Thursday, October 09, 2008

အရှိုးရာ

ကျနော် သတိရလာတော့ အနုပညာတွေ သွေးစက်လက်နဲ့ ပြန့်ကျဲနေတယ်။

ဟိုးခပ်ဝေးဝေးက ဟစ်အော်သံတွေ ကြားလိုက်ရတယ်။ ညာသံပေးနေကြတာလား၊ သွားတော့ဟေ့ လို့ ၀ိုင်းဝန်းအော်ဟစ်နေတာလား၊ ဘရာဗိုလို့ အားပေး မြည်ဟည်းနေတာလား၊ နောက်တပုဒ်လို့ ထပ်တောင်းဆိုနေတာလား ဟစ်အော်သံတွေကတော့ ဆူညံနေတာပဲ။

လက်တွေကို မြင်လိုက်ရတဲ့ တခဏ၊ မျက်လုံးတွေကို ခံစားမိလိုက်ရတဲ့ အခိုက်အတန့်လေး တခု၊ ငုံ့နေတဲ့ ဦးခေါင်းတွေကို စာနာမိတဲ့ အသိ...၊ ကီးဘုတ်ပေါ်မှာ တဖြတ်ဖြတ်ပြေးလွှားနေတဲ့ လက်ချောင်းလေးတွေမှာ တခါတလေကျရင် နှလုံးသွေးတွေပါ စွန်းထင်းနေခဲ့တာကို နားလည်ပေးနိုင်ပါစ...။

အခန်းကျဉ်းလေးရဲ့ အပြင်ဘက်မှာ ခေတ်မီခြင်းတွေ ဥဒဟို ပြေးလွှားနေကြတယ်။ အပြုံးမဲ့တဲ့ စက်ရုပ်တွေက အသပြာနောက်ကို ကောက်ကောက်လိုက်ပြီး သိက္ခာတွေကို အရောင်ထပ်တင်နေကြတယ်။ အခန်းကျဉ်းလေးထဲမှာတော့ နည်းပညာ အထောက်အကူနဲ့ လူတယောက် သူ့အမေအိမ်ကို စိတ်ကူးတွေနဲ့ ပြန်ရောက်နေတယ်။ နှမ်းနှုတ်ချိန်ကို ပြန်သွားနေတယ်၊ ရှောက်သီးတွေကို ထမ်းပိုးနေတယ်။ ချောင်းထဲမှာ ဖားငါးလဲ ရှာနေသေးတယ်။ တခါတလေတော့ အထုပ်အပိုးတွေကို မနိုင့်တနိုင် ထမ်းပိုးပြီး ရှေ့တန်းစစ်မြေပြင်ကို သွားရသေးတယ်။

အားပါးတရနဲ့ ဖန်တီးလိုက်တဲ့ တင်ဆက်မှုတခုအတွက် ဘာတွေ ပြန်ရနိုင်မလဲ။ စောင့်ကြည့် အကဲခတ်မှုတွေလား၊ မျဉ်းခတ် စည်းကြပ်မှုတွေလား၊ ချိန်ရွယ် မောင်းတင်မှုတွေလား၊ အို... အဲဒါတွေ အကုန်လုံးကို တခါတလေ ရတတ်တဲ့ နွေးထွေးမှုဆိုတာနဲ့ တန်ပြန်ပစ်လိုက်တာပေါ့။

`ခံစားလို့ မရဘူး´ လို့ ပြောသွားတယ်။ အားတင်းပြီး ဆက်ပြုံးထားစမ်း။ လျှောက်ရမယ့် လမ်းက ရှိသေးတယ်။ ဒီလမ်းကို ကိုယ့်သဘောနဲ့ ကိုယ်လျှောက်တာလေ။ ဟန်ဆောင်ထားတဲ့ ၀တ်ရုံဆိုတာ တကယ်တော့ `အားတင်းမှု´ သက်သက်သာ ဖြစ်နေပါပေါ့လား။ ကဲ... ချွတ်ချလိုက်စမ်း အဲဒီ ၀တ်ရုံ....။ ခန္ဓာကိုယ်ပေါ်မှာ ထင်နေတဲ့ ပေတံတွေရဲ့ အရှိုးရာတွေကို အားရပါးရ ကြည့်ကြပေတော့...။

