွားရိပ်သာရယ်၊ ဒါပဲ...။ ကားတစီးတလေက ဖျောခနဲ ၀င်လာလိုက်၊ ၀ူးခနဲ ပြန်ထွက်သွားလိုက်၊ ပြီးရင် ပြန်ပြီး တိတ်ဆိတ်သွားလိုက်နဲ့ အင်မတန်အေးစက်စက်နိုင်ပြီး ခြောက်ကပ်လွန်းတဲ့ ပတ်ဝန်းကျင်...။

စက်ရှေ့မှာ ယောင်နနနဲ့ ပြန်ထိုင်မိပြန်သည်။ စာရေးလို့ မရတဲ့အတူတူ ပို့စ်အဟောင်းတွေမှာ လာရေးထားကြတဲ့ မှတ်ချက်တွေကို ပြန်လိုက်ဖတ်ဖြစ်မိ ပြန်သည်။ ဖတ်နေရင်းနဲ့ လူက ခေါင်းငြိမ့်မိနေလား၊ ခေါင်းခါမိနေလားတော့ မပြောတတ်...၊ ပင့်သက် တချက်တော့ ဖွဖွချလိုက်မိသည်ဟု ထင်သည်။

***

ပြန်ဝင်လာတုန်းက စေ့မထားမိတဲ့ တံခါးက ကျွိခနဲ ပွင့်လာသည်။ လှမ်းကြည့်လိုက်တော့ အမိုး...။ ကရင်လွယ်အိတ်လေး တလုံးကို လွယ်လို့...၊ အနွေးထည် ခပ်ထူထူကိုလဲ ၀တ်ထားသေးသည်။

`ဖိုးခွား အားပါသလား´
`ဟုတ်၊ အမိုး ဘာလိုလို့လဲ´
`အမိုးအိမ်မှာ စားစရာ မရှိတော့ဘူး၊ ဈေးသွားပို့ပေးလို့ ရမလား´

အင်းလေ...၊ စာရေးလို့လဲ မရမယ့် အတူတူ အမိုးက ဈေးလိုက်ပို့ခိုင်းတော့လဲ အပြင်ထွက်ရတာကိုက ခပ်ကောင်းကောင်းပဲပေါ့...။

`ဟုတ်ကဲ့ အမိုး´

***

ကားမောင်းရင်းဖြင့် အမိုးကို ဘာရယ်မဟုတ် ငဲ့ကြည့်မိတော့ အမိုးက သူလွယ်ထားတဲ့ ကရင်လွယ်အိတ်ထဲက နေကြာစေ့ထုပ်ကို တဖောက်ဖောက်ဖြင့် ခွာစားနေသည်။ မျက်နှာကလဲ ခါတိုင်းနဲ့ မတူ...၊ ဘာတွေ လိမ်းထားသည် မသိ။ မိတ်ကပ်အရောင်လိုလို ဖြူဖြူဖွေးဖွေးကြီး...။ `အမိုး´ ဟု လှမ်းခေါ်လိုက်တော့ `ဟင်´ ဆိုပြီး လှည့်ကြည့်တာ မျက်လုံးတ၀ိုက်မှာကလဲ မျက်ရစ်အမဲတွေက မညီမညာနဲ့ အကွင်းလိုက်လေး...။

`အမိုးဒီနေ့ တော်တော်လှနေပါလား´

`အဟိ´ လို့ တချက်ရယ်ပြီး နေကြာစေ့တွေ ဆက်ခွာစားနေပြန်သည်။ ပြီးတော့ ပြန်ပြောသေးသည်။

`မသေခင်တော့ လှရမှာပေါ့၊ သေသွားရင် လှချင်ရင်တောင် လှလို့မရတော့ဘူးလေ´

မြတ်စွာဘုရား...။ `အမိုးတယောက် ငယ်မူများ ပြန်နေလား မသိ´ လို့ စိတ်ထဲမှာ တွေးမိသည်။ ဟုတ်ချင်ဟုတ်မှာပါလေ၊ ဟိုတနေ့ကလဲ စက်ဘီးသေးသေးလေးကို မစီးတတ် စီးတတ်နဲ့ တင်းနစ်ကွင်းထဲ ပတ်နင်းနေတာ တွေ့လိုက်သေးသည်။ သူ့စိတ်ထဲမှာတော့ ရယ်ချင်ပက်ကျိ...။

