Monday, October 20, 2008

ကိုပင်လှနဲ့ လောကအလှ


ဆူဆူညံညံနဲ့ တ၀ူးဝူး တဝေါဝေါ စက်သံတွေကြောင့် ဆောင်းဦးလေ ဖြူးဖြူးရဲ့ အရသာကို ခံနေတဲ့ ကျုပ်လဲ ဆတ်ခနဲ တွန့်သွားတယ်။ ကျုပ်ရင်ခွင်ထဲမှာ ခိုလှုံမှိန်းနေတဲ့ ယုန်ပေါက်ကလေးနှစ်ကောင်ရယ် ရှဥ့်ညိုလေး တကောင်ရယ်လဲ အလန့်တကြား ပြေးထွက်သွားတော့တာပဲ။


အင်း...။

သူတို့ ကျုပ်ကို အလှဆင်ပေးဖို့ အချိန်ရောက်လာပြန်ပြီနဲ့ တူတယ်။

***

တကယ်ပါဗျာ။ ကျုပ်ဘ၀က စပြီးတော့ အသက်ရှင်လို့ အရွယ်ရောက်စ ပြုပြီဆိုတာနဲ့ အညွှန့်ချိုးခံရတဲ့ ဘ၀...။ မဟုတ်ဘူး၊ မဟုတ်ဘူး၊ အညွန့်ဖြတ်ခံရတာ၊ အဲ... တိတိပပ ပြောရရင် အညွှန့်ညှပ်ခံရတာပေါ့။ ကပ်ကြေးထက်ထက်ကို ခင်ဗျားတို့ မြင်ဖူးတယ် မှတ်လား။ အဲဒီ ကပ်ကြေးထက်ထက်ကြားမှာပဲ ကျုပ်ရဲ့ အညွှန့်တွေကို ဂျိခနဲ ဂျိခနဲ အညှပ်ခံရတာဗျ...။

ကျုပ်မို့လို့ အညွှန့်လေး တလူလူ ဖြစ်လာပြီလားဆိုရင် ရောက်လာကြပါပြီ၊ အညွန့်ညှပ်မယ့်လူတွေ...။ သူတို့ကတော့ ကိုယ့်ကိုယ်ကို အလှဆင်သူကြီးတွေ ဆိုပြီး ဂုဏ်ယူနေကြမလား မပြောတတ်ဘူး။ ကျုပ်မှာသာ သူတို့လက်ထဲက ကပ်ကြေး ထက်ထက်တွေနဲ့ တက်မယ်တောင် မကြံရသေးတဲ့ အညွှန့်တွေကို အညွှန့်တုံးတွေ အဖြစ် သူတို့ စိတ်တိုင်းကျ လှပပြနေရတဲ့ ဘ၀။

ကျုပ် ကိုယ့်ဘ၀ကိုကိုယ် တော်တော် စိတ်နာတယ်။ ဘယ်နှယ့်ဗျာ...၊ ဒီဘ၀မှာ အသက်ရှင်ရတာခြင်း အတူတူ ကျုပ်တို့ကိုမှ တချိန်လုံးအညွှန့်လာလာ အဖြတ်ခံနေရတဲ့ ကိစ္စ၊ စိတ်မနာဘဲ ဘယ်နေမှာတုန်း။ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ရင် ဟိုနေရာ ထိုးထိုးထောင်ထောင်၊ ဒီနေရာ ထိုးထိုးထောင်ထောင်တွေ အများကြီး ရှိနေပါလျက် သူတို့ကျတော့ ကျုပ်လို ပုံအသွင်း မခံရဘူး။ ကျုပ်မှာသာ...။

ဘာလဲ...၊ ကျုပ်ဘယ်သူပါလိမ့်လို့ စဉ်းစားနေတာလား။ ခေါင်းပူမနေပါနဲ့ဗျာ။ ကိုးရီးယားကားတွေလို ကျုပ်ကလဲ ကွေ့ဝိုက်မနေချင်ပါဘူး။ ဟောဒီမှာလေ ကျုပ်ပုံ...။



ကျုပ်တို့ မျိုးနွယ်ကို ဒီလိုပုံဖော်ရင် လှမယ်ဆိုတဲ့ စိတ်ကူးကို ဘယ်လူသား သကောင့်သားကများ ရခဲ့လဲ မသိပါဘူးဗျာ။ ဒီလိုပဲ၊ လူက အဲလေ အပင်က ဟိုနားတစ ဒီနားတစ အညွှန့်ကလေးထွက်ဖို့ကို အချိန်မရဘူး။ လာလာညှပ်နေလိုက်ကြတာ။ ကျုပ်တော့ အပင်တကာ့ အပင်ထဲမှာ အပင်ဖြစ် အရှုံးဆုံးလို့သာ မှတ်လိုက်ချင်တော့တယ်။ အဲဒီလိုနဲ့ တွေးပြီး စိတ်ဓာတ်ကျနေတုန်းမှာပေါ့...။