အားအားရှိ ဒီအကြောင်းပဲ ပြောမိတာကို တဆိတ်လောက်တော့ သည်းခံပေးပါ။ ဒီအကြောင်းဟာ အရေးကြီးဆုံး မဟုတ်လား။ နားမထောင်ချင်တော့လဲ ဟိုးဘက်မှာ ဆူညံနေအောင် ဖွင့်ထားတဲ့ စည်းချက်ညီ ယိမ်းအကကိုသာ သွားငေးပေရော့...။ ရင်ဘတ်ထဲက ဆန္ဒမရှိဘဲနဲ့တော့ ချိုမိုင်မိုင်တောင် လိုက်မကပါရစေနဲ့။

ဝတ္ထုတပုဒ်လောက် ဖန်တီးရင် ကောင်းမလား၊ ကဗျာဖွဲ့ပြီး စာဆိုရင်ကောင်းမယ်ထင်တယ်၊ ဆောင်းပါးကလဲ မရေးဖြစ်တာကြာပြီ၊ သီချင်းစာသားတွေကလဲ တပိုင်းတစပါလား...။ အားးးးးးး... လက်ရှသွားပြီ။ ရှေ့က စက်သွားက အတွေးတွေ များနေတဲ့ အလုပ်သမားကို ဒဏ်ခတ်လိုက်တယ်။ အိုကေရဲ့လားလို့ မေးတဲ့ မျက်နှာဖြူ အလုပ်ရှင်ရဲ့ မျက်လုံးထဲမှာ နားမလည်မှုတွေ ဖြတ်ပြေးနေတယ်။ အိမ်ကိုပြန်ရောက်တော့ ဆဲစာတချို့က ကွန်ပျူတာ မျက်နှာပြင်ပေါ်ကနေ နှုတ်ဆက်နေလေရဲ့...။

မှန်ကြည့်တာကိုလဲ စာစီမိတယ်၊ အရောင်မတူတဲ့ အရွက်တွေကလဲ အတွေးတွေကို ပေးတာပဲ။ အမိုးနဲ့ ဆုံတော့ အမိုးခမျာ ဇာတ်ရုပ်တခု ဖြစ်ရပြန်တယ်။ ယာလာကတော့ သူ့သကြားလုံး ဘယ်သူ့မှ မပေးနိုင်ဘူး ဆိုပဲ။ လူတွေကို လိုက်ငေးကြည့်မိတယ်၊ အပူအပင်ကင်းနေတဲ့ သူတို့တွေနေရာမှာ အော်ဟစ်ငိုယိုနေတဲ့ ရွှေပြည်ကြီးကိုပဲ မြင်မြင်ယောင်နေတာကိုက ထိရှလွယ်လွန်းသတဲ့လားကွယ်။ ဒီလိုဆိုရင်လဲ ကျေကျေနပ်နပ်ကြီး ထိရှလိုက်စမ်းပါရစေ။

Where is Burma? ဆိုတဲ့ အမေးကို Near Thailand လို့ မဖြေချင်သလို `မြန်မာနိုင်ငံကို ငါသိတယ်၊ Dictatorship Country မဟုတ်လား´ ဆိုတဲ့ အဖြေစကားကိုလဲ မကြားချင်ဘူး။ ဒါဖြင့် ငါတို့နိုင်ငံဟာ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်း နဲ့ နေလာတာကွ လို့ ရင်ကော့ရမလား။ ရင်ကော့ချင်တာတော့ အမှန်ပဲ။ ရင်မော့ချင်တာလဲ အမှန်ပဲ။ ဒါပေမယ့် ရင်မောနေရတော့ ... ရေးလိုက်ပါရစေဦး။ ဘာဝတူသူတွေ အတူတူ ခံစားကြတာပေါ့။ တချက်တချက် ပစ်လိုက်တဲ့ မြှားချက်တွေကို ကာဖို့တော့ ယုံကြည်ချက် ချပ်ဝတ်တန်ဆာကို ခပ်တင်းတင်းလေး စည်းနှောင်ကြမယ်လေ။