***

ဆိုင်ကိုရောက်တော့...။

မနက်စာ စားလို့ကောင်းမယ့် မုန့်ထုပ်လေးတွေကို လိုက်ကြည့်နေတုန်း အကျီစကို လာဆွဲခံရလို့ လှည့်ကြည့်တော့ အမိုး...။

`အချိုမှုန့်ထုပ်တွေ ဘယ်နားမှာလဲ´
`ဟိုဘက်အတန်းမှာ အမိုး´
`အေး၊ နှစ်ထုပ်လောက် ယူမယ်နော်´

ပြီးတော့ ပြန်လှည့်ထွက်သွားသည်။ ဘာမှအပန်းမကြီးတာမို့ သွားယူပြီး အမိုးရဲ့ တွန်းလှည်းထဲ သွားထည့်ပေးလိုက်သည်။ ခဏကြာတော့...

`မာမားခေါက်ဆွဲ တဖာလောက် သွားယူပေးစမ်းပါ´

သွားရှာပြီး ယူပေးရပြန်သည်။ စိတ်ထဲမှာတော့ ကျလိကျလိ ဖြစ်စပြုလာပြီ။ ဒီလိုနဲ့ မုန့်ထုပ်လေးတွေ ဆက်ရွေးနေပြန်သည်။ ခဏပဲ ကြာလိုက်သည်။

`ပုစွန်ထားတဲ့နေရာ မသိလို့၊ သွားရှာယူပေးပါဦး´

ဒီတခေါက်ကတော့ သွားသာယူပေးလိုက်ရသည်။ စိတ်ထဲမှာတော့ မကြည်လင်တော့ပေ...။ ဒါပေမယ့် ဘာမှတော့ မပြောဖြစ်သေး...။ ဒီလိုနဲ့...။

`ဆန်အိတ်အကြီး နှစ်ထုပ်ယူမယ် ဖိုးခွား၊ သွားသယ်ပေးပါဦး´

ဒီတခါတော့ စိတ်မရှည်မှုရဲ့ သည်းခံနိုင်စွမ်းအားက လွတ်ထွက်သွားချေပြီ။

`ဆိုင်က အလုပ်သမားကို သွားပြောလိုက် အမိုး´

လေသံက ခပ်ဆတ်ဆတ် ဖြစ်သွားလို့ထင်သည်၊ အမိုးက သူ့ကို တချက် ငဲ့ကြည့်ပြီး `သြော်၊ အေးအေး´ ဆိုပြီး အသာပြန်လှည့်ထွက်သွားသည်။

***

`ဒီအဘွားကြီး၊ ငယ်မူကျတော့ ပြန်နေတယ်၊ ငါ့ကိုများ သူ့အလုပ်သမား မှတ်နေလား မသိဘူး၊ ဟိုဟာခိုင်းလိုက်၊ ဒီဟာခိုင်းလိုက်နဲ့...၊ လိုက်လဲပို့ပေးရသေးတယ်၊ ခိုင်းကို ခိုင်းနိုင်လွန်းတယ်၊ သူ့ဘာသာယူပေါ့´

စိတ်ထဲမှာ ဘာဖြစ်နေတယ်ဆိုတာ အပြင်လူ မြင်နိုင်တာ မဟုတ်တော့ လူက အတွင်းစိတ်ထဲမှာ ဗြောင်းဆန်အောင် ပုံပျက်ပန်းပျက် ဖြစ်နေလေပြီ။ စိတ်တိုတိုနဲ့ ဆိုင်ပြင်မှာ ထွက်ရပ်နေလိုက်သေးသည်။ မျက်နှာကိုလဲ ရှူတည်တည်နဲ့ နေလိုက်သည်။ အဘွားကြီး ဒီမျက်နှာကို တွေ့မှ သဘောပေါက်ပစေ...။