`ဒီမယ်ဗျ´

ခေါ်သံလိုလို တခု ဘယ်ကနေကြားပါလိမ့်။ အရေးထဲ ဟိုစက်သံကလဲ ဆူညံလိုက်ပါသဘိ။ စက်သံဆူဆူညံညံသံတွေ ခဏလေး တိတ်သွားခိုက်မှာပဲ ကျုပ်ကို ခေါ်သံ ထပ်ကြားရပြန်တယ်။

`ဒီမှာဗျ...၊ ဒီမှာ´

အလို...၊ လက်စသတ်တော့ ခေါ်သံတွေက ကျုပ်ရဲ့ ခြေရင်း မလှမ်းမကမ်းက မြက်ပင်တွေဆီက လာနေတာကိုး။ မလောက်လေး မလောက်စား မြက်က ကျုပ်ကို ဒီလို မာထန်ထန် ခေါ်ရကောင်းလားဆိုပြီး စိတ်ထဲ ခပ်မျက်မျက်နဲ့ပဲ...

`ဘာလဲကွ၊ မင်းကများ ငါ့ကို ဒီမှာလေး ဘာလေးနဲ့´
`ခေါ်ရမှာပဲဗျ´
`မင်းကို ငါက ဘာလုပ်နေလို့တုန်း´
`ဒီမယ်၊ ခင်ဗျားက ခင်ဗျားကိုယ် ခင်ဗျား တော်တော်ကို ထိခိုက်နစ်နာလှပြီလို့ ထင်နေတယ်ပေါ့လေ၊ ဟုတ်လား´
`ဟုတ်တာပဲလေကွာ၊ မင်း ဟိုမှာ မကြားဘူးလား အသံတွေ၊ အဲဒီလူတွေ ခဏနေရင် ငါ့ကို လာပြီး အညွှန့်ညှပ်ကြဦးတော့မှာ၊ ငါ့မှာ အညွှန့်တလူလူ ဆိုတဲ့ အချိန်ကို မရှိရဘူးလေ၊ အဲဒီတော့ နစ်နာတာပေါ့ကွ´

မြက်ပင်က ကျုပ်စကားကိုလဲ ကြားရော တဟားဟားနဲ့ ထရယ်ပါလေရော...။ ဒီကောင်ရယ်တာမှ အားရပါးရ...၊ ဒါပေမယ့် ဒင်းရယ်တဲ့ အသံက ကျုပ်ကို လှောင်သံ ပါနေသလိုလိုပဲ။

`ဟေ့ကောင်၊ တိတ်စမ်း´
`ရယ်စမ်းပါရစေဗျာ၊ ခင်ဗျားက ခင်ဗျားသာလျှင် နစ်နာသူကြီးလို့ ပြောနေတာကို ကျုပ်က ရယ်ချင်လွန်းလို့ပါ´

စိတ်ရှိလက်ရှိ ရယ်လို့ဝတော့မှ မြက်ပင်က ...