ဝမ်းချမယ် ဆိုတာကို သိရင်တောင် ကျန်းမာရေး တကယ်ကောင်းမယ်ဆိုရင် ပျားရည်ကို မျိုချပစ်လိုက်မယ်။ ဆေးခါးတိုက်တာပါ ဆိုပြီး အဆိပ်ထဲမှာတော့ ပျားရည်တွေ ဖုံးကွယ်မထားပါနဲ့။ ဘာသိဘာသာနေတတ်တဲ့ စိတ်ကို အသက်ရှုရပ်သွားတဲ့ အခါကျမှ မွေးတာက ပိုကောင်းမယ်ထင်တယ်။ စာအုပ်ကြီးက ထူပေမယ့် ဖတ်သင့်ရင် ဖတ်ရမှာပေါ့ကွယ်။ အဲဒီထဲမှာ ဆေးနည်းတဖုံကောင်းကောင်းတော့ ရှိနိုင်တယ် မဟုတ်လား။

အတူတူပဲလေ၊ လူတွေ နေ့စဉ် သွားလာတာ၊ လှုပ်ရှားတာ၊ နေထိုင် ပြောဆိုတာ၊ အိုဗျာ ကုန်ကုန်ပြောမယ်၊ ခင်ဗျားရေအိမ်ဝင်တာလဲ အဲဒါပဲဗျ။ သိပါတယ် ဆိုရင်လဲ ဘာလို့ ဒါကို တွင်တွင်ငြင်းနေမလဲဗျာ။ စာနာစိတ်ဆိုတာ အလကားရနိုင်ရဲ့သားနဲ့ ဘာလို့ ဥပေက္ခာစိတ်တွေကိုပဲ ဖောခြင်းသောခြင်း မွေးမြူနေရတာလဲ။ ဝေလေလေတွေကြောင့်ပါလို့ အပြစ်ပုံချပြီး ခြံစည်းရိုးပေါ်ကနေ ဗယ်လင်တိုင်းကဗျာတွေချည်း ရွတ်နေရင်တော့ ကျနော့်ဘက်ကို ထိုးမယ့် လက်လေးချောင်းဒဏ်ကို ကြံ့ကြံ့ခံပြီး ခင်ဗျားကို ကျနော် လက်ညှိုးထိုးပါရစေ။

အားယူပြီး ရှေ့ကို ဆက်လှမ်းလိုက်တာ အတူတူ လမ်းလျှောက်သူတွေက ဖေးဖေးမမ ရှိလို့သာ တော်တော့တယ်။ တချက်တချက်တော့ နောက်ကျောက စူးသလိုလိုပဲ။ အို...၊ တဆုံးထိ ထိုးသွင်းခံရတော့လဲ လဲကျ သေဆုံးလိုက်ရုံပေါ့။ အခုလောလောဆယ်တော့ အသက်ရှိနေသေးတယ်။ အသိရှိနေသေးတယ်။

ထင်မှတ်မထားတဲ့ တချိန်မှာတော့ `ဖြောင်း´ ခနဲ အရိုက်ခံလိုက်ရတယ်။ တခုခုနဲ့လဲ ထိုးခုတ်ခံလိုက်ရသလိုပဲ။ နာကျင်သွားလား၊ ဒါမှမဟုတ် မနာကျင်ဘူးလား။ ထုံကျင်နေတာလား။ နောက်ဆုံးတော့...၊ အားတင်းပြီး ကြုံးရုန်းထလိုက်တာ...။

ကျနော် သတိရလာတော့ အနုပညာတွေ သွေးစက်လက်နဲ့ ပြန့်ကျဲနေတယ်။



ကလိုစေးထူး

22 comments:

Anonymous said...