အချိန်တွေက တဖြည်းဖြည်းနဲ့ ကြာလာသည်။ အမိုးတယောက် ပြန်မထွက်လာသေး...၊ တမိနစ်၊ ငါးမိနစ်၊ ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်...။ ဆိုင်ထဲ ပြန်လိုက်သွားကြည့်ဦးမှ...။ ဆိုင်ထဲရောက်တော့...။

***

`အိုင်...၊ ရိုက်စ်... ရိုက်စ်´

အမိုးတယောက် အတော်လေး အခက်တွေ့နေဟန် တူသည်။ မျက်နှာပေါ်မှာလဲ စောစောက လိမ်းလာတဲ့ ဖြူဖွေးဖွေး မိတ်ကပ်တွေ အစား ချွေးတွေစို့လို့ နေသည်။ မျက်ကွင်းညိုညိုတွေလဲ ဘယ်ဆီရောက်ကုန်ပြီ မသိတော့...။

ဆိုင်အရောင်းသမားက `ပေါင် ငါးဆယ် အိတ်လား၊ ၂၅ပေါင် အိတ်လား´ ဟု ပြန်မေးသည်။

`အိုင်...၊ ရိုက်စ်၊ အိုင် ရိုက်စ်´

ကျနော့်ကို မြင်တော့ ဘာမှလဲ ထပ်ပြီး အကူအညီမတောင်းရဲတော့ဟန်နဲ့ `အိုင်ရိုက်စ်၊ အိုင်ရိုက်စ်´ တွေသာ အထပ်ထပ်ပြောပြီး အရောင်းသမားကို ထမင်းစားဟန်ပုံစံ လက်ဟန်ခြေဟန်ပြပြီး ထပ်ကြိုးစားနေပြန်သည်။

ထိုအခိုက်အတန့်လေး...၊ အဲဒီအခိုက်အတန့်လေးမှာပင် ဘယ်သူမှ မသိလိုက်ခင် သူ့ကိုယ်သူ အရှက်ကြီး ရှက်မိသွားလေတော့သည်။

`အမိုး၊ အိတ်အကြီးလိုချင်တာဟုတ်´
`ဟုတ်တယ်၊ ဖိုးခွား´

`ဂျက်စ်မင်းဆန် ပေါင်ငါးဆယ်အထုပ် နှစ်ထုပ်ပေးပါ´ လို့ အရောင်းသမားကို ပြောပြီး သူနဲ့အတူ ဆန်တအိတ်ကိုပါ ခပ်သွက်သွက် ကူသယ်လာလိုက်သည်။

***

ဆန်အိတ်တွေ၊ ဈေးအထုပ်တွေကို စိတ်ပါလက်ပါနဲ့ ကူသယ်ပေးနေသော သူ့ကို အမိုးက ဘယ်လိုနားလည်နေမလဲတော့ မပြောတတ်...။

`ဖိုးခွား´
`ဗျာ၊ အမိုး´
`အမိုး၊ မုန့်တီခြောက်တွေ ၀ယ်ဖို့ မေ့နေသေးတယ်´

ဒီတခါတော့ သူ့စိတ်ထဲမှာ ကြည်ကြည်လင်လင်နဲ့ အားပါးတရပင်...

`ဟုတ်၊ သွားပြန်ဝယ်လေ အမိုး၊ ကျနော်လိုက်ခဲ့ပေးမယ်၊ လာလာ´

***

တွန်းလှည်းလေး တွန်းပြီး အရှေ့ကနေ သွားနေသော အမိုးကို သူ လှမ်းခေါ်လိုက်သည်။

`အမိုး´



ပြန်လှည့်ကြည့်လာသော အမိုးရဲ့ အပြုံးက ကြည်လင်ပါဘိ။ အပြစ်စင်ပါဘိ။

***

အပြန်လမ်းမှာလဲ အမိုးတယောက် အလာတုန်းကလိုပင် နေကြာစေ့ထုပ်ကလေးကို တဖောက်ဖောက် ခွာစားပြီး လိုက်လာနေဆဲပင်။

ဘယ်သူမသိလိုက်သော သူ့ရဲ့စိတ်ညစ်ရိုင်းတွေ ချက်ချင်း ပျောက်ပြီး သူ့ကိုယ်သူ ရှက်သွားစေတဲ့ အတွေးက ဘာလဲ ဆိုတာကိုတော့ အမိုးကို သူ ပြန်မပြောပြဖြစ်တော့ပါ။ အဲဒါကတော့....