`ဒီမယ် ကိုပင်လှ၊ ခင်ဗျားက တချိန်လုံး အလှပဲ အဆင်ခံနေရသူဆိုတော့ ကျုပ်က ခင်ဗျားကို ကိုပင်လှလို့ ခေါ်မယ်။ တကယ်တော့ ခင်ဗျားက အညွှန့်ဖြတ်ခံနေရတယ်ဆိုတာ ခင်ဗျားအတွက်တော့ စဉ်းစားကြည့်ရင် နာကျင်စရာပေါ့။ ဒါပေမယ့် ခင်ဗျားထက်ဆိုးတဲ့ ကျုပ်တို့ ဘ၀တွေကို တွေးကြည့်စမ်းပါဗျာ။ ကျုပ်တို့မှာ ကျုပ်တို့ မရှိတော့လဲ လူတွေက ဖုန်တွေထူမှာစိုးလို့ ဆိုပြီး အလှစိုက်ကြတယ်။ ဟော...၊ ကျုပ်တို့မို့ အညွှန့်လေး ထိုးထိုးထောင်ထောင် ဖြစ်လာပြီ ဆိုပြန်တော့ လာပါပြီ၊ မြက်ရိတ်စက်မျိုးစုံနဲ့။ တခါတလေများဆို သူတို့ မလိုအပ်တော့ရင် ကျုပ်တို့ကို အမြစ်ကနေပါ လှန်ပစ်တတ်သေးတာ။ သူတို့ ဖြတ်ပစ်လို့ အညွှန့်တုံးပြီး ညီညာနေတဲ့ပုံပေါ်နေတဲ့ ကျုပ်တို့ရဲ့ မျက်နှာပေါ်ကို သူတို့ပဲ နင်းလားနင်းရဲ့၊ စိတ်လိုလက်ရနဲ့ ကျုပ်တို့အပေါ်မှာ လဲလျောင်းလား လဲလျောင်းရဲ့၊ ကျုပ်တို့မှာ ဆောင်းတွင်းချိန်လေးပဲ လူတွေရဲ့ အရိတ်အလှီးကို မခံရတာ။ ဒါလဲ အကောင်းတော့ မထင်နဲ့ ကျုပ်တို့အပေါ်မှာ တဆောင်းလုံးလုံး အုပ်မိုးနေတဲ့ နှင်းဖတ်တွေကြောင့် သက်သာသယောင် ထင်နေရတာ၊ လူတွေ ဘယ်လောက် ကိုယ်ချင်းစာတရား မရှိသလဲဆိုတာ ဆောင်းတွင်းဘက်ရောက်ရင် သူတို့မှာသာ အနွေးထည်ထူထူဝတ်ရတာနဲ့၊ မီးလင်းဖို မွှေးရတာနဲ့၊ တချိန်လုံးလုံး အပြင်မှာ အအေးဒဏ်ခံနေရတဲ့ ကျုပ်တို့ကို အဲဒီအခါကျတော့ သူတို့ အလေးမထားကြတော့ဘူးလေ´

`ဒါတောင် ကျုပ်က သာမန်မြက်ဘ၀နဲ့ ဟောဒီနေရာမှာ မြက်ဖြစ်ခွင့်ရသေးလို့ တော်သေးတာ၊ ကျုပ်ထက် ဘ၀ဆိုးတဲ့ မြက်တွေ ရှိသေးတယ်။ ဘောလုံးကွင်းထဲ အစိုက်ခံရတဲ့ မြက်ဆိုရင် ခင်ဗျားစဉ်းစားကြည့်။ လူအယောက် သုံးဆယ်ဝန်းကျင်လောက်က အားရပါးရ ပြေးလွှားနင်းခြေလိုက်၊ သူတို့နင်းလို့ပြီးရင် နောက်တခါ ထပ်နင်းလို့ကောင်းအောင် တယုတယ ပြန်စိုက်လိုက်၊ တခါတခါများဆို သူတို့စိတ်တိုင်းမကျရင် မြက်တွေကို အသားလွတ်ကြီး ကန်တဲ့ကောင်တွေက ရှိသေးတယ်။ ဂေါက်ကွင်းထဲက မြက်တွေဆိုလဲ ဘာထူးသေးလဲ၊ ကြည့်တော့သာ တချိန်လုံး ရေလောင်းခံရ၊ အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ခံရနဲ့မို့ ဟုတ်သယောင်ယောင် ရှိတာ။ သူတို့လဲ နောက်ဆုံးတော့ လူတွေရဲ့ စိတ်တိုင်းကျ အနင်းခံရတာပဲ မဟုတ်လား၊ ဂေါက်တံ အဖျားမှာ ပါသွားတဲ့ မြက်တွေဆို ဘယ်လောက်တောင် နာကျင်နေမလဲ ဆိုတာ ကျုပ်တွေးကြည့်မိတယ်´

`ခင်ဗျားက အညွှန့်တွေ အဖြတ်ခံရတယ်ဆိုပေမယ့် အနင်းတော့ မခံရပါဘူးဗျာ။ ခင်ဗျားကို တွေ့လိုက်ရင် လူတွေက အလှအပတခုအနေနဲ့ ပုံဖော်တာမို့ အညွှန့်အဖြတ်ခံရတာခြင်း တူရင်တောင် တော်ပါသေးတယ်။ ကျုပ်တို့ကမှ အဖြတ်ခံ၊ အနင်းခံတွေပါဗျ´