ဖတ်ရတာတော့ နင့်ကနဲပဲ .. ခံစားရပါတယ်။

အရှိုးရာ တဲ့ လား...

ဒါပေမဲ့
အဲဒီအရှိုးရာက ရင်ထဲမှာဆို
ရိုက်ခဲ့သူနဲ့ အရိုက်ခံရသူမှာ နှစ်ဦးလုံးမှာတော့ ဒဏ်ရာကျန်နေစမြဲပါပဲ။

လူသစ် said...

စိတ်ထိန်း ကိုကလိုစေးထူး။ စိတ်ထိန်း။ လောကကြီးက ဂလိုပဲဗျာ။ ကိုယ့်ကိုတိုက်ခိုက်တဲ့သူလဲ “တိုက်ခိုက်ရမယ်“ဆိုတဲ့ လမ်းကိုလျှောက်နေတာပဲ။ ကိုယ်ကလဲ ကိုယ့်လမ်းကိုယ်လျှောက်တာပဲ။ သိတ်ဂရုစိုက်မနေပါနဲ့။ ဒါနဲ့ အရင်တပို့စ်က ကော်မန့်နဲလှပါလားဗျ။ သုတ၊ ရသမဟုတ်လို့ လက်ရှောင်နေကြတယ်ထင့်ပါ့။ လူတွေကို တချို့လူတွေ နားလည်တတ်ဖို့ကောင်းပြီဗျာ။

Moe Cho Thinn said...

မောင်လေးရေ
စိတ်ကို ကြံ့ကြံ့ခိုင်အောင် ထားပါ။
မြင့်မား မြင့်မြတ်တဲ့ စိတ်ထားပါ။
ကိုယ်လုပ်သင့်တာလုပ်တာ၊ ကိုယ်ပြောသင့်လို့ ပြောတာဟာ စေတနာမမှားသရွေ့ အကျိုးရှိပါတယ်။
Be strong!

MANORHARY said...

ကလိုစေးထူးရဲ့ ဘလော့ခ်ကို အမအမြဲဖတ်ဖြစ်တယ်..
ခု ပို့စ်လေးကိုလည်းခံစားရတယ်..အမလည်း မြန်မာပြည်ကို near Thailand လို့မဖြေချင်တဲ့သူပါ..ပြီးတော့..ကိုယ့်မိခင်မြေကို အိပ်မက်တွေထဲမှာမျက်ရည်ဝိုးဝါးနဲ့ မပြန်ချင်တဲ့သူလေ..ဒီတော့ခေါင်းကိုမာနိုင်သရွေ့ ပေါ့..း(

တောင်ပေါ်သား said...

ကိုကြီးရေ အားပေးလျက်ပါ တချိန်ချိန်မှာ ခေါင်းမော့ရင်ကော့ကြရမှာပါ အကိုရေ

MaMa said...

ကိုယ်လျှောက်တဲ့ လမ်းက မှန်နေရင်..
ပန်း တိုင် ဟာ ရှေ့ မှာ ရှိ စမြဲ.. ပဲ..
ယုံကြည်ချက်တွေေ၀၀ါး မသွား ဘို့ ပဲ လိုတယ်
အရှိုး ရာတွေကို .. ၀မ်းပမ်း တသာ နဲ့
လက်ခံ လိုက်စမ်းပါ..
တနေ့မှာ ရွှေ ကတ္တီပါ ၀တ်ရုံ အဖြစ် ပြောင်းမသွားနိုင်ဘူးလို့..
ဘယ်သူ ပြောနိုင်သလဲ...

ဖုန်း မြင်. said...

အရှိုးရာ က ရင်ဘတ်ထဲထိအောင် နက်ရှိုင်း လွန်းတယ်ဗျာ....။

မောင်မျိုး said...