`အမိုးသာ ငါ့အမေအရင်းဆိုရင်....´

***

ကလိုစေးထူး

16 comments:

Thet Oo said...

ဘလော့ဂါတယောက်နဲ့ အိမ်နီးချင်းဖြစ်ပြီဆိုရင် သူ့စာထဲက ဇတ်ကောင်ဖြစ်ပြီလို့သာ မှတ်ပေရော့...

ဖုန်း မြင်. said...

အိုင် ရိုက်လေးက ရင်ထဲ ထိတယ်ဗျာ
တစ်ခါတစ်ခါ ကျနော်လဲ အဲ့လို ညစ်ကပ်ကပ်လေး တွေ ခဏ ၊ ခဏ
လုပ်မိတယ် ...ပြီး အားနာပြီး မျက်နှာပုရတာတွေ မနည်းတော့ဘူးဗျာ..။

မောင်မျိုး said...

အမိုးအကြောင်း အစ်ကို့ ပို့ စ်တွေထဲမှာ မကြာမကြာဖတ်ဖူးတော့ ရင်းနှီးနေသား အခုမှပဲမြင်ဖူးတော့တယ် ။ ကိုယ့်ပတ်ဝန်းကျင်အကြောင်းလေးကို စာဖတ်တသူကို စိတ်ဝင်စားအောင်ရေးတက်တာ အားကျတယ်ဗျို့  ။

ကိုရင်နော်ခင်လေးငယ် said...

မှတ်သားစရာလေးပါ.. ဟုတ်တယ်.. အမေသာဆိုရင်နော်..

စိတ်ဝင်စားလာအောင် ဆွဲခေါ်ပြီးရေးသွားတာလေး နှစ်သက်မိတယ်..

ရှင်မင်းညို said...

အရမ်းထိတယ်... အိုင် ရိုက်စ်....
ကျေးဇူး....................

Phyo Evergreen said...

ကိုစေးထူးရဲ့အတွေးတွေခံစားနားလည်သွားပါတယ်ဗျာ..။
တစ်ခါတစ်လေ ..အမေအရွယ်၊အဘွားအရွယ်အမျိုးသမီး
တွေတွေ့ ရင် ကိုယ့်အမေ၊အဘွားများသာဆိုရင် ဆိုတဲ့အတွေးနဲ့မကူညီဘဲ မနေနိုင်ပါဘူးဗျာ..။တစ်ကယ်
ကိုယ်ချင်းစာကြည့်မယ်ဆိုရင် မခံစားနိုင်ပါဘူးဗျာ..။

မင်းနန္ဒ said...

ကောင်းချက် ကောင်းချက်.. ရေးတတ်သူများကျတော့.. တစ်ခါတစ်လေ ဘာရယ်မဟုတ်ပဲ.. ငါ့ကိုဘာလို့ ဒီလိုပြုမူရတာလဲ ဆိုတဲ့ အစွန်းထွက် အတ္တကိုအခြေပြုတဲ့ စိတ်ညစ် စိတ်ဆိုးက မမျှော်လင့်ပဲ ထွက်ချင်တဲ့ အချိန်ထွက်လာတတ်တာလေးကို.. ခြယ်မှုန်းပြသွားတာ ကြိုက်တယ်..။

BLACK DREAM said...

သမရိုးကျ သဘာဝလေး တစ်ခုပါပဲ အစ်ကိုရေ :)

Moe Cho Thinn said...