`ဒါပေမယ့် ကျုပ်က ခင်ဗျားလိုတော့ အားငယ်ညည်းတွားနေမယ်လို့ ထင်သလား၊ ကျုပ်လား၊ ဟောဒီ နေရာမှာ ဒီလိုပဲ အနင်းခံ၊ အလှီးခံဘ၀နဲ့ ရှင်သန်နေတာ ကာလပေါင်းမနည်းတော့ဘူး၊ ကျုပ်ကို မမွေးခင်ကလဲ ကျုပ်တို့ အဘိုးတွေ၊ အဖေတွေက သူတို့ကိုယ်သူတို့ အနင်းခံပြီး လောကကောင်းဖို့ကို မြက်ဖြစ်ကျိုး နပ်စွာ ထမ်းသွားကြတာပဲ။ ကျုပ်လဲ ဒီလိုပဲပေါ့။ ကျုပ်ကို ဒီနေ့ အညွှန့်လာဖြတ်ရင် နောက်နေ့ ကျုပ် အညွှန့်ပြန်တက်မယ်။ လာဖြတ်တော့လဲ ဖြတ်ပေါ့။ အရေးကြီးတာက ကျုပ်အလုပ်ကိုက အညွှန့်တက်နေဖို့ပဲ။ ဖြတ်တာက သူတို့အလုပ်၊ အညွှန့်ထပ်ထွက်နေရမှာက ကျုပ်အလုပ်။ ဒါပဲ မဟုတ်လား၊ ဘာများ တွေဝေ၊ အားငယ်နေရဦးမှာလဲဗျာ´

***

မြက်ပင်က အားရပါးရပြောပြီးတော့ မောသွားလားတော့ မပြောတတ်ဘူး။ ငြိမ်ကျသွားတယ်။ ဒီကောင်ပြောတာ စဉ်းစားကြည့်တော့လဲ ဟုတ်ပေသားပဲ။ ကျုပ်ကို လူတွေ အညွှန့်လာဖြတ်တယ်ဆိုတာ အဲဒီ မြက်တွေထက်စာရင် ဘာဟုတ်သေးလို့တုန်း။ တကယ်ဆို သူတို့က ကျုပ်ထက် ပိုပြီး လောကအတွက် ပေးဆပ်နေရတာလေ။ ကျုပ် စောစောက ကိုယ့်ကိုယ်ကို အားငယ်နေမိတာကိုတော် ရှက်မိပါရဲ့...။

***

တဝေါဝေါနဲ့ ဆူညံနေတဲ့ မြက်ရိတ်စက်ရဲ့ အသံက ဝေးနေရာကနေ တဖြည်းဖြည်းနဲ့ နီးလာတယ်။ စောစောက ကျုပ်ကို စကားတွေ အများကြီးပြောသွားတဲ့ မြက်ပင်လေးကို ကျုပ် မရဲတရဲ လှမ်းကြည့်မိတယ်။ သူက ကျုပ်ကို အဓိပ္ပာယ်အပြည့်ပါတဲ့ အပြုံးနဲ့ အားရပါးရ ပြုံးပြနေတယ်။ ကိုယ့်ကိုယ်ကို သတိမထားလိုက်ခင်မှာပဲ ကျုပ်လဲ အဲဒီ မြက်ပင်လေးကို ဦးညွှတ်လိုက်မိတယ်။ လေပြင်းတချက်ရဲ့ အကူအညီနဲ့ပေါ့...။

ထက်မြတဲ့ စက်သွားတွေရဲ့ လှီးဖြတ်မှုအောက်မှာ မြက်ပင်ဖျားကလေးတွေ ဝေ့ခနဲဝေ့ခနဲ လွင့်ထွက်သွားကြတယ်။ ဒါပေမယ့် သူတို့ အပြုံးမပျက်ကြဘူး။ ဟိုမြက်ပင်လေးလဲ စက်သွားရဲ့ လက်ချက်နဲ့ အညွှန့်ဖြတ်ခံလိုက်လေရဲ့...၊ နောက်ထပ်လဲ လူတွေက သူတို့ကို အကြိမ်ပေါင်းများစွာ လာပြီး လှီးကြ ဖြတ်ကြဦးမှာပါပဲ။ သူတို့ကလဲ ခပ်ပြုံးပြုံးပဲ နေမှာ သေချာတယ်။