ကျနော်က အစ်ကိုဘာရေးရေး အားပေးနေတယ်လို့ ပြောပြန်ရင်လည်း လွန်ရာ ကျအုံးမယ် ခံစားချက် အခံရှိသူတိုင်းအတွက်တော့ ကီဘုတ်ပေါ်က ရိုက်ချလိုက်တဲ့သူနဲ့  ဖတ်နေတဲ့သူတွေက တစ်ထပ်တည်းပေါ့ဗျာ ဒီအကြောင်းကလည်းမပြောမပြီးလေ နောက်ဆုံးတော့ ဒီဘူတာပဲ ဆိုက်ဆိုပေမယ့် ဘူတာကြီးမကောင်းတော့ မကောင်းဘူးပြောမှာပေါ့ ချိုမိုင်မိုင်တောင်ဝင်မကချင်တဲ့ အစ်ကို့ ကို ပွဲကြည့် ပိရိသတ်ဒီကောင်က ရှက်နေတယ်ဗျး) အားတင်းပြီး ဆက်လျှောက်ပါဗျို့ အနည်းဆုံးတော့ ကမ်းလင့်မယ့် လက်တစ်စုံကတော့ အသေချာကြီးကို ရှိနေမယ်ဆိုတာ .................။

ကိုရင်နော်ခင်လေးငယ် said...

ချစ်ကိုကြီးရေ... အားတင်းထားပါနော်.. အားလုံးတူတူ အရှိုးရာတွေနဲ့ပါ.. ကြီးတာငယ်တာ ကွာရင်ကွာမယ် ဒဏ်ရာကတော့ ဒဏ်ရာပါပဲလေ..

ညီအကိုများ said...

ပက်ပက်စက်စက် မိုက်တယ်ဗျာ!!!!!
VERY GOOD!!!

ထိတယ်ဗျာ...ရင်ကွဲပက်လက်ပဲ!!

ကိုနေ(YNP)

ကျွှန်တော့်ဘ၀ said...

တစ်ခါ ကျွှန်တော် စင်္ကာပူက ပြန်လာတုန်း ဘယ်ကလည်း လို့ မေးခံရဘူးတယ်၊ မေးသူက ဂျပန်မ၊ ကျွှန်တော် ကမြန်မာနိုင်ငံသားဖြစ်ကြောင်း ပြောပြတော့ ဘယ်နားကလဲ လို့ ထပ်မေးတယ်၊ ဒီတော့ မင်းတို့ ကျောင်းတွေက ပထ၀ီ သင်ကြားမှု ညံ့ပုံရတယ်။
ဦးသန့် ကိုသိလား? မသိဘူးတဲ့၊ ဒေါ်အောင်းဆန်းစုကြည်ကိုရော သိလားလို့ စိတ်တိုတိုနဲ့ မေးတော့ ဟာ သိပ်သိတာပေါ့ သူတို့ နိုင်ငံသားတွေ သိပ်လေးစားတဲ့ အမျိုးသမီးတယောက်ပါ လို့ ပြောမှ.......

တန်ခူး said...

ကိုစေးထူး… အရှိုးရာတွေ တွေ့ ရတော့ ရင်ထဲမကောင်းဘူး… အပြုသဘောနဲ့ အပျက်သဘောက အတော်မြင်သာတော့ အပျက်သဘောတွေကို ဥပေက္ခာပြုကြည့်ပါလား… အင်း… ပြောတော့လွယ်တယ်နော်… ဒီရေးဟန်လေးကို ကြိုက်တယ်… ရင်ထဲကို တိုက်ရိုက်ရောက်သွားတယ်….

pandora said...

ဘာတွေဖြစ်နေလဲ ကိုစေးထူး
အမြဲ အားပေးနေပါတယ်။

မိုးမောင်(happycloud) said...

ကောင်းလှချည်လားဗျာ :O ...။ “ဒိန်း” ကနဲကို ရင်ထဲရောက်တယ် နောင်ကြီး။ အားပေးလျက်ပါဗျာ။

ပုံရိပ် / Pon Yate said...