တခါတလေတော့လဲ နားလည်မှုလွဲတတ်တာမျိုး လေးတွေ ဖြစ်တတ်ပါတယ် ကိုစေးထူး။
ဒါပေမဲ့ ကိုယ်က စိတ်ရင်းကောင်းတဲ့သူ၊ တဖက်ကို စာနာနားလည်လိုက်ဖို့ အမြဲစဉ်စားပေးတတ်သူမို့ အခုလို ဇာတ်သိမ်းလေး လှခဲ့တာပဲ။
ဘယ်သူနဲ့မဆို ဒီလိုလေး လှပါစေ။

Winkabar said...

အမိုးဆိုတော့ ကိုစေးထူးအမေထင်နေတာ။ မဟုတ်ဘူးပဲ။ မလွယ်ဘူးနော် စကားမတတ်တာက။ ဒါနဲ့ အိုင်ရိုက်စ် ဆိုတာ ဘာပြောချင်တာလဲ။

လူပျင်း said...

ဒွတ်ခပါလား ၀င်ကဘာရေ ....
အရင်တုန်းက ကလိုစေးထူး စာတွေကို သေချာတခါမှ မဖတ်ခဲ့ဘူးနဲ့တူတယ်။
သို့ပေသိ ကောင်းပါ၏ ဘာ၏ ညာ၏ ဆိုပြီး အပေါ်ယံ ချီးကျူးစကားလေးတွေ အပြန်အလှန် ပြောလေ့ရှိကြတာ ဘလော့ယဉ်ကျေးမှုပေပဲလား ... ။
ထားပါတော့ ....
ကလိုစေးထူးဘလော့ကို အမြဲဖတ်ရင် အမိုး ဘယ်သူဆိုတာ သိမှာပဲ။ ကလိုစေးထူးရဲ့ ဒီစာကို သေချာဖတ်ရင် အိုင်ရိုက်စ်က ဘာပြောချင်တယ်ဆိုတာ သိမှာပဲ။
ဒါမှ မသိရင်တော့ စာရေးဆရာရေ ... ခင်ဗျားလိုသေးလို့ပဲ နေမှာ ... နော ...
သြ ... အိုင်ရိုက်စ် အိုင်ရိုက်စ် .... ;)

M.Y. said...

လူတိုင်းမှာရှိတတ်မယ့် လူ့ သဘာဝ နဲ့ မနောကို ကိုယ့်အတွေ့ အကြုံ နဲ့ စိတ်ကို ချယ်မှုန်းပြထားတဲ့ ရသရော၊ အတွေးပါပေါင်းစပ်ထားတဲ့၊တန်ဖိုးရှိတဲ့ စာစုတစ်ခုပါ။
I..rice..I...rice လို့ ကြိုးစားပြောပြနေတဲ့အမေအရွယ် မိန်းမကြီးတဦးပုံ ကိုမြင်ယောင်မိစေတယ်..

အောင်သာငယ် said...

အင်း----

နှလုံးသားဆိုတာ
ထိတွေ့ရတော်တော်ခက်တဲ့အရာလို့
ကြားဖူး ဖတ်ဖူး သိဖူးတယ်။

ကိုယ့်ညီ့ နှလုံးသားကိုတော့
ကိုယ့်လက်ထဲ တဆတ်ဆတ်ခုန်နေတာ
ကိုယ်တိုင်ခံစားဖူးသွားပါရဲ့....

လှပသော သိင်္ဂါရတခုပါပဲ။

ချမ်းမြေ့ပါစေ ညီ

skyblue said...

အင်း.....အပေါ်က သူတွေ ပြောသွားတာ စုံသွားပါ
ပေါ့လား.......
ရွှင်လန်းချမ်းမြေ့ပါစေ....ကိုစေးထူး ရေ...

တစ်ပြည်သူ အိမ့်ချမ်းမြေ့ said...

ဟိုနေ့တွေထဲက ဖတ်ပြီး ကော့မန့်ရေးချင်နေတာရှင်..
တိုတိုတုပ်တုပ်ပဲရေးပါမယ်.. ဟိုဘက်မှာ အရှည်ကြီးပြန်ထားလို့..
ဒီပိုစ်ကို အရမ်းကြိုက်တယ်

rita said...

ko say htoo yay,,,

I RICE ko I LIKE
:)