***

စောစောက ဆူညံနေတဲ့ ပတ်ဝန်းကျင် တခုလုံး အခုတော့ တိတ်ဆိတ် ငြိမ်သက်သွားပါပြီ။

ဒီနေ့တော့ ကျုပ်ကို လူတွေက ဘာလို့လဲ မသိဘူး။ အညွှန့် ဖြတ်မသွားကြဘူး။ ဒါပေမယ့် ခင်ဗျားသိလား။ ကျုပ် ဒီနေ့ မပျော်ဘူးဗျ။ သေချာတာကတော့ နောက်တခါ လူတွေ ကျုပ်ကို အညွှန့်လာဖြတ်ရင် ကျုပ်ညည်းတွားနေတော့မှာ မဟုတ်ဘူးထင်တယ်။

***


ကလိုစေးထူး

(တရက်မှာ ကွင်းထဲက မြက်တွေ ရိတ်နေတဲ့လူကို တွေ့တော့ တွေးမိတဲ့ စိတ်ကူးကို ပုံဖော်ကြည့်တာပါ)

12 comments:

MANORHARY said...

အတွေးလေးကောင်းတယ်...

မောင်မျိုး said...

ကောင်းလိုက်တဲ့ ဥပမာပေး ပို့ စ်လေးပဲ ကိုစေးထူး ဆိုလိုချင်တာလေးက ပင်လှလို ကိုယ့်ဘ၀ မှ အဆိုးဆုံးလို့  အထင်ခံနေရသူတွေအတွက် ကိုယ့်ထက်ဆိုးတဲ့ မြက်ပင်လေးကတောင် ဘ၀ကို အပြုံးနဲ့  ရဲရဲရင့်ရင့် ရင်ဆိုင်သွားတာကို ပညာပေးသွားတာလို့ ထင်ပါတယ် ။ ပို့ စ်ကောင်းလေးတစ်ပုဒ်အတွက် ကျေးဇူးအထူးးး

Anonymous said...

အင်း..မသိရင်တော့ အထင်ကြီးစရာပဲ...

စာရေးတဲ့လက်လို စိတ်ထားလေးပါ တပြေးညီပီး မှန်ကန်မယ်ဆို တန်ဖိုးရှိတဲ့ ကလောင်လက်ပါပဲ

တောင်ပေါ်သား said...

အကိုေ၇ တော်တော်ကို ကောင်းတဲ့ ပိုစ့်လေးပါ. ကျေးဇူးတင်ပါတယ်နော့်

Moe Cho Thinn said...

ကိုယ့်ထက် အနစ်နာခံနေကြတဲ့သူတွေ၊ အဆင်မပြေသူတွေကို တချက်လောက် စောင်းငဲ့ကြည့်မိစေတဲ့ ပို့စ်လေးပါပဲ။

mgngal said...

စာဖတ်အပြီးမှာ အရိပ်တစ်ခုဖြတ်ပြေးသွားတယ် ။ :)
အရမ်းကောင်းပါတယ် ။
ခင်မင်လျက်
မောင်ငယ်။

mgngal said...
This comment has been removed by the author.
ဂျဲဂျယ် said...

ကောင်းလိုက်တဲ့ အတွေးလေး လိုချင်တဲ့ အကြောင်းအရာကို ဥပမာပေးနိုင်တယ်ဗျာ။

တန်ခူး said...

ကိုစေးထူးရေ… ဖြတ်တာက သူတို့ အလုပ် အညွန့် ထွက်နေရမှာက ကိုယ့်အလုပ်… ဆိုတာလေး ကြိုက်တယ်… ဖြစ်လာမယ့် လောကဓံကို ငြီးညူစိတ်ပျက်နေမယ့်အစား ကိုယ့်အရည်အချင်းတိုးတက်မြင့်မားဖို့ ၊ ကိုယ့်စိတ်ဓါတ်ဖြူစင်သန့် စင်ဖို့ အစဉ်ကြိုးစားနေသင့်တယ်ဆိုတဲ့ အကျိုးရှိတဲ့ Messageလေးပေးတဲ့ ဒီပို့ စ်လေးအတွက် လေးစားကျေးဇူးတင်လျက်ပါ…

ငယ်ဂရိုး said...

မြက်ရိတ်တာကို အကြိမ်ကြိမ်မြင်ဖူးပေမဲ့ ဒီလိုအတွေးမျိုးတစ်ခါမှမတွေးဖူးဘူး...

MELODYMAUNG said...

ကောင်းပ :)

BLACK DREAM said...

တစ်ခုတော့ရှိတယ်...။ မြက်ဆိုတဲ့ အမျိုးက များများဖြတ်လေ...။ များများပိုထွက်လေ ဆိုတာပဲ...။ ဒါကို ဖြတ်တဲ့သူတွေကမှမသိတာ..။ :)