ကိုစေးထူး အရေးအသားတွေ ပိုပြီး ပြောင်မြောက်လာတယ်။ ဘာတွေ ပြောပြော ဘာတွေ လုပ်လုပ် စေတနာမှန်ဖို့ အရေးကြီး ပါတယ်လေ။

M.Y. said...

ပြန့် ကျဲ နေတဲ့အနုပညာတွေ ကအားကောင်း နေပါလိမ့်မယ်..
သွေးစက်လက်နဲ့ ကိုး

ထက် အောင် said...

လှေခွက်ချဉ်း ကျန် အလံ မလှဲ ဆိုသလိုပေါ....
တက်ကျိုးရင် လက်ထိုးလှော်မဲ. ဆိုတဲ. ခင်ဗျားလို ရဲဘော်မျိုး များများ လိုတယ်ဗျို....မြန်မာပြည် လွတ်မြောက်ရေး အတွက်........
ယုံကြည်ချက် နဲ.ဆက်လုပ်ပါ....အောင်မြင်မှာပါ။။

BLACK DREAM said...

အပိုင်းအစတွေ...အပိုင်းအစတွေ လွင့်မြောနေ လိုက်တာ...။ အဲ့ဒီ့လွင့်မြောနေတဲ့ အပိုင်းအစ တွေကို ဖမ်းဆုပ်ဖို့ ကြိုးစားရင်း ကိုယ်တိုင်က အပိုင်းအစ တစ်ခုဖြစ်မှန်းမသိ ဖြစ်ခဲ့ရတယ်..။ ကြိုးစားပမ်းစား ရက်လုပ်ထားတဲ့ မျှော်လင့်ချက်တွေ...။ အင်း... တစ်နေ့တော့ ပန်းတိုင်မှာ ဆုံကြကောင်းပါရဲ့...။

p.s- လက်က ဒဏ်ရာကိုလည်း ဂရုစိုက်ပါအစ်ကို။ ဆောင်းဝင်ပြီ အနာရင်းနိုင်တယ်။

Shweaung said...

စင်္ကာပူမှာနေတဲ့ကျွန်တော်တို့တောင် တခါတရံ မြန်မာဆိုတာ ဘယ်နားမှာလဲလို့အမေးခံရသေးတာဘဲ..
ကျွန်တော့်ကိုမေးတဲ့လူတိုင်းကိုတော့ ကုလ အတွင်းရေးမှူးချုပ် သန့် ကိုသိလား... နိုဘယ်ငြိမ်းချမ်းရေးဆုရှင် အောင်ဆန်းစုကြည်ကိုသိလား လို့ပြန်မေးလိုက်တယ်.. ဘာပဲဖြစ်ဖြစ်ပါအစ်ကို ကျွန်တော်တို့နောက်မျိုးဆက်တွေမျက်နှာမငယ်ရဖို့ စေတနာမှန်တဲ့လမ်းဖြစ်ရင်ရဲရဲ ဆက်လျှောက်ကြတာပေါ....့

Anonymous said...

where is Burma? နေ့တိုင်းကြုံနေကြမေးခွန်းလေးပါ ... ဒါပေမယ့်ဖြေတိုင်းမှာလဲ တစ်ထစ်ချင်းကျပ်လာတဲ့ရင်ကိုလဲခုထိဖြေလို့မရသေးပါဘူး။ခုထိကျင့်သားမရသေးပါဘူး။

Anonymous said...

သေရာပါ အရှိုးရာ

အဲဒီအရှိုးရာကို ဘယ်အရာက မှ ပျောက်ပျက်အောင်မလုပ်နိုင်ဘူး

rita said...

KO Say Htoo

a shoe yar tway,, dan yar tway ka ,, tway set let nae so lo,,,sait hte ta kal ma kg par...
:(

arr tinn lite,, uu pyit khar pyu lite ta hle sii lote pau ,,Ko say htoo yel,,